Saturday 24 March 2012

မေမေညာခဲ့သလား

တသွင်သွင် စီးကျနေသည့် မျက်ရည်တို့ ကို မသုတ်အားသေး။  ဝေဝါးနေသည့် မျက်ဝန်းတို့ ဖြင့်ကြည့်ရင်း မိမိရှေ့တွင် ရပ်နေသည့် အစ်ကို ဖြစ်သူ၏ လက်မောင်းကို  ဆွဲလှုပ်ပြီး နှုတ်မှ တတွက်တွက်ဖြင့် မေးနေမိ၏။ 

"ကိုကြီး... တကယ်လိုက်သွားမှာလား... အဝေးကြီးကို တကယ်လိုက်သွားတော့မှာလား... ကိုကြီး မရှိတော့ရင် ညီလေး တစ်ယောာက်တည်း နေရတော့မှာပေါ့။ မသွားလို့ မရဘူးလား... လိုက်မသွားပါနဲ့ လား ကိုကြီးရယ်... ဟီး... ဟီး..."

 ဝေ့သီလာသည့် မျက်ဝန်းတို့ ကို ပုတ်ခတ် ပုတ်ခတ်လုပ်လိုက်ပြီး အစ်ကိုဖြစ်က ကျွန်တော့် ပုခုံးနှစ်ဖက်ကို ဆွဲယူပြီး မျက်နှာချင်း ဆိုင်လိုက်သည်။ ထို့ နောက် တိုးတိတ်ညင်သာသော စကားကို ဆို၏။

"ညီလေး သေချာနားထောင်... ခုချိန်မှာ ကိုကြီး ရှင်းပြလဲ ညီလေး နားလည်မှာ မဟုတ်ဘူး။ ညီလေး အရွယ်ရောက်လာရင် သူ့ အလိုလို နားလည်လာလိမ့်မယ်။ ခုညီလေး သိထားရမှာက ကိုကြီး မရှိတဲ့နောက်ပိုင်း အမေ့ကို အိမ်အလုပ်တွေ ကူလုပ်ပေးဖို့ ဘဲ သိလား။ ညီလေး မကူရင် အလုပ်တဖက် အိမ်မှုကိစ္စတွေ တဖက်နဲ့ အမေ အရမ်းပင်ပန်းလိမ့်မယ်။ ကိုကြီး ပြောတာ နားလည်လား"

ကျွန်တော် စီးကျနေသည့် မျက်ရည်တို့ ကို လက်ဖဝါးဖြင့် ခပ်ကြမ်းကြမ်း သုတ်လိုက်ပြီး ခေါင်းညိတ်ပြ လိုက်သည်။ ခပ်လှမ်းလှမ်းမှ ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက်ကို ကြည့်နေသည့် မိခင်ဖြစ်သူက အနီးသို့ လျှောက်လာသည်။ ထို့ နောက် ကျွန်တော့် ခေါင်းကို ခပ်ဖွဖွလေး အုပ်ကိုင်ရင်း ခပ်တိုးတိုး စကားဆိုသည်။

"သား... အငယ်လေး ဂျီကျ မနေနဲ့ တော့ သားကိုကြီးတို့ သွားဖို့ နောက်ကျနေမယ်။ ဟိုမှာ ဧည့်သည်ကို စောင့်ခိုင်းထားရတာ အားနာဖို့ ကောင်းနေပြီ။ ကဲ... သားကြီး သွားဖို့ လုပ်တော့ တော်ကြာနေ လမ်းမှာ မှောင်နေမယ်"
"ဟုတ်ကဲ့ အမေ... ဒါဆို သားသွားတော့မယ်နော်... အဖေ အလုပ်က ပြန်လာရင်လဲ သားသွားပြီလို့ ပြောလိုက်ပါဦး"
"အေး... အေး... စိတ်ချသွားသား... ဘာမှ စိတ်မပူနဲ့ အမေ ပြောလိုက်ပါ့မယ်"
"ညီလေး ကိုကြီး သွားတော့မယ်.... မှာတာတွေကို မမေ့နဲ့ နော်... ကိုကြီး ပြန်လာရင် ညီလေးအတွက် မုန့် တွေ အများကြီး ဝယ်လာခဲ့မယ်။ လိမ်လိမ်မာမာနေနော် ကြားလား"

နှုတ်ဆက်စကားကို ဆိုပြီး အမေ့ သူငယ်ချင်း အရာရှိကြီး ဆိုသည့် လူကြီး၏ ကားပေါ်ပါသွားသည့် အစ်ကိုဖြစ်သူ နောက်ကို ပြေးလိုက်ဟန် ပြင်လိုက်မိသည့် ကျွန်တော့်ကို အမေက ဆွဲထားလိုက်သည်။ တရွေ့ ရွေ့ ဝေးသွားသည့် ကားလေးကို ဝေ့သီနေသည့် မျက်ဝန်းတို့ ဖြင့် ငေးကြည့်ရင်း ကျွန်တော် ကြေကွဲစို့ နင့်နေမိသည်။ ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက် ပထမဆုံးအကြိမ် ခွဲဖူးခြင်းဖြစ်သည်။

"သားရေ... အငယ်လေး..."
"ဗျာ... အမေ... သားလာပြီ"
"ဟေ့ကောင် မြန်မြန် ပြန်လာနော် မကြာစေနဲ့ "
"အေးပါ ငါအမြန်ပြန်လာခဲ့မယ်"

ကစားနေသည့်နေရာမှ အိမ်ကို အပြေးအလွှား ပြန်လာခဲ့လိုက်သည်။

"အမေ... သားကို ဘာခိုင်းမလို့ လဲ"
"အမေ့ကို ကြက်သွန်နီနဲ့ အရောင်တင်မှုန့် ဝယ်ပေးပါဦး"

ကျွန်တော် ပိုက်ဆံယူပြီး အိမ်မျက်စောင်းထိုးက ကုန်စုံဆိုင်လေးတွင် ကြက်သွန်နီနှင့် အရောင်တင်မှုန့် ကို ပြေးဝယ်လိုက်သည်။ 

"အမေ ဒီမှာ ကြက်သွန်နီနဲ့ အရောင်တင်မှုန့် ... စားပွဲပေါ်တင်ထားခဲ့ပြီ"
"ဟဲ့သား နေဦးလေ... ဆိုင်မှာ လူတွေ ကျနေလို့ အမေ့ကို ကူဦးလေ... အမေ့ကို ကြက်သွန်ဖြူနီလေး ခွာပြီး ထောင်းပေးခဲ့ပါဦး။ အဲဒါလေး လုပ်ပြီးမှ သွားဆော့နော်... သား..."

ကျွန်တော် အိမ်ရှေ့ကို လှမ်းကြည့်လိုက်တော့ ဆိုင်မှာ လူတော်တော်လေး ကျနေသည်ကို တွေ့ လိုက်ရသည်။ အမေက ဒီနယ်လေးတွင် နာမည်ကြီး အလှဖန်တီးရှင် ဖြစ်သည်။ ဝန်ထမ်းနယ် ဖြစ်သဖြင့် ခုလို လစာထုတ်ရက် ရုံးပိတ်ရက်များတွင် ဆိုင်မှာ လူအရမ်းကျသဖြင့် နေလည်စာနှင့် ညစာကိုပင် ပေါင်းစားရလေ့ရှိသည်။ မသွားခင်က အမေ့ကို ကူရန် အထပ်ထပ် မှာသွားသည့် အစ်ကိုဖြစ်သူ၏ စကားကိုလဲ ပြန်ကြားယောင်မိလိုက်သည်။ ဒါပြီးမှ ဆော့ရမည် ဆိုသောကြောင့် ကျွန်တော် မြန်မြန်သွက်သွက်လေး လုပ်စရာ ရှိတာကို လုပ်လိုက်သည်။

"အားလုံး ပြီးပြီ အမေ... သားသွားဆော့တော့မယ်"
"အေး... အေး သွားဆော့သား... ငါ့သားလေးက လိမ္မာလိုက်တာ"

မိခင်ဖြစ်သူ၏ ချီးကျူးစကားကြောင့် ပီတိလေးတွေ ဝေပြီး ကျွန်တော် ပြေးထွက်လာခဲ့သည်။ မခင်အေးတို့ ကတော့ သားကို မြှောက်ပြီး ခိုင်းနေပြန်ပြီ ဆိုသည့်  စကားသံက မိမိနောက်တွင် ကျန်ရစ်ခဲ့သည်။ ဒီလိုဖြင့် အမေ့ကို ကြက်သွန်ဖြူနီ ခွာပေးခြင်း၊ ထမင်းအိုး တည်ပေးခြင်းများကို ကူညီလုပ်ကိုင်ပေးပြီးမှ ကစားဖြစ်လေ့ ရှိလာသည်။ တစ်ရက်တွင် ထုံးစံအတိုင်း  ကျောင်းပိတ်ရက်မို့ အိပ်ယာထ နောက်ကျသည်။ မျက်နှာသစ်၊ သွားတိုက်ပြီး နံနက်စာ စားရန် မီးဖိုခန်းထဲသို့ ဝင်လာခဲ့လိုက်သည်။

"သားရေ... အငယ်လေး အမေ့ကို ကူပါဦး။ မင်းအဖေ အလုပ်က ပြန်လာတော့မယ် ဟင်းက မချက်ရသေးဘူး။ ဒီကြက်သားထုပ်လေး ဖြည်ပြီး နယ်ပေးပါဦး အမေ့ကိုယ်ပေါ်မှာ ဆံပင်တွေနဲ့ မိုလို့ "

ကျွန်တော် ကြက်သားထုပ်ကို ဖြည်လိုက်ပြီး ပန်းကန်ထဲ ထည့်လိုက်သည်။ ထို့ နောက် ကြက်သားကို ရေစင်အောင် ဆေးလိုက်၏။

"သား... ဆားဗူးယူလိုက် ဟုတ်ပြီ အဲဒီလောက်ဘဲထည့်၊ အချိုမှုန့် ထည့်၊ နနွင်းမှုန့် လေးနဲနဲထည့်ပြီး နယ်ထားလိုက်နော်။ ပြီးရင်  ကြက်သွန်ဖြူနီကို ခွာပြီး ထောင်းထားလိုက် ခဏနေ အမေပြန်လာခဲ့မယ်"

ကျွန်တော် မိခင်ဖြစ်သူ လုပ်ခိုင်းသည်များကို လုပ်ပြီး အမေ စီစဉ်ထားသည့် မနက်စာ အသုပ်စုံကို စားလိုက်သည်။ ထိုစဉ် မိခင်ဖြစ်သူ ပြန်ရောက်လာသည်။

"ပြီးပြီလားသား..."
"ဟုတ်ကဲ့ အမေ ခိုင်းထားတာ အားလုံးလုပ်ပြီးသွားပြီ"
"အမေ့ကိုယ်ပေါ်မှာ ဆံပင်တွေ ကပ်နေလို့ အမေကိုယ်တိုင် လုပ်လို့ မဖြစ်ဘူး။ အမေပြောပြမယ်... ဒယ်အိုးယူလိုက်သား... ဒယ်အိုးထဲကို ဆီထည့်... ဟုတ်ပြီး နဲနဲထပ်ထည့်ဦး။ ခဏလောက် ဆီကျက်အောင်စောင့်... ဆီကျက်ပြီ ဆိုရင် သားထောင်းထားတဲ့ ကြက်သွန်ဖြူနီကို ထည့်ပြီး ဆီသပ်လိုက် ပြီးရင် အရောင်တင်မှုန့် ထည့်၊ ဆီသပ်နေတဲ့ အချိန်မှာ ငံပြာရည်လေး နဲနဲထည့်သပ် ဒါမှ ပိုမွှေးပြီး စားလို့ ပိုကောင်းမှာ၊ အဲဒါပြီးမှ နယ်ထားတဲ့ ကြက်သားထည့်ပြီး လုံးလိုက် ပြီးရင် အမေ့ကို လှမ်းခေါ်လိုက်နော်"

မိခင်မှာသည်များကို လုပ်ပြီးနောက် လှမ်းခေါ်လိုက်တော့ အိမ်ရှေ့မှ မိခင်ဖြစ်သူ၏ ကြက်သားထည့် လုံးပြီးသွားရင် ရေထည့်လိုက် ဆိုသည့် အသံကြောင့် ရေနဲနဲထည့်လိုက်သည်။ ခဏနေတော့ မိခင်ဖြစ်သူ ရောက်လာသည်။

"ငါ့သားလေးက တော်လိုက်တာ ပြောတဲ့အတိုင်း သေချာ လုပ်နိုင်တယ် ပြီးမှ မုန့် ဖို့ ပေးမယ်။ သား... သွားဆော့ရင် သွားဆော့တော့ အမေဆက်ကြည့်ထားလိုက်မယ်"

ကျွန်တော် သွားဆော့ဖို့ အိမ်ရှေ့ကို ထွက်လာခဲ့လိုက်သည်။ အိမ်ရှေ့ကို ရောက်တော့-

"ဟဲ့ကောင်လေး နင့်အမေက နင့်ကို ညာခိုင်းနေတာ သိရဲ့ လား"

ဆံပင်လာညှပ်ဟန်တူသည့် အဒေါ်ကြီး တစ်ယောက်က လှမ်းပြောခြင်း ဖြစ်သည်။ အလုပ်မအားသည့် မိခင်ကို ကူညီလုပ်ကိုင်ပေးခြင်းက ညာခိုင်းတာလားဟု တွေးလိုက်မိသည်။

"အာ... အန်တီကြီးကလဲ ညာခိုင်းရမလား... ဒါချက်ပြီးရင် ကျွန်တော်တို့ မိသားစုဘဲ စားရမယ့်ဟာကို"

ကျွန်တော်ပြောပြီး ကစားကွင်းရှိရာသို့  ပြေးထွက်လာခဲ့လိုက်သည်။ နောက်ဘက်မှ ပျံလွင့်လာသည့် "အမလေး... မခင်အေး သားလေးတွေ လိမ္မာလိုက်တာတော်" ဆိုသည့် စကားသံက ကျွန်တော့် နှလုံးအိမ်ကို ဆွတ်ပျံ့ ကြည်နူးသွားစေသည်။

ဒီလိုနဲ့ မိခင်ဖြစ်သူကို ကူညီရင်း ပြေးလွှားဆော့ကစားရင်း ကန်စွန်းရွက်လေးတွေ သင်ရင်း၊ ကန်စွန်းရွက်ကြော်တတ်ခဲ့သလို ချဉ်ပေါင်ရွက်နွှာရင်း ဘူးသီး၊ မုန်လာဥများကို လှီးဖြတ်ရင်း ချဉ်ရည်ဟင်း၊ ဘူးသီးချက်၊ မုန်လာဥချက်များကို ချက်တတ်ခဲ့သည်။ ကျွန်တော် အကြိုက်ဆုံး ပုစွန်ဟင်း ချက်နည်းကိုတော့ မိခင်ဖြစ်သူထံမှ တကူးတကကို သင်ယူဖြစ်ခဲ့သည်။ ဒီလိုဖြင့် မိခင်ကို ကူညီလုပ်ကိုင်ပေးရင်း ထမင်း၊ ဟင်းများကို ချက်တတ်လာခဲ့သည်။ "ဟယ်... ဒီအရွယ်လေးက ဟင်းချက်တတ်တယ်လား" ဆိုသည့် စကားသံ၊ "အမယ်... ကျွန်မ သားလေးက အကုန်ချက်တတ်တယ်နော်" ဆိုသည့် မိခင်ဖြစ်သူ၏ ဂုဏ်ယူဝံကြွားဟန်ဖြင့် ပြောသံကို ကြားရတိုင်း ကျွန်တော် ပျော်ရွှင်ကြည်နူးခဲ့ရသည်။ ပတ်ဝန်းကျင်က "ကလေးကို ညာခိုင်းနေတယ်" လို့ စသလို နောက်သလို ပြောသံကို ကြားရလေ့ ရှိသော်လဲ ကျွန်တော့် စိတ်ထဲတွင် အမေ ကျွန်တော်တို့ ကို ညာခိုင်းခဲ့သည်ဟု ဘယ်တုန်းကမှ မထင်ခဲ့ပေ။ ကျွန်တော် တစ်ယောက်တည်း အတွေးများဖြင့် ဘယ်လောက် နယ်ချဲ့ နေမိသည်မသိ...

"ဟဲ့ကောင်လေး... တစ်ယောက်တည်း ဘာတွေ တွေးငေးနေတာလဲ နင့်ဝက်သားအိုးက ကပ်နေပြီ တူးတော့မယ်"

ဆိုသည့် အိမ်ရှင် အဒေါ်ကြီး၏ စကားသံကို ကြားမှ ပြန်သတိဝင် လာမိသည်။ ထို့ နောက် ဝက်သားအိုးကို ရေနဲနဲ ထပ်ထည့်ပြီး မွှေလိုက်ရသည်။ ဘာဘဲဖြစ်ဖြစ် အမေ ညာခဲ့သည်ဆိုလျှင်တောင် ခုလို ရေခြားမြေခြား အိမ်နဲ့ အဝေးကို ရောက်တုန်း ရောက်ခိုက် ကိုယ့်အားကိုယ်ကိုး ချက်ပြုတ်စားသောက်နိုင်အောင် ညာခဲ့ခြင်းသာ ဖြစ်ပေလိမ့်မည်။

13 comments:

  1. မညာခဲ့ဘူး..သေချာတယ်... မိခင်တစ်ယောက်အနေနဲ့ကိုယ်စားဖြေပေးသွားတာပါး))

    ReplyDelete
  2. အိမ်း... ကိုညီရဲရေ.. စလုံးရောက်ရင် လက်ရာလာစားမယ်... :D


    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  3. တကယ်လို့ ညာခဲ့ရင်လဲ သားသမီးတွေ ကောင်းစားဖို့ ဘယ်နေရာရောက်ရောက်
    မျက်နှာမငယ်ဖို့ပါပဲ

    ReplyDelete
  4. မောင်လေးမေမေ မညာခဲ့ပါဘူး.. လုပ်တတ်အောင် သင်ပေးခဲ့ခြင်းတစ်မျိုးပါပဲ.. ခုတော့ လုပ်တတ်နေပြီမဟုတ်လား..
    (ဝက်သားတူးကပ်ကပ်လေးတော့ မစားသွားတော့ဘူး)။
    ကျွေးချင်လည်း ကောင်းကောင်းလေးသာချက်ကျွေး။
    ခင်တဲ့
    အမ

    ReplyDelete
  5. နောက်တော့ ကျေးဇူးတွေတင်နေရတယ်ဟုတ်
း) ငယ်ငယ်က အမေညာခိုင်းတဲ့အလုပ်တွေလုပ်ခဲ့ရတယ်
    အခုချိန်မှာ ကျေးဇူးတင်နေမိတယ်


    မောင်ဘကြိုင်

    ReplyDelete
  6. လမင်းလည်းငယ်ငယ်ကအဲလိုထင်ခဲ့တာပါပဲ
    အခုတော့ကျေးဇူးတင်ပါတယ်မေမေပေါ့ကိုရဲပျောက်နေလို့
    ပိုစ့်တင်တယ်ဆိုတော့မဆိုးဘူး.. :)

    ReplyDelete
  7. မေမေကတော့ မညာဘူး...နင်ကတော့ညာတယ်...နာတို့ကို ဟင်းချက်
    မကျွေးချင်တာနဲ့မချက်တတ်ဘူးလေးဘာလေးနဲ့...၊ခုတော့ပေါ်ဘီ...။
    နက်ဖြန်ထမင်းလားစားမယ်...ဒါပဲ....:))))

    ReplyDelete
  8. ဒါ.. မေမေညာတာ မဟုတ်ပါဘူး.. အားအင်တွေပေးတာလေ.. မေမေ့ကိုတောင်လွမ်းသွားပြီ ညီရဲရေ..

    ခင်တဲ့
    အမဝသုန်

    ReplyDelete
  9. မေမေမညာခဲ့ပါဘူး သားလေးရဲရဲရယ်....မေမေအဲလိုခိုင်းခဲ့လို့ သားလေးရဲရဲက ဟင်းတွေချက်တတ်ပြီး ကမ်းခြေမှာ ထမင်းငတ်တော့မလိုဖြစ်နေတဲ့ လူတစ်စုကို ပုစွန်ဆီပြန်ဟင်းချက်ကျွေးနိုင်ခဲ့တာပေါ့....:P :P :P


    ပုံ/အမည်မဖော်လိုသူ စိတ်ကောက်တတ်သူတစ်ဦး

    ReplyDelete
  10. အမေကညာခဲ့တာမဟုတ်ဘူးအကို
    အဲဒီအရွယ်ထဲက သားသမီးကိုအားကိုးခဲ့တာ
    သားသမီးကို သင်ကြားပေးရင်း မသိစိတ်က ပြန်အားကိုးခဲ့တာပါ

    ညီမ

    မဒိုးကန်

    ReplyDelete
  11. ကိုညီရဲ ရေ

    ဖတ်၇တာ ခံစားလိုက်ရတယ် အမေ ကိုလွမ်းနေတာပေါ့နော် အလွမ်းလေတွေ အမြန်ဆုံးပြေပါစေဗျာ

    ခင်မင်တဲ့
    ရွှေစင်ဦး

    ReplyDelete
  12. ဟန်ကြည်26 March 2012 at 15:50

    တစ်ခါမှတော့ အဲဒီလို မစဉ်းစားခဲ့မိပါဘူးလေ...ခက်တာက လူတွေကလည်း မိဘက ကလေးကို တစ်ခုခု ချော့ပြီးခိုင်းရင်ကိုပဲ ညာခိုင်းတယ်လို့ ကင်ပွန်းတပ်ပစ်လိုက်တာကိုး...နားလည်တတ်တဲ့ကလေးဆိုရင် ပြဿနာမရှိပေမယ့် နုတဲ့အရွယ်ဆိုတော့ အမေအပေါ်မှာ အမြင်စောင်းသွားနိုင်သပ...

    ဘာပဲပြောပြော ချီးကျူးပြီး သင်ပေးခြင်းလို့ပဲ ယူဆသင့်တာပေါ့...ဟုတ်လား...ဦးဟန်ကြည်တို့ မိဘများလည်း အနှီနည်းစနစ်နဲ့သင်ပေးခဲ့လို့ အခုဆို ဘယ်အရာမဆို အမှီအခို ကင်းမှကင်း...ချက်ရမလား...လျှော်ရမလား...ဟဲ ဟဲ

    ReplyDelete
  13. မေမေ မညာပါဘူး..သင်ပေးခဲ့တာပါ..ခုတော့ ချက်ပြုတ်တတ်တာ ဘယ်လောက်ကောင်းလဲ..နိုင်ငံခြားမှာနေရင် ချက်တတ်မှ..မချက်တတ်ရင် ငတ်ပြီပဲ..

    ReplyDelete