ရန်ကုန်မြို့ ရဲ့  အထင်ကရ နေရာတစ်ခုဖြစ်တဲ့ SSC ဆေးရုံမှာပါ။ ခန်းမထဲမှာ ဒေါက်တာနဲ့ တွေ့ ဖို့ လူနာနဲ့ လူနာရှင်တွေ တုံကင်နံပါတ် ယူပြီး စောင့်နေကြတယ်။ လင်မယား စုံတွဲတစ်တွဲလဲ နေမကောင်း ဖြစ်နေတဲ့ သူတို့ ရဲ့ သားလေးကို ဒေါက်တာနဲ့ ပြဖို့ တုံကင်နံပါတ်ယူပြီး စောင့်နေကြတယ်။ အဲဒီအချိန်မှာဘဲ ဒေါက်တာရဲ့ စမ်းသပ်ခန်းထဲက သူနာပြု ဆရာမလေး တစ်ယောက် ထွက်လာတယ်။ တုံကင်နံပါတ် အလှည့်ကျတဲ့ လူနာနဲ့ လူနာရှင်တို့ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြတယ်။ ဒီတခါက သူတို့ အလှည့်ရောက်ပြီကိုး။ ဒါပေမယ့် အားလုံး မျှော်လင့်မထားတဲ့ စကားတစ်ခွန်းကို သူနာပြု ဆရာမလေးက ပြောလိုက်တယ်။
"'ဒီထဲမှာ တရုတ်စကား ပြောတတ်သူများ ပါသလားရှင်"
ဘယ်သူမှ မျှော်လင့်မထားတဲ့ မေးခွန်းပါ။ အခန်းထဲက လူတွေ အားလုံး တိတ်ဆိတ်သွားကြတယ်။ တစ်ယောက်မျက်နှာကို တစ်ယောက် စူးစမ်းဟန်နဲ့ ကြည့်ကြတယ်။ ဘယ်သူများ တရုတ်စကား ပြောတတ်သလဲပေါ့။ ကမ္ဘာလှည့် ခရီးသည်တွေ လာလေ့လာထ ရှိတဲ့ နေရာဆိုလဲထားဦး။ SSC ဆေးရုံလို နေရာမျိုးမှာ ခုလို လာမေးတော့ အားလုံး အထူးအဆန်း ဖြစ်သွားကြတာပေါ့။
"ကျွန်မ တရုတ်စကား ပြောတတ်ပါတယ်"
ကလေး နေမကောင်းလို့ လာပြတဲ့ လင်မယား နှစ်ယောက်ထဲက အမျိုးသမီး ဖြစ်သူက ပြောလိုက်ခြင်း ဖြစ်တယ်။
"ဒါဆို အထဲကို ခဏလောက် လိုက်ခဲ့ပေးပါရှင်"
အခန်းထဲမှာတော့ သားအမိ နှစ်ယောက်နှင့် စိတ်ညစ်ညူး နေသည့်ဟန်ပေါက်နေတဲ့ ဒေါက်တာမ တစ်ယောက်တို့ ရှိနေကြတယ်။ ဒေါက်တာမက အခန်းထဲကို ဝင်လာသည့် သူနာပြု ဆရာမလေးနဲ့ အမျိုးသမီးကို အကဲခတ်ဟန် တချက် လှမ်းကြည့်လိုက်တယ်။ သူနာပြု ဆရာမလေးက ခေါင်းတစ်ချက် ညိတ်ပြလိုက်ပြီး...
"တရုတ်စကား ပြောတတ်တဲ့လူကို ခေါ်လာပါပြီ ဒေါက်တာ"
"ညီမက တရုတ်စကားကို ကောင်းကောင်း ပြောတတ်တယ်လား"
"ဟုတ်ကဲ့ ပြောတတ်ပါတယ် ဒေါက်တာ"
"ဒါဆို ကူညီပါဦး ညီမရယ်... သူ့ ကို တစ်ချက်လောက် မေးပေးပါဦး။ သူ့ နာမည်တောင် မြန်မာလို ပီပီသသ မပြောနိုင်ဘူး။ မေးလိုက်တိုင်း တရုတ်လိုတွေချည်း ပြောနေတော့ အစ်မလဲ စိတ်ညစ်နေပြီ။ ပြီးတော့ ကလေး ဘယ်လို နေမကောင်း ဖြစ်တယ် ခုလို နေမကောင်း ဖြစ်တာ ဘယ်လောက် ကြာနေပြီလဲ ဆိုတာကိုပါ သေသေချာချာလေး မေးပေးပါဦးကွယ်"
ဒေါက်တာမ စိတ်ညစ်မယ် ဆိုလဲ စိတ်ညစ်စရာပင်။ အမျိုးသမီးက တရုတ်နိုင်ငံ ပြည်မကြီး တရုတ်ဖြစ်ပြီး မြန်မာစကား မပြောတတ်သလို အင်္ဂလိပ် စကားကိုလဲ တစ်လုံးမှ မပြောတတ်ပါဘူး။ ဒါပေမယ့် အလွန် အံသြဖို့  ကောင်းတဲ့ အချက်တစ်ချက်က မြန်မာစကား တစ်လုံးမှ မပြောတတ်သလို တခြား မြန်မာနိုင်ငံက တိုင်းရင်းသား တို့ ရဲ့  ဘယ်ဘာသာစကားကိုမှလဲ မပြောတတ်တဲ့ ထိုပြည်ကြီး တရုတ်မ လက်ထဲမှာ နိုင်ငံသား စိစစ်ရေး ကဒ်ပြား (အမျိုးသား မှတ်ပုံတင်)ကို ကိုင်ထားတယ်။ နိုင်ငံသား စိစစ်ရေး ကဒ်ပြားကိုမှ FRC အစိမ်းကဒ်ပင် မဟုတ်ဘဲ အမျိုးသား မှတ်ပုံတင် အနီကဒ် အသစ်စက်စက်ကို ကိုင်ထားတာပါ။ ကိုယ့်နာမည်ကို မြန်မာလို ပီအောင် မပြောနိုင်တဲ့ တခြား ဘယ်တိုင်းရင်းသားတို့ ရဲ့ ဘာသာစကားကိုမှ မပြောတတ်သလို အင်္ဂလိပ်လိုလဲ တစ်လုံးမှ မပြောတတ်တဲ့ ဒီအမျိုးသမီးရဲ့ လက်ထဲကို ကျွန်တော်တို့ မြန်မာနိုင်ငံသား အသိအမှတ်ပြု နိုင်ငံသား စိစစ်ရေး ကဒ်ပြား (အမျိုးသား မှတ်ပုံတင် အနီ)က ဘယ်လိုများ ရောက်နေရသလဲ။ ဒါက ရန်ကုန်မြို့ ရဲ့ SSC ဆေးရုံမှာ ကျွန်တော့် မိတ်ဆွေ ကိုယ်တိုင် ကြုံတွေ့ ခဲ့တဲ့ တကယ့် အဖြစ်အပျက်လေးပါ။ ရန်ကုန်မြို့ လို နေရာမှာတောင် ဒီလို အဖြစ်မျိုးတွေ ရှိနေပြီဆိုရင် တရုတ်လူမျိုးတွေ ပိုစိမ့်ဝင်နေတဲ့ မန္တလေးမြို့ မှာဆိုရင် ဘယ်လောက်တောင် အခြေအနေ ဆိုးနေပြီလဲလို့ တွေးကြည့်မိတယ်။ ဒီအဖြစ်အပျက် အကြောင်းကို သူငယ်ချင်းတွေနဲ့ စကားစပ်မိလို့ ပြောဖြစ်ကြတော့ မန္တလေးမြို့ အကြောင်းကို သိချင်ရင် အဆိုတော် လင်းလင်းရဲ့ "မန္တလေးမြို့ သေဆုံးခြင်း" ဆိုတဲ့ သီချင်းကို နားထောင်ကြည့် ဆိုပြီး လင့်ပေးလို့ နားထောင်ကြည့်မိတယ်။ အဲဒီမှာ မန္တလေးမြို့ ကလဲ သီချင်းရေးဖွဲ့ ဆိုရလောက်အောင်ကို ဖြစ်နေပါလားလို့ တွေ့ လိုက်ရတယ်။ သီချင်းကို နားထောင်ချင်တယ် ဆိုရင်တော့ you tube မှာ လင်းလင်း "မန္တလေးမြို့ သေဆုံးခြင်း" ဆိုပြီး ရိုက်ရှာလို့ ရပါတယ်။
နောက်ထပ် သူငယ်ချင်း တစ်ယောက် ပြောပြတဲ့ အကြောင်းအရာလေးကလဲ ကျွန်တော့်ကို ပိုရင်မောစေပါတယ်။ သူက တရုတ်-မြန်မာ ကပြားတစ်ယောက်ပါ။ သူ့ အဖေဘက်က အမျိုးတွေက တရုတ်လူမျိုးတွေပေါ့။ ဒါပေမယ့် သူတို့ တွေက မြန်မာနိုင်ငံကို ရောက်တာ ကြာပါပြီ။ သူတို့ တွေကိုလဲ ဒီနိုင်ငံမှာမွေး၊ ဒီနိုင်ငံမှာ ကြီးလို့ ဒီနိုင်ငံသားတွေ ဖြစ်နေပါပြီ။ သူတို့ ရဲ့ ဆွေမျိုးတော်တော်များများက တရုတ်နိုင်ငံက ယူနန်၊ ရွှေလီတို့ မှာ ရှိကြတယ်။ သူ့ ရဲ့  ဝမ်းကွဲမောင်နှမ တော်တော်များများက ဟိုဘက်နိုင်ငံ ဒီဘက်နိုင်ငံကို ဒီလိုဘဲ ကူးသန်းသွားလာနေကြတာ။ ဟိုဘက်မှာ နေလိုက်၊ ဒီဘက်မှာ နေလိုက်ပေါ့။ အဆင်ပြေတဲ့ နိုင်ငံမှာ နေမယ် ဆိုတဲ့ အတွေးနဲ့ ဘယ်နိုင်ငံသား ရယ်လို့ တရားဝင် မရှိသေးဘူး။ အဲဒီအချိန်မှာဘဲ တရုတ်နိုင်ငံက တစ်အိမ်ထောင်ကို သားသမီး တစ်ယောက်ဘဲ မှတ်ပုံတင်ခွင့် ရှိတယ်လို့ ဥပဒေထုတ်လိုက်တယ်။ အဲဒီမှာ သူ့ ဝမ်းကွဲ မောင်နှမတွေ ဒုက္ခရောက်ကြတာဘဲ။ တရုတ်နိုင်ငံသားလဲ လျှောက်လို့ မရ၊ မြန်မာနိုင်ငံမှာကလဲ မှတ်ပုံတင် တစ်ခုကို (သူငယ်ချင်းအပြော) သိန်းနှစ်ဆယ်၊ သိန်းသုံးဆယ်လောက်ကို ဈေးပေါက်နေတယ်။ ခုဆိုရင် နိုင်ငံလက်မဲ့နဲ့ မှတ်ပုံတင် လုပ်ဖို့ ပိုက်ဆံစုနေရတယ်လို့ ပြောတယ်။ သူ... ဒီလို ပြောပြမှ ကျွန်တော့်မှာ ကိုယ့်နိုင်ငံအတွက် ပိုရင်မောရတယ်။ မြန်မာနိုင်ငံမှာ ဟိုးအရင် ကတည်းက နေလာကြတဲ့ တရုတ်လူမျိုးတွေကို မပြောလိုပါဘူး။ သူတို့ က မြန်မာပြည်မှာမွေး မြန်မာပြည်မှာ ကြီးလာကြပြီး မြန်မာ့ ယဉ်ကျေးမှုဓလေ့ ထုံးတမ်းစဉ်လာ၊ ဘာသာရေးနဲ့ ဘာသာစကားကို ကောင်းကောင်း နားလည်ကြ အသုံးပြုနိုင်ကြပါတယ်။ ဒါပေမယ့် မြန်မာစကားလဲ တစ်လုံးမှ မပြောတတ်၊ မြန်မာ့ ယဉ်ကျေးမှုဓလေ့ ထုံးတမ်းစဉ်လာတွေ တစ်ခုကိုမှလဲ နားမလည်ဘဲ နိုင်ငံသား အသိအမှတ်ပြု အမျိုးသားမှတ်ပုံတင်ကဒ်ကို ကိုင်ထားတိုင်း ကျွန်တော်တို့ နိုင်ငံသားအဖြစ် အသိအမှတ်ပြုလို့ ရနိုင်ပါ့မလား။
ခုဆိုရင် ကမ္ဘာပေါ်မှာ လူဦးရေ အများဆုံး ဖြစ်တဲ့ တရုတ်နိုင်ငံမှာ သူတို့ နိုင်ငံရဲ့ ဥပဒေနဲ့ ညိပြီး နိုင်ငံလက်မဲ့ဦးရေ ဘယ်လောက်တောင် ရှိနေပြီလဲ။ သူတို့ ကလဲ နိုင်ငံလက်မဲ့ ဘဝနဲ့ တစ်သက်လုံး နေသွားနိုင်ကြမှာလား။ ဒါဆိုရင် သူတို့ ရဲ့ ပစ်မှတ်က အစစ အရာရာ အဆင်ပြေနိုင်မဲ့ မြန်မာနိုင်ငံ ဖြစ်လာမှာလား။ ဒါတွေက ကျွန်တော် တွေးကြည့်မိတာပါ။ ခုလဲ တရုတ်လူမျိုးတွေ မြန်မာနိုင်ငံကို စိမ့်ဝင်လာနေကြပါတယ်။ မန္တလေးမြို့ ကို တရုတ်က သိမ်းသွားပြီလို့ မန္တလေးသား သူငယ်ချင်း တစ်ယောက်က စသလို နောက်သလို ပြောဘူးတယ်။ ကြားရတဲ့ သတင်း စကားတွေ အရတော့ မန္တလေးမြို့ မှာ တရုတ်စကားက တွင်ကျယ်နေတယ်ဆိုဘဲ။ ဟိုတလောက တရုတ်ဘာသာနဲ့ ဆိုင်းဘုတ်တွေ မတင်ဖို့ ဥပဒေထုတ်ရတယ်လို့ လဲဖတ်လိုက်ရတယ်။ မန္တလေးမြို့ မှာ လုပ်ငန်း နဲနဲကြီးကြီး လုပ်မယ်ဆိုရင် တရုတ်စကားတတ်မှ ပိုအဆင်ပြေမယ်လို့ သူငယ်ချင်းက ပြောတယ်။ ဘာဖြစ်လို့ လဲ ဆိုတော့ လုပ်ငန်းရှင်နဲ့ ကုန်သည် တော်တော်များများက တရုတ်တွေမို့ တဲ့။ ပြီးတော့ တချို့ လုပ်ငန်းရှင်တွေက မြန်မာစကားကို လည်လည်ဝယ်ဝယ် မပြောတတ်ကြဘူးတဲ့။ မန္တလေးမြို့ က နယ်စပ်မြို့ လဲ မဟုတ်၊ နယ်စပ် ကုန်သွားရေးစခန်းလဲ မဟုတ်ပါဘဲ တရုတ်စကားက ဘာကြောင့် ဒီလောက်ထိ အသုံးဝင်နေရတာလဲ။ ကျွန်တော်တို့ တွေကိုယ်တိုင် မြန်မာနိုင်ငံမှာ ရပ်တည်ဖို့ တရုတ်စကားကို သင်ရတော့မှာလား။ တရုတ်စကား ပြောတတ်မှ မြန်မာနိုင်ငံမှာ လူရာဝင်တော့မှာလား။ ဒါတွေက တွေးကြည့်ရင် ရင်မောစရာပါ။ အမေရိကန် နိုင်ငံက စစ်ပွဲတွေ တစ်ပွဲပြီး တစ်ပွဲနွှဲပြီး ကမ္ဘာမှာ နယ်ချဲ့ နေတာကို အားလုံးလိုလို သိကြပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံက သေနတ်တစ်ချက် မဖောက်ဘဲ ကမ္ဘာပေါ်မှာ နယ်ချဲ့ နေတာကိုတော့ သတိမပြုမိကြဘူး။ ကမ္ဘာပေါ်မှာ တရုတ်လူမျိုး မရှိတဲ့နိုင်ငံ၊ China Town မရှိတဲ့ နိုင်ငံဆိုတာက အလွန်ကို ရှားပါတယ်။ ဟိုးဘိုးစဉ်ဘောင်ဆက် ခေတ်အဆက်ဆက် ကတည်းက နေထိုင်လာတဲ့ မြန်မာနိုင်ငံဖွား တရုတ်လူမျိုးတွေကို မဆိုလိုပါဘူး။ သူတို့ က မြန်မာလိုပြောပြီး မြန်မာယဉ်ကျေးမှုဓလေ့ ထုံးတမ်းစဉ်လာတွေနဲ့ အသားကျနေပြီးသားပါ။ မြန်မာပြည်ဖွား တရုတ်တော်တော်များများကလဲ တရုတ်စကားကို ကောင်းကောင်း မပြောတတ်ကြပါဘူး။ ဒီတော့ သူတို့ မြန်မာလိုဘဲ ပြောကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဘာသာစကားကိုလဲ မပြောတတ်၊ ကျွန်တ်ေတို့ ယဉ်ကျေးမှုဓလေ့ ထုံးတမ်းစဉ်လာတွေနဲ့ လဲ မရင်နှီးတဲ့ ပြည်မကြီး တရုတ်တွေ စိမ့်ဝင်လာနေတာကိုတော့ ဘယ်လိုမှ မုဒိတာမပွားနိုင်ပါဘူး။