Friday 5 October 2012

သမီးလေး၏စေရာ

"တောက်"

ထွန်းကျော် တောက်တစ်ချက်ကို ခပ်ပြင်းပြင်း ခေါက်လိုက်သည်။ ထို့ နောက် အိမ်ထဲမှ လှမ်းထွက်ခဲ့လိုက်၏။ ခြေလှမ်းတို့ ဦးတည်ရာက ကိုဇော်ဝင်း၏ အရက်ဆိုင်သို့ ဖြစ်သည်။ ဒီလောက်တောင် ဖြစ်လှတာ တမင်တကာကို ရွဲ့ ပြီး သောက်ပြလိုက်ဦးမည်ဟုလဲ တွေးလိုက်၏။ ပါးစပ်က ပွစိပွစိဖြင့် ပူညံပူညံ လုပ်တာလောက် စိတ်ပျက်တာ မရှိတော့။ ဒီမိန်းမ ကိုယ်ဝန်ရှိလာမှ ပိုစကားများလာသည်။ ဟိုဟာ ချုပ်ချယ်၊ ဒီဟာ ချုပ်ချယ်ချင်ဖြင့် သူ့ ကို လွှမ်းမိုးဖို့ ကြိုးစားလာသည်ဟုလဲ ထင်မိသည်။ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး နေတတ်သည့် သူကလဲ ကိုယ့်ကို ချုပ်ချယ်လာလျှင် နဲနဲမှ သဘောမတွေ့ ပြန်ကန့် လန့် တိုက်လိုက်ရမှ ကျေနပ်တတ်၏။ ခုလဲ သူတို့ ဘော်လုံးအသင်း နိုင်လာသောကြောင့် ရပ်ကွက်က ကိုဇော်ဝင်းဆိုင်တွင် ဂုဏ်ပြုပွဲလေး လုပ်ပေးသည်။ ပုံမှန်ဆိုလျှင် သူသောက်လေ့ သောက်ထမရှိသော်လဲ ခုလို အထိမ်းအမှတ်ပွဲမျိုးတွင် တစ်ခွက်တလေတော့ သောက်ဖြစ်သည်။ လူမှုရေးက ရှိသေးသည် မဟုတ်လား။ ခုတော့ မကောင်းတတ်လို့ တစ်ခွက်လောက် သောက်ဖြစ်လာခဲ့သည်ကို ဇာချဲ့ ကာ တဗျစ်တောက်တောက် ပြောလာတော့ ကန့် လန့် တိုက်ချင်စိတ်က ခေါင်းထောင်ထလာသည်။ ထို့ ကြောင့် စောစောကမှ ပြန်လာခဲ့သည့် ကိုဇော်ဝင်း အရက်ဆိုင်သို့ နောက်တစ်ခေါက် ပြန်ထွက်လာခဲ့ခြင်း ဖြစ်သည်။ ယောက်ကျားများ ခုလို အရွှဲ့ တိုက်တတ်အောင် မိန်းမများက တဗျစ်တောက်တောက်ဖြင့် တွန်းအားပေးနေခြင်းလားဟုလဲ တွေးလိုက်မိသည်။

ထွန်းကျော်က လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးနေတတ်သည်။ သူ့ မိဘများက ကျိကျိတက် ချမ်းသာကြသူများ မဟုတ်သော်လဲ သူတို့ ဒေသတွင်တော့ သူဌေးစာရင်းဝင်ပင် ဖြစ်၏။ တစ်ဦးတည်းသောသား ထွန်းကျော်ကိုလဲ အလိုလိုက်ထားကြသည်။ ထွန်းကျော်က လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးဖြင့် ပျော်ပျော်နေတတ်သော်လဲ ပျက်စီးနေသည့် လူငယ်တစ်ယောက်တော့မဟုတ်။ သူ့ တွင် အသိစိတ်တော့ ရှိသည်။ ယောက်ကျားလေး ဖြစ်သဖြင့် အသောက်အစား အနည်းအကျဉ်း ရှိသော်လဲ အကောင်းအဆိုးကို ခွဲခြားတတ်၏။ ဘယ်အရာကိုမှ အလွန်အကျွံ မလုပ်။ အမြဲ သောက်စားရမ်းကား နေတတ်သည့် ဆိုးသွမ်းလူငယ် တစ်ယောက်မဟုတ်။ သို့ သော် မိဘကို ကူညီရကောင်းမှန်းမသိ မိုးလင်းမိုးချုပ် အိမ်မကပ်ဘဲ လျှောက်လည်နေတတ်သည်။ လက်ဖက်ရည်ဆိုင်၊ ဘိလိယက်ခုံ၊ ဂိမ်းဆိုင်၊ ဘော်လုံးကွင်းနှင့် ပိုက်ကျော်ခြင်းကွင်းများတွင် အချိန်ကုန်နေတတ်သည်။ ညနေဘက် ဘော်လုံးကန် (သို့ မဟုတ်)၊ ခြင်းခတ်ရာမှ ပြန်လာလျှင်လဲ အိမ်သို့ တန်းပြန်လေ့မရှိဘဲ လက်ဖက်ရည်ဆိုင်၊ အကြော်ဆိုင်တို့ တွင် တမေ့တမော ထိုင်ပြီး သူငယ်ချင်းများနှင့် စကားဝိုင်းဖွဲ့ နေတတ်၏။ ထွန်းကျော်က အပေါင်းအသင်းကိုတော့ တော်တော်မင်သည်။ ထို့ ကြောင့် မိဘများက ထွန်းကျော်ကို ခြေငြိမ်အောင်ဟု ဆိုကာ မိန်းမပေးစားလိုက်ကြ၏။ မိန်းမရပြီးနောက် ထွန်းကျော် အနည်းငယ် ပြောင်းလဲသွား၏။ နေ့ လည်ဘက် အလည်အပတ် သွားခြင်းများ လျော့နည်းသွားသည်။ မိဘလုပ်ငန်းများကို ဦးစီးပြီး လုပ်ကိုင်လာသည်။ သို့ သော် ညနေဘက် ဘော်လုံးကန်၊ ခြင်းခတ်ပြီး လက်ဖက်ရည်ဆိုင်မှာ တမေ့တမောဖြင့် စကားဝိုင်းဖွဲ့ ပြီးမှ ပြန်တတ်သည့် အကျင့်ကတော့ ပျောက်မသွားသေးချေ။ တနေကုန် အလုပ်လုပ်ခြင်းက မိသားစုအတွက် အချိန်ပေးခြင်း ဖြစ်ပြီး ညနေဘက်က သူ့ အတွက် ကိုယ်ပိုင်အပန်းဖြေခြင်းဟု သူက တွေးထားသည်။ သို့ သော် မိန်းမနှင့် မိဘများက ညနေဘက် ဘော်လုံးကန်ပြီး အိမ်ကို စောစောပြန်လာပြီး မိသားစု ထမင်းဝိုင်းလေးကို လူစုံစုံညီညီဖြင့် စိုစိုပြေပြေလေး စားချင်ကြသည်။ သို့ သော် ထွန်းကျော်က ဘယ်တော့မှ စောမပြန် အမြဲနောက်ကျ၏။ သူတို့ လင်မယားနှစ်ယောက် ထိုကိစ္စကြောင့် အမြဲ စကားများကြသည်။ ခုလဲ ထုံးစံအတိုင်း မိန်းမက ပွစိပွစိ လုပ်သဖြင့် အရွဲ့ တိုက်ကာ အရက်ဆိုင်သို့ နောက်တစ်ခေါက် ထပ်ထွက်လာခဲ့ခြင်း ဖြစ်သည်။

သို့ ဖြင့် ထွန်းကျော်တွင် သမီးလေး တစ်ယောက် ရလာခဲ့ပြီ။ သို့ သော် သူ့ အကျင့်တို့ က ပြောင်းမသွားသည့်အပြင် ပို၍ပင် ဆိုးလာသေးသည်။ ယခင်က တစ်ခါတစ်ရံသာ သောက်လေ့ရှိသော်လဲ ခုနောက်ပိုင်းတွင် မိန်းမကို အရွဲ့ တိုက်ရင်း အရက်စွဲသလိုပင် ဖြစ်ပြီး ညနေတိုင်းလိုလို သောက်ဖြစ်နေသည်။ မိန်းမကလဲ နောက်ပိုင်း ပြောမနိုင်တော့ သဖြင့် လွှတ်ထားလိုက်သည်။ ညမှောင်မှ ထွန်းကျော်တစ်ယောက် ခပ်ထွေထွေလေးဖြင့် ပြန်လာတတ်စမြဲ ဖြစ်သည်။ ထွန်းကျော် သူ့ သမီးလေးကိုတော့ အလွန်ချစ်သည်။ တနေကုန် သမီးလေး... သမီးလေး... ဖြင့်လက်ကမချ။ သူအိမ်ပြန်ရောက်လာလျှင်လဲ သမီးကို အရင်ဆုံး ရှာသည်။ သို့ သော် ညဘက် သူပြန်လာလျှင် သမီးလေးက အိပ်နေပြီ။ ထိုအခါ အိပ်ပျော်နေသည့် သမီးလေးကို ခပ်ဖွဖွလေးနမ်းပြီး နှုတ်ဆက်လေ့ ရှိသည်။ ဒါကညစဉ် အိမ်ပြန်လာတိုင်း သူပြုလုပ်လေ့ရှိသည့် ကိစ္စတစ်ခု ဖြစ်၏။ ထို့ နောက်တွင်မှ ရေမိုးချိုး၊ စားသောက်ပြီး အိပ်ယာဝင်သည်။ တစ်ရက်တွင် ထွန်းကျော် တစ်ယောက် အိမ်ကို အပြန်စောခဲ့သည်။ ထုံးစံအတိုင်း ခပ်ထွေထွေလေးဖြင့် ပြန်လာခဲ့ခြင်း ဖြစ်သည်။ အိမ်ကို ပြန်ရောက်တော့ စောနေသေးသဖြင့် သမီးလေးက မအိပ်သေး။ ထို့ ကြောင့် သူ့ မိန်းမ လက်ထဲတွင် ချီထားသည့် သမီးလေးကို ဆွဲယူပြီး နမ်းလိုက်သည်။ ထိုအချိန်မှာပင် သူ့ ရင်ဘတ် တစ်ခုလုံး ပေါက်ကွဲထွက်သွားသလို ခံစားလိုက်ရသည်။ ဂမူးရှူးထိုး ပြေးဝင်လာသည့် သူ့ ရင်ဝကို စောင့်အကန် ခံလိုက်ရသလို ခံစားလိုက်ရ၏။ သူ့ အနမ်းက သမီးလေး၏ ပါးမို့ မို့ လေးကို ထိလုထိခင်မှာပင် သမီးလေးက ခေါင်းကို ဆတ်ကနဲ တဘက်သို့ လှည့်သွားပြီး စူးစူးဝါးဝါး အော်ငိုလေ၏။ သူဘယ်လိုမှ မျှော်လင့်မထားသည့် တုံပြန်မှု ဖြစ်သည်။ သူ့ ရင်ထဲ လစ်ဟာဆို့ နင့်သွားသည်။

"ဟဲ့... ထွန်းကျော် နင့်တစ်ကိုယ်လုံး အရက်စော်တွေ ဒီလောက် နံစော်နေတာကို ကလေးက ဘယ်လိုခံနိုင်မှာလဲ... ပေး... ပေး ကလေးကို"

မိခင်ဖြစ်သူ၏ အော်ငေါက်သံနှင်အတူ သူ့ လက်ထဲမှာ သမီးလေးကို ဆတ်ကနဲ ဆွဲယူသွားခြင်း ခံလိုက်ရ၏။ သူ့ ရင်ထဲတွင် ဝမ်းနည်းမှုက လှိုက်ကနဲ တက်လာသည်။ ထို့ နောက် သူအိမ်ထဲမှ ပြေးထွက်ခဲ့သည်။ သူဘာကိုမှ မမြင်မကြားတော့။ သူ့ မျက်လုံးထဲတွင် ခေါင်းကို ဆတ်ကနဲ လှည့်သွားကာ စူးစူးဝါးဝါး အော်ငိုနေသည့် သမီးလေး၏ ပုံရိပ်နှင့် မိခင်၏ စကားသံတို့ ကိုသာ ထပ်ခါထပ်ခါ ပြန်မြင်ယောင် ကြားယောင်နေမိ၏။ ကိုယ့်ကိုယ်ကို ပြန်သတိထားမိချိန်တွင်တော့ သူဧရာဝတီမြစ်ကမ်းဘေးသို့ ရောက်နေပြီ။ မြစ်ကမ်းဘေး သဲသောင်ပြင်ပေါ်တွင် ပလက်လှန်ကာ ဖြစ်ခဲ့သမျှကို နဖူးပေါ် လက်တင် စဉ်းစားကြည့်တော့ ဘယ်သူမပြု မိမိမှု ဆိုသကဲ့သို့ ပင် မိမိ အပြစ်သာ ဖြစ်သည်။ ဒီအရက်ကို သောက်ထားလို့ သမီးလေး၏ ငြင်းပယ်မှုကို ခံခဲ့ရသလို မိမိ၏ သွေးသားရင်သွေးကို တခြားသူ တစ်ဦးက မိမိရင်ခွင်ထဲမှ ဆွဲယူသွားခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။ ထို့ ကြောင့် အရင်းစစ်တော့ အမြစ်မြေက ဆိုသလိုပင် အရက်သောက်ထားသည့် သူ့ အပြစ်သာ ဖြစ်သည်။ ထိုနေ့ က စ၍ ထွန်းကျော် တစ်ယောက် အရက်ပြတ်သွားသည်။ ယခုဆိုလျှင် သူ့ သူငယ်ချင်းများ အိမ်လာလည်လျှင်ပင်-

"ဟေ့ကောင် ပေး... ပေး ငါ့သမီးကို... သမီးက ဆေးလိပ်နံ၊ အရက်နံတို့ ဆိုရင် ခံနိုင်တာ မဟုတ်ဘူး"

ထိုသို့ သော စကားကို ဆိုကာ သမီးလေးကို တခြားလူ လက်ထဲမှ ဆတ်ကနဲ ဆွဲယူနိုင်ခဲ့ပြီ။ ထို့ အတူ သူ့ လက်ထဲမှ သမီးလေးကိုလဲ ဘယ်သူမှ ထိုကဲ့သို့ ဆွဲမယူနိုင်တော့။ သမီးဖြစ်သူကြောင့် ထွန်းကျော် အရက်ပြတ်သွားသည်။ ထို့ ကြောင့် သူ့ မိဘများနှင့် မိန်းမဖြစ်သူပါ စိတ်ချမ်းသာ ကြရသည်။ ဒီလိုဖြင့် သူ့ သမီးလေးလဲ လေးနှစ်ကျော်လို့ ငါးနှစ်ထဲရောက်ကာ ကျောင်းပင်နေတော့မည်။ တီတီတာတာ ချွဲနွဲ့ တတ်သည့် သမီးလေးက ထွန်းကျော်၏ အသဲကျော်လေး ဖြစ်လာသည်။ ထွန်းကျော် အရက်ပြတ်သွားသဖြင့် ညနေဘက် ဘော်လုံးကန်၊ ခြင်းခတ်ရာမှ ပြန်လာလျှင် အရက်ဆိုင်မထိုင်ဖြစ်တော့။ သို့ သော် လက်ဖက်ရည်ဆိုင် (သို့ ) အကြော်ဆိုင် တစ်ဆိုင်ဆိုင်တွင် ထိုင်ကာ လေကန်သည့် အကျင့်က မပျောက်သေး။ ဒီနေ့ လဲ လက်ဖက်ရည်ဆိုင်တွင် ထိုင်ကာ စောစောက ကန်ခဲ့သည့် ဘော်လုံးပွဲအကြောင်းကို သူငယ်ချင်းများနှင့် ပြန်စမြုံပြန်နေကြ၏။ စကားကောင်းနေသဖြင့် ထိုနေ့ က ပုံမှန်ပြန်ချိန်ထက် ပို၍ အိမ်ပြန်နောက်ကျခဲ့သည်။ အိမ်အနီးကို ရောက်တော့ ခြံပေါက်ဝမှ ထွက်ကြိုနေသည့် သမီးလေးကို တွေ့ ရသည်။ သမီးလေးက အလွန်ချစ်ဖို့ ကောင်းသည်။ သူပြန်လာတိုင်း ထိုကဲ့သို့ ခြံပေါက်ဝမှ အမြဲထွက်ကြိုနေတတ်သည်။

"ဖေဖေ ရေမြန်မြန်ချိုး ထမင်းစားရအောင်"
"ဟင်... သမီး ထမင်းမစားရသေးဘူးလား။ စားနှင့်တာ မဟုတ်ဘူး သမီးရယ် ဘယ်အချိန် ရှိနေပြီလဲ"
" ဖေဖေနဲ့ အတူတူ စားချင်လို့ စောင့်နေတာပေါ့"
"သမီးမေမေတို့ နဲ့ ဝင်စားလိုက်တာ မဟုတ်ဘူး။ မင်းကွာ သမီးကိုပါ တခါတည်း ထမင်းစား ခေါ်တာမဟုတ်ဘူး"
"ခေါ်ပါ့တော် ခေါ်တာမှ ဒီနေ့ တစ်ရက်တည်း မဟုတ်ဘူး။ နေ့ တိုင်းကို ခေါ်တာ... ဘယ်အချိန် ပြန်လာမယ်မှန်း မသိတဲ့ နင့်အဖေကို စောင့်မနေနဲ့ တခါတည်း ဝင်စားဆိုတာကို သူ့ ဖေဖေနဲ့ မှ စားမယ်တဲ့လေ... သူမို့ ဗိုက်အဆာခံပြီးစောင့်တယ်"

ရေချိုးပြီး ထမင်းစားပွဲကို ရောက်တော့ ည 9:00 ပင်ကျော်နေပြီ။ ထမင်းစားပွဲတွင် မစားသေးဘဲ ထိုင်စောင့်နေသည့် သမီးလေးကို တွေ့ ရတော့ သူစိတ်မကောင်း ဖြစ်သွား၏။

"စားနှင့်တာ မဟုတ်ဘူး သမီးရယ်"
"ဖေဖေနဲ့ စားချင်လို့ စောင့်နေပါတယ် ဆိုမှ"
"ကဲ... ဒါဆိုလဲ စားကြမယ်"

စားကြမယ်သာ ပြောပြီး သူမစားဖြစ်သေး။ ထမင်းကို အားရပါးရစားနေသည့် သမီးလေးကိုသာ ဂရုဏာသက်စွာဖြင့် ငေးကြည့်နေမိ၏။ သမီးလေး ဟန်မဆောင်နိုင်လောက်အောင်ကို ဆာလောင်နေသည်။ ခေါင်းကို ငုံပြီး တစ်လုတ်ပြီး တစ်လုတ်ကို အားရပါးရ စားနေသည်။ ဟိုးအရင် ရက်တွေကတည်းက သူပြန်အလာကို ခုလို ဗိုက်ဆာခံပြီး စောင့်ခဲ့သည်ကို သတိထားမထားမိတာကိုက သူ့ အမှား ဖြစ်သည်။

"ဖြေးဖြေးစားပါ သမီးရယ်... နင်နေပါဦးမယ်"
"သမီး ဗိုက်အရမ်းဆာနေလို့ ပါ ဖေဖေ"

ငိုမဲ့မဲ့ မျက်နှာလေးဖြင့် ဆိုလာသည့် သမီးလေးကို ကြည့်ပြီး သူ့ ရင်ထဲ ဆို့ နင့်သွားမိ၏။

"အင်းပါ သမီးရယ်... ဖေဖေက မာန်တာမဟုတ်ပါဘူး။ သမီးအတွက် စိုးရိမ်လို့ သတိပေးတာပါ"
"ဟုတ်ကဲ့... ဖေဖေလဲ စားလေ"
"အင်း... အင်း... သမီးလဲစား..."

ထိုနေ့ က ထွန်းကျော် ရင်ထဲ မကောင်းသဖြင့် ထမင်းပင် ကောင်းကောင်း စားလို့ မဝင်။ ဗိုက်ဆာလွန်းသဖြင့် ဟန်မဆောင်နိုင်အောင်  ဖြစ်နေသည့် သမီးလေးပုံကို ပြန်မြင်ယောင်မိတိုင်း သူ့ ရင်ထဲက တစစ်စစ်ဖြင့် နာသည်။ သမီးလေး... ငါ့သမီးလေးဖြင့် ချစ်လိုက်တာ ဘာချစ်တာလဲ။ သမီးလေးက သူ၏ အချစ်ကို သက်သေပြသွားခဲ့ပြီ။ သူကတော့ သမီးလေး၏ အတွင်းစိတ်ကို သိဖို့ ဆိုတာဝေးလို့  အပြင်ဘက် ဟန်အမူအရာကိုပင် သေချာဂရုမပြုမိခဲ့။ ခုဘဲကြည့် ရက်တွေ ဘယ်လောက်တောင် ကြာခဲ့ပြီလဲ ဒီနေ့ မှ သူသတိပြုမိသည်။ သူ့ ရဲ့ ပေါ့ပျက်ပျက်နေမှုတို့ က သမီးလေးကို ထိခိုက်စေခဲ့ပြီ။ မရည်ရွယ်ခဲ့ပေမယ့် သူ့ ကြောင့် သမီးလေးမှာ ထိခိုက်ခဲ့ရပြီ။ သူဟာ အသုံးမကျတဲ့ ဖခင်တစ်ယောက်ဆိုသည်ကို ဒီနေ့  သိလိုက်ရပြီ။ ထို့ ကြောင့် ဒီနေ့ မှ စ၍ သမီးလေးကို မထိခိုက် မနာကျင်ရအောင် ဂရုစိုက်ရမည်။ သမီးလေး အနားတွင် တတ်နိုင်သမျှ အနီးကပ်နေပြီး သမီးလေးကို ဒီထပ်ပို၍ နားလည်နိုင်အောင် ကြိုးစားရမည်။ နောက်နေ့ မှ စ၍ ဘော်လုံးကန်မှ ပြန်လာတိုင်း ဘယ်မှ မဝင်တော့ဘဲ အိမ်ကို စောစောပြန်ကာ မိသားစု ထမင်းဝိုင်းလေးကို ပိုမိုနွေးထွေး စည်ကားစေမည်။ သမီးလေးအတွက် ပို၍ အချိန်ပေးပြီး သမီးလေးစေရာအတိုင်း နေထိုင်တော့မည်။ အဘယ်ကြောင့်ဆိုသော် သမီးလေးကသာ သူ၏အသဲ၊ သူ၏အသက်၊ သူ၏ဘဝ မဟုတ်ပါလား။

12 comments:

  1. လုပ်ငန်းကိစ္စကြောင့် မိသားစုအတွက် အချိန်မပေးနိုင်ကြသလို ထွန်းကျော်ကြတော့ ဘောလုံးကန်မှအပြန် တစ်နေရာရာ ၀င်ခြင်းဖြင့် မိသားစုအပေါ် ဂရုစိုက်မှု နည်းပါးနေခဲ့သူပေါ့။ ၀တ္ထုတိုလေး ကောင်းတယ်။ ချမ်းမြေ့ပါစေ
    ခင်မင်တဲ့

    ReplyDelete
  2. ဖခင်တယောက်ရဲ့ မေတ္တာတရားတွေကိုလဲမြင်လိုက်ရတယ်
    ဖေဖေ့ကိုတောင်လွမ်းမိသေးတယ်
    ခင်မင်တဲ့ sis jasmine

    ReplyDelete
  3. အနှိုင်းမဲ့ မိဘမေတ္တာပဲပေါ့ မောင်ညီရဲရေ။ မိန်းမကိုသာ အရွဲ့တိုက်ချင်တိုက်မယ် သားသမီးနဲ့ပတ်သက်လာရင်တော့ နူးညံ့တဲ့ နှလုံးသားအဖြစ် ပြောင်းလဲသွားတာ ဓမ္မတာပါ။ ဝတ္ထုလေးအားပေးသွားတယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  4. ကိုညီရဲရေ စာတွေများများရေးပါ နော် အားပေးနေမြဲပါ

    ReplyDelete
  5. မိဘမေတ္တာကြောင့် ပြောင်းလဲသွားတာ ကျေနပ်စရာလေး...အကို။

    ReplyDelete
  6. ပြောချင်တာလေးကောင်းတယ်ညီရဲရေ.. အဖေတစ်ယောက်ရဲ့ သမီးပေါ်ချစ်တဲ့ မေတ္တာကိုလည်းမြင်ရတယ်.. ဒါပေမယ့် ဒီတခါရေးတာ နဲနဲလောနေတယ်..း)

    ReplyDelete
  7. အင်းအင်း...နင်ဆိုရင်တော့ သမီးလေးမရခင် မိန်းမရကတည်းက ဘီဘီပြတ်
    မယ့်သဘောမှာရှိတယ်.....:)

    ReplyDelete
  8. ရင်သွေးဆိုတဲ့ လူသားသေးသေးလေးတွေက မိဘဆိုတဲ့ လူသားအကြီးကြီး တွေကို ပြောင်းလဲစေနိုင်တာက တကယ်တွေးကြည့်ရင် အံ့သြစရာပါ၊ ဒီအဖြစ်ရဲ့ တစ်ခုတည်းသော အရင်းခံဟာ မိဘမေတ္တာက လွဲလို့ ဘာများ ဖြစ်နိုင်ဦးမှာလဲ..၊ ချစ်စရာကောင်းတဲ့ မိဘမေတ္တာဖွဲ့လေးမို့ သဘောကျမိတယ် ကိုညီရဲ...။

    ReplyDelete
  9. ဖခင်ရဲ့ချစ်ခြင်းနဲ. သမီးလေးရဲ့ချစ်ခြင်းကို ဖော်ကျူးထားတာ မျက်ရည်တောင်လည်မိပါတယ်။ အရမ်းကြိုက်ပါတယ်ရှင့်။

    ReplyDelete
  10. အဖေတယောက်ရဲ့  ချစ်ခြင်းမေတ္တာကို ရေးဖွဲ့ ထားတာ တကယ်သဘောကျတယ်..

    ReplyDelete
  11. မိဘတွေရဲ့ သားသမီးအပေါ် ချစ်ခြင်း... ပီပြင်လှပါတယ်ဗျာ....
    ကျွန်တော်တောင် မိဘတွေအပေါ် အဲဒီသမီးလေးလို မချစ်ပြနိုင်ခဲ့သေးတာ သတိထားမိသွားတယ်....

    ReplyDelete