Friday, 25 January 2013

အစရှိ အနောင်နောင်မို့ အကျင့်ပါသွားမှာကို စိုးမိတယ်

နံနက်ခင်း တက်သစ်စ နေရောင်ခြည် နွေးနွေးက လမ်းကလေးပေါ်တွင် ဟိုတစ်ကွက် ဒီတစ်ကွက် စွန်းပေနေသည်။ ရော်ရွက်ကြွေတို့ ကလဲ လမ်းကလေးပေါ်တွင် ဟိုတစ ဒီတစ ပြန့် ကြဲနေကြ၏။ လေအဝှေ့ တွင် ရော်ရွက်ကြွေတို့  ပွတ်တိုက် ပြေးလွှားသွားသံမှတပါး လမ်းကလေးက ပကတိ တိတ်ဆိတ် ငြိမ်သက်နေသည်။ နံနက်ခင်း အစောပိုင်း အချိန်မို့ လမ်းကလေးပေါ်တွင် လူသွားလူလာတို့  မရှိသလောက် ကျဲပါးနေ၏။ ထိုလမ်းလေးအတိုင်း အရိပ်တစ်ရိပ်က မျောလွင့်လာနေသည်။ တဖြည်းဖြည်းဖြင့် ထိုအရိပ်က လူတစ်ယောက်၏ အသွင်သဏ္ဍန် ပီပြင်လာသည်။ တိတိကျကျ ပြောရလျှင် အထက်ပိုင်းက အဖြူ၊ အောက်ပိုင်းက အစိမ်းနှင့် ကျောပိုးအိတ်တစ်လုံးကို လွယ်ပိုးထားသည့် ကောင်လေးတစ်ယောက် လှမ်းလျှောက် လာနေခြင်း ဖြစ်သည်။ နံနက်ခင်း စောသေးသည် ဆိုသော်ငြားလဲ ယခုကဲ့သို့ အဝတ်အစားကို ဝတ်ဆင်ထားသူတို့ လမ်းပေါ်တွင် ရှိနေသင့်သည် အထိတော့ အချိန်က မစောတော့။ ခြေဦးတည့်ရာ လျှောက်လာဟန် တူသည့် ကောင်လေးက စိတ်နှင့်ကိုယ်လဲ ကပ်ဟန်မတူ။ သေချာ ဂရုစိုက်ကြည့်မိလျှင် ကောင်လေး၏ မျက်လုံးတို့ က ကျီးကြည့်ကြောင်ကြည့်ဖြင့် ဂဏာမငြိမ် ဖြစ်နေကြောင်းကို အလွယ်တကူ သိနိုင်ရှိသည်။ စိုးရွံစိတ်၊ တစ်စုံတစ်ခုကို ဝေခွဲမရ ဖြစ်နေဟန်တို့ က ကောင်လေး၏ မျက်ဝန်းထဲတွင် တဖျတ်ဖျတ် ပြေးနေ၏။ သူ့ အတွက် ယခု အကြိမ်က ပထမဆုံအကြိမ် ဖြစ်ဟန်တူသည်။ တစ်နေရာ အရောက်တွင် ကောင်လေး၏ ခြေလှမ်းတို့ ရပ်တန့် သွား၏။ အရောင်အမျိုးမျိုးပြောင်းကာ  ယောက်ယက်ခတ်နေသည့် မျက်ဝန်းတို့ လဲ အနည်ထိုင် သွားသည်။ ခြေဦးတည့်ရာ လျှောက်သွားနေရသည့် သူ့ အတွက် နားခိုစရာ နေရာတစ်ခုကို ရှာတွေ့ ခဲ့လေပြီ။

ပြည်ပန်းခြံဟု ရေးထားသည့် ဆိုင်းဘုတ်အောက်မှ အတွင်းဘက်သို့  လျှောက်ဝင်လာခဲ့လိုက်သည်။ ပန်းခြံ၏ အတွင်းဘက်တွင် ဆိတ်ငြိမ်အေးချမ်းနေသည်။ ကျေးငှက်တို့ ၏ စိုးစီစိုးစီ အော်မြည်သံမှအပ ပန်ခြံအတွင်းဘက်တွင် အရာရာက တိတ်ဆိတ်ငြိမ်သက်နေ၏။ ဓာတ်ပုံဆိုင်ကို ခင်းကျင်းနေသည့် လူက ပန်းခြံထဲကို လျှောက်ဝင်လာသည့် ကောင်လေးကို တစ်ချက်မော့ကြည့်သည်။ ထို့ နောက် သူ့ အလုပ်ကိုသူ ဆက်လုပ်နေ၏။ သူ့ အတွက် ဒီမြင်ကွင်းမျိုးက ဘာမှ မထူးခြား သာမန် မြင်တွေ့ နေကျ မြင်ကွင်းမျိုး ဖြစ်သည်။ ကောင်လေးက ပန်းခြံ၏ အတွင်းဘက်သို့ ဆက်လျှောက် ဝင်လာခဲ့လိုက်သည်။ မွှေးပျံသင်းထုံနေသည့် ပန်းရနံကို ရှူရှိုက်ရင်း သူ့ စိတ်တို့ ကြည်လင် လန်းဆန်းလာသည်။ ထို့ နောက် ရှေ့ဘက်သို့ ဆက်လျှောက်လာရင်း မြစ်ကမ်းဘက်ကို မျက်နှာမူထားသည့် ခုံတန်းလေးတွင် ဝင်ထိုင်လိုက်သည်။ ရှင်းသန့် လတ်ဆတ်နေသည့် မြစ်လေကို တစ်ချက် ရှူသွင်းလိုက်ရင်း ပတ်ဝန်းကျင်ကို မျက်စိ ကစားကြည့်လိုက်၏။ ခပ်လှမ်းလှမ်းတွင် တံမြက်စည်း လှည်းနေသည့် လူကြီးတစ်ယောက် မှအပ ဘယ်သူမှ ရှိမနေ။ သူကျေနပ်သွားသည်။ ဖြစ်နိုင်လျှင် ခုချိန်တွင် လူအများကြီး သူ့ ကို မတွေ့ စေလို။ သူ့ အကြည့်တို့ ကို အရှေ့ဘက်သို့ ရွှေ့ လိုက်သည်။ မြစ်ထဲတွင် ဥဒဟို သွားလာနေသည့် သင်္ဘော၊ လှေ၊ သမ္ဗန်များနှင့် မြစ်ဟိုတစ်ဖက်ကမ်းမှ ရှုခင်းများကို ငေးမောကြည့်နေရင်း သူ၏စိတ်တို့ လွတ်လပ် ပေါ့ပါးလာ၏။ ပတ်ဝန်းကျင် သဘာဝရှုခင်းများ ထဲတွင် သူ့ အာရုံတစ်ခုလုံး နစ်မျောပျော်ဝင်သွားတော့သည်။

"ကောင်လေး... ကျောင်းမသွားဘူးလား"

စောစောက တံမြက်စည်း လှည်းနေသည့် လူကြီးက အနားသို့ ရောက်လာပြီး မေးလိုက်ခြင်းဖြစ်သည်။ ကြည်လင်ရွှင်ပျနေသည့် ကောင်လေး မျက်နှာက ချက်ချင်း သုန်မှုန်သွား၏။ ထို့ နောက် တမြက်စည်းလှည်းသည့် လူကြီးကို ဘုကြည့်ကြည့်လိုက်သည်။ အသိသာကြီးကို လာမေးနေသဖြင့် စိတ်ထဲလဲ ခုသွားမိ၏။ ကောင်လေး စိတ်ခုသွားမှန်း သိသော်လဲ လူကြီးက မသိချင်ယောင်ဆောင်ကာ ဆက်မေးသည်။

"ဘာလဲ ဆရာမက စာမေးလို့ မရရင် အရိုက်ခံရမှာ ကြောက်လို့ ကျောင်းပြေးလာတာ မဟုတ်လား"

ကောင်လေး ခန္ဓာကိုယ် ဆတ်ကနဲ တစ်ချက် တုန်သွားသည်။ ထို့ နောက် လူကြီးကို အလန့် တကြားဘဲ မော့ကြည့်မိ၏။ ဒီလူကြီး ဘယ်လိုကြောင့် သိပါလိမ့်ဟုလဲ တွေးလိုက်မိသည်။ ကျောင်းကဘဲ နောက်ကနေ လိုက်ခေါ် ခိုင်းလိုက်သလားဟု ပတ်ဝန်းကျင်ကိုလဲ မျက်စိကစား ကြည့်လိုက်မိသည်။ သို့ သော် မသင်္ကာစရာ ဘာတစ်ခုမှ မတွေ့ ရ။

"မင်းတစ်ယောက်တည်းလား... တခြား အဖော်တွေ ပါသေးလား"

လူကြီးက ဆက်မေးလာသည်။ ကောင်လေးက ဘာမှ ပြန်မဖြေ သည့်အပြင် မျက်နှာကိုလဲ မြစ်ကမ်းဘက်သို့  လှည့်ထားလိုက်၏။ လူကြီးကို အရေးမလုပ် ဂရုမစိုက်သည့် သဘောဖြစ်သည်။ လူကြီးက ဆေးပေါ့လိပ်တိုကို မီးညှိဖွာရှိုက်လိုက်ပြီး ခုံတန်းလေး တစ်ဖက်တွင် ဝင်ထိုင်လိုက်၏။ ကောင်လေးက လူကြီးကို မနှစ်မြို့ ဟန်ဖြင့် တစ်ချက်စောင်းငဲ့ ကြည့်လိုက်သေးသည်။ သို့ သော် ဘာမှတော့မပြော။ 

"ဆေးလိပ်သောက်တတ်လား"

ကောင်လေး၏ မျက်နှာက ပိုလို့ မှုန်မှိုင်း သွားသည်။

"ကျွန်တော် ဆေးလိပ် မသောက်တတ်ဘူး"

ကောင်လေး၏ အသံက  အနည်းငယ် ကျွတ်ဆတ် မာကျောနေသည်။

"ကောင်းတယ် အစရှိ အနောင်နောင်တဲ့... ဘယ်တော့မှ အစသွားမလုပ်နဲ့ "

လူကြီးက အကြည့်ကို မြစ်ရှုခင်းဘက်သို့ ပို့ ထားရင်း ဆေးလိပ်တိုကို မက်မက်မောမော ဖွာရှိုက်လိုက်သည်။

"သူတို့ တွေကတော့ ပြောကြလိမ့်မယ် စမ်းကြည့်ပါလား တစ်ဖွာ နှစ်ဖွာနဲ့ ဘာမှ မဖြစ်ပါဘူးလို့ ... ဒါပေမယ့် သွားအစမလုပ်မိစေနဲ့ ... တကယ်က အဲဒီ တစ်ဖွာ နှစ်ဖွာကဘဲ စခဲ့ကြတာ"

လူကြီးက ကောင်လေး၏ စကားအပြန်ကို မစောင့် သူပြောလိုရာကိုသာ ဆက်ပြောသည်။

"ကွမ်းလဲ စားတတ်မဲ့ပုံ မပေါ်ဘူး"

ကောင်လေးက လူကြီးကို တချက် စောင်းငဲ့ ကြည့်လိုက်သည်။ သို့ သော် ဘာမှတော့ ပြန်မပြော။

"သူတို့ ကတော့ ဆေးနဲ့ မစားနိုင်ရင် ဆေးဖယ်ပြီး စားကြည့်ဖို့ ဒါမှမဟုတ် အချို(သို့ )အစိမ့် တမျိုးမျိုးကို စမ်းကြည့်ဖို့ ပြောလိမ့်မယ်။ သွားတော့ အစမလုပ်နဲ့ အကျင့်ပါသွားမယ်။ တကယ်က အဲဒီက စခဲ့ကြတာ..."

လူကြီးက မြစ်ရှုခင်းကို ငေးရီ ကြည့်နေရင်း နှုတ်မှ တတွတ်တွတ်ဖြင့် ဆက်ပြောနေပြန်၏။

"အရက်သောက်တာကိုလဲ သွားအစ မလုပ်မိစေနဲ့ ... သူတို့ ကတော့ စမ်းကြည့်ဖို့ ကို တိုက်တွန်းကြလိမ့်မယ်။ တစ်ခွက်လောက်နဲ့ တော့ ဘာမှ မဖြစ်ပါဘူး။ အနံထွက်ရင်လဲ ပီကေ ဝါးလိုက်ရင် ဒါမှမဟုတ် မာလကာရွက် ဝါးလိုက်ရင် ပျောက်ပါတယ်လို့ ပြောကြလိမ့်မယ်။ ဒါပေမယ့် သွားတော့ အစမလုပ်နဲ့ ... တကယ်ဆို အဲဒီ တစ်ခွက် နှစ်ခွက်ကဘဲ စခဲ့ကြတာ..."

ကောင်လေးက လူကြီးဘက်ကို လှည့်လာပြီး လူကြီး ပြောသမျှကို ခေါင်းလေး တငြိမ့်ငြိမ့်ဖြင့် သေချာ နားထောင်လာသည်။ သို့ သော် ဘာမှတော့ ဝင်မပြောသေး။

"မကောင်းတဲ့အရာဆို ဘာကိုမှ သွားအစမလုပ်မိစေနဲ့ အစရှိ အနောင်နောင်ကွဲ့ ။ မူးယစ်ဆေးဝါးတို့ ၊ လောင်းကစားလုပ်တာတို့ ကိုလဲ အစသွား မလုပ်နဲ့ ။ ဒီလိုဘဲ ကျောင်းပြေးတာကိုလဲ အစသွားမလုပ်နဲ့ အကျင့်ပါသွားမယ်"

လူကြီး၏ စကားသံအဆုံးတွင် ကောင်လေးထံမှ စကားသံ ထွက်လာသည်။

"သူတို့ ဆိုတာက ဘယ်သူ့ ကို ပြောတာလဲ ဦးလေး"

မြစ်ဘက်ကို မျက်နှာမူပြီး ဆေးလိပ်ကို ဖွာလိုက် စကားတို့ ကို တတွတ်တွတ်ဖြင့် ပြောလိုက် လုပ်နေသည့် လူကြီးက ကောင်လေးဘက်သို့ လှည့်လာသည်။ ထို့ နောက်

"သူတို့ ဆိုတာ... သူတို့ ဆိုတာက အင်း... လူလေးကို ပုံပြင်တစ်ပုဒ် ပြောပြမယ် နားထောင်မလား"
"ဟုတ်ကဲ့ ကျွန်တော် နားထောင်ချင်ပါတယ်ဦးလေး"

ပုံမပြောခင် လူကြီးက မြစ်ရှုခင်းတို့ ကို ငေးရီကြည့်ရင်း ဆေးလိပ်တိုကို ခပ်ပြင်းပြင်း တစ်ချက် ဖွာရှိုက်လိုက်ပြန်သည်။

"ဟိုး... တချိန်ကပေါ့။ လူလေးလိုဘဲ စာမရလို့ ကျောင်းပြေးလာတဲ့ ကောင်လေးတစ်ယောက် ခြေဦးတည့်ရာ လျှောက်လာရင်း ဒီပန်းခြံ၊ ဒီခုံနေရာလေးကို ရောက်လာခဲ့ဖူးတယ်။ လူလေးလိုဘဲ သူ့ အတွက် ပထမဦးဆုံး ကျောင်းပြေးဖူးတဲ့ အတွေ့ အကြုံပေါ့"
"ကျွန်တော့် ကျောင်းပြေးတာ ပထမဆုံး အတွေ့ အကြုံလို့ ဦးလေးက ဘယ်လို သိတာလဲ"

ကောင်လေးက အံသြဟန်ဖြင့် လူကြီးကို မေးလိုက်သည်။

"ကြည့်တတ်ရင် သိတာပေါ့ လူလေးရဲ့ ။ ဒါပေမယ့် အဲဒီကောင်လေးကတော့ လူလေးလို ကံမကောင်းဘူးကွဲ့ "
"ဘာဖြစ်လို့ လဲ ဦးလေး..."
"ဘာဖြစ်လို့ လဲ ဆိုတော့ အဲဒီနေ့ က သူ့ လိုဘဲ ကျောင်းပြေးလာတဲ့ နှစ်ကြီး ကျောင်းသားတစ်စုနဲ့ သွားတွေ့ တယ်"
"ဟာ... ကောင်းတာပေါ့ ဦးလေးရ...။ အဖော်တောင် ရသေးတယ်။ ကျွန်တော်ဆို ခုအဖော်မရှိလို့ ပျင်းနေတာ"
"ဟုတ်တယ် အဲဒီအချိန်က သူလဲ အဲဒီလိုဘဲ တွေးပြီး ပျော်သွားတာပေါ့"
"ဒါဆို သူတို့ ခင်သွားကြပြီး ဒီပန်းခြံထဲမှာ ကစားကြမှာပေါ့နော် ပျော်စရာကြီး"
"ဒါပေါ့ သူတို့ တွေ ဒီပန်းခြံထဲမှ အတူတူ ကစား ကြတာပေါ့။ ကောင်လေးလဲ အပျော်ကြီးကို ပျော်ခဲ့မိတာပေါ့။ သူရဲ့ ပထမဆုံး အတွေ့ အကြုံဘဲလေ ပျော်တာပေါ့"
"သူတို့ တွေ မြို့ ထဲကို လျှောက်မလည်ကြဘူးလား ဦးလေး။ အဖွဲ့ လိုက်လျှောက်လည်ရင် တော်တော် ပျော်ဖို့ ကောင်းမယ်နော်"
"ဘယ်နေမလဲ သူတို့ လျှောက်လည်ကြတာပေါ့ လူလေးရဲ့ ။ သူတို့ တွေ ပန်းခြံထဲမှာ ကစားကြပြီး မောတော့ ခဏနားကြတယ်။ အဲဒီမှာ ကျောင်းသားကြီးတွေက ကွမ်းထုတ်စားတဲ့ လူကစား၊ ဆေးလိပ်သောက်တဲ့ လူကသောက်ပေါ့။ ကောင်လေးကတော့ ကွမ်းမစား၊ ဆေးလိပ်မသောက်တတ် ဆိုတော့ ဒီတိုင်း ရေသောက် အမောဖြေပေါ့။ အဲဒီနောက် သူတို့ တွေ မြို့ ပြင်က ထန်းတောထဲ သွားပြီး ထန်းရေ သွားသောက်ကြတယ်"
"ကောင်လေးက ထန်းရေ သောက်တတ်လို့ လား ဦးလေး"
"ဘယ်သောက်တတ်မလဲကွဲ့ ... ဒါပေမယ့် အဖော်ကောင်းတော့ ထန်းတောထဲ ပါသွားတာပေါ့။ ဒါပေမယ့် ထန်းတော ရောက်တော့ တခြား ကျောင်းသားတွေက အဆွယ် ကောင်းတော့ တစ်ခွက်၊ နှစ်ခွက်လောက် သောက်ဖြစ်တာပေါ့"

လူကြီး ပြောသမျှကို ကောင်လေးက ခေါင်လေး တညိမ့်ညိမ့်ဖြင့် စိတ်ပါဝင်စားစွာ နားထောင်နေသည်။ ကောင်လေး စိတ်ဝင်စားစွာ နားထောင်နေသည်ကို တွေ့ သဖြင့် လူကြီးက သူ့ စကားကို ထပ်ဆက်သည်။

"ထန်းရေသောက်ပြီးတော့ သူတို့ တွေ မြို့ ထဲကို သွားပြီး ရုပ်ရှင်ကြည့်ကြတယ်။ အဲဒီနောက် ပန်းခြံထဲ ပြန်သွားပြီး အတွဲချောင်းကြသေးတယ်။ ညနေရောက်တော့မှ သူတို့ တွေ လူစုခွဲပြီး အိမ်ပြန်ကြတယ်"
"တော်တော် ပျော်ဖို့ ကောင်းမှာဘဲနော်"
"ဒါပေါ့ တော်တော်ကို ပျော်ဖို့ ကောင်းခဲ့တာပေါ့။ အဲဒီနေ့ က ကောင်လေးလဲ ကျောင်းပြေးတဲ့ အရသာကို သိသွားတယ်လေ"

လူကြီးက မြစ်ပြင်ကို ခပ်ငေးငေးလေး ကြည့်နေရင်း သက်ပြင်းကို ခပ်မျှင်းမျှင်းလေး မှုတ်ထုတ်လိုက်သည်။

"အဲဒီနောက်ပိုင်းလဲ သူတို့ တွေ ဆက်ပြီး တွေ့ ဖြစ်ကြသေးလား ဦးလေး"

လူကြီးက ကောင်လေးကို တစ်ချက်စူးစိုက် ကြည့်လိုက်ပြီး...။

"လူလေးက ဘာကြောင့် ဒီလို မေးရတာလဲ"
"သြော်... ခုလို တပျော်တပါးကြီး လွတ်လွတ်လပ်လပ် လျှောက်လည်ရတာ တော်တော် ပျော်ဖို့ ကောင်းမှာဆိုတော့ သူတို့ ထပ်တွေ့ ဖြစ်ကြသေးလား သိချင်လို့ ပါ ဦးလေး"

ကောင်လေးက ခေါင်းလေးငုံသွားပြီး ခပ်တိုးတိုးလေး ပြောသည်။

"ဟုတ်တယ် လူလေး ပြောတာမှန်တယ်။ ကောင်လေးကလဲ အဲဒီလို ခံစားမှုနဲ့ ဘဲ ခဏခဏ ကျောင်းပြေးဖြစ်လာတယ်။ နောက်ပိုင်းမှာ ကောင်လေးဟာ အပေါင်းအသင်း စုံလာပြီး ကွမ်းစားတတ်လာတယ်။ ဆေးလိပ်လဲ သောက်တတ်လာတယ်။ ထန်းရည်၊ အရက်ကိုလဲ သောက်တတ်လာခဲ့တယ်။ ကျောင်းလဲ ခဏခဏ ပြေးလွန်းလို့ အိမ်ကို တိုင်စာပို့ ပြီး အုပ်ထိန်းသူ မိဘတွေကို ခေါ်ရတဲ့အထိ အခြေအနေက ဆိုးလာခဲ့တယ်။ ဒါပေမယ့် မကောင်းမှုမှာ ခုံမင်နေပြီ ဖြစ်တဲ့ ကောင်လေးဟာ ဘယ်လိုမှ ဆိုဆုံးမလို့ မရတော့ဘူး။ အဆိုးဆုံးကတော့ ကျောင်းကနေ အထုတ်ခံလိုက်ရတဲ့ ကောင်လေးဟာ စိတ်ကြွဆေး၊ ဆေးခြောက် အဲဒီကနေနောက်ပိုင်းမှာ ဘိန်းဖြူလို မူးယစ်ဆေးတွေကို သုံးစွဲလာတဲ့အထိ အခြေအနေ ဆိုးလာခဲ့တယ်။ သူ့ အိမ်ကလဲ သူ့ ကို ထိန်းလို့ မနိုင်တော့ဘူးလေ"

လူကြီးက စကားအရှည်ကြီးကို ပြောပြီးနောက် မောသွားသဖြင့် မီးသေသွားသည့် ဆေးပေါ့လိပ်ကို မီးညှိ၍ ထပ်မံ ဖွာရှိုက်လိုက်ပြန်သည်။

"အဲဒီကောင်လေးက နောက်ဆုံးမှာ ဘယ်လို ဖြစ်သွားလဲဦးလေး"

ကောင်လေး၏ မေးသံ အဆုံးတွင် လူကြီး တစ်ချက်တွေကနဲ ဖြစ်သွားသည်။ ထို့ နောက် ဆေးလိပ်တိုကို ခပ်ပြင်းပြင်းလေး တစ်ချက် ဖွာရှိုက်လိုက်သည်။

"နောက်ဆုံးမှာလား... အင်း... နောက်ဆုံးမှာ မကောင်းမှုကို ခုံမင်နှစ်သက်သွားတဲ့ ကောင်လေးဟာ စာရိတ္တပိုင်း ပျက်စီးပြီး လမ်းပေါ်ကို ရောက်သွားတော့တာပေါ့"
"ကောင်လေး သနားပါတယ်နော်ဦး"
"ဘယ်တတ်နိုင်မလဲကွယ်... သူ့ ကံပေါ့။ ဖြစ်ချိန်တန်လို့ ဖြစ်တယ်လို့ ဘဲ သဘောထားရမှာပေါ့"

ကောင်လေးက နားစိုက်ထောင်နေရင်း မှတ်ချက် စကားကို ဝင်ပြောလိုက်သည်။

"ဒါပေမယ့်နော်ဦး... သူသာ အစလုပ်ပြီး ကျောင်းမပြေးဖြစ်ခဲ့ရင် ခုလို ဖြစ်ချင်မှ ဖြစ်မှာ"

လူကြီး၏ မှုန်မှိုင်းရီဝေနေသည့် မျက်ဝန်းတို့ လင်းပွင့်သွားသည်။ သူသွားလိုသည့် ပန်းတိုင်ကို တွေ့ မြင်လိုက်ရသည့် မျက်ဝန်းမျိုးဖြစ်သည်။ ထိုပန်းတိုင်သို့ ရောက်ရန် သူအမျိုးမျိုးကြိုးစား၍ သွားခဲ့သည်။ စကားကို သွယ်ဝိုက်၍ တစ်မျိုး၊ တည့်တည့်တဖုံ မုန်းလိုက မုန်းစေတော့ဟု တွေးကာ အမျိုးမျိုး လှည့်ပတ်၍ ပြောခဲ့သည်။ ယခု ကောင်လေး၏ မှတ်ချက် စကားက သူစိုက်ပျိုးခဲ့သမျှတို့  ပြန်လည်ဖူးပွင့်ခဲ့ခြင်း ဖြစ်သည်။

"ဒါပေါ့ ခုချိန် အဲဒီကောင်လေးရဲ့ စိတ်ထဲမှာ နောင်တရနေပြီး ဖြစ်နိုင်မယ် ဆိုရင် အတိတ်ကို ပြန်သွားပြီး ဆရာမဆီမှာ သွားပြန်အရိုက်ခံချင်တဲ့ အတွေးမျိုးကို တွေးရင်လဲ တွေးနေနိုင်တာဘဲလေ။ တကယ်တော့ လူလေးရယ် ကျောင်းတက်ရမယ့် အရွယ်မှာ ကျောင်းတက်နေတာ အကောင်းဆုံးပါဘဲကွယ်"

ပတ်ဝန်းကျင် တစ်ခုလုံး ငြိမ်ကျ တိတ်ဆိတ်သွားသည်။ ခဏအကြာတွင် ကောင်လေးထံမှ သက်ပြင်းချသံသဲ့သဲ့ ထွက်ပေါ်လာသည်။

"ကျွန်တော် သွားတော့မယ်ဦး"
"ဘယ်ကို သွားမှာလဲကွဲ့ "
"အိမ်ကိုဘဲ ပြန်တော့မယ်ဦး... ဒီနေ့ ဖြစ်ပျက်ခဲ့သမျှကို အမေ့ကို အမှန်အတိုင်း ဖွင့်ပြောလိုက်မယ်။ အမေ စိတ်ဆိုးလို့  ရိုက်လဲ အရိုက်ဘဲ ခံလိုက်တော့မယ်"
"လူလေးသာ အမှန်အတိုင်း ဖွင့်ပြောလိုက်ပါ... လူလေး အမေက ရိုက်ချင်မှ ရိုက်မှာပါ"

ကောင်လေးက ပုဆိုးကို ပြင်ဝတ်လိုက်ပြီး ကျောပိုးအိတ်ကို လွယ်လိုက်သည်။ ထို့ နောက် တံမြက်စည်းလှည်းသည့် လူကြီးကို နှုတ်ဆက်လိုက်ပြီး အိမ်အပြန် ခြေလှမ်းတို့ ကို စလိုက်သည်။ အိမ်အပြန် ခြေလှမ်းတို့ က အလာကကဲ့သို့ မဟုတ်တော့ သွက်လက်ဖျတ်လတ်နေ၏။ ခြေလှမ်းတို့ က ဦးတည်ရာမဲ့ သွားသည့် ခြေလှမ်းများ မဟုတ်တော့။ ပန်းတိုင်ကို ရှေးရှု၍ သွားနေသည့် ခြေလှမ်းများ ဖြစ်သည်။ ပုံပြင်ထဲမှ ကောင်လေး ဘယ်ရောက် သွားပြီလဲဟု သူမမေးဖြစ်တော့ပါ။ ထိုကောင်လေး ဘယ်ရောက်လို့ ဘာဖြစ်နေပြီလဲ ဆိုသည်ကို သူရိပ်မိခဲ့ပြီဘဲ။ ခဏတာ ပျော်ရွှင်မှုတို့ ကို အားကျခဲ့ရသော်လဲ ထိုကောင်လေးလို အခြေအနေမျိုးဖြင့် ဘဝကို မဖြတ်သန်းလိုပါ။ ထို့ ကြောင့် ကောင်လေးလို မဖြစ်အောင် ကောင်လေး ရှောင်ပုန်းခဲ့သည့် လမ်းကို သူလျှောက်ရမည် ဖြစ်သည်။ အိမ်အပြန်လမ်းတွင် သူ့ အသိဥာဏ်တို့ လင်းပွင့်ခဲ့ပြီ ဖြစ်သည်။

တရွေ့ ရွေ့ ဖြင့် ဝေးကွာသွားသည့် ကောင်လေး၏ ကျောပြင်ကို ကြည့်ပြီး သက်ပြင်းတချက်ကို ဟူးခနဲ မှုတ်ထုတ်လိုက်၏။ ထို့ နောက် ဖင်စီခံနားအထိ ကပ်လာသည့် ဆေးလိပ်ကို ခပ်ပြင်းပြင်း တချက် ဖွာရှိုက်လိုက်ပြီး မီးသတ်ကာ အနားရှိ အမှိုက်တောင်းထဲသို့ ပစ်ထည့်လိုက်သည်။ ဘာဖြစ်ဖြစ် လမ်းပေါ်ရောက်လာနိုင်သည့် အမှိုက်တစကို သူရှင်းထုတ်နိုင်ခဲ့ပြီ။ ကိုယ်တိုင်က လမ်းမှားကို လျှောက်ခဲ့မိပေမယ့် သူတို့ လေးတွေကို လမ်းမလွဲစေလို၊ ကိုယ်တိုင်က ပန်းတိုင် မရှိတော့ပေမယ့် သူတို့ လေးတွေကို ပန်းတိုင် မပျောက်စေလိုတာ သူ့ စေတနာ ဖြစ်သည်။ ထို့ နောက် စောစောက ဘေးနားချထားသည့် တံမြက်စည်းကို ကောက်ယူလိုက်သည်။ ကိုယ့်အတွက် မဟုတ်ပေမယ့် တခြားသူတွေ စိတ်ကြည်လင် လန်းဆန်းစွာ နားနေနိုင်ဖို့ ပန်းခြံအတွင်းမှ အမှိုက်များကို ရှင်းရဦးမည်။ ဒါကဘဲ သူတတ်နိုင်သည့်ဘက်မှ လောကကြီးကို အလှဆင်ခြင်း တစ်မျိုးမဟုတ်ပါလား။ အားလုံးကို သူပျော်စေချင်သည်။ မကောင်းသည့် အရာကို အပျော်ဖြစ်စေ၊ အစမ်းသဘောဖြစ်စေ မစမ်းသပ်စေလို။ အစရှိ အနောင်နောင်မို့ အကျင့်ပါသွားမည်ကို စိုးမိသောကြောင့် ဖြစ်သည်။

13 comments:

  1. ဘလက်ရေ အရမ်းကောင်းတာ လူငယ်လေးတွေဒါလေးဖတ်မိရင်ကောင်းမှာနော်

    စာရေးတာဝမ်းသာတယ် သူငယ်ချင်း သတိလည်းရတယ် အဆင်ပြေတယ် ဟုတ်

    ကိုယ်စိတ်နှစ်ပါးအေးချမ်းပြီး
    သာယာချမ်းမြေ့ပါစေ...
    မိုး

    ReplyDelete
  2. သိပ်ကောင်းပါတယ်

    ReplyDelete
  3. ဟုတ်ပါတယ်၊ ပထမတစ်လှမ်း လှမ်းလိုက်ပြီးရင် ဒုတိယ၊ တတိယဆိုတာ မခဲယဉ်းတော့လို့ မကောင်းမှုဆိုရင် မစမိတာ အကောင်းဆုံးပါပဲ..၊

    အချီအချ ဒိုင်ယာလော့ဂ်တွေနဲ့ ဇတ်ရှိန်ကို တဆင့်ချင်း မြှင့်ယူသွားတာမို့ တစ်ပုဒ်လုံးဟာ ညက်ညောနေခဲ့တယ် ကိုညီရဲ...။

    ReplyDelete
  4. လူငယ်တွေအားလုံးဖတ်သင့်တယ်ထင်တာပဲ
    ဖတ်လို့လဲစိတ်ဝင်စားဖို့ကောင်းတယ်
    မကောင်းမှုကို မစ တာအကောင်းဆုံးပါပဲ ဆိုတာကိုပေါ်လွင်အောင်ရေးပြတတ်တယ်

    ReplyDelete
  5. ကျောင်းပြေးချင်တယ့် ကလေးတွေကို ဖတ်ခိုင်းရမယ်..

    ReplyDelete
  6. ဟုတ်တယ်...မကောင်းတာဆိုရင် အစမလုပ်တာ အမှန်ဆုံးနည်းလမ်း...သို့ပေမင့် မသိလို့ မလုပ်တာထက် ဆိုးကျိုးတွေကို နားလည်ပြီး မလုပ်တာမျိုးဖြစ်အောင် လူငယ်တွေကို လမ်းညွှန်ပေးဖို့က လူကြီးတွေရဲ့ တာဝန်...လူကြီးတွေကို ကြောက်ပြီး အစမလုပ်တာဆိုရင်တော့ ကောင်ကျိုးဆိုးပြစ်ကို နားလည်တာမျိုးမဟုတ်လို့ အစလုပ်မိရင် အနောင်နောင် ဖြစ်မှာ သေချာနေရော...

    ReplyDelete
  7. အစ်ကိုရေ... ကောင်းလိုက်တာ.... :)

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  8. ဖတ်လို့အ၇မ်းကောင်းတယ်စိတ်လည်းဝင်တယ်
    လေးစားလျက်....

    ReplyDelete
  9. ကျောင်းပြေးရင် အိမ်လယ်တိုင်ကိုဖက်ခိုင်းပြီး ရိုက်တတ်တဲ့ အမေ့ကို သတိရတယ်.... နွားနဲ့ဖက်ရုန်း ခြေသလုံး သမန်းချေးတက်မှ ထမင်းနပ်မှန်တဲ့ ဘဝထဲ နင့်ကိုမမြင်ချင်လို့ပါ သားကြီးရဲ့လို့ ငိုသံပါနဲ့ ရိုက်တတ်တဲ့ အမေ့ကို လွမ်းမိသွားတယ်အကို.....

    ReplyDelete
  10. တို့ များလည်းကျောင်းပြေးဖူးတာပေါ့
    ငယ်ဘဝသွားသတိရတယ် လွမ်းစရာတွေပဲ

    မောင်ဘကြိုင်

    ReplyDelete
  11. ဘဝနဲ့ရင်းပြီးရတဲ့သင်ခန်းစာကို ဖြန့်ဝေလိုက်ရတယ်ဆိုတာ ထိုလူငယ်လေးမှ သဘောပေါက်ပါ့မလားလို့ မြတ် အတွေးနယ် ချဲ့နေမိတယ်။

    ဝတ္တုတိုကလေးက တိုတိုလေးနဲ့ ထိထိမိမိရှိလိုက်တာ။

    ReplyDelete
  12. မကောင်းဘူး လို့ သိထားတဲ့ အရာတွေ က အစ မလုပ်တာ အကောင်းဆုံးပါပဲလေ ... အိမ်လည်နည်းတာ | နောက်ကျတာ ... ခွင့်လွှတ်စေချင်ပါတယ် ညီ ...

    ReplyDelete
  13. Take the case of Shannon whose car was struck from behind while sitting in traffic.
    Question #2: If I am in an auto accident should I talk to my own insurance company.
    Personal injury lawyers can help your negligence case
    if you have purchased a new invention that has caused a fire or had another damaging effect.


    Also visit my weblog :: Neinstein & Associates continue reading this..
    ()

    ReplyDelete