Thursday 26 January 2012

တောင်တန်းတွေတောင်ငို

အလုပ်ပိတ်ရက် တစ်ရက်တွင် စင်ကာပူနိုင်ငံရှိ မြန်မာလူမျိုးများ စုရပ်ဖြစ်သည့် City Hall တွင် အသိတစ်ယောက်နှင့် တွေ့ ခဲ့သည်။ ထိုသူ့ ကို ဒီစင်ကာပူနိုင်ငံတွင် တွေ့ ရလိမ့်မည်ဟု ထင်မထားသည့် အတွက် ကျွန်တော် အံသြမိ၏။ ထိုသူသည် မြန်မာနိုင်ငံရှိ အစိုးရစက်ရုံကြီး တစ်ရုံမှ အရာရှိတစ်ယောက် ဖြစ်သည်။ တကယ့်နေရာကောင်း တစ်နေရာကို ရထားသည့် အရာရှိတစ်ယောက် ဖြစ်သည်။ ကျွန်တော် စင်ကာပူနိုင်ငံကို မလာခင် သူအလုပ်လုပ်နေသည့် စက်ရုံတွင် လေ့လာရေးဝင်ရင်း ရင်းနှီးခဲ့ခြင်း ဖြစ်သည်။ သူသည် ထိုစက်ရုံတွင် ရိုးသားပြီး အလုပ်ကြိုးစားသည့် ဝန်ထမ်းတစ်ယောက် ဖြစ်သည့်အပြင် လုပ်ငန်းပိုင်းတွင်လဲ အလွန်ကျွမ်းကျင်သည့် ဝန်ထမ်းကောင်း တစ်ယောက် ဖြစ်သည်။  စက်ရုံမှ ပစ္စည်းကို တပြားတချပ်မှ မယူဘဲ အနေမှန်သည့် သူ့ ကို အနေအထိုင် ကျပ်တည်းမှန်း ကျွန်တော်သိသည်။ ထိုကြောင့်   သူ့ ပညာအရည်အချင်း လုပ်ရည်ကိုင်ရည်နဲ့ ဆိုလျှင် လစာကောင်းကောင်း ရနိုင်သဖြင့် သူ့ ကို နိုင်ငံခြားထွက် အလုပ် လုပ်ဖို့ တိုက်တွန်းမိသေးသည်။ သူက “နေပါစေဗျာ... ပညာတွေ ကြိုးကြိုးစားစား သင်ပြီးမှ သူများဆီ ကျွန်သွားမခံချင်တော့ပါဘူး” ဟု ဆိုလာသဖြင့် ကျွန်တော်ပင် အောင့်သက်သက် ဖြစ်ခဲ့ရသေးသည်။ သို့ သော် ရိုးသားပြီး ရှင်းရှင်းနဲ့ ဘွင်းဘွင်း ပြောတတ်သည့် သူ့ အကျင့် သိထားသဖြင့် စိတ်တော့မဆိုးမိပေ။ ခုတော့ သူလိုလူက ဒီကို ရောက်နေသဖြင့် ကျွန်တော်လဲ အံသြမိသည်။ ဒီတော့ ဘယ်လိုကနေ ဘယ်လို ဖြစ်ပြီး ဒီကို ရောက်လာလဲ မေးကြည့်မိသည်။ သူကလဲ ရိုးရိုးနဲ့ ရှင်းရှင်းလေးပင် ပြန်ပြောပြပါသည်။ သူအိမ်ထောင်ပြုလိုက်ပြီးနောက်ပိုင်း လစာဖြင့် မလောက်မငှ ဖြစ်လာသည်။ တသက်လုံး အနေမှန်လာခဲ့ပြီး ခုမှနာမည်လဲ အပျက်မခံလိုတော့။ ထို့ ကြောင့် မိန်းမ ဖြစ်သူနှင့် တိုင်ပင်ပြီး နိုင်ငံခြားကို ထွက်လာခြင်း ဖြစ်ကြောင်း ရှင်းပြသည်။ "အစ်ကို့  အလုပ်ကို အစ်ကို မြတ်နိုးပါတယ်။ ဒါပေမယ့် အစ်ကို့ မှာ ရွေးစရာ ဒီတစ်လမ်းဘဲ ရှိတော့တယ်..." ဟုဆိုလာသည့် သူ့ စကားကို နားထောင်ပြီး ကျွန်တော် ကိုယ်တိုင် စိတ်မကောင်း ဖြစ်ခဲ့ရသည်။

သူ့ အလုပ်နှင့် သူ့ လက်အောက်မှ ဝန်ထမ်းများကို ဘယ်လောက် သံယောဇဉ်ကြီးသည်ကို ကျွန်တော် သိသည်။ သူကိုယ်တိုင်က စက်ရုံပိုင်ပစ္စည်း ဘာတစ်ခုမှ မယူသော်လဲ သူ့ ဝန်ထမ်းတစ်ယောက် အိမ်မှာ မီးထွန်းဖို့ ဆီနဲနဲလောက် လိုချင်လျှင် အပြင်ကို အလွယ်တကူ ထုတ်လို့ ရအောင် သူလက်မှတ်ထိုးပေး လိုက်လေ့ရှိသည်။ အိမ်တွင် သုံးရန် သောက်ရေအိုးစင်၊ စက်ဘီးဖင်ထိုင်ခုံ စသည်တို့ ကို အပြင်ထုတ်ရန် အခက်အခဲ ဖြစ်နေလျှင် သူလက်မှတ်ထိုးပေးလို့ ရလျှင် လက်မှတ်ထိုးပေးလိုက်ပြီး တခါတခါ သူကိုယ်တိုင် စက်ရုံအပြင် ထုတ်ပေးပြီး ကူညီလေ့ရှိသည်။ သူ့ ဝန်ထမ်းများ ကျပ်တည်းသည်ကို သိသဖြင့် တဖက်တလမ်းက သူတတ်နိုင်သည့်ဘက်မှ ကူညီခြင်း ဖြစ်သည်။ သူကိုယ်တိုင်ကတော့ ဘာတစ်ခုမှ မယူသလို သူ့ ဝန်ထမ်းများကိုလဲ အိမ်သုံးဖို့ ထက် ပိုခွင့်မပြုပေ။ ထို့ ကြောင့် ဝန်ထမ်းများက သူ့ ကိုဆိုလျှင် ချစ်ကြောက်ရိုသေကြ၏။ ခုတော့ သူ့ ကို မှီခိုနေသည့် ဝန်ထမ်းများလဲ အားကိုးမဲ့ကြ ရပြီဖြစ်သည်။

နိုင်ငံခြားတွင် အချိန်အကြာကြီး နေခဲ့ပြီးနောက် မွေးရပ်မြေကို ပြန်ရောက်ခဲ့ချိန်က ဖြစ်သည်။ ကျူရှင်ဆိုသည်ကို မုန်းတီးသည့် "လျှာပေါ် မြက်ပေါက်သွားပလေ့စေ ကျူရှင်ဘယ်တော့မှ မသင်ဘူး" ဟု ကြွေးကြော်ထားသည့် ဆရာက ကျူရှင်သင်နေသည်ကို တွေ့ ရသဖြင့် အံသြမိ၏။ စာအသင်အပြ အလွန်ကောင်းပြီး အင်မတန်မှ ဘုကလန့် ကျသည့် ဆရာဖြစ်သည်။ အတန်းထဲတွင် စာကို ရှင်းနေအောင် သင်နိုင်သည်။ အတန်းထဲတွင် စာရှင်းတာ နားမလည်လျှင် ရုံးခန်း၊ အိမ်တွင် ကြိုက်သည့် အချိန်လာမေးလို့ ရသည်။ စိတ်ရှည်ရှည်ဖြင့် ကျောင်းသား နားမလည်မချင်း ရှင်းပြပေးလေ့ ရှိသည့် ဆရာဖြစ်သည်။ ကျူရှင် မယူနိုင်သော ဆင်းရဲနွမ်းပါးသူတို့ အားထားရသည့် ဆရာဖြစ်သည်။ ထို့ ကြောင့် အကြောင်းစုံကို ဆရာ့ကို မေးမိသည်။ "အရင်က လစာနဲ့ လင်မယားနှစ်ယောက် လောက်ပေမဲ့ ခုနောက်ပိုင်း ကလေးတွေစရိတ်၊ ကျောင်းစရိတ်၊ အိမ်စရိတ်တွေနဲ့ မလောက်တော့ဘူး။ ဒီတော့ ဆရာ့အတွက်လဲ ရွေးစရာ မရှိတော့ဘူးလေ"  ဟု ဆိုလာတော့ စိတ်မကောင်း ဖြစ်ခဲ့ရသေးသည်။ ထို့ အတူ ကျွန်တော်တို့ ငယ်ငယ်က သင်ခဲ့ရသည့် စာအသင်အပြ အလွန်ကောင်းသည့် ဆရာမ တစ်ယောက် ကျောင်းအုပ်ဆရာကြီးနဲ့ ကတောက်ကဆဖြစ်ပြီး အလုပ်ထွက်ကာ ဘော်ဒါတစ်ခုတွင် စာသင်နေသည်ကို တွေ့ ခဲ့ရသည်။ စာအသင်အပြ အလွန်ကောင်းပြီး အခန်းထဲမှာပင် စာကို ကျောင်းသား၏ ခေါင်းထဲရောက်အောင် ရိုက်သွင်းပေးနိုင်သည့် ဆရာကောင်း တစ်ယောက် ဖြစ်သည်။ ဒီလိုဆရာမမျိုး ကျောင်းထွက်သွားသည်မှာ ကျောင်းအတွက်၊ ကျောင်းသားများအတွက် အလွန်နစ်နာလှသည်။

ထိုသူတို့ သည် ရိုးရိုးကျင့်၊ မြင့်မြင့်ကြံပြီး သူတို့ ၏ ပညာဂုဏ်ဖြင့် တောင်တန်းကြီးများကဲ့သို့ ခန့် ခန့် ထည်ထည် ရပ်တည်ခဲ့ကြသူများ ဖြစ်၏။ စေတနာ၊ မေတ္တာအပြည့်ဖြင့် သူတို့ အလုပ်ကို အကောင်းဆုံး ဖြစ်အောင် ကြိုးစားကြသူများ ဖြစ်ကြသည်။ သူတို့ ၏ ရိုးဂုဏ်၊ ပညာဂုဏ်တို့ ဖြင့် ပတ်ဝန်းကျင်ကို ထွန်းလင်းတောက်ပ စေသူများ ဖြစ်ကြသည်။ သို့ သော် လစာတစ်ခုတည်းဖြင့် သူတို့ မိသားစု ဘဝများ ရပ်တည်ဖို့ ခက်ခဲလာခဲ့ကြသည်။ ထို့ နောက် ဂုဏ်သိက္ခာအတွက် သူတို့ အလွန်မြတ်နိုးသည့် ပတ်ဝန်းကျင်နှင့် အလုပ်အကိုင်တို့ ကို စွန့် ခွာပြီး အခြား အဆင်ပြေမည့် နေရာများသို့ ပြောင်းရွှေ့ အခြေချကြရ၏။ ထိုအခါမျိုးတွင် သူတို့ ကို မှီခိုနေရသည့် ဆင်းရဲနွမ်းပါးသည့် အလုပ်သမားများ၊ ကျောင်းသားများ ဒုက္ခရောက်ကြရ၏။ ထိုသို့ သော အခြေအနေများ မြန်မာနိုင်ငံတွင် ခုနောက်ပိုင်း ပို၍ မြင်ရကြားရ ဖြစ်လာနေသည်။ ခုဆိုလျှင် ပညာတတ် တော်တော်များများ တခြားနိုင်ငံများသို့  ရောက်ကုန်ကြပြီ ဖြစ်သည်။ ကိုယ့်နိုင်ငံတွင် ကိုယ်ဝါသနာပါသည့် အလုပ်ကို အကောင်းဆုံး လုပ်ကိုင်ချင်သော်လဲ စားဝတ်နေရေး အတွက် ရေကြည်ရာ မြက်နုရာသို့  ပြောင်းရွှေ့ ရင်း တောင်တန်းကြီးတွေလဲ ငိုနေကြပြီ ဖြစ်သည်။

Friday 13 January 2012

ပဲ့ကိုင်ရှင်

သုံးနှစ်နီးပါး ဝေးကွာခဲ့သည့် မြန်မာနိုင်ငံ၏ ဆောင်းက နှစ်ဆတိုးလို့ နှိပ်စက်လေသလား အထင်မှားရသည်။ နွေနှင့်မိုးသာ ရှိသည့် နိုင်ငံတွင် အနေကြာခဲ့ပြီး ဆောင်းကို ရုတ်တရက် ပြန်တွေ့ ရသဖြင့် အအေးဒဏ်ကို မခံနိုင်ဖြစ်ရသည်။ မနက်စောစော နိုးပြီးနောက် အရမ်းအေးသောကြောင့် ဆက်အိပ်မရတော့ သဖြင့် လက်ဖက်ရည်ဆိုင်ကို စောစောစီးစီး ရောက်နေခြင်းဖြစ်၏။ အအေးဒဏ်ကို ကာကွယ်ရန် ရေနွေးတစ်ခွက်ကို ငှဲ့ ပြီး တရှူးရှူးမှုတ် သောက်လိုက်သည်။ ထို့ နောက် စားပွဲထိုး လာချပေးသည့် ဆေးလိပ်ကို မီးညှိကာ ဖွာရှိုက်လိုက်သည်။ တစ်ရှုက်၊ နှစ်ရှိုက်၊ သုံးရှိုက်ခန့် ဖွာရှိုက်အပြီးတွင်တော့ နဲနဲ အချမ်းပေါ့သွားသလို ထင်လိုက်ရ၏။ ထိုအချိန်တွင် ပျို့ တက်လာသည့် ရောင်နီဦးနှင့်အတူ လမ်းမထက်တွင် လမ်းသွား၊ လမ်းလာများ မနက်စောစော ထ၍ လမ်းလျှောက်ပြီး ပြန်လာကြသူများဖြင့် နံနက်ခင်းလေးက နိုးထအသက်ဝင်လာခဲ့သည်။ ထိုစဉ် သူငယ်ချင်းဖြစ်သူ အောင်ဘု လက်ဖက်ရည်ဆိုင်အတွင်း ဝင်လာသည်ကို တွေ့ လိုက်ရ၏။

“အောင်ဘု... ငါ... ဒီမှာ”

“မင်းအိမ်ကို ရောက်ခဲ့သေးတယ်။ လက်ဖက်ရည်ဆိုင် ထွက်သွားတယ် ပြောလို့ လိုက်လာတာ”

အောင်ဘုက ခုံတလုံးကို ဆွဲပြီး စားပွဲတွင် ဝင်ထိုင်သည်။ ထို့ နောက် ငယ်ကျင့်မပျောက်ဘဲ ကျွန်တော့် လက်အတွင်းမှ ဆေးလိပ်ကို ဆတ်ခနဲ ဆွဲယူသွားပြီး အားရပါးရ ဖွာရှိုက်လိုက်သည်။

“ဒါနဲ့ ဘာစိတ်ကူးတွေ ပေါက်ပြီး လက်ဖက်ရည်ဆိုင်ကို အစောကြီး ရောက်နေရတာလဲ”

“မနက်စောစော နိုးတာက အကျင့်ပါနေပြီ။ နောက်ပြီး အရမ်းအေးလို့ ဆက်အိပ်မရတဲ့ အပြင် ဗိုက်ကလဲ ဆာလာတာနဲ့  လက်ဖက်ရည်ဆိုင်ကို စောစောရောက်လာတာလေ”

“ဒါနဲ့ ညက ဘယ်အချိန် ရောက်လဲ”

“ပြည်မြို့ ကို ကားဝင်တော့ တစ်နာရီ ထိုးခါနီးပြီ အိမ်ကိုရောက်တော့ တစ်နာရီ ဆယ့်ငါးမိနစ်လောက် ရှိရောပေါ့”

“ရာသီဥတုက အေးက အေးနဲ့ ကွာ။ ရန်ကုန်မှာ တစ်ရက်လောက်ဖြစ်ဖြစ် နေပြီး နောက်နေ့ မှ ပြန်တာ မဟုတ်ဘူး”

“ငါလဲ ကိုယ့်မြို့ ကိုယ့်ရွာ ပြန်ချင်စိတ်စောနေတာနဲ့ ရန်ကုန်မှာ ညမအိပ် ဖြစ်တော့ဘဲ တန်းပြန်လာခဲ့ လိုက်တာလေ”

အောင်ဘုက စားပွဲထိုးလေးကို လက်ဖက်ရည်မှာသည်။ ထို့ နောက် ဂျာကင်အိတ်ထဲ လက်နှစ်ဘက် ထည့်ပြီး အရမ်းချမ်းနေဟန်ဖြင့် ခပ်ကုတ်ကုတ် လေးဖြစ်နေသည့် ကျွန်တော့်ကို မျက်မှောင်တချက်ကြုံကာ ကြည့်ပြီး မေးသည်။

“စင်ကာပူနိုင်ငံမှာ ဆောင်းမရှိဘူးဆို”

“အေး... ဟုတ်တယ်ကွ။ ဟိုမှာက နွေနဲ့ မိုးဘဲ ရှိတယ်။ နေပူရင်ပူ မပူရင် မိုးရွာတာဘဲ။ မိုးကတော့ ဆယ့်နှစ်ရာသီ ရွာနေတာပေါ့။ ဒါကြောင့် ခုလို ဆောင်းကို ရုတ်တရက်ကြီး ပြန်ကြုံရတော့ အအေးဒဏ်ကို မခံနိုင်ဘူး ဖြစ်နေတယ်”

“ဒီနှစ်ဆောင်းဝင်တာ နောက်ကျတယ်။ အရင်ရက်တွေကဆို သိပ်မအေးဘူး။ ခုလိုအေးတာ လေး၊ ငါးရက်လောက်ဘဲ ရှိဦးမယ်။ အအေးလှိုင်း ဖြတ်တယ် ပြောတာဘဲ”

“ဒါကြောင့် ဒီလောက်အေးနေတာကိုး”

“ဂရုစိုက်ဦး... ကိုယ့်ရပ်ကိုယ့်ရွာ ပြန်လာတယ် ဆိုပေမယ့်လို့ ရာသီဥတု အပြောင်းအလဲနဲ့ ဖျားနာနေဦးမယ်”

“အေးပါ စိတ်မပူပါနဲ့ ဒီလောက်တော့ ခံနိုင်ရည် ရှိပါတယ်။ ဒါနဲ့ ဒီမှာ ဘာသတင်းတွေ ထူးသေးလဲ”

အောင်ဘု လှမ်းပေးသည့် ဆေးလိပ်ကို ယူပြီး ခပ်ပြင်းပြင်း တချက်ရှိုက်ရင်း မေးလိုက်သည်။ အောင်ဘု တချက်တွေကနဲ ဖြစ်သွား၏။ ထို့ နောက် မပြောချင် ပြောချင်ဟန်ဖြင့် ပြောလာသည်။

“တခြားလူတွေအတွက် ဘာမှ သိပ်ထူးထူးခြားခြား မဟုတ်ပေမဲ့ မင်းအတွက်တော့ သတင်းဆိုး ဖြစ်လိမ့်မယ်။  မနေ့ က မြင့်ကျော်တို့ လင်မယား တရားရုံးမှာ တရားဝင် ကွာရှင်းပြတ်ဆဲ လိုက်ကြတယ်”

“ဘာ... ဘယ်လိုဖြစ်လို့ သူတို့ က ကွာရှင်းတဲ့အထိ ဖြစ်ရတာလဲ”

လက်ထဲမှ ပြာခြွေနေသည့် ဆေးလိပ်ကို ကျွန်တော် ယောင်ပြီး ထိုးချေလိုက်မိသည် အထိ အံသြထိတ်လန့် သွား၏။ ကျွန်တော် ဘယ်လိုမှ မျှော်လင့်မထားသည့် သတင်းဆိုး ဖြစ်သည်။ မြင့်ကျော်နှင့် ယမင်း ဆိုသည်က ကျွန်တော့် အခင်ဆုံး သူငယ်ချင်းများ ဖြစ်ကြသည်။

“ငါမပြန်ခင် တရက်က အိမ်ကို ဖုန်းဆက်သေးတယ်။  ငါ့ကို အိမ်က ဘာမှ မပြောပါလား”

“ပြဿနာက အဲဒီနေ့ ညကမှ ဖြစ်တာ။ ယမင်းနဲ့ သူတို့ အိမ်မှာ ခေါ်ခိုင်းထားတဲ့ ကောင်လေးနဲ့ က ဖြစ်နေကြတာလေ။ အဲဒါကို ဘယ်သူမှ မသိဘူး။ ဒါပေမယ့် အဲဒီနေ့ ညက သူတို့ နှစ်ယောက် ချိန်းတွေ့ နေကြတာကို မြင့်ကျော် အဖေက နောက်ဖေးသွားရင်း ပက်ပင်းကြီးမိတာ။ အဲဒီနောက် လင်မယားနှစ်ယောက် အကြီးအကျယ် စကားများကြပြီး ကွဲကြ၊ ကွာကြ ဖြစ်ကုန်ကြတော့တာဘဲ”

“ခုရော သူတို့ ဘယ်လိုနေကြလဲ”

“တရားဝင် ကွဲကြပြီဆိုတော့ ယမင်းက သူ့ မိဘတွေအိမ် ပြန်နေတာပေါ့”

ကြားရသည့် သတင်းက ဘယ်လိုမှ မျှော်လင့်မထားသည့် သတင်းဖြစ်သည်။

“ဟေ့ကောင်ကြီး မနေ့ က ဘယ်အချိန် ပြန်ရောက်လဲ”

ပြောပြောဆိုဆိုဖြင့် စားပွဲတွင် ခုံတစ်လုံး ဆွဲပြီး ဝင်ထိုင်လာသည်က မောင်မောင် ဖြစ်သည်။ မောင်မောင်နှင့်အတူ ကျော်ဝင်းပါ ပါလာသည်။ ကျွန်တော်၊ မြင့်ကျော်၊ အောင်ဘု၊ မောင်မောင်နှင့် ကျော်ဝင်းတို့ က ကျောင်းသား ဘဝကတည်းက တွဲလာခဲ့ကြသည့် ငယ်သူငယ်ချင်းများ ဖြစ်ကြသည်။ သို့ သော် ရပ်ကွက်တော့ မတူကြပေ။

“မင်း... မြင့်ကျော်တို့ လင်မယား သတင်းကြားပြီးပြီလား”

မောင်မောင်က ခရီးရောက်မဆိုက် ကျွန်တော့်ကို မေးလာသည်။ ကျွန်တော် ခေါင်းတချက် ညိမ့်ပြလိုက်ရင်း ဆေးလိပ်တလိပ်ကို ယူကာ မီးညှိပြီး ဖွာရှိုက်လိုက်သည်။ ထို့ နောက် မီးခိုးငွေ့ တို့ ကို ဖြည်းဖြည်းချင်း မှုတ်ထုတ်လိုက်ပြီး...

“ငါသိပြီးပြီ... ခုဘဲ အောင်ဘု ငါ့ကို အဲဒီ့အကြောင်း ပြောပြနေတာ”

“ငါတို့ လဲ အဲဒီကိစ္စအတွက် စိတ်မကောင်း ဖြစ်နေကြတာ”

ကျော်ဝင်းက ဝင်ပြောလာခြင်း ဖြစ်သည်။ ဟုတ်သည်... သူငယ်ချင်း လင်မယား အိမ်ထောင်ရေး ပြိုကွဲသည့် သတင်းက ကျွန်တော်တို့ အတွက် စိတ်မချမ်းသာစရာ ဖြစ်သည်။

“အေးလေ... ဒီတခါက ဒုတိယအကြိမ် ဆိုတော့ မြင့်ကျော်လဲ ဘယ်သည်းခံနိုင်တော့ မလဲ”

“ခြံခုန်ဖူးတဲ့ နွားက ခြံထပ်ခုန်တာပေါ့ကွာ”

မောင်မောင့် စကားကို အောင်ဘုက နောက်မှ လိုက်ထောက်သည်။ ခြံခုန်ဖူးတဲ့ နွားက ခြံထပ်ခုန်တာဘဲ ဆိုသည့် စကားကို ကျွန်တော် စိတ်ထဲမှ ရေရွတ်မိရင်း ဆေးလိပ်ကို ခပ်ပြင်းပြင်း တစ်ချက်ထပ်ရှိုက် မိပြန်သည်။

“မင်းတို့ ပြောသလိုပေါ့ကွာ။ ခြံခုန်ဖူးတဲ့ နွားက ခြံခုန်မှာဘဲ။ ဒါပေမယ့် ယမင်း ဒီလို ခြံခုန်တတ်အောင် မြင့်ကျော်ဘဲ လုပ်ခဲ့တာ”

“ဘာ”  “ဘယ်လို”  “ဘာပြောတယ်”  “ငါ... နားမရှင်းဘူး”

အာမေဋိတ် သံများ ဆူညံသွားသည်။ ယမင်းကို မြင့်ကျော်နှင့် ပက်သတ်ပြီးမှ ရင်းနှီးခဲ့သည့် သူတို့ နားမရှင်း ဖြစ်သွားကြသည်ကို ကျွန်တော် လက်ခံပါသည်။ ယမင်း ဆိုသည်က ကျွန်တော်နှင့် ငယ်ငယ်ကတည်းက အိမ်ချင်း ကပ်ရက်နေလာခဲ့သည့် ငယ်သူငယ်ချင်း ဖြစ်သည်။

“ယမင်း ဆိုတာက ငယ်ငယ်က အရမ်းကို အနေအေးတဲ့ မိန်းကလေးပေါ့။ မြင့်ကျော် ငါ့အိမ်လာလည်ရင်း ကြိုက်တယ် ဆိုလို့ သူတို့ နှစ်ယောက်ကို ငါဘဲ အောင်သွယ်ပေးခဲ့တာ။ အရင်က ယမင်းမှာ ရပ်ကွက်ထဲမှာရော ကျောင်းမှာရော ငယ်သူငယ်ချင်း ဖြစ်တဲ့ ငါက လွဲလို့ ယောက်ကျားလေး သူငယ်ချင်း ဆိုတာ ရှိခဲ့တာ မဟုတ်ဘူး”

ကျွန်တော်က လက်ကျန် ဆေးလိပ်တိုကို တချက်ရှိုက်ကာ မီးသတ်လိုက်သည်။

“အဲဒီနောက်  မြင့်ကျော်က ယမင်းကို လက်ဖက်ရည်ဆိုင်ကို ခေါ်ခေါ်လာလေ့ ရှိတယ်”

“ဟုတ်တယ်လေ... မြင့်ကျော်က ငါတို့ နဲ့ မိတ်ဆက်ပေးဖို့ ဆိုပြီး ယမင်းကို လက်ဖက်ရည်ဆိုင် ခေါ်လာခဲ့တာလေ။ နောက်လဲ ယမင်းကို လက်ဖက်ရည်ဆိုင် မကြာမကြာ ခေါ်လာလေ့ ရှိတာဘဲ။ အဲဒါဘာပြဿနာ ရှိလို့ လဲ”

ကျွန်တော်က မောင်မောင့်ကို ခဏဟူသော သဘောဖြင့် လက်ကာ ပြလိုက်သည်။ မြင့်ကျော်က ယမင်းကို လူတော မတိုးဟု ဆိုကာ လက်ဖက်ရည်ဆိုင်သို့ မကြာမကြာ ခေါ်လာလေ့ ရှိပြီး သူငယ်ချင်းများနှင့် ရင်းနှီးစေခဲ့သည်။ ချစ်သူကို သူငယ်ချင်းများနှင့် မိတ်ဆက်ပေးရမည်။ ဒါကို ကျွန်တော်လဲ လက်ခံပါသည်။

“ငါတို့ သူငယ်ချင်းတွေ ကြားထဲကို ဒီလို ခေါ်ခေါ်လာတာ ဘာပြဿနာမှ မရှိပါဘူး။ ပြဿနာက သူတို့ လက်ထပ်ပြီးမှ...။ သူတို့ လက်ထပ်ပြီး နောက်ပိုင်းမှာလဲ ရည်းစားဘဝကလိုဘဲ မြင့်ကျော်က ယမင်းကို သွားလေရာ ခေါ်ခေါ်သွားတယ်။ ဘော်လုံးကန်၊ ခြင်းခတ် သွားလဲ ခေါ်သွားတယ်။ ဘော်လုံးကန်ပြီး ပြန်လို့ ဘီယာဆိုင်၊ အရက်ဆိုင် ထိုင်တော့လဲ ယမင်းက ဘေးနားက ပါတယ်”

စကားများများ ပြောလိုက်ရသဖြင့် ကျွန်တော်  ရေနွေးတစ်ခွက်ကို ငှဲ့ သောက်လိုက်သည်။ ထို့ နောက် သူငယ်ချင်းများ စိတ်ဝင်စားစွာ နားထောင်နေသည်ကို တွေ့ ရသဖြင့် ကျွန်တော့် စကားကို ဆက်လိုက်သည်။

“ဘီယာဆိုင်တို့ အရက်ဆိုင်တို့ ဆိုတာမျိုးက ငါတို့ သူငယ်ချင်းတွေဘဲ ရှိနေတယ် ဆိုရင်တောင် ခေါ်မလာ သင့်တဲ့ နေရာလေ။ ခုက ဘော်လုံးကန်ပြီး ပြန်လာတော့ တခြားသူတွေပါ ပါလာကြပြီ။ တခြားလူတွေ သူတို့ မိန်းမတွေကို ခေါ်လာတိုင်းလဲ ကိုယ့်မိန်းမကို ခေါ်လာစရာ မလိုဘူးလေ။ လူဆိုတာက မူးလာရင် သိတဲ့အတိုင်းဘဲ စည်းကမ်းက ရှိကြတော့တာ မဟုတ်ဘူး။ ပါးစပ်တွေ လက်တွေက သရမ်းလာကြပြီ။ ဒီလိုနေ့ တွေ များလာတော့ အရင်က အနေအေးပါတယ် ဆိုတဲ့ ယမင်းတစ်ယောက် ယောက်ကျားတွေနဲ့ ပြောမနာ၊ ဆိုမနာ ထိပ်ပုတ်၊ ခေါင်းပုတ်တွေ ဖြစ်လာတယ်။ နောက်ပိုင်း မြင့်ကျော်က ဘော်လုံးကို မြို့ နယ်၊ ခရိုင်၊ တိုင်းအဆင့်တွေထိ လိုက်ကန်တော့ ပိုဆိုးလာတာပေါ့။ ငယ်သူငယ်ချင်းတွေ မဟုတ်တဲ့ လူစိမ်းတွေ ကြားထဲကို ဒီလိုတွေ ခေါ်သွားတော့ စည်းမစောင့်တဲ့ ကောင်နဲ့ တွေ့ တော့ ပြဿနာတွေ ရှုပ်ကုန်တော့တာဘဲ”

အားလုံး တိတ်ဆိတ်သွားကြသည်။ တိတ်ဆိတ်နေခြင်းကပင် ကျွန်တော့် စကားကို လက်ခံခြင်း တမျိုး မဟုတ်ပါလား။

“ဒီလိုတွေ ဖြစ်လာနိုင်တယ် ဆိုတာကို ကြိုမြင်လို့  မိန်းမကို သွားလေရာ ခေါ်မသွားဖို့ မြင့်ကျော်ကို ငါ... ပြောခဲ့သေးတယ်။ ဒါကို ဒီကောင် နားမထောင်ခဲ့ဘူး။ ငါ... စင်ကာပူနိုင်ငံကို ရောက်ပြီး သိပ်မကြာခင်မှာဘဲ ယမင်းနဲ့ မြင့်ကျော်အသိ ဘော်လုံးသမား တစ်ယောက်နဲ့ ဖြစ်ကြတယ် ဆိုတဲ့သတင်း ကြားရတော့တာဘဲ”

“မင်းပြောတာလဲ ဟုတ်ပါတယ်။ ဒါပေမယ့် ယမင်းလဲ မှားခဲ့တာဘဲ”

“ဟုတ်တယ်လေ... ယမင်းမမှားဘူးလို့ ငါပြောနေတာ မဟုတ်ဘူး။ ဒါပေမယ့် ယမင်းမှားခဲ့တယ် ဆိုရင်တောင် ဒီလိုမှားအောင် မြင့်ကျော်ဘဲ အစပျိုးခဲ့တာ။ သူသာ ယမင်းကို သွားလေရာ ခေါ်မသွားသင့်တဲ့ နေရာတွေကို ခေါ်မသွားခဲ့ရင် ဒီလိုပြဿနာတွေက ဖြစ်လာနိုင်စရာ မရှိဘူး။ ခုက အိုးချင်းထားလို့ အိုးချင်းထိ၊ ကြိုးချင်းထားတော့ ကြိုးချင်းညိတဲ့ သဘောဘဲ။ နောက်ပိုင်းကတော့ မင်းတို့ ပြောသလို ခြံခုန်ဖူးတဲ့ နွားက ခြံခုန်မှာဘဲ ဆိုသလိုပေါ့။ တကယ်တော့ မိန်းမ ဆိုတာက သွားလေရာ ခေါ်သွားသင့်တဲ့ အရာ မဟုတ်ဘူး။ သူ့ နေရာနဲ့ သူ ထားတတ်ရမှာ... ခုတော့”

ကျွန်တော် စကားထပ်မဆက်နိုင်တော့ သူငယ်ချင်း လင်မယားအတွက် စိတ်ထိခိုက်မိသဖြင့် ကျွန်တော့် စကားသံတို့ တိုးတိတ် တုန်ခါသွားသည်။ ကျွန်တော့် မှတ်ချက်စကားသံတို့ ပါးလျတိုးရှသွားသည်။ ဆက်ပြောချင်စိတ် မရှိတော့ဘူး ဆိုလျှင် ပိုမှန်လိမ့်မည်။

“မှားခဲ့တယ်... နှစ်ယောက်စလုံး မှားခဲ့ကြတယ်”
“နှစ်ယောက်စလုံး မှားခဲ့တယ် ဆိုရင်တောင် မြင့်ကျော်က စမှားခဲ့တာ”
“ဟုတ်တယ် မြင့်ကျော် မှားခဲ့တယ်”
“ခုတော့ အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက် ဆိုသလို ဖြစ်ရပြီပေါ့”

သူငယ်ချင်းများ တစ်ယောက်တစ်ပေါက်ဖြင့် မှတ်ချက်စကားများ ပြောကြသည်။ ကျွန်တော်ကတော့ သူတို့ စကားတို့ ကို မကြားတော့။ မျက်စိထဲမှာလဲ ဘာမှ မမြင်တော့။ ကျွန်တော့်စိတ်တို့ က ဟိုးအတိတ်ငယ်ဘဝကို ပြန်ရောက်သွားပြီး ကျွန်တော်တို့ သူငယ်ချင်းတွေ ရင်းနှီးပျော်ရွှင်စွာ နေခဲ့ကြသည့် နေ့ ရက်လေးတွေကို ပြန်တမ်းတနေမိ၏။ နိုင်ငံခြားမှာ စိတ်ဖိစီးမှုတွေများလို့ ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်လာခဲ့ခြင်း ဖြစ်သည်။ ခုတော့ စိတ်မကောင်းစရာ အဖြစ်အပျက်တို့ က ကျွန်တော့်ကို ကြိုနေ၏။ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် နေချင်လို့ ပြန်လာခဲ့သည့် ကျွန်တော်... ခုတော့ ဒီအခြေအနေများဖြင့် ဘယ်လို ပျော်ရမလဲ။ စိတ်မကောင်းစိတ်၊ စိတ်ပျက်ညစ်ညူးစိတ်တို့ ဖြင့် ကျွန်တော် ပင့်သက်မောကို မှုတ်ထုတ်လိုက်သည်။ တကယ်ဆိုလျှင် သူတို့ နှစ်ယောက်စလုံး မှားခဲ့ကြသည်။ နှစ်ယောက်တစ်ဘဝ ထူထောင်ခဲ့ကြသည့် အိမ်ထောင်ရေးတွင် မောင်တစ်ထမ်း မယ်တစ်ရွက် တစ်ဦးကို တစ်ဦးက ပဲ့ကိုင်ထိန်းသိမ်းပြီး သာယာသော အိမ်ထောင်တစ်ခုကို ဖန်တီးရမဲ့ အစား ဖြစ်သလို ရွက်လွှင့်ခဲ့ကြသည်။ တကယ်က ယောက်ကျားနှင့် မိန်းမ တစ်ဦးကို တစ်ဦး ပဲ့ကိုင်ရှင်ကဲ့သို့ ထိန်းသိမ်းပြုပြင် မောင်းနှင်နိုင်မှ သာယာချမ်းမြေ့သော အိမ်ထောင်တစ်ခုဆီသို့ ဦးတည် ခုတ်မောင်းနိုင်မည် မဟုတ်ပါလား။

Tuesday 10 January 2012

ဂျိုကာ

သူ့ ကိုယ်သူ...
ဂဏန်းတစ်ခု...
ရိုက်နှိပ်မထားဘူး
တခါတခါ တစ်ဖြစ်လိုက်...
တခါတခါ နှစ်ဖြစ်လိုက်...
သေချာတာ
သုံည ဖြစ်ခဲ့တောင်
တန်ဖိုးရှိတဲ့ သုံညတစ်လုံး...

လောကလမ်းတွေထက်
သူက...
တိမ်လိုလူ...

တိမ်တွေလို...
လွင့်ခဲ့မျောခဲ့တယ်
မကောက်ကွေ့ ဘူး
မာယာမကြွယ်ဘူး
ပတ်ဝန်းကျင်ကိုလိုက်
ပုံစံအမျိုးမျိုးပြောင်းလို့ 
ဖြောင့်ဖြောင့် စီးမျောခဲ့...

ဒီလိုနဲ့ 
သူဟာ...
ဂျိုကာဘဝမှာ
နေတတ်လို့ ကျေနပ်ခဲ့
ဘဝမှာ နေပျော်တတ်ခဲ့ပြီ...

Friday 6 January 2012

တနေ့ တာ... (တဂ်)

အိပ်ယာမှ နိုးလျှင်နိုးခြင်း ဆူညံစွာ အော်ဟစ်နေသည့် နှိုးစက်ကို အရင်ပိတ်လိုက်သည်။ ထို့ နောက် မျက်နှာသစ်၊ သွားတိုက်၊ ရေချိုး၊ ကိုယ်လက်သန့် စင်ပြီးနောက် အလုပ်သွားဖို့ ပြင်ရသည်။  အလုပ်သွားဖို့ အိမ်မှ ထွက်သည်နှင့် ပိုက်ဆံအိတ်၊ ဖုန်းနှင့် အိမ်သော့တို့ ကို မပါမဖြစ် သတိထားပြီး ယူသွားဖြစ်သည်။ စောစောစီးစီး မနက်စာ အတွက် မုန့် ဟင်းခါး၊ ကြက်သားပလာတာ၊ ထမင်းသုပ်၊ ခေါက်ဆွဲသုပ်နှင့် တို့ ဟူးသုပ်ကို ထမင်းပူပူလေးဖြင့် စားချင်မိသော်လဲ တကယ်တမ်း လက်တွေ့ စားဖြစ်နေသည်က MRT ဘူတာတွင် ဖယ်ရီစီးသည့် နားက တရုတ်ဆိုင်မှ ထမင်းကြော်၊ ခေါက်ဆွဲကြော်၊ ကြာဆံကြော် တခုခုကို ဝယ်စားနေရသည်။ အလုပ်ထဲကို မဝင်မှီ ဝယ်လာသည့် မနက်စာကို ကော်ဖီပူပူလေးဖြင့် မျှောချပြီးနောက် တနေ့ တာအစ လုပ်ငန်းခွင်သို့  စတင်ဝင်ရောက်ရတော့သည်။ ထိုနေ့ စဉ် စားနေရသည့် မနက်စာများကိုလဲ မုန်းနေပြီ ဖြစ်သော်လဲ ဒီအစားအစာတွေကိုမှ မစားလျှင် မဖြစ်တော့လဲ ကြိတ်မှိတ် စားသောက်နေရ၏။  ကိုယ်စားချင်တာလေးတွေ မစားမသောက်ရသည့် ကိုယ့်ဘဝကို တခါတခါလဲ  သနားမိသည်။ 

နေ့ လည် Lunch Time ချိန်ကို ရောက်လျှင် ကန်တင်းကို ပြေးပြီး တန်းစီရသည်။ နို့ မို့ ထမင်းစားနားချိန်က တန်းစီနေတာနဲ့ ၁၅မိနစ်လောက်က အချိန်ပုပ်သွား၏။ တခါတခါလဲ ကိုယ့်ပါးစပ်နှင့် အစပ်အဟပ် မတည့်သည့် ဒီတရုတ်စာတွေကို အလုအယက်ပြေးပြီး တန်းစီ နေရသည့် အဖြစ်ကို စိတ်ပျက်မိသည်။ ထိုပေါ့ရွှတ်ရွှတ်နှင့် တရုတ်စာများကို ဘယ်တော့မှ ကုန်အောင်မစားနိုင်ပေ။ တကယ်က ကျွန်တော် စားချင်သည်က မြန်မာပြည်က မိမိအိမ်တွင် မိခင်ဖြစ်သူ ချက်ကျွေးလေ့ရှိသည့် ကင်မွန်းချဉ်ရွက်ဟင်း၊ ပုစွန်ဆီပြန်ဟင်းကို ပဲကြီးဟင်းရည်လေးနှင့် စားသောက်ချင်မိခြင်း ဖြစ်သည်။ မြန်မာပြည် မပြန်နိုင်သေး သရွေ့ ကတော့ ထိုအစားအစာများကို စားရဖို့ က အိပ်မက်သာ ဖြစ်သည်။ နေ့ လည်စာ စားသောက်ပြီးနောက် အလုပ်ပြန်လုပ်ကာ over time ရှိလျှင် သုံးနာရီ tea break ခဏနားပြီး ကော်ဖီထွက်သောက်လေ့ ရှိသော်လဲ over time မရှိ၍  အိမ်ပြန်လျှင်တော့ ကော်ဖီမသောက်ဖြစ်တော့ပေ။ သို့ သော် သူငယ်ချင်းများနှင့် တခါတခါတော့ Tampines Mall တွင် ဝင်ပြီး အအေးသောက်လေ့တော့ ရှိ၏။ အလုပ်မှ အိမ်ကို ပြန်ပြီဆိုလျှင် လူတကိုယ်လုံး ပေါ့ပါးလန်းဆန်း သွားသလို ခံစားရသည်။ အလုပ်ထဲမှ ထွက်ပြီဆိုသည်နှင့် အလုပ်ကိစ္စ အားလုံးကို မေ့ထားလိုက်ပြီး ကိုယ့် personal ကိစ္စကိုဘဲ တွေးတောဖြစ်တော့၏။

ညနေဘက် over time မရှိ၍ 3:00 နာရီ ပြန်လျှင်တော့ NTUCတွင် ချက်စရာ ပြုတ်စရာများ ဝင်ဝယ်ပြီး ကိုယ်တိုင် ချက်ပြုတ်စားသောက် ဖြစ်လေ့ရှိသည်။ အိမ်ပြန်ရောက်သည်နှင့် အခန်းမီးဖွင့်ပြီး ကွန်ပြူတာကို အရင်ဖွင့်ကာ ဘလော့ဂ်ထဲကို အရင်ဝင်လိုက်သည်။ ထို့ နောက် သီချင်းဖွင့် နားထောင်ရင်း ခဏနားပြီး ချက်ဖို့ ပြုတ်ဖို့ ပြင်ဆင်ရသည်။ ကိုယ်ကိုယ်တိုင် ချက်ပြုတ်ပြင်ဆင်ပြီး ကိုယ့်အိမ်မှာ ကိုယ်စားသောက်ရသည်က အပြင်ဆိုင်တွေမှာ ဈေးကြီးပေးပြီး ဝယ်စားရသည်ထက် ပို၍ စားဝင်သည်။ သို့ သော် over time ရှိ၍ ညနေ 7:00 မှ အလုပ်က ပြန်လျှင်တော့ ဖြစ်သလို ကြုံသလိုဘဲ စားဖြစ်လိုက်သည်က များသည်။  သို့ သော် များသောအားဖြင့်ကတော့ ညနေစာကို အိမ်မှာ စားဖြစ်သည်က များသည်။ ညနေစာ စားရင်း ဟိုအကြောင်း ဒီအကြောင်းလေးများ စဉ်းစားဖြစ်သည်။ များသောအားဖြင့်ကတော့ ထမင်းစားပြီး မအိပ်ခင် ဘာလုပ်စရာ ကျန်နေသေးသလဲဟု စဉ်းစားဖြစ်သည်။ ထမင်းစားပြီးလျှင်တော့ ကော်ဖီမသောက်ဘဲ အအေး(သို့ ) နွားနို့ တစ်ခုခုကိုတော့ ကွန်ပြူတာသုံးရင်း သောက်ဖြစ်၏။  ကွန်ပြူတာ သုံးရင်း အိပ်ချင်လာလျှင် ဝင်အိပ်လိုက်သည်။ ဒီဘက်နှစ်တွေမှာတော့ ညအိပ်ယာ ဝင်ခါနီး ဘုရားမရှိခိုး ဖြစ်တော့ပေ။ လူလဲ ဘုရား၊ တရားနှင့် ဝေးနေတာ ကြာပြီဖြစ်သည်။ မကောင်းမှန်း သိပေမယ့်လဲ မလုပ်ဖြစ်ဘူး ဖြစ်နေသည်။

နောက်နေ့ အလုပ်သွားရမည်မို့ မနက်အစောကြီး ထရမှာကို ညဘက် အိပ်မပျော်လျှင် ထိုကဲ့သို့ သော ညမျိုးကို ကျွန်တော် အလွန်စိတ်ပျက်သည်။ အိပ်မပျော်သည့် ညများတွင် အိပ်ယာထဲမှာ လူးရင်းလွန့် ရင်း တောင်တွေးမြောက်တွေးဖြင့် တစ်ယောက်တည်း အတွေးကြွယ်နေတတ်သည်။ ကျွန်တော် ခင်တွယ်ရသည့် မိသားစုအကြောင်းကိုလဲ တွေးဖြစ်သည်။ အဖေနဲ့ အမေတို့ နေကောင်းကြရဲ့ လား။ အစ်ကိုရော အလုပ်အခြေအနေ ကောင်းရဲ့ လား စသဖြင့် တွေးကြည့်မိသည်။ ပြေးကြည့်မှ ဒီအဖေ၊ အမေနှင့် အစ်ကိုသာ ရှိသည့်အတွက် ကျွန်တော့် မိသားစုဝင် အားလုံးကို ကျွန်တော်ချစ်ပါသည်။  ထို့ နောက် ရန်ကုန်တွင် ရှိနေသည့် တစ်ယောက်သော သူကိုလဲ သတိရမိသည်။ ရန်ကုန်တွင် ရှိနေသည့် သူမကို တခါတရံ သံသယ မျက်လုံးများဖြင့် ကြည့်မိလေ့ ရှိတတ်သော်လဲ သူမကို ကျွန်တော် ယုံကြည်ပါသည်။ သူမကို ယုံကြည်စိတ်ကြောင့်လဲ ခုလို ဆယ်စုနှစ်တခုကျော်၊ ဆယ့်နှစ်နှစ်ကျော်လို့ ဆယ့်သုံးနှစ်ထဲ ရောက်သည်အထိ တွဲလက်မြဲခဲ့ခြင်း ဖြစ်သည်။ ဒီလိုဘဲ အတွေးတွေက ဟိုရောက်ဒီရောက် မိသားစုအရေး၊ အလုပ်အကြောင်း၊ ခင်မင်ရသည့် မိတ်ဆွေ၊ သူငယ်ချင်းများ အကြောင်းကို တွေးမိတတ်သည်။ တခါတခါလဲ အလုပ်ထဲတွင် ကျွန်တော် အလွန်ခင်မင်ရသည့် King ဟု ခေါ်သည့် မလေးတရုတ် သူငယ်ချင်း အကြောင်းကိုလဲ တွေးမိသည်။ မလေးရှားနိုင်ငံကို ပြန်သွားပြီးသည့်နောက် ခုသူ မလေးရှားနိုင်ငံမှာ ဘာတွေ လုပ်နေမလဲဟု တွေးမိတတ်ခြင်း ဖြစ်သည်။

ကျွန်တော့် ဘဝတွင် အလွန်စိတ်ဓာတ်ကျစရာ ကောင်းသည့် အချိန်များ ရှိခဲ့သည်။ ထိုအချိန်မျိုးများတွင် ကျွန်တော် တစ်ယောက်တည်း ဘယ်သူ့ ကိုမှ စကားမပြောတော့ဘဲ သာသာယာယာ ရှိသည့် နေရာလေး တစ်နေရာမှာ တစ်ယောက်တည်း သွားထိုင်ပြီး ဘာကြောင့် ဒီအဖြစ်မျိုးတွေ ဖြစ်တာလဲဟု အပြန်ပြန် အလှန်လှန် ပြန်တွေးတော ဆန်းစစ်ကြည့်မိလေ့ ရှိသည်။ နောင်ထိုကဲ့သို့ သော အမှားမျိုး ထပ်မဖြစ်ဖို့ အတွက် ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်နိုင်အောင် ဖြစ်သည်။ ထိုအချိန်များတွင် ကျွန်တော့်အပေါ် နားအလည်ပေးနိုင်ဆုံး ဖြစ်သည့် မိခင်ဖြစ်သူကို တမ်းတမိတတ်သည်။ မိခင်လောက် သားသမီအပေါ် နားလည်ပေးနိုင်သူ မရှိဟုလဲ ထင်မိသည်။ မိခင်ဖြစ်သူ၏ အားပေးစကားက မိမိအတွက် လက်ရှိ ဖြစ်နေသည့် ပြဿနာကို ရင်ဆိုင်ဖြေရှင်းရန်၊ အနာဂါတ်ထဲသို့ ဆက်လက်တိုးဝင်ရန်အတွက် ခွန်အားသတ္တိများကို အသစ်တဖန် ပြန်လည်မွေးဖွားပေးသည်။

ကျွန်တော့် ကိုယ်ပိုင် ပစ္စည်းအားလုံးကို တန်ဖိုးထား တတ်သော်လဲ မြန်မာပြည်က အိမ်တွင် ကျန်ခဲ့သည့် ဆိုင်ကယ်လေးကိုတော့ တိုက်ဆိုင်တိုင်း ပြန်လွမ်းမိသည်။ ထိုစီးတော်ယာဉ်လေးက ကျွန်တော့်အတွက် မြန်မာပြည်မှာ ရှိနေစဉ်မှာတော့ မရှိမဖြစ် ဆိုင်ကယ်လေး ဖြစ်သည်။ ထိုကဲ့သို့ ပင် ကျွန်တော့်အား ချစ်သူ၊ ခင်သူ၊ သူငယ်ချင်းများက ပေးသည့် လက်ဆောင်တိုင်းကိုလဲ နှစ်သက်သဘောကျသည်။ အကြိုက်ဆုံးဟူ၍ မရှိဘဲ အားလုံးကို တမြတ်တနိုးဖြင့် သိမ်းထားလေ့ရှိသည်။ လက်ရှိ အဖြစ်ချင်ဆုံး ဆန္ဒကတော့ ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်သည့် မြန်မာပြည်ကို ပြန်ချင်သည့် စိတ်ဖြစ်သည်။ မြန်မာပြည်ပြန်ပြီး တစ်ယောက်သောသူ လက်ကိုတွဲ၍ မြန်မာပြည်တပတ် ဘုရားဖူး ထွက်ချင်မိချင်း ဖြစ်သည်။ ထိုနေ့ မျိုးကိုလဲ တနေ့ ကိုယ်တိုင် ဖန်တီးနိုင်မည်ဟုလဲ ယုံကြည်နေမိသည်။ ဒီအကြောင်းအရာလေးများကတော့ ကျွန်တော့် လက်ရှိ နေ့ စဉ်ထိတွေ့ ဖြတ်သန်းဖြစ်နေသည့် တနေ့ တာ အကြောင်းအရာလေးများ ဖြစ်ပါတော့သည်။

မှတ်ချက်။     ။ ဒီတဂ်ပိုစ့်လေးကကို ကျွန်တော်က ဘလက်ဟု ခေါ်ပြီး ကျွန်တော့်ကိုလဲ ဘလက်ဟု ပြန်ခေါ်သည့် ကျွန်တော့် သူငယ်ချင်းမလေး blackroze က တဂ်လာသည့် ပိုစ့်လေးဖြစ်ပါသည်။ ဒီပိုစ့်လေးမှာ ကိုယ့်ကိုယ်ကိုဖော် မသူတော် ဆိုသကဲ့သို့ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသည့် ပိုစ့်တစ်ပုဒ်လဲ ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ ကဲ... သူငယ်ချင်း ဘလက်ရေ... အစဉ်လိုက် မဟုတ်သော်လဲ တတ်နိုင်သလောက်တော့ ဆီလျော်အောင် ရေးလိုက်ပါတယ်။ ခုလို မှတ်မှတ်ရရလေး တဂ်တဲ့အတွက်လဲ ကျေးဇူးတင်ပါတယ်လို့ ပြောပါရစေ။

Wednesday 4 January 2012

လွဲသွားသော စေတနာ

ကျွန်တော့်တွင် သူတပါးကို အားနာပြီး သနားတတ်သည့် ဥာဉ်လေးတစ်ခု ရှိသည်။ လူတစ်ယောက်က ကိုယ့်ကို အကူအညီတောင်းလာပြီ ဆိုလျှင် ကူညီလိုက်ရမှ ကျေနပ်မိသည်။ သူက အကူအညီ တောင်းလာလို့ မကူညီနိုင်လိုက်လျှင် စိတ်ထဲမကောင်း ဖြစ်ပြီး ကိုယ့်ဘာသာကိုယ် တခုခု တာဝန်မကျေ လိုက်သလိုကြီး ခံစားနေမိတတ်သည်။ တချို့ ကိုယ့်ကို အကူအညီ မတောင်းပေမယ့်လို့ ကိုယ့်ဘာသာကိုယ် ကိုယ်ချင်းစာ သနားမိပြီး ကူညီမိလိုက်သည်များလဲ ရှိသည်။ ဥပမာ။   ။ ဒီစင်ကာပူ နိုင်ငံရှိ MRT ရထားဘူတာများတွင် လက်ကမ်း စာစောင် ဝေသူများ ရှိ၏။ ထိုလက်ကမ်းစာစောင်များကို ယူလိုက်မိလျှင် အမှိုက်ပုံး မတွေ့ မချင်း လက်ထဲတွင် တကိုင်ကိုင်နှင့် ဖြစ်နေတတ်သဖြင့် လူတော်တော်များများက မယူဘဲ ငြင်းသွားလေ့ရှိကြသည်။ ကျွန်တော်ကတော့ ထိုသို့ ပေးလာသည့် အခါတိုင်း မငြင်းဘဲ ယူထားလိုက်လေ့ရှိသည်။ ထို့ နောက် အမှိုက်ပုံး မတွေ့ မချင်း လက်ထဲတွင် လက်ကမ်းစာစောင်များ တကိုင်ကိုင်ဖြင့် ဖြစ်နေသည့် ကျွန်တော့်ကို သူငယ်ချင်းများက လျှာရှည်တာကိုး နဲတောင်နဲသေးတယ် ဟုထောပနာ ပြုလေ့ရှိကြ၏။ သူတို့ ကို ကျွန်တော် ဘာမှ ပြန်မပြော ဒီအတိုင်းလေးဘဲ ငြိမ်နေလိုက်သည်။

ကျွန်တော် အရင် မလေးရှားနိုင်ငံတွင် အလုပ်လုပ်စဉ်က စနေ၊ တနင်္ဂနွေ ပိတ်ရက်များတွင် လက်ကမ်းစာစောင် လိုက်ဝေသည့် အလုပ်ကို part time လိုက်လုပ်လေ့ ရှိသည်။ လက်ကမ်းစာစောင် ဝေသည့်အလုပ်က ကြည့်လျှင် ဘာမှ မဟုတ်သလို ဖြစ်ပေမယ့် အလွန်ပင်ပန်းသည့် အလုပ်ဖြစ်သည်။ ဒီနိုင်ငံတွင် ဘယ်လိုရှိမယ် အတိအကျ မသိပေမယ့် မလေးရှားနိုင်ငံတွင်တော့ စာစောင်တွေ မကုန်မချင်းကို လိုက်ဝေရသည်။ ကား၊ ဆိုင်ကယ်များတွင် လိုက်ညှပ်ရသည်။ နာရီပိုင်းလောက် လုပ်ရပေမယ့် ခြေတိုအောင် လျှောက်ရခြင်းကြောင့် အလွန်ပင်ပန်းလှသည်။ ထို့ ကြောင့် ကျွန်တော် သူတို့ ကို ကိုယ်ချင်းစာသည်။  ဒါတောင် ကျွန်တော်တို့ တုန်းက တခါတခါ အကုန်မဝေဘဲ တချို့ ကို လွှင့်ပစ်လေ့ရှိသည်။ ထိုကဲ့သို့ ကျွန်တော် ကိုယ်ချင်းစာစိတ်ဖြင့် မြန်မြန်ကုန်တော့ သူတို့ မြန်မြန်ပြန်ရတာပေါ့ ဟူသော သဘောဖြင့် ယူခြင်း ဖြစ်သည်။ ချွင်းချက် အနေဖြင့် City Hall MRT မှ လက်ကမ်းစာစောင် ဝေသည့် အန်ကယ်ကြီးဆီကတော့ သနားစိတ်၊ ကိုယ်ချင်းစာစိတ်တို့ အပြင် မျက်လုံးကြီးပြူး၊ အံကိုကြိတ်ကာ ခေါင်းကိုခါပြီး လက်ထဲ အတင်းထိုးထည့် ပေးလေ့ရှိသဖြင့် ကြောက်စိတ်ကြောင့်ပါ ယူရလေ့ရှိသည်။ ထိုကဲ့သို့ သနားစိတ်၊ အားနာတတ်သည့်စိတ်၊ ကိုယ်ချင်းစာစိတ်တို့ ဖြင့် တွေ့ သမျှ လက်ကမ်းစာစောင်တို့ ကို ယူတတ်သည့် ကျွန်တော် တနေ့ Semai MRT တွင် တုန်တုန်ချိချိဖြင့် လက်ကမ်းစာစောင်ဝေနေသည့် အဘွားအို တစ်ယောက်ကို တွေ့ ရသဖြင့် သနားသွားသည်။

ထို့ နောက် ထုံးစံအတိုင်း အဘွားကြီးထံမှ လက်ကမ်းစာစောင်ကို ယူရန်သွားလိုက်သည်။ ကျွန်တော် လက်ကမ်းစာစောင်ကို ယူမည် လုပ်မှ အဘွားကြီးက တဖက်သို့ လှည့်သွားသည်။ ကျွန်တော်လဲ သြော်... သူမမြင်လို့ ဘဲ ဟုတွေးပြီး အဘွားကြီး လှည့်သွားသည့် ဘက်ကို လိုက်၍ ကြော်ငြာစာရွက်ကို လိုက်ယူလိုက်သည်။ ထိုအခါ အဘွားကြီးက ကျွန်တော့်ကို မျက်မှောင်တချက်ကြုံကာ ကြည့်ပြီး တဖက်ကို လှည့်သွားပြန်သည်။ ကျွန်တော်လဲ ဟာ... အဘွားကြီးက ဘာလဲဟ... စေတနာနဲ့ လဲ သူ့ ကို ကူညီရသေးတယ် သူက ဘာဖြစ်တာလဲဟု တွေးပြီး စိတ်ထဲ နဲနဲတင်းကနဲ ဖြစ်သွားသည်။ ကျွန်တော်တို့ နှစ်ယောက် အဖြစ်ကို မြင်ပြီး လမ်းသွားလမ်းလာ တချို့ ပင် စောင်းငဲ့ ကြည့်သွားနေကြပြီ ဖြစ်သည်။ သို့ သော် ကျွန်တော်လဲ ကူညီလက်စနဲ့ ပို့ မဲ့ပို့ ကူးတို့ ရောက်အောင် ပို့ လိုက်တာကောင်းပါတယ်ဟု တွေးရင်း အဘွားအို လှည့်သွားသည့် ဘက်ကို လိုက်ပြီး အဘွားအိုလက်ထဲမှ လက်ကမ်းစာစောင်ကို လှမ်းယူရန် ဟန်ပြင်လိုက်သည်။ ထိုအခါ အဘွားအို နောက်ဘက်ကို ကိုယ်ကိုယို့ ရှောင်သွားပြီး ကျွန်တော့်ကို လက်တကာကာဖြင့် လှမ်းပြောသည်။

not for you... not for you... this is for woman

အဘွားကြီး စကားသံကြားလိုက်ရသည့်နောက် ကျွန်တော့် မျက်နှာတချက် နွေးကနဲ ဖြစ်သွားပြီး လူတကိုယ်လုံး ထူပူသွား၏။ ကိုယ့်ကိစ္စမဟုတ်လျှင် စိတ်မဝင်စားပါဘူး ဆိုသည့် စင်ကာပူနိုင်ငံမှ လူများပင် ကျွန်တော်တို့ နှစ်ယောက် အဖြစ်ကို မြင်ပြီး ပြုံးစစ မျက်နှာပေးများဖြင့် စောင်းငဲ့ ကြည့်လာကြသည်။ ကျွန်တော်လဲ ရှက်ရှက်ဖြင့် ထိုနေရာမှ အမြန်ဆုံး ခြေလှမ်းတို့ ဖြင့် လှည့်ထွက် လာခဲ့လိုက်တော့သည်။ ထိုအကြောင်းအရာကို ပြန်စဉ်းစားမိတိုင်း မျက်နှာထက်တွင် နွေးကနဲ ခံစားလိုက်ရပြီး တစ်ယောက်တည်း ရှက်ပြုံးလေး ပြုံးနေမိတတ်သည်။ အရှက်ဖြင့် လူလုပ်နေခြင်း မဟုတ်ဘဲ အသက်ဖြင့် လူလုပ်နေခြင်းကြောင့်သာ တော်တော့သည်။ နို့ မို့ တိုက်ပေါ်မှ လူတစ်ယောက် ခုန်ချသည့် သတင်း ဟိုးလေးတကျော် ဖြစ်လာနိုင်သည်။