Monday, 9 April 2012

အိမ်မဟုတ်သောအိမ်

“ကလင်... လင်...  လင်... ကလင်...”

နှိုးစက်မြည်သံ ထွက်လာသည်နှင့် ကျင့်သားရနေသည့် လက်တို့ က နှိုးစက်ကို ပိတ်ပြီးသား ဖြစ်နေ၏။ ထို့ နောက် တဘက်ကုတင်တွင် အိပ်နေသည့် အခန်းဖော် သူငယ်ချင်းကို လှမ်းကြည့်လိုက်တော့... တရှူးရှူးဖြင့် အိပ်မောကျနေသည်ကို တွေ့ လိုက်ရမှ စိတ်သက်သာရာ ရမိ၏။ သူငယ်ချင်းက မနက် 8:30 နာရီမှ အလုပ်သွားရမည်မို့ အိပ်ကောင်းတုန်း ဖြစ်သည်။ အလုပ်ပင်ပန်းကြသူ အချင်းချင်း မိမိကြောင့် တပါးသူကို နှောင့်ယှက်မိသလို ဖြစ်မည်ကိုတော့ စိုးရိမ်မိသည်။ နာရီကို ကြည့်လိုက်တော့ ၅း၂၀ နာရီ သာရှိသေးသည်။ ဟိုးအရင် Morning Shift ဆင်းချိန်တွေက ပုံမှန် ၅း၃၀ မှ ထလေ့ရှိသော်လဲ ဒီနေ့ တော့ မနိုးမှာ စိုးရိမ်သောကြောင့် နှိုးစက်ကို စောပေးထားခြင်း ဖြစ်၏။ ပုံမှန်ထက် နဲနဲစောနေသေးသည့် အပြင် ကျိန်းစပ်နေသည့် မျက်လုံးတို့ ကြောင့် မျက်လုံးမှိတ်ပြီး ခဏပြန်မှိန်းလိုက်သည်။ မှေးခနဲ ဖြစ်သွားပြီး ဖျတ်ကနဲ လန့် နိုးလာချိန် နာရီကို ကြည့်လိုက်တော့ ၅း၄၅ ရှိနေပြီ ဖြစ်၏။ နောက်ကျနေပြီမို့ ကဗျာကယာ အိပ်ယာမှထ သွားတိုက်၊ မျက်နှာသစ်၊ ရေချိုးသန့် စင်ကာ အဝတ်အစားလဲပြီးနောက် အိမ်ပြင်ဘက် လမ်ပေါ်ကိုရောက်တော့ ၆နာရီကိုပင် စွန်းစွန်းကျော်နေပြီဖြစ်၏။ ဖယ်ရီစီးရန် Tampines MRT ကို အပြေးတပိုင်းဖြင့် လမ်းလျှောက်လာရင်း သူငယ်ချင်း ဖြစ်သူကို ဖုန်းခေါ်လိုက်သည်။

“ဟလို... အေး... နေသူ... မင်း... အခုဘယ်မှာလဲ...”
“.......     ...........      ...........”
“ဒါဆို အတော်ဘဲ... ငါ့အတွက်လဲ ထမင်းကြော် ဖြစ်ဖြစ် ခေါက်ဆွဲကြော် ဖြစ်ဖြစ် တစ်ပွဲလောက် ဝယ်ခဲ့ပေးပါဦး”
“.........  ..........  .........”
“အေး... အေး... ကျေးဇူး သယ်ရင်း...”

ကျွန်တော် ဖယ်ရီပေါ်ကို ရောက်တော့ ထိုင်ခုံပေါ် မထိုင်ရသေးခင်မှာပင် ကျွန်တော့်ကို စောင့်နေဟန် တူသည့် ကားက ချက်ချင်းမောင်းထွက်သည်။ ကျွန်တော် ထိုင်ခုံတွင် ဝင်ထိုင်လိုက်တော့ သူငယ်ချင်း ဖြစ်သူ နေသူက-

“မင်း... ဒီနေ့ နောက်ကျတယ်။ ကားသမားက ထွက်မယ် တကဲကဲ လုပ်နေလို့ ခဏနေပါဦးလို့ ပြောထားရတယ်”
“အေး... ကျေးဇူးတင်ပါတယ်ကွာ။ ပြန်အိပ်ပျော်သွားလို့ မင်းလဲ သိတဲ့အတိုင်းဘဲလေ။ ခုတလော အရမ်းပင်ပန်းနေပြီ”
“အေးပါ ငါသိပါတယ်... ဒါနဲ့ မင်းတရုတ် နှစ်ကောင်က ဘယ်တော့ ပြန်လာမှာလဲ”
“မနက်ဖြန် ပြန်လာမယ်... ဒီနေ့ ပြီးရင်တော့ ဝဋ်ကျွတ်ပါပြီ။ ပြန်လာဦးမှဘဲ ငါလဲ တော်တော်လေး ပြိုင်းနေပြီ။ ငါ... ခဏမှေးလိုက်ဦးမယ်ကွာ”

ဟုတ်သည်။ ခုတလော အလုပ်တွေက တောက်လျှောက်ကျနေသည့်အပြင် စက်ရုံမှ တရုတ်တချို့ Christmas နှင့် New Year ပိတ်ရက်ရှည်တို့ တွင် ခွင့်ယူပြီး အိမ်ပြန်သွားကြ၏။ လူမရှိသောကြောင့် ရှိသည့်လူများ တရက်မှ မနားရဘဲ ပိတ်ရက်မရှိ အလုပ်ကို တောက်လျှောက်ဆင်းရသဖြင့် တော်တော်လေး ပင်ပန်းနေကြပြီ။ ဒီတပတ်ထဲဆိုလျှင် ကျွန်တော် ပိုပင်ပန်းသည်။ ကျွန်တော်တို့ အလုပ်က ပုံမှန်ဆိုလျှင်  Morning Shift, Afternoon Shift, Night Shift ဆိုပြီး Three Shift ကို တစ်လတစ်ကြိမ် Rotate လှည့်ခြင်းဖြစ်သည်။ ထိုသို့ Shift ချိန်းသည့် လကုန်ရက်တွင် တနင်္ဂနွေနေ့ ကို ပုံမှန်ဆိုလျှင် ပိတ်လေ့ရှိ၏။ သို့ သော် ဒီရက်ပိုင်း အလုပ်တွေ ကျနေသဖြင့် တနင်္ဂနွေနေ့ ကိုပါ အလုပ်ဆင်းရသည်။ တနင်္ဂနွေနေ့ အလုပ်ဆင်းရမည် ဆိုလျှင်ပင် များသောအားဖြင့် Morning Shit နှင့် Afternoon Shift တို့ ကိုသာ ဆင်းခိုင်းလေ့ ရှိပြီး Night Shift လူများကိုတော့ အနားပေးလေ့ ရှိသည်။ သို့ သော် ဒီတပတ်တွင်တော့ အလုပ်များကျနေသည့် အပြင် လူကလဲ မရှိသဖြင့် တစ်လလုံး Night Shift ဆင်းခဲ့ရသည့် ကျွန်တော် Shift ချိန်းသည့် ခုတပတ် စနေနေ့ က Night Shift ဆင်းပြီး တနင်္ဂနွေနေ့ မနက် 7:00 နာရီပြန်၊ Afternoon Shift 3:00 နာရီအလုပ်ပြန်ဝင်၊ 11:00 နာရီအလုပ်ပြန်ထွက်ပြီး တနင်္လာနေ့ Morning Shift 7:00 နာရီ အလုပ်ပြန်ဝင်ရသဖြင့် လူလဲ အိပ်ချိန်နဲရသည့် အထဲ နေ့ တွေ၊ ညတွေမှား အိပ်မရဖြစ်ကာ အိပ်ရေးပါပျက်ပြီး တော်တော်လေး ပင်ပန်းသွားခြင်း ဖြစ်သည်။

ဒါတွေကို မြန်မာပြည်က လူတွေကို ပြန်ပြောပြလျှင် အပိုပြောသည် ထင်ကြသည်။ သူတို့ ထင်သည်က နိုင်ငံခြားတွင် အေးအေးဆေးဆေး ကောင်းကောင်းနေ ကောင်းကောင်းစားပြီး ငွေကို သက်တောင့်သက်သာဖြင့် ရသည်ဟု ထင်နေကြ၏။ ဒီကလူတွေ ဘယ်လိုနေ ဘယ်လိုစားဖြင့် အနေဆင်းရဲ၊ အစားဆင်းရဲဖြင့် နေကြရသည်ကို သူတို့ မသိကြချေ။ ပြောပြလျှင်လဲ မယုံကြသည့်နောက် ကျွန်တော်လဲ ဘာမှ ထပ်မရှင်းပြချင်တော့။ ကိုယ်ပင်ပန်းတာ ကိုယ်သာသိ၊ ကိုယ့်ဝမ်းထဲသာ ထားလိုက်တော့သည်။ ထို့ ကြောင့် ခုနောက်ပိုင်း မေးလာလျှင် စကားအများကြီး မပြောချင်တော့သဖြင့် အစစ အရာရာ အဆင်ပြေသည်ဟုသာ ပြီးပြီးရော ဖြေလိုက်သည်။ ဒီနေ့ လဲ ညနေ 3:00 နာရီ ပြန်ရန် စိတ်ကူးထားသော်လဲ အလုပ်တွေ မပြတ်သဖြင့် ည 7:00 နာရီထိ ဆင်းပေးခဲ့ရပြန်သည်။ လူကတော့ အရမ်းပင်ပန်းပြီး နုန်းချိနေပြီ ဖြစ်သည်။ အိမ်အပြန်လမ်းတွင် Tampines MRT မှ တဖွဲဖွဲကျနေသည့် မိုးဖွဲများအောက်မှ လမ်းလျှောက်ပြန်လာခဲ့သည်။

"ပြန်လာပြီလားဗျ..."
"ဟုတ်ကဲ့ ပြန်လာပြီ အစ်ကို"

မီးဖိုခန်းမှ ထမင်းစားပြီး ထွက်လာဟန်တူသည့် အိမ်ရှင်အစ်ကိုက နှုတ်ဆက်လာခြင်း ဖြစ်သည်။ ထို့ နောက် သူလဲ သူ့ အခန်းဝင်သွားသည်။ ကျွန်တော်လဲ ကိုယ့်အခန်းကိုယ်ဝင်လာခဲ့လိုက်သည်။ ဒီနိုင်ငံတွင် တစ်အိမ်ထဲ နေကြသော်လဲ အလာသ ပလာသ ပြောဖို့ အချိန်သိပ်မရှိကြ။ အားလပ်ချိန် ခဏကို ကိုယ့်ဘာသာကိုယ် အဆင်ပြေသလိုလေး အပန်းဖြေဖြစ်ကြ၏။ တစ်အိမ်ထဲ နေကြသူများ မပြောနှင့် တစ်ခန်းထဲ နေသူခြင်းပင် သိပ်မတွေ့ ဖြစ်၊ စကားမပြောဖြစ်ကြပေ။ ရေစိုအဝတ်များနှင့် ဝတ်ပြီးသား အဝတ်ဟောင်းများကို အဝတ်လျှော်စက်ထဲထည့် လျှော်လိုက်သည်။ ထို့ နောက် ရေချိုးခန်းတွင်းဝင်ကာ ရေကို စိမ်ချိုးနေလိုက်သည်။ အိမ်တွင် ဒီလိုသာ ရေကို စိမ်ချိုးနေလျှင် မိခင်ဖြစ်သူ အော်ပေလိမ့်မည်။ ဒီနိုင်ငံမှာတော့ မိခင်ဖြစ်သူလို စိုးရိမ်ပြီး အော်မည့်သူမရှိဟု ဘာရယ်မဟုတ် တွေးမိလိုက်သေးသည်။ ရေချိုးလိုက်သဖြင့် နဲနဲလန်းသွားသည်။ ထို့ နောက် ပင်ပန်းနေပြီ ဖြစ်သဖြင့် ညစာကို ဖြစ်သလိုဘဲ  ပြင်ဆင်ချက်ပြုတ်ရင်း အဆင်သင့် လက်ဆေး စားသောက်ခဲ့ရသည့် ထမင်းဝိုင်းလေးကို လွမ်းဆွေးမိသည်။

"ညီရဲ... ညီ ရဲ... ထတော့လေ... မင်း... အလုပ်မသွားဘူးလား... "
"ဟင်း... ဟင်း... အင်း..."
"ဟာ... ကိုယ်တွေပူနေပါလား... မင်းဖျားနေပြီ... "
"အင်း... ဟုတ်တယ် ငါနေမကောင်းလို့ ဒီနေ့ အလုပ်မသွားတော့ဘူး"
"မင်း... အရမ်းဖျားနေတယ်... တစ်ယောက်တည်း ဆေးခန်းသွားလို့ ဖြစ်ပါ့မလား"
"ဖြစ်ပါတယ်... မင်းလဲ အလုပ်သွားရမှာဘဲ။ စိတ်မပူပါနဲ့ သွားပါ"
"အေး... တစ်ခုခုဖြစ်ရင် ငါ့ကို ဖုန်းဆက်လိုက်နော်"

အဖျားရှိန်က တရှိန်ရှိန်ဖြင့် တက်နေပြီး ခေါင်းထဲတွင် မူးနောက်နေ၏။ အလုပ်ပင်ပန်းသည့်ဒဏ်၊ အိပ်ရေးပျက်သည့်ဒဏ်တို့ ကို စုခံရခြင်းကြောင့် ကိုင်ရိုက်ထားသလို တကိုယ်လုံးကိုက်ခဲနေသည်။ အိမ်ရှိ လူအားလုံး အလုပ်သွားနေကြ သဖြင့် ဆေးခန်းသို့  အဖော်လိုက်ပေးမည့်သူမရှိ။ ရွာမှာဆိုလျှင်တော့ နေမကောင်းဖြစ်၍ ဆေးခန်းသွားတိုင်း ဖခင်ဖြစ်သူက အမြဲလိုက်ပို့ လေ့ရှိသည်။ ဆေးခန်းသို့  အားတင်းပြီး ကိုယ့်ဘာသာကိုယ် မနည်းလျှောက်လာခဲ့ရသည်။ ဆေးခန်းကို ရောက်၍ အဖျားတိုင်းတော့ အပူချိန်က ၁၀၃တောင်ရှိ၏။ အဖျားရှိန်ဖြင့် ဆေးခန်းတွင် ထိုင်စောင့်ရင်း အိပ်ပျော်နေသဖြင့် ဆေးခန်းမှ အန်တီကြီးက လာနှိုးရသည်။ ရေခြားမြေခြားကို ရောက်တာကြာပြီ ဖြစ်သဖြင့် နေသားကျနေပြီ ဆိုသော်လဲ ခုလို ဖျားတော့ အားငယ်မိသည်။ အိမ်၏ အငွေ့ အသက်ကို ပို၍ လွမ်းဆွေးမိသလို ဖခင်နှင့် မိခင်တို့ ကို ပို၍ တမ်းတမိသည်။ ထို့ ကြောင့် အားငယ်စိတ်ဖြင့် အိမ်ကို ဖုန်းခေါ်မိ၏။

"ဟလို... အမေလား... သားပါ"
"အငယ်လေးလား... သားနေကောင်းရဲ့ လား... ညက အိပ်မက်တွေ မကောင်းလို့ အမေ စိတ်ပူနေတာ"

ရှေ့ဆက်ပြောမည့် ကျွန်တော့် နှုတ်တို့ ဆွံအသွား၏။ ဖြစ်နိုင်လျှင် အမေ သားအရမ်း နေမကောင်း ဖြစ်နေတယ်ဟု အမေ့ရင်ခွင်ထဲ ခေါင်းတိုးပြီး အော်ဟစ်ငိုကြွေးလိုက်ချင်မိသည်။ သို့ သော် အဝေးရောက်နေသည့် သားဖြစ်သူအတွက် အမြဲစိတ်ပူနေတတ်သည့် မိခင်ကို ထပ်၍ စိတ်သောက မရောက်စေလိုတော့။ မိမိ နေမကောင်း ဖြစ်နေကြောင်း သိလျှင် ပို၍ စိတ်ပူနေလိမ့်မည်။ ထို့ ကြောင့် သာကြောင်းမာကြောင်း ပြောဆိုပြီး ဖုန်းချလိုက်သည်။ ဖုန်းချခါနီး-

"ကျန်းမာရေးကိုတော့ ဂရုစိုက်နော်သား"

ဟူသော မိခင်ဖြစ်သူ၏ အမှာစကား အဆုံးတွင် ယောင်္ကျားတန်မဲ့ မျက်ရည်တို့ က ဝဲတက်လာသည်။ ဆေးခန်းမှ ပြန်လာပြီးနောက် ဆေးသောက်ရန်အတွက် ကိုယ့်အားကိုယ်ကိုးပြီး ဆန်ပြုတ်ပြုတ်ရပြန်သည်။ ရင်တွေ တလှပ်လှပ်တုန်ပြီး မျက်လုံးတို့ ပြာဝေနေသဖြင့် ဖြစ်နိုင်လျှင် အိပ်ယာထဲမှာဘဲ ခွေနေချင်သည်။ သို့ သော် ဆေးသောက်ဖို့ အတွက် ဗိုက်ထဲတွင် အစာရှိဖို့ လိုသည်။ အိမ်တွင် နေမကောင်းဖြစ်လျှင် ဗိုလ်လုပ်ပြီး ဆန်ပြုတ်မသောက်ချင်ဘူး မြူစွမ်မှ သောက်မယ်။ အမေ ဆရာဝန်က ကြက်သားကြော် စားလို့ ရပြီတဲ့ ကြက်သားကြော်ပေးပါဦး ဆိုသည့်ခောတ်က ကျန်ခဲ့ပြီ။ ခုတော့ ကိုယ့်အားကိုယ်ကိုးထားသည့် ခနောဆန်ပြုတ် နွေးနွေးလေးကို သောက်ရင်း နေကောင်းသွားပြီလားဟု နဖူးကို စမ်းရင်း အေးကွာ ငါလဲ အလုပ်မအားတာနဲ့ မင်းကို ဘာမှတောင် လုပ်မပေးနိုင်ဘူး ဟု ဆိုလာသည့် သူငယ်ချင်းကို လည်းကောင်း၊ နေမကောင်းဟု ကြားသဖြင့် ဖုန်းဆက်မေးလာကြသည့် သူငယ်ချင်းများကို လည်းကောင်း ကျေးဇူးတင်မိသည်။ အလုပ်နှင့်အိမ်ကြား ပြေးလွှားရင်း အချိန်လုနေရသည့် သူတို့ ဘဝတွေကို ကျွန်တော် စာနာကိုယ်ချင်းစာပါသည်။ ရေခြားမြေခြားတွင် နွေးထွေးမှု တချို့ ပျောက်ဆုံးနေသည့် အိမ်ဆိုသည်က ကျွန်တော်တို့ အတွက် အလုပ်ချိန်ပြီး၍ ခေတ္တခဏ ကွန်းခိုရာ၊ ကျောချညအိပ်စရာ နေရာထက်မပိုဟု ထင်မိသည်။ ကျွန်တော်တို့ တွေ လက်ရှိနေနေသည့် အိမ်ကလဲ အိမ်ဘဲ ဖြစ်ပါသည်။ သို့ သော်... သို့ သော်...

23 comments:

  1. ခံစားချက်လေးကို ပေါ်လွင်အောင်ချရေးသွားတာ ခံစားလို့ကောင်းပါတယ်
    ဘ၀တူတွေမို့ သူငယ်ချင်းရဲ့ ခံစားချက်ကိုလဲ နားလည်ပါတယ်

    ReplyDelete
  2. နေမကောင်းဖြစ်နေတာလား ကိုယ်ချင်းစာတယ် အမလဲနေမကောင်းဖြစ်နေလို့
    အမေကိုဖုန်းဆက်ချင်နေတာ ငိုမိမှာစိုးလို့မဆက်သေးဘူး
    အရမ်းနေထိုင်မကောင်းရင်တောင်မှ ကောင်းသလိုလေးနေလိုက်တယ်
    ကျန်းမားရေးကိုဂရုစိုက်နော် စိတ်ဖိစီးတာတွေများပြီး အလုပ်ပင်ပန်းလို့ဖြစ်မှာပါ

    ReplyDelete
  3. အင်း.. ကိုညီရဲရေ.. ကိုယ်ချင်းစာပါတယ်.. အဲဒါကြောင့် တစ်ယောက်တည်းဘ၀က လွတ်အောင်လုပ်ပါတော့ဗျာ... :P

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  4. နေကောင်းအဆင်ပြေပါစေဗျာ ခံစားလိုက်ရပါတယ်

    ခင်မင်တဲ့
    ရွှေစင်ဦး

    ReplyDelete
  5. အဲလိုခံစားမှုလေးကိုယ်လဲခံစားဖူးတော့ ကိုယ်ချင်းစားမိတယ်...။ ခုရောဘယ်လိုနေသေးလဲ ညီ..သက်သာပီလား...။ အမြန်ဆုံးနေကောင်းပါစေလို့ ဆုတောင်းပါတယ်..။

    ReplyDelete
  6. ကိုညီရေ အစ်ကို့ရဲ့ ခံစားချက်လေးကို စာနာနားလည်ပါတယ်....ကျန်းမာရေးလည်း ဂရုစိုက်ဗျာ......သူများနိုင်ငံမှာ မလွယ်ဘူးဗျ......

    ReplyDelete
  7. ကိုရဲရေ အမြန်ဆုံးနွေးထွေးတဲ့အိမ်လေးကိုပိုင်ဆိုင်နိုင်ပါစေ

    ReplyDelete
  8. အေးဟ.....၊ဒီမှာကတော့ဒီလိုပါပဲ......၊မြန်မာပြည်ထက်ဘယ်လောက်
    သာတယ်ပဲပြောပြော၊ကိုယ်တွေလို တိုင်းတစ်ပါးသားတွေအတွက် နွေးထွေးမှု
    တွေပျောက်ဆုံးနေတာကလား....။

    ReplyDelete
  9. ကျန်းမာရေးကိုဂရုစိုက်ပါ
    ရေမြေခြားမှာ နေထိုင်မကောင်းဖြစ်ရင် လွယ်ဖူး
    လွမ်းတာနဲ့ ဖျားတာနဲ့ အတော်ကသီတာ

    မောင်ဘကြိုင်

    ReplyDelete
  10. ရေခြားမြေခြားမှာ နေရတဲ့ နေရာလေးတစ်ခုက နွေးထွေးတဲ့
    မေတ္တာတွေကင်းဝေးရာ နေရာလေးပေါ့.။ ကိုယ့်မှာရှိနေတဲ့
    စိတ်အားခွန်အားတွေနဲ့သာ ခရီးဆက်နေရတာပဲလေ.။
    ဘာတွေပဲဖြစ်နေပါစေ ရှိနေတဲ့စိတ်ဓါတ်တွေကိုသာ ခိုင်သထက်
    ခိုင်အောင် ထားပြီး နေရလိမ့်မယ်.။

    အမသဒ္ဓါ

    ReplyDelete
  11. အေးဗျာ..၊ ဖတ်ရတာ စိတ်မကောင်းစရာ..၊ သင်ကြားစရာ၊ ရှာဖွေ ဆည်းပူးစရာ တွေကြောင့်သာ အဝေးမှာ နေကြရပေမယ့် သူသူကိုယ်ကိုယ် အိမ်ကို သတိရကြတာပါပဲ၊ အထူးသဖြင့် အားငယ်တဲ့ အချိန်မှာ ကိုယ်နေထိုင်ရာက house ဖြစ်ပြီး home မဟုတ်ဘူးလို့ ပိုတွေးမိတဲ့ အချိန်တွေ မှာပေါ့..။

    ReplyDelete
  12. စိတ်မကောင်းပါဘူး...။ကျမ်းမာရေးဂရုစိုက်ပေါ့..။ပင်ပန်းတဲ့ လူချင်းမို့ ကိုယ်ချင်းစာမိပါတယ်..။အေ၇းအသားက ရိုးရိုးလေးနဲ့ ပြေပြစ်ပါတယ်...။

    ReplyDelete
  13. လာရောက်ဖတ်ရှု့ခံစားသွားတယ်။ မိဝေဖဝေး တိုင်းတစ်ပါးမှာ ဒီလိုဘဲခံစားမှု့ တွေထပ်တူဖြစ်ခဲ့ဖူးပါတယ်။
    မင်္ဂလာရှိသောနှစ်သစ်လေး ဖြစ်ပါစေ။



    ခင်မင်တဲ့

    ReplyDelete
  14. ဘယ်နေရာမှ အမေ့အိမ်လောက် မနွေးထွေးဘူးဆိုတာ အမေ့အိမ်နဲ့ ဝေးဖူးတဲ့သူတိုင်းခံစားနေရတဲ့ အကြောင်းတစ်ခုပဲ ညီရဲရေ ..

    ခင်တဲ့
    မဝသုန်

    ReplyDelete
  15. ခံစားဖူးလို့  ကိုယ်ချင်းစာပါတယ် ညီရဲရေ..အိမ်ရဲ့  နွေးထွေးမူမျိုး အမြန်ဆုံး ရပါစေ..အမြန်ဆုံး နေကောင်းလာပါစေ..

    ReplyDelete
  16. နှစ်သစ်မှာရွှင်လန်းချမ်းမြေ့ပါစေ ကိုညီရဲရေ

    ပြန်မယ်ဆိုလက်တို့ဦးး))

    ဂျာရစ်

    ReplyDelete
  17. ဟင် တိုက်တိုင်ဆိုင်ဆိုင်.. ဒီစာကို အခုဖတ်နေချိန် ကျွန်မလည်း ဖျားနေတယ်။း(

    ခင်မင်စွာဖြင့်
    မြတ်

    ReplyDelete
  18. အိမ်ဟာအနွေးထေါးဆုံးဆိုတာဝေးမှသိရတာပဲလားဗျကိုညီရဲ၇

    ReplyDelete
  19. ရေကို စိမ်ပြီး ချိုးတာကိုး။ ရိုက်ဖို့ ကောင်းတယ်။ အိကုကို ဖုန်းဆက်ခေါ်လိုက်ပြီးတာပဲကို။

    နောက်တာပါ။ အဲ့လို နေမကောင်းဖြစ်လာရင် အတော်ကို အားငယ်မိမှာ အသေအချာပါပဲ။ ဂရုစိုက်ပါဗျာ။

    ReplyDelete
  20. အိမ်မဟုတ်တဲ့အိမ်တွေ နားလည်မှု့မရှိတဲ့ ကိုယ်ချင်းစာနာစိတ်မထားတတ်တဲ့ တစ်ဘို့ထဲကြည့်တဲ့ အိမ်တွေကို မုန်းတယ်



    ဂျာရစ်

    ReplyDelete
  21. အဲ့ဒီခံစားချက်ကို နားလည်တယ်အကို...
    နေမကောင်းတဲ့အချိန်၊ အဆင်မပြေလို့ အခက်ခဲနဲ့ ကြုံရချိန်မှာ ..
    အိမ်ဆိုတာ..တစ်ကယ့်ကို ဆေးတစ်ခွက်ပါပဲအကို...
    နေမြန်မြန်ပြန်ကောင်းပြီး အ၇ာရာ အဆင်ပြေပါစေအကို..

    ReplyDelete
  22. Hi, Very Interesting post you have here... It would be my pleasure if you visit my website too. Here's the link http://motors.com.mm/?utm_campaign=mot_mm_lb_blog_riche&utm_source=mot_lb_blog

    ReplyDelete