Sunday 25 December 2011
ဒီဇင်ဘာ ပိတ်ရက်မှာ ဘာလုပ်မယ်(တဂ်)
ခုတလော အလုပ်တွေ ကျနေသည့် အတွက် လူလဲ မနားရ ဖြစ်နေသည်။ ဒီဇင်ဘာ ခရစ်စမတ်နှင့် New Year တွင် Shut Down ရှိသောကြောင့် ဒီဘက်ရက်တွေမှာ အလုပ်တွေကို ကြုံးရုန်း လုပ်နေကြရခြင်း ဖြစ်သည်။ Shut Down ရှိသည်ဆိုမှ သြော်... ဒီဇင်ဘာ ခရစ်စမတ်တောင် နီးလာပြန်ပါရောလားဟု တွေးမိသည်။ အလုပ်က တရုတ်တွေကတော့ ဒီဇင်ဘာ ခရစ်စမတ်တွင် ဟိုဟာလုပ်မယ် ဒီဟာလုပ်မယ် မလေးရှားနိုင်ငံ ပြန်မယ်၊ ထိုင်ဝမ်နိုင်ငံသွားမယ်၊ ဟောင်ကောင်းသွားမယ် ပြေနေကြသည်။ မြန်မာ သူငယ်ချင်းတွေကလဲ မလေးရှားနိုင်ငံကို အလည်သွားကြမည် ပြောကြသည်။ မိမိလဲ ဒီဇင်ဘာ ခရစ်စမတ်နှင့် New Year တွင် ဘာလုပ်မလဲဟု ကိုယ့်ကိုယ်ကို ပြန်မေးကြည့်မိသည်။ အဖြေက ထွက်မလာ ဟိုအရင် နှစ်တွေကလိုဘဲ ထုံးစံအတိုင်း ဘာအစီအစဉ်မှ ရှိမနေပေ။ သေချာတာကတော့ Boon Lay တွင် နေသည့် အစ်ကို့ အိမ်ကို ရောက်နေမည်ကတော့ သေချာသည်။ ဒါကလဲ ပိတ်ရက်တိုင်း သွားနေကြ ဖြစ်သောကြောင့် အထူးအဆန်း ဖြစ်မနေပေ။ ထို့ ကြောင့် ဒီနှစ်ဒီဇင်ဘာလဲ အရင်နှစ်တွေလိုဘဲ မသိလိုက် မသိဘာသာ ကျော်သွားဖြစ်ဖို့ က များနေသည်။ ဒါကလဲ မိမိပတ်ဝန်းကျင်နှင့် သူငယ်ချင်းများထဲတွင် ခရစ်ယာန် ဘာသာဝင် မရှိခြင်းကြောင့် ဖြစ်မည်ဟု ထင်မိသည်။ ကျွန်တော့် ဘဝတွင် ခရစ်စမတ်နှင့် ပတ်သက်သည့် အမှတ်ရစရာက ရှိတော့ရှိသည် ဒါပေမယ့် ရှားသည်ဟု ပြောရမည် ဖြစ်သည်။
ခရစ်စမတ်နဲ့ ပတ်သက်ပြီး ဘာမှ ကြိုတင် ပြင်ဆင် ထားခဲ့လေ့ မရှိပေမယ့်လို့  တော်တော်လေး ပျော်ဖို့ ကောင်းပြီး စိတ်လှုပ်ရှားခဲ့ရတဲ့ ခရစ်စမတ်နေ့ လေး တစ်နေ့  ရှိခဲ့ဘူးသည်။ ထိုနေ့ က ကျွန်တော်နဲ့ အတန်းတူတက်သည့် သူငယ်ချင်း တစ်ယောက်က ခရစ်စမတ် သူတို့ ရွာကို အလည်လိုက်ခဲ့ဖို့ ခေါ်သဖြင့် ကျွန်တော်လဲ အလည်ရောက်သွားဖြစ်သည်။ သူကကျွန်တော်တို့ ရွာနဲ့ နဲနဲလှမ်းတဲ့ ရွာသစ်ကုန်းရွာက ချင်းလူမျိုး ခရစ်ယာန်ဘာသာဝင် တစ်ယောက်ဖြစ်သည်။ သူတို့ တစ်ရွာလုံး ချင်းလူမျိုးများ ဖြစ်ပြီး ခရစ်ယာန်ဘာသာဝင်များ ဖြစ်ကြသည်။ ကျွန်တော်တို့ ဧရာဝတီမြစ် နောက်ဘက်ကမ်း ရခိုင်ဘက်ကို သွားတဲ့ လမ်းတလျှောက်တွင် ချင်းလူမျိုးများ နေထိုင်သည့် ချင်းရွာများရှိသည်။ တချို့ ရွာမှ ချင်းလူမျိုးများ ဆိုလျှင် ဗမာစကားကိုပင် ကောင်းကောင်း မပြောတတ်ကြပေ။ သူငယ်ချင်းက ကျွန်တော့်တို့ ရွာတွင် ဈေးလာဝယ်ရင်း ကြုံသဖြင့် ခေါ်သောကြောင့် အစီအစဉ်မရှိဘဲ လိုက်သွားဖြစ်ခြင်း ဖြစ်၏။ သူတို့ ကတော့ ခရစ်ယာန်ဘာသာဝင်များ ဖြစ်သဖြင့် ခရစ်စမတ်ပွဲကို သေသေချာချာ ခမ်းခမ်းနားနားကို ကျင်းပကြခြင်း ဖြစ်သည်။ သိုသော် မြို့ ကြီးပြကြီးများမှ ခရစ်စမတ်ပွဲများကဲ့သို့  ခမ်းခမ်းနားနားကြီး ကျင်းပခြင်းမျိုးလဲ မဟုတ်ပေ။ သူတို့ ရွာဓလေ့ဖြင့် သူတို့ ပွဲတော်ကို ရိုးရိုးလေး ကျင်းပကြခြင်း ဖြစ်သည်။ ခရစ်စမတ်တွင် သူတို့ ရွာမှ အိမ်များတွင် အလှူလုပ်ပုံက တမျိုးဖြစ်သည်။ ဝက်သားဟင်းကို အမျိုးမျိုး ချက်ပြုတ်ပြီး ဧည့်သည်များကို ကျွေးခြင်းဖြစ်သည်။ တတ်နိုင်သည့် အိမ်များက ဝက်နှစ်ကောင်၊ သုံးကောင်၊ စသဖြင့် ပေါ်ကြသည်။ ထို့ နောက် သူတို့ လှူသည့် အလှူကို အိမ်ရှေ့တွင် ဝက်ခေါင်းများ ချိတ်ဆွဲခြင်းဖြင့် ဖော်ပြလေ့ ရှိကြသည်။ ဝက်နှစ်ကောင် လှူလျှင် ဝက်ခေါင်း နှစ်ခေါင်း၊ ဝက်သုံးကောင် လှူလျှင် ဝက်ခေါင်းသုံးခေါင်း စသည်ဖြင့် ချိတ်ဆွဲထားလေ့ ရှိကြသည်။ ထိုနေ့ က ပုံစံမျိုးစုံနဲ့ ချက်ထားတဲ့ ဝက်သားဟင်းကို တဝကြီး စားသောက်ခဲ့ရသည်။ သုံးထပ်သား၊ ဝက်သားချက်၊ ဝက်သားကြော်၊ ဝက်ကလီစာ၊ ဝက်အူမကြီးဟင်း၊ ဝက်ခြေထောက်စွပ် စသည့် တခြားတခြားသော ကျွန်တော် မမှတ်မိတော့သည့် ချက်နည်းဖြင့် ချက်ထားသည့် ဝက်သားဟင်းများကို  ဗိုက်ကြီးကားနေအောင် စာခဲ့ရသည်ကို မှတ်မိသေးတော့သည်။ 
ညဘက် ဒီဇင်ဘာဆောင်းညတွင် မီးဖိုကြီးများဖိုကာ ဂစ်တာတွေ ဝိုင်းဖွဲ့ တီး၊ သီချင်းတွေ ဆိုကြဖြင့် တော်တော်လေးကို ပျော်ဖို့ ကောင်းခဲ့သည်။ ရွာထဲမှ ကာလသား လူငယ်များစု၍ တစ်အိမ်ဝင်၊ တစ်အိမ်ထွက်၊ တစ်ရွာဝင် တစ်ရွာထွက်ဖြင့် ဂစ်တာတီး၊ သီချင်းဆိုပြီး အလှူခံကြသည်မှာလဲ အလွန်ပျော်စရာ ကောင်းလှသည်။ မီးပုံဘေးတွင် ဂစ်တာတီး၊ သီချင်းဆိုရင်း အမြည်းအလျှံအပယ်ဖြင့် ဆန်အရက်လေး သောက်ရင်း အပျော်ကြီး ပျော်ခဲ့ရသည်။ ထိုအကြောင်းအရာလေးများက  ကျွန်တော်မှတ်မိသလောက်လေး ပြန်ရေးပြလိုက်ခြင်း ဖြစ်သည်။ တကယ်က ထိုထက်မက အများကြီး ပျော်ဖို့ ကောင်းခဲ့ခြင်း ဖြစ်သည်။ ကြာပြီဖြစ်သောကြောင့် ကျွန်တော်လဲ အားလုံးကို သေသေချာချာ ပြန်မမှတ်မိတော့ချေး။ ကျွန်တော် ပြောချင်တာကတော့  ခရစ်စမတ်အတွက် တကူးတက အစီအစဉ် ဆွဲထားလေ့ မရှိခဲ့သော်လဲ ထိုကဲ့သို့  ကြိုတင် မစီစဉ်ထားပေမယ့် အမှတ်ရစရာ ခရစ်စမတ်လေးတွေ ရှိခဲ့သည် ဆိုသည်ကို ပြောပြချင်ခြင်း ဖြစ်သည်။
ကျွန်တော့် ဘဝတွင် ခရစ်စမတ်နှင့်ပတ်သက်၍ ဖြစ်ချင်ခဲ့သည့် စိတ်ကူးလေးများ ရှိခဲ့သည်။ နှင်းဖြူဖြူလေးများ တဖွဲဖွဲကျနေသည့် နှင်းတောထဲတွင်  လျှောက်သွားချင်သည့် စိတ်ကူးလေးများ ငယ်စဉ်ကတည်းက ရှိခဲ့ဖူးသည်။ ကျွန်တော် အလွန်နှစ်သက် သဘောကျသည့် မိုးဖွဲဖွဲလေးများ အောက်တွင် လမ်းလျှောက်ရင်း နှင်းများ တဖွဲဖွဲ ကျဆင်းနေသည့် နှင်းတောထဲတွင် လမ်းလျှောက်ရလျှင် ဘယ်လို နေမလဲဟု တွေးကြည့်မိဖူးသည်။ သို့ သော် ဒီနေ့ ဒီအချိန်ထိတော့ အကောင်အထည် မဖော်နိုင်သေးပေ။ အခွင့်ရရင်တော့ တစ်ခါလောက်တော့ ကြုံဖူးချင်ပါသေးသည်။ တစ်ယောက်သော သူရဲ့ လက်ကို တွဲပြီး နှင်းတောထဲမှာ လမ်းလျှောက်ရတာ ဘယ်လို အရသာ ရှိတယ်ဆိုသည်ကိုပေါ့။ ဒါတွေက ခုချိန်မှာတော့ အိမ်မက်ပမာသာ ရှိနေသည်။ ဘယ်တော့မှ အကောင်အထည် ဖော်နိုင်မည်ကိုလဲ ကိုယ်ကိုယ်တိုင်က မရေမရာ ရှိနေသည်။ ဒီဇင်ဘာနှင့်အတူ ကျွန်တော့်အတွက် မှတ်မှတ်ရရ ရှိနေသည်။ ဘာဖြစ်ဖြစ် ဒီနှစ်ဒီဇင်ဘာကလဲ သူငယ်ချင်းများနှင့် မသိလိုက် မသိဘာသာ သောက်ရင်းစားရင်း ကျော်ဖြတ်သွားဖို့ များနေသည်။
မှတ်ချက်။    ။ ဒီပိုစ့်လေးကို ညီမလေး တစ်ယောက်လို ခင်ရသည့် ညီမငယ် ကန်ဒီတဂ်ထားသဖြင့် မရှိမဲ့ ရှိမဲ့အမှတ်တရလေးများထဲမှ ဖြစ်ညှစ်ရေးခဲ့ရခြင်း ဖြစ်သည်။ ခုလို သတိတရဖြင့် တဂ်ခဲ့သည့် ညီမငယ် ကန်ဒီကိုလဲ ကျေးဇူးတင်ပါသည်။ အားလုံးဘဲ ပျော်စရာ ခရစ်စမတ်နေ့ လေး ဖြစ်ဖို့ ဆုတောင်းပေးလိုက်ပါတယ်။
Wednesday 21 December 2011
သတိရတိုင်း လွမ်းတယ်
သတိရတိုင်း လွမ်းတယ်
လွမ်းတိုင်းလဲ သတိရတယ်...။
သတိရခြင်းတို့ 
ကြီးစိုးလာတိုင်း
ဒီရင်ထဲ 
အလွမ်းက အောင်လံလွှင့်တယ်...။
သတိရခြင်းတို့ 
ငွေ့ ရည်ဖွဲ့ လာတိုင်း
ဒီရင်ထဲ
အလွမ်းက မစဲတော့ဘူး...။
သတိရလွန်းလို့ 
ကျမျက်ရည်
မြစ်၊ ချောင်းအသွင်ဆောင်
အလွမ်းပင်လယ်ဆီ
စီးဝင်တော့မယ်....။
သတိရတိုင်း
ဝေ့သီလာတဲ့ အလွမ်း
ယောက်ကျားမာနနဲ့ 
ဘယ်လို တင်းထားတင်းထား
လွမ်းတာက လွမ်းတာဘဲ...။
သတိရတိုင်း 
ထုတ်ထုတ်လွမ်းဖို့ 
ချစ်သူကို
ဘယ်ဘက်ရင်ဘတ်ထဲ 
ထည့်သိမ်းထားတယ်...။
ဒါကြောင့်...
ချစ်သူကို
သတိရတိုင်း လွမ်းတယ်
လွမ်းတိုင်းလဲ 
ပိုပိုသတိရမိတယ်...။
ပုံကို google မှယူပါသည်။
Friday 16 December 2011
သားဇော
မြင်ရတွေ့ ရသည့် ပတ်ဝန်းကျင် ရှုခင်းတို့ က လှပသေသပ်သော စုတ်ချက်ဖြင့် ရေးဆွဲထားသည့် သက်ဝင် ပန်းချီကား တစ်ချပ်နှယ် လှပအသက်ဝင် နေသည်။ လယ်ကွင်းစိမ်းစိမ်းများ၊ တဘက်မှ မှိုင်းညို့ နေသည့် တောအုပ်နှင့် တောင်စွယ်၊ တောင်တန်း များကို မြင်တွေ့ ရသည်မှာ အမြင်အာရုံကို ကြည်လင်အေးမြစေသည်။ လယ်ကွင်းစိမ်းစိမ်းများကို ဖြတ်၍ တိုက်ခတ်လာသည့် လေပြေလေညင်းက လူတကိုယ်လုံးကို ပေါ့ပါးလန်းဆန်းသွားစေ၏။ ဒီမြင်ကွင်း၊ ဒီရှုခင်းများကို ခံစားထိတွေ့ ရသည်မှာ သုံး၊ လေးရက် ရှိပြီဖြစ်သည်။ သို့ သော် ကျွန်တော့်အတွက် မြင်ရတွေ့ ရသည်တို့ မှာ ရိုးသွားသည်ဟု မခံစားရပေ။ သဘာဝပတ်ဝန်းကျင် ရှုမျှော်ခင်းများက မွန်းကြပ်နေသည့် ကျွန်တော့် စိတ်တို့ ကို အတော်အသင့် လန်းဆန်းပေါ့ပါး သွားစေ၏။ ကျွန်တော်သည် ဖခင် ဖြစ်သူဘက်မှ တော်သော အဘိုး၊ အဘွားများ ရှိရာ တောရွာလေးကို ရောက်နေခြင်း ဖြစ်သည်။ ရွာလေးက မြို့ နှင့် သိပ်အဝေးကြီး မဟုတ်သော်လဲ အတွင်းဘက် ချောင်ကျသည့် နေရာတွင် တည်ရှိသဖြင့် ဆိတ်ငြိမ်အေးချမ်း လှသည်။ အချိန်က မနက်ခင်း အလုပ်ခွင် ဝင်ချိန်မို့ ရွာထဲမှ အရွယ်ကောင်းသူများ လယ်ထဲ ဆင်းချိန် ဖြစ်သောကြောင့်လဲ ရွာလေးက ပုံမှန်ထက် ပို၍ တိတ်ဆိတ်ငြိမ်သက်နေခြင်း ဖြစ်၏။ တချက်တချက် ထွက်ပေါ်လာသည့် ခွေးဟောင်သံ၊ နွားအော်သံ၊ ကျေးငှက်တို့ ၏ အော်သံတို့ နှင့် မိမိထိုင်နေသည့် မန်ကျည်းပင်ရှေ့ဘက် မြေကွက်လပ်တွင်  မိညိုတို့ သားအမိ၏ အစာစားနေသည့် နေရာမှ ထွက်လာသည့် အသံတို့ မှ အပ အရာရာက တိတ်ဆိတ် ငြိမ်သက်နေ၏။ မိညိုဆိုသည်က အဖွားဖြစ်သူ မွေးထားသည့် ကြက်မကြီး ဖြစ်သည်။
ရွာကလေးကို ရောက်သည်မှာပင် သုံး၊ လေးရက်ခန့် ရှိပြီ ဖြစ်သည်။  ဟိုအရင် ငယ်စဉ်က အဘိုး၊ အဘွားတို့ ရှိရာ တောရွာလေးကို မကြာမကြာ ရောက်ဖြစ်လေ့ရှိသော်လဲ ခုနောက်ပိုင်း သိပ်မရောက်ဖြစ်တော့ပေ။ ဒါကလဲ အရွယ်ရောက်လာသည့် လူငယ်တို့ ၏ သဘာဝတစ်ခု ဖြစ်မည်ထင်သည်။ ခုနောက်ပိုင်းတွင် အဖိုး၊ အဘွားတို့ ကို လာကန်တော့သည့် အချိန်လောက်သာ ရောက်ဖြစ်လေ့ ရှိတော့၏။ ဒါပေမယ့် ခုတစ်ခေါက်တော့ အချိန်ကြာကြာလေး နေလိုက်မည်ဟု စဉ်းစားထားသည်။ ဒီတစ်ခေါက် တောရွာလေးကို ရောက်လာခြင်းကလဲ အလည်ဆိုသည်ထက် မိခင်ဖြစ်သူနှင့် စိတ်ဆိုးပြီး အိမ်ပေါ်မှ ဆင်းလာခဲ့ခြင်း ဖြစ်သည်။ စိတ်ဆိုးပြီး အိမ်ပေါ်မှ ဆင်းလာပြီးနောက် သွားစရာ နေရာမရှိသောကြောင့် အဘိုး၊ အဘွားတို့ ရှိရာ ရွာလေးသို့ ရောက်လာခဲ့ခြင်း ဖြစ်၏။ ခုချိန်ဆိုလျှင် မိဘတွေများ စိတ်ပူနေမလားဟု စဉ်းစားမိ၏။ သို့ သော် ရွာကလေးနှင့် မိမိနေသည့် နေရာက သိပ်မဝေးလှ သဖြင့် နှစ်နေရာ အဆက်အသွယ် ရှိသည်။ ခုလောက်ဆိုလျှင် အဘွားဖြစ်သူ လူကြုံပါးထားသဖြင့် မိမိ ဒီရောက်နေကြောင်းကို သိနေလောက်ပြီမို့ စိတ်ပူနေမည်တော့ မဟုတ်ပေ။ အိမ်ပေါ်မှ ဆင်းလာခဲ့သည့် အကြောင်းကို စဉ်းစားမိတော့ မိခင်ဖြစ်သူနှင့် စကားအခြေအတင် ဖြစ်ခဲ့သည်များကို ပြန်မြင်ယောင်လာသည်။ မိမိ မှားသည်ကို လက်ခံပါသည်။ ကိုးတန်းဖြေပြီး ဆယ်တန်းတက်ဖို့ စောင့်နေသည့် လူငယ်တစ်ယောက် အနေဖြင့် ဒီလို နေရာမျိုးတွေကို မသွားသင့်ဘူး ဆိုတာကို လက်ခံပါသည်။ သို့ သော် အိမ်ပြန်ရောက်မှ ဆူသင့်ဆူ၊ ရိုက်သင့်ရိုက် ကြိုက်တာလုပ်လို့ ရသည်။ ခုတော့ လူပုံအလယ်တွင် မျောက်ပွဲကြည့်သလို ဝိုင်းအကြည့် ခံလိုက်ရသည့် အဖြစ်မျိုးကတော့ မဖြစ်သင့်ဟု ထင်မိသည်။
ထိုနေ့ က လက်ဖက်ရည်ဆိုင် ထိုင်ရင်း ရင်းနှီးခဲ့သည့် ကိုမြကြီးဆိုသူ အဆွယ်ကောင်းသဖြင့် ရပ်ကွက်ထဲမှ လောင်းကစား အိမ်သို့ လိုက်သွားဖြစ်ခဲ့သည်။ ကိုမြကြီး ဖဲရိုက်သည်ကို ဘေးမှ အဖော်လိုက်ပေးခြင်း ဖြစ်၏။ ဒါကို မိခင်ဖြစ်သူ ဘယ်ကနေ ဘယ်လို သတင်းကြားသည် မသိ၊ တုတ်တချောင်းဖြင့် ရောက်လာသည်။ မိမိ ဒီအသက်အရွယ် ရောက်သည့် အချိန်ထိ မိခင်ဖြစ်သူ အခုလောက် ဒေါသ ထွက်သည်ကို မမြင်ဖူးသေးပေ။ ကံဆိုးချင်တော့ ကိုမြကြီး အိမ်သာသွားသဖြင့် သူ့ ဖဲကို ကျွန်တော် ခဏကိုင်ပေးရင်း ဖဲကို ဟန်နဲ့ ပန်နဲ့ ပွတ်နေသည်ကို အိမ်ပေါ်တက်လာသည့် မိခင်ဖြစ်သူ မြင်တော့ ဒေါသအကြီးအကျယ် ပေါက်ကွဲပြီး ရိုက်ပါလေတော့၏။ အရင်က ဆိုလျှင် ဗိုက်ခေါက်ကို လိမ်ဆွဲရုံ၊ ပေါင်တွင်းကြောကို လိမ်ဆွဲရုံ၊ စိတ်ဆိုးမှ ပုဆိုးလှန်၍ ခြေသလုံးကို တုတ်ဖြင့် ရိုက်တတ်သည့် မိခင်၊ တခြားအမေတွေ သူတို့ သားကို ရိုက်နှက်ဆုံးမလျှင်ပင် ကလေးကို ထိခိုက်မည် စိုးသဖြင့် ခေါင်းမခေါက်ဖို့ ကျောကုန်းကို မထုမရိုက်ဖို့ ဆိုဆုံးမလေ့ ရှိသည့် မိခင် ဖြစ်သူက လက်ထဲ ပါလာသည့် တုတ်ကို အပိုင်းပိုင်း ကျိုးသည်အထိ ကမညှာမတာ ရိုက်နှက်တာကို ကြုံလိုက်ရတော့ ကျွန်တော် အံသြလွန်း၍ ငိုဖို့ ကိုပင် မေ့နေမိသည်။ လက်ကာ လက်ကိုဖြတ်ရိုက်၊ ခြေကာ ခြေကို ဖြတ်ရိုက်ဖြင့် ထိလျှင် ပြီးရော စိတ်ရှိလက်ရှိ ရိုက်ခြင်းကြောင့် မျက်နှာကိုပင် ဖြတ်ရိုက်မိ၏။ ကြာတော့ ကျွန်တော် မရှောင်တော့ အံကြိတ်ပြီး ရိုက်ချက်များကို ပေခံရင်း မိခင် ဖြစ်သူကို ခပ်စိမ်းစိမ်း ကြည့်မိသည်။ ဒါကို မြင်တော့ မိခင်ဖြစ်သူက ပိုဒေါသထွက်ကာ ရိုက်သည်၊ ရိုက်ရင်း မိခင်ဖြစ်သူ ငိုသည်။ ဒေါသ ဖြစ်ဖြစ်ဖြင့် စိတ်ရှိလက်ရှိ ရိုက်ခြင်းကြောင့် မိခင် ဖြစ်သူ၏ လက်ထဲက တုတ်အပိုင်းပိုင်း ကျိုးသည့် အပြင် ကျွန်တော့် ခြေတို့ လဲ မခိုင်တော့ဘဲ မြေပေါ်ကို ခွေလဲကျသည် အထိ ဖြစ်ခဲ့သည်။ ထိုသို့  အရိုက်ခံလိုက်ရ သဖြင့် ကျွန်တော် မိခင်ဖြစ်သူကို စိတ်နာမိသည်။ ထို့ နောက် မိခင်ဖြစ်သူနှင့် စကားများပြီး အိမ်ပေါ်မှ ဆင်းလာခဲ့ခြင်း ဖြစ်သည်။
ကျွန်တော် သက်ပြင်းမောကို ဟင်းခနဲ ချလိုက်မိသည်။ အိမ်ပြန်ဖို့ ကို စဉ်းစားမိတိုင်း ပါးပြင်မှ ဒဏ်ရာကို လက်ဖြင့် စမ်းမိပြီး ကျွန်တော့် ခြေလှမ်းတို့ တွန့် ဆုတ်သွားလေ့ ရှိ၏။ တကယ်က အပြင်ဒဏ်ရာတွေထက် အတွင်းဒဏ်ရာက ပိုနာသည်။ ကိုယ်မွေးထားသည့် သားတစ်ယောက် အပေါ်ကို ရက်ရက်စက်စက် လုပ်ရက်ခြင်းဟု တွေးမိသည်။ သားအရင်းမှ ဟုတ်ရဲ့ လားဟုပင် စိတ်နာနာဖြင့် သံသယဝင်မိ၏။ ရပ်ကွက်အတွင်း အိနြေ္ဒသိက္ခာနှင့် တည်ကြည်စွာ နေတတ်သည့် မိခင်ဖြစ်သူ ဒီလိုနေရာထိ ရောက်လာပြီး ဒီလို ပြဿနာတွေ ဖြစ်ပွားခဲ့သည့်အတွက် ကိုယ့်သိက္ခာကိုယ်မထောက်ဘဲ ဒီလိုနေရာကို လာရသလားဟု မကျေမနပ်လဲ ဖြစ်မိ၏။ နောက်ပြီး လောင်းကစား အိမ်သွားသဖြင့် အရိုက်ခံရသည့် သတင်း ရပ်ကွက်အတွင်း ဟိုးလေတကျော်ဖြင့် နာမည်ကြီးခဲ့သည့် အတွက် ရှက်တာလဲ ပါသည်။ ထို့ ကြောင့် ကျွန်တော် အိမ်မပြန်ချင်သေးခြင်း ဖြစ်သည်။ ကိုယ့်အတွေးဖြင့်ကိုယ် ငေးမောနေစဉ် မိညို၏ ထူးခြားသည့် အမူအယာတို့ ကြောင့် ကျွန်တော် ပြန်သတိဝင်လာသည်။ ပတ်ဝန်းကျင်ကို သတိထားကြည့်မိတော့ မိညိုတစ်ကောင် ပြာယီးပြာယာဖြင့် ယောက်ယက်ခတ်နေသည်ကို တွေ့ လိုက်ရသည်။ ထို့ ကြောင့် မြွေတွေ ဘာတွေများ တွေ့ လို့ လားဟု မျက်စိကစားကြည့်လိုက်တော့ မြေကွက်လပ်က ရှင်းနေသည် ဘာမှ မရှိပေ။ မိညိုကတော့ သူ့ ကလေးတွေကို ပြာယီးပြာယာဖြင့် အိမ်၏ အောက်ဖက်သို့ ရောက်အောင် အတင်းမောင်းသွင်းနေသည်။ မိညို၏ ထူးခြားသည့် အမူအရာကြောင့် ကျွန်တော် မသင်္ကာ၍ ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်တော့ ထင်သည့်အတိုင်း စွန်တစ်ကောင် ဝဲနေသည်ကို တွေ့ လိုက်ရသည်။ ထိုစွန်ကို မြင်သောကြောင့် မိညို ပြာယာခတ်နေခြင်း ဖြစ်မည်ဟု တွေးလိုက်မိ၏။
ထိုအချိန်မှာပင် စွန်က မြေပြင်သို့ ထိုးဆင်းလာပြီး ကြက်ကလေး တစ်ကောင်ကို ထိုးသုတ်သည်။ စွန်ထိုးဆင်းလာသည်ကို မြင်တော့ မိညိုက စွန်ကို အောက်မှ ဆီးခွပ်သည်။ မိညိုက မြေပြင်မှ ဆီးခွပ်သဖြင့် စွန်လဲ ကြက်ကလေးကို မသုတ်နိုင်တော့ဘဲ ကောင်းကင်ပေါ်သို့ ပြန်တက်သွားသည်။ မိညို ပို၍ပြာယာခတ်သွားပြီး သူ့ ကလေးများကို အိမ်အောက်ဖက်သို့ အတင်းမောင်းသွင်းတော့သည်။ ထိုသို့ မောင်းသွင်းရာတွင် ကြက်ကလေး တစ်ကောင်က နောက်ဖက်တွင် ကျန်ရစ်ခဲ့၏။ ထိုကျန်ခဲ့သည့် ကြက်ကလေးကို စွန်က တဟုန်ထိုးဆင်းလာပြီး ထိုးသုတ်သည်။ မိညိုက စူးစူးဝါးဝါး တစ်ချက်အော်ပြီး သူ့ သားကို ထိုးသုတ်လာသည့် စွန်ကို ဘေးတိုက် အနေအထားမှ ပြေးဝင်ခွပ်သည်။ စွန်က ကြက်ပေါက်စ ကလေးကို မမိတမိ အနေအထားတွင် မိညိုက အတင်းဝင်ခွပ်သဖြင့် ကြက်ပေါက်စလေးက မြေပေါ် ပြန်လွတ်ကျသွားသည်။ ထိုအချိန်မှာပင် ကျွန်တော် ထင်မှတ်မထားသည်ကို တွေ့ လိုက်ရ၏။ စွန်ကို ခွပ်ပြီး လေထဲမှာ ရှိနေသေးသည့် မိညိုသည် ကျွန်တော် ကြက်တစ်ကောင် ခုန်နိုင်မည်ဟု ထင်မှတ်မထားသည့် အကွာအဝေးအထိ လေထဲတွင် တစ်ဆင့်ထပ်ခုန်ကာ သားဇောဖြင့် စွန်ကို အတင်း လိုက်ခွပ်ခြင်း ဖြစ်သည်။ ကျွန်တော်လဲ မနေနိုင်တော့ဘဲ ပြေးထွက်လာပြီး စွန်ကို မောင်းထုတ်လိုက်ကာ မြေပြင်ကို ပြန်ကျလာသည့် မိညိုကို ပွေ့ ချီလိုက်သည်။ ကြောက်စိတ်ကြောင့်လား၊ အင်အားသုံးလိုက်သောကြောင့်လား၊ သားဇောကြောင့်လား မသိ မိညို တကိုယ်လုံး တဆတ်ဆတ်ဖြင့် တုန်နေသည်။
မိညိုကို ပွေ့ ချီပြီး တစ်ချက်၊ နှစ်ချက် ပွတ်ပေးလိုက်တော့ မိညို တစ်ကောင် မျက်လုံးလေးမှေးပြီး ကျွန်တော့်လက်ထဲတွင် ငြိမ်နေ၏။ ပွေ့ ထားသည့် လက်နေရာက စိုစိ စိုစိ ဖြစ်နေသဖြင့် ကြည့်လိုက်တော့ မိညို၏ ညာဘက်ပေါင်တွင် ဒဏ်ရာဖြစ်ပြီး သွေးများထွက်နေသည်ကို တွေ့ လိုက်ရ၏။ ကျွန်တော် မိညိုဒဏ်ရာကို နနွင်းသိပ်ပေးရန် အိမ်ဘက်ကို ခြေလှမ်းလိုက်တော့ မိညိုက ကောင်းကင်သို့ တချက်မော့ကြည့်ရင်း ကျွန်တော့်လက်အတွင်းမှ ရုန်း၍ ခုန်ဆင်းသွားသည်။ ထို့ နောက် သူ့ ကလေးများကို ဘေးရန်ကင်းနိုင်မည့် အိမ်အောက်ဖက်သို့ မောင်းသွင်းသွား၏။ ကျွန်တော်လဲ" သြော်... မိညို မိညို..." သူ့ ကလေးတွေ အတွက် သားဇော ကပ်နေရတာနဲ့ ကိုယ့်ဒဏ်ရာကိုတောင်ကိုယ် ဂရုမစိုက်နိုင်တော့ပါလား။ ထိုသို့ တွေးလိုက်မိသည့် ခဏတွင် ကျွန်တော့် ခေါင်းထဲ အသိဥာဏ် တစ်ချက် လင်းကနဲ လက်သွားသည်။ ပျက်စီးတော့မည့် သားဖြစ်သူ အတွက် ကိုယ့်သိက္ခာကိုပင် မငဲ့နိုင်ဖြစ်ကာ လောင်းကစားအိမ်ထိ ရောက်လာပြီး ဆုံးမသည့် မိခင်ဖြစ်သူကို မြင်ယောင်မိလိုက်သည်။ အဟိတ်တရိစ္ဆာန်ဖြစ်သည့် မိညိုပင်လျှင် သားသမီးများအတွက် အသက်ကို မဓာနမထားဘဲ မိမိထက် အင်အားကြီးသည့် စွန်ကို ပြန်တိုက်ခိုက်ခဲ့သေးလျှင်၊ လူသားဖြစ်သည့် မိခင်ဖြစ်သူက ပျက်စီးတော့မည့် လမ်းကြောင်းပေါ်ကို ရောက်နေသည့် သားဖြစ်သူအတွက် ပူပန်စိုးရိမ်စိတ်ကြီးစွာဖြင့် မည်သည့် အိနြေ္ဒသိက္ခာ တို့ ကို ငဲ့နေတော့မည်နည်း။ မိမိအတွက်ကြောင့်သာ မဟုတ်လျှင် မိခင် ထိုကဲ့သို့ သောနေရာမျိုးကို ရောက်စရာ မရှိသလို သိက္ခာကျစရာ အဖြစ်တွေလဲ ဖြစ်လာစရာ အကြောင်းမရှိဟု တွေးမိလိုက်၏။ ဖဲဝိုင်းတွင် ဝင်ထိုင်နေသည့် မိမိကို အတွေ့  ဒေါသအကြီးအကျယ် ပေါက်ကွဲခဲ့သည့် မိခင်ကို ပြန်မြင်ယောင် မိပြီးနောက် ကျွန်တော် နေရာမှ ဝုန်းကနဲ ခုန်ထွက်လိုက်ပြီး အိမ်ပေါ်သို့ ပြေးတက်လိုက်သည်။ ထို့ နောက် ကျောပိုးအိတ်ကို ဆွဲပြီး အိမ်အောက်ကို ပြေးအဆင်း လှေကားရင်းတွင် အပြင်မှ ပြန်လာသည့် အဘွားဖြစ်သူကို တွေ့ လိုက်ရ၏။
"အဘွား... ကျွန်တော်...."
နှုတ်မှ စကားလုံးတို့ ဗလုံးဗထွေး ထွက်လာပြီး အဘွားဖြစ်သူကို ရှင်းပြမည်တွင် အဘွားက ကျွန်တော့်ကို ဘာမှ ဆက်မပြောရန် လက်ကာပြသည်။
"အဘွား အားလုံးကို မြင်တယ်မြေးလေး...။ မြေး... စိတ်တည်ငြိမ်မှ အဘွားက အေးအေးဆေးဆေး နားဝင်အောင် ပြောပြမယ်လို့ စိတ်ကူးထားတာ။ ခုဆို မြေးလဲ မိဘ မေတ္တာကို နားလည်လောက်ရောပေါ့။ တကယ်တော့ မိခင် မေတ္တာဆိုတာ အထင်မလွဲကောင်းတဲ့ အရာမြေးရဲ့ ။ မြေးက မိခင် နေရာကို ရောက်မဲ့သူ မဟုတ်တော့ ဒါတွေကို သိနိုင်မှာ မဟုတ်ပါဘူး"
"ကျွန်တော် အားလုံးကို နားလည်သွားပါပြီ အဘွား။ ဒါကြောင့် ကျွန်တော် အမေ့ဆီကို ပြန်မလို့ ပါ"
"အင်း...ခုချိန်လောက်ဆို မြေး... အမေလဲ စိတ်ပူပြီး မြေးပြန်အလာကို မျှော်နေလောက်ရောပေါ့"
"ဟုတ်ကဲ့... အဘွား ဒါဆို ကျွန်တော် အိမ်ကိုပြန်လိုက်ဦးမယ်။ နောက်မှ အဘွားတို့ ဆီကို ကျွန်တော် သက်သက် ပြန်လာလည်ပါဦးမယ်"
ကျွန်တော့် စကားကို နားထောင်ပြီး အဘွားပြုံးသည်။ ထို့ နောက် အဝေးတနေရာကို ငေးကြည့်ရင်း-
"အဘွားတို့ ဒီတောရွာလေးကနေ မြို့ ပေါ်မှာ နေတဲ့ မြေးတွေကို အမြဲ မျှော်နေလေ့ ရှိတယ်။ မြေးတွေ လာလည်ရင် အဘွားတို့ ပျော်တာပေါ့။ ဒါပေမယ့် မြေးရယ် နောက်တခါ ဒီလို ပုံစံနဲ့ တော့ အဘွားတို့ ဆီကို မလာပါနဲ့ ။ အဘွား ဘာကို ပြောချင်တယ်ဆိုတာကို မြေး... နားလည်ရဲ့ လား..."
"ဟုတ်ကဲ့ ကျွန်တော် အားလုံးကို နားလည်သွားပါပြီ။ နောက်ဆိုရင် ဒါမျိုး မဖြစ်စေရတော့ပါဘူးလို့ ကျွန်တော် ကတိပေးပါတယ် အဘွား"
"ကဲ... ကဲ... ဒါဆိုရင်လဲ သွားတော့... မြေးအမေ မျှော်နေရော့မယ်။ နောက်ဆိုရင် လိမ်လိမ်မာမာ နေနော် မြေး..."
"ဟုတ်ကဲ အဘွား..."
ကျွန်တော် အဘွားဖြစ်သူကို နှုတ်ဆက်ကာ ဆိုင်ကယ်ပေါ်ကို တက်ခွလိုက်သည်။ ဆိုင်ကယ်ကို စက်နှိုးပြီး မောင်းထွက်လိုက်တော့ အဘွားဖြစ်သူ၏ ဆိုင်ကယ်ကို သတိထားပြီး ဖြေးဖြေးမောင်းသွားဦး ဆိုသည့် အော်ပြောလိုက်သည့် စကားသံတို့ က နောက်ဘက်တွင် ခပ်တိုးတိုး လွင့်ဝဲကျန်ခဲ့၏။ အဘွားဖြစ်သူ၏ အမှာစကားကို ကြားပေမယ့် ကျွန်တော် ဆိုင်ကယ်လီဗာကို ထပ်တင်လိုက်မိသည်။ ကျွန်တော် အိမ်ကို အမြန်ပြန်ရောက်ချင်နေပြီ ဖြစ်သည်။ မှားခဲ့သည့် အမှားများ အတွက် မိခင် ဖြစ်သူကို ပြန်တောင်းပန်ရမည်။ ထို့ ကြောင့် ကျွန်တော် အိမ်ကို ပြန်ရောက်ဖို့ စိတ်စောနေမိ၏။ သားမိုက်တစ်ယောက်၏ အိမ်အပြန်လမ်းက အသိတရားတို့ လင်းလဲ့ဝေဖြာကာ နောင်တတို့ စွန်းထင်း ပေကျံနေတော့သည်။
Tuesday 6 December 2011
လူတချို့ အကြောင်း တစေ့တစောင်း
မနက်ခင်းတွင် ဈေးလေးက ရုတ်ရုတ်သဲသဲ ရှုပ်ရှုပ်ထွေးထွေးဖြင့် စည်ကားနေသည်။ ကျွန်တော်နှင့် ကိုစိုင်းကျော်တို့ နှစ်ယောက် ထုံးစံအတိုင်း ဘိုကျောက် လက်ဖက်ရည်ဆိုင်လေးတွင် မနက်စာစားရင်း လက်ဖက်ရည် သောက်နေကြ၏။ ထိုစဉ်-
"အန်တီဘုတ်ကြီး ခုနက ပဲပြုတ် ရပြီလား"
ကြားလိုက်ရသည့် စကားသံက နဲနဲထူးဆန်းနေသဖြင့် ကျွန်တော် နောက်လှည့်ကြည့်မိသည်။ ဘယ်နှယ့် လက်ဖက်ရည်ဆိုင် လာပြီး ပဲပြုတ် လာတောင်းနေပါလိမ့် ဟုလဲ တွေးမိ၏။ ဘိုကျောက် လက်ဖက်ရည်ဆိုင်တွင် ပဲပြုတ်ရောင်းသည်ကို မကြားဖူးသဖြင့် ကျွန်တောလဲ အံသြသွားသည်။ နောက်ကို လှည့်ကြည့်လိုက်တော့ အသက်ဆယ့်ငါးနှစ်ခန့် ကောင်မလေး တစ်ယောက်အား ဒေါ်ဘုတ်ကြီးက ပဲပြုတ် ဆယ့်ငါးစေ့ခန့် ကို ပလတ်စတစ် အိတ်ဖြင့် ထည့်ပေးလိုက်၏။ ဒါကို တွေ့ လိုက်ရ သဖြင့် ကျွန်တော် ပိုအံသြသွားသည်။ ထိုကောင်မလေးကို ကျွန်တော် သိသည်။ လက်ဖက်ရည်ဆိုင် မျက်စောင်းထိုး ငါးအိမ်ကျော်လောက်က တိုက်အိမ်မှ ကောင်မလေး ဖြစ်၏။ ထိုအိမ်က လူတွေ အပြင်တွေ ဘာတွေ ထွက်ခဲသည်။ ထို့ ကြောင့် ကျွန်တော်လဲ မနေနိုင်တော့ဘဲ ကောင်မလေး ထွက်သွားသည်နှင့် ဒေါ်ဘုတ်ကြီးကို စပ်စုမိတော့၏။
"ဒေါ်ဘုတ်ကြီး ဘာတွေလဲဗျ... ပဲပြုတ်ရောင်းတာတော့ မဟုတ်ပါဘူးနော်..."
"ဘယ်ကသာ ညီရဲရယ်... နင်လဲ အဒီအိမ်အကြောင်း သိရဲ့ သားနဲ့ ။ မနက်အစောကြီး ဆိုင်ဖွင့်ရုံ ရှိသေးတယ် ထမင်းကြော် လာဝယ်တော့ ပဲပြုတ်သည် မလာသေးလို့ ထမင်းကြော်ကို ဒီအတိုင်း ထည့်ပေးလိုက်တာ အခု အဲဒီပဲပြုတ်ကို လာတောင်းတာလေ"
"ဗျာ... စောစောက လာဝယ်တဲ့ ထမင်းကြော်မှာ ပဲပြုတ်မပါလို့ ခုမှလာတောင်းတာ ဟုတ်လား။ သူတို့ က အဲဒီ ပဲပြုတ် ဆယ်ငါးစေ့လောက်ကို ဘာလုပ်မှာလဲ"
ကျွန်တော် တော်တော်လေး အံသြသွားသည်။ အခုကြုံနေရသည့် အခြေအနေမျိုးက ကျွန်တော် တွေးတောင် တွေးမကြည့်ဖူးသေးသည့် အခြေအနေမျိုး ဖြစ်၏။ ကျွန်တော် အံသြသွားသည်ကို ကြည့်ပြီး ဒေါ်ဘုတ်ကြီးက-
"အဲဒီအိမ်အကြောင်း သိလို့ ငါက မရောင်းချင်လို့ ပဲပြုတ်မရှိလို့ မရောင်းသေးဘူး ဆိုတာကို အတင်းဝယ်သွားတာ ညီရဲရေ။ ခုမြင်တဲ့အတိုင်းဘဲ တော်ရုံလူဆို ဘယ်သူက လာတောင်းတော့မလဲ လာတောင်းတော့လဲ ကြည့်ဦး အပျိုအရွယ်လေး ရှက်ဘဲ မရှက်ဘူးတော်"
ဒေါ်ဘုတ်ကြီး စပကားကို နားထောင်းရင်း ကျွန်တော် တွေတွေငေးငေးလေး စဉ်းစားခန်းဝင်သွားမိသည်။ ထိုအိမ်အကြောင်း ဒေါ်ဘုတ်ကြီးက နင်လဲ သိတဲ့ အတိုင်းဘဲ ဟုပြောသော်လဲ ကျွန်တော် သိပ်မသိပါ။ သို့ သော် သူများတွေပြောသည်ကိုတော့ ကြားဖူး၏။ ကိုယ့်ကိစ္စ မဟုတ်ပါဘဲ စဉ်းစားရင်း ရင်မောသွားမိသည်။
"အင်းဗျာ... အဲဒီအိမ်အကြောင်း လူတွေ ပြောတာတော့ ကြားဖူးပါတယ်။ ဒါပေမယ့် ဒီလောက်ထိ ဆိုးမယ်လို့ တော့ ထင်မထားဘူး"
"ဆိုးပြီကော ညီရဲရယ်... ငါဆိုင်ဖွင့်လာတာ ဆယ်နှစ်ကျော်ပြီ သူတို့  ဒီနေ့ ထမင်းကြော် လာဝယ်တာ ပထမဆုံး အကြိမ်ဘဲ။ တခြားဆိုင်တွေမှာ ဝယ်စားတာကိုလဲ ငါမတွေ့ ဖူးသေးဘူး"
"ဟင်... အဲဒီလောက်တောင်ဘဲလား။ ဟုတ်ရော ဟုတ်ရဲ့ လား ဒေါ်ဘုတ်ကြီးရယ်"
"ဟုတ်တယ် ညီရဲ... ဒေါ်ဘုတ်ကြီး ပြောတာ အမှန်တွေဘဲ။ မင်းလဲ ဒီရွာထဲ ကြီးလာတာဘဲ။ အဲဒီအိမ်က လူတစ်ယောက် ဆိုင်တစ်ဆိုင်မှာ ထိုင်ပြီး မုန့် တစ်ခုခု ဝယ်စားနေတာကို တွေ့ ဖူးလို့ လား။ ငါလဲ လူပျိုပေါက် အရွယ်ကတည်းက လက်ဖက်ရည်ဆိုင် ထိုင်လာတာ။ အဲဒီအိမ်က အိမ်ထောင်ဦးစီး ဆိုတဲ့လူတောင် လက်ဖက်ရည်ဆိုင် ထိုင်တယ် ဆိုတာ တစ်ခါမှတောင် မမြင်ဖူးသေးဘူး"
တစ်ဝိုင်းတည်း ထိုင်နေသည့် ကိုစိုင်းကျော်ကပါ ဝင်ပြောလာခြင်း ဖြစ်သည်။ ကိုစိုင်းထောက်ပြမှ ကျွန်တော်လဲ သတိထားမိသည်။ ဒီရွာ ကျဉ်းကျဉ်းလေးမှာ သူတို့ ထိုကဲ့သို့ ပြုမူသည်ကို ကျွန်တော်လဲ တစ်ခါမှ မမြင်ဖူးပေ။ သူတို့ အသုံးအစွဲ ကျစ်လစ်တာလား ကပ်စီးနဲတာလား ကျွန်တော်လဲ ဝေခွဲမရ ဖြစ်သွားသည်။
"ဒါကတော့ သူတို့ အသုံးအစွဲ ကျစ်လစ်တာလဲ ဖြစ်နိုင်တာဘဲလေ"
"ငါကလဲ ဒီလောက်နဲ့ ပြောပါ့မလား ညီရဲရာ။ ငါက သူတို့ အိမ်နဲ့ မျက်စောင်းထိုးမှာ နေတာဆိုတော့ သူတို့ အိမ်အကြောင်းကို သိတာပေါ့။ မင်းကြည့်... ဒီရွာထဲမှာ ပိုက်ဆံရှိတဲ့အိမ်တွေ တန်းစီလိုက်ရင် အဲဒီအိမ်က အချမ်းသာဆုံး မဟုတ်တောင် ဆယ်အိမ်စာရင်းထဲပါတယ်။ ဒါပေမယ့် သူတို့ အိမ်မှာ အလှူလုပ်တာကို မင်းဒီအရွယ် ရောက်တဲ့အချိန်ထိ ဘယ်နှစ်ခါ မြင်ဖူးလဲ"
"အင်း... ဟုတ်တယ်... သူတို့ အိမ်မှာ အလှူလုပ်တာကိုတော့ တခါမှ မမြင်ဖူးဘူး ကိုစိုင်း"
"ဘယ်မြင်ဖူးပါ့မလဲ တစ်ခါမှမှ မလုပ်တာကို။ ဒါတင်ဘဲလား မဟုတ်သေးဘူး။ သူတို့ အိမ်ရှေ့မှာ ဘယ်လို အလှူခံမျိုးလာလာ တစ်ခါမှ မလောင်းဖူးလို့ ရပ်ကွက်ထဲမှာ တောင်းစားတဲ့သူတို့ ၊ အလှူခံပုဂ္ဂိုလ်တို့ တောင် သူတို့ အိမ်ရှေ့မှာ ဘယ်တော့မှ အလှူခံ မရပ်ဘူး"
ကိုစိုင်းပြောမှ ကျွန်တော်လဲ ဟိုတခါ ရပ်ကွက်ဘော်လုံးပွဲ ကျင်းပတော့ ထိုအိမ်ကို သွား၍ အလှူခံကောက်တော့ ငြင်းလွှတ်လိုက်သည်ကို သတိရသွားမိသည်။
"အဆိုးဆုံးကတော့ ဒီရွာလယ် လမ်းမကြီး ချိုင့်တွေ ခွက်တွေနဲ့ ပျက်စီးနေလို့ တစ်ရွာလုံး ကိုယ်နိုင်သလောက် ကိုယ်ထူကိုယ်ထ ကိုယ်လမ်းကိုယ်ခင်းကြတုန်းက သူတို့ အိမ်က အလှူငွေ ဘယ်လောက်ထည့်မယ်လို့ မင်းထင်လဲ ညီရဲ"
"ကျွန်တော် မထင်တတ်ဘူး ကိုစိုင်း"
"အဲဒီတုန်းက ရွာလမ်းမကြီးက တော်တော်လေး ပျက်စီးနေလို့ ပြန်ပြင်ဖို့ ဆိုပြီး ရွာထဲက လူတွေ ကိုယ်နိုင်သလောက် ပိုက်ဆံထည့်ကြတယ်။ ရပ်၊ ရွာ အကျိုး အတွက် ဆိုတော့ တချို့ တွေ ဆိုရင် ကိုယ်တတ်နိုင်တာထက်တောင် ပိုထည့်ကြတယ်။ ဒါပေမယ့်လို့ အဲဒီအိမ်က ဘယ်လောက်ထည့်တယ် မင်းထင်လဲ"
ထပ်မေးပြန်ပြီ ကိုစိုင်းတစ်ယောက် ထိုအိမ်ကို တော်တော်လေး အစာမကြေ ဖြစ်နေဟန်တူသည်။ မထင်တတ်ပါဘူး ဆိုမှ ဒါကိုဘဲ ထပ်ပြီးမေးနေပြန်သည်။ ကျွန်တော်လဲ ဘာမှ ပြန်မပြောဘဲ ငြိမ်နေလိုက်သည်။ ကိုစိုင်းပုံကလဲ ကျွန်တော့်ကို ပြောပြနေသည်နှင့် မတူတော့ဘဲ သူဘာသာသူ မကျေနပ်ချက်တွေကို ရေရွတ်မြည်တမ်း နေပုံပေါက်နေ၏။ 
"ဟင်း... ဟင်း... ရယ်ဖို့ တောင် ကောင်းသေးတယ် ပိုက်ဆံနှစ်ရာ ထည့်တယ်တဲ့ ဒါတောင် ရပ်ကွက် လူကြီးကိုယ်တိုင် အလှူသွားခံတာမို့ အားနာလို့ ထည့်လိုက်တာလေ။ ရပ်ကွက်ထဲက အဆင်းရဲဆုံးဆိုတဲ့ အိမ်တောင် အနည်းဆုံး ထောင်ဂဏန်းတော့ ထည့်ကြတယ်။ ဒီဘက်ခောတ်၊ သူတို့ အိမ်အခြေအနေနဲ့ ဒီလိုလုပ်တာက ရွာကို စော်ကားတာနဲ့ အတူတူဘဲ။ ဒီလိုလူတွေကို ရွာထဲမှာတောင် ထားဖို့ မကောင်းဘူး"
တဖြည်းဖြည်း ကျယ်လောင်လာသည့် ကိုစိုင်း၏ စကားသံကြောင့် ဘေးဝိုင်းတချို့ ကပင် လှည့်ကြည့်လာသည်။ အသားဖြူသည့် ကိုစိုင်းမျက်နှာကလဲ ခံပြင်းစိတ်ကြောင့် ထင်၏ နီရဲနေသည်။
"သြော်... ကိုစိုင်းရယ်... သူမလှူတော့ သူကုသိုလ် မရဘူးပေါ့ ဟုတ်ဘူးလား"
"အေးပါ ငါနားလည်ပါတယ်။ ဒါပေမယ့် မင်းစဉ်းစားကြည့်ပေါ့ ညီရဲရာ။ ထားပါကွာ ကွယ်ရာမှာ ပြောတော့ အတင်းဖြစ်တာပေါ့။ အဲဒီအချိန်က မလေးရှားကို ရောက်နေတဲ့ မင်းကို ပြန်ရှင်း ပြတယ်လို့ ဘဲ သဘောထားလိုက်ပေါ့"
 ကိုစိုင်းတစ်ယောက် စိတ်တည်ငြိမ်မှု ပြန်ရသွားဟန်တူသည်။ ကျွန်တော့်ကို ဆိုဆုံးမမှုလေးတွေ လုပ်လာသည်။
"တကယ်တော့ ငါပြောချင်တာက ဒီလို အဖြစ်မျိုးတွေကို သင်ခန်းစာ ယူသင့်တယ်။ သူတို့ တွေကိုကြည့် ပိုက်ဆံ ချမ်းသာကြတာမှန်တယ်။ ဒါပေမယ့် ချမ်းသာတဲ့ အရသာကို သူတို့ မခံစားဖူးဘူး။ သူတို့ စိတ်ထဲမှာ ပိုက်ဆံရှိရင် ချမ်းသာတယ်လို့ ထင်ကြတာ။ ဒါကြောင့် သူတို့ တွေက ပိုက်ဆံကို ရသလောက် စုကြတယ်။ တကယ်တော့ သူတို့ တွေက ဘာနဲ့ တူလဲ ဆိုတော့ ချမ်းသာတဲ့ ဆင်းရဲသားနဲ့ တူတယ်ကွ"
"ဘာ... ဘယ်လို... ကိုစိုင်းစကားက အထူးအဆန်းပါလား။ ချမ်းသာတဲ့သူဌေးဘဲကြားဖူးပါတယ် ကိုစိုင်းကြမှဘဲ ချမ်းသာတဲ့ ဆင်းရဲသားလို့ အဆန်းပါလား"
ဒီတခါတော့ ကျွန်တော့် အသံက ကျယ်သွားဟန်တူသည်။ ဘေးဝိုင်းများက စူးစမ်းသလိုဖြင့် လှည့်ကြည့်လာပြန်၏။
"မင်းကြည့်လေ... သူတို့  ပိုက်ဆံချမ်းသာတယ်။ ဒါပေမယ့် သူတို့ အိမ်က လူတွေ အပြင်မှာ ဝယ်မစား ဖူးသလောက် ရှားတယ်။ ညဘက်ချက်လို့ ကျန်တဲ့ဟာကို မနက်စာ အဖြစ်စားတယ်။ အိမ်ထောင်ဦးစီး ဆိုတဲ့လူ လက်ဖက်ရည်ဆိုင်တောင် မထိုင်ဖူးဘူး။ အိမ်မှာဘဲ လုပ်စားတယ် ဆိုလို့  ရှာရှာဖွေဖွေ ထွေလီကာလီလေးတွေ လုပ်စားမယ်လို့ လဲ မထင်နဲ့ ပိုက်ဆံ ကုန်မှာစိုးလို့ ဘယ်တော့မှ လုပ်မစားဘူး။ ဒီတော့ အစားဆင်းရဲတယ်။ အဝတ်အစားဆိုလဲ တန်ဖိုးကြီးတဲ့ အဝတ်အစားကောင်းဆို ဝယ်မဝတ်ဖူးဘူး။ လယ်သမားကြီးပုဆိုးလို ဈေးပေါပေါနဲ့ အကြမ်းခံတဲ့ ပစ္စည်းမျိုးတို့ ချည်ကြမ်း အကျီ င်္တို့ ကို ဝယ်ဝတ်တယ်။ ဒီတော့ အဝတ်အစား ဆင်းရဲတယ်။ ပိုက်ဆံရှိလို့ ကား၊ ဆိုင်ကယ် ဝယ်စီးနိုင်ပေမဲ့လို့ ဆီဖိုးကုန်မှာ စိုးလို့ ဝယ်မစီးဘူး စက်ဘီးနဲ့ ဘဲ သွားတယ်။ ကဲ... ဘယ်မလဲ သူတို့ မှာ ချမ်းသာတယ် ဆိုတဲ့ အရသာစည်းဇိမ်..."
"အင်း... ကိုစိုင်းပြောတော့လဲ ဟုတ်တာဘဲဗျ။ သူတို့ က ပိုက်ဆံသာ ရှိတာ ပိုက်ဆံကို လက်ထဲ ကိုင်ထားပြီး မသုံးမစားတော့ သာမန်လူနဲ့ ဘာထူးတော့လို့ လဲနော်..."
"ဒါဘဲလား မကသေးဘူး။ စေတနာ၊ သဒ္ဒါတရားကလဲ ဆင်းရဲသေးတယ်။ အရင်ဘဝက ကုသိုလ်ကံကြောင့် ခုဘဝမှာ သူတို့ ဒီလို အခြေအနေရောက်နေပေမယ့်လို့ ဒီဘဝမှာ ဘာကုသိုလ်မှ မလုပ်ရင် နောင်ဘဝမှာ သူတို့ ဘယ်လို လုပ်မလဲ။ ဒါတွေကို သူတို့ မစဉ်းစားဘူး။ မရှိလို့ မလှူနိုင်တာက ဘာမှ မပြောလိုပေမယ့် ရှိရဲ့ သားနဲ့ ကပ်စီးနဲပြီး မလှူတာကတော့ တမျိုးလေ... ကုသိုလ်ရေးလဲ ဆင်းရဲတယ်ဆိုတော့ ကဲ... သူတို့ မှာ ငွေကလွဲလို့ ချမ်းသာတာ ဘာရှိလဲ ဒီတော့ ချမ်းသာတဲ့ ဆင်းရဲသားပေါ့ မဟုတ်ဘူးလား"
"အင်း... ကိုစိုင်းပြောတာလဲ ဟုတ်တယ်ဗျ..."
"ငါက ဒီလို ပြောလို့ သူတို့ ကို မနာလိုလို့ သုံးဖြုန်းနေဖို့ ပြောတာ မဟုတ်ဘူးနော်။ ကိုယ့်အနေအထား ကိုယ့်အဆင့်အတန်းလေးနဲ့ ညီတဲ့ သုံးစွဲမှုလေးတော့ ရှိသင့်တယ် ပြောတာ။ ငွေဆိုတာက သေရင် ကိုယ့်နောက် ပါမှာမဟုတ်ဘူးလေ။ ဒီတော့ ကိုယ်ရှာတဲ့ ပိုက်ဆံ ကိုယ်လဲ သုံးသင့်သလောက်တော့ ပြန်သုံးရမှာပေါ့။ ဒါပေမယ့်လို့ ဖြုန်းတော့ မဖြုန်းနဲ့ ပေါ့"
ကိုစိုင်း ပြောတာ မှန်သည်။ ငွေကို ဖြုန်းတာ မဟုတ်ဘဲ ကိုယ့်အတွက် သုံးသင့် သလောက်တော့ ပြန်သုံးသင့်သည်။ အခုလို တရားလွန်ကြီး စီးတာကတော့ ပတ်ဝန်းကျင်တွင် ပြောစရာ ဖြစ်မည်။ ဒီအိမ်က လူတွေကတော့ လွန်လွန်းသည်ဟု ထင်မိသည်။ ငွေဆိုတာက ကိုယ်သေရင် ကိုယ့်နောက်ပါသည်မှ မဟုတ်တာဘဲလေ ဒီတော့ မသေခင် စုသင့်သလောက်စု သုံးသင့်သလောက် သုံးရမည်ဟုတွေးမိ၏။
"ဒီလိုလူတွေ ရှိသလို ဒီလူတွေနဲ့ ဆန့် ကျင်ဘက် လူတွေလဲ ရှိသေးတယ်ကွ။ သူတို့ ကျတော့ ဆင်းရဲတဲ့ သူဌေးပေါ့ကွာ"
"ဟ... ကိုစိုင်းရ လုပ်ပါဦးဗျ... ဘယ်လို လူမျိုးတွေလဲ"
"ဘယ်လို လူမျိုးလဲ ဆိုတော့က ဟိုဘက်ရပ်ကွက်ကကွာ...။ ဟော... ပြောရင်းဆိုရင်း လာပြီ"
ကိုစိုင်းက ဆိုင်ရှေ့ထိုးဆိုက်လာသော ဆိုင်ကယ်ကို မျက်စပစ်ပြသည်။ သဘောက ဒီလို လူမျိုးတွေပေါ့ကွာ ဟု ပြောချင်သည့် သဘောမျိုး ဖြစ်သည်။ ကျွန်တော် လှည့်ကြည့်လိုက်တော့ ကျွန်တော့် သူငယ်ချင်း ကိုနိုင် ဖြစ်နေသည်ကို တွေ့ လိုက်ရသည်။ ကိုနိုင့် အကြောင်း ကျွန်တော် သိသည်။ ခုချိန်ထိ ဘာအလုပ်အကိုင်မှ မယ်မယ်ရရ မလုပ်သေးဘဲ မိဘ လုပ်စာထိုင်စားပြီး ယောင်ခြောက်ဆယ် လုပ်နေသူ ဖြစ်သည်။
"ငရဲ... မင်း မလေးရှားက ပြန်ရောက်လာတာ ငါတို့ ကို ဘာပွဲမှ လုပ်မပေးရသေးဘူးနော်"
"အေးပါ ငါလဲ လုပ်ပေးဖို့ အစီအစဉ်ရှိပါတယ်။ လူစုံတဲ့ တစ်ရက်ပေါ့"
"အေးပါ ဒီမှာ ဝိုင်းသေးသေးတော့ မရဘူးနော်။ ပြည်မြို့ ကို တက်မယ်....ပုံတော့ မပြောနဲ့ နော်။ ဒေါ်ဘုတ်ကြီး ကျွန်တော့်ကို ထမင်းသုတ် တစ်ပွဲ ကြက်ဥကြော်နဲ့ အမဲကြော် ထည့်မယ်"
ဒေါ်ဘုတ်ကြီးကို အော်မှာရင်း ကိုနိုင်တစ်ယောက် ဆိုင်တွင်းဝင်သွားသည်။ ကျွန်တော် ကိုစိုင်းကို လှည့်ကြည့်လိုက်တော့ ကိုစိုင်းက တွေ့ လား ဆိုသည့် သဘောမျိုး မေးထိုးပြ ပြန်သည်။
"မင်းတွေ့ တယ် မဟုတ်လား။ မင်းသူငယ်ချင်းကို ဒါနေ့ တိုင်း သူမနက်စာ စားတာ ပြီးရင် လက်ဖက်ရည်နဲ့ ဆေးလိပ်ထပ်သောက်ဦးမှာ။ ဒါမနက်စာဘဲ ရှိသေးတယ်နော်။ တစ်နေကုန် သုံးတာ မဟုတ်သေးဘူး။ ဝတ်ထားတဲ့ အကျီ င်္ကိုကြည့် GIODRANO အကျီ င်္၊ ဘောင်းဘီက NOBODY နဲ့ မျက်မှန်က ရေဘင်မျက်မှန်နဲ့ ... ဒါပေမယ့် အလုပ်မရှိ အကိုင်မရှိ ဝင်ငွေ တပြားမှ မရှိဘူး"
"ဒါပေမယ့် သူ့ အဖိုးကြီးက ခိုင်ပါတယ် ကိုစိုင်းရ...။ စက်ရုံထဲမှာ အကြံအဖန်တွေ ရှိတယ်လေ"
"အဲဒါ အရင်တုန်းက ညီရဲရ။ ခုက စက်ရုံမှူး အသစ်ပြောင်းလာလို့ အဖိုးကြီးလဲ အရင်လို အတိုအလျိုတွေ မရတော့ဘူး။ ဒါကို သူတို့ က ခုထိ အသုံးအစွဲက မလျှော့ဘူး။ မင်းသူငယ်ချင်းဆိုရင် ဆိုင်ကယ်တဝီဝီနဲ့  ပြည်မြို့ က ဘီယာဆိုင်၊ မာဆတ်၊ KTV စတဲ့ မကောင်းတဲ့ နေရာ မှန်သမျှ သူမရောက်ဖူးတဲ့ နေရာ မရှိဘူး။ ခုဆို သူတို့ က ဟန်မပျက်နေနေပေမယ့် အကြွေးတွေက ပွလို့ "
"ဟုတ်လို့ လား... ကိုစိုင်း"
"အဲဒီထက်ဆိုးတယ် ညီရဲ...။ သူ့ အဖိုးကြီးနဲ့ ငါနဲ့ က တစ်ဌာနတည်းလေ။ ဒီတော့ သိတာပေါ့။ အဖိုးကြီးက ပင်စင်သွားဖို့ က နီးပြီ သိပ်မကြာတော့ဘူး။ ဒါပေမယ့် ပင်စင်နားပြီးရင် နေဖို့ အိမ်က မရှိသေးဘူး။ ပင်စင်နားပြီးရင် ခုနေတဲ့ လိုင်းခန်းကနေ ပြောင်းပေးရတော့မယ်လေ။ ခုကတော့ ဘာမှ မဖြစ်သေးဘူးပေါ့။ ဒါပေမယ့် အဲဒီအချိန်ရောက်ရင်တော့ သူတို့ တွေ ဒုက္ခရောက်ကြလိမ့်မယ်"
ကိုစိုင်း စကားကို ကြားပြီး ကျွန်တော် ရင်မောသွားသည်။ ကိုနိုင်ကို ကြည့်လိုက်တော့ ကောင်းကောင်းနေ၊ ကောင်းကောင်းစားဖြင့် ဇိမ်ကျနေ၏။ သူ့ တွင် ဘာအပူအပင်မှ မရှိပေ။ တကယ်တော့ သူတို့ ဖြစ်သင့်သည်က ပိုက်ဆံကို ရသည့် အချိန်က စုပြီး အိမ်လေး ဘာလေး ဝယ်ပြီး အခြေချထားသင့်သည်။ ကိုနိုင်နဲ့ ပတ်သက်ပြီး သူ့ မိဘများနှင့်ပါ ရင်းနှီးသဖြင့် ခုလို သူ့ မိဘတွေ အိုဇာတာ မကောင်း ဖြစ်တော့မည့် သတင်းကို ကြားရတော့ စိတ်မကောင်း ဖြစ်မိ၏။ ပထမ မိသားစု တုန်းက ပိုက်ဆံ ရှိရဲ့ နဲ့ မသုံးဘဲ ဆင်းရဲသားတွေလို နေလို့ ၊ ခုမိသားစုကြတော့ ပိုက်ဆံ မရှိဘဲနဲ့ သူဌေးတွေလို သုံးလို့ ပတ်ဝန်းကျင်တွင် ပြောစရာတွေ ဖြစ်နေကြ၏။ သြော်... လူတွေ လူတွေ လောကကြီးထဲမှာ နေရာ  အထားအသိုတွေ မှားယွင်းနေကြပါလားလို့ တွေးမိလိုက်သည်။
Wednesday 23 November 2011
မညီသော အနားများ
အလုပ်ပိတ်ရက် တစ်ရက်တွင် ကျွန်တော်သည် Tampines Mall မှ ဈေးဝယ်ပြီးနောက် အိမ်သို့ ပြန်ရန် ကားမစောင့်ချင် သောကြောင့် အေးအေးဆေးဆေး လမ်းလျှောက်၍ ပြန်လာခဲ့သည်။ Tampines Mall မှ ကျွန်တော့် အိမ်သို့  ဆယ့်ငါးမိနစ်ခန့် လမ်းလျှောက်ရ၏။ တစ်ယောက်တည်း ဟိုတွေး ဒီတွေးဖြင့် ငေးမောရင်း လျှောက်လာစဉ် ကျွန်တော့်ရှေ့မှ သွားနေသော အသက်ကြီးကြီး အန်ကယ်ကြီး တစ်ယောက်ကို မှီလာ၏။ ဈေးဝယ်၍ ပြန်လာဟန်တူသော အန်ကယ်ကြီးသည် လက်တွန်းလှည်းလေးကို တရွေ့ ရွေ့ တွန်းရင်း ကျွန်တော့်ရှေ့မှ တုန်တုန်ချိချိဖြင့် သွားနေသည်။ ကျော်တက်ရအောင်လဲ လူသွားလမ်းကျဉ်းလေး ဖြစ်သဖြင့် ကျွန်တော်လဲ အတင်းကျော်တက်ရမှာ အားနာသောကြောင့် နောက်နားမှ အသာမှေး၍ ကပ်လျှောက်လာခဲ့လိုက်၏။ ဒီလိုဖြင့် လျှောက်လာရင်း တနေရာ အရောက်တွင် ရှေ့မှ သွားနေသည့် အန်ကယ်ကြီးက လမ်းချိုးတစ်ခု အတွင်းသို့ ကွေ့ ဝင်လိုက်သည်။ သို့ သော် တဖက်လမ်းက ကျွန်တော်တို့ လျှောက်နေသည့် လမ်းထက် အနည်းငယ် မြင့်နေသောကြောင့် အန်ကယ်ကြီးက လှေကားထစ်ပေါ်မှ လက်တွန်းလှည်းကို နောက်ပြန် မနိုင်မနင်းဖြင့် အတင်းဆွဲတင်နေရ၏။ ကျွန်တော်လဲ အမြင်မတော်သောကြောင့် နောက်မှ ပြေးပြီး လက်တွန်းလှည်းကို အောက်မှ ပင့်၍ တွန်းတင် ပေးလိုက်သည်။ ထို့ နောက် အန်ကယ်ကြီးကို မော့ကြည့်လိုက်တော့ ကျွန်တော် နားလည်ရခက်သော အကြည့်တမျိုးဖြင့် ခပ်တွေတွေလေး ကျွန်တော့်ကို စိုက်ကြည့်နေသည်ကို တွေ့ လိုက်ရ၏။ ကျွန်တော်က သူ့  ကို ပြုံးပြလိုက်တော့ သူကလဲ ကျွန်တော့်ကို ယောင်ရမ်းပြီး ပြန်ပြုံးပြရင်း ကျွန်တော့်ကို မင်းဘယ်က လာတာလဲ ဟုမေးသည်။ ကျွန်တော်က မြန်မာပြည်က လာတာပါ။ ငါမြန်မာ လူမျိုးပါဟု ပြောလိုက်တော့ ခေါင်းလေး တညိမ့်ညိမ့်ဖြင့် သြော်... မြန်မာလား။  မြန်မာတွေ ကြင်နာတတ်တာ ငါသိတယ် ဟုပြန်ပြောသည်။ ထို့ နောက် သူ့ လက်တွန်းလှည်းလေးကို တရွေ့ ရွေ့ တွန်းရင်း တုန်တုန်ချိချိဖြင့် ကျွန်တော့်ရှေ့မှ ထွက်သွား၏။ သူထွက်သွားပေမဲ့ ကျွန်တော် ကိုယ့်လမ်းကိုယ် မသွားနိုင်သေး။ အဘိုးအို၏ အကြည့်ကို အဓိပါယ် ဖွင့်ကြည့်နေမိ၏။ ဒီမျက်ဝန်း၊ အကြည့်မျိုးကို ကျွန်တော် ကြုံးဖူးသေးသည်။
ကျွန်တော် ဒီစင်ကာပူကို စရောက်ခါစက ဖြစ်သည်။ အဲဒီနေ့ က ကျွန်တော့် Leader က ကျွန်တော် အလုပ်လုပ်ရမည့် Deparment အတွင်းမှ လူများနှင့် ကျွန်တော့်ကို တစ်ယောက်ချင်းစီ လိုက်မိတ်ဆက်ပေးနေသည်။ ထိုသို့ မိတ်ဆက်ပေး နေစဉ်မှာပင် Deparment အတွင်း သန့် ရှင်းရေး လုပ်သည့် Cleaner အန်တီကြီးက အမှိုက်ပုံးအတွင်းမှ အမှိုက်အိတ် အကြီးကြီးကို မနိုင်မနင်းဖြင့် ဆွဲထုတ်နေသည်ကို တွေ့ ရသဖြင့် မနေတတ်သည့် ကျွန်တော်က အမှိုက်အိတ်ကို အပြေးအလွှား သွားကူထုတ်ပေးမိသည်။ ကျန်လူများ အားလုံးက ကျွန်တော့်ကို အံသြ ထူးဆန်းသည့် မျက်လုံးများဖြင့် ဝိုင်းကြည့်နေကြသည်ကို ကျွန်တော် မသိချင်ယောင်ဆောင် နေလိုက်သည်။ ဒါပေမယ့် ကျွန်တော် အန်တီကြီး၏ မျက်ဝန်းအကြည့် များကိုတော့ မသိချင်ယောင်ဆောင်နေလို့ မရပေ။ အန်တီကြီး ကြည့်သည့် အကြည့်ကလဲ စောစောက အန်ကယ်ကြီး ကြည့်သည့် အကြည့်မျိုးပင် ဖြစ်သည်။ ထိုအကြည့်ထဲတွင် အံသြခြင်း၊ ဝမ်းသာခြင်း၊ မယုံနိုင်ခြင်း စသည့် စသည့် အရောင်များ ရောထွေးပါဝင်နေသည်ဟု ခံစားရ၏။ ကျွန်တော့် အနေဖြင့် ခရီးသွားဟန်လွဲ ကူညီလိုက်ခြင်း ဖြစ်သော်လဲ သူတို့ အတွက်တော့ အထူးအဆန်း ဖြစ်နေဟန် တူသည်။ ဒီနိုင်ငံသား လုပ်ဖော်ကိုင်ဖက် တစ်ယောက်ကတော့ သူလဲ ပိုက်ဆံယူပြီး သူ့ အလုပ်သူလုပ်တာဘဲ ကူညီစရာ မလိုပါဘူးဟု ကျွန်တော့်ကို ပြောဖူးသည်။ ဒါပေမယ့် ရပ်ကွက်ထဲမှ သက်ကြီးရွယ်အိုများကို အခါအားလျော်စွာ ကူညီလုပ်ကိုင်ပေးလေ့ ရှိသည့် ကျွန်တော့် အတွက်ကတော့ အကျင့်ပါနေသည်ဘဲ ပြောပြော မြန်မာ့ စိတ်ဓာတ်လေးဖြင့် ကူညီမိလေ့ ရှိသည်။
တခါကလဲ ကျွန်တော်နှင့် အဖော်တစ်ယောက် ကန်တင်းသို့ နေ့ လည်စာ ထမင်းစားရန် ထွက်လာခဲ့၏။ ကျွန်တော်တို့ ဓာတ်လှေကားထဲသို့ ဝင်ရန် ပြင်စဉ်မှာပင် ကန်တင်းတွင် ထမင်းရောင်းသည့် အန်တီကြီးက အထုတ်အပိုးများ ဆွဲ၍ ရောက်လာပြီး သူ့ ကို ခဏစောင့်ရန် ပြောသည်။ ထို့ နောက် အထုပ်နှစ်ထုပ်ကို ဓာတ်လှေကား ပေါက်တွင် ချပြီး ကားစီသို့ ပြန်ပြေးသွားသည်။ ကျွန်တော်လဲ မနေနိုင်သောကြောင့် ကားဆီသို့ လိုက်ပြီး အန်တီကြီးကို အထုပ်များ ကူသယ်ပေးလိုက်၏။ ကျွန်တော် ကျွန်တော် ဓာတ်လှေကားဝက အထုပ်နှစ်ထုပ်ကို ပါတခါတည်းဆွဲပြီး ဓာတ်လှေကားထဲသို့ တခါတည်း ထည့်လိုက်သည်။ တဖန် ကားဆီကို ပြန်သွား၍ အန်တီကြီးကို သွားကူသယ်ပေးမည် အလုပ်တွင် ကျွန်တော့် အဖော်က မင်းလိုက်မှာလား မလိုက်ရင် ငါသွားနှင့်မယ်ဟု  လှမ်းပြော၏။ ကျွန်တော်က ခဏလေးပါ ပြီးပါပြီဟု ပြောကာ ကျန်သည့် အထုပ်များကို ကူညီကာဝိုင်း၍ သယ်ပေးလိုက်သည်။ ကျွန်တော်နှင့် အန်တီကြီးတို့  သာ အပြေးအလွှားဖြင့် အထုပ်များ သယ်နေသော်လဲ အဖော်ဖြစ်သူကတော့ ဖုန်းကလိပင် မပြတ်ပေ။ ဓာတ်လှေကား အပေါ်ရောက်တော့လဲ သူက ခပ်တည်တည်ပင် ရှေ့မှ ကော့ကော့ ကော့ကော့ဖြင့် ထွက်သွား၏။ အန်တီကြီးက ကျွန်တော့်ကို ရပါတယ် သွားပါဟု ပြောသော်လဲ မနေတတ်သည့် ကျွန်တော်က ရပါတယ်ဟု ဆိုကာ ကူသယ်ပေးလိုက်၏။
တလောက တရုတ်နိုင်ငံတွင် နှစ်နှစ်သမီးအရွယ် ကောင်မလေး တစ်ယောက် ကားတိုက်ခံရသည့် သတင်းကို ဖေ့ဘွတ်တွင် ကြည့်လိုက်ရသည်။ လူမမယ် ကလေးတစ်ယောက်အပေါ် လူမဆန်သည့် မြင်ကွင်းကို စိတ်မကောင်းဖွယ် တွေ့ လိုက်ရ၏။ ကားရှေ့ပိုင်းဖြင့် တိုက်ပြီး ကားနောက်ဘီးဖြင့် ကလေးကို ကျောက်တုံးတစ်တုံး၊ သစ်တုံးတစ်တုံး ကဲ့သို့ အတင်းဖြတ်ကျော်သွားသည့် ကားသမား၊ သွေးအိုင်ထဲ လဲနေသည့် လူမမယ် ကလေးတစ်ယောက်လုံးကို ဥပေက္ခာ ပြုနိုင်သည့် လမ်းသွားလမ်းလာများနှင့် လဲနေသည့် ကလေးကို ထပ်တိုက်လိုက်သည့် ကားသမားတို့ ၏ အကြင်နာတရား ခေါင်းပါးမှုကို ကြည့်ရင်း အံသြမိ၏။ အတူတူ ကြည့်နေသည့် သူငယ်ချင်း၏ မှတ်ချက်စကားကလဲ မှတ်သားဖွယ် ဖြစ်သည်။ “တောက်... တော်တော်ရက်စက်တဲ့ လူတွေ တို့ မြန်မာနိုင်ငံမှာ ဆိုရင် ကလေးတစ်ယောက် ခုလို ကားတိုက်ခံရတာ မပြောနဲ့ ကလေးတစ်ယောက် ချော်လဲ သွားရင်တောင် ပြေးထူပေးတဲ့ လူတွေ အများကြီးဘဲ။ ကောင်မလေးအတွက် စိတ်မကောင်းဖြစ်လိုက်တာကွာ” ဟု ပြောလိုက်သည့် သူငယ်ချင်း၏ စကားက ခုချိန်ထိ နားထဲက မထွက်ပေ။ ဟုတ်သည် မြန်မာနိုင်ငံတွင် ယခုကဲ့သို့ အကြင်နာတရား ခေါင်းပါးသည့် အပြုအမူမျိုး တွေ့ ရလေ့ မရှိပေ။
ဒီနိုင်ငံတွင်လဲ ကျွန်တော် ကားအက်ဆီးဒင့် တစ်ခုကို မြင်ဖူးခဲ့သည်။ ကျွန်တော်နှင့် အဖော်နှစ်ယောက် ညဆိုင်းဆင်းပြီး အလုပ်မှ ပြန်လာစဉ် မီးပွိုင့်၌ ကားလမ်းကူရန် စောင့်နေစဉ် အချိန်က ဖြစ်သည်။ ဟိုင်းဝေးလမ်းမကြီးပေါ်မှ မီးပွိုင့်လွတ်အောင် အပြင်းမောင်းလာသည့် ကားက လမ်းသွယ်အတွင်းသို့  ချိုးကွေ့ အဝင်တွင် အရှိန်လွန်ပြီး တဘက်ယာဉ်ကြောမှ ကားကို တိုက်မိခြင်း ဖြစ်၏။ ကားအက်ဆီးဒင့် ဖြစ်သည်ကို မြင်တော့ မြန်မာနိုင်ငံက လာသည့် ကျွန်တော်က ထုံးစံအတိုင်း “ဟာ... ကားအက်ဆီးဒင့် ဖြစ်ပြီ” ဟု အော်ပြီး အခင်းဖြစ်ရာ နေရာသို့ ပြေးရန် ခြေလှမ်းပြင်သည်။ ဒါကို မြင်တော့ ကျွန်တော့် အဖော်နှစ်ယောက်က ကျွန်တော့်ကို ဘာလုပ်တာလဲဟု ဆိုကာ နောက်မှ ဆွဲထားပြီး ဒါငါတို့  အလုပ်မဟုတ်ဘူး ရဲအလုပ်ဟု ပြောသည်။ ကားနှစ်စီး ဝုန်း၊ ဒုန်းကနဲ တိုက်သည်ကို တချက်လောက်သာ စောင်းငဲ့ ကြည့်သွားသည့် လမ်းသွားလမ်းလာများ၊ ကားနှစ်စီး တိုက်မိပြီး လမ်းပေါ်တွင် ပိတ်ရပ်နေသလို ဖြစ်နေသဖြင့် နောက်မှ လာသည့် ကားသမားက ဒေါသတကြီးဖြင့် ဟွန်းကို တပွမ်ပွမ်တီးပြီး ကားများကို လမ်းဘေးချခိုင်းခြင်းတို့ ကို ကျွန်တော် အံသြဖွယ် တွေ့ လိုက်ရ၏။
သူတို့ ၏ လူမှုရေး ခေါင်းပါမှု၊ အကြင်နာတရား နည်းပါးမှုတို့ က ကျွန်တာ့်အတွက်တော့ အထူးအဆန်း ဖြစ်နေ၏။ မြန်မာနိုင်ငံတွင် ဒီလို လူမှုရေး ခေါင်းပါးသည့် အဖြစ်မျိုးကို မြင်ရတွေ့ ရလေ့ မရှိသလောက် ဖြစ်၏။ တစ်ယောက်မဟုတ် တစ်ယောက်ကတော့ ကူညီကြလေ့ရှိ၏။ ဒါတွေက သူတို့ ၏ ယဉ်ကျေးမှု၊ ဓလေ့စရိုက်၊ အလေ့အထ လားဟု ကျွန်တော်တွေးကြည့်မိသည်။ သူတို့ ၏ ယဉ်ကျေးမှု၊ ဓလေ့စရိုက်၊ အလေ့အထများက ကျွန်တော့် အတွက် အထူးအဆန်း ဖြစ်နေသကဲ့သို့ ကျွန်တော့် အပြုအမူများကလဲ သူတို့ အတွက် အထူးအဆန်း သဖွယ် ဖြစ်နေသည်ကို တွေ့ ရ၏။ နိုင်ငံတစ်နိုင်ငံတွင် သူ့ လူမျိုး၊ သူ့ ယဉ်ကျေးမှု၊ ဓလေ့စရိုက်နှင့် အလေ့အထတို့ ရှိကြသည်။ ယဉ်ကျေးမှု၊ ဓလေ့စရိုက်၊ အလေ့အထများက ကမ္ဘာကြီး၏ မညီသော အနားများ ဖြစ်မည် ဆိုလျှင် ကျွန်တော်တို့ နိုင်ငံ၏ ယဉ်ကျေးမှု၊ ဓလေ့စရိုက်၊ အလေ့အထ လေးများကြောင့် မြန်မာလူမျိုးတစ်ယောက် ဖြစ်ရသည်ကို ကျွန်တော်ဂုဏ်ယူမိပါတော့သည်။ မြန်မာလူမျိုးတို့  ၏ လူမှုရေး သိတတ်မှု၊ အကြင်နာတရား ရှိမှုတို့ ကို တခြားနိုင်ငံသား တစ်ယောက်က ချီးကျူး ပြောလာတိုင်း ကျွန်တော် ကြည်နူးပီတိဖြစ်ရ၏။ မိမိရှေ့တွင် အမြင်မတော်သည်တို့ ကို တွေ့ တိုင်း မြန်မာလူမျိုး တစ်ယောက်၏ ကူညီရိုင်းပင်းတတ်သည့် မြန်မာ့စိတ်ဓာတ်လေးက ခေါင်းပြူထွက်လာ၍ ကူညီဖြစ် နေတော့သည်။
Friday 18 November 2011
အနေအစား မတတ်တဲ့ ဒီပါးစပ်
ချစ်သူကို 
ချစ်တယ်...
 မပြောရဲခဲ့တဲ့
ဒီပါးစပ်က
ခုကျ 
ရွာရိုးကိုးပေါက်
ရင်ဖွင့်ပြ
တလောကလုံးသိဖို့ 
လှစ်ဟပြနေလေရဲ့ ...။
 ပုံကို google မှ ယူပါသည်။
Saturday 12 November 2011
သူခိုးကြီးည တစ်ည (၂)
ကျွန်တော်တို့ လက်ဖက်ရည်ဆိုင် ရောက်ပြီး မကြာခင်မှာပင် ကိုရန်နိုင် တစ်ယောက် တရှူးရှူးဖြင့် လက်ဖက်ရည်ဆိုင်သို့ ရောက်လာ၏။ ကျွန်တော်တို့ ဝိုင်းဆီသို့ ဦးတည် လာနေခြင်း ဖြစ်သည်။
“ကိုရန်နိုင်ကြီး လိုက်လာနေပြီ ကိုရဲ...”
တရားခံ နှစ်ယောက်ဖြစ်သည့် ဂီရိနှင့် ကိုသက်တို့ ကြောက်နေကြပြီ ဖြစ်သည်။ 
“မင်းတို့ အသာနေ ဘာမှ ဝင်မပြောနဲ့ ငါ့ဘာသာ ငါကြည့်ပြောမယ် ကြားလား... မင်းတို့ ဖော်လိုဘဲလိုက်”
“ဟေ့ကောင် ညီရဲ... ခုနက မင်းတို့ အဖွဲ့ မဟုတ်လား”
ကိုရန်နိုင် တစ်ယောက် လူက ဝိုင်းကို မရောက်သေးခင် မေးခွန်းက အရင် ရောက်လာသည်။
“ဘာကိုလဲ ကိုရန်နိုင်... ခင်ဗျားဘာကိုမေးတာလဲ။ ကျွန်တော်တို့ လဲ ဘာမှ မသိရပါလား”
“ဘူးမခံနဲ့ ညီရဲ... မင်းတို့ ဆိုတာ ငါသိတယ်”
“ခင်ဗျား ဘာသိတာလဲ။ ကျွန်တော်တို့ ဒီမှာ ထိုင်နေတာ ကြာလှပြီ။ မယုံရင် ဒီဆိုင်က စားပွဲထိုး ကောင်လေးတွေကို ခေါ်မေးလို့ ရတယ်”
ကျွန်တော့် စကားကို ကြားတော့ ကိုရန်နိုင် တချက်တွေကနဲ ဖြစ်သွားသည်။ ကျွန်တော်က ခပ်တည်တည် ပြောလိုက်တော့ သူ့ ဘာသာ သူလဲ ဇဝေဇဝါ ဖြစ်သွားဟန်တူသည်။ ကျွန်တော်ပြောသလိုပင် စားပွဲထိုးဘဲ ခေါ်မေးရမလိုလို ဖြစ်နေ၏။ စားပွဲထိုး ခေါ်မေးလဲ ကျွန်တော့် အတွက်က အကြောင်းမဟုတ် ဒီဆိုင်က ကောင်လေးတွေက ကျွန်တော့် ကောင်လေးတွေ ဖြစ်သည်။ ပြီးမှ ဇဝေဇဝါ လေသံဖြင့်-
“မင်းတို့ ... မင်းတို့ ... ခုနက ငါတို့ လင်မယားကို လာ....”
ကိုရန်နိုင် တစ်ယောက် သူတို့ လင်မယားကို လာချောင်းသည့် ကိစ္စကို ပြောရလဲ ခက်နေသည်။ ကျွန်တော်ကလဲ ခပ်တည်တည်ဖြင့် သူ့ စကားကိုပင် ထောက်ပေးလိုက်သေးသည်။ 
“ခင်ဗျားတို့ လင်မယားကို ဘာဖြစ်လဲ ကိုရန်နိုင်”
“မင်းတို့ ... မင်းတို့ ကွာ...”
ကိုရန်နိုင်တစ်ယောက် လက်ပူးလက်ကြပ် မိခြင်း မဟုတ်သောကြောင့် စွပ်စွဲ မရသဖြင့် ကြိတ်မနိုင် ခဲမရ ဖြစ်နေသည်။ နောက်မှ ပြောစရာ စကားရသွားဟန်ဖြင့်-
“ခုနက ကြက်ခိုးတာ မင်းတို့ အဖွဲ့ မဟုတ်လား။ အိမ်မှာ ယောက်ခမကြီး ပေါက်ကွဲနေတယ်။ စောစောစီးစီး သူ့ ကြက်ပါသွားလို့ တဲ့”
“ကြက်ခိုးတာ ဟုတ်လား။ စောစောစီးစီး ကိုရန်နိုင်ရယ်...။ ဘယ်သူတွေက ဒီလောက် လက်သွက်ကြတာလဲ။ ကျွန်တော်တို့ တောင် ခဏနေမှ လက်ဖက်ရည်ဆိုင်က ထပြီး လုပ်ငန်းစဖို့ လုပ်နေတာ။ ဒါဆို ကျွန်တော်တို့  တောင် နောက်ကျနေပြီ ထင်တယ်”
ကျွန်တော့် စကားကြောင့် ကိုရန်နိုင် ဝေခွဲမရ ဖြစ်သွားဟန်တူသည်။ သူ့ စိတ်ထဲတွင် ကျွန်တော်တို့ အဖွဲ့ မှန်း သိနေသော်လဲ လက်ပူးလက်ကြပ် မမိခြင်းကြောင့် စွပ်စွဲရခက်နေ၏။ နောက်မှ ကြိတ်မနိုင် ခဲမရ အသံဖြင့် ပြောလာသည်။
“ညီရဲ... မင်းတို့ ကွာ။ ကြက်ခိုးရင်လဲ ခိုးပေါ့ ဘာကြောင့် ငါတို့ လင်မယားကို လာချောင်းရတာလဲ”
ကိုရန်နိုင့် စကားအဆုံးတွင် ကျွန်တော်တို့ လဲ မထိန်းနိုင်တော့ဘဲ တခိခိ ရယ်ရင်း သူ့ စကားအတိုင်း ပြန်ပြောလိုက်သည်။
“ကိုရန်နိုင် ခင်ဗျားတို့ လင်မယားကလဲဗျာ။ စောစောစီးစီးကြီး”
ကျွန်တော့် စကားအဆုံးတွင် ကိုရန်နိုင်လဲ မျက်နှာကြီး နီမြန်းသွားပြီး ဘာမှ ပြန်မပြောတော့ဘဲ လှည့်ထွက်သွားတော့၏။ ကျွန်တော်တို့ လက်ဖက်ရည်ဆိုင် ဆက်ထိုင်နေဆဲမှာပင် တာတီးတစ်ယောက် လက်ဖက်ရည်ဆိုင် လိုက်လာသည်။ 
“ကိုရဲ... ကိုကျော်ကြီးက ခေါ်ခိုင်းလိုက်လို့ ။ လုပ်စရာတွေ အများကြီးမို့ လာကူပါဦးတဲ့”
“အေး... အေး... ဟေ့ကောင်တွေ အမြန်သောက် သွားကြမယ်”
ကျွန်တော်တို့ စုရပ်ကို ရောက်တော့ ထမင်းအိုးတွေပင် ကျက်နေပြီ ဖြစ်သည်။ ကျွန်တော့်ကို တွေ့ တော့ ကြက်ကိုင်နေသည့် ကိုကျော်ကြီးက ထလာပြီး ပြေသည်။
“ညီရဲရေ ချက်တဲ့ပြုတ်တဲ့ နေရာမှာ ကူလိုက်ပါဦး။ ကိုအောင်ထူးကြီးတို့ မနိုင်မနင်းတွေ ဖြစ်နေတယ်။ ပြီးရင် မင်းကောင်လေး သုံးယောက်ကို ငှက်ပျောရွက် သွားခူးခိုင်းလိုက်ဦး”
“ဟေ့ကောင်တွေ ကိုကျော်ကြီး ပြောတာ ကြားတယ် မဟုတ်လား။ သွား... ငှက်ပျောရွက် သွားခူးကြ”
“ဟုတ်... ကိုရဲ ကျွန်တော်တို့ ငှက်ပျောရွက်ခူးရင်း ထမင်းစားပြီး အချိုတည်းဖို့ အသီးအနှံလေး နဲနဲ ရှာလာခဲ့မယ်”
“အေး... ပြဿနာတော့ ရှာမလာခဲ့ကြနဲ့ နော်...”
ဂီရိတို့ အဖွဲ့ ထွက်သွားပြီးနောက် ကျွန်တော်တို့ လဲ ကိုအောင်ထူးကြီးကို ကူညီချက်ပြုတ်ပေးနေကြသည်။ ထိုစဉ် အရက်သမား ပိစိတစ်ယောက် ကြက်ကြီး ပိုက်ပြီး ရောက်လာသည်။ 
“ဟေ့ကောင် ကျော်ကြီး မင်းတို့ အဖွဲ့ ထဲ ငါလဲ ပါမယ်။ ငါ့မှာ ကြက်တစ်ကောင်ပါလာတယ်”
“ပိစိရာ... ဟုတ်မှလဲ လုပ်ပါ မင်းဘယ်က ကြက်ကြီး မလာပြန်ပြီလဲ”
“ငါ့အိမ်က ငါ့အစ်မကြက် ငါခိုးလာတာကွ”
ခုမှ  ကြက်လေးကောင်၊ ဘူးသီးနှစ်လုံးနှင့် ကိုငြိမ်းတို့ ခူးလာသည့် ကန်စွန်းရွက်ကြော်တို့ ဖြင့်ကျွန်တော်တို့  အဖွဲ့ အစီအစဉ်လေးက ပိုမြိုင်သွားသည်။ ကျွန်တော်တို့ ချက်ပြုတ်နေဆဲမှာပင် ငှက်ပျောရွက် သွားခူးသည့် ဂီရိတို့ အဖွဲ့  ပြန်ရောက်လာသည်။
“ကိုရဲ ကျွန်တော်တို့ မာလကာသီး ကီလိုသီးတွေနဲ့ တောင်သလဲသီးတွေ ရလာခဲ့တယ်”
“အေး... ကောင်းတာပေါ့ကွ။ ထမင်းစားပြီး အချိုတည်းလို့ ရတာပေါ့”
“ပြီးတော့ ကျွန်တော်တို့ အုန်းသီးတွေလဲ ခူးလာသေးတယ် ကိုရဲ...”
“ဘာ... အုန်းသီး ဟုတ်လား။ မင်းတို့ အုန်းသီး ဘယ်က ရလဲ”
“ဟီး... ဟုတ်တယ် ကိုရဲ ကျွန်တော်တို့ ကိုရဲတို့ အိမ်က အုန်းပင်ကနေ ခူးလာတာ”
“သြော... မင်းတို့ က ငါ့အိမ်ကိုတောင် မထားဘူးပေါ့ ဟုတ်လား”
“မဟုတ်ပါဘူး ကိုရဲရာ ကျွန်တော်တို့ လဲ အုန်းရေ သောက်ချင်လို့ ပါ။ အုန်းသီးက ဇွန်းခြစ်လေးတွေဗျ တော်တော်ကောင်းမယ်”
“အေးပါ... ငါတော့ တပည့်မွေး မှားပြီ ထင်ပါတယ်ကွာ”
ကျွန်တော့် ငြီးငြူသံကြောင့် အားလုံးက ဝိုင်းရယ် ကြသည်။ ဒီတော့ ကျွန်တော်လဲ ရောယောင် ရယ်မိသည်ပေါ့။ ဂီရိက ကျွန်တော့်နား ကပ်လာပြီး တိုးတိုးလေး ကပ်ပြောလာသည်။
“ကိုရဲ... ကျွန်တော်တို့ နဲ့ ခဏလောက် လိုက်ခဲ့ပါဦး”
“ဘာဖြစ်လို့ လဲ”
ဒီကောင်တွေ ဘာပြဿနာ ရှာလာပြန်ပြီလဲ မသိဘူးဟု စိတ်ထဲက တွေးလိုက်မိသည်။ ထို့ ကြောင့် ဂီရိတို့ ကို မျက်မှောင်တချက် ကြုတ်ရင်း ကြည့်လိုက်တော့ သူတို့ ကလဲ ကျွန်တော့် အကြည့်ကို သိသည်။
“ကျွန်တော်တို့ ဘာပြဿနာမှ မရှာပါဘူး ကိုရဲ...။ ကြံခိုးတာ ခိုးမရလို့ ကိုရဲကို လာခေါ်တာပါ”
“ဘာလို့ ခိုးမရရတာလဲ”
“အဲဒီခြံရှင်ကြီး ဦးညိုဘက မအိပ်ဘဲ ကင်းစောင့်နေတာ။ ကျွန်တော်တို့ ကြံချိုးပြီး ပြေးရင် နောက်ကနေ လေးခွနဲ့ လိုက်ပစ်တာဗျ။ ဒီတော့ ကြံတွေဆွဲပြီး လယ်ကွင်းထဲမှာ ပြေးရတာ မလွယ်ဘူး။ လယ်ကန်သင်းနား ရောက်ရင် ကြံတွေ ဆွဲမရလို့ ပစ်ချပြီး လူလွတ်ထွက်ပြေး ရတော့ မသိရင် သူ့ ကိုဘဲ ကြံတွေ ချိုးပေးနေသလို ဖြစ်နေတယ်။ အဲဒါကြောင့် ကိုရဲကို လာခေါ်တာ”
“မင်းတို့ လုပ်မှ ငါက တကယ့် သူခိုးကြီး ကျနေတာဘဲ။ ကိုကျော်ကြီး ကျွန်တော် ဒီကောင်တွေနဲ့ ခဏ လိုက်သွားလိုက်ဦးမယ်”
“အေး... အေး... သိပ်မကြာနဲ့ နော် ဒီမှာ ပြီးတော့မယ်”
ကျွန်တော်လဲ ဂီရိတို့ နှင့် ကြံခြံ ရှိရာဘက်သို့ လိုက်လာခဲ့လိုက်သည်။ ကြံခြံနေရာက ရပ်ကွက်နှစ်ခုကြား ရွာပြင်ဘက်တွင် ဖြစ်သည်။ ကြံခြံကို ရောက်တော့ ဟိုဘက်ရက်ကွက်က မျိုးသူတို့ အဖွဲ့ ကိုပါ တွေ့ ရသည်။
“မျိုးသူ အခြေအနေ ဘယ်လိုလဲ”
“ခုထိတော့ မရသေးဘူးကွ။ အဘိုးကြီးက တော်တော်ဆိုးတယ်”
“မင်းတို့ က ဘယ်လိုတွေ ဝင်နေလို့ လဲ”
မျိုးသူက ကျွန်တော့်ကို သူတို့ ဘယ်လိုတွေ ဝင်သည့် အကြောင်းကို ရှင်းပြသည်။ သူ့ စကားကို နားထောင်ပြီး ကျွန်တော်က မျိုးသူကို ဆက်မေးလိုက်သည်။
“မင်းတို့ အဖွဲ့ က ကြံဘယ်နှချောင်းလောက် လိုချင်လို့ လဲ”
“ငါးချောင်းလောက် ဆိုရင် တော်ပါပြီ”
“အေး... ငါတို့ လဲ ငါးချောင်းလောက်ဆိုတော့... မင်းအပါအဝင် မင်းအဖွဲ့ က လူငါးယောက် ထုတ်လိုက်။ ပြီးရင် ငါ့နောက်က လိုက်ခဲ့။ ငါပြောသလို လုပ်နော်။ ဂီရိ မင်းတို့ ထဲက လေးယောက်လိုက်ခဲ့”
ဂီရိနှင့် နောက်သုံးယောက် ထွက်လာသည်။ လူရွေးပြီးတော့ ကျွန်တော်က သူတို့ ကို ခြံထဲသို့ မည်သို့  ဝင်မည်ကို ရှင်းပြသည်။
“ငါတို့ ကြံတွေကို တစ်ယောက်ကို နှစ်ချောင်း၊ သုံးချောင်း ဆွဲပြီး ပြေးရင် လယ်ကန်သင်း နေရာရောက်ရင် ဆွဲပြေးဖို့ မလွယ်ဘူး။ ဒီတော့ ငါတို့ ခြံထဲကို လူငါးယောက် ဝင်မယ်။  ငါးယောက်က ကန်သင်းနားက စောင့်မယ်။ ပြီးရင် တစ်ယောက်ကို ကြံနှစ်ချောင်းကို ပူးကိုင်ပြီး ငါက တစ်၊ နှစ်၊ သုံးချိုးလို့ အော်တာနဲ့ ချိုးပြီး တခါတည်း ပြေးမယ်။ ကန်သင်းနား ရောက်ရင် စောင့်နေတဲ့ ငါးယောက်က ကြံတစ်ယောက် တစ်ချောင်းကို ခွဲယူပြီး ငါတို့  တာလမ်းပေါ်ကို ရောက်အောင် ဆက်ပြေးကြမယ်။ တာလမ်းပေါ်ကို ရောက်ရင် ငါတို့ လွတ်ပြီ။ ငါပြောတာ သဘောပေါက်လား”
“အင်း... သဘောပေါက်တယ်”
“ဒါဆို ငါတို့ လုပ်ငန်း စကြမယ်”
ဒီလိုနဲ့ ကျွန်တော်တို့ ကြံငါးချောင်း ရလာခဲ့၏။ ကျွန်တော်တို့ စုရပ်ကို ရောက်တော့ အားလုံး ချက်ပြုတ် ပြီးစီးလို့ စားဖို့ သောက်ဖို့ ပင် ပြင်ဆင်နေပြီ ဖြစ်သည်။ ကိုကျော်ကြီးလဲ ဟိုလူ့ ကို ဟိုဟာလုပ်၊ ဒီလူကို ဒီဟာလုပ်လိုက်ဟု စီမံခန့် ခွဲ ပေးနေရင်း  အလုပ်ရှုပ်နေလေသည်။
“ညီရဲ ပြန်လာပြီလား။ အတော်ဘဲ မင်းတို့ အဖွဲ့ စက်လှေနှစ်စင်းကို တွဲချည်ပြီး စက်လှေ ခေါင်မိုးပေါ်မှာ ထမင်းစားဖို့ ငှက်ပျောရွက်တွေ ခင်းထားလိုက်။ ကျန်တဲ့သူတွေက ထမင်းအိုး၊ ဟင်းအိုးတွေကို စက်လှေတွေပေါ်ကို အကုန်တင်မယ်။ အားလုံး စက်လှေပေါ်ရောက်ပြီ ဆိုရင် ညီရဲ... လူဘယ်နှစ်ယောက်လဲ တွက်ချက်ပြီး ထမင်းခူးထားလိုက်”
“ဟုတ်ကဲ့ ကိုကျော်ကြီး... ဒါနဲ့ ထမင်းဘဲ ခူးထားလိုက်ရမှာလား”
“အေး... ထမင်းဘဲ အရင် ခူးထားနှင့် ဟင်းက အားလုံး နေရာယူပြီးမှ ငါ၊ မင်းနဲ့ ကိုအောင်ထူး လိုက်ထည့်ပေးမယ်”
အားလုံးချက်ပြုတ် ပြင်ဆင်ပြီးနောက် စက်လှေနှစ်စင်း ပေါ်တွင် ငှက်ပျောရွက်ခင်းကာ ထမင်းဟင်းများ ထည့်ပြီး ကာလသား လူငယ်များအားလုံး လက်ရည်တပြင်တည်း ပျော်ပျော်ပါးပါး စားသောက် ကြလေတော့သည်။ အားလုံးစားသောက် ပြီးစီးသည့်နောက် တချို့ လူငယ်များ ရွာထဲသို့ ပြန်သွားကာ သူခိုးကြီးညကို ဆက်လက် ဆင်နွဲကြသလို၊ တချို့ လဲ အိမ်ပြန်အိပ်ကြသည်။ ကျွန်တော်နှင့် တချို့  လူငယ်များကတော့ ငွေလရောင် ဆမ်းထားသည့် မြစ်ထဲမှ စက်လှေပေါ်မှာပင် ညအိပ်ဖြစ်ကြသည်။ မြစ်ပြင်ကို ဖြတ်၍ တသုန်သုန် တိုက်ခတ်နေသော လေပြည်လေညင်းအောက် စက်လှေပေါ်တွင် အိပ်မပျော်ခင် ပက်လက်လှန်ပြီး ထိန်ထိန်သာနေသည့် လမင်းကြီးနှင့် ကြယ်ရောင်စုံ ကောင်းကင်ကြီးကို ကြည့်ရသည်မှာ အလွန်ပင် မျက်စိပသာဒ ရှိလှ၏။
“ကိုရဲ... ဟိုးက ကြယ်က ဓူဝံကြယ်၊ ဟိုကြယ်တွေက ခုနစ်စင်ကြယ်၊ ဟိုကြယ်က ဘာကြယ်လဲ”
“အဲဒါက မောင်ရင် ဆိုင်းထမ်းကြယ်လို့ ခေါ်တယ်”
“ဟုတ်လား... ဒါဆို ဟိုကြယ်က ဘာကြယ်လဲ”
“ဟေ့ကောင် ဂီရိ ကြယ်မြင်တိုင်း လက်ညှိုးထိုး မေးမနေနဲ့ ။ ငါလဲ အကုန်တော့ ဘယ်သိမလဲဟ။ ကဲ... ကဲ... စကားများမနေနဲ့ အိပ်ကြတော့။ ခုနစ်စင်ကြယ်က အမြီးထောင်ရုံမကလို့ ကျွမ်းတောင်ပစ်နေပြီ အချိန်မနည်းတော့ဘူး အိပ်ကြတော့”
“ဟယ်... ကြည့်စမ်း ဘယ်သေချင်းဆိုးလေးတွေ လာလက်ကမြင်းသွားလဲ မသိဘူး”
ကျွန်တော် ကြည့်လိုက်တော့ အပျိုကြီးတွေ အိမ်ရှေ့မှာ ဘယ်သူ လာကပ်သွားမှန်း မသိသည့် ဘော်ဒါဆောင် ဆိုသည့် ဆိုင်းဘုတ်ကြီးကို တွေ့ လိုက်ရသည်။ အော်ဒါလိုက်သည် ဆိုသည့် စက်လှေ အငှားလိုက်သည့် ဦးကျော်တို့ အိမ်မှ ဆိုင်းဘုတ်ကလဲ အပျိုကြီးတွေ အိမ်ရှေ့ရောက်နေသည်။ ဒါကြောင့်လဲ အပျိုကြီးတွေ ကျွတ်ကျွတ်ညံနေခြင်း ဖြစ်မည်။ ရေရောင်းသည် ဆိုသည့် ဆိုင်းဘုတ်က ဆေးခန်းကို ရောက်နေသလို တခြားတခြားသော ဆိုင်းဘုတ်တွေလဲ ဟိုရောက် ဒီရောက်တွေ ဖြစ်နေသည်။ ကျွန်တော်လဲ အိမ်ပြန်ရောက်၍ မိမိ အိပ်ခန်းဝင်ပြီး အိပ်မည်လုပ်တော့-
“ဟိုကောင်လေး တစ်ညလုံး သွားချင်ရာ သွားပြီး အိပ်တော့မယ်ပေါ့ ဟုတ်လား”
“အင်း... အိပ်တော့မယ် အမေ... သားအိပ်ရေး မဝသေးဘူး”
“ကိုယ့်အိမ်ကိုယ် မစောင့်ဘဲ ပစ်ထား၊ တစ်ညလုံး သောင်းကျန်းနေပြီး ခုမှ အိပ်ဖို့ မစဉ်းစားနဲ့ ။ သွား... အိမ်က ပန်းအိုးတွေ မရှိတော့ဘူး။ ရွာထဲက ပြန်ရှာပြီး သယ်လာခဲ့...ပန်းအိုးတွေ ရှာပြီးမှ အိပ်”
မိခင်ဖြစ်သူ၏ တချက်လွှတ် အမိန့် သံ အဆုံးတွင် ကျွန်တော်လဲ ပန်းအိုးများ ပြန်ရှာရန် ရွာထဲသို့ ပြန်ထွက်လာခဲ့ရသည်။ အိပ်ချင်မူးတူးဖြင့် ပန်းအိုးများကို ရှာရင်း တွေးမိသည်က သြော်... ဒီကောင်တွေ ငါ့အိမ်လဲ လက်မရှောင်ပါလား ဟူသတည်း။ ဒီလိုနဲ့ သူခိုးကြီးည တစ်ညကို ဖြတ်ကျော်လွန်မြောက်ခဲ့တော့သည်။
Wednesday 9 November 2011
သူခိုးကြီးည တစ်ည
သီတင်းကျွတ် ပွဲတော်ပြီးလို့ တန်ဆောင်တိုင် ပွဲတော်ကို ရောက်တော့မည်။ ခုလို အခါကြီး ရက်ကြီး ပွဲတော်ချိန်ကို ရောက်လျှင် ရွာကို ပြန်သတိရမိသည်။ ခုချိန်ဆိုလျှင် ပြည်မြို့ တန်ဆောင်တိုင် ဘုရားပွဲတော်  စတော့ မည်မို့ ပြည်မြို့ နေလူထုနှင့် အနီးအနား ကျေးရွာများမှလူများ အုန်းအုန်းကြပ်ကြပ်နှင့် ရှိနေရော့မည်။ အရင်ကဆိုလျှင် သီတင်းကျွတ်တွင် ရသော မုန့် ဖိုးများကို အဝတ်အစား အသစ်များဝယ်ပြီး ပိုသော ပိုက်ဆံများကို တန်ဆောင်တိုင် ပွဲတော်တွင် သုံးရန် စုထားလေ့ရှိသည်။ ပြည်မြို့  တန်ဆောင်တိုင် ဘုရားပွဲတော်သို့ အနီးအနားရှိ မြို့ ၊ ရွာများမှ ဘုရားဖူး များစွာ လာရောက်လေ့ ရှိသောကြောင့် အလွန်စည်ကားလှ၏။ စွယ်တော် မြို့ တွင်းလှည့်သည့် နှစ်များတွင် ရပ်နီး၊ ရပ်ဝေးမှ ဘုရားဖူး ဧည့်ပရိသတ်များဖြင့် ပြည်မြို့ ရွှေဆံတော် ဘုရားပွဲတော်မှာ ကြက်ပျံမကျ စည်ကားလှသည်။ ယိမ်းကားများ မြို့ ထဲအနှံ လှည့်လည် ကပြလေ့ ရှိသည့် အပြင် ဇာတ်ပွဲ၊ ဆပ်ကပ်၊ တုတ်ထိုးရုပ်၊ ထူဆန်းထွေလာ၊ ဗလာပွဲများကြောင့် အလွန် စည်ကားသိုက်မြိုက်လှသည်။ တချို့ နှစ်များတွင် အာဝါဒေးပွဲများ ထည့်သွင်း ကျင်းပခဲ့သော်လဲ နောက်ပိုင်းနှစ်များတွင် မကျင်းပဖြစ်တော့ပေ။ ထိုတန်ဆောင်တိုင် ဘုရားပွဲတော်၏ နောက်ဆုံးနေ့ လပြည့်ကျော်(၁)ရက်နေ့  ညကတော့ ကျွန်တော်တို့ ဒေသ၏ ကာလသားများ ပျော်ပျော်ပါးပါး ဆင်နွဲလေ့ ရှိကြသည့် သူခိုးကြီးည ဖြစ်သည်။ ဟိုအရင် အချိန်များက ကျွန်တော် ကိုယ်တိုင် ပါဝင်ဆင်နွဲခဲ့သော ညများလဲ ရှိခဲ့သည်။ ပြန်တွေးမိတိုင်း တသသနဲ့ ပြန်အောက်မေ့ သတိရမိသော ညများ ဖြစ်သည်။
                   ++++++++++++            ++++++++++++++             +++++++++++++++
လပြည့်ကျော်(၁)ရက်နေ့ မို့ လပြည့်ဝန်းကြီးက ရွှန်းရွှန်းမြမြဖြင့် သာနေသည်။ မြစ်ဧရာအတွင်း လေပြေလေညင်း၏ ဆော့ကစားမှုကြောင့် ဖြစ်တည်လာသော လှိုင်းကြက်ခွပ်လေးများက လရောင် ဆမ်းသော မြစ်ပြင်ထက်တွင် ငွေရောင် တလက်လက်ဖြင့် တောက်ပနေ၏။ လရောင်ဖြာကျနေသော မြစ်ကမ်းပါးဘေး သဲသောင်ပြင်ပေါ်တွင် ဆင်တဲ(မြောက်ပိုင်း)မှ ကျွန်တော်တို့ ကာလသား လူငယ်များ စုဝေးရောက်ရှိ နေကြသည်။ သူခိုးကြီး ညအတွက် အစီအစဉ်များကို ကာလသားခေါင်း ကိုကျော်ကြီးမှ ကာလသား လူငယ်များကို စီမံခန့် ခွဲ ပေးနေခြင်း ဖြစ်သည်။
“နားလည်ပါတယ် ကိုကျော်ကြီး...”
“အေး... မင်းတို့ ကို ငါယုံပါတယ်။ ဒါကြောင့်လဲ မင်းတို့ ကို ဦးဆောင်ပြီး သူခိုးကြီးညကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းဖို့ အတွက် ငါစီစဉ်ထားတယ်။ မင်းတို့ လဲ သိပြီးသား နေမှာပါ။ ရပ်ကွက်ထဲက ဘယ်အိမ်မှာ ကြက်ရှိတယ်၊ ဘယ်အိမ်မှာ ဘူးသီး ရှိတယ်၊ ဘယ်အိမ်မှာ ဘာသီးနှံ ရှိတယ် ဆိုတာကို။ ဒါပေမယ့်လို့ ငါမင်းတို့ ကို မှာချင်တာကတော့ ငါတို့ အပျော်အတွက် လုပ်တာ ဆိုပေမယ့်လို့ တဘက်သား မထိခိုက်အောင် စည်းကမ်းရှိကြပါ။ တစ်အိမ်ကို ကြက်တစ်ကောင်ထက် ပိုမခိုးပါနဲ့ ၊ ဘူးသီး တစ်လုံးထက် ပိုမခူးပါနဲ့ ၊ အသီးအနှံကို ခူးတဲ့ နေရာမှာလဲ တစ်ပင်ထဲက အများကြီး ခူးတာမျိုး အပင်ကို ထိခိုက်လောက်အောင် ကိုင်းတွေကို ချိုးခူးတာမျိုးတွေ မလုပ်ကြပါနဲ့ ။ ကိုယ့်အပျော်ကြောင့် တဘက်သားကို အရမ်းမထိခိုက် သွားစေနဲ့ ။ မင်းတို့ ခေါင်းထဲမှာ တွေးထားရမှာက ဒါမင်းတို့ ရပ်ကွက် ဟုတ်ပြီနော် ငါပြောတာ နားလည်လား...”
“ဟုတ်ကဲ့ နားလည်ပါတယ် ကိုကျော်ကြီး”
“မင်းတို့ လဲ ရွာထဲမှာ နေကြတာဘဲ။ ဘယ်သူ အဆင်ပြေတယ် မပြေဘူး ဆိုတာ သိကြတာဘဲ။ ဒီတော့ အဆင်မပြေတဲ့ အိမ်တွေကို မဝင်ပါနဲ့ ။ အဆင်ပြေတဲ့ အိမ်တွေ အတွက် ကြက်တစ်ကောင်၊ ဘူးသီးတစ်လုံးက ဘာမှ မဟုတ်ပေမဲ့ အဆင်မပြေတဲ့ အိမ်တွေ အတွက်ကတော့ ဒါက သူတို့ ရဲ့ ထမင်းအိုးဘဲ။ ပြီးတော့ အဆင်ပြေတဲ့ အိမ်ဘဲဆိုပြီး မတရားလဲ မလုပ်ပါနဲ့ ။  ဒီအိမ်က ခိုးလို့ လွယ်တယ် ဆိုတိုင်း အများကြီး မခိုးမိပါစေနဲ့ ။ ဥပမာ။   ။ကြက်ခိုးပြီးတဲ့ အိမ်က ဘူးသီးထပ်ယူဖို့ မလိုသလို ဘူးသီး ခိုးပြီးတဲ့ အိမ်က ကြက်ကိုလဲ လက်ရှောင်ရမယ်”
ကိုကျော်ကြီး စကားကို ကျွန်တော်က ထပ်မံ ဖြည့်စွက် ပြောလိုက်သည်။ ကာလသား လူငယ်များက နားလည်ကြောင်း မဆိုင်းမတွ ပြန်ဖြေကြသည်။ ထို့ နောက် ကိုကျော်ကြီးက ဆက်ပြောသည်။
“ဒီနေ့ ည အစီအစဉ်ရဲ့ ပထမဆုံး အနေနဲ့ ငါတို့ တွေ ဒီညချက်စားဖို့ လိုအပ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်ဖြူနီ၊ ငရုတ်သီးမှုန့် တို့ ကို အရင် ဝယ်ရမယ်။ ဒီတော့ ဇော်ဇော်က လိုအပ်တာတွေကို ဒေါ်သိန်းတို့ ဆိုင်မှာ ငါ့နာမည်နဲ့ သွားယူ၊ ပြီးရင် ဒီကို ပြန်လာပြီး ကိုအောင်ထူးကို ကူပြီး လိုအပ်တာတွေ ပြင်ဆင် ချက်ပြုတ်ထားနှင့်၊ အဲဒီအတွက် မင်းကို ကူဖို့ လူငယ်နှစ်ယောက် ခေါ်သွား”
“ဒါဆို ကျွန်တော် တာတီးနဲ့ ဖိုးသင်္ကြန်ကို ခေါ်သွားလိုက်မယ်”
“အေး... ခေါ်သွား... မင်းဝယ်လာတဲ့ ဟာတွေကို စာရင်းလုပ်ပြီး ငါ့ဆီ ယူလာခဲ့ နောက်နေ့ မှ ငါတို့ တစ်ယောက် ဘယ်လောက်ကျလဲ တွက်ချက်ပြီး စုပေးကြတာပေါ့”
“ဒါနဲ့ ဆန်က ဘယ်လောက် ဝယ်ရမှာလဲ ကိုကျော်ကြီး”
“ညီရဲ... တို့ အဖွဲ့ က ခုလူဘယ်နှစ်ယောက်ရှိလဲ”
“ဆယ့်ရှစ်ယောက် ရှိတယ် ကိုကျော်ကြီး”
ကိုကျော်ကြီး အမေးကို ကျွန်တော်က ပြန်ဖြေလိုက်သည်။
“ဆယ့်ရှစ်ယောက်ဆိုတော့ တစ်ယောက်တစ်လုံးနှုန်းနဲ့ တွက်ရင် ဆယ့်ရှစ်လုံး လိုလိုပိုပို ဆန်သုံးပြည်လောက် ဝယ်လာခဲ့လိုက်ကွာ။ ဒါမှ လောက်လောက်ငှငှ ဖြစ်မှာ”
“ဟုတ်ကဲ့ ကိုကျော်ကြီး...  ကျွန်တော် သွားဝယ်လိုက်ပါ့မယ်”
“အေး... ဒါပေမယ့် ခဏနေဦး။ အစီအစဉ် အားလုံး ပြောဆိုပြီးမှ သွားပေါ့။ ခုက ညရှစ်နာရီ ဆိုတော့ အချိန်ရပါသေးတယ်”
ကိုကျော်ကြီး ဘယ်သူ့ ကို ဘယ်လို ခိုင်းမလဲ ဆိုသည်ကို  ကာလသား လူငယ်များက ငြိမ်ငြိမ်သက်သက်ဖြင့် နားထောင်နေကြသည်။ ကိုကျော်ကြီးက ရပ်ကွက်ထဲမှ ကာလသားလူငယ်များ အပေါ်တွင် သြဇာအာဏာ ညောင်းသည်။ ရပ်ကွက်ထဲရှိ သာရေး၊ နာရေး စသည့် ပွဲများတွင်လဲ ကိုကျော်ကြီး၏ ဦးဆောင်မှုအောက်တွင် ကာလသား လူငယ်များ တက်ညီလက်ညီဖြင့် စုပေါင်း လုပ်ကိုင်ကြလေ့ ရှိ၏။ 
“ဒုတိယ အစီအစဉ် အနေနဲ့ ကတော့ ငါတို့ အဖွဲ့ သုံးဖွဲ့ ခွဲမယ်။ ပထမ အဖွဲ့ မှာ ငါ၊ ထွန်းထွန်းနဲ့ သန်းထူးတို့ ပါမယ်၊ နေရာကတော့ ရွာလမ်းမကြီး တဝိုက်ကို တာဝန်ယူမယ်။ ဒုတိအဖွဲ့ ကိုတော့ ညီရဲ၊ ဖိုးဇော်နဲ့ ဇော်ကြီးတို့ က ကလေး သုံးယောက် ခေါ်သွားပြီး ရပ်ကွက် အနောက်ဘက်ပိုင်းကို တာဝန်ယူ... ကြားလား ညီရဲ”
“လူအများကြီး ဘာလုပ်ဖို့ လဲ ကိုကျော်ကြီး... ပြီးတော့ ဒီကောင်တွေက ထိမ်းရ၊ သိမ်းရ လွယ်တာ မဟုတ်ဘူး။ ကလေးတွေ အစား လင်းလင်း တစ်ယောက်လောက် ထည့်ပေးလိုက်။ အရေးအကြောင်းဆိုရင် ဒီကောင်က အားကိုးရတယ်။ ဒီကောင်က ကြက်ဖမ်းတာလဲ တော်တယ်”
“အေး... လင်းလင်း ကိုလဲ ခေါ်သွား ကလေးတွေကိုလဲ ခေါ်သွား...။ ဘာဖြစ်လို့ လဲ ဆိုတော့ သူတို့ ကို လက်တွဲခေါ်ရမယ်လေ။ သူတို့ တွေက မင်းစကားကို နားထောင်ပါတယ်။ မင်းတို့ အထဲဝင်တဲ့ အချိန် သူတို့ ကို အစောင့်ထားလို့ ရတာပေါ့။ ပြီးတော့ မင်းတို့ အဖွဲ့ ကို အင်အားများများ ထည့်ပေးလိုက်တာကလဲ အဲဒီဘက်ကို တခြား ရပ်ကွက်ကကောင်တွေ နယ်ကျွံလာတတ်လို့ ထည့်ပေးလိုက်တာ။ ဘာဖြစ်ဖြစ် တို့ ရပ်ကွက်ကိုတော့ တို့ စောင့်ရှောက်ရမယ်လေ။ တခြားရပ်ကွက်ကကောင်တွေ တို့ ရပ်ကွက်ကို လာသောင်းကျန်းတာကိုတော့ ခွင့်မပြူနိုင်ဘူး။ ဒါကြောင့် အကြောင်းထူးရင် ကလေးတစ်ယောက်လွှတ်ပြီး ငါတို့ ကို အကြောင်းကြားလိုက် ၊ ငါတို့ ဘယ်မှာ ရှိနေမယ် ဆိုတာလဲ သိနေတာဘဲ ဟုတ်ပြီလား ညီရဲ”
“ဟုတ်ကဲ့ ကိုကျော်ကြီး”
ကိုကျော်ကြီးက ကာလသားများကို တချက်ဝေ့ကြည့်လိုက်သည်။ ကာလသား လူငယ်များ သူ့ စကားကို စိတ်ဝင်တစား နားထောင်နေသည်ကို တွေ့ တော့မှ ဆက်ပြောသည်။
“တတိယ အဖွဲ့ ကိုတော့ ကိုငြိမ်းက ကျန်တဲ့ သုံးယောက်ကို ဦးဆောင်ပြီး ရွာမြောက်ဘက်ပိုင်းကို တာဝန်ယူလိုက်။ ကဲ... ဘာမရှင်းတာရှိသေးလဲ”
ကိုကျော်ကြီးက ငြိမ်နေသော ကာလသား လူငယ်များကို မေးလိုက်သည်။
“ကဲ... ဘာမှ မေးဖို့ မရှိဘူး ဆိုရင်လဲ လုပ်စရာ ရှိတာကို လုပ်ကြတော့။ ဒါပေမယ့် မင်းတို့ သိထားဖို့ က ည ၁နာရီထိုး ရင်တော့ ဒီနေရာကို ပြန်လာရမယ်နော်။ အဲဒီတော့မှ လုပ်စရာ ရှိတာတွေကို ဆက်လုပ်ကြတာပေါ့”
ကာလသား လူငယ်များလဲ သူ့ အဖွဲ့ နှင့်သူ လူစုခွဲ၍ ထွက်လာခဲ့ကြသည်။ ကျွန်တော်တို့ အဖွဲ့ လဲ ကိုယ်တာဝန်ယူ ထားသည့်  အပိုင်းဖြစ်သည့် ရွာနောက်ဘက်ပိုင်းသို့ ထွက်လာခဲ့ လိုက်သည်။
“ငရဲ... နဲနဲ စောနေသေးတယ်။ ငါတို့ လက်ဖက်ရည်ဆိုင် အရင် ခဏထိုင်ကြပြီးမှ လုပ်ငန်း စကြရင် မကောင်းဘူးလား”
“ဟင့်အင်း... လုပ်ငန်းအရင် စပြီးမှ လက်ဖက်ရည်ဆိုင်  ထိုင်မယ်”
“ဟာ... မင်းဟာက ပြောင်းပြန်ကြီး ဖြစ်မနေဘူးလား။ ခုမှ အစောကြီး ရှိသေးတယ်”
“ဒီမှာ ဇော်ကြီး... ဒီည သူခိုးကြီးည ဆိုတာကို တလောကလုံး သိကြတယ်။ ဒီတော့ တချို့ အိမ်တွေက မအိပ်ဘဲ စောင့်နေကြလိမ့်မယ်။ ဒါပေမယ့် သူတို့ စောင့်မဲ့ အချိန်က တီဗီက ပြတဲ့ ဇာတ်လမ်းပြီးမှ စောင့်ကြလိမ့်မယ်။  သူတို့ စောင့်နေတဲ့ အချိန်ရောက်မှ လုပ်ငန်းစမယ် ဆိုရင် ငါတို့ အတွက် ခက်သွားလိမ့်မယ်။ ဒါကြောင့် သူတို့ တီဗီ ဇာတ်လမ်း ကြည့်နေတုန်း ငါတို့ လုပ်ငန်းကို လက်စသပ်နိုင်ပြီးရင် လက်ဖက်ရည်ဆိုင် အေးအေး ဆေးဆေး ထိုင်လို့ ရပြီ”
“အေး... ဒါလဲ ဟုတ်တယ်။ မင်းတော်တယ် ငရဲ...”
ကျွန်တောတို့ ရွာနောက်ဘက်ပိုင်းကို ရောက်တော့ ပတ်ဝန်းကျင် တစ်ခုလုံးက မှောင်မည်း တိတ်ဆိတ်နေသည်။ ညဘက် ပိုးကောင်လေးများ၏ အော်သံများကို တစီစီဖြင့် ကြားနေရ၏။ ဒီဘက်ပိုင်းက လူပြတ်သည်။ အိမ်တချို့ မှ ထွက်လာသည့် တီဗီသံနှင့် သီချင်းသံ တချို့ မှ အပ လူသံသူသံများ တိတ်ဆိတ်နေသည်။
“ကျွန်တော်တို့ ဘယ်အိမ်ကို ဝင်ကြမလဲ ကိုရဲ”
ဖိုးကရင်က မေးလာခြင်း ဖြစ်သည်။ ကျွန်တော့်ကို အကြီးများက ညီရဲဟု ခေါ်ကြပြီး၊ ရယ်တူ သူငယ်ချင်းများက ငရဲဟု ခေါ်ကာ ငယ်သူများကတော့ ကိုရဲ ဟုခေါ်ကြလေ့ ရှိသည်။ ကျွန်တော်လဲ တချက် စဉ်းစားလိုက်ပြီး -
“ဒေါ်ဝင်းမာ အိမ်ကို ဝင်ကြမယ်။ သူတို့ က စီးပွားရေးလဲ အဆင်ပြေတယ်။ ကြက်တွေလဲ အများကြီး မွေးထားတယ်။ ကြက်တစ်ကောင်လောက်နဲ့ တော့ သူတို့ ကို ဘာမှ ထိခိုက်သွားစေနိုင်မှာ မဟုတ်ဘူး”
“အေး... ဟုတ်တယ် ငရဲ... ငါလဲ အဲဒီအိမ်ကို ပစ်မှတ်ထားပြီး လေ့လာထားတယ်။ ဒီအချိန်လောက် ဆိုရင် သူတို့ တွေ ဒီဘက်က သူ့ သမက် ရန်နိုင်တို့ အိမ်မှာ တီဗီ လာကြည့်လေ့ ရှိတော့ ဒီအချိန်က တို့ အတွက် အချိန်ကောင်းဘဲ”
ကျွန်တော့် စကားကို လင်းလင်းက ထောက်ခံ လိုက်ခြင်း ဖြစ်သည်။ ကျွန်တော်လဲ တချက် အကဲခတ်လိုက်ရင်း
“ကြက်တွေက ဘယ်နားမှာ အိပ်တန်းတက်တာလဲ ငလင်း”
“အိမ်အောက်ဘက်မှာ ငရဲ...”
“ဒါဆိုရင် မင်းနဲ့ ငါနဲ့ အထဲဝင်မယ်။ ဖိုးဇော်က အိမ်အပြင်ကစောင့်... ပြီးရင် ဂီရိနဲ့ ကိုသက်တို့ နှစ်ယောက်ကို ခြံပြင်က စောင့်ခိုင်းလိုက်၊ ဇော်ကြီးနဲ့ ဖိုးကရင်က ဘူးသီး သွားခူးချည်”
ကျွန်တော်က လေသံတိုးတိုးဖြင့် အစီအစဉ် ဆွဲပြီး အားလုံးကို တာဝန်ခွဲပေးလိုက်သည်။  အားလုံးက နားလည်ကြောင်း ခေါင်းညိတ်ပြကြသည်။
“ဘူးသီး ဘယ်မှာရှိတယ်ဆိုတာ သိတယ်မဟုတ်လား။ တစ်လုံးထက်လဲ ပိုမခူးနဲ့ နော်။ ငါပြောတာ နားလည်လား”
“အင်း... နားလည်တယ်”
“နားလည်တယ် ဆိုရင်သွားတော့။  ခုချိန်ကစပြီး အစီအစဉ်စပြီ သွက်သွက်လက်လက်နဲ့ သိုသိုသိပ်သိပ် လုပ်နော်။ ပြီးရင် ခြံပြင်ကစောင့် ဟုတ်ပြီလား”
ဇော်ကြီးနှင့် ဖိုးကရင်တို့ ထွက်သွားကြပြီး ကျန်သူများလဲ ကိုယ့်နေရာသို့ ကိုယ်ထွက်သွားကြသည်။ ကျွန်တော်နှင့် လင်းလင်းတို့ နှစ်ယောက်လဲ အခြေအနေ ကြည့်ကာ အိမ်အောက်ဘက်သို့  ဝင်လာခဲ့ လိုက်သည်။
“အခြေအနေ ဘယ်လိုလဲ ငလင်း”
“ကောင်းပါတယ် အေးဆေးဘဲ”
“အဆင်ပြေတဲ့ ကောင်ကိုဘဲလုပ် ငလင်း ခပ်သွက်သွက်လေးလုပ် ရွေးမနေနဲ့ ”
“အေးပါ... ငါသိပါတယ်။ ဟာ... ဒီကောင်က အဆင်မပြေဘူးကွ ကြက်ကလေးတွေနဲ့ ”
“ကြက်ကလေးတွေနဲ့ ဆိုရင်တော့ မလုပ်ပါနဲ့ တခြား အကောင်ကိုလုပ်”
“အေး... တွေ့ ပြီ ဒီကောင်ဆို အဆင်ပြေမယ်။ မင်းရှေ့တိုးမလာနဲ့ တော့... ငရဲ... ။ ကြက်တွေ လန့် ကုန်မယ်”
“အေး... အေး... ဒါဆိုရင် ငါ... အိမ်အပြင်ဘက်က စောင့်မယ် ဟုတ်ပြီလား”
ကျွန်တော် အပြင်ထွက်လာပြီး သိပ်မကြာခင်မှာပင် လင်းလင်းလဲ ကြက်တစ်ကောင် ပိုက်ပြီး ထွက်လာသည်။ အခုချိန်ထိကတော့ အားလုံး အဆင်ပြေနေသည်။ ထို့ နောက် ကျွန်တော်တို့ သုံးယောက် ခြံပြင်ကို ထွက်လာခဲ့ကြသည်။ ကျွန်တော်တို့ ခြံပြင်ကို ရောက်တော့ ဇော်ကြီးနဲ့ ဖိုးကရင်တို့ လဲ ဘူးသီး တစ်လုံးပိုက်ပြီး ရောက်လာကြ၏။  ဒါပေမယ့် ခြံပြင်တွင် အစောင့်ထားခဲ့သော ဂီရိနှင့် ကိုသက်တို့ ကို မတွေ့ ရပေ။
“အခြေအနေ အေးဆေးဘဲ မဟုတ်လား ဇော်ကြီး”
“အေး... အေးဆေးပါဘဲ။ ဒီမှာ ဘူးသီးလဲ ရလာပြီ”
“အေး... ဒါနဲ့ ဒီခြံပြင်မှာ အစောင့်ထားခဲ့တဲ့ ဟိုနှစ်ကောင်ရော”
“မသိဘူးလေ ငါတို့ လဲ ခုမှ ရောက်လာတာဘဲ”
“ကျွတ်... ဒီကောင်တွေတော့ကွာ။ ပြဿနာ ရှာပြန်ပြီ။ ရှာကြပါဦးဟ”
“ဟိုမှာ ဟိုမှာ ကိုရဲ.... ကိုရန်နိုင်တို့ အိမ်နားမှာ”
လှမ်းကြည့်လိုက်တော့ ကိုရန်နိုင်တို့ အိမ်နံရံပေါ် တွယ်တက်နေသည့် ဂီရိနှင့် အောက်နားမှာ ကုန်းကုန်းကွကွ လုပ်နေသည့် ကိုသက်တို့ ကို တွေ့ လိုက်ရသည်။
“ဟာ... ဒီကောင်တွေကတော့ ပြဿနာ ရှာပြန်ပြီ။ ကိုရန်နိုင်တို့ လင်မယားကို သွားချောင်းနေတာ ဖြစ်ရမယ်။ ဖိုးကရင် သွားခေါ်လိုက်စမ်းကွာ”
ဖိုးကရင်က ဂီရိနှင့် ကိုသက်တို့ ကို သွားခေါ်သည်။ အဲဒီအချိန်မှာပင် အောက်မှ ဖိုးကရင် ခေါ်သောကြောင့် ဂီရိက လှည့်အကြည့်တွင်-
“ဟာ....  သွားပြီ.....”
“ဖျစ်... ဖျစ်... ဗြော... ဖြောင်း.... ဝုန်း....”
“ဘယ်ခွေးမသားတွေလဲကွ”
“ဟာ... ပြေးဟေ့... ဟေ့ကောင်တွေ”
ဖြစ်ပုံက ဖိုးကရင် ခေါ်သောကြောင့် ဂီရိက လှည့်အကြည့်တွင် သူတွယ်တက်နေသည့် နံရံက ထရံချပ်ကြီး ပြိုကျလာခြင်း ဖြစ်သည်။ ထို့ နောက် ကိုရန်နိုင်၏ အော်ဟစ် ကြိမ်းမောင်းသံနှင့် ကျွန်တော်၏ ထွက်ပြေးရန် နှိုးဆော်သံတို့ အစီအရီ ထွက်လာခြင်း ဖြစ်သည်။ ကျွန်တော်က ရှေ့မှ ထောင်ပြေးသွားရင်း ရွာလမ်းမကြီးနား အရောက်တွင် ရပ်လိုက်ပြီး နောက်မှ လူများကို ရပ်ရန်လဲ တားထားလိုက်သည်။ ကိုရန်နိုင် လေးခွဖြင့် ရမ်းသမ်း ပစ်လိုက်သည့် လောက်စလုံးများက ကျွန်တော်တို့ နောက်နားတွင် တဖျောက်ဖျောက်နဲ့ ကျနေသည်။
“ငါတို့ ဒီအတိုင်းကြီး ရွာထဲ ပြေးဝင်လို့  မဖြစ်ဘူး။ ဒီတော့ ငလင်းနဲ့ ဇော်ကြီးက မင်းတို့ ကြက်နဲ့ ဘူးသီးကို အကျီ င်္နဲ့ အုပ်ပြီး ငါ့နောက်က လိုက်ခဲ့၊ တို့ ရှေ့မျက်စောင်းထိုး လမ်းကြားက ကမ်းနားကို ဆင်းပြီး မြစ်ဘေး ကနေသွားမယ်။ ကလေးသုံးယောက်က ရွာလမ်းမကြီး အတိုင်းသွား၊ အေးအေးဆေးဆေး ဖြေးဖြေးသွားနော် မပြေးနဲ့ ကြားလား၊ ဖိုးဇော်ကတော့ ဒီထိပ်က ကွမ်းယာဆိုင်မှာ အခြေနေစောင့်ကြည့်ရင်း ကျန်ခဲ့ ခဏနေမှ လိုက်လာခဲ့ ကြားလား”
ပြီးနောက် ကျွန်တော့် အစီအစဉ် အတိုင်း အားလုံး ခပ်သွက်သွက်လေး ထွက်လာခဲ့ကြသည်။ စုရပ်နေရာကို ရောက်တော့ ကလေးသုံးယောက်က ရောက်နှင့်နေပြီ။ ကျွန်တော်တို့ လဲ အချက်အပြုတ် တာဝန်ယူထားသည့် ကိုအောင်ထူးကို ကြက်နှင့် ဘူးသီးကို အပ်လိုက်သည်။ ထိုအချိန်မှာပင် နောက်ချန်နေခဲ့သည့် ဖိုးဇော်လဲ ပြန်ရောက်လာသည်။
“အခြေအနေ ဘယ်လိုလဲ ဖိုးဇော်”
“အေးဆေးပါဘဲ ဘာမှ ထူးထူးခြားခြား မဖြစ်ပါဘူး။ ဒါပေမယ့် ကိုရန်နိုင်ကြီး အော်ဆဲနေတာတော့ ကြားရတာဘဲ။ ကြက်ပျောက်တာတော့ မသိလောက်သေးဘူး။ သူတို့ လင်မယားကို လာချောင်းတယ်လို့ ဘဲ ထင်နေလောက်တယ်”
“ကဲ... ဒါဆို တို့ တွေ လက်ဖက်ရည်ဆိုင် သွားကြတာပေါ့”
“ဗျို့ ... ကိုအောင်ထူးကြီး ကိုကျော်ကြီး ပြန်လာလို့ ကျွန်တော့်ကို မေးရင် ကျွန်တော်တို့ လက်ဖက်ရည်ဆိုင် မှာရှိနေမယ်လို့ ”
“အေး... အေး... ညီရဲ...”
ထို့ နောက် ကျွန်တော်တို့ လဲ လက်ဖက်ရည်ဆိုင်သို့ ထွက်လာခဲ့လိုက်သည်။ ကျွန်တော်တို့ လက်ဖက်ရည်ဆိုင် ရောက်ပြီး မကြာခင်မှာပင် ကိုရန်နိုင် တစ်ယောက် တရှူးရှူးဖြင့် လက်ဖက်ရည်ဆိုင်သို့ ရောက်လာ၏။
မှတ်ချက်။    ။ ပိုစ့်က ရေးရင်း ရှည်လာသဖြင့် ပထမပိုင်းကို အရင်တင်ပြီး ဒုတိယပိုင်းကို နောက်မှ တင်ဖို့ ဆုံဖြတ် လိုက်ရပါသည်။ ဒီပိုစ့်လေးတွင် ကြက်ခိုးခြင်း၊ ဘူးသီးခိုးခြင်းများကြောင့် စာဖတ်သူတချို့ အနေဖြင့် အမြင်မှားနိုင်ပါသည်။ ဒါပေမယ့် သူခိုးကြီးညတွင် ဒီအပြုအမူလေးများက ကျွန်တော်တို့ ရွာ၏ ချစ်စရာ ဓလေ့စရိုက်လေးသာ ဖြစ်ပါသည်။ ကြက်အခိုးခံလိုက်ရလို့ ၊ ဘူးသီး အခိုးခံလိုက်ရလို့ လူငယ်များကို ပြဿနာ ရှာခြင်း အလျဉ်းမရှိပါ။ လူငယ်များကလဲ အပျော်သက်သက်သာ လုပ်ခြင်းဖြစ်ပါသဖြင့် ချစ်စရာ့ ရွာဓလေ့စရိုက် တစ်ခုသာ ဖြစ်ပါတော့သည်။
Tuesday 1 November 2011
တိတ်တခိုး
မကြည့်ဝံ 
ကြည့်ဝံမို့ 
အကြည့်တို့ က
မဝံမရဲ...။
မလှမ်းဝံ 
လှမ်းဝံမို့ 
ခြေလှမ်းတို့ က 
မဝံမရဲ...။
မချစ်ဝံ 
ချစ်ဝံမို့ 
အချစ်တို့ က
မဝံမရဲ...။
မလွမ်းဝံ 
လွမ်းဝံမို့ 
အလွမ်းတို့ က
မဝံမရဲ...။
မကြည့်ရဲကြည့်ရဲ
မလှမ်းရဲလှမ်းရဲ
မချစ်ရဲချစ်ရဲမို့ 
လွမ်းရတာတောင် 
မလွမ်းရဲလွမ်းရဲ...။
Thursday 27 October 2011
လွဲနေသော အလွဲများ
ကျွန်တော် ထုံးစံအတိုင်း သူငယ်ချင်းများနှင့် လေကန်ရန် ထိုင်နေကြ ဈေးထိပ်က ဘိုကျောက် လက်ဖက်ရည်ဆိုင် လေးသို့  ထွက်လာခဲ့သည်။ ထိုလက်ဖက်ရည်ဆိုင် ကလေးသည် ကျွန်တော်တို့  သူငယ်ချင်းများ၏ စုရပ်ဖြစ်သည်။ ထိုဆိုင်လေးတွင် ထိုင်ရင်း ကျွန်တော်တို့ သူငယ်ချင်းများ ကျားထိုးသူကထိုး၊ စစ်တုရင် ကစားသူက ကစားနှင့် သူငယ်ချင်းများ သူ့ အယူအဆ ကိုယ့်အယူအဆများကို ဆွေးနွေးကြလေ့ ရှိသည်။ ဆွေးနွေးကြသည်ထက် တစ်ဦးနဲ့ တစ်ဦး ငြင်းခုန်ကြသည်ဟု ဆိုလျှင် ပိုမှန်ပေမည်။ လူတိုင်းတွင် သူ့  အယူအဆ၊ ကိုယ့်အယူအဆနှင့် မူကလေးများ ကွဲပြားခြားနား သွားလေ့ရှိကြသည်။ ဥပမာ။  ။ ကမ္ဘာကျော် ဘော်လုံးအသင်း ဖြစ်သည့် ရီးရဲမက်ဒရစ် အသင်း၏ နာမည်ကြီး နည်းပြ ဖြစ်သူ မော်ရင်ဟိုကို သူ၏ စရိုက်၊ ပြောဟန် ဆိုဟန်များကို ကြည့်၍ ဆွဲဆောင်မှုရှိသည် ဟုဆိုကာ နှစ်သက်သဘောကျသူများ ရှိသကဲ့သို့ သူ၏ စရိုက်၊ ပြောဟန် ဆိုဟန်များကို ကြည့်ကာ မောက်မာ၍ လူကြီး လူကောင်း မဆန်သောသူဟု ဆိုကာ မျက်မုန်း ကျိုးသူများလဲ ရှိကြသည်။ ဘိုကျောက်၏ လက်ဖက်ရည် ဆိုင်လေးတွင် မိမိတို့ နှစ်သက်သော လက်ဖက်ရည်ကို တစိမ့်စိမ့် သောက်ရင်း မတူညီသော အယူအဆ လေးများကို ငြင်းခုန်ကြရင်းဖြင့် ထိုလက်ဖက်ရည် ဆိုင်ကလေးသည် ကျွန်တော်တို့ သူငယ်ချင်းများ ဆုံတွေ့ ရာ ဘူမိနက်သန် နေရာလေး ဖြစ်လာပါတော့သည်။
ရွာလယ်လမ်းမကြီးက လူရှုပ်သောကြောင့် ကျွန်တော် ရွာအပြင်ဘက်လမ်းမှ လေကောင်းလေသန့် ရှူရင်း အေးအေးဆေးဆေး လမ်းလျှောက်လာခဲ့လိုက်သည်။ ထိုသို့ လျှောက်လာရင်း ရွာထိပ်ရှိ ကန်ကြီးနား အရောက်တွင် လူတစ်ယောက် ငါးမျှားနေသည်ကို တွေ့ ရသဖြင့် နဲနဲစိတ်ဝင်စားသွားသည်။  ပုံမှန်ဆိုလျှင်တော့ လူတစ်ယောက် ငါးမျှားနေသည်က ဘာစိတ်ဝင်စားစရာမှ မဟုတ်သော်လဲ ဒီလူ ငါးမျှားနေပုံက ပုံမှန် မဟုတ်သောကြောင့် စိတ်ဝင်စား သွားမိခြင်း ဖြစ်သည်။ ရေကန်ထဲမှ ရေများက ကြည်လင် စိမ်းမြနေသဖြင့် ရေထဲ၌ ငါးများအုပ်စုဖွဲ့  ကူးနေသည်ကိုပင် မြင်နေရသည်။ ရေထဲတွင် ငါးပြေမလား၊ ဆလားဗီးယားလား မသိသည့် ငါးတစ်အုပ် ကူးနေသည်ကို မြင်နေရသည်။ ထိုငါးအုပ် ရှိနေသည့် နေရာသို့ ထိုသူက ငါးစာတပ်ထားသော ငါးမျှားချိတ်ကို ပစ်ပစ်ချပြီး မျှားနေခြင်း ဖြစ်သည်။ ငါးအုပ်ရှိရာသို့ ငါးမျှားချိတ်ကို ပစ်ချလိုက်လျှင် ငါးအုပ်က တခြားဘက်သို့ ကူးသွားသဖြင့် ငါးမျှားချိတ်ကို ပြန်ဆွဲပြီး ငါးအုပ်ရှိသည့် ဘက်ကို လိုက်ပစ်ချလိုက်ဖြင့် လုံးလည်ချာလည် လိုက်နေသည်။ ငါးများကတော့ သူ့  ငါးစာကို စိတ်ပင်မဝင်စားချေ။ တခါတရံသာ ငါးသားပေါက်ကလေး တစ်ကောင်စ၊ နှစ်ကောင်စ လောက်က ငါးစာကို လာလာတွတ်သည်။ ငါးစာကို မမြိုနိုင်သောကြောင့် ဘေးကနေသာ တွတ်တွတ် သွားသဖြင့် တဖြည်းဖြည်း ငါးစာက ပါးပါးပြီး ကုန်ကုန် သွားသဖြင့် ငါးစာ အသစ်ကို ခဏခဏသာ ပြန်ပြန်လဲနေရပြီး ငါးကတော့ တစ်ကောင်မှ မမိသေးပေ။ ထိုသူလဲ ငါးစာသာ ကုန်ကုန်သွားပြီး ငါးတစ်ကောင်မှ မမိသေးသဖြင့် စိတ်တိုလာဟန်ဖြင့် ကလေးဆိုးကြီးလို မျက်နှာကြီးက စူပုပ်လာသည်။ ဘေးနားက ကြည့်နေရင်း ကျွန်တော်လဲ မနေနိုင်တော့သဖြင့် ထိုသူကို မေးလိုက်သည်။
“ဒီမှာ ခင်ဗျား ဘာလုပ်နေတာလဲဗျ...”
ငါးမျှားနေတာကို မြင်ရဲ့ သားနဲ့ ဘာလုပ်နေတာလဲဗျလို့ မေးလိုက်သောကြောင့် ထိုသူ ကျွဲမီးတိုသွားဟန်တူသည်။ ဒေါသ ထွက်နေသည့် မြွေတစ်ကောင် အမြီးကို ထပ်အပုတ် ခံလိုက်ရသလို တရှူးရှူးဖြင့် ထလာပြီး ဒေါသများ စွန်းထင်းနေသည့် စကားလုံးတို့ သူ့ ဆီမှ ထွက်ကျလာသည်။
“ငါးမျှားနေတာကို မြင်ရဲ့ သားနဲ့ ဘာလုပ်နေတာလဲ ဆိုတော့ မင်းမျက်စိကန်း နေလားကွ”
“ကျွန်တော့် မျက်စိက ကောင်းပါတယ်။ ဒါပေမယ့် ခင်ဗျား ငါးမျှားနေပုံက မဟုတ်လို့ ကျွန်တော်က မေးရတာပါ”
ကျွန်တော်က ထိုသို့ ပြန်ပြောလိုက်တော့ ထိုသူ ပိုဒေါသထွက်သွားသည်။
“ငါ... ငါးမျှားနေပုံက မဟုတ်ဘူး ပြောရအောင် မင်းက ငါးမျှားတာ ဆရာကြီးလား”
“ကျွန်တော်က ဆရာကြီးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ခင်ဗျား လုပ်နေပုံ မဟုတ်တာတော့ သိတယ်ဗျ”
“ဒါဆို ဘာမဟုတ်တာလဲ ပြောစမ်းပါဦး”
“ခင်ဗျား... ငါးမျှားနေပုံကို ခင်ဗျား ပြန်စမ်းစစ်ကြည့်လေ။ ဒါနဲ့ ကျွန်တော် မေးပါဦးမယ်။ ခုက ခင်ဗျားက ငါးမျှားနေတာလား။ ငါးတွေက ခင်ဗျားကို ပြန်မျှားနေတာလား”
ကျွန်တော့် အမေးစကားကြောင့် ထိုသူ “အဲ” ဟုဆိုကာ ပါးစပ်ကြီး ပြဲကနဲ ဖြစ်သွားပြီး  ခေါင်းကုတ် သွားသည်။ ထို့ နောက် ကျွန်တော့်ကို တခုခု ပြန်ပြောရန် ခေါင်းမော့ ကြည့်လိုက်တော့ ကျွန်တော်က အဝေးကို ရောက်နေပြီ ဖြစ်သည်။ ထိုသူကတော့ တခုခုကို စဉ်းစားနေဟန်ဖြင့် ထိုနေရာတွင်ပင် ငူငူကြီး ရပ်ကျန်ခဲ့သည်။
ဒီလိုနဲ့  ကျွန်တော် ဆက်လျှောက်လာတော့ ရပ်ကွက်ထဲမှ ကောင်လေးတစ်ယောက် နွားကျောင်းနေသည်ကို တွေ့  လိုက်ရသည်။ ကောင်လေးက ကျွန်တော့်ကို တွေ့ တော့ ဝမ်းသာအားရ နှုတ်ဆက်သည်။ နှုတ်ဆက်ရမည်ပေါ့ ကျွန်တော်က သူ့ တို့ ၏ ချစ်ရေး ချစ်ရာတွေမှာ အခါတော်ပေး မဟုတ်လား။ ရည်းစားစာ တစ်စောင်ကို လက်ဖက်ရည် တခွက်နှုန်းနဲ့ ဒိုင်ခံရေးပေးနေခြင်း ဖြစ်သည်။ ကျွန်တော်က လက်ပေါက်သည် ပြောရမလားဘဲ ကျွန်တော် ရေးပေးလိုက်သည့် ရည်းစားစာဖြင့် အဆင်ပြေကြသဖြင့် သူတို့ က ကျွန်တော့်ကို ချစ်ခင် အားကိုးကြသည်။
“ကိုရဲ... ဘယ်လဲဗျ”
“ဘိုကျောက် ဆိုင်ကို လက်ဖက်ရည် သွားသောက်မလို့ ကွ”
“ကိုရဲတို့ ဘဲ ဇိမ်ကျတယ်နော်... အေးအေးဆေးဆေးဘဲ”
သူ့ စကားကို ကြားမှ ကျွန်တော်လဲ မျက်မှောင်ကြုတ်ရင်း တစုံတခုကို စဉ်းစားမိပြီး ကောင်လေးကို မေးလိုက်သည်။
“ဒါနဲ့ ဒီနေ့ က ကျောင်းဖွင့်ရက် မဟုတ်လား။ မင်းကျောင်းမသွားဘူးလား”
“ကြီးတော်ပေါ့ ကိုရဲရာ...ဒီနေ့ ချဲထွက်မှာမို့ ကျောင်းမသွားနဲ့ နွားသွားကျောင်းချည် ဆိုလို့ ကျွန်တော်လဲ ကျောင်းပြေးပြီး နွားကျောင်းနေရတယ်။ ဘာဖြစ်ဖြစ် ကျောင်းချင်းတော့ တူတယ်ဗျ...”
ကောင်လေးက ရယ်ရယ်မောမောဖြင့် ပြန်ပြောသည်။ သူရယ်နိုင်ပေမယ့် ကျွန်တော် မရယ်နိုင် ဒါက ကလေးတွေကို ကျောင်းပြေးတတ်အောင် လမ်းစပေးခြင်း ဖြစ်သည်။ ကလေးတွေ ကျောင်းမပြေးအောင် လူကြီးတွေက ကြပ်ကြပ်မတ်မတ် ထိန်းသိမ်းရမည့် အစား ခုလို ပြုမူနေတော့ ကျွန်တော် စိတ်ပျက်သွားသည်။
“မင်း... ကြီးတော်ကလဲကွာ... မဟုတ်သေးပါဘူး”
“ဟုတ်ပါတယ်ဗျ... ကျွန်တော့် ကြီးတော်ပါ။ ကျွန်တော့်ဘကြီးမိန်းမ ဆိုတော့ ကြီးတော် တော်တာပေါ့”
“အာ... မင်းက တမှောင့်... ကဲ.. ကဲ.. ငါသွားတော့မယ်။ မင်းလဲ ဆက်အကျောင်း ခံလိုက်ဦး”
“ကိုရဲကလဲ လုပ်ပြီ... ကျွန်တော်က ကျောင်းရမှာပါဗျ”
“မထူးပါဘူးကွာ မင်းလဲ အကျောင်းခံ နေရတာဘဲ”
သြော်... လူတွေလဲ တယ်ခက်ပါလားလို့ အလုပ်မရှိလို့ ကြီးတော်နွားကျောင်းတယ် ဆိုလဲ ထားပါတော့။ ခုတော့ အလုပ်ရှိရဲ့ သားနဲ့ ကြီးတော်နွား ကျောင်းချင်နေကြတယ်။ နွားကျောင်းရမဲ့သူက နွားမကျောင်းဘဲ နှစ်လုံး၊ သုံးလုံးနောက် လိုက်နေပြီး ကျောင်းတက်ရမဲ့သူက ကျောင်းမတက်ဘဲ နွားကျောင်းနေတယ်။ ကျွန်တော်လဲ တွေးရင်း လျှောက်ရင်း လျှောက်ရင်း တွေးရင်းဖြင့် ဈေးထိပ်သို့  ရောက်လာခဲ့သည်။
လက်ဖက်ရည်ဆိုင် ရှိတဲ့ဘက်လမ်းကို ချိုးဝင်မယ် အလုပ်မှာ ကွမ်းယာဆိုင်ထဲမှ လူတစ်ယောက်က လှမ်းနှုတ်ဆက်သည်။  သူ့  ကိုယ်သူ အလှဆုံး ပြင်ဆင်ထားတဲ့ လှတပတ ကောင်မလေး တစ်ယောက် ကျွန်တော့်ကို ပြုံးပြရင်း နှုတ်ဆက်လာသည်။  ကျွန်တော့် အမေ၏ အလှပြင်ဆိုင်တွင် ဆံပင်လာလာ ပြင်လေ့ ရှိသလို ဖခင်ဖြစ်သူ၏ ဓာတ်ပုံဆိုင် မှာလဲ ဓာတ်ပုံ လာလာရိုက်လေ့ ရှိသည့် ကောင်မလေး ဖြစ်၏။ ကျွန်တော်နဲ့ မျက်မှန်း တန်းမိနေတော့ လမ်းတွေ့ ရင် ပြုံးပြ နှုတ်ဆက်လေ့ ရှိသည့် ကောင်မလေး ဖြစ်သည်။ ကျွန်တော်လဲ ကောင်မလေးကို ပြန်နှုတ်ဆက် လိုက်သည်။ ထိုကောင်မလေးသည် လူတော်တော် များများ ပြောကြသလိုပင်  အလွန်လှပါသည်။ ဒါပေမယ့် ကောက်ညှင်းထုပ် ထုပ်သလို တကိုယ်လုံး ကြပ်ထုပ်နေပြီး မိတ်ကပ် နှုတ်ခမ်းနီများကိုလဲ လိုတာထက် လွန်ကဲစွာ သုံးထားသည့် ကောင်မလေးက ကျွန်တော့် မျက်စိထဲတွင်တော့  ကိုးလို့ ကန့် လန့် ကြီး လှနေသည်ဟု ထင်မိ၏။
“အစ်ကို...ဘယ်လဲ”
“လက်ဖက်ရည်ဆိုင်ကို သွားမလို့ ညီမ...”
“ဟွန့် ... အစ်ကိုက ညီမ ဆိုင်ကျ အားမပေးဘူး။ အစ်ကိုတို့ ဆိုင်ကျ ညီမက အားပေးရတယ်”
“သြော်... ညီမကလဲ... အစ်ကိုက ကွမ်းမစား ဆေးလိပ် မသောက်ဆိုတော့ ညီမဆိုင်ကို အားပေးချင်တယ် ဆိုရင်တောင် ဘယ်လို အားပေးမလဲ”
“ဒါဆိုလဲ ဒီမှာ မုန့် တွေ ရှိတာဘဲ။ မုန့် ဝယ်စားပြီး အားပေးလို့ ရတာဘဲ”
“အာ... ညီမကလဲ နေကြာစေ့၊ ကွာစေ့၊ ဇီးထုပ်တို့ ချိုချဉ်တို့ စားရအောင် အစ်ကိုက ကလေးမှ မဟုတ်တာ။ ပြီးတော့ အဲဒီလိုမျိုတွေကိုလဲ အစ်ကိုက ဟိုစပ်စပ် ဒီစပ်စပ် မစားတတ်ဘူးလေ”
ကျွန်တော်တို့ နှစ်ယောက် စကား ရပ်ပြောနေစဉ်မှာပင် ဆင်တဲ-ပြည်ကို ဆွဲနေသည့် လိုင်းကားလေး တစ်စီး ထိုးရပ်လာသည်။
“ပန်းလေးရေ... စောစောက မှာထားတဲ့ကွမ်း ရပြီလား... ဟေ့...”
“ရပြီ ကိုဖိုးကျော်ကြီး နှစ်ထုပ်ထုပ်လိုက်တယ်နော်...”
“အာ... ငါမှာတာ တစ်ထုပ်တည်းလေ”
“ကိုဖိုးကျော်ကြီးကလဲ ခုပဲ ကားထွက်တော့မယ့်ဟာကို တစ်ထုပ်တည်း ဘယ်လောက်မလဲ နှစ်ထုပ်တော့ ယူမှပေါ့”
“အေး... ပေးဟာပေး နင်က ဇွတ်ကို ရောင်းနေတော့တာဘဲ”
“ကိုထွန်းကျော်ကြီး ဘယ်လဲ ကွမ်းမယူတော့ ဘူးလား”
“အေး... နိုင်တီတူးနဲ့ တစ်ထုပ် ထုပ်ထားလိုက် အပြန် ဝင်ယူမယ်”
ကားဆရာ ဖိုးကျော်နှင့် စကားပြောနေရင်း ဘေးနားက ဖြတ်သွားသော ကိုထွန်းကျော်ကြီးကို ကောင်မလေးက လှမ်းအော်လိုက်ခြင်း ဖြစ်သည်။ သူတို့ ကို ကြည့်ရင်း သြော်.... ဒီလူတွေ ကောင်မလေး စကားကို တချက်မှ မငြင်းပါလားဟု တွေးလိုက်မိသည်။ ထိုစဉ် ဆိုင်ထဲကို လူနှစ်ယောက် ဝင်လာသည်။
“ညီမ ဗမာဆေးနဲ့ နှစ်ထုပ်လောက် လုပ်ပါ။ လန်ဒန် နှစ်လိပ်ပါပေး...”
ကောင်မလေး ဆိုင်ပေါ်ကို အပြေးအလွှားလေး တက်သွားသည်။ ကောင်မလေး ကွမ်းယာနေစဉ် မှာပင် ကောင်လေး တစ်သိုက် ထပ်ရောက်လာပြန်သည်။ ကောင်မလေး ကျွန်တော့်ကို ဂရုမစိုက်နိုင်တော့ ဒီတော့ ကျွန်တော်လဲ ကိုယ့်လမ်းကိုယ် လှည့်ထွက် လာခဲ့လိုက်သည်။ ကွမ်းစားသည့် သူငယ်ချင်းတွေ ပြောတော့ ဒီကောင်မလေးဆိုင်က ကွမ်းက စားမကောင်း ထုံးလဲ ပေါက်သည်ဟု ပြောသည်။ ဒါပေမယ့် ကျွန်တော် မြင်ရသည်ကတော့ ကောင်မလေး ဆိုင်က တော်တော်လေး ရောင်းကောင်းနေသည်။ ကျွန်တော် ထွက်လာပြီး ရှေ့နားနဲနဲ အရောက်တွင် နောက်ဘက်မှ ရုတ်ရုတ်သဲသဲ အသံများကို ကြားလိုက်ရ၏။ လှည့်ကြည့်လိုက်တော့ ပထမ ရောက်လာသော လူနှစ်ယောက်နှင့် နောက်ရောက်လာသော လူငယ်တစ်သိုက်တို့ ရုန်းရင်းဆန်ခတ် ဖြစ်နေကြသည်။ ဒါတွေကို မြင်ရ၊ ကြားရတော့ ကောင်မလေးကို ကိုယ့်ကိုယ်ကို ငါးစာလုပ်ကာ ဆိုင်ပေါ်တွင် ထိုင်မျှားနေသူ တစ်ယောက်ကဲ့သို့ မြင်လာ၏။ ဒါပေမယ့် ဒီမှာက ငါးတွေက ရှောင်ပြေးနေသည် မဟုတ် ငါးစာကို ဟပ်ဖို့ ချောင်းနေကြခြင်း ဖြစ်သည်။ အဲဒီအချိန်မှာပင် ကျွန်တော်ရပ်နေသည့် နားရှိ အိမ်ထဲမှ ဒေါ်ကြီး တစ်ယောက် ပြေးထွက်လာသည်။ ထမင်းချက်ရင်း ပြေးထွက် လာဟန်တူသည် လက်ထဲမှ ယောင်းမကြီးတွင် ထမင်းလုံးများနှင့် အငွေ့ တထောင်းထောင်း ထနေ၏။
“ကိုရဲ... ဘာဖြစ်တာလဲ... ချကုန်ကြပြီလား... ဟိုကောင်မကြောင့်ဘဲ ဖြစ်တာ မဟုတ်လား”
“မချကြပါဘူး... စကားများကြရုံပါ... ဒေါ်စိန်ရယ်... ကိုယ့်ထမင်းအိုးသာ ကိုယ်ဂရုစိုက်ပါ...”
ဒေါ်စိန်ကို ပြောရင်း ကျွန်တော်လဲ ရှေ့ဆက် လျှောက်လာခဲ့လိုက်သည်။ သြော်... ကိုယ့်အလုပ်ပစ်ပြီး ကြီးတော်နွား ကျောင်းချင်သည့် လူတွေကလဲ နေရာအနှံ ရှိနေပါလားဟု တွေးမိ၏။ လမ်းဆက် လျှောက်လာရင်း တွေးမိသည်က ယခုခောတ် ပေါ်ပင် ဈေးကွက်များ အကြောင်းဖြစ်သည်။ ခုနောက်ပိုင်းတွေ့  ရသည့် တချို့ ကြော်ငြာများတွင် ဘာကို ကြော်ငြာလို့ ကြော်ငြာမှန်းပင် မသိလိုက်ပေ။ ပစ္စည်းထက် လူကို ကြော်ငြာသည်များကို ပိုတွေ့ လာရ၏။ အခုအဖြစ်ကိုဘဲကြည့် လက်ရာ မကောင်းသည့် လမ်းဘေး ကွမ်ယာဆိုင်လေး ဖြစ်ပေမယ့် ကောင်မလေး အနေနဲ့ သူ့ ဈေးကွက်ကို အကောင်းဆုံး ထိန်းထားနိုင်သည်ကို တွေ့ ရသည်။ ထိုကဲ့သို့ သော ကွမ်းယာဆိုင်၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်နှင့် အခြားအခြားသော ဆိုင်များကို ခုနောက်ပိုင်းတွင် ပိုမိုတွေ့ လာရသည်။
ဟိုအရင်က  အလယ်ပိုင်း ရပ်ကွက်တွင် ထိုကဲ့သို့  လက်ဖက်ရည်ဆိုင်လေး တစ်ဆိုင်ရှိသည်။ လက်ဖက်ရည် မကောင်းပေမယ့် ဆိုင်ရှင်၏ သမီးနှစ်ယောက် ကောင်တာ ထိုင်သဖြင့် ထိုဆိုင်တွင် လူပြတ်သည် ဟူ၍ မရှိ၊ ဒါပေမယ့် သမီးများ လင်နောက်လိုက်သွားပြီး နောက်တွင်တော့ ဆိုင်ပါပိတ်လိုက်ရသည်ကို တွေ့ ဖူး၏။ အခုလဲ ကျွန်တော်တို့ ရွာလေးတွင် ဘိုကျောက်၏ လက်ဖက်ရည်ဆိုင်သည် လက်ဖက်ရည် အကောင်းဆုံးဖြစ်သော်လဲ၊ ကောင်မလေး ဆိုင်တွင် တကယ့် ကွမ်းသမားများ ကွမ်းမစား သကဲ့သို့ တကယ့် လက်ဖက်ရည် သမားတချို့ သာ လာထိုင်လေ့ ရှိသည်။ များသောအားဖြင့် လမ်းဆုံ လမ်းခွကျပြီး ရှုခင်းကောင်းသည့် ညီအစ်မ သုံးယောက် အလှည့်ကျ ကောင်တာထိုင်သည့် ကျွန်တော်တို့ လမ်းထိပ်ရှိ လက်ဖက်ရည်ဆိုင်တွင်သာ လူစည်ကားနေလေ့ ရှိသည်။ ဒါကဘဲ ခုခောတ် ပေါ်ပင် ဈေးကွက် အခြေအနေ ဖြစ်ဟန်တူသည်။ ဒီလိုနဲ့ ကျွန်တော် လက်ဖက်ရည်ဆိုင်ကို ရောက်တော့ သူငယ်ချင်းတွေပင် စုံနေပြီကို တွေ့ ရသည်။
“ငရဲ... နောက်ကျလှချည်လား...”
“အေးကွ... ဘိုကျောက် ကျွန်တော့် အတွက် တစ်ခွက်လောက် လုပ်ပါဦး...”
ဘိုကျောက်ကို လက်ဖက်ရည်မှာရင်း သူငယ်ချင်းများအား အကြောင်းစုံကို ပြန်ပြောပြလိုက်သည်။ ကျွန်တော့်  စကားကို နားထောင်ပြီး သူတို့ လဲ တွေးစရာ တစ်ခုရသွားသလို တိတ်ဆိတ်သွားသည်။ အဲဒီအချိန်မှာပင် ကျွန်တော်တို့ စားပွဲဘေးရှိ စားပွဲတွင် မုန့် စားနေသည့် ဒီနှစ်မှ သူငယ်တန်းတက်သည့် ဘိုကျောက်သမီး အငယ်မလေးက ပြောလိုက်သည့် စကားကြောင့် ကျွန်တော်လဲ “အဲ...” ဟုဆိုကာ ပါးစပ်ကြီး ပြဲကနဲ ဖြစ်သွားသည်။ ကောင်မလေး ပြောလိုက်သည်က-
“ကိုကြီးရဲရဲ ကလဲ အလုပ်မရှိ ကိုယ့်ထမင်း ကိုယ်စားပြီး ကြီးတော်နွား ကျောင်းနေပြန်ပြီ”
ကျွန်တော့်၏ ဖြစ်အင်ကို ကြည့်ပြီး လက်ဖက်ရည် ဆိုင်ကလေးထဲတွင် ရယ်မောသံတို့ စီဝေသွားသည်။ သြော်... ဒီဘက်ခောတ် ကလေးတွေလဲ မလွယ်ပါလား အားလုံးက ဇကွဲ လေးတွေနဲ့ ချည်းပါလားဟု ထပ်တွေးလိုက်မိတော့သည်။
Wednesday 19 October 2011
ကာရံမဲ့ အလွမ်းည
ယနေ့ ညက အရင် ညတွေနဲ့ မတူ ပို၍ တိတ်ဆိတ် မှောင်မိုက် နေသလို ခံစားရ၏။ သရက်ပင်တို့  သွယ်တန်း ပေါက်နေသည့် လမ်းလေးအတိုင်း  တစ်ယောက်တည်း လေးလံနှေးကွေးသော ခြေလှမ်းတို့ ဖြင့် အားတင်း လှမ်းလျှောက် လာခဲ့လိုက်သည်။ တချက် တချက် ဝေ့ဝဲ တိုက်ခတ်လာသော လေကြောင့် သစ်ရွက်ခြောက်တို့ လျှောတိုက်ပါသွားသည့် အသံမှအပ အရာရာက တိတ်ဆိတ်နေသည်။ ကိုယ့်ခြေသံ ကိုယ်ပြန် ကြားနေရအောင်ပင် ပတ်ဝန်းကျင် တစ်ခုလုံးက  တိတ်ဆိတ်ခြောက်သွေ့ နေ၏။ ဟိုအရင် သူမနှင့် အတူ ဒီလမ်းလေးကို ဖျတ်လတ် တက်ကြွသော ခြေလှမ်းတို့ ဖြင့် လျှောက်ခဲ့ဖူးသည်။ လက်ချင်းချိတ်၊ ပခုံးချင်းတိုက်ရင်း တစ်ဦးကို တစ်ဦး  စနောက်ကာ ပျော်ပျော်ရွှင်ရွှင် လှမ်းလျှောက်ခဲ့ဖူးကြသည်။ သူမ စားချင်သည်ဟု ပူစာသဖြင့် ညဘက် လူခြေတိတ်ချိန်တွင် လာ၍ သရက်သီးတွေ ခိုးခူးခဲ့သည်ကိုလဲ ပြန်သတိရမိ၏။ ယခုတော့ သူတစ်ယောက်တည်း အသက်မဲ့သော ခြေလှမ်းတို့ ဖြင့် အိမ်အပြန်လမ်းက ခြောက်သွေ့ အက်ကွဲ နေသယောင် ထင်ရ၏။ သူမ ရှိနေတော့မှာ မဟုတ်ဟူသော အသိကြောင့်လဲ လှမ်းလက်စ ခြေလှမ်းတို့  အားအင်မဲ့ခဲ့ရပြီ။
သရက်ပင်တွေ သွယ်တန်းနေသည့် လမ်းလေး အဆုံး လမ်းတစ်ဖက်သို့ အကူး၌ ညာဘက် ခပ်လှမ်းလှမ်းမှ နှစ်ဆယ့်လေးနာရီ ဖွင့်သော food count  ကိုတွေ့ တော့ သူမကို သတိရမိ ပြန်သည်။ ညဘက်တွေ အိမ်အောက် ဆင်းထိုင်တိုင်း ဒီအချိန်လောက်ဆိုလျှင် အဆာပြေ လာလာ စားလေ့ရှိသည့် နေရာလေး ဖြစ်သည်။ တဆက်တည်း ဒီဘက်က 7Eleven ဆိုင်လေးတွင် သူမအတွက် မနက်တိုင်း သတင်းစာ ဆင်းဝယ် ပေးခဲ့ရသည်ကိုလဲ သတိရမိ လိုက်သေးသည်။ ဒီနေရာ ဒီပတ်ဝန်းကျင်မှာ သူမ အရိပ်တွေပဲ တွေ့ နေရပါလား။ သူမနှင့် အမြဲလိုလို ဆင်းထိုင်လေ့ရှိသည့် ထိုင်ခုံလေး ရှေ့အရောက်တွင် လှမ်းလက်စ ခြေလှမ်းတို့  အလိုလို ရပ်သွား၏။ မိမိ အပြင်မှ ပြန်လာတိုင်း သူမ ထိုင်စောင့်နေလေ့ ရှိသည့် ထိုင်ခုံလေး ဖြစ်သည်။ ခုတော့ ထိုင်ခုံလေးလဲ သူ့ လိုပင် အထီးကျန် နေရပြီ။ ဒါတွေကို သူမ သိပါ့မလား။ မိမိ အသိုက်အမြုံဆီသို့  ပြန်သွားသော သူမ ရေခြားမြေခြားမှာ အထီးကျန် နေမယ့် လူတစ်ယောက်ကို သတိမှ ရပါဦးမလား။ မိသားစုနဲ့ တွေ့ ပြီး အပျော်ကြီးပျော်ကာ မိမိကို မေ့နေပြီလားဟု တွေးလိုက်မိသည်။
သက်ပြင်းငွေ့ ငွေ့ ကို အသာအယာ ရှိုက်ထုတ်ရင်း ခေါင်းတချက် ယမ်းခါပြီး အတွေးတို့ ကို မောင်းထုတ် လိုက်သည်။ ဘာကိုမှ သူ... ပြန်မတွေးချင်သော်လဲ အတွေးတို့ က သူအလိုလို ခေါင်းထဲ ပေါ်ပေါ်လာသည်။ ဖြူနုချောမော ပြေပြစ်လှသည့် သူမ မျက်နှာလေး၊ နူးညံနွေးထွေးသည့် သူမ လက်ဖဝါး နုနုလေးများ၊ တခုခုကို အလို မကျတိုင်း နှုတ်ခမ်းကိုက် ခြေကို စောင့်ရင်း တဖက်ကို လှည့်လှည့်သွားတတ်သည့် ဟန်အမူအရာလေးများ၊ သူမရဲ့ ရယ်သံ လွင်လွင်လေးများ စသည်တို့ ကို ပြန်ကြားယောင်၊ ပြန်မြင်ယောင် နေမိ၏။  ထိုအချိန်များတွင် မိမိရင်ဘတ်ထဲက တစစ်စစ်နဲ့ နာသည်။ သူ... ထိုင်ခုံလေးတွင် ခြေပစ်လက်ပစ် ထိုင်ချလိုက်၏။ အထီးကျန် နေသည့် ထိုင်ခုံလေးကို သူခဏတော့ အဖော်လုပ်ပေးရမည်။ ဒီထိုင်ခုံလေးက သူတို့ နှစ်ယောက်ကြားတွင် အလွန်အရေးပါသော နေရာမှ ပါဝင်ခဲ့သည်။ ဒီထိုင်ခုံလေး ပေါ်မှာထိုင်နေသည့် သူမကို စတင်တွေ့ ရှိခဲ့တော့ မိမိအိမ်ကို ပြောင်းလာသည့် လူသစ်မှန်း မသိသေးပေ။ စတွေ့ ကတည်းက သူမကို စိတ်ဝင်စားခဲ့မိသည်။ အိမ်နှင့် ဖုန်းပြောတိုင်း ငိုနေတတ်သော သူမကို ရင်းနှီးခဲ့ပြီး နောက်ပိုင်း အမြဲ အားငယ်နေတတ်သည့် သူမကို အကြင်နာ ပိုခဲ့မိ၏။ ထို့ နောက် ထိုင်ခုံလေးက သူနှင့်သူမတို့ အတွက် ဆုံမှတ်တစ်ခု ဖြစ်လာခဲ့သည်။ မိမိ အလုပ်မှ ပြန်လာတိုင်း ထိုင်ခုံလေးတွင် ထိုင်စောင့် နေတတ်သည့် သူမကို မြင်တိုင်း အမောပြေခဲ့ရ၏။ ဒီထိုင်ခုံလေးပေါ်မှာပင် မိမိတို့ နှစ်ယောက် ချစ်သူတွေ ဖြစ်ခဲ့ကြသည်။ ဒီနေရာလေးမှာပင် မိမိ တို့ နှစ်ယောက် ဝေးခဲ့ကြသည်။
“မောင်... လေယာဉ်ကွင်းကို လိုက်မပို့ နဲ့ တော့။ မောင့်ကို မြင်နေရရင် ကျွန်မ လေယာဉ်ပေါ်ကို တက်နိုင်မှာ မဟုတ်ဘူး”
သူမ နှုတ်ဖျားမှ နောက်ဆုံးကြားခဲ့ရသော စကားဖြစ်သည်။ ထိုစကားကို ပြောပြီး တရွေ့ ရွေ့ ထွက်ခွါ သွားသော သူမကို ကြည့်ရင်း သူမ အလိုကျ ဒီနေရာလေးမှာ ရပ်ကျန်ခဲ့ပြီး ဝမ်းနည်းကြေကွဲ ခဲ့ရ၏။ ဒီထိုင်ခုံလေးက မိမိတို့ နှစ်ယောက်၏ အမှတ်တရပေါင်း များစွာကို မွေးဖွားပေးခဲ့သည့် နေရာလေး ဖြစ်သည်။ ထိုင်ခုံလေးတွင် ထိုင်ရင်း မိမိရှေ့မှ မြေကွက်လပ်ကို မြင်တော့ သူမကို သတိရမိပြန်သည်။
“မောင်... ပျင်းတယ်ကွာ...။ ကြက်တောင် ရိုက်ကြရအောင်နော်... နော်လို့ ”
သူမ ဆန္ဒကို ဘယ်တုန်းကမှ မငြင်းဆန်ခဲ့သောကြောင့် ကျွန်တော်တို့ မြေကွက်လပ်လေးတွင် ကြက်တောင် ရိုက်ကြသည်။ ဘောလုံး ကန်ချင်သည် ဆိုလျှင်လဲ ဘောလုံးတစ်လုံးချပြီး ဟိုဘက်ဒီဘက် ကန်ခဲ့ကြ၏။ ချွေးများ ထွက်နေသည့် သူမကို တဘက်ဖြင့် တယုတယ ချွေးသုတ်ပေးလျှင် ကျွန်တော့်ကို ဖက်ပြီး အားရပါးရ ပြန်နမ်း တတ်သည့် သူမကို အချစ်ပိုခဲ့ရသည်။ 
“မောင်က ကျော့ကို အရမ်း ကြင်နာတာဘဲနော်။ ကျော့လေ မောင့်ကို အရမ်းချစ်တယ်။ ဟုတ်ပြီ... ဟုတ်ပြီ... မောင်က အဲဒီလို  ပြုံးလိုက်ရင် ပိုချစ်ဖို့ ကောင်းတယ် သိလား”
သူမ၏ စကားများကို ယုံကြည်ခဲ့မိသော ကျွန်တော် သူမကိုလဲ ယုံကြည်ခဲ့မိ၏။ ဒါပေမယ့် ခုတော့ ချစ်လှပါသည်ဟု ဆိုခဲ့သော သူမ ကျွန်တော့် အနားတွင် မရှိတော့။ ကျွန်တော့်ကို ထားခဲ့ပြီး သူမ ထွက်သွားခဲ့ပြီ။ ခုတော့ အရာရာဟာ နာကျင်ကြေကွဲစရာများ အနေဖြင့်သာ ကျွန်တော့် အနားတွင် ကျန်ရှိနေတော့သည်။
ညဘက် လူခြေတိတ်ချိန်မို့ ထင်သည် food count ဆိုင်ဘက်မှ အသံတချို့ က ဒီဘက်အထိ လွင့်ပျံလာသည်။ ဒီအသံတွေကို ကြားတော့ သူမ မှာကြားခဲ့ဖူးသည့် စကားတို့ ကို နားထဲတွင် တရစ်ဝဲဝဲဖြင့် ပြန်ကြားယောင်လာ ပြန်သည်။
“မောင်... ကျော့ ပြန်သွားတဲ့နောက် စိတ်ညစ်လို့ ဆိုပြီး ဘီယာတွေဘဲ ခဏခဏ သောက်မနေနဲ့ ဦးနော်။ ကျော့ကို တကယ်ချစ်ရင် ကျေးဇူးပြုပြီး ကျော့ စကားတွေကို နားထောင်ပေးပါ မောင်ရယ်”
သူမ အနားတွင် မရှိတော့သော်လဲ ကျွန်တော့် အပေါ် လွှမ်းမိုး ထားနိုင်ဆဲ ဖြစ်သည်။ သူမ စကားတွေကို အတိအကျ လိုက်နာနေကြောင်းကို သူမ သိမှ သိပါလေစ။ ကိုယ့်ကိုယ်ကိုလဲ အချစ်ကြီးတာလား၊ အသုံးမကျတာလား သေချာ မဝေခွဲနိုင်တော့။ သေချာတာကတော့ အထူးတလည် ဂရုစိုက်နေခြင်း မဟုတ်သော်လဲ မသိစိတ်က သူ့ အလိုလို နာခံနေခြင်း ဖြစ်မည်ထင်သည်။
နောက်ဆုံး သူမ ထွက်မသွားခင် ညက ပြောခဲ့သော စကားတို့ ကို နားထဲတွင် ပြန်ကြားယောင်မိသည်။ နောင်တသက်လုံး အမှတ်ရနေမည့် စကားလုံးများ ဖြစ်သည်။ ယောက်ကျားတန်မဲ့ သူမ ပခုံးနှစ်ဘက်ကို လှုပ်ရမ်းရင်း ရင်ခွင်ထဲ ဆွဲပွေ့ ကာ “မနောက်ပါနဲ့ မောင့်ကို မနောက်ပါနဲ့ မောင်... ရူးသွားလိမ့်မယ်” ဟု သွေးရူးသွေးတန်းဖြင့် အော်ခဲ့မိသည်  အထိ ဖြစ်ခဲ့၏။ မိမိ ဘဝတွင် အလွန်တုန်လှုပ် ချောက်ခြားပြီး နာကျင် ကြေကွဲခဲ့ရသည့် အချိန် ဖြစ်သည်။ 
“ကျော့လေ မောင့်ကို ချစ်တယ်... အရမ်းချစ်တယ်မောင်... ။ ဒါပေမယ့် ကျော့... မောင့်ကို လက်မထပ်နိုင်ပါဘူး။ လက်ထပ်ခြင်း ဆိုတာကိုလဲ ကျော့မှာ ရွေးချယ်ပိုင်ခွင့် မရှိပါဘူး။ ကျော့မမွေးခင် အချိန်ကတည်းက  လက်ထပ်ဖို့ အတွက်က သတ်မှတ် ပြီးသား ဖြစ်နေပါပြီ။ ကြိုက်သည် ဖြစ်စေ မကြိုက်သည် ဖြစ်စေ မိသားစု တာဝန်အနေနဲ့ လူတစ်ယောက်ကို ကျော့ လက်ထပ်ရမှာပါ။ ခွင့်လွှတ်ပါလို့ မပြောလိုပေမယ့် ကျော့ကို ခွင့်ပြုပါမောင်။ ကျော့လေ... ကျော့... သမီးမိုက် တစ်ယောက် မဖြစ်ပါရစေနဲ့ ။ ကျော့... သားသမီး တာဝန်ကျေချင်တယ်... မောင်ရယ်...”
ကျွန်တော် မမျှော်လင့်သော စကားတို့ ကို ကြားလိုက်ရသဖြင့် ကျွန်တော် ဆွံအပြီး ကြက်သေသေ သွားသည်။ တကိုယ်လုံး ထူပူသွားပြီး ရင်ထဲမှာ တစုံတခု လစ်ဟာ သွားသလို ခံစားလိုက်ရ၏။ ကျွန်တော့် ပါးစပ်မှ ထွက်ကျလာသည့် စကားလုံးတို့ ပင် ဗလုံးဗထွေးဖြင့် ရှင်းလင်းခြင်း မရှိတော့။
“ဒါဆို မင်း... မင်းဘာကြောင့် ငါ့ကို ချစ်ခဲ့သေးလဲ...။ မင်းမှာ ဒီလို အခြေအနေတွေ ရှိရဲ့ နဲ့  ငါ့အချစ်ကို  ဘာလို့ လက်ခံခဲ့တာလဲ။ ဒီစင်ကာပူနိုင်ငံကို ရောက်တုန်း မင်းအပျင်းပြေဖို့ အတွက် ငါ့ကို ရွေးချယ်လိုက်တာပေါ့ ဟုတ်လား... မင်း... မင်းကွာ... မင်းတော်တော် ရက်စက်တဲ့ မိန်းမဘဲ... တောက်...”
ကျွန်တော့် ဒေါသတို့ မီးတောင်ပေါက်ကွဲ သလို ပေါက်ကွဲသွားသည်။ ရင်ဘတ် တစ်ခုလုံး ကွဲအက်ကြေမွ သွားသလို ခံစားလိုက်ရ သည်။ သူမမို့ လုပ်ရက်လေခြင်းဟုလဲ တွေးလိုက်မိသည်။
“မဟုတ်ဘူးမောင်... မောင့်ကို အပျင်းပြေ ချစ်ခဲ့တာ မဟုတ်ဘူး။ တစ်သက်မှာ တစ်ယောက် တစ်ဘဝမှာ တစ်ယောက် အစားထိုး မရနိုင်လောက်တဲ့ အချစ်မျိုးနဲ့ ချစ်ခဲ့တာပါ။ ဆံပင်ဂုတ်ထောက် အသားလတ်လတ်နဲ့  ဂျစ်ကန်ကန် ကောင်လေးကို မြင်မြင်ချင်း ချစ်ခဲ့မိတာပါ...။ မောင်...ကျွန်မကို အဲဒီလောက်ထိ အထင်မသေးလိုက်ပါနဲ့ ။ ကျွန်မမှာလဲ ချစ်တတ်တဲ့ အသဲနှလုံး ရှိပါတယ်။ ကျွန်မလဲ ကိုယ်ချစ်မိသူရဲ့ အချစ်ကို လက်ခံနိုင်ခွင့် ရှိသလို ပြန်လဲချစ်ပိုင်ခွင့် ရှိပါတယ် မောင်...”
ထိုစကားတို့ ကို ပြောပြီး သူမ တသိမ့်သိမ့်ဖြင့် ရှိုက်ကြီးတငင် ငိုသည်။ သူမ ငိုတော့လဲ ကျွန်တော် မခံနိုင်...။ သနားစရာ ကောင်းလောက်အောင် ငိုနေသည့် သူမကို ထွေးပွေ့ နှစ်သိမ့်မိရပြန်သည်။ သူမနှင့် ပတ်သက်လာလျှင် ကျွန်တော် ကိုယ်တိုင်ကလဲ ခံနိုင်ရည်မရှိ ပျော့ညံလွန်းလှသည်။
“တိတ်... တိတ်ပါကျော့ရယ် တိတ်တော့နော် မငိုနဲ့ တော့ မောင်က ဒီသဘောမျိုး ပြောတာ မဟုတ်ပါဘူး။ တိတ်တော့နော်... ကျော့... ငိုရင် မောင်... မနေတတ်ဘူး။  အမြဲ ငိုနေတတ်တဲ့ ကျော့နဲ့ ချစ်သူတွေ ဖြစ်ခဲ့ကြ ကတည်းက မောင့်ကြောင့်တော့ ကျော့... မငိုစေရဘူးလို့  မောင် သံဓိဌါန် ချထားတာ။ ခုလို မောင့်ကြောင့် ကျော့ ငိုနေတော့ မောင် ဘယ်လို စိတ်ချမ်းသာမလဲ။ ဒီကိစ္စကို မောင်တို့ အေးအေးဆေးဆေး ပြန်ဆွေးနွေး ကြတာပေါ့ဟုတ်လား။ လိုအပ်ရင် မောင်... ကျော့မိဘတွေနဲ့ တွေ့ ပြီး ပြောကြည့်မယ်လေ”
“မဖြစ်ဘူးမောင် ဒီကိစ္စ ကျော့မိဘတွေ သိသွားလို့ မဖြစ်ဘူး”
“ဘာကွ”
ကျွန်တော် တော်တော် ဒေါသ ထွက်သွားသည်။ စောစောက လွင့်ပါးသွားသော ဒေါသတို့ တလိပ်လိပ်ဖြင့် ပြန်တက်လာပြန်သည်။ ဒီတော့ ဒေါသ ဖြစ်ဖြစ်ဖြင့် သူမကို အော်မိပြန်သည်။
“ဒါဆို မောင်က ဘာလုပ်ရမှာလဲ။ ကျော့ကို ဒီလို လွယ်လွယ်နဲ့ လက်လွှတ်လိုက်ရမှာလား။ ကျော့ပြောတော့ မောင့်ကို ချစ်တယ်ဆို... ကျော့...မောင့်ကို ချစ်ရင် ဘာကို ဖြစ်ဖြစ် ရင်ဆိုင်ရဲရမှာပေါ့။ လာသွားမယ် ကျော့မိဘတွေဆီကို ခုဖုန်းဆက်မယ်... လာ...”
ဒေါသထွက်ထွက်ဖြင့် ကျွန်တော် ကြုံးအော်လိုက်သည်။ ဒေါသကြောင့် ကျွန်တော့် တကိုယ်လုံး တုန်ခါနေသည်။ ကျွန်တော့်ကို ကြည့်ရင်း သူမ ငိုသည်။ ထို့ နောက် ပါးစပ်မှ တတွတ်တွတ်ဖြင့် ကရားရေလွတ် စကားတို့ ကို သူမဆိုသည်။ သူမ ကျွန်တော့်ကို ဘယ်လောက် ချစ်သည့် အကြောင်း၊ သူမ ဒီစင်ကာပူကို ကျောင်းလာမတက်ခင် သူမမိဘများ သဘောတူသည့် ဖခင်ဖြစ်သူ၏ ကျေးဇူးရှင် ဆရာရဲ့ သားနှင့် စေ့စပ်ခဲ့ရကြောင်း၊ မချစ်မနှစ်သက်သူ တစ်ယောက်ကို လက်ထပ်ရမည့် အရေးကို တွေးမိတိုင်း သူမ နေ့ စဉ် ဝမ်းနည်းငိုကြွေး ခဲ့ရကြောင်း၊ ဒီစင်ကာပူတွင် ပညာ သင်ကြားနေစဉ် သူမ ရည်းစား မထားသင့်ပေမဲ့ သူမအပေါ် စာနာနားလည်ပြီး ကြင်ကြင်နာနာ ရှိသည့် ကျွန်တော့်ကို မြင်မြင်ခြင်း ချစ်မိသည့် အတွက် သူမ စိတ်ကို မထိန်းချုပ်နိုင်ခဲ့သည့် အကြောင်း စသည့် စကားတို့ က ကျွန်တော် အာရုံတွင် မကြားတချက် ကြားတချက်ဖြင့် နားထဲသို့  တိုးဝင်လာသည်။ သူမ စကားလုံးတို့ အောက်တွင် ကျွန်တော် အလူးအလဲ ကျဆုံးခဲ့သည်။ လူတကိုယ်လုံး အင်အားမဲ့သွားသလို ခံစားလိုက်ရသည်။
“မင်း... မင်း ငါ့ကို လက်မထပ်နိုင်ဘဲ ဘာလို့ ချစ်ခဲ့တာလဲ။ မင်းလျှောက်ရမဲ့ လမ်းရှိနေရဲ့ နဲ့ ဘာကြောင့် ငါ့နှလုံးသားကို နင်းချေပြီးမှ လျှောက်ချင်ရတာလဲ။ မင်းအပေါ် ဘာအမှား လုပ်မိလို့ ငါ့အပေါ်ကို ဒီလောက်ထိ ရက်ရက်စက်စက် လုပ်ရတာလဲ ငါ... ဘာများအမှား လုပ်ခဲ့လို့ လဲ”
“မောင်... မမှားပါဘူး... ကျော့... မှားခဲ့တာပါ မောင်...။ ကျော့... အတ္တကြီးခဲ့မိတာပါ... ကျော့... အတ္တကြီး ခဲ့မိတဲ့ အတွက် တောင်းပန်ပါတယ် မောင်ရယ်။ ကျော့... အမှားတွေ အတွက် ပြန်ပေးဆပ်မှာပါ။ မောင်... ကျော့ကို ကြိုက်သလို စီရင်နိုင်ပါတယ်။ မောင့်... အလိုကို ကျော့... မငြင်းပါဘူး။ ဒါပေမယ့် ကျော့ကိုတော့ အိမ်ပြန် ခွင့်ပြုပါ မောင်ရယ်”
ကျွန်တော့် မျက်နှာကို ဖြတ်ရိုက်လိုက်သလို ခံစားလိုက်ရသည်။ ဘယ်ဘက် ရင်ဘတ်ထဲက တစ်ချက် စူးခနဲ အောင့်သွားသည်။ ကျွန်တော် ရူးသွပ်သွားသူ တစ်ယောက်လို အော်ဟစ် ရယ်မောမိသည်။ ရယ်သံကတော့ အသက်မပါ ခြောက်သွေ့ အက်ကွဲ နေမည် ထင်သည်။
“တယ်လဲ တတ်နိုင်ပါလားကွ... ဟင်... ။ ကျွန်မကိုတော့ လိုရာသုံးပါ။  ဟိုလူ့ ရင်ခွင်ဆီကို ပြန်သွားခွင့် ပြုပါပေါ့ ဟုတ်လား...။ မင်း... မင်းကွာ ဘယ်အငြိုးတွေနဲ့ ငါ့အပေါ် ဒီလောက်ထိ ရက်စက်နေရတာလဲ။  ငါ့နှလုံးသားကို နင်းချေပြီးတော့ ငါ့သိက္ခာကိုပါ ထပ်စော်ကား လိုက်တာပေါ့ ဟုတ်လား။ ငါက သွေးသားဆန္ဒ အာသာဖြေဖို့  သက်သက် မင်းကို ချစ်ခဲ့တယ် ထင်လို့ လား။ ငါမင်းကို ဘယ်လောက် တန်ဖိုးထားတယ် ဆိုတာ မင်းအသိဆုံး ပါကွာ... မင်း... မင်းကွာ... မင်းမို့ ဒီလို စကားမျိုး ပြောထွက်ရက်တယ်”
စကားပြောရင်း ကျွန်တော့် အသံတို့ သိမ်ဝင်သွားသည်။ တစ်ကိုယ်လုံး အားအင်မဲ့ကာ ထိုင်ခုံလေးပေါ်သို့  ပစ်ထိုင်ချလိုက်သည်။
“ဟုတ်ပါတယ် မောင်ရယ်...။ ကျော့ကို မောင် တန်ဖိုးထားမှန်း သိပါတယ်။ ဒါကြောင့်လဲ မောင့်ကို တစ်နေ့  ထပ်တစ်နေ့ ပိုလို့ ချစ် လာခဲ့မိတာပေါ့။ ကျော့မှားခဲ့တာပါ မောင်ရယ်။ ကျော့... မောင့်ကို တောင်းပန်ပါတယ်”
သူမ ကျွန်တော့် ရင်ခွင်ထဲ ဝင်ကာ ငိုကြွေးသည်။ ကျွန်တော့် ရင်ခွင်တစ်ခုလုံး ကွဲအက်ကြေမွ သွားသလို ခံစားလိုက်ရသည်။ ခရီး မိုင်ပေါင်း များစွာကို ပြေးခဲ့သူ တစ်ယောက်လို နွမ်းလျပင်ပန်းသွားသည်။ ကျွန်တော် အမြတ်တနိုး တန်ဖိုးထားခဲ့သည့် ပန်းလေးတစ်ပွင့် ဆုံးရှုံးသွားပြီ ဖြစ်ကြောင်း ကျွန်တော် သိလိုက်သည်။ ထွက်ခွါ သွားလိုနေ သူကိုလဲ ဆွဲမထားချင်တော့။ ဒီလိုနဲ့ သူမ ကျွန်တော့် ဘဝထဲမှ ထွက်ခွါသွားခဲ့သည်။ ထိုအချိန်က စလို့ ကျွန်တော့်ဘဝ သွေ့ ခြောက် အထီးကျန်ခဲ့ရသည်။ ညက နက်သထက် နက်လာသည့်နောက် သက်ပြင်း တချက်ကို လေးတွဲ့ စာ ချလိုက်ရင်း ကျွန်တော် အိမ်ပြန်ဖို့ ထရပ်လိုက်သည်။
ထိုအချိန်မှာပင် ကောင်းကင်က ကြယ်တစ်လုံး ကြွေကျသွားသည်ကို မြင်လိုက်ရသည်။ ကြယ်ကြွေသွားသည်ကို မြင်လျှင် လက်အုပ်လေးချီ မျက်လုံးလေးမှိတ်ကာ ဆုတောင်းတတ်သည့် သူမကို မြင်ယောင်မိပြန်သည်။ ကြယ်ကြွေတဲ့ အချိန် ဆုတောင်းရင် ဆုတောင်း ပြည့်သည်တဲ့။ သူဘာ ဆုတောင်းရမလဲ။ ဆုမတောင်း ကောင်းသည့် အရာတို့ ကို ဆုမတောင်းချင်တော့။ သူမ ဘဝလေး အေးအေးချမ်းချမ်း ရှိနေမယ် ဆိုရင် ကျွန်တော် ကျေနပ်ပြီ။ တကယ်တော့ သူမကို ချစ်ခဲ့သည့် အချစ်က ရယူလိုသည့် အချစ်မဟုတ်သလို ပေးဆပ်ခြင်းလဲမဟုတ် ဒီအတိုင်းလေး ချစ်နေရရုံနဲ့ ကျေနပ်နေနိုင်သည့် အချစ်မျိုးဖြစ်သည်။
ကျွန်တော် အိမ်ပြန်ရောက်တော့ သူမ ရှိမနေတော့သည့် အိမ်က အေးစက်သွေ့ ခြောက်စွာ ဆီးကြိုသည်။ ကျွန်တော် တိတ်ဆိတ်စွာပင် အိမ်ထဲ ဝင်လာခဲ့လိုက်သည်။ ထို့ နောက် ကျွန်တော် အိပ်ယာ ဝင်ခဲ့သည်။  မနက်ဖြန် များစွာကို ရင်ဆိုင်ဖို့ ကျွန်တော် အားမွေးရဦးမည်။ သေချာသည်ကတော့ တံခါးကို တဝုန်းဝုန်း ထုရင်း-
“မောင်... ထတော့လေ... ဘယ်အချိန်ရှိနေပြီလဲ။ မနက်စာပြင်ပြီးပြီ အေးကုန်ရင် စားမကောင်းဘဲ နေမယ် ထတော့နော်။ မြန်မြန် မျက်နှာသစ်လိုက် ကျော့ မောင့်ကို စောင့်နေမယ်နော် မောင်... နော်...”
စကားတို့ ကို ဆိုရင်း ကျွန်တော့်ကို အတင်းဆွဲထူတတ်သည့် မိမိမျက်စိဖွင့်လိုက်သည်နှင့် အနားကို ရောက်နေတတ်သည့် ချစ်စရာ ကောင်မလေး ဘယ်တော့မှ ပြန်လာတော့မည် မဟုတ်ပေ။ အတွေးတို့ ကို အဆုံးသတ် ကျွန်တော့် မျက်လုံးတို့ ကို မှိတ်လိုက်တော့ မျက်ခန်းထောင့်က အပူစီးကြောင်း တစ်ခု စီးဆင်းသွားသည်။ ထို့ နောက် ကျွန်တော် အိပ်ပျော်သွားသည်။ သူမ အပါအဝင် လောကကြီး တစ်ခုလုံးကို ကျွန်တော် တဒင်္ဂမေ့သွားသည်။ ကျွန်တော့် အတွက်တော့ အလွန်အေးချမ်းသည့် အချိန်လေးဖြစ်တော့သည်။
Thursday 13 October 2011
တခါတုန်းက သီတင်းကျွတ်
ဟိုအရင်နှစ်တွေက ဆိုရင် သီတင်းကျွတ်က မသိလိုက် မသိဘာသာ ကျော်သွားလေ့ ရှိသည်။ ကျော်သွားခါမှ သြော်... သီတင်းကျွတ်တောင် ကျော်သွားပါလားလို့ သတိထားမိတယ်။ ဒီနှစ်တော့ ဘလော့ဂါ မိတ်ဆွေတွေ ကောင်းမှုနဲ့ သီတင်းကျွတ်ပြီ ဆိုတဲ့ အကြောင်းကို အချိန်မှီ သိခွင့်ရခဲ့သည်။ အဲဒီတော့ ဘလော့ဂါ မိတ်ဆွေတွေလို ပိုစ့်လေးတစ်ပုဒ်လောက် ရေးဖို့ စိတ်ကူးပေါ်လာသည်။
သီတင်းကျွတ်ပြီ ဆိုသည်နှင့် စိတ်က ရွာကို ပြန်ရောက်သွားသည်။ ခုချိန်ဆိုရင် ရွာမှာ သီတင်းကျွတ်အတွက် ဘာတွေ ပြင်ဆင်နေပြီလဲ၊ ဘယ်လို အစီအစဉ်တွေ လုပ်ထားလဲ စသည်ဖြင့် သိချင်လာသည်။ ဒီတော့ ရွာကို ဖုန်းဆက်ကြည့်လိုက်သည်။ ဒီနှစ် သီတင်းကျွတ် မီးထွန်းပွဲတော် အတွက် အစီအစဉ်များကို သိခွင့်ရတော့ အားရ ကြည်နူးမိသည်။ မိမိ ကိုယ်တိုင် ဝင်ဆင်နွဲခွင့် မရသည့် အတွက်လဲ အားမလို အားမရဖြင့် စိတ်မကောင်း ဖြစ်မိသည်။ ဒီတော့ ကိုယ်ကိုယ်တိုင် ပါဝင် ဆင်နွဲခဲ့သည့် ငယ်ဘဝ သီတင်းကျွတ် မီးထွန်းပွဲတော်များကို ပြန်မြင်ယောင်မိသည်။ အတွေးတို့ က အတိတ်ကို တရစ်ဝဲဝဲဖြင့် တဖန် ပြန်ရောက် သွားသည်။
သီတင်းကျွတ် ကျောင်းပိတ်ရက် ရောက်ပြီ ဆိုလျှင်ကျွန်တော် အလွန်ပျော်လေ့ ရှိသည်။ သီတင်းကျွတ်ပြီ ဆိုလျှင် အကျီင်္သစ်၊ ဘောင်းဘီ(သို့ ) ပုဆိုးသစ်များကို အမေက ဝယ်ပေးလေ့ ရှိသည်။ ထို့ ပြင် မိဘ၊ ဘိုးဘွားနှင့် ဦးလေး၊ အဒေါ်များကို ကန်တော့လျှင် မုန့် ဖိုး မျိုးမျိုးမြက်မြက် ရလေ့ရှိသည်။ ထိုမုန့် ဖိုးများဖြင့် ဗျောက်အိုးများ၊ မီးပန်းများ၊ မီးပုံးများ ဝယ်ယူကာ ကစားလေ့ရှိသည်။ နောက်ထပ် ကျွန်တော် သဘောကျသည့် အချက်တချက်မှာ ဖခင် ဖြစ်သူ၏ အမျိုးများ ရှိရာ တောရွာမှ ပေးပို့ လိုက်သော မုန့် ဖက်ထုပ်၊ မုန့် ဆီကြော်၊ အောင်ဗလ စသည့် ရိုးရာ မုန့် များကို စားရခြင်း ဖြစ်သည်။ အခုလို အခါကြီး ရက်ကြီးများတွင်မှ စားရတတ် ခြင်းကြောင့် သီတင်းကျွတ် မီးထွန်းပွဲတော်သည် ကျွန်တော့် အတွက်တော့ အလွန် နှစ်လိုဖွယ် ကောင်းသော ပွဲတော်တစ်ခု ဖြစ်သည်။
ဆင်တဲရွာကလေးသည် ဧရာဝတီမြစ် အနောက်ဘက် ကမ်းနဖူးတွင် တည်ရှိသည့် ဆိတ်ငြိမ် အေးချမ်းသည့် ရွာကလေးဖြစ်သည်။ ထိုဒေသတဝိုက်တွင် သီတင်းကျွတ် မီးထွန်းပွဲတော်ကို အစည်ကားဆုံး အခမ်းနားဆုံး ပြုလုပ်လေ့ရှိသည်က ကျွန်တော်တို့ ဆင်တဲ(မြောက်ပိုင်း) ရပ်ကွက် ဖြစ်သည်။ ကျွန်တော်တို့ ရပ်ကွက်လေးသည် ရပ်ကျိုး၊ ရွာကျိုးနှင့် ပတ်သက်လျှင် အလွန် တက်ညီ၊ လက်ညီ ရှိလှသဖြင့် လူညီသည်ဟု ဆိုရမည်။ သီတင်းကျွတ် မီးထွန်းပွဲတော် နီးလာသည်နှင့် ပွဲတော်အတွက် ပြင်ဆင်ကြရသည်။ ရပ်ကွက်ထဲမှ ကာလသား၊ ကာလသမီး၊ လူပျို၊ အပျိုများ မိမိတို့ ဆိုင်ရာ ဆိုင်ရာ တာဝန်များ ခွဲဝေ ယူကြရသည်။ မီးထွန်းရန် အတွက် ကာလသား လူငယ်များ ရပ်ကွက် လမ်းမကြီး ဘေးတဘက် တချက်တွင် ကျင်းများတူးပြီး တိုင်များ စိုက်ကြသည်။ ထို့ နောက် ကာလသမီးများ ပြင်ထားသည့် မီးပုံးများကို ဝါးလုံးများတွင် သီပြီး တိုင်များတွင် ချိတ်ကြသည်။ ရပ်ကွက် အတွင်း ဒီဘက်ထိပ်ရှိ မုခ်ဦးမှ ဟိုဘက်ထိပ် မုခ်ဦးထီ သွယ်တန်းသွားသော မီးပုံးများမှာ ညအချိန်ရောက်လျှင် အလွန်လှပ လှသည်။ မီးရောက်စုံ သွယ်တန်းနေသည့် လမ်းမကြီး တဘက်တချက်ရှိ အိမ်များမှ မီးပုံးများ၊ မီးအိမ်များ ထွန်းညှိလိုက်သည့် ညအချိန်သည် အလွန်လှပ ရှုမငြီးဖွယ် ဖြစ်သည်။
ကျွန်တော်တို့ အရပ်ဒေသတွင် အထူခြားဆုံးနှင့် အစည်ကားဆုံး ဖြစ်သည့် ဆီမီးတစ်ထောင် မျောခြင်းကို ကျွန်တော်တို့ ရပ်ကွက်က နှစ်စဉ် ပြုလုပ်လေ့ ရှိသည်။ ဧရာဝတီမြစ်အတွင်း ဆီမီးမျောခြင်း ဖြစ်သည်။ ဆီမီး တစ်ထောင်ဟု ဆိုသော်လဲ တစ်ထောင့်ငါးရာ၊ နှစ်ထောင်ခန့် မျောလေ့ ရှိသည်။ အနီးအနားရှိ ကျေးရွာများ၊ ရပ်ကွက်များမှလဲ လာရောက် ကြည့်ရှုလေ့ ရှိသဖြင့် ကမ်းလုံးညွှတ်မျှ စည်ကားလှသည်။ ဆီမီးတစ်ထောင် မျောရန်အတွက် သီတင်းကျွတ် မရောက်မီကပင် ပြင်ဆင်ကြရသည်။ ကာလသားများက ဆီမီးတိုင်များ လုပ်ရန်အတွက် သစ်ခုတ်ခြင်း၊ သစ်ခွဲခြင်းများကို လုပ်ရသည်။ ငှက်ပျောပင်များ ခုတ်ကာ ငှက်ပျောတုံးများကို အတုံးသေးသေး လေးများ တုံးရသည်။ ကာလသမီးများနှင့် ကလေးများက ပိတ်စများကို ညှပ်ခြင်း၊ ကာလသာများ လုပ်လိုက်သည့် မီးတိုင်များထိပ်တွင် ပိတ်စများကို ချည်ခြင်း၊ ငှက်ပျောခွံခွါခြင်းများ ပြုလုပ်ရသည်။ ထို့ နောက် ကာလသားများက ပိတ်စချည်ပြီးသား မီးတိုင်များကို ဆီစိမ်ကြရသည်။
ဆီမီး မျောသည့် နေ့ ရောက်ရင်တော့ အလွန်ပျော်ဖို့ ကောင်းလှသည်။ ညနေဘက် ရောက်သည်နှင့် ဆီမီးမျောရန် အတွက် စက်လှေများ ကမ်းစပ်တွင် အစီအရီ ဆိုက်ကပ် ထားသည်။ ဒိုးပတ်ဝိုင်းတင်ထားသည့် စက်လှေ နှစ်စီးက မြစ်အတွင်း လှည့်ပတ်ဖျော်ဖြေ နေသည်။ ဆီမီးမျောမည့် အပျိုများကလဲ ဖီးလိမ်း ပြင်ဆင်ပြီး မြစ်ကမ်းပါးသို့ ဆင်းလာကြသည်။ ထို့ နောက် ဆီမီးတိုင်များ တင်ထားသည့် စက်လှေများက မြစ်ကမ်းနှင့် မလှမ်းမကမ်းမှ ဆီမီးတိုင်များကို မြစ်အတွင်း မျောလိုက်လျှင် စီတန်းပြီး မျောလာသည့် ဆီမီးတိုင်များကို ကြည့်နေသည့် မြစ်ကမ်းနဖူးမှ လူများက လက်ခုပ်လက်ဝါးများ တီးကာ အားပေး ကြသည်။ စက်လှေနှစ်စင်း ပေါ်က ဒိုးပတ်ဝိုင်းများကလဲ မြိုင်မြိုင်ဆိုင်ဆိုင် တီးမှုတ်ကခုန်သံနှင့် မြစ်ကမ်းပါး တလျောက် ကြည့်နေသည့် လူပရိသတ်များက လက်ခုပ်လက်ဝါးတီးသံ၊ လက်ခေါက်မှုတ်သံများက ခုထိပင် နားထဲ ပြန်ကြားယောင်လာသလို ခံစားရသည်။ ထိုကဲ့သို့ သော ပွဲမျိုးဖြင့် ဝေးနေသည်မှာ တော်တော်ကြာပြီ ဖြစ်သည်။ 
ဆီမီးမျောပွဲပြီးနောက် လူပရိသတ်များ ကျွန်တော်တို့ ရပ်ကွက်က ဦးစီးကျင်းပသော ဇာတ်ပွဲကြည့်ရန် သွားကြသည်။ ဇာတ်ပွဲကြည့်ရသည်မှာလဲ အလွန်ပျော်ဖို့ ကောင်းလှသည်။ ကိုယ့်ရပ်ကွက်ထဲမှ လူများ ပြန်ကခြင်းကြောင့် ကြည့်ကာ တသောသောနှင့် ရယ်မောနေရသည်။ ဟင်... ဦးတောက ဇာတ်ဝင်ကနေပါလား... အံမယ် ဒေါ်ဝင်းက မင်းသမီး အမေ ဆိုဘဲ... စသဖြင့် မိမိ အသိများ ဖြစ်နေသဖြင့် ပိုမို အော်ဟစ် အားပေးကြသည်။ ထိုဇာတ်ပွဲကသည့် အကြောင်းကို နောက်တစ်လ၊ နှစ်လလောက်အထိ ပြောမပြီးတော့ပေ။ ကိုဖိုးလုံးကြီးပေါ့... အချစ်ရဲ့ ခောတ်သစ်လူမိုက် လို့ အော်ပြီး ဒိုင်းကနဲ သေနတ်ဖောက်တာ စနက်တံက မပေါက်တော့ အချစ်ရဲ့ ခောတ်သစ်လူမိုက် ဖွတ်လို့ မြည်တော့ ရှက်သွားတာလေ၊ ဘယ်သူက ဘယ်လိုလေ စသဖြင့် ပြောမဆုံးပေါင် တောသုံးထောင် ဖြစ်နေတော့သည်။ ထို့ ကြောင့် သီတင်းကျွတ် မီးထွန်းပွဲတော်က ကျွန်တော်တို့ အတွက် အလွန်နှစ်လိုဖွယ် ကောင်းလှသော ပွဲတော်တစ်ခု ဖြစ်ပါတော့သည်။ သီတင်းကျွတ် မီးထွန်းပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရန် အတွက် တစ်ရပ်ကွက်လုံး တက်ညီလက်ညီ လုပ်ကိုင်ကြရသည်။ ခုဆိုရင် ရေခြား၊ မြေခြား ရောက်နေသည့် ကျွန်တော်လဲ ရပ်ကျိုးရွာကျိုး ဘာမှ မသယ်ပိုးနိုင် ဖြစ်နေသည်။ ထို့ အတွက်လဲ ဆရာကြီး မင်းသုဝဏ်၏ သူ့ မှာတမ်း ကဗျာထဲမှ စကားတစ်လုံးကို ငှားသုံးရလျှင်ဖြင့် သူငယ်ချင်းများ၊ ရပ်မိရပ်ဖများနှင့် ရွာကလေးကို အားနာလှပါသည်။