Thursday 29 September 2011

ချက်ကောင်း

ကျွန်တော် အပါအဝင် ရပ်ကွက် အတွင်းမှ လူငယ်တချို့ ညနေစောင်းပြီ ဆိုတာနဲ့ ထုံးစံအတိုင်း ကိုစန်းတို့  အိမ်နားတွင် ယောင်လည်လည် လုပ်နေကြပြီ။

“ဒီနေ့ ငြိမ်လှချည်လားကွ။ ရာသီဥတု အခြေအနေက ကောင်းနေတယ်”
“အေးကွ ဒီနေ့ ဘာပွဲစဉ်မှ မရှိဘူးနဲ့ တူတယ်”
“ရှူး... တိုးတိုး... လုပ်ပါကွာ... မင်းတို့ ကလဲ”

ကျွန်တော် နောက်ကို လှည့်ပြော လိုက်မှ ဖိုးကုလားနှင့် ဖိုးကရင်တို့ ငြိမ်သွားကြသည်။ သည့်နောက် ကျွန်တော့်နားကို တိုးလာပြီး ကိုစန်းတို့ အိမ်ဘက်ကို အကဲခတ်ကြ၏။

“အရက်ကို ကြိုက်လို့ သောက်တဲ့သူ...  အေ့... အရက်ကို ကြိုက်လို့ သောက်တဲ့သူ... သောက်ပစ်... လိုက်မယ် ခပ်များများ... အေ့... ”

ကိုစန်း တစ်ယောက် ပါးစပ် ဆိုင်းတီးရင်း သိုင်းကွက် နင်းပြီး အိမ်ပြန်လာသည်ကို တွေ့ လိုက်ရသည်။

“ဟော... ကိုစန်း ပြန်လာပြီ။ မလုံး ဘယ်ရောက်နေလဲ မလုံး မတွေ့ ပါလား”

ဖိုးကရင် အသံထွက်လာ၍ ကျွန်တော်က မြင်ကြောင်းနှင့် အသံတိတ်ရန်  အချက်ပြလိုက်သည်။ ထိုအချိန်မှာပင် မလုံး အသံက အိမ်ထဲမှ ထွက်လာသည်။

“ကိုစန်း... တော်ကတော့ အရည်လေး ဝင်လာတော့ အသံလေး စာစာ စာစာနဲ့ အိမ်ပြန် လာနိုင်တယ်ပေါ့။ ဒီမှာ ဆန်ပုံးထဲမှာ ဆန်ကုန်နေပြီ ဆိုတာ သိရဲ့ လား။ စားစရာ မရှိလို့  ကလေးနှစ်ယောက် ကိုတောင် အမေတို့  အိမ် သွားပို့ ထားရတယ်။ တော့်စိတ်ထဲမှာ အိမ်က မိန်းမနဲ့  ကလေးတွေရော ရှိသေးရဲ့ လား... ဟင် သေနာကြီးရဲ့ ...”
“အာ... အေ့... မိန်းမ... မင်းကွာ အိမ်ပြန်လာရင် မင်းအသံဗြဲကြီးကို ကြားရပြီ။ ကလေးတွေကို မင်းအမေအိမ် ပို့  ရင်း မင်းလဲ အဲဒီမှာ ဘာလို့ မနေလိုက်တာလဲ။ နားငြီးတယ်ကွာ... အေ့... ဇိမ်ပျက်လိုက်တာ။ အဲဒါတွေကြောင့် ငါအိမ်ပြန်မလာချင်တာ”
“သြော... ရှင်က အိမ်ပြန် မလာချင်ရအောင် ဘယ်ကောင်မနဲ့ သွားအိပ်ချင်နေလို့ တုန်း ဟင် တော်က...”
“စပြီ စပြီ ပွဲစဉ်ကတော့ လှပြီဟေ့... ပွဲက စကတည်းက ကြမ်းနေပြီ”
“ဟေ့ကောင်... ဖိုးကုလား မင်းအသံ ဗြဲကြီးနဲ့ အော်မနေနဲ့ ငြိမ်ငြိမ်နေစမ်းပါကွာ...”

ကျွန်တော် လှမ်းဟန့် လိုက်တော့မှ ဖိုးကုလား အသံတိတ် သွားသည်။ ကျွန်တော်တို့ အိမ်နှင့် ကပ်လျက်တွင် နေသည့် ကိုစန်းနှင့် မလုံးတို့ လင်မယားသည် ညနေဘက် ဒီလိုအချိန်ရောက်တိုင်း နေ့ တိုင်း ရန်ဖြစ်လေ့ ရှိသည်။ ထို့ ကြောင့် သူများ ရန်ဖြစ်လျှင် စပ်စုရန် ဝါသနာ ပါသော ကျွန်တော် ရပ်ကွက်ထဲမှ ကလေးများကို ဦးဆောင်ပြီး ညနေဘက် ကိုစန်းတို့ လင်မယား ရန်ဖြစ်တိုင်း စောင့်ကြည့်လေ့ ရှိကြ၏။ ကျွန်တော်တို့  ကလေးတစ်သိုက် ခုနောက်ပိုင်း ဗီဒီယို မကြည့်ဖြစ်ကြတော့ပေ။ ကိုစန်းတို့ လင်မယား ရန်ပွဲကိုဘဲ စောင့်ကြည့် ကြတော့သည်။ ဗီဒီယို ထဲတွင် တကယ် ချခြင်း မဟုတ်သော်လဲ ကိုစန်းနှင့် မလုံးတို့  လင်မယားကတော့ တကယ် တီးကြခြင်း ဖြစ်သည်။ ယောက်ကျားက မညှာသလို မိန်းမကလဲ အညံမခံပေ။ အင်မတန်မှ ကြည့်ကောင်းလှသော ရန်ပွဲတစ်ပွဲ ဖြစ်၏။

“ဒီကောင်မတော့... သယ်...  ငါလုပ်လိုက်ရင် နာတော့မယ်”
“အောင်မာ လာလေ လာလုပ်ကြည့်စမ်းပါ။ ဘာမှတ်လဲ မလုံးတဲ့ တစ်လုံးတည်း ရှိတယ် ... ကဲဟာ...”
“....ခွမ်း...”
“...အား... ကောင်မ နင်က တကယ်လုပ်တယ် ဟုတ်လား”
“ဘုန်း... အုန်း... ခွပ်... ဟင်... ကောင်မ မှတ်ပြီလား။ အဲဒီ တစ်လုံးတည်း လုံးနေတာကို တစ်ခြမ်းတည်း ဖြစ်အောင် လုပ်ပစ်မယ် ကဲကွာ...”
“အောင်မလေးတော့... ဟင် ရှင်... ရှင်... သေချင်းဆိုး ကဲဟယ်... ကဲဟယ်...”

ရိုက်သံ၊ နှက်သံ၊ အော်သံများက အိမ်လေးထဲမှ အပြင်ကို လျှံထွက်လာသည်။ ကျွန်တော်တို့ လဲ ကြားလိုက်ရသည့် အသံများကြောင့် သားကောင်နံရသော မုဆိုးများလို ခေါင်းတထောင်ထောင်နဲ့ ဖြစ်ကုန်၏။

“ဆော်ကုန်ပြီကွ ဆော်ကုန်ပြီ...။ တောက်... အရေးထဲ မီးကလဲ ဒီနေ့ မှ ပျက်နေရတယ်လို့ ...”

ဖိုးကုလားက အားမလို အားမရ အသံဖြင့် ပြောသည်။

”မလုံးက တစ်ခုခုနဲ့ ပေါက်လိုက်တယ်နဲ့ တူတယ်”
“အေးကွ ဟုတ်လိမ့်မယ်။ ကိုစန်း တော်တော် ဒေါပွသွားပုံ ရတယ်”

လက်သွက်သော မလုံး အကြောင်းကို သိထားသောကြောင့် ဖိုးကရင် စကားကို ကျွန်တော်က ထောက်ခံလိုက်သည်။ ထိုစဉ် ဘေးအိမ်မှ လူများ ပြေးထွက်လာပြီး ရန်ပွဲကို ဖျန်ဖြေကြသည်။ ပတ်ဝန်းကျင် အိမ်များမှ လူတချို့ လဲ အိမ်ပြင်ဘက် ထွက်ပြီး ရန်ပွဲကို စိတ်ဝင်တစား ကြည့်လာကြသည်။ လမ်းသွား၊ လမ်းလာ တချို့ လဲ ယောင်ပေပေဖြင့် ဟိုယောင်ယောင် ဒီယောင်ယောင် လုပ်ကာ ရပ်ကြည့် လာကြသည်ကို တွေ့ ရသည်။ ကိုစန်းတို့ အိမ်နားတွင် လူတွေ ရုန်းရုန်း ရုန်းရုန်းဖြင့် ဖြစ်လာသည်။

“ဟေ့ကောင်... ကိုစန်း တော်... တော်တော့။ ကိုယ့်မိန်းမကိုယ် ဒီလောက်ထိ လုပ်ရလား”

ဘေးအိမ်မှ ဦးကျော်နှင့် ဒေါ်ပုစိန်တို့ လင်မယား အိမ်ပေါ်တက်ဆွဲကြသည်ကို တွေ့ လိုက်ရ၏။

“ဦးကျော် ကျုပ်ကို မဆွဲနဲ့ ဒီကောင်မက ဒီလောက်လုပ်တာတောင် မှတ်တာ မဟုတ်ဘူး။ နေ့ တိုင်း ကျုပ်ကို ပြဿနာ ရှာတယ်။ ဒီနေ့ ဒီကောင်မကို ကျုပ်သတ်မယ်”
“လာလေ လာသတ်လှည့်လေ မလုံးကလဲ ငြိမ်ခံနေမယ်များ မှတ်နေလား”
“ဒီကောင်မတော့...ဖယ်ဦးကျော်ဖယ် ... သတ်မယ်...ကောင်မ...  နင့်ကို သတ်မယ်
ဟင်း... ကဲကွာ ...ကဲ... ကဲကွာ...
ခွပ်... ဒုတ်... ခွပ်.... ဝုန်း”
“အောင်မလေး သေပါပြီ။ အမေရေ သေပါပြီတော့”
“ဟာ... ဆွဲပါဟ ပုစိန် နင် မလုံးကိုဆွဲထား...။ ကိုစန်း ကိုယ့်မိန်းမကိုယ် အဲဒီလောက်ထိ မလုပ်ပါနဲ့ ကွာ။ မလုံး နင်ကလဲ တော်တော့။ ပါးစပ်ကို ပိတ်တော့။ ကိုစန်း မင်းလဲ တော်... အာ... ဒီကောင် ကိုစန်းတော့ကွာ”
“အမလေးတော် လင်မယားတွေ သတ်နေလိုက်ကြတာများ... အရပ်ရပ် နေပြည်တော် ကြားလို့ မတော်ပါဘူး ... တော်”
“ထားလိုက် ဆွဲမရတဲ့ အတူ ထားလိုက် ဒီလောက်တောင် ဖြစ်နေကြတာ။ လင်မယားတွေ သေအောင်တော့ မသတ်ပါဘူး”

ရန်ပွဲကို ဝင်ဆွဲကြသော အိမ်နီးနားချင်းများ ဖြစ်သော ဦးကျော်တို့ လင်မယား ပြန်ဆင်းလာကြသည်ကို တွေ့  ရသည်။ ကျွန်တော်က-

“ဦးကျော် ဘယ်လိုလဲ ဆွဲလို့ မရဘူးလား”
“အေးကွာ နှစ်ယောက်သား လုံးထွေး သတ်နေလိုက်ကြတာ စွဲလို့ ကို မနိုင်ဘူး”
“ဦကျော်တို့ က ရန်ပွဲကို  ပြီးတဲ့အထိ ခွဲမပေးဘဲ ဘာလို့ ပြန်ဆင်းလာရတာလဲ”
“အာ... ဟိုကောင် ကိုစန်းကွာ ပြောမပြော ချင်တော့ပါဘူး။ အောက်မှာ ပုဆိုး မရှိတော့ဘူး။ ဖြစ်ချင်တိုင်းတွေ ဖြစ်နေတာ”
“ဟိုကောင်မ မလုံးလဲ ဘာထူးလို့ လဲ... ခါးမှာ လုံချည် မရှိတော့ဘူး။ ဒီလင်မယားကတော့ ပြောမပြောချင်တော့ ပါဘူးတော်...”
“ကြည့်ရ၊ မြင်ရတာတွေက အမြင်မတော်တော့လို့ ပြန်ဆင်းလာခဲ့တာ ကိုရဲရေ...။ နေ့ တိုင်း ဖြစ်နေတာပဲ ဆွဲမရတဲ့ အတူတော့ လွှတ်သာ ထားလိုက်တော့။ သေတဲ့အထိတော့ လုပ်ကြမှာ မဟုတ်ပါဘူး”

ဦးကျော်က ကျွန်တော်တို့ ကို ရှင်းပြရင်း အိမ်ဘက်ကို ပြန်ကြည့်သည်။ အိမ်ထဲမှာတော့ ရန်ပွဲက ဝုန်းဒိုင်းကြဲ နေသည်။ ကိုစန်း၏ ကျိန်းမောင်း ဆဲဆိုသံ၊ ရိုက်သံ၊ ထိုးသံ များနှင့် မလုံး၏ ပြန်ခံလုပ်သံ၊ ငိုသံ၊ ဆဲသံများကို စိတ်မချမ်းသာဖွယ်  ကြားနေရ၏။ လမ်းသွား လမ်းလာများကလဲ ကိုယ့်လမ်းကိုယ် ဆက်မသွားသေးဘဲ စောင်းငမ်း စောင်းငမ်းဖြင့် ရပ်ကြည့်နေကြသည်။  ဒီနေ့ ကျမှ မီးကလဲပျက်နေ သောကြောင့် အိမ်ထဲကို သေချာ သဲသဲကွဲကွဲ မမြင်နိုင်ခြင်းကြောင့်လဲ လူအားလုံး စိတ်ထဲတွင် မရိုးမရွဖြင့် မချင့်မရဲ ဖြစ်နေကြသည်။ မလုံး၏ ငိုသံ၊ ဆဲသံ များကို လှိုင်လှိုင်ကြီး ကြားနေရ၏။ ယောက်ကျားအားနှင့် မိန်းမအားဖြစ်သောကြောင့် မလုံးတစ်ယောက် တော်တော်လေး အရိုက်ခံ နေရပုံရ၏။ ကျွန်တော်တို့ လဲ မမြင်ရသောကြောင့် အသံကိုဘဲ နားစွင့်နေရသည်။ ထိုစဉ် ဆူညံသံများ ငြိမ်ကျသွား၏။ ပတ်ဝန်းကျင် တစ်ခုလုံးလဲ တိတ်ဆိတ် သွားသည်။ ရန်ပွဲကို စောင့်ကြည့်နေသည့် လူအားလုံးလဲ သို့ လောသို့ လော အတွေးများဖြင့် တစ်ယောက်မျက်နှာကို တစ်ယောက် ကြည့်မိကြသည်။ ခဏအကြာတွင် သေခါနီး သားရဲ တစ်ကောင်၏ အာခေါင်ခြစ် အော်လိုက်သံကဲ့သို့ သော အသံဖြင့် နာနာကျင်ကျင် အော်လိုက်သော ကိုစန်း၏ အော်သံကို ကြားလိုက်ရ၏။ တဆက်တည်း ကိုစန်း တစ်ယောက် စူးစူးဝါးဝါး ဝူးဝူးဝါးဝါး အော်ရင်း အိမ်ပေါ်မှ ခုန်ပေါက် ပြေးဆင်းသွားသည်ကို တွေ့ လိုက်ရသည်။ ဦးကျော်နှင့် ဒေါ်ပုစိန်တို့ ပြာယာခတ်သွား ကြသည်။

“ကိုစန်း... ဟာ... ကိုစန်း ဘာဖြစ်တာလဲ။ ပုစိန် အိမ်ပေါ်တက်ကြည့်စမ်း မလုံး ဓားတွေ ဘာတွေနဲ့ များ ထိုးထည့်လိုက်လား မသိဘူး။ လက်လွန် ခြေလွန်တွေ ဖြစ်ကုန်မှဖြင့် သြော်... ခက်တော့တာပဲ”
“ရှင်ပါလိုက်ခဲ့လေ ကျွန်မ တစ်ယောက်တည်း မသွားရဲဘူး”
“ဟာ... ဒီမိန်းမတော့ နင့်ဟာမက ထမီမနိုင် ပဝါမနိုင်ဖြစ်နေတာ ငါတက်ကြည့်လို့ ဖြစ်မလား။ သွား... နင်အရင် တက်သွား ပြီးမှ ငါ့ကို လှမ်းခေါ်လိုက်”

ဒေါ်ပုစိန်ကြီး တက်သွားပြီး ခဏနေတော့ ဦးကျော်နှင့်အတူ ကျွန်တော်လဲ အိမ်ပေါ် တက်လိုက် သွားလိုက်သည်။ ဆံပင်များ ဖွာလန်ကြဲ နေပြီး မျက်နှာ တစ်ခုလုံး ဖူးယောင် ကွဲပြဲကာ ငိုနေသော မလုံးကို ဒေါ်ပုစိန်ကြီး ရင်ခွင်ထဲတွင် တွေ့ လိုက်ရ၏။ ဒေါ်ပုစိန်ကြီးက မလုံးကို ချော့ရင်း မေးနေသည်။

“တိတ်... တိတ်... မလုံး မငိုနဲ့ တော့နော်။ ဒေါ်ပုစိန် အနားမှာ ရှိတယ် သိလား တိတ်တော့ မငိုနဲ့ တော့နော်”
“ဟုတ်တယ် မလုံး မငိုနဲ့ တော့ ဟိုကောင် ကိုစန်းလဲ မရှိတော့ဘူး။ ထွက်ပြေးသွားပြီ တိတ်တော့နော်။ ဒါနဲ့  မလုံး... ကိုစန်းကို ဘယ်လို လုပ်လိုက်တာလဲ ဓားနဲ့ ထိုးလိုက်တာတော့ မဟုတ်ပါဘူးနော်။ ဦးကျော်က လက်လွန် ခြေလွန်တွေ ဖြစ်ကုန်မှာ စိုးလို့ မေးရတာ”
“ကျွန်မ ဓားနဲ့ မထိုးပါဘူး ဦးကျော်... သူကသာ ကျွန်မကို သေလောက်အောင် ရိုက်တာပါ... ဟီး... ဟီး... သူကသာ ကျွန်မကို မညှာမတာ လုပ်တာပါ ဦးကျော်ရယ်... ဟီးးးးး...”

ပြောရင် မလုံး တစ်ယောက် ငိုပါလေတော့သည်။ အိမ်နီးနားချင်း သုံးလေးယောက်လဲ အိမ်ပေါ် တက်လာကြပြီး မလုံးကို ဝိုင်းချော့ ကြသည်။ ဒေါ်ပုစိန်ကြီးက မလုံးကို ချော့ရင်း မိန်းမပီပီ စပ်စု၏။

“ဒါနဲ့ ညည်း... ဘယ်လို လုပ်လိုက်လို့ ကိုစန်းတစ်ယောက် ဒီလောက် နာနာကျင်ကျင်ကြီး အော်ဟစ်ပြီး ကြောက်လန့် တကြား အိမ်ပေါ်က ပြေးဆင်းသွားရတာလဲ”

ဒေါ်ပုစိန်ကြီး အမေးကို ကြားပြီးနောက် မလုံးတစ်ယောက် အောင်ပွဲရ စစ်သူကြီး တစ်ယောက် ဟန်ပန် အပြည့်ဖြင့် ခေါင်းမော့ ရင်ကို ကော့ကာ-

“ဟင်း.... ဒင်းက မညှာတဲ့နောက်တော့ ကျွန်မကလဲ ဘာညှာစရာ လိုတော့မလဲ။ မလုံးတဲ့ တစ်လုံးတည်း ရှိတယ်။ သိကြတဲ့ အတိုင်းပဲလေ... ယောက်ကျား အသက် အပြင်မှာတဲ့... လက်နှစ်ဘက်နဲ့ ပယ်ပယ်နယ်နယ် ဖြစ်ညှစ်ပစ်လိုက်ပြီး ဒူးနဲ့ ပါ ပစ်တိုက်ပစ်လိုက်တယ်။ ဒင်း... ဒါကြောင့် သေမတတ် အော်ဟစ်ပြီး ထွက်ပြေးသွားတာပေါ့”

မလုံး စကားကို ကြားပြီး ကိုစန်းတော့ မသိ ကျွန်တော်ပင် နဲနဲကျောထဲထိ စိမ့်သွားသလို ဖြစ်သွား၏။ အဲဒီနောက်ပိုင်း ကိုစန်းတို့ လင်မယားလဲ ရန်မဖြစ်ကြတော့ပေ။ ကိုစန်းတစ်ယောက် မူးလာလျှင်လဲ တိတ်တိတ်ဆိတ်ဆိတ်ပင် ပြန်လာပြီး အိပ်ယာထဲ ဝင်အိပ်တော့၏။ ကျွန်တော်တို့ ကလေး တစ်သိုက်လဲ ကိုစန်းတို့ လင်မယားကို အားကိုးမရသည့်နောက် ဗီဒီယိုရုံဘက်သို့ ခြေဦးပြန်လှည့် ရတော့သည်။ 

မှတ်ချက်။    ။အမျိုးသမီးထုကြီးအား နည်းပေးလမ်းပြခြင်း မဟုတ်ပါ။ ရပ်ကွက်ထဲက အကြောင်းလေးကို ပြန်ဖွလိုက်ခြင်းသာ ဖြစ်ပါသည်။ မကြာမကြာ ရန်ဖြစ်လေ့ရှိသော လင်မယားများ မျောက်ပွဲကဲ့သို့ ဝိုင်းအုံ အကြည့်ခံရနိုင်သည်ကို သတိပြုစေချင်ယုံသက်သက်သာ ရည်ရွယ်ပါသည်။

Friday 23 September 2011

ဧရာဝတီအတွက် စကားစမြည်

ခုတလော ဧရာဝတီနှင့် ပတ်သက်သည့် သတင်းများကို ကျယ်ကျယ် လောင်လောင် ကြားလာ ရသည်။ ဘက်စုံ ကဏ္ဍစုံမှ လူများ ဧရာဝတီ အကြောင်းကို စိတ်ဝင်တစား ပြောလာကြသည်။ နိုင်ငံ၏ စတုတ္ထ မဏ္ဍိုင်အဖြစ် သက်မှတ်ထားသော မီဒီယာများကလဲ ဧရာဝတီ အကြောင်းကို ကျယ်ကျယ်ပြန့် ပြန့်  ဖော်ပြလာသည်ကို တွေ့  ရသည်။ Eleven Media Group မှ အယ်ဒီတာချုပ် ကိုဝေဖြိုး ရေးသားသော ဧရာဝတီမြစ်ဆုံ စီမံကိန်း နောက်ကွယ်က ဖြစ်ရပ်တစ်ခု  ဆောင်းပါက ပြည်သူကို အနည်းနဲ့  အများ လှုပ်ခတ်သွားစေမည်ဟု ယူဆရသည်။ Eleven Media Group လို အခြား Media များကလဲ ဧရာဝတီနှင့် ပတ်သက်သည့် သတင်းများကို ပြည်သူ့ ရှေ့မှောက် အရောက် ချပြနိုင်ဖို့ လိုအပ်သည်ဟု ထင်မိသည်။ ပြည်သူကို မျက်စိပိတ်၊ နားပိတ်ထားသော မူဝါဒအတိုင်း သတင်းအမှောင် ချထားတတ်ခြင်းကြောင့်  ပြည်သူများမှာ အဖြစ်အပျက် တော်တော်များများကို မသိကြရပေ။ ထို့ ကြောင့် ခုဖြစ်ပွားနေသည့် ဧရာဝတီမြစ်ဆုံ စီမံကိန်း ပြဿနာတွင် သတင်းများ အမှောင်ကျ မနေပဲ ပြည်သူများ မျက်စိပွင့်၊ နားပွင့် ဖြစ်စေရန် လိုအပ်သည်။ ထို့ကြောင့် Eleven Media Group ကဲ့သို့ တခြား Media များ သတင်းကို သတ္တိရှိရှိ ပြည်သူ့ ရှေ့မှောက် အရောက် ချပြဖို့ လိုအပ်လာသည်။

ပြည်သူများ အကြားတွင်လဲ ဧရာဝတီ မြစ်ဆုံ စီမံကိန်း ဆန့် ကျင်ရေး လှုပ်ရှားမှုများကို ကျယ်ကျယ်ပြန့် ပြန့်  လုပ်ဆောင် နေသည့် သူများ ရှိသလို စိတ်မဝင်စား သူများ၊ မြစ်ဆုံ စီမံကိန်း အကြောင်း မသိသေး သူများ ရှိနေသည်။ များသော အားဖြင့် ဧရာဝတီမြစ်နှင့် ဝေးသော အရပ်ရှိ မြို့ ၊ ရွာ များမှ လူများ ဒီပြဿနာတွင် သွေးအေးနေသည်။ စိတ်ဝင်စားမှု နည်းခြင်း၊ တချို့ သတင်းစကားကိုပင် မကြားခြင်းများ ရှိနေသည်။ ထို့ ကြောင့် လှုပ်ရှားမှု လုပ်နေသည့် သူများကို အားပေး ထောက်ခံခြင်း၊ စိတ်မဝင်စား သူများကို စိတ်ပါဝင်စားလာအောင် စည်းရုံးခြင်း၊ မြစ်ဆုံ စီမံကိန်း အကြောင်းကို မသိသေးသူများကို သိအောင် ရှင်းပြခြင်းများ ပြုလုပ်သင့်သည်။ ဒါမှ ပြည်သူ တရပ်လုံး မြစ်ဆုံ စီမံကိန်း ဆန့်  ကျင် လှုပ်ရှားမှုများတွင် တပေါင်းတစည်းတည်း ပါဝင် လာနိုင်လိမ့်မည်။ ဒီပြဿနာမှာ တစ်ဦး တစ်ယောက်တည်း ပြဿနာ မဟုတ် အားလုံးနှင့် ဆိုင်သော ပြဿနာ ဖြစ်သည်။ ထို့ ကြောင့် ပြည်သူအားလုံး တပေါင်းတစည်းတည်း ပါဝင်လာဖို့ လိုအပ်သည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့  (၁၁.၉.၂၀၁၁) နေ့ က နေပြည်တော်မြို့ ရှိ မီးရထား ဝန်ကြီးရုံးတွင် မီဒီယာ သမားများ နှင့် တွေ့ ဆုံရာ၌ လျှပ်စစ်မီး ရရှိရေးသည် အမျိုးသား အကျိုးစီးပွား ဖြစ်တာမို့ “နောက်မဆုတ်ပါဘူး။ ကျွန်တော်တို့ ဆက်လုပ်မှာပါ” ဟု ပြောခဲ့သော စကားမှာ အလွန် စိတ်ပျက်ဖို့  ကောင်းလှသည်။ ထို့ ပြင် “ဧရာဝတီ ရောဂါဆန်း” ဟူသော စကားဖြင့် ပြည်သူတရပ်လုံးကို စော်ကားသည့် စကားကို ပြောခဲ့သေးသည်။ ဒီလို စကားမျိုးကို ပြောထွက်ရက်သည့် အတွက်လဲ အလွန် အံသြမိသည်။ သူလို လူကြီး တစ်ယောက် အနေဖြင့် ဒီလို စကားမျိုး ပြောသင့် မပြောသင့်ကို ချိန်ဆ သင့်သည်။ ဒီနေရာ ဒီအဆင့်က လူတစ်ယောက် ဒီလို စကားမျိုးကို ပြောသင့် ပါသလား? အမျိုးသား အကျိုးစီးပွား ဖြစ်တာမို့ နောက်မဆုတ် နိုင်ပါဘူး ဆိုတော့ ဘယ်လို အကျိုးစီးပွားမျိုးလဲ? အမျိုးသား အကျိုးစီးပွား အတွက်ဆိုလျှင်လဲ ရရှိမည့် အကျိုးရလဒ်များကို သေသေချာချာ ချပြသင့်သည်။ ပြည်သူလူထုဘက်က ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များကို ထောက်ပြပြောဆိုနေသော်လဲ သူတို့ ဘက်က မယ်မယ်ရရ ချမပြနိုင်သေးပေ။ ကြားရသည့် သတင်း စကားများ အရတော့ ဒီစီမံကိန်းမှ ရရှိမည့် စွမ်းအင် ၉၀ရာခိုင်နှုန်းကို တရုတ်က ယူပြီး ၁၀ရာခိုင်နှုန်းကိုသာ မြန်မာပြည်မှ ရမည်ဟု သိရသည်။

နောက်ထပ် စိတ်ပျက်ဖွယ်ရာ တစ်ခုကိုလဲ ထပ်ပြောသွားသေးသည်။ အခု မဂ္ဂါဝပ် ၁၅ဝဝ ပေးတာတောင် ကုန်အောင် မသုံးနိုင်ဘူး။ အဲဒီတော့ ဘယ်သူက သုံးမှာလဲ။ သုံးစရာမရှိရင် Market ရဲ့သဘောအရ ရောင်းစား ရမှာပေါ့ ဟူသော စကားက ပြည်သူကို တမင် ဗြောင်လိမ်ခြင်း ဖြစ်သည်။ ပြည်သူကို တကယ် လိမ်ချင်တယ် ဆိုလျှင်လဲ ဒီ့ထက် ကောင်းသော စကားကို ရှာထားသင့်သည်။ ခုတော့ ပြည်သူ လူထုကို ဂရုစိုက်စရာ မလို အချိန်တန် နောက်ဆုတ်သွားမှာပဲ ဟူသော ပြီးပြီးရော စကားကို ပြောသွားခြင်း ဖြစ်သည်။ ရှင်းရှင်း ပြောရလျှင် ပြည်သူလူထုကို ခေါင်းထဲ ထည့်စရာ မလိုဟူသော သဘောထားခြင်းဟု ယူဆရသည်။ မဂ္ဂါဝပ် ၁၅၀၀ ပေးတာတောင် မကုန်ဘူး ပြောရအောင် မြန်မာပြည် တစ်နိုင်ငံလုံး မီးလင်းပြီလား။ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် တခြားမြို့ ၊ ရွာတွေ မီးလင်းရုံနဲ့ လုံလောက်ပြီလား။ မီးမရသေးသည့် တခြားမြို့ ၊ ရွာတွေကို ဒီအတိုင်း အမှောင်ထဲမှာဘဲ ထားတော့မှာလား။ လက်ရှိ မီးရနေသည့် မြို့ ကြီးတွေမှာရော မီးလာတာ အချိန် မှန်ပြီလား။ ထိန်တောမြို့ ကို ရောက်တုန်းက မြို့ ဟု သမုတ်ထားပြီး  ည၇နာရီ ကနေ ည၈နာရီထိ တစ်နေ့ ကို တစ်နာရီပဲ မီးလာသည်ဟု ဆိုသောကြောင့် အလွန်အံသြ ခဲ့ရသည်။ အိမ်တိုင်း အိမ်တိုင်း မီတာဘောက် ကိုယ်စီ ရှိလျက်နဲ့ တစ်နေ့ ကို တစ်နာရီပဲ သုံးခွင့် ရှိသည့် သူတို့ အတွက် စိတ်မကောင်း ဖြစ်ခဲ့မိသေးသည်။ ဒီလို မြို့ ၊ ရွာတွေ ဘယ်လောက်တောင် များများ ရှိနေမလဲ။ ဒါတောင် မဂ္ဂါဝပ် ၁၅၀၀ကို ကုန်အောင် မသုံးနိုင်လို့ ပြည်ပကို ရောင်းစားတာလို့ ဗြောင်လိမ်ချင် သေးသည်။ ဒီလို စကားကို တရား လက်လွတ် ပြောတာ ကတော့ မြန်မာပြည်က မီးမရတဲ့ မြို့ ၊ ရွာက လူတွေကို စော်ကားရာ ရောက်ပါတယ်။ လူကြီး လူကောင်း တစ်ယောက် အနေနဲ့ ဒီလို စကားမျိုး မပြောသင့်ပါဘူး။

ခုဆိုရင် ဒီမြစ်ဆုံ စီမံကိန်းနဲ့ ပတ်သက်ပြီး ကဏ္ဍစုံက လူတော်တော် များများက သူတို့ ရဲ့ သဘောထားတွေကို ထုတ်ဖော် ပြောကြားပြီး ဖြစ်ပါတယ်။ မိုးလေဝသနဲ့ ဇလဗေဒ ပညာရှင် ဦးထွန်းလွင်က “ကျနော် အသက်လဲ ကြီးပြီ။ ကြောက်လည်း ကြောက်ပါတယ်။ ဒါကြောင့် တခွန်းတည်းပဲပြောမယ်။ ဧရာဝတီမြစ်ဆုံမှာ ရေကာတာ ဆောက်ခြင်းကို ကျနော် လုံးဝ ကန့်ကွက်ပါတယ်” ဟူသော စကားကို ပြောကြား ခဲ့သည်။ ဦးထွန်းလွင်လို ပညာရှင်မျိုးက ဒီလိုမျိုး ပြောလာသည် ဆိုတော့ ဒီကိစ္စကို စဉ်းစားသင့်ပြီ။ နောက်ပြီး “ကိုယ့်နေရာမှာ လုပ်တာတွေအတွက် ကန့်ကွက်မှုတွေရှိလာတော့ ကံဆိုးစွာ ကျနော်တို့ နိုင်ငံကို ရောက်လာတာပါပဲ” ဆိုသည့် စကားကလဲ စိတ်ဝင်စားစရာ ဖြစ်သည်။ ဒီလို သဘာဝ ပတ်ဝန်းကျင်နှင့် မြစ်ကို မထိခိုက်ဘူး ဆိုလျှင် ဘာကြောင့် သူတို့ တရုတ်နိုင်ငံတွင် မလုပ်ဘဲ မြန်မာနိုင်ငံတွင် လာလုပ်ရသလဲ။ တရုတ်နိုင်ငံတွင်လဲ ဧရာဝတီမြစ်ကဲ့သို့ သော မြစ်ဝါမြစ် ရှိနေတာပဲ။ ဘာကြောင့် ဧရာဝတီမြစ်တွင် လာလုပ်ရသလဲ ဟူသော မေးခွန်းကို မေးစရာ ဖြစ်လာသည်။ မြစ်ဝါမြစ် ပျက်စီးမှာ စိုးရိမ်သောကြောင့် ဧရာဝတီမြစ်တွင် လာလုပ်ခြင်း ဆိုလျှင်တော့ တရုတ်နိုင်ငံက သက်သက် လူပါးဝခြင်း ဖြစ်သည်။ ကမ္ဘာပေါ်တွင် လက်ချိုးရေတွက်လို့ ပင် ရသော ဧရာဝတီမြစ်ကဲ့သို့ သော သဘာဝ အရင်းအမြစ်တစ်ခုကို ဤပမာဏလောက်သော ငွေကြေးဖြင့် ဆုံးရှုံး ရမည်ဆိုလျှင် အလွန်နှမြောဖို့ ကောင်းလှသည်။ နောင်တချိန် နိုင်ငံ ချမ်းသာလာ၍ ထိုပမာဏ၏ တန်ဖိုးထက် ဆယ်ဆ မကသော တန်ဖိုးဖြင့် ပြန်ဝယ်မည် ဆိုလျှင်ပင် ဧရာဝတီမြစ်လို မြစ်တစ်စင်းကို ပြန်ဝယ်နိုင်မည် မဟုတ်ပေ။ ထို့ ကြောင့် ဧရာဝတီမြစ် ကဲ့သို့  သော သဘာဝ အရင်းအမြစ် တစ်ခုကို ထိန်းသိမ်းထားသင့်သည်။

သတင်းစာ ဆရာကြီး လူထုစိန်ဝင်း ကလဲ “လူယဉ်ကျေးနည်းနဲ့ မရရင် လမ်းပေါ်ထွက် ဆန္ဒပြပြီး တောင်းဆို လာခဲ့ မယ်ဆိုရင် ဒီလို ဆန္ဒပြမှုတွေ အတွက် စီမံကိန်းကို ဆက်လုပ်တဲ့သူတွေသာ တာဝန်ယူရ လိမ့်မယ်။ မလုပ်ဖို့ တောင်းဆိုဆန္ဒပြနေတဲ့သူတွေမှာ တာဝန် မရှိဘူး” ဟူသော စကားကို ပြောကြားခဲ့သည်။ တကယ်လို့ လူထုကသာ ဒီလို လမ်ပေါ်ထွက် ဆန္ဒပြလာခဲ့လျှင် သူတို့ ဘက်က ဘယ်လို တုန့် ပြန်မလဲ။ စက်တင်ဘာ အရေးအခင်း တုန်းကလို တုန့် ပြန်လာမှာလား...? စက်တင်ဘာ အရေးအခင်း တုန်းကလို ကြေကွဲ ဝမ်းနည်းဖွယ်ရာတွေ ဖြစ်ပေါ်လာဦးမှာလား...? ဆိုတာက စဉ်းစားစရာ ဖြစ်လာပါပြီ။ နောက်မဆုတ်ပါဘူး။ ကျွန်တော်တို့ ဆက်လုပ်မှာပါ ဆိုတဲ့ စကားရဲ့ နောက်ကွယ်မှာ ဘယ်အထိ ဆက်လုပ်မှာလဲ ပြည်သူလူထုက လမ်းပေါ်ထွက် ဆန္ဒပြလာရင် အဆုံးစွန်ထိ လုပ်ဖို့ စဉ်းစားထားပြီလား...? ဒါတွေက တွေးစရာတွေ ဖြစ်လာပါပြီ။

ကျွန်တော် နိုင်ငံရေး လုပ်နေခြင်း မဟုတ်ပါ။ ကျွန်တော် နိုင်ငံအကျိုးအတွက် ပြောနေရခြင်း ဖြစ်ပါသည်။ ဧရာဝတီကို ချစ်သော၊ ဧရာဝတီကို သံယောဇဉ် ကြီးသော ပြည်သူတစ်ယောက် ရင်ထဲက စကားလုံးတို့   ပွင့်အံလာခြင်းသာ ဖြစ်ပါသည်။ အကယ်၍ ဆည်ကြီး ပြီးနောက် အကြောင်းကြောင်းကြောင့် ကျိုးပေါက် သွားခဲ့လျှင် မြစ်ကြီးနားမြို့ ရေကြီးရုံတင် မဟုတ်ဘဲ ရေမြုပ်သွားနိုင်သည့် အခြေအနေ၊ ဆည်ဆောက် လိုက်လျှင် မြစ်ရေ နည်းသွား နိုင်သောကြောင့် မြစ်ရေစီးမှုအားနည်း ကာ ပင်လယ်ရေ ဝင်ရောက်လာနိုင်ပြီး မြစ်ဝကျွန်းပေါ် ဒေသများတွင် စိုက်ပျိုးရေးများ ခက်ခဲ လာနိုင်ကြောင်းများကို ပညာရှင်များက ပြောပြီး ဖြစ်သည်။ ကျွန်တော် လက်လှမ်းမှီ သလောက် ပြောရမည် ဆိုလျှင် ဆည်ဆောက်မှုကြောင့် မြစ်ရေ နည်းလာမည် ဆိုလျှင် မြန်မာနိုင်ငံရှိ မုနိလေးဆူတွင် တစ်ဆူ အပါအဝင် ဖြစ်သော ရွှေဘုံသာ ဘုရားအနီးရှိ (ကျွန်တော်တို့ အခေါ် )ရွှေဘုံသာသောင်ခုံကြီးမှာ ယခုပင်လျှင် မြစ်လယ် နီးပါးအထိ ရှိပြီး မြစ်ကြောင်း ကျဉ်းနေရာ ဒီထက် ရေနည်းလာလျှင် မြစ်ကြောင်း ပိုမို ကျဉ်းလာပြီး မော်တော်များ သွားရေးလာရေး ပိုမို ခက်ခဲ လာနိုင်သည်။ ရွှေဘုံသာ ဘုရားကို ရောက်ဖူးသူတိုင်း ဒီသောင်ခုံကြီး ဘယ်လောက်ကြီးသလဲ ဆိုတာ မြင်ဖူးကြမည် ထင်ပါသည်။

ကျွန်တော် နေထိုင်ရာ အရပ်သည် ဧရာဝတီမြစ် ကမ်းနဖူးဘေးတွင် တည်ရှိသော ရွာလေးဖြစ်သည်။ ကျွန်တော်တို့ ငယ်စဉ်က ရွာတွင် သောင်ထွန်းသောကြောင့် သောက်ရေ၊ သုံးရေ အခက်အခဲ ဖြစ်ခဲ့သည်ကို ခုထိ မမေ့နိုင်သေးပေ။ ပိုဆိုးသည့် အချက်မှာ ကျွန်တော်တို့ ရွာအောက်တွင် အလွန်ကြီးမားသော ကျောက်ဖြာကြောကြီး ခံနေသောကြောင့် အဝီစိတွင်း တူးမရခြင်း ဖြစ်သည်။ ထို့ ကြောင့် သောင်ထွန်းသည့် နှစ်များတွင် ကျွန်တော်တို့ ရွာအတွက် သောက်ရေ၊ သုံးရေ အခက်အခဲများ ဖြစ်လေ့ရှိသည်။ ထို့ ကြောင့် မြစ်ဆုံ စီမံကိန်းကြောင့် မြစ်ရေနည်းပြီး သောင်များ ထွန်းလာလျှင် ကျွန်တော်တို့ ရွာအနေဖြင့် မြစ်ဘေးနေပြီး သောက်ရေ၊ သုံးရေ ရှားပါးသည့် အခက်အခဲများ ဖြစ်လာနိုင်သည်။ ထို့ ပြင် သောင်ထွန်းမှုကြောင့် ရေကြောင်းများ တိမ်လာပြီး တံငါသည်များ ပိုက်ချရာတွင် လည်ကောင်း၊ တောင်သူ လယ်သမားများ လယ်၊ ယာ၊ ကိုင်း၊ ကျွန်း များသို့ ရေသွင်းရာတွင် လည်းကောင်း အခက်အခဲများ ရှိလာနိုင်သည်။ ဆည်ဆောက်လိုက်လို့ ဧရာဝတီမြစ် ရေနည်း၍ သောင်များ ထွန်းလာလျှင် မြစ်ကြောင်းတလျှောက်ရှိ မြို့ ၊ ရွာများ ဒုက္ခရောက်နိုင်သဖြင့် ပြည်သူများ ဤစီမံကိန်းကို ကန့် ကွက် နေကြခြင်းဖြစ်သည်။ စီမံကိန်းကို အကောင်အထည်ဖော်နေသော သူများ အနေဖြင့်လဲ ပြည်သူများ ဘဝ ရပ်တည်မှု အရေးကို ထည့်သွင်း စဉ်းစားပေးသင့်သည်။ ကျောက်၊ ကျွန်းသစ်နှင့် သဘာဝဓာတ်ငွေ့ များ ကုန်သွား၍ ပြည်သူကို မထိခိုက် သော်လဲ ဧရာဝတီမြစ် ကောသွားလျှင် မြစ်ကို မှီတင်းနေထိုင်နေသည့် မြစ်ကြောင်း တလျှောက်မှ ပြည်သူများ အကြီးအကျယ် ဒုက္ခ ရောက်ကြရပေလိမ့်မည်။

“ကျွန်မတို့ ပုဂံကို မမှီလိုက်ဘူး။ ဒါပေမယ့် ဒေါက်တာ သန်းထွန်းတို့ ပုဂံကို သုတေသန လုပ်ပြီးတော့ မှတ်တမ်းတင်ပေးတဲ့ စာအုပ်တွေကနေ ကျွန်မတို့ ပုဂံကို လှမ်းကြည့်လို့ ရတယ်။ ဒီလိုပဲ ဧရာဝတီကိုလဲ သဘာဝ ပတ်ဝန်းကျင်ကြောင့် ဖြစ်ဖြစ်၊ လူလုပ်တဲ့ အကျိုးဆက်ကြောင့် ဖြစ်ဖြစ် ကျွန်မတို့ ဧရာဝတီ တစုံတစ်ခု အရင်အတိုင်း မရှိခဲ့ရင် နောင်ကလေးတွေကို ဧရာဝတီ ဆိုတာ ဒို့  ဗမာပြည်မှာ ဘယ်လို စီးဆင်းခဲ့တယ် ဆိုတာကို သိသင့်တယ် ထင်လို့ ဒီစာအုပ်ကို ကျွန်မ ထုတ်ခဲ့တာပါ” ဆိုတဲ့ အောင်ပင်လယ် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး မဂ္ဂဇင်းရဲ့ အယ်ဒီတာချုပ် ဒေါ်ဒေဝီသန့် စင်ရဲ့ စကားကလဲ မှတ်သား စရာပါ။ ဧရာဝတီသာ တကယ် ပျက်စီးခဲ့မယ် ဆိုရင် ကျွန်တော်ကတော့ ဒီစီမံကိန်းကို အသက်သွင်းခဲ့တဲ့ လူတွေကိုလဲ မှတ်တမ်းတင်ထား သင့်တယ်လို့  ယူဆမိပါတယ်။ ဒါမှ ခုခောတ် ကျွန်တော်တို့  ဂဌုန်ဦးစောကို အမှတ်ရ နေသလိုမျိုး  သူတို့ တွေကိုလဲ နောင်တနေ့ မျိုးဆက်သစ် လူငယ်တွေ အမှတ်ရနေအောင် မှတ်တမ်းတင်ထား သင့်ပါတယ်။

Saturday 17 September 2011

ရသမြောက်သော အလှူတစ်ပွဲ

မြန်မာ လူမျိုးများသည် အလှူအတန်း ရက်ရောသော လူမျိုးများ ဖြစ်ကြ၏။ အလှူဒါနနဲ့ ပတ်သက်လာလျှင် လက်မနှေးကြသူများ ဖြစ်သည်။ ဘုရား၊ ကျောင်း၊ ကန်၊ ဇရပ်၊ စေတီ၊ ပုထိုးများ ဆောက်လုပ် လှူဒါန်းလေ့ ရှိသကဲ့သို့ ရှင်ပြု၊ ရဟန်းခံ၊ နားသ မင်္ဂလာများနှင့် ဘုရားကိုးဆူ အစရှိသည့် အလှူပွဲများကိုလဲ ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနားပြုလုပ် လှူဒါန်း ကြလေ့ရှိ၏။ တချို့ ရွာများဆိုလျှင် တစ်ရွာလုံး မီးခိုးတိတ်ဖြင့် အကြီးအကျယ် လှူဒါန်း လေ့ရှိသလို တချို့ လဲ ရှင်တစ်ရာကဲ့သို့  ကြီးကျယ် မြင့်မြတ်သော အလှူပွဲများကို ဆင်နွှဲကြလေ့ ရှိသည်။ကျွန်တော့် ဘဝတွင် ယခု အသက်အရွယ်ထိ အလှူပွဲ များစွာကို တွေ့ ကြုံခဲ့ဖူးသည်။ ထိုထဲတွင်မှ ကျွန်တော့် ဘဝတွင် ကြုံတွေ့ ခဲသော အလှူပွဲလေး တစ်ပွဲကို ယနေ့ ထိတိုင် မှတ်မှတ်ရရဖြင့် မမေ့နိုင်သေးပေ။ အကြောင်းတိုက်ဆိုင်တိုင်း ထိုအလှူပွဲလေးကို ပြန်ပြန် မြင်ယောင်မိ၏။ လွန်ခဲ့သော ခြောက်နှစ်ခန့် က ဖြစ်မည်။ အလွန် ရိုးရှင်းသော၊ အလွန် သဘာဝကျသော အလှူပွဲလေး ဖြစ်၏။ ထိုနေ့ ကို ကျွန်တော် ယနေ့ ထက်ထိ မမေ့နိုင်သေးပေ။ ပြန်စဉ်းစားမိတိုင်း မျက်ဝန်းထဲတွင် တရစ်ဝဲဝဲဖြင့် ပြန်မြင်ယောင် နေမိဆဲ ဖြစ်သည်။

အဲဒီနေ့ က မှတ်မှတ်ရရ သင်္ကြန် နောက်ဆုံးနေ့ အတက်နေ့ ဖြစ်၏။ ကျွန်တော်နှင့် သူငယ်ချင်းများ ပြည်မြို့ သို့  ရေပတ်ခံထွက်လာခဲ့ ကြသည်။ နဝဒေတံတားကို ကျော်လာပြီး ကုန်းအဆင်း ပြည်မြို့ ဘက်သို့ အကွေ့ (ဇီးခွဲစက် ခြံဝင်း)နေရာရှေ့ အရောက်တွင် ကောင်မလေး တစ်ယောက် ကျွန်တော့်တို့ ကားကို ရေထွက်လောင်းရင်း ဒီနေ့ ဒီအိမ်တွင် အလှူရှိကြောင်း ပြောသည်။ အများကြီး ချက်ထားသောကြောင့် ရေကစားပြီးနောက်  မြို့ ထဲတွင် ဝယ်မစားဘဲ ဆက်ဆက် လာစားရန်ပါ မှာလိုက်သေးသည်။ ကျွန်တော်တို့ လဲ တမနက်လုံး မြို့ ထဲတွင် ရေကစားပြီးနောက် မောမော ပန်းပန်းဖြင့် ထမင်းစားရန် နေရာရှာတော့ ဆိုင်များ ပိတ်ထားသဖြင့် အခက်အခဲ ဖြစ်နေ၏။ နောက်မှ အလှူဖိတ်ထား သည်ကို သတိရပြီး မြို့ ပြင်သို့ ပြန်ထွက်လာခဲ့သည်။ တစ်မနက်လုံး ရေကစားထား သောကြောင့် ကျွန်တော်တို့ လဲ တော်တော်လေး ဆာလောင် မောပန်းနေကြပြီ ဖြစ်သည်။ 

ကျွန်တော်တို့ အလှူအိမ်ရှေ့ကို ရောက်တော့ မယုံကြည် နိုင်လောက်အောင်ပင် လူများလွန်း နေသည်ကို တွေ့ လိုက်ရသည်။ လမ်းဘေးနှစ်ဘက်တွင် အစီအရီ ရပ်ထားသော ကားများ၊ ဆိုင်ကယ်များကို တွေ့ ရသည်။ လူကြီးတစ်ယောက်က ကားလမ်းပေါ်မှ ဖြတ်လာသမျှ ကားများ၊ စက်ဘီးများ၊ ဆိုင်ကယ်များကို တားပြီး အလှူတွင် ထမင်း ဝင်စားသွားဖို့ ဖိတ်ခေါ်နေသည်ကို တွေ့ ရသည်။ ကျွန်တော်တို့ လဲ အားရပါးရ စားသောက်နေသော လူများကို ကြည့်ပြီး ပိုမို ဆာလောင်လာသလို ခံစားရသည်။ တမနက်လုံး ရေကစား ထားခြင်းကြောင့်လဲ တော်တော် ဆာလောင်နေကြပြီ ဖြစ်သည်။ ထို့ ကြောင့် ဗိုက်ဆာဆာဖြင့် ကျွန်တော်တို့ လဲ လူအများနှင့် ရောကာ စားသောက်လိုက်ကြသည်။ အလှူက ထုံးစံအတိုင်း ငါးခြောက်နှပ်၊ ပဲဟင်းနှင့် သရက်ချဉ်သုပ်ကို ကျွေးခြင်း ဖြစ်သော်လဲ ဗိုက်ဆာ နေသောကြောင့် ထင်သည် အလွန်စားကောင်းလှသည်။ အလွန်စာလောင် နေသောကြောင့် ကျွန်တော့်ဘဝ တလျှောက် စားခဲ့သော အစားအစာများတွင် အကောင်းဆုံးဟုပင် ထင်မှတ်မိသည်။ ကျွန်တော်လဲ ဆာဆာဖြင့် အားရပါးရ ကုန်းလွေးနေစဉ် နောက်မှ အသံကြားသဖြင့် လှည့်ကြည့်လိုက်မိတော့ ရွှေတွေ သီးနေအောင် ဝတ်ထားသော မိန်းမကြီး တစ်ယောက် ဝမ်းသာ အားရဟန်ဖြင့် အားရပါးရ ပြောနေသည်ကို တွေ့ လိုက်ရသည်။ 

“အားရတယ်ဟေ့ အားရတယ်။ ကြည့်စမ်း... အားရပါးရ စားနေလိုက်ကြတာ... ဒီလို မြင်ရတော့ ငါလဲ လှူရတာ အားရတယ်။ ဒီနေ့ အလှူလုပ်တာ ဆယ့်ငါးသိန်း လောက်ကုန်တယ်။ ကုန်ပလေ့စေ ကျေနပ်တယ်။ နောက်နှစ်တွေလဲ ထပ်လှူဦးမယ်”

ထိုအသံ ကြားမှ ကျွန်တော်လဲ ပတ်ဝန်းကျင်ကို သတိထား ကြည့်မိသည်။ ဟုတ်သည် ဆာလောင်နေ သောကြောင့် ထင်သည် လူအားလုံး အားရပါးရ စားသောက်နေကြသည်။ စားသောက်နေသူများတွင် ယောက်ကျား၊ မိန်းမ၊ လူကြီး၊ လူငယ် အားလုံးပါသည်။ တချို့ အဆင့်အတန်း မြင့်ဟန်တူသော အမျိုးသား၊ အမျိုးသမီးများ ပါသည်။ ဒါပေမယ့် အလှူဖြစ်သောကြောင့် ရှိန်နေခြင်း၊ ရှိုးတိုး ရှန့် တန့် ဖြစ်နေခြင်း မရှိ။ လူအများနှင့် ရောထွေးကာ လက်ရည်တပြင်တည်း စားသောက်နေကြသည်။ တချို့ အမျိုးသားများ မူးနေကြသည်၊ တချို့ အမျိုးသမီးများ ခြေထောက်တွင် ဘိနပ် မပါကြ၊ အားလုံး ရေတွေ စိုရွှဲနေကြသည်၊ တချို့ အိုးမဲများ၊ ဆီဂျီးများ၊ ဖုံမှုန့် များ ပေကျံနေကြသည်။ ဒါပေမယ့် အားလုံး မျက်နှာတွင် တူညီသော စင်ကြယ်သည့် အပြုံးပန်းများဖြင့် ပျော်နေကြသည်။ ဟန်ဆောင် နေကြခြင်း မဟုတ်။ 

“ဒေါ်ကြီး ထမင်းပေးပါဦး၊ အန်တီ သရက်ချဉ်သုပ်လေး နဲနဲလောက်၊ ပဲဟင်းပေးပါဦး၊ ငါခြောက်နှပ် ရှိသေးလားဗျို့ ”

စသဖြင့် အားလုံး ပျော်ပျော်ရွှင်ရွှင်ဖြင့် အော်ဟစ်ကာ အားရပါးရ စားသောက်နေကြခြင်း ဖြစ်သည်။ သူတို့ ၏ အပျော်များက အလှူရှင် အန်တီကြီးကို ကူးစက်ကာ ဝမ်းသာအားရဖြင့် အော်ပြောနေခြင်း ဖြစ်သည်။ 

ကျွန်တော် အပါအဝင် လူအားလုံးပဲ ပျော်ရွှင်နေကြသည်။ သင်္ကြန်ဖြစ်သောကြောင့် တော်တော် များများ မူးနေကြသော်လဲ စည်းကမ်းမမဲ့ကြ။ စားသောက်ပြီး ပန်းကန်များကို ပန်းကန်ဆေးသည့် နေရာသို့ ကိုယ်တိုင်ကိုယ်ကျ သွားထားကြသည်။ မူးနေသော်လဲ စည်းကမ်း ရှိနေကြသည်မှာ အံသြဖို့ ကောင်းလှသည်။ အလွန်ရိုးရှင်း၍ သဘာဝကျသော အလှူပွဲလေး ဖြစ်သည်။ ဘယ်လောက် ရိုးရှင်းသလဲ ဆိုလျှင် အလှူဆိုပေမယ့် မဏ္ဍပ်ထိုးထားခြင်း မရှိ၊ စားပွဲတစ်လုံးနှင့် ထိုင်ခုံ ခြောက်လုံး၊ ခုနစ်လုံးလောက်သာ ရှိသည်။ လူအားလုံး ကြုံသလို စားသောက်ကြခြင်း ဖြစ်သည်။ တချို့ က ခြံဝင်းအတွင်း ပန်းခြုံများအနီးတွင်၊ တချို့ က သစ်ပင်တွေ အောက်မှာ၊ တချို့ က ခြံဝင်းထဲနှင့် လမ်းမပေါ်တွင် မတ်တပ်ရပ်လျှက် တမျိုး၊ ထိုင်လျှက် တဖုံ၊ တချို့ က ကိုယ့်ကားပေါ်တွင် ကိုယ်ယူ စားကြသည်။  စားတော့လဲ ပန်းကန် ဆေးသည့် နေရာတွင် ကိုယ်ဘာသာ ကိုယ့်ပန်းကန် ကိုယ်ယူကာ ထမင်းထည့်သည့် နေရာတွင် ထမင်းသွားတောင်း ရသည်။ ပြီးနောက် လူများအကြား လိုအပ်သမျှ လိုက်လံ ဖြည့်ဆည်းပေးနေသည့် လူများနောက် လိုက်ကာ 

“အစ်ကိုရေ... ငါးခြောက်နှပ်လေး လုပ်ပါဦး။ အစ်ကို့ ရေ... ပဲဟင်းလေး၊ သရက်ချဉ်သုပ် ရှိသေးလားဗျို့ ...”

စသည်ဖြင့် ကိုယ်ထူကိုယ်ထ စနစ်ဖြင့် စားသောက်ကြရခြင်း ဖြစ်သည်။ ဂုဏ်ပကာသနမပါ၊ အဆင့်အတန်းမခွဲ လက်ရည်တပြင်တည်း ကျွေးသော အလှူပွဲလေး ဖြစ်သည်။ လူအားလုံး ဟန်ဆောင်မှုမပါ ပျော်ပျော် ရွှင်ရွှင်ဖြင့် အားရပါးရ စားသောက် နေကြသည်ကို မြင်ရသည်မှာ အလွန် ကြည်နူးဖွယ် ကောင်းလှသည်။ သင်္ကြန် ဖြစ်သောကြောင့် လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးဖြင့် ပျော်ရွှင် နေကြဟန်လဲ တူသည်။ သူ့ ကိုယ်မသိ ကိုယ့်သူ မသိဖြင့် အနယ်နယ် အရပ်ရပ်မှ လူများ စုကာ မရင်းနှီးသော အလှူရှင်၏ အလှူပွဲကို တက်ရောက် အားပေးနေကြခြင်း ဖြစ်သည်။ အလှူ့ ရှင်များ မအားမှန်း သိသောကြောင့် ကိုယ့်ထမင်း ပန်းကန် ကိုယ်သိမ်းပြီး ပန်းကန် ဆေးသည့် နေရာ အရောက် စည်းကမ်းရှိရှိ သွားထားကြသည်ကို မြင်ရသည်မှာ ကြည်နူးဖွယ် ကောင်းလှသည်။ အလှူ့ ရှင်ကိုတော့ မသိ သူတို့ ကို ကြည့်၍ ကျွန်တော့်မှာ ပီတိ ဖြစ်နေမိသည်။ ဒီလို ရသမြောက်သော အလှူပွဲလေးကို ကိုယ်တိုင်ကိုယ်ကျ  လှူချင်စိတ်လဲ ပေါက်လာမိသည်။

Monday 12 September 2011

ဘလော့ဂါဆိုတာဘာလဲ(တဂ်)

ဘလော့ဂါ ဆိုတာ ဘာလဲ.... ညီမငယ် candy က ကျွန်တော့်ကို တဂ်လာတဲ့ပိုစ့်ပါ။ အဲဒီ ဘလော့ဂါဆိုတာ ဘာလဲ ဆိုတဲ့ ခေါင်းစဉ်ကို ကြည့်ပြီး အစ်မ မိုးငွေ့ ပြောသလို နဲနဲ စားသွားပါတယ်။ အဲဒီ အချိန်မှာပဲ အစ်မ ဖြစ်သူ jasmine (တောင်ကြီး)က ထပ်တဂ် လာပြန်တော့ ကျွန်တော် မရေးမဖြစ် ရေးရမဲ့ကိန်း ဆိုက်လာခဲ့ ပါတော့တယ်။ ဒီနေ့ ဘလော့ဂ် လောက ကြီးက သတ်မှတ် ထားသလိုပဲ ဘလော့ဂါ တွေဟာ ဘလော့ရွာကြီး တစ်ရွာထဲမှာ စုဝေးနေကြတာပါ။ ဒီရွာကြီးကို တရားဓမ္မ၊ နည်းပညာ၊ သတင်း၊ သုတ၊ ရသ၊ ဟာသ၊ ကဗျာ၊ ချက်နည်း ပြုတ်နည်း၊ ဓာတ်ပုံ စသည့် တခြား တခြားသော ကဏ္ဍပေါင်းစုံဖြင့် စုစည်း ထားခြင်း ဖြစ်ပါတယ်။ ဘလော့ဂါတွေကလဲ ကိုယ်သန်ရာ သန်ရာ ကဏ္ဍလေးတွေကနေ ဘလော့ရွာကြီးကို ပုံဖော် နေကြတာပါ။ တကယ်တော့ ဘလော့ ဆိုတာ ဘလော့ရေးသူရဲ့ မှတ်စု ဒိုင်ယာရီလို့ ခေါ်မယ်ဆို ခေါ်လို့ ရပါတယ်။

ဘလော့ဂါတွေဟာ ကိုယ်သန်ရာ သန်ရာ ကဏ္ဍတွေကနေ ကိုယ့်ရဲ့ ဗဟုသုတ၊ အသိပညာ၊ စိတ်ခံစားချက် တွေကို ဝေမျှ နေတဲ့သူတွေပါ။ တရားဓမ္မ လေ့လာ လိုက်စားတဲ့ သူတွေက  ဘုရား အကြောင်း တရား အကြောင်းလေးတွေ တင်မယ်။ နည်းပညာ လေ့လာ လိုက်စားသူတွေက ကိုယ်လေ့လာ တွေ့ ရှိထားတဲ့ နည်း ပညာ အကြောင်းလေး တွေကို တင်မယ်။ ကဗျာ ဝါသနာ ပါသူတွေက ကဗျာလေးတွေ တင်မယ်။ တချို့  က ရသ၊ တချို့ က ဟာသ၊ တချို့ က သုတလေးတွေ အသီးသီး တင်ကြမယ်။ ဒီလိုပဲ တချို့ က ချက်နည်းပြုတ်နည်း လေးတွေကို ဝေမျှကြတယ်။ သတင်းတွေ ဝေမျှကြတယ်။ဘာတွေ ဘယ်လိုပဲ တင်တင် ဘလော့တစ်ခုမှာ နာမည် တစ်ခု ယူပြီး တင်ပြီ ဆိုတာနဲ့ ကိုယ်တင်လိုက်တဲ့ စာ၊ ပိုစ့်တွေ အတွက် တာဝန် ယူရပါမယ်။ ကိုယ်ရေးလိုက်တဲ့ စာရဲ့ အကောင်း အကျိုး၊ အဆိုး အကောင်းကို တာဝန်ယူရဲ၊ တာဝန် ယူနိုင်ရပါမယ်။ အဲဒီ အတွက် ဖြစ်ပေါ်လာမယ့် ပြဿနာ အပေါင်းကို ဖြေရှင်း နိုင်ရပါမယ်။ ဒါမှလဲ ကိုယ့်ကိုယ်ကို ဘလော့ဂါ တစ်ယောက်လို့ မှတ်ယူ နိုင်ပါမယ်။ ဘလော့ဂါ တစ်ယောက် ဖြစ်လာပြီ ဆိုရင် ကိုယ့်ရဲ့ စာပေ အရေးအသားက အစ ဂရုစိုက်သင့်ပါတယ်။ ကိုယ့်ရဲ့  စာပေကို ဖတ်ပြီး စာဖတ်သူ တစ်ယောက် လမ်းမှား မရောက်သွားဖို့ အတွက် စာရေးတဲ့ အခါမှာ ဂရုစိုက်ဖို့  လိုအပ်ပါတယ်။

ကျွန်တော် ဒါကို အကြောင်းမဲ့ ပြောတာ မဟုတ်ပါဘူး။ စင်ကာပူ ဒုတိယ အကြိမ်မြောက် စာပေဟောပြောပွဲမှာ ဆရာ လယ်တွင်းသား စောချစ် ကိုယ်တိုင် ဆယ်တန်းနှစ်က ဝတ္ထု တစ်ပုဒ်က ဇာတ်ကောင်ရဲ့ စရိုက်ကို အတု ယူမှားမိလို့ ဆယ်တန်း စာမေးပွဲကို ခြောက်နှစ်တိတိ မဖြေပဲ လေလွင့် နေခဲ့ဖူးပါတယ်။ နောက်ပိုင်းမှ ဆရာကြီး ပီမိုးနင်းရဲ့  အောင်စိတ် စာအုပ်တွဲကြီးကို ဖတ်မိပြီး ဆယ်တန်း စာမေးပွဲကြီးကို ပြန်ဖြေလို့  လမ်းမှန်ပေါ်ကို ပြန်ရောက်ကာ ဒီနေ့  ဒီလို အခြေအနေ မျိုးကို ရောက်ခဲ့ရပါတယ် ဆိုပြီး  ဆရာ လယ်တွင်းသား စောချစ် ကိုယ်တိုင် ပြန်ပြော ပြခဲ့တာပါ။  ဒါကြောင့် ဘလော့ဂါ တစ်ယောက် အနေနဲ့ ကိုယ်ရဲ့  စာပေ အရေးအသားကို ဂရုစိုက်ဖို့  လိုတယ်လို့ ပြောကြားရခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ရေးလိုက်တဲ့ စာကြောင့် စာဖတ်သူ တစ်ယောက် အတုယူ မှားပြီး လမ်းလွဲကို ရောက်သွားခဲ့ရင် စာရေးသူမှာ အပြစ်ရှိပါတယ်။

ဘလော့ဂါ တစ်ယောက် အနေနဲ့  ဒီအဖြစ်မျိုးကို  သတိထားသင့်ပါတယ်။ ငါ့ဘလော့ ငါရေးချင်သလို ရေးပြီး ငါတင်ချင်တာ တင်မယ် ဆိုတဲ့ စိတ်မျိုး မထားသင့်ပါဘူး။ ဘလော့ဂါ တစ်ယောက် အနေနဲ့ ဘလော့ကို လာဖတ်တဲ့ စာဖတ်သူကို လေးစား ရပါမယ်။ ကိုယ်က မအားတဲ့ ကြားက ရေးရသလို စာဖတ်သူကလဲ ကိုယ့်ဘလော့ကို ရောက်အောင်လာပြီး ကိုယ်ဖန်တီး လိုက်တဲ့ အနုပညာကို တကူးတက လာအားပေး နေရတယ် ဆိုတာကို သိထား သင့်ပါတယ်။ အဓိက ကတော့ စာဖတ်သူကို စော်ကားသလို စာမျိုး ပိုစ့်မျိုးတွေ မရေးမိဖို့  လိုပါတယ်။ ဒါကြောင့် ပိုစ့်ဖြစ်ပြီးရော တင်တာထက် ကိုယ်ရေးလိုက်တဲ့ စာတစ်ပုဒ်၊ ပိုစ့်တစ်ပုဒ်က စာဖတ်သူကို တစ်ခုခု ရသွားစေချင်တဲ့ စိတ်စေတနာကောင်း တစ်ခု ရှိဖို့ လိုအပ်ပါတယ်။ စာတစ်ပုဒ်၊ ပိုစ့်တစ်ပုဒ်ကို ပြီးပြီးရော ရေးဖို့ မသင့်ပါဘူး။ အချိန်ကာလ မလိုပါဘူး စာကောင်းတစ်ပုဒ်၊ ပိုစ့်ကောင်းတစ်ပုဒ် ဖြစ်ဖို့  လိုပါတယ်။ တချို့ က ပိုစ့်တင်ချင်ဇောနဲ့ ပိုစ့်ကို ပြီးပြီးရော ရေးတတ်လို့ ပါ။ ကျွန်တော်လဲ ဒီအဖြစ်မျိုး ကြုံဖူးပါတယ်။

ရသစာပေ ရေးသူပဲ ဖြစ်ဖြစ် သုတစာပေ ရေးသူပဲ ဖြစ်ဖြစ် စာဖတ်သူရဲ့ ရင်ထဲ၊ အသိထဲ ရောက်သွားတဲ့ အထိ တစ်ခုခုကို ပေးနိုင်လိုက်ဖို့ လိုပါတယ်။ ဥပမာ ကိုမြစ်ကျိုးအင်း ဆိုရင် စာရေး ကောင်းပါတယ်။ သူရေးလိုက်တဲ့ စာတစ်ပုဒ်၊ ပိုစ့်တစ်ပုဒ်က စာဖတ်သူကို တခုခုတော့ ပေးနိုင်လိုက်တာ ချည်းပါပဲ။ ဟိုတနေ့ က ကိုဇော် ရေးတဲ့ အဖေဆိုတာ... ဆိုတဲ့ ဝတ္ထုတိုလေးကို ဖတ်ကြည့်ပြီး မြန်မာပြည်မှာ ကျန်ခဲ့တဲ့ အဖေကို သတိရသွားမိတယ်။ ဒါဟာ စာဖတ်သူ ရင်ထဲ ရောက်သွားတဲ့ အထိ တစ်ခုခု ပေးနိုင် လိုက်တာပါ။  ကိုမြစ်ကျိုးအင်း၊ ကိုဇော်တို့ လိုပဲ ကိုညီလင်းညို၊ ကိုနေဝသန်၊ ကိုဆိုဆီကာဒို၊ အစ်မ ချစ်ကြည်အေး၊ မြတ်မွန် တို့ လဲ စာရေးကောင်း ကြပါတယ်။ သူတို့ လိုပဲ စာရေးကောင်းတဲ့ သူတွေလဲ ရှိပါလိမ့်မယ်။ ဘလော့ အလည်ထွက်တာ နဲတဲ့ ကျွန်တော် မသိလို့ ဖြစ်ပါလိမ့်မယ်။ ကျွန်တော် လက်လှမ်းမှီသလောက် ထဲမှာလဲ စာရေးကောင်းတဲ့ သူတွေ ရှိပါသေးတယ်။  အားလုံးကို ချရေးပြဖို့ အခက်အခဲ ရှိလို့ အကုန် ရေးမပြတော့ပါဘူး။ များသော အားဖြင့် ဘလော့ဂါတွေက စာရေး ကောင်းကြပါတယ်။ မနိုင်းနိုင်းစနေ၊ မမြသွေးနီ တို့ ကတော့ စာရေးဆရာတွေ ဖြစ်နေကြပါပြီ။ စာရေးကောင်းတယ် ဆိုတာ ထည့်ပြောစရာ မလိုတော့ပါဘူး။ တချို့ ဆိုရင်လဲ ကဗျာ ရေးတာ တကယ် တော်ကြပါတယ်။ ဥပမာ ကိုမိုးမြင့်တိမ်၊ အစ်မ အိန္ဒြာ တို့ ပါ။ ကိုမိုးမြင့်တိမ်ရဲ့ ကဗျာ ဆိုတဲ့ ကဗျာ၊ အစ်မ အိန္ဒြာရဲ့  လီလီ ဆိုတဲ့ ကဗျာတွေက စာဖတ်သူ ရင်ကို ထိတဲ့ ကဗျာတွေပါ။

ပြီးတော့ ဘလော့ဂါ တစ်ယောက် အနေနဲ့ ချီးကျူးဖို့ ကောင်းတဲ့ သူတစ်ယောက် ရှိပါသေးတယ်။ ကျွန်တော် လေးစားရတဲ့ မချော (အစိမ်းရောင်လွင်ပြင်)ပါ။  မချော ဘလော့ကို သွားရင် စိတ်ချမ်းသာဖို့  ကောင်းပါတယ်။ ပိုစ့်တွေကို ဓာတ်ပုံနဲ့ စာနဲ့ တကွ သေသေချာချာ ဖတ်ချင်စဖွယ်လေး ဖြစ်အောင် သပ်သပ်ရပ်ရပ် တင်ထားတာပါ။ ဒါဟာ စာဖတ်သူ အပေါ်ထားတဲ့ ဘလော့ပိုင်ရှင်ရဲ့ စေတနာပါ။ အမြဲစိမ်း ဘူတာ၊ ရေခဲနန်းတော်၊ မြေအောက်အိမ်တို့  ရှိတယ်ဆိုတာ ဒီဆိုဒ်လေးကို သွားကြည့်ပြီးမှ ကျွန်တော် သိခွင့်ရခဲ့တာပါ။  ပြီးတော့ အစ်မချောရဲ့  လေးစားစရာ ကောင်းတဲ့ အချက်က ဘလော့အဟောင်းတွေကနေ ဘလော့ အသစ်လေးတွေ အထိ ရောက်အောင်သွားတတ်ပြီး ဘလော့ဂါ အသစ်လေးတွေကို နွေးထွေးပျူငှာတဲ့ ကွန်မန့် လေးတွေနဲ့  လက်တွဲ ခေါ်တတ်တာပါဘဲ။ ပြောရရင် မချောက ကျွန်တော်တို့ လေးစားသင့်တဲ့ ဘလော့ဂါ တစ်ယောက်ပါ။ ဒီလိုတွေ ပြောလို့ မချောနဲ့ ကျွန်တော် ရင်းနှီးတယ်လို့ မထင်ပါနဲ့ ။ ကျွန်တော် မချောကို ကွန်မန့် တွေထဲမှာ လောက်ပဲ သိတာပါ။ လက်ရှိ ဘလော့လောက အတွင်း လှုပ်ရှားမှု အမြင်ကို ချရေးပြခြင်း ဖြစ်ပါတယ်။ ဘလော့ဂါ တစ်ယောက် အနေနဲ့ တော့ မချောက တကယ် အလုပ်ကြိုးစားသူ တစ်ယောက်ပါ။

အစ်မချစ်ရေးတဲ့ ထွေရာလေးပါးပိုစ့် ထဲမှာ အန်တီတင့် ဘလော့မှာ တွေ့ လို့ စမ်းထိုးကြည့်တာ ဆိုပြီး ရွှေကြည် စနွန်းမကင်း ထိုးထားတာလေးကို တင်ထားပါတယ်။ ဒါဟာ အန်တီတင့် ဘလော့ကို စာလာဖတ်ရင်း ရခဲ့တဲ့ အသိလေးကို လက်တွေ့ ပြန်အသုံး ချလိုက်တာပါ။ ဒီလိုပဲ ဟိုတနေ့ က အန်တီတင့် ဘလော့မှာ ကျိုက္ကဆံ ဘုရား ပုံတွေကို ကြည့်ပြီး ကျွန်တော် ဖူးခွင့် ရခဲ့ပါတယ်။ ကျွန်တော် ကျိုက္ကဆံဘုရားကို မရောက်ဖူးပါဘူး။ ဒါပေမယ့် ဒီဘလော့လေးကနေ ကျွန်တော် ဖူးခွင့် ရခဲ့ပါတယ်။ ဒါဟာ စာဖတ်သူ တစ်ယောက်အနေနဲ့  သိခဲ့၊ ရခဲ့ တာလေးတွေပါ။ ဒါတွေက ကျွန်တော် ဥပမာပေး ရေးပြထားခြင်း ဖြစ်ပါတယ်။ တခြား ဘလော့တွေလဲ သူ့  နည်းသူ့ ဟန်နဲ့ ဝေမျှ နေကြတာပါ။ ဒါကြောင့် ဘလော့ဂါ သမား တစ်ယောက် ဖြစ်လာရင် ကိုယ်ရေးလိုက်တဲ့ စာကနေ စာဖတ်သူကို တခုခုတော့ ပေးနိုင်ရပါမယ်။ ဒါမှ ဘလော့ဂါလို့ ခေါ်ဆိုနိုင်မှာပါ။ နို့ မို့ ကတော့ ကိုဗညားရှိန် ပြောသလို ဘလော့ဂင်း နေတဲ့ သူတစ်ယောက်ပဲ ဖြစ်မှာပါ။ နောက်ပြီးတော့ ကိုဗညားရှိန် ပြောသလိုပဲ ဘလော့ဂါ သမား အချင်းချင်း လေးစားမှု ရှိသင့်ပါတယ်။ ဒါဟာ ဘလော့ဂါ သမား တစ်ယောက်အနေနဲ့ အထူး ဂရုပြုသင့်တဲ့ အချက် ဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင် ဖန်တီး လိုက်တဲ့ အနုပညာကို တခြားသူ တစ်ယောက် ကူးယူတာကို မကြိုက်သလို ကိုယ်ကိုယ်တိုင်ကလဲ မကူးယူသင့် ပါဘူး။ ဒါက ဘလော့ဂါ သမားတစ်ယောက် ထားသင့်တဲ့ စည်းပါ။ နေရာတိုင်းမှာ သူ့ စည်းနဲ့ သူ ရှိပါတယ်။ စည်းမဖောက်သင့်ပါဘူး။

တကယ်တော့ ဘလော့ဂါ ဆိုတာ ပိုက်ဆံ တပြားမှ မရဘဲ အိပ်ရေးပျက်ခံ၊ အစားအသောက်ပျက်ခံ၊ အလုပ်ပျက်ခံပြီး အဘက်ဘက်ကို ဂရုစိုက်နေရတဲ့ သူတွေပါ။ ဘာနဲ့ တူသလဲဆိုရင် ကိုယ်ထမင်း ကိုယ်စားပြီး ဂျီးတော်နွား ကျောင်းနေရတဲ့ သူတွေအဖြစ်နဲ့ တူပါတယ်။ ကျွန်တော့်ကို အခန်းဖော် သူငယ်ချင်းတွေက ခေါ်တဲ့ နာမည် တစ်ခုရှိပါတယ် အလကား စာရေးဆရာတဲ့...။ ပိုက်ဆံ တပြားမှ မရတဲ့ စာရေးဆရာလို့  ပြောတာပါ။ ကိုယ့်ဝါသနာနဲ့ ကိုယ်မို့ ကျွန်တော် သူတို့ ဘာပြောပြော မမှုပါဘူး။ ဒါတွေက ကျွန်တော့် အမြင်ကို ချပြ ထားခြင်း ဖြစ်ပါတယ်။ ကျွန်တော့် အမြင်ကိုလဲ အမှန်လို့  မဆိုလိုပါဘူး။ ဒါကြောင့် ကျွန်တော့် အမြင်မှားနေတယ် ဆိုရင်လဲ ပြောပြ ထောက်ပြ ပေးလို့ ရပါတယ်။ ကျွန်တော့် အမြင်က တခြားသူတစ်ယောက်ကို ထိခိုက်စေတယ် ဆိုရင် ကျွန်တော် ပြန်ပြင်ပေး၊ ဒါမှမဟုတ် ပြန်ဖြုတ်ချ ပေးပါ့မယ်။  ဒီပိုစ့်လေးကို ကျွန်တော့် အမြင် ကျွန်တော် ဖတ်ခဲ့ပြီးတဲ့ တချို့ ဘလော့ဂါတွေရဲ့ အမြင်တွေ ထဲက ကောက်နုတ် ဖော်ပြ ထားခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ဘလော့ဂါ မောင်နှမ အားလုံး ဘလော့ဂါ ကောင်းများ ဖြစ်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Thursday 8 September 2011

ဟာသ အတိုအထွာလေးများ

မြစ်ကြီးနား

ဝန်ထမ်းတစ်ယောက် လမ်းဘေးမှာ မူးလဲ နေတာတွေ့ လို့  စက်ရုံမှူးက သူ့ ကားပေါ်တင်ပြီး အိမ်ပြန် လိုက်ပို့  ပေးဖို့ လုပ်တယ်။ 
“ဟေ့... မင်းအိမ်က ဘယ်နားမှာလဲ”
ဒီတော့ အမူးသမားက ခေါင်းထောင်လာပြီး အာလေးလျှာလေးနဲ့ 
“သြော်... ဆရာ... အေ့... ကျွန်တော်က မြစ်ကြီးနားမှာ နေပါတယ်”
အဲဒီတော့ စက်ရုံမှူးလဲ ဒေါပွသွားပြီး
“ဒီမှာ မင်း မူးရူးပြီး အပိုတွေ လျှောက်ပြောမနေနဲ့ မင်း ဆင်တဲသား ဆိုတာ တစ်စက်ရုံလုံး သိတယ်”
လို့ ပြောလိုက်တယ်။ ဒီတော့ အမူးသမားကလဲ-
“အာ... ဆရာ ဘာမှ နားမလည်ပဲ လျှောက်မပြောနဲ့  အေ့... ကျွန်တော် ဧရာဝတီ မြစ်ကြီးနားက ဆင်တဲရွာ (မြောက်ပိုင်း) မှာ နေတယ်ဆိုတာ တစ်စက်ရုံလုံး သိတယ်”
 လို့ ပြန်ပြောလိုက်တယ်။

သတ္တိခဲ

နေညိုချိန် အရက်သမား တစ်ယောက် ရွာအဝင်လမ်း အတိုင်း ယိုင်တိယိုင်တိုင်နဲ့ လျှောက်ဝင်လာသည်။ ပါးစပ်ကလဲ-
“ဟေ့... ဘယ်ခွေးမှ လူမထင်ဘူး။ ဘယ်လူ့ မှလဲ ခွေးမထင်ဘူးကွ။ သတ္တိရှိတဲ့ကောင် ထွက်ခဲ့ ရှေ့တန်း ပို့  ပစ်လိုက်မယ် ငါ့ ဘာမှတ်နေလဲ ဟင်းး ဟင်းးးး”
ခဏနေတော့ ထပ်အော်ပြန်တယ်။ သူ့ အော်သံကို ကြားပြီး ဘေးနားက ဖြတ်သွားတဲ့ လူတချို့ မျက်နှာ ပြုံးရောင် သန်းသွားသည်။ သူအော်ပုံက-
“ဟေ့... ဘယ်သူ့ မှ မကြောက်လို့ ပေတရာထွက် လမ်းလျှောက်နေတာကွ။ စိမ်မခေါ်နဲ့ ... လာပြီး စိမ်မခေါ်နဲ့  ဘယ်သူ့ မှ မကြောက်ဖူး။ စိမ်ခေါ်ရင် အိမ်ပေါ်ထိ တက်ချရဲတယ် ပြီးမှ အိမ်တက်မှုနဲ့ ထောင်ထဲ ရောက်ရောက်”

မခံချင်စိတ်

အရက်မူးပြီး ပြန်လာသော ယောက်ကျားကို မိန်းမ ဖြစ်သူက အိမ်ရှေ့ပေါက်ဝမှ ဆီးဟောက်သည်။
“တော်... ဒီမကောင်းတဲ့ အရက်တွေ သောက်လာပြန်ပြီပေါ့။ တော်ဟာလေ..............”
ယောက်ကျား ဖြစ်သူက ဘာမှ ပြန်မပြောဘဲ ခေါင်းလေး ငုံကာ အိမ်ထဲဝင် သွားသည်။ သူကလဲ သောက်လာမိတာကိုး...။ နောက်နေ့ လဲ ထိုအတိုင်းပင် မူးပြီး ပြန်လာသော ယောက်ကျားကို မိန်းမဖြစ်သူက အိမ်ပေါက်ဝမှ ဆီးဟောက်သည်။ ထုံးစံအတိုင်း ယောက်ကျား ဖြစ်သူက ခေါင်းလေး ငုံကာ အိမ်ထဲ ဝင်သွားပြန်သည်။ နောက်တနေ့  ထုံးစံအတိုင်း ယောက်ကျား ဖြစ်သူက မူးပြီး ပြန်လာပြန်သည်။ ဒီတခါတော့ မိန်းမက ဘာမှာ မပြောရသေးခင် မှာပင် ယောက်ကျား ဖြစ်သူက အရင် ကြိုပြောသည်။
“ဟေ့... မိန်းမ ဒီနေ့ မင်းငါ့ကို ဘာမှ ပြောလို့ မရတော့ဘူး။ ငါဒီနေ့ မကောင်းတဲ့ အရက်တွေ သောက်လာတာ မဟုတ်ဘူးကွ။ မင်းအပြောကို မခံချင်လို့  Blue Label လို့ ခေါ်တဲ့ အကောင်းစား အရက် သောက်လာတာ ဒီတော့ မင်းသောက် ပါးစပ်ပိတ်” 
လို့ ပြောလိုက်တယ်။

ဝိနည်းလွတ်

အရက်မူးလာတဲ့ သားကို ဖခင် ဖြစ်သူက ဒေါသ ဖြစ်ဖြစ်ဖြင့် ဆူသည်။ 
“မင်းဟာလေ ခွေးမြီးကောက် ကျည်တောက်စွပ်ပဲ။ မိဘကို စိတ်မချမ်းသာအောင် လုပ်ရုံတင် မဟုတ်ဘူး ဘုရားကိုတောင် လိမ်တဲ့ကောင်”
ဒီတော့ မူးလာတဲ့ သားဖြစ်သူက မခံနိုင်ဘူး။ 
“အေ့... ဒီလိုတော့ မပြောပါနဲ့ အဖေ သားက ဘယ်လောက်ဆိုးဆိုး ဘုရားကိုတော့ မလိမ်ဝံပါဘူး ” 
လို့ ပြန်ပြောတယ်။ ဒီတော့ ဖခင် ဖြစ်သူက ပိုဒေါသ ထွက်သွားပြီး...
“ဘာကွ  မနေ့ ကဘဲ ဘုရားစင်ရှေ့မှာ ဒီနေ့ ဒီရက်က စပြီး ဒီအရက်ကို အရှင် ဘုရားအား လှူပါ၏ ဆိုပြီး သစ္စာ ဆိုခဲ့တာ ဘယ်သူလဲ မင်း မဟုတ်လို့ ဘယ်သူလဲ”
“အာ... ဒါကတော့ အဖေ နားလည်မှု လွဲတာပါ။ အေ့... မနေ့ က သား ဘုရားကို လှူခဲ့တယ် ဆိုတာ ဟုတ်တယ် အေ့... ဒါပေမယ့် သားလှူခဲ့တာက ရမ်လေ... ဒီနေ့ သောက်လာခဲ့တာက ဝီစကီ သားမလိမ်ဝံပါဘူး အဖေရာ”
လို့ ပြန်ပြော လိုက်တယ်။

Wednesday 7 September 2011

လွမ်းမောမိတယ် ရင်မောရတယ် ချစ်သောဧရာ...ရယ်

မိုးရွာပြီးခါစ မြစ်ပြင်ကို ဖြတ်၍ တသုန်သုန် တိုက်ခတ်နေသည့် လေပြည်ညင်းက ကွဲကွာနေတာ ကြာပြီ ဖြစ်သည့် သူ့ ကို ဆံပင်၊ အကျီ င်္၊ ပုဆိုးတို့ တဖြတ်ဖြတ် လွင့်လူးသွားသည် အထိ ထွေးပွေ့ ကြိုဆိုသည်။  မိုးရွာပြီးစ အချိန်တိုင်း လေနှင့်အတူ ပါလာတတ်သည့် သူအလွန် နှစ်သက်သော မြေသင်းနံကို ရှူရင်း မြစ်ကမ်းနဖူး (အရင် ဇာတ်ဆိပ်ဟောင်း) နေရာတွင်  ရပ်လိုက်သည်။ သူထွက်သွားစဉ်တုန်းကလို မဟုတ်တော့ ဧရာဝတီမြစ်၏ မြင်ကွင်းတို့ က ပြောင်းလဲနေပြီ။ ဧရာဝတီမြစ်က ဒဏ်ရာဒဏ်ချက်တို့ ဖြင့် မိမိမြင်ကွင်းရှေ့၌ လဲလျောင်းနေသလို စိတ်တွင် ခံစားရသည်။ ဟိုးအရင် ဇက်ဆိပ်ရှိစဉ်က ကားအတက်အဆင်း ပြုလုပ်သော လမ်းတို့  ပျက်စီးနေပြီ ဖြစ်သလို မြစ်ကမ်းပါး တလျှောက်တွင်လဲ ကိုင်းပင်တို့ က အကျည်းတန်စွာ အပြိုင်းအရိုင်း ပေါက်နေကြ၏။

ငယ်ဘဝ တလျှောက်လုံး မြစ်ကမ်းပါးတလျှောက် ပြေးလွှားဆော့ကစားရင်း ကြီးပြင်းခဲ့သည့် သူနှင့် ဧရာဝတီကြားတွင်  အမှတ်ရစရာပေါင်း များစွာ ရှိခဲ့သည်။ သူ့ လိုပင် ဤဆင်တဲရွာကလေးတွင် မှီတင်း နေထိုင်ကြသော လူများသည်လဲ ဧရာဝတီမြစ်နှင့် မကင်းရာမကင်းကြောင်းများ ဖြစ်ကြသည်။ တံငါလုပ်သူများ၊ စက်လှေလုပ်ငန်း လုပ်သူများ၊ ရေရောင်းသူများ၊ လယ်၊ ယာလုပ်ငန်းနှင့် ကိုင်းကျွန်းလုပ်သူများသည် ဧရာဝတီမြစ်ကို မှီခို၍ အသက်မွေးဝမ်းကြောင်း ပြုကြရ၏။ ယုတ်စွအဆုံး ဧရာဝတီမြစ် အတွင်းမှ ရေကိုပင် ဆင်တဲတစ်ရွာလုံး သောက်ရေ၊ သုံးရေအဖြစ် ခပ်ယူ သုံးစွဲရ၏။ တချို့ ဆိုလျှင် ပေါင်းမိုးလှေလေးများဖြင့် မြစ်ထဲတွင် နေထိုင်ကြပြီး မြစ်ကမ်းပါးမှာပင် ချက်ပြုတ်စားသောက်ကြ၏။

ကျွန်တော်အပါအဝင် ကလေးများအတွက်တော့ ဧရာဝတီမြစ်ကြီးက အခမဲ့ ကစားကွင်းကြီး ဖြစ်ခဲ့သည်။
ကျွန်တော်နှင့် ဧရာဝတီ ပတ်သက်မှုက  ငယ်ဘဝ လေးနှစ်သား အရွယ်ကပင် စခဲ့သည်ဟု ဆိုရမည်။ ထိုနေ့ ကို ကျွန်တော် အခုအချိန်ထိ မှတ်မိနေသေးသည်။ နောင် နှစ်ပေါင်း များစွာထိလဲ မှတ်မိနေဦးမည်သာ ဖြစ်သည်။ အဲဒီနေ့ က ကျွန်တော့် အဒေါ်ဖြစ်သူနှင့် ကျွန်တော် မြစ်ဆိပ်ကို ရေချိုးလိုက်သွားခဲ့သည်။ ကျွန်တော် ခုရပ်နေသည့် ဒီနေရာရှ့က ကမ်းစပ်လေးမှာပင် ကျွန်တော်နှင့် ညီဝမ်းကွဲ တော်သူတို့ ရေချိုးကြ၏။ အဒေါ်ဖြစ်သူက မလှမ်းမကမ်းတွင် အဝတ်လျှော်နေသည်။ မြောက်ရှူံးအောင် ဆော့သော ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက်က ခရီးသည်များ ချပြီး ပြန်ထွက်သော စက်လှေကို လက်ဖြင့် ခိုပြီးလိုက်သွားကြ၏။ ကမ်းစပ်မှ အဒေါ်ဖြစ်သူနှင့် တခြားသူများ ပွတ်လောရိုက်မတတ် အော်မှ ကြောက်လန့် ပြီး လက်လွှတ်ချ လိုက်တော့ ရေနက်ပိုင်းကို ရောက်နေပြီမို့ ရေနစ်ပါလေတော့သည်။ စက်လှေပေါ်မှ အိမ်နီးချင်း အစ်ကို ဖြစ်သူက ကယ်တင်ခဲ့ခြင်းကြောင့်သာ ဒီနေ့ ထိ ကျွန်တော်  အသက်ရှင် နေနိုင်ခြင်း ဖြစ်သည်။ အဲဒီနေ့ က ကျောပြင် ဗျောတင် ခံခဲ့ရပြီး မြစ်ဆိပ် ရေဆင်း မချိုးရ အမိန့် ထုတ်ခြင်း ခံရသည်။

ရေကူးတတ်လာသည့် နောက်ပိုင်းတွင်တော့ ဧရာဝတီမြစ်က ကျွန်တော်တို့ အတွက် ကစားကွင်းကြီးပမာ ဖြစ်လာ၏။ စက်လှေ၊ ဇက်ရေယာဉ်များပေါ်တက်၍ ကျွမ်းထိုးခြင်း၊ ဒိုင်ဗင် ထိုးခြင်းများ ပြုလုပ်ကြ၏။ ရေထဲတွင် စလိန်ပြေးတမ်း၊ ရွှံပစ်တမ်းများ ကစားကြသည်။ ဝါးပိုးဝါးကြီးများကို ရေထဲချ၍ ကမ်းမကပ်ကြေး စစ်တိုက်တိုင်း ကစားကြသည်။  ဝါးပိုးဝါးများပေါ်တွင် ရွှံများကို နိုင်သလောက်တင်ပြီး တဘက်နဲ့ တဘက် ပစ်ခတ်ပြီး ကစားကြခြင်း ဖြစ်သည်။  ရွှံကုန်သွားလျှင် ကမ်းစပ်မှ ရွှံကို ပြန်သယ်ခွင့်မရှိ ရေအောက်မှ ရွှံကို ရေအောက်မှ ငုပ်၍ ယူရပြီး ကစားရခြင်းကြောင့် ခက်ခဲပြီး  အလွန်ပျော်ဖို့ ကောင်း၏။ နောက် မြစ်ကမ်းစပ်မှ မြစ်အတွင်းရှိ သောင်ထွန်းနေသည့် နေရာသို့ လှေလှော် ပြိုင်ရသည်မှာလဲ အလွန်ပင် ပျော်ဖို့ ကောင်းလှသည်။ ကျွန်တော်တို့ သူငယ်ချင်း အုပ်စုကို ရပ်ကွက်က ခေါ်သည့် နာမည်ပြောင်က ရေသရဲလေးများ ဖြစ်သည်။ နွေ၊ မိုး၊ ဆောင်း မြစ်ထဲတွင် ကျွန်တော်တို့ သူငယ်ချင်း တစ်သိုက် အပျော်ကြီး ပျော်ခဲ့ကြသည်။

နွေကျောင်းပိတ်ရက်တွေ ဆိုလျှင် သူယ်ချင်းများ တစ်ယောက်နှင့် တစ်ယောက် အဖော်စပ်ကာ တစ်နေ့ ကို နှစ်ကြိမ် မြစ်ထဲရေဆင်း ချိုးကြပြီး တစ်ခါချိုးလျှင် နှစ်နာရီ သုံးနာရီခန့် ကြာသည်။ ရေချိုးသည် ဆိုသည်ထက် မြစ်ထဲဆင်း၍ ဆော့ကြသည် ဆိုလျှင် ပိုမှန်မည်။  မြစ်အတွင်းရှိ ကျောက်ဆောင်များ၊ သောင်ပြင်များဆီသို့ ရေကူးပြိုင်ခြင်း၊ လှေလှော်ပြိုင်ခြင်းများ ပြုလုပ်ကြ၏။ ပူအိုက်သည့် နွေညတွေ ဆိုလျှင် ကျွန်တော်တို့ သူငယ်ချင်းများ စုပြီး မြစ်အတွင်း ဆိုက်ကပ်ထားသည့် စက်လှေများပေါ် ဆင်းအိပ်ကြ၏။ ကြယ်ရောင်စုံ မိုးကောင်းကင်ကြီးကို ကြည့်ရင်း တသုန်သုန် တိုက်ခတ်နေသည့် မြစ်လေပြည်လေညင်းအောက် အိပ်ရသည်မှာ ခုခောတ် အဲကွန်းနှင့် မလဲနိုင်ပေ။ မအိပ်ခင် သူငယ်ချင်းများ စုပြီး  မြစ်အတွင်းမှ ငါး၊ ပုဇွန်နှင့် ရေသူမ(မျက်နှာဖုံး) ကောင်များဖမ်းပြီး ချက်ပြုတ် စားသောက်ကြသည်မှာလဲ အလွန်ပင် ပျော်စရာ ကောင်းလှ၏။ မိုးတွင်း ရေကြီးချိန်များတွင် ဆိုလျှင်လဲ ဟိုအရင် လယ်ကွင်း၊ ကွင်းပြောင်ကြီးများနှင့် တချို့  ရွာလမ်းမများထိ ရေမြုပ်သောကြောင့် လူကြီးများ စိတ်ညစ်ကြသော်လဲ ကလေးများမှာ လှေလျှောက် စီးကြရသဖြင့် အလွန်ပျော် ကြသည်။ ဆောင်းတွင်ဆိုလျှင် အေးသောကြောင့် ရေအကြာကြီး မချိုးနိုင်။ ကျွန်တော်တို့ အခေါ် ပလုံစွပ် ဆို ပြေးတက်ကြသည်က များသည်။ ဒါပေမယ့် ဆောင်းနှောင်း ကာလများတွင်တော့ ရေကျချိန် ကျောက်ဆောင်များ၊ သောင်ပြင်များ ရှာရသည်မှာ အလွန်ပင် ပျော်ဖို့ ကောင်းလှ၏။

အခုအချိန်တွင် ကျွန်တော်တို့ ငယ်ဘဝက ကစားကွင်း၊ ဆင်တဲသူ/သားတို့ အသက်မွေးဝမ်းကျောင်း အနေဖြင့် အားထားရာ ဧရာဝတီမြစ်ကြီးမှာ မြစ်အထက်ပိုင်းတွင် ဆောက်လုပ်ထားသော ဆည်များ၊ တံတားများကြောင့် ရေစီးကြောင်းများ ပြောင်းလဲကာ ကမ်းပါပြိုခြင်း၊ သောင်ထွန်းခြင်းများကြောင့် နွေရာသီ ဆိုလျှင် ရေကြောင်းတိမ်ပြီး သဘောင်္၊ မော်တော်များ သွားရေးလာရေး အခက်အခဲများ ဖြစ်ပေါ်နေသည်။ မြစ်အတွင်း ကျောက်စုပ် စက်လှေများ စည်းကမ်းမဲ့စွာ ကျောက်စုပ်ခြင်းကြောင့် မြစ်ကြမ်းပြင်တွင် ချိုင့်ကြီးများ ဖြစ်ပေါ်ကာ တံငါသည်များ ပိုက်ချရာတွင် အခက်အခဲများ ဖြစ်လေ့ရှိကြောင်းသိရသည်။ ထိုချိုင့်ကြီးများကြောင့် အရင်ကဆိုလျှင် ငါးများအုပ်လိုက် မိလေ့ရှိသော်လည်း ခုဆိုလျှင် တစ်ကောင်၊ နှစ်ကောင်ပင် မိဖို့ မလွယ်တော့ကြောင်း တံငါသည်များက ညည်းကြ၏။ ဆည်များ၊ တံတားများ ဆောက်ခြင်းကြောင့် ရေစီးကြောင်းများ ပြောင်းကာ ရေတိုက်စားခြင်း ခံရသည့် ကမ်းပါးများကို ထိန်းသိမ်းခြင်း မြစ်ကြောင်းတလျှောက် သောင်ထွန်းခြင်းများကို မဖြေရှင်းသည့် အပြင် ဧရာဝတီမြစ်ကြီး ပိုမို ဒုက္ခ ရောက်စေမည့် မြစ်ဆုံ စီမံကိန်း သတင်းကို ကြားရသည့် အတွက် ပို၍ ရင်မောရသည်။ မေခနှင့် မလိခကို ပိတ်၍ ဆည်ဆောက်ကြပြီး ရေအားလျှပ်စစ် ထုတ်ကြမည်တဲ့....

ဒီလိုသာ ဆည်ဆောက်ဖြစ်ခဲ့လျှင် နဂိုကမှ ယိုယွင်းနေသော ဧရာဝတီမြစ်အဖို့ ပိုမို ပျက်စီးလာဖို့ သာ ရှိတော့သည်။ ဧရာဝတီမြစ်ကို မှီတင်း နေထိုင်ကြသော မြစ်ကြောင်းတလျှောက် မြို့ ၊ရွာများမှ လူများလဲ ဒုက္ခ ရောက်ကြရမည်သာ ဖြစ်သည်။ ဧရာဝတီမြစ်၏ အဓိက မြစ်လက်တက်နှစ်ခုကို ပိတ်ဆို့ လိုက်လျှင် နဂိုကမှ ရေနည်းနေသော မြစ်အတွင်း ပိုမို ရေနည်းလာကာ သောင်များ ပိုထွန်းလာနိုင်သည်။ သဘောင်္များ၊ မော်တော်များ၊ ဇာတ်ရေယာဉ်များ သွားရေးလာရေး ခက်ခဲပြီး သောင်ထွန်းသော မြို့ ၊ ရွာများမှ လူများလဲ သောက်သုံးရေအတွက် အခက်အခဲ ဖြစ်လာနိုင် ဖွယ်ရှိသည်။ နဂိုကမှ တဘောင်  စကားတွင် ပြည်မြို့ သည် ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်းတွင် ကျန်ရှိမည် ဟု ဆိုရိုးရှိခဲ့သည်။ အခုအချိန်ထိတော့ ပြည်မြို့ သည် ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းတွင် တည်ရှိနေသေးသည်။ တဘောင်စကားသာ မှန်ခဲ့လျှင် ပြည်မြို့ နှင့် မြစ်အနောက်ဘက်ကမ်းမှ မြို့ ရွာ တော်တော်များများ ဒုက္ခ ရောက်မည့်ကိန်း ဖြစ်သည်။ ကမ္ဘာ့ အကြီးဆုံး မြစ်ကြီးများထဲတွင် တစ်စင်း အပါအဝင် ဖြစ်သော ဧရာဝတီမြစ် ကောသွားမည့် အဖြစ်ကိုတော့ ကျွန်တော် စိုးရိမ်မိသည်။ ဒီလိုအဖြစ်မျိုးကိုတော့ အဖြစ်မခံချင်ပေ။

ငယ်ဘဝ ကစားကွင်း သဖွယ် ဖြစ်ခဲ့သော ဧရာဝတီမြစ်၊ လူသားများကို အကျိုးပြုနေသော ဧရာဝတီမြစ်ကြီးကို ကျွန်တော် အရမ်းချစ်သည်။ မြန်မာနိုင်ငံက အကြီးဆုံးမြစ်ကြီး ဘေးမှာ နေတာကွဟု ဝင့်ကြွားခဲ့ရသည့် ဧရာဝတီမြစ်ကြီးကို ချစ်သည်။ ဧရာဝတီ မြစ်ကြီး ပျက်စီးပျောက်ကွယ် သွားမည်ကို ကျွန်တော် အပါအဝင် ဆင်တဲသူ ဆင်တဲသားများ၊ မြစ်ကမ်းပါးတလျှောက် မြို့ ရွာများမှ လူအများနှင့် ဧရာဝတီကို ချစ်သော မြန်မာပြည်သားတိုင်း စိုးရိမ်နေကြရသည်။

Friday 2 September 2011

သရဲကွင်း

အလုပ်က ပြန်လာပြီး အိမ်ရောက်တော့ ည (၁၂း၀၀) နာရီပင် ထိုးလုပြီ။ ရေမိုးချိုး ချက်ပြုတ် စားသောက်ပြီးတော့ ည (၁း၀၀) နာရီ ကျော်သွားပြီ။ စားသောက်ပြီးခါစ ဗိုက်တင်းနေသောကြောင့် ကွန်ပြူတာရှေ့မထိုင် ဖြစ်သေး။ ထမင်းစားပြီးတော့ ထုံးစံအတိုင်း ပါးစပ်က ချဉ်လာသည်။ ထို့ ကြောင့် ဆေးလိပ်သောက်ချင် လာသောကြောင့် လည်းကောင်း၊ အိမ်ထဲနေရသည်မှာ အိုက်စက်စက် ဖြစ်လာ သောကြောင့် လည်းကောင်း အိမ်နှင့် မလှမ်းမကမ်းတွင် ရှိသော ကစားကွင်းသို့  ဆေးလိပ်သောက်ရင်း လေညင်းခံရန် ဆင်းလာခဲ့လိုက်သည်။

ခုတလော မိုးမရွာသောကြောင့် စင်ကာပူနိုင်ငံ ထုံးစံအတိုင်း ရာသီဥတုက ပူလာသည်။ ကစားကွင်းဆီ ရောက်တော့ လူတစ်ယောက်မှ မရှိဘဲ တိတ်ဆိတ်လျှက်ရှိသည်ကို တွေ့ ရ၏။ အရင်ရက်တွေကဆိုလျှင် စကိတ်စီးသူ၊ စက်ဘီးစတန့် စီးသူများ ရှိနေတတ်သေးသည်။ ဒီနေ့ တော့ ဘယ်သူမှ ရှိမနေကြတော့၊ စောစောဘဲ ပြန်ကုန်တာလား၊ သူဘဲ နောက်ကျတာလား မပြောတတ်။ ဒါပေမယ့် ပြောမယ့်သာ ပြောရသည် သူနောက်ကျတာတော့ မဖြစ်နိုင်။ အဘယ်ကြောင့် ဆိုသော် သူအမြဲတမ်း အလုပ်က ပြန်လာပြီး ရေမိုးချိုး စားသောက် ပြီးနောက်  အောက်ကို အမြဲ ဆင်းထိုင်တိုင်း ဒီအချိန်ပင် ဖြစ်သည်။ ခုလို အေးအေးဆေးဆေး နေချင်လို့ တမင်ပင် နေ့ ဆိုင်း ဖြစ်သော နေ့ လည် (၃း၀၀) နာရီမှ ည(၁၁း၀၀) နာရီ အချိန်ကို ယူထားခြင်း ဖြစ်သည်။

ကစားကွင်း တစ်ခုလုံး တိတ်ဆိတ်လျှက် ရှိ၏။ ဒီနေ့ မှ လေက ငြိမ်နေသလို ဖြစ်နေသည်။ သူ့ လို အေးအေးဆေးဆေး နေချင်သော သူအတွက် ခုလို တိတ်ဆိတ် နေခြင်းကိုပင် သဘောကျနေမိသည်။ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက် နေသောကြောင့် နဲနဲ ခြောက်ချားစရာတော့ ဖြစ်နေ၏။ ကစားကွင်း ဘေးမှ ထိုင်ခုံတွင် ဝင်ထိုင်ရင်း ဆေးလိပ် တစ်လိပ်ကို မီးညှိ ဖွာရှိုက်လိုက်ပြီး ဆေးလိပ်ဗူးနှင့် မီခြစ်ကို ဘေးနားချ ထားလိုက်သည်။ တစ်ယောက်တည်း ဟိုဟိုဒီဒီ တွေးရင်း ပြီးခဲ့သည့် ပိတ်ရက်က စက်ရုံမှ မလေးတရုတ် သူငယ်ချင်း တစ်ယောက်နှင့် လျှောက်လည်ဖြစ်သည့် အကြောင်းကို တွေးမိသည်။ MRT ခရမ်းရောင် လိုင်းကို စီးတော့ ဘူတာနံပါတ် ၁၃ကို ရထား မရပ်သောကြောင့် အဖော် ဖြစ်သူကို မေးကြည့်မိ၏။ အဖော်က သရဲခြောက်သောကြောင့် ထိုမှတ်တိုင်တွင် မရပ်ခြင်း ဖြစ်ကြောင်း ရှင်းပြခဲ့သည်ကို ပြန်စဉ်းစားမိတော့ နဲနဲ နောက်ကျော မလုံသလို ဖြစ်သွားသည်။

တဆက်တည်း မိမိနှင့် အီစီကလီ ဖြစ်နေသော ကောင်မလေးကို နှစ်ယောက်တည်း လျှောက်လည်ရင်း အေးအေးဆေးဆေး စကားပြောရန် Tampines safra အနီးရှိ Bedok ဘက်ကို သွားသော ဟိုင်းဝေးလမ်းမကြီး ဘေးက Bedok Reservoir ရေကန်ကြီးကို သွားရန်ခေါ်တော့ ကောင်မလေးက ခါးခါးသီးသီး ငြင်းခဲ့သည်ကိုလဲ ပြန်သတိရမိသည်။ ထိုရေကန်သည် စင်ကာပူတွင် သရဲ အခြောက်ဆုံး နေရာမို့ မလိုက်ရဲသောကြောင့် တခြားနေရာသို့ သွားခဲ့ရ၏။ စင်ကာပူနိုင်ငံသည် ကမ္ဘာပေါ်တွင် ဒုတိယ သရဲ အခြောက်ဆုံး နိုင်ငံဖြစ်ကြောင်း Raffles Place MRT ဓာတ်လှေကား ထဲမှ လူအားလုံး ထွက်သွားပြီးမှ နံရံထဲမှ အဘွားကြီး တစ်ယောက် ထွက်လာသည်ကို CCTV မှတ်တမ်းထဲတွင် ပေါ်နေသည်ကို you tube ပေါ်တွင် တင်ထားကြောင်း ဗဟုသုတ အနေဖြင့်ပင် ရှင်းပြခဲ့သေးသည်။  နောက်ပြီး သူမအရင် နေခဲ့သောအိမ်တွင် မည်သို့ မည်ပုံ သရဲအခြောက်ခံ ခဲ့ရသည်ကို အကျယ်တဝင့် ရှင်းပြခဲ့သေး၏။

သူကတော့ ဒါတွေ အယုံအကြည်မရှိ မဟုတ်သော်လည်း ကိုယ်တိုင်မကြုံဘူး သေးသဖြင့် မကြောက်တတ်ပေ။ ဒါပေမယ့် ခုလို လူခြေတိတ်ချိန် တစ်ယောက်တည်း ရှိနေချိန်တွင် ဒီအကြောင်းတွေ စဉ်းစားမိတော့ ဘာရယ်မဟုတ် နဲနဲ ကျောချမ်းသလိုတော့ ဖြစ်မိ၏။ သြော်... ဒါတွေက ဘာမှ မဟုတ်ပါဘူး စိတ်က ဖြစ်နေတာပါဟု ကိုယ့်ကိုယ်ကို ပြန်ဖြေသိမ့်ရင်း ဆေးလိပ်ကို ခပ်ပြင်းပြင်းလေး ဖွာရှိုက်လိုက်သည်။

သူဆေးလိပ်သောက်ရင်း ငေးမောနေစဉ် သူ့ မျက်စိရှေ့တွင် ထောင်လျက် ရှိနေသော အမှိုက်ပုံး အစိမ်းရောင်ကြီး လေမတိုက် ဘာမတိုက် ဝုန်းကနဲ လဲသွားသည်။ သူ့ ရင်ထဲ နဲနဲ ထိတ်ကနဲ ဖြစ်သွားသည်။ လဲရုံဆိုလျှင် ဘာမှမဖြစ် အမှိုက်ပုံးကြီးက အထဲ လူဝင်လှိမ့်သွားသလို အပတ် ဆယ့်ငါးပတ် နှစ်ဆယ်ခန့်  လိမ့်သွားပြီးနောက် ခပ်လှမ်းလှမ်းတွင် ရပ်သွား၏။ အထဲ ကြောင်တွေ ဘာတွေများ ရှိနေလား ဆိုပြီး သူပြေးကြည့်လိုက်သည်။ အထဲတွင် အမှိုက်တချို့ ကလွဲ၍ ဘာကောင်မှ မရှိ။ သူ့ စိတ်ထဲတွင်လဲ ကြောင်မဖြစ်နိုင်ကြောင်း တွက်ပြီးသား ဖြစ်သည်။ အလွယ်တကူ မလဲနိုင်အောင် အမှိုက်ပုံး အောက်ခြေကို အတော်လေးသော သံဖြင့် ပြုလုပ်ထားသောကြောင့် ကြောင်ဝင်လှိမ့်ရုံဖြင့် ဒီလောက်မလိမ့်နိုင်ကြောင်း သူသိသည်။ ပိုသေချာအောင် ပြေးကြည့်ခြင်းသာ ဖြစ်သည်။

သူ့ စိတ်ထဲ တခုခုကို သိသလို ခံစားလိုက်ရသည်။ ရာသီဥတုက မအေးဘဲ သူ့ တကိုယ်လုံး ကြက်သီးများထလာသည်။ ဒါပေမယ့် ဟန်ကိုယ့်ဖို့ မာန်ကိုယ့်ဖို့ ဆိုသလိုပင် ဘာမှ မဖြစ်သလို ပြန်ထိုင်ကာ ဆေးလိပ်တစ်လိပ်ကို မီးညှိ ဖွာရှိုက်ရင်း ခပ်တည်တည်ပင် ဆက်ထိုင်နေလိုက်၏။ အဲဒီအချိန်မှာပင် သူစောစောက မီးညှိပြီး ဆေးလိပ်ဗူးပေါ် တင်လိုက်သော မီးခြစ်က ထထောင်လာသည်ကို တွေ့ လိုက်ရသည်။ သူ့  ခေါင်း နှစ်စ ကြီးသွားသလို ခံစားလိုက်ရ၏။ အကြောက်တရားက ဝုန်းကနဲဆို ခေါင်းကို တက်ဆောင့်လာသည်။ သူ့ မျက်လုံးထဲ ဘာမှ မမြင်တော့၊ ဆေးလိပ်ဗူးသော မီးခြစ်သော တန်ဖိုးတွေ တွက်ချက်မနေတော့ အားလုံးကို ထားခဲ့လိုက်သည်။ ထိုနေရာမှ အဝေးဆုံးကို ရောက်ရန်သာ စိတ်ထဲ ရှိပြီး၊ ဖနှောင့်နှင့်တင်ပါး တသားတည်းကျအောင် ထွက်ပြေးတော့သည်။

တိုက်အောက်ကို ရောက်တော့ ၅လွှာမှ ဆင်းလာသော ဓာတ်လှေကားကိုပင် နှေးနေသလို ထင်မိ၏။ အခန်းကို ပြန်ရောက်၍ သူငယ်ချင်းများကို နှိုးပြီး သူ့ အဖြစ်အပျက်ကို ပြောပြမိသည်။ ထိုနေ့ မှ စ၍ ကစားကွင်းကလေးကို ကျွန်တော်တို့ သူငယ်ချင်းများက သရဲကွင်းလို့ နာမည်ပေးလိုက်ပြီး ညဘက်ညဘက်လဲ ဆင်းမထိုင်ဖြစ်တော့ပေ။ 

မှတ်ချက်။     ။ ကျွန်တော့် သူငယ်ချင်းတစ်ယောက် ကြုံတွေ့ ခဲ့သော အဖြစ်အပျက်လေးကို ဆီလျော်အောင် ပြန်ရေးသားထားခြင်း ဖြစ်သည်။ အပြင်တွင် တကယ် ကြုံတွေ့ ခဲ့သော အဖြစ်အပျက်ကလေး ဖြစ်သည်။