Friday, 30 March 2012

ဧပရယ်ဖူးလ်

ကြေးမုံရိပ်အတွင်းတွင် ပြေပြစ်ချောမွေ့ သည့် ရုပ်သွင်တစ်ခု...။ စိတ်တိုင်းကျ ခြယ်မှုန်းမွန်းမံ ပြီးသည့်တိုင်အောင် စိတ်တိုင်းမကျနိုင်သလို ခံစားရသည်။ ထို့ ကြောင့် မိတ်ကပ်နဲနဲ ထပ်ဖို့ လိုက်သည်။ မျက်တောင်ကို နဲနဲထပ်ကော့လိုက်သည်။ နှုတ်ခမ်းနှစ်လွှာကို ကာလာ ထပ်တင်လိုက်သည်။ ထပ်မံ၍ စိတ်တိုင်းကျ နောက်တစ်ကြိမ် ခြယ်မှုန်း ဖြစ်ပြန်ပြီ။ မိမိချစ်သူ ရှေ့တွင် အလှဆုံး ဖြစ်နေချင်သည် ကတော့ မိန်းကလေးတို့  သဘာဝဖြစ်မည်။ မောင့်ကို စိတ်မပျက်စေချင်... မောင့်မျက်လုံးထဲတွင် သူမ အလှဆုံး ဖြစ်နေချင်သည်။ ခုလို ပြင်ဆင်ခြယ်သ ထားခြင်းတို့ က မောင့်အတွက်သာ ဖြစ်သည်။ မောင်နှင့် သူမတို့ အတွက် ပထမဆုံးသော အထိမ်းအမှတ်နေ့ လေးကို မောင်နှင့်အတူ ကြည်ကြည်နူးနူးလေး ဖြတ်သန်းသွားချင်သည်။ မောင်နှင့် ချစ်သူတွေ ဖြစ်တာ ဒီနေ့ တစ်လပြည့်သည့်နေ့ ....။ ချစ်သူသက်တမ်း တိုတောင်းလှသော်လဲ မောင့်ကို အလွန်ချစ်သည်။ မောင်လဲ သူမကို ထပ်တူချစ်မြတ်နိုးသည်ကို သိပါသည်။ ထို့ ကြောင့် မောင့်ကို ပို၍ မြတ်နိုးမိရခြင်းလဲ ဖြစ်သည်။ မှန်တင်ခုံပေါ်မှ နာရီကို ကြည့်လိုက်တော့ နာရီလက်တံက နံနက် ၉နာရီ ၅၅မိနစ်ကို ညွှန်ပြနေသည်။ ဆယ်နာရီတောင် ထိုးတော့မှာပါလား။ ဆယ်နာရီ လာခေါ်မယ် ပြောထားပြီး ခုထက်ထိ မရောက်သေးဘူး။ နောက်ကျလို့ ကတော့ စိတ်ကောက်ပစ်လိုက်မည်ဟု စိတ်ထဲမှ တေးထားလိုက်သည်။ ထိုစဉ် ရှေ့ဧည့်ခန်းဘက်မှ စကားသံကြားရသဖြင့် ပြေးထွက် ကြည့်လိုက်တော့ အဆောင်ပိုင်ရှင်နှင့် စကားလက်ဆုံကျနေသည့် မောင့်ကို တွေ့ လိုက်ရသည်။

"မောင်... ရောက်နေရင်လဲ ခေါ်ခိုင်းလိုက်ရောပေါ့"
"ခေါ်ခိုင်းမလို့ ပါဘဲ... ဒါပေမယ့် မေဇင်တို့ အဆောင်ပိုင်ရှင် အကြောင်းလဲ သိတဲ့အတိုင်းဘဲလေ စကားကို ရေပက်လို့ မဝင်အောင်ကို ပြောတာ... မောင်... စကားစလို့ ကို မရဘူး... ပြီးတော့ မောင့်ကောင်မလေး အလှပြင်နေတာကို နှောင့်ယှက်မိလို့ အလှတွေ လျော့ကုန်မှာလဲ စိုးလို့ မခေါ်ဖြစ်တာ"
"ဟင်း... စကားတွေ သိပ်တတ်နေနော်... နောက်ပြီး အားနာနော် အားနာနေ... ဘယ်တော့ ခါးပါမယ် မသိဘူး"
"ဟာ... မေဇင်ကလဲ လူကြီးကို မဟုတ်တာ..."
"လူကြီးကို ပြောတာ မဟုတ်ပါဘူး။ ကျောင်းကဟာတွေနဲ့ ကို ပြောတာပါ။ မပြောလိုက်ချင်ဘူး တရုန်းရုန်းနဲ့ မျက်စိကို နောက်နေတာဘဲ"
"သြော... စကားတွေက ဘယ်ရောက် သွားပြန်တာတုန်း"
"ဘာလဲ တည့်တည့်ထိသွားလို့ လား"

မချိုမချဉ်အပြုံး၊ ချစ်စဖွယ် မျက်နှာပေးလေးဖြင့် ပြောလာသည့် သူမကို ကြည့်ပြီး အသည်းယားသွားမိသည်။ ဒီလို မျက်နှာပေး၊ ဒီလို အပြုံးမျိုးနှင့် အမူအယာများကြောင့်လဲ သူမကို မြတ်နိုးစွဲလန်း ရခြင်းဖြစ်၏။ ဒီလို ချစ်သူတစ်ယောက်ကို ပိုင်ဆိုင်ခွင့်ရခြင်းက သူ့ အတွက်တော့ ကံကောင်းခြင်း လက်ဆောင် တစ်ခုဖြစ်သည်။

"ကဲ... အပိုတွေ ပြောမနေနဲ့  ဒေါ်မေဇင် သွားစို့ ..."
"ဟင်း... ကံကောင်းတယ် မှတ်ပါနော်... ဒီက နောက်ကျနေပြီ မှတ်လို့ စိတ်ကောက်ဖို့ ပြင်ထားတာ"
"သိပါတယ်... ဒါကြောင့် နောက်မကျအောင်ကို သတိထားပြီး လာခဲ့တာ... ဒါနဲ့ နေပါဦး ချစ်သူတွေ ဖြစ်ပြီးကတည်းက စိတ်ကောက်ဖို့ ဘဲ ချောင်းနေတာလား။ နဲနဲလေး ထစ်ကနဲရှိ စိတ်ကောက်မယ် ဆိုတာချည်းဘဲ... ဒီဘက်ကိုလဲ နဲနဲလောက်ဖြစ်ဖြစ် ဖြည့်တွေးပေးပါဦးလား"
"မတွေးပေးပါဘူး ဘာလို့ တွေးပေးရမှာလဲ စိတ်ကောက်စရာ ပေါ်လာရင်တော့ စိတ်ကောက်မှာဘဲ။ မောင်လဲ ချော့စရာ ရှိတာကို ချော့ပေါ့"

ခေါင်းတခါခါဖြင့် ရှေ့မှ ထွက်သွားသည့် မောင့်နောက်မှ လိုက်လာရင်း ပြုံးလိုက်မိသေးသည်။ နွဲ့ ဆိုးဆိုးတတ်သည့် သူမကို ခုလို ဂရုစိုက်ခြင်းကြောင့်လဲ မောင့်ကို အချစ်ပိုရခြင်း ဖြစ်၏။

"ဘယ်သွားကြမလဲမောင်..."
"ရွှေတောင်မြို့ မှာ အိုဆာဂါခေါက်ဆွဲ သွားစားကြမယ်။ ပြီးအပြန်မှာ ရှင်လှိုဏ်ဂူဘုရားကို ဝင်ကြမယ်"
"အဝေးကြီးဘဲ မောင်ရယ်.... ပြည်မြို့ ထဲမှာဘဲ တစ်ခုခုစားပြီး ရွှေဆံတော်ဘုရား တက်ကြအောင်"
"မဝေးပါဘူး မေဇင်ရယ်... ဒီလိုပြောမှာကို သိလို့  ဆိုင်ကယ်ထားခဲ့ပြီး မောင်... ကားယူလာခဲ့တယ်။ ညနေဘက် နေအေးမှ ရွှေဆံတော်ဘုရားပေါ် တက်ကြတာပေါ့ ဟုတ်ပြီလား"
"ဒါနဲ့ သူငယ်ချင်းတွေကို ဒီနေ့ မှာ တစ်လပြည့် အမှတ်တရ ထမင်းကျွေးမယ်ဆို"
"အင်းပါ မောင်စီစဉ်ထားပါတယ်။ သွားကြမယ်လာ... ကားပေါ်တက်"

ကားလေးက ရန်ကုန်-ပြည်လမ်းပေါ်တွင် တရိပ်ရိပ်ဖြင့် ပြေးနေသည်။ နဝဒေးတံတားအောက်မှ အဖြတ်တွင် ဧရာဝတီမြစ်ကြီး တဖက်ကမ်းကို ကြည့်ပြီး ဘာရယ်မဟုတ် အိမ်ကို သတိရလိုက်မိသည်။ ခုလို လျှောက်သွားနေသည့် အဖြစ်ကို မေမေသာသိလျှင် သတ်မည်ဟုလဲ တွေးလိုက်မိသည်။ မောင့်အလိုကျသာ လိုက်လာခဲ့ရပေမယ့် အိုဆာဂါခေါက်ဆွဲကို သူမ သိပ်မကြိုက်လှပါ။ သို့ သော် မောင်ကတော့ ရွှေတောင်ခေါက်ဆွဲ၊ အိုဆာဂါခေါက်ဆွဲတို့ ကို အလွန်ကြိုက်သည်။ ပြည်မြို့ မှ ရွှေတောင်မြို့ သို့ မကြာမကြာ သွားစားလေ့ရှိသည်။ မောင်နှင့် ခုလိုတွေ လျှောက်လည်ရသည်ကို ပျော်ပါသည်။ သို့ သော် သူမ ပြည်မြို့ တွင် ကျောင်းတက်ရင်း ချစ်သူရနေသည်ကို မေမေ မသိသေး။ မေမေသာ သိသွားလျှင် မည်သို့ တုန့် ပြန်လာမည်ကို သူမ မသိပေ။ ဒီတခေါက် အိမ်ပြန်လျှင်တော့ မေမေ့ကို ဖွင့်ပြောလိုက်တော့မည်ဟု စဉ်းစားထားသည်။ နို့ မို့ သူများ ပြန်ပြောမှ သိရလျှင် မေမေ အလွန်စိတ်ဆိုး ပေလိမ့်မည်။ ဖွင့်ပြောဖို့ အတွက်ကိုလဲ သူမ စိတ်က စိုးရွံနေမိပြန်သည်။ ငယ်စဉ်ကတည်းက ဒီအရွယ်ထိ သူမ ဘာလုပ်လုပ် မေမေကို အရင်အမြဲ တိုင်ပင်လေ့ရှိ၏။ သို့ သော် ဒီတစ်ကြိမ်တွင် သူမ သဘောဖြင့် သူမ ဆုံးဖြတ်ခဲ့မိသည့် အတွက် မေမေ အပြစ်များ ပြေမည်လားဟု စိုးထိတ်နေမိသည်။ ဘာဖြစ်ဖြစ် ဒီတစ်ခေါက် ပြန်လျှင် မေမေကို ဖွင့်ပြောလိုက်တော့မည်။

"ဘာတွေ ဒီလောက် စဉ်းစားနေတာလဲ မေဇင်"

မောင့်... စကားသံကြားမှ သတိပြန်ဝင်လာမိသည်။

"မောင်... ခေါက်ဆွဲဆိုင်ကို ကျော်လာပြီလေ။ ဘယ်ကို ဝင်စရာ ရှိသေးလို့ လဲ"

အပေါင်းအသင်းများသည့် မောင့်အကြောင်းကို သိသဖြင့် မေးကြည့်လိုက်သည်။ မောင်က ဘာမှ ပြန်မပြော ကားကိုသာ ဂရုစိုက် မောင်းနေသည်။ ကားလေးက ရွှေတောင်မြို့ ကိုပင် ကျော်လွန်လာသည်။ ရန်ကုန်-ပြည်လမ်း ပေါ်တွင် ကားလေးက တရိပ်ရိပ်ဖြင့် ပြေးနေသည်။ ကားကြီး၊ ကားငယ်များ တဝှီးဝှီးဖြင့် အနားမှ ဖြတ်ဖြတ်သွားသည်။ လယ်ကွင်းစိမ်းစိမ်းမျာ၊ သစ်ပင်တန်းများ နောက်ဘက်တွင် ကျန်ရစ်ခဲ့သည်။ တိတ်ဆိတ်နေသည့် မောင့်ကို ကြည့်ရင်း ထူးခြားမှု တစ်ခုကို ခံစားလိုက်ရ၏။ မောင်ခုလို တိတ်ဆိတ်နေခြင်းက ပုံမှန်မဟုတ်...

"မောင်... ခေါက်ဆွဲစားမယ် ဆိုပြီး ဘယ်ကို မောင်းလာတာလဲ။ ဘယ်ထိ သွားမလို့ လဲ..."

စကားမပြန်ဘဲ ကားကိုသာ ဂရုတစိုက် မောင်းနေသည့် မောင့်ကိုကြည့်ရင်း သူမ တုန်လှုပ်လာမိသည်။ ခေါင်းထဲ အတွေးတစ်ခုက ဖြတ်ကနဲ ဝင်လာသည်။ သူမ ယုံကြည်မြတ်နိုးရသည့်မောင် ဒီလို လုပ်မည်ဟု မယုံကြည်ပါ။ ထို့ ကြောင့် မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူးဟု တွေးလိုက်ပြီး အတွေးတို့ ကို မောင်းထုတ်လိုက်သည်။

"ဘယ်သွားမယ် ဆိုတာ မေဇင့်ကို ပြောဦးလေ။ မောင်... မေးနေတာဖြေဦးလေ"

ဘာစကားပြန်မှ မရသဖြင့် သူမ နဲနဲဒေါပွသွားပြီး မောင့်ပုခုံးကို ဆွဲလှုပ်ပြီး မေးလိုက်သည်။ မောင်... သူမကို ဘာကြောင့် ဒီလိုဆက်ဆံတာလဲဟု တွေးရင်း ဝမ်းနည်းဆို့ နင့်လာမိသည်။

"မေဇင့်ကို မောင်... ခိုးလာတာ... လက်ပံတန်းမြို့ မှာ မောင့်အဘိုးအဘွားတွေ ပိုင်တဲ့ခြံတစ်ခြံ ရှိတယ်။ ခုအဲဒီကို သွားနေတာ"
"ဘာ... မောင် ... ဘာပြောလိုက်တယ်"

မဖြစ်နိုင်ပါဘူးဟု သူမ တွေးမိသည့် အရာက တကယ် ဖြစ်လာသည်။ သူမ အံသြတုန်လှုပ် သွားမိသည်။ ဝမ်းနည်းဆို့ နင့်သွားပြီး ရင်ထဲနာကျင်သွားသည်။ မောင့်ကိုလဲ လုပ်ရက်လေခြင်းဟု စိတ်နာချင်မိသည်။ ဒီိလိုတော့ လုပ်လို့ မဖြစ်....

"မောင်... မလုပ်ပါနဲ့ ဒီလို မလုပ်ပါနဲ့ ... မေဇင်တို့ ကျောင်းမပြီးသေးဘူးလေ။ ကျောင်းပြီးရင် လက်ထပ်ဖို့ ကိုလဲ ပြောထားပြီးသားလေ။ ဘာကြောင့် ဒီလိုလုပ်ရတာလဲ... ပြီးတော့ မေဇင်တို့ ချစ်သူတွေ ဖြစ်ကြတာလဲ ဘာမှ မကြာသေးဘူး။ ခုလို ခိုးရာလိုက်သွားတာကို မေမေတို့ သိရင် မေဇင့်ကို သတ်လိမ့်မယ်။ မေဇင့်ကို သနားပါဦး မောင်ရယ်..."
"မောင်... ဘာမှ မသိချင်ဘူး။ မေဇင့်ကို ချစ်တယ်။ မေဇင်နဲ့ မခွဲနိုင်ဘူး။ မေဇင်နဲ့ ဝေးရင် မောင်... ရူးလိမ့်မယ်။ ဒါကြောင့် မေဇင့်ကို ပိုင်ဆိုင်ခွင့်ရဖို့ ခုလို လုပ်ရတာဘဲ"
"ဒီလို မေဇင့်ကို ပိုင်ဆိုင်လိုက်လို့ မောင်နဲ့ မေဇင်တို့ ပျော်ရမယ်လို့ ထင်လား။ မေဇင့်ကို မောင် တန်ဖိုးမထားဘူး။ မေဇင့်ဘက်ကို ထည့်မတွေးပေးဘူး။ ချစ်သူတွေ့ ရင် မေမေ့ကို ဖွင့်ပြော ခိုးရာလိုက်သွားတာတို့ ဘာတို့ ဆိုရင်တော့ ခွင့်မလွှတ်ဘူးလို့ မေမေက အပြတ်ပြောပြီးသား။ ခိုးရာလိုက်သွားတယ် ဆိုတာကို သိတာနဲ့  မေဇင့်ကို သမီးအဖြစ် အသိအမှတ်ပြုတော့မှာ မဟုတ်ဘူး။ မေဇင် သမီဆိုး တစ်ယောက် ဖြစ်သွားလိမ့်မယ်။ ဒီလို မလုပ်ပါနဲ့ မောင်ရယ် တောင်းပန်ပါတယ်"

ပထမဆုံးသော ချစ်သူများ အထိမ်းအမှတ်နေ့ လေးက ရုပ်ဆိုးအကျည်းတန် သွားသလို ခံစားလိုက်ရသည်။ မောင်သူမကို တန်ဖိုးမထားသည့် အတွက်လဲ ဝမ်းနည်းတုန်လှုပ်မိသည်။ ရှေ့ဆက် ဖြစ်လာမည့် အကြောင်းအရာတို့ ကို သူမ  ဆက်မတွေးရဲတော့။ ရင်ထဲတွင် ဝမ်းနည်းရိပ်တို့ က ရစ်သိုင်းဖွဲ့ လာသည်။ ရှေ့မှ ကားဒက်ဘုတ်ပေါ် ခေါင်းတင်ပြီ တရှုတ်ရှုတ်ဖြင့် ငိုရှိုက်နေမိသည်။ ဟိုအရင်က ဆိုလျှင် သူမ ဝမ်းနည်ဆို့ နင့်ဟန်ကို မြင်လျှင်ပင် ပြာပြာသလဲ ချော့တတ်သည့်မောင် ခုချိန်ထိ စကားတစ်ခွန်းပင် မဆိုသည့် အတွက် ပို၍ ကြေကွဲ ဝမ်းနည်းမိသည်။ မောင်... သူမကို တကယ်မချစ်ဟုလဲ ခံစားလိုက်မိသည်။ ဝမ်းနည်းစိတ်ဖြင့် သူမ ရှိုက်ကာရှိုက်ကာ ငိုနေမိ၏။ ထိုစဉ် ကားရပ်သွားသည်။ သူမကတော့ အငိုမရပ်သေး... ကားတံခါးဖွင့်သံ ထို့ နောက် ရယ်သံတို့ နှင့်အတူ ဧပရယ်ဖူး ဆိုသည့် အော်သံကြီးကို ကြားလိုက်ရသည်။ သူမ မျက်လုံးဖွင့်ကြည့်လိုက်တော့ ကျောင်းမှ သူငယ်ချင်းများကို တွေ့ လိုက်ရသည်။ သူမ အံသြသွားပြီး မောင့်ကို လှည့်ကြည့်လိုက်တော့ ပြုံး၍ ကြည့်နေသည့် မောင့်ကို တွေ့ လိုက်ရသည်။

"ဧပရယ်ဖူးပါ မေဇင်... မောင်မလုပ်ချင်ပေမယ့် သူတို့ တွေ အတင်းအကျပ်ကိုင်ပြီး ခိုင်းလို့ လုပ်ခဲ့ရတယ်။ ဒီနေ့ တစ်လပြည့် အထိမ်းအမှတ်ပွဲမှာ စားပွဲတစ်ခုနဲ့ ဧပရယ်ဖူး မလုပ်ပေးဘူး ဆိုရင် ရှေ့လျှောက် မောင်တို့ နှစ်ယောက် ကောင်းကောင်း မနေရအောင် နှောင့်ယှက်မယ် ဆိုလို့ လုပ်ခဲ့ရတာပါ။ မောင်... တောင်းပန်ပါတယ်။ မေဇင့်ကို အရမ်းချစ်တယ်။ တန်ဖိုးလဲ ထားပါတယ်။ ဒါတွေက ဧပရယ်ဖူးပါ မေဇင်ရယ်"
"မောင်ရယ်...."

မောင့်ကို မယုံကြည်မိသည့် အတွေးဝင်မိသည့် အတွက်အားနာ သွားမိသည်။ မောင့်... ရင်ခွင်ထဲသို့ တိုးဝင်လိုက်သည်။ မောင်က သူမကို အလိုက်သင့် ထွေးပွေ့လိုက်ရင်း

"အမှတ်တရ ဧပရယ်ဖူးပါ မေဇင်... အဲဒီအတွက်လဲ တောင်းပန်ပါတယ်။ နောက်ဆိုရင် မေဇင့်ကို မောင်... ခုထက်ပို ဂရုစိုက်ပါ့မယ်။ ကဲသွားရအောင် ဒီပြည်တောင်တန်း ရေနံမြေက ရွှေကုက္ကိုလ် ထမင်းဆိုင်မှာ နေ့ လည်စာစားဖို့ မောင်စီစဉ်ထားတယ်"

ခုတော့ မျက်ရည်တွေ ကြားမှ သူမ ပြုံးနိုင်ပါပြီ။ ချစ်သူသက်တမ်းတစ်လပြည့် အထိမ်းအမှတ်ပွဲနဲ့ တိုက်တိုက်ဆိုင်ဆိုင် လာဆုံသည့် ဧပရယ်ဖူးနေ့ ကတော့ သူမတို့ အတွက် အမှတ်တရ
 ဖြစ်နေတော့မည်။ ဒီလို အမှတ်တရနေ့ လေးတွေက ချစ်သူတွေကို ပိုကြည်နူး ပျော်ရွှင်စေသည်လားဟုလဲ တွေးကြည့်မိလိုက်သည်။ သူငယ်ချင်းများ စောင့်နေသည့် ရွှေကုက္ကိုလ် ထမင်းဆိုင်လေးထဲသို့ မောင့်လက်ကိုဆွဲရင်း ဝင်သွားလိုက်သည်။ ခုတော့ သူမလဲ သူငယ်ချင်းများနှင့် ရောပြီး ရယ်မော ပျော်ရွှင်နိုင်ပါပြီ... ကဲ... အားလုံးဘဲ ပျော်ရွှင်ဖွယ် ဧပရယ်ဖူးလေးပါနော်...

14 comments:

  1. ဟွင်း...သများကဂယ်ထင်လို့ပျော်နေတာ.....ဧပရယ်ဖူးတဲ့....၊
    သွား......လူဇိုး.....:)))
    စတာ...ဇာတ်လမ်းလေးဖတ်လို့ကောင်းတယ်...မိုက်တယ်ဟ...။

    ReplyDelete
  2. ဧပရယ်ရောက်ရင် သတိထားနေရတယ် ကိုရဲရေ
    ဖတ်သွားပါတယ်..

    ReplyDelete
  3. ကဲ--သူတို့ကတော့ ရေနံမြေက ရွှေကုက္ကိုလ် ထမင်းဆိုင်မှာ နေ့ လည်စာစားဖို့ မောင်စီစဉ်ထားတယ်တဲ့နော်
    လာရောက်စာဖတ်နေသူတွေကို ဘယ်လိုများစီစဉ်ထားပါသလဲ?

    ReplyDelete
  4. ကန်ဒီသာ မေဇင်နေရာမှာဆို ဒီလိုလွယ်လွယ်နဲ့ မကျေနပ်ဘူး.. ဟွန်းးးးးးးးးးးးးးးးးးး

    ဒီလိုလုပ်စရာ အကြောင်းကို မရှိဘူး.... >.<

    ReplyDelete
  5. ပစ်ပစ်31 March 2012 at 00:49

    ဟင်းဟင်းဟင်းး..
    အဲလို April fool ကိုတော့ကြောက်ပါရဲ့..ဘလက်ရေ..

    ReplyDelete
  6. တော်တော်ဆိုးပါလား......ဂယ်ကြီးမှတ်နေတာ......ဒီနှစ်တော့ အခန်းမှာဘဲ ကွေးရမယ်ထင်ပါတယ်...ဧပရယ်ဖူးရယ်.....

    ReplyDelete
  7. ကောင်းပါပေ့...ကိုညီရေ..ဒီထက်မကရေးနိုင်ပါစေ

    ReplyDelete
  8. ကိုညီရဲရဲ့ ညက်ညောတဲ့ အရေးအသားက ဆွဲခေါ်သွားတာ ဇတ်ရှိန်တော့ တက်ပြီနဲ့ တူတယ်လို့ တွေးမိလု ဆဲဆဲပဲဗျ..၊ အဲဒီမှာ တဖက်ကလည်း ခေါင်းစဉ်ကို သတိတရ ရှိနေခဲ့တယ်..၊ ဒီရက်ပိုင်းမှာ သတိလေးနဲ့ နေတုန်း ခေါင်းစဉ်ကလည်း 'မယုံလိုက်နဲ့' လို့ အချက်ပြ နေခဲ့တာကိုး..၊း)

    တဒင်္ဂ စိုးရွံ့မှု လေးနဲ့ အတူ ပျော်ရွှင်ရတဲ့ ပေါ့ပေါ့ပါးပါး ဝတ္ထုတိုလေးပါပဲဗျာ...။

    ReplyDelete
  9. အိုး...တော်တော်ဆိုးတဲ့ဧပရယ်ဖူးလ်....

    ReplyDelete
  10. ဟမ်မလေး....ဘယ်လိုဧပရယ်ဖူးလ်ကြီးလည်း....
    သြော်....ဒါနဲ့....ဒီထဲက ကောင်မလေးကလည်း စိတ်ကောက်တတ်တယ်လားးးးး


    ပုံ/စိတ်မကောက်တတ်သောသူ :P

    ReplyDelete
  11. တကယ်ဖတ်လို့ကောင်းတယ်။ အားပေးနေမယ်။ လင့်လည်းယူသွားတယ်။
    အယ်လိုဧပရယ်ဖူလ်းမျိုး ကြုံချင်ပါ့.. အဟီး..



    ခင်မင်တဲ့
    အလွမ်းမြို့

    ReplyDelete
  12. ဟေ့.. မောင်ရဲ
    ဧပြီဖူးလ်ဆိုပြီး အဲလိုပဲ လုပ်ခဲ့ဖူးလား..။ ဝတ္ထုတိုလေးအဖြစ် ခံစားဖတ်ရတာ ဖတ်လို့ကောင်းလို့ ပြီးသွားမှန်းတောင် မသိလိုက်ဘူး။။

    ခင်မင်လျက်
    အမသဒ္ဓါ

    ReplyDelete
  13. တကယ့်ကို မှတ်မှတ်ရရ ဖြစ်တဲ့ ဧပရယ်ဖူးပေပဲ

    ReplyDelete
  14. Hi!Great and interesting blog you have:) Come and visit my site too. http://motors.com.mm/?utm_campaign=mot_mm_lb_blog_martaste&utm_source=mot_lb_blog&utm_medium=lb_blog

    ReplyDelete