Wednesday 25 July 2012

အမှောင်ထဲက သူစိမ်းတစ်ယောက်

မြန်မာနိုင်ငံကို ခွင့်ပြန်ရောက်ခိုက် အိပ်ရေးဝဝ အိပ်လိုက်မည်ဟူသော အတွေးဖြင့် ညက အိပ်ယာဝင်ခဲ့ခြင်း ဖြစ်သည်။ သို့ သော် ပုံမှန်ထက် လွန်ကဲသည့် ဆူညံသံ တချို့ ကြောင့် နံနက် စောစောဘဲ နိုးလာခဲ့၏။ အတင်းကြိတ်မှိတ်ပြီး ပြန်အိပ်ရန် ကြိုးစားသော်လဲ နားထဲတိုးဝင်လာသည့် ဆူညံသံတို့ ကြောင့် ဆက်အိပ်မရတော့။ ထို့ ကြောင့် "ကဲမထူးပါဘူး" ဟု ဆိုကာ စောစောဘဲ အိပ်ယာထဖြစ်လိုက်သည်။ မျက်နှာသစ်၊ သွားတိုက်ရန် အိမ်နောက်ဖေးကို ထွက်လာစဉ် မီးဖိုခန်းထဲတွင် နံနက်စာအတွက် ပြင်ဆင်နေသည့် မိခင်ကို တွေ့ ရ၏။

"သား... အစောကြီး ရှိသေးတယ် နိုးလာပြီလား"
"ဟုတ်... အမေ... ဒါနဲ့  စောစောစီးစီး ဘယ်သူတွေ ဆူညံနေကြတာလဲ"
"အိမ်ရှေ့အိမ်က လူတွေလေ... နိုင်လာကြပြန်ပြီ ထင်တယ်။ ဒါကြောင့် ဒီလောက် ဆူညံနေကြတာနေမှာပေါ့"


ရေချိုးခန်းဝင်ကာ သွားတိုက်ရင်း ဒီလူတွေ ခုထိ ဒီနွံထဲက ရုန်းမထွက်နိုင် ကြသေးပါလားဟု တွေးလိုက်မိသည်။ အိမ်ရှေ့အိမ်မှ လူများသည် အရပ်တကာ၊ နယ်တကာ လှည့်ပြီး အာဝါဒေးပွဲများ၊ ကျိတ်ဝိုင်း၊ ချိန်းဝိုင်းများတွင် စီးပွားဖြစ် လောင်းကစားကြသူများ ဖြစ်သည်။ သူတို့ ကို ကြည့်ပြီး အသိ သံဝေဂလဲ ရမိ၏။ လောင်းကစားသမားများ နှဲသမားလိုဘဲ ပိန်လိုက် ဖောင်းလိုက်ဆိုသည်မှာ တကယ်မှန်သည်။ ယနေ့ လို နိုင်လာလျှင် တီဗီ၊ ဗီဒီယိုစက်၊ ရေခဲသေတ္တာ၊ ကက်ဆက်နှင့် စောင်းဘောက်များကို ဝယ်လာပြီး ရပ်ကွက်ထဲတွင် တဝုန်းဝုန်းဖြင့် ဆူညံ ပွက်လောရိုက် နေတတ်သလောက် ရှုံးလာပြန်လျှင်လဲ ထိုပစ္စည်းများ နေ့ မြင်ညပျောက် ဆိုသလိုဘဲ ရှိတာကို အကုန် ရောင်းချပစ်လိုက်ကြရပြီး စားစရာပင် မရှိ  ဖြစ်နေတတ်ကြ၏။ ရပ်ကွက်ထဲမှ လူများအတွက် ကတော့ ဒီမြင်ကွင်းမျိုးက ရိုးအီနေပြီ ဘာမှ မထူးဆန်းတော့။ မိမိတို့ ကသာ သူတို့ ကို ကြည့်ပြီး အသိသံဝေဂ ရမိပေမယ့် သူတို့ ကတော့ ထိုလောကထဲတွင် ပျော်မွေ့ နေကြ၏။ ရေချိုးခန်း တံခါးခေါက်သံကြောင့် အတွေးစတို့ ပျက်သွားသည်။

"သားရေ... အိမ်ရှေ့မှာ မောင်မောင် ရောက်နေတယ်နော်"
"ဟုတ် အမေ... ပြီးပြီ ခဏလေး... မောင်မောင့်ကို ခဏစောင့်ခိုင်း ထားလိုက်ပါဦး..."

မောင်မောင် စောင့်နေသည် ဆိုသောကြောင့် ကျွန်တော် ခပ်မြန်မြန် သွားတိုက်၊ မျက်နှာသစ်ကာ ရေကို အမြန်ချိုးလိုက်သည်။ မောင်မောင် ဆိုသည်က ကျွန်တော့်၏ အချစ်ဆုံး ငယ်သူငယ်ချင်း ဖြစ်သည်။ ကျွန်တော်တို့ နှစ်ယောက် မတွေ့ ဖြစ်ကြတာပင် တော်တော်လေး ကြာပြီ။

"အမေ... မောင်မောင် ဘယ်မှာလဲ"
"ဧည့်ခန်းထဲမှာ စောင့်နေတယ်"
".... သား...."

ခေါ်သံကြောင့် လှမ်းလက်စ ခြေလှမ်းတို့ ကို ရပ်၍ လှည့်ကြည့်လိုက်၏။ မိမိကို တစုံတခု ပြောဟန်ပြင်နေသည့် မိခင်ကို တွေ့ ရ၏။ ထိုစကားကို ပြောသင့် မပြောသင့် အတွက်လဲ ချိန်ဆဟန် ပြုနေသည့် မိခင် အမူအယာကြောင့် ဘာများလဲဟု စိတ်ဝင်စားသွားမိသည်။

"သား... မောင်မောင့်ကို သတိထားပေါင်းနော်... အဲဒီကောင်လေး အရင်လို မဟုတ်ဘူး"

ကျွန်တော် ဘယ်လိုမှ ထင်မှတ် မထားသည့် စကားဖြစ်သည်။ မိမိ သူငယ်ချင်းများနှင့် ပတ်သက်ပြီး တစ်ခါမှ ကောင်းသည် ဆိုးသည်ကို ဝေဖန်ဖူးလေ့ မရှိသည့် မိခင်က ခုလို ပြောလာသည့် အတွက် အံသြသွားမိသည်။ ထို့ ကြောင့် မိခင်ဖြစ်သူကို ဘာကြောင့်ဆိုသည်ကို ပြန်မေးရန် ဟန်ပြင်လိုက်စဉ်-

"ဟေ့ကောင်ကြီး.... ချောလို့ ခန့် လို့ ပါလားဟ... မင်း... အရင်တစ်ခေါက် ပြန်လာတုန်းကထက် ပိုချောလာတယ်။ မင်းဟာက စင်ကာပူနိုင်ငံမှာ အလုပ်သွားလုပ်တာရော ဟုတ်ရဲ့ လား... ပျော်ပွဲစား ထွက်သွားတာများလား"

ဆိုသည့် အော်သံနှင့်အတူ အနားရောက်လာသည့် မောင်မောင်ကြောင့် ကျွန်တော်လဲ မိခင်ဖြစ်သူကို ဆက်မမေး ဖြစ်တော့။ မတွေ့ တာ ကြာပြီဖြစ်သည့် သူငယ်ချင်း နှစ်ယောက် စကားတွေ ဖောင်ဖွဲ့ ရင်း အပေါ်ထပ်ရှိ ကျွန်တော့်အခန်းသို့ တက်လာခဲ့ကြ၏။ ထို့ နောက် အဝတ်အစားလဲပြီး ကျွန်တော်တို့ နှစ်ယောက် ထိုင်နေကျ လမ်းထိပ်မှ လက်ဖက်ရည်ဆိုင်သို့ ထွက်လာခဲ့ကြသည်။

လက်ဖက်ရည် သောက်ရင်း ရှေးဖြစ်နှောင်းဟောင်း များကို ပြန်ပြောဖြစ်ကြသည်။ ကျွန်တော်တို့  စကားကောင်းနေစဉ် ကောင်လေး တစ်ယောက် လာခေါ်သဖြင့် မောင်မောင် လိုက်သွား၏။ ကျွန်တော် တစ်ယောက်တည်း သီချင်းနားထောင်ရင်း လက်ဖက်ရည် သောက်နေစဉ် ဆိုင်ရှင် ဦးကျော်က နှုတ်ဆက်ရင်း ဝိုင်းတွင် ဝင်ထိုင်လာသည်။

"အောင်တိုး... ညက ဘယ်အချိန်ပြန်ရောက်လဲ။  အခုတခေါက်လဲ ခွင့်နဲ့ ပြန်လာတာဘဲလား။"
"ဟုတ်ကဲ့  ဦးကျော်... ခုတစ်ခေါက်လဲ ခွင့်နဲ့ ဘဲ ပြန်လာတာပါ"
"အလုပ်အကိုင်ရော ကောင်းရဲ့ လား"
"ကောင်းပါတယ် အလုပ်ကလဲ အဆင်ပြေပါတယ်"
"အေးကွာ ခုလို ကြားရတာ ဝမ်းသာပါတယ်"
"ဟုတ်... ကျေးဇူးပါဘဲ ဦးကျော်"
"မင်းပြန်လာမယ် ဆိုလို့ မင်းသူငယ်ချင်းတွေလဲ မျှော်နေကြတာ... ဒါနဲ အောင်တိုး... ဦးကျော်တစ်ခု ပြောဦးမယ်။ မောင်မောင်နဲ့ ပေါင်းတာ ကြည့်ပေါင်းနော်။ မောင်မောင် အရင်လို မဟုတ်တော့ဘူး။ ဒီကောင်လေး ခြေလှမ်းတွေ ပျက်နေပြီ"

မောင်မောင် အရင်လို မဟုတ်တော့ဘူး ဆိုသည့် စကားကို ဒီနေ့ မနက်မှာဘဲ ကြားရတာ နှစ်ခါရှိသွားပြီ။ ပြောကြသူများကလဲ မိခင်ဖြစ်သူနှင့် မိမိတို့ အကြောင်းကို အူမချေးခါးကအစ သိသည့် ဦးကျော်ဖြစ်နေခြင်းကြောင့် နဲနဲတော့ တွေဝေသွားမိ၏။ ဒီလူတွေကတော့ အပိုလုပ်က အတင်းတုတ်မည့် သူများ မဟုတ်နိုင်...။ မောင်မောင် ဘာတွေ လုပ်နေလဲ ဆိုသည့် အတွေးက ခေါင်းထဲ ဝင်လာသည်။

"မောင်မောင် ဘာတွေ ပြောင်းလဲသွားလို့ လဲ ဦးကျော်"
"ပြောင်းလဲသွားတာ ဆိုတာထက် ခုက မောင်မောင် အောင်မြင်နေတယ်လို့ ပြောရင်လဲ ရတယ်။ ဒါပေမယ့် သူအောင်မြင်တာက နည်းလမ်းမကျဘူး"
"မောင်မောင်က ခုဘာတွေ လုပ်နေလို့ သူအောင်မြင်တာ နည်းလမ်းမကျဘူး ဖြစ်ရတာလဲ"
"ဒီနယ်က တစ်လုံး၊ နှစ်လုံးနဲ့ သုံးလုံး ဇယားကို မောင်မောင်က ချုပ်ထားတာလေ။ တခြားနယ်က လူတွေတောင် သူ့ ဆီကို လာအပ်ကြရတယ်"
"မောင်မောင်က အဲဒီလောက်တောင် အောင်မြင်နေတယ်လား။ လက်ရှိ ဒီအလုပ်က ခေတ်စားနေတဲ့ ပေါ်ပင် အလုပ်လို ဖြစ်နေတာဘဲ။ ဒါကြောင့် ဒီအလုပ်ကို လုပ်ရုံနဲ့ တော့ ပျက်စီးတယ် မခေါ်နိုင်ပါဘူး ဦးကျော်ရယ်... ဒီဘက်ခေတ်မှာ လူတော်တော် များများ ဒီလုပ်ငန်းနဲ့ ဘဲ ကြီးပွားနေကြတာဘဲလေ"
"အေး... အဲဒါ တစ်ခုတည်းကြောင့် မဟုတ်လို့ ပြောနေရတာပေါ့။ အရင်က မောင်မောင့် အခြေအနေကိုလဲ မင်းလဲ သိတာဘဲလေ"

ဒါတော့ ဟုတ်သည်။ ပြောရမည်ဆိုလျှင် မောင်မောင့် အကြောင်းကို ကျွန်တော်က ပိုအသိဆုံး ဖြစ်မည်။ မောင်မောင်တို့ မိသားစုက နွမ်းပါးသည်။ ထို့ ကြောင့် ကျွန်တော်တို့ သူငယ်ချင်းများက မောင်မောင့်ကို ဆိုလျှင် ညှာကြသည်။ မောင်မောင့် အနေအထားဖြင့် ချက်ချင်းကြီး ကြီးပွားချမ်းသာ သွားဖို့ က လွယ်တော့မလွယ်။ အကြောင်း တစ်ခုခုတော့ ရှိရမည်။

"ဒီလိုကွ အောင်တိုးရ။ ပထမတော့ မောင်မောင်က မမြင့်ဆီမှာ နေ့ စားနဲ့ နှစ်လုံး၊ သုံးလုံးကို ကူရောင်းပေးတယ်"
"မမြင့်ဆိုတာ ဟို... နှစ်လုံး၊ သုံးလုံး ဒိုင်ကိုင်တဲ့ ဒေါ်မြင့်လား"
"အေး... ဟုတ်တယ်... အဲဒီ မင်းပြောတဲ့ ဒေါ်မြင့်ဘဲ။ အဲဒီနောက် မမြင့်နဲ့ မောင်မောင်တို့ ငြိကြတယ်"
"ဟင်... သူ့ မှာ ယောက်ကျားရှိတယ် မဟုတ်လား။ သူ့ ကလေးတွေတောင် တော်တော်လေး ကြီးနေပြီ ထင်တယ်"
"အေး... ရှိတယ်... ဒါပေမယ့် မောင်မောင့် ကြောင့်ဘဲ သူတို့ လင်မယားလဲ ကွာရှင်းလိုက်ကြပြီ။ ခုလဲ တရားဝင် မယူကြရသေးပေမယ့် မောင်မောင်ကတော့ အိမ်ကို ဝင်ထွက်နေပြီ။ တချို့ ညတွေဆိုရင် မောင်မောင် အိမ်ကိုတောင် မပြန်တော့ဘဲ မမြင့်တို့ အိမ်မှာဘဲ အိပ်တယ်"
"အိုး..."

ကျွန်တော် ဘယ်လိုမှ မျှော်လင့်မထားသည့် သတင်းဖြစ်သည်။ ကြားရသည့် သတင်းစကားများ အရဆိုလျှင် ကျွန်တော့် သူငယ်ချင်း မောင်မောင်သည် သူများ အသိုက်အမြုံကို ဖျက်စီးသည့် ကြာကူလီ တစ်ယောက် ဖြစ်နေပြီ။ ကိုယ့်အတွေးဖြင့်ကိုယ် ငိုင်ကျသွားသည့် ကျွန်တော် ဦးကျော် ဘယ်အချိန် ဝိုင်းမှ ထွက်သွားသည်ကိုပင် မသိလိုက်မိ။ "အဲဒီကောင်လေး အရင်လို မဟုတ်ဘူး" ဆိုသည့် မိခင် ဖြစ်သူ၏ စကားသံကိုလဲ ပြန်ကြားယောင် မိလိုက်သည်။ ကျွန်တော့် စိတ်တို့ မှုန်မှိုင်းလေးလံသွားသည်။ မောင်မောင် ဘာတွေ ဘယ်လို ပြောင်းလဲသွားပြီလဲ ဆိုသည့် အတွေးကိုသာ အဖြေရှာနေမိတော့၏။

ညနေဘက် မောင်မောင် လာခေါ်သဖြင့် ဘီယာဆိုင်ကို ရောက်ဖြစ်ကြသည်။

"အောင်တိုး... ဘာသောက်မလဲ"
"ဘီယာဘဲ သောက်မယ် မောင်မောင်"
"ဘီယာဘဲလား မရောတော့ဘူးလား"
"ဟင့်အင်း... မရောတော့ဘူး"
"ငါက ဘီယာဘဲတော့ မရဘူးကွ... အပြင်းရောမှ ရမှာ"

ဟုဆိုကာ မောင်မောင်က ဘီယာတစ်ဂျားနှင့် ရမ်လေးပက်ပြား တစ်ပြားကို မှာလိုက်သည်။ "အဲဒီကောင်လေး အရင်လို မဟုတ်ဘူး" ဆိုသည့် မိခင် ဖြစ်သူ၏ စကားကို ပြန်လည် ကြားယောင်မိလိုက်ပြန်သည်။ သေချာသည် မောင်မောင် အရင်လို မဟုတ်တော့။ ကျွန်တော်တို့ သူငယ်ချင်း နှစ်ယောက် အရင်က ဘီယာ၊ အရက်ဆိုတာဝေးလို့ ကွမ်း၊ ဆေးလိပ်ပင် မသောက်မစားကြ။ ကျွန်တော် စင်ကာပူနိုင်ငံမှ ပထမဆုံးတစ်ခေါက် ပြန်လာစဉ်က အကြောင်းကို ပြန်သတိရမိသည်။ သူငယ်ချင်းများကို လိုက်ပြုစုရင်း ဘီယာသောက်တတ်လာတော့ ကျွန်တော့်ကို ပျက်ဆီးနေပါပြီ ဆိုပြီး ဖက်ငိုသည့် မောင်မောင်က ခုတော့ အပြင်းရောမှ ရတော့မည် ဆိုတော့ ကျွန်တော် အတွေးများသွားပြီး စကားနည်းသွားရသည်။ မောင်မောင်ကတော့ သောက်လိုက်၊ စားလိုက်၊ အလုပ်ကိစ္စဖြင့် ဖုန်းဆက်လိုက်၊ သူ့ ကို လာအပ်သည့် ဘော်လုံးပွဲ ဇယားများကို လက်ခံလိုက်ဖြင့် အလုပ်ရှုပ်နေသည်။

"အောင်တိုး... ပျင်းနေပြီလား... အေးကွာ ငါကလဲ ဒီအချိန်ဆိုရင် အလုပ်ရှုပ်တယ်ကွ။ ဒါပေမယ့် ခုတစ်ယောက် လာပြီးရင် ပြီးပါပြီ"
"ရပါတယ်ကွာ မင်းလုပ်စရာ ရှိတာကိုသာ လုပ်ပါ ငါနေတတ်ပါတယ်"
"အေး... ကျေးဇူးဘဲ သူငယ်ချင်း... ပြီးမှ မင်းကို ငါရှယ်ပြုစုမယ်"

ခဏနေတော့ မောင်မောင် ပြောသည့်လူ ရောက်လာသည်။ မောင်မောင် ပြောသလို တစ်ယောက်တည်းတော့ မဟုတ် နှစ်ယောက်ဖြစ်၏။

"ကိုမောင် ကျွန်တော်တို့ ကို ဟိုကို တစ်ခေါက်လောက် လိုက်ပို့ ပါဦး"
"ဟာ... ငါလိုက်လို့ မဖြစ်ဘူး။ ဒီမှာ ဧည့်သည် ပါလာတယ်"
"ကိုမောင့် ဧည့်သည်ကိုပါ တခါတည်း ခေါ်လာခဲ့လိုက်ပေါ့။ ကျွန်တော်လဲ ဧည့်သည်ပါလာလို့ လိုက်ပို့ ချင်တာ။ ဒါပေမယ့် အချိန်က နောက်ကျနေပြီမို့ ကိုမောင့်ကို အကူအညီ တောင်းရတာ။ ကိုမောင်က အဲဒီနေရာကို ပိုင်တယ် မဟုတ်လား"
 
မောင်မောင်က တချက် စဉ်းစားဟန် ပြုလိုက်သည်။ ထို့ နောက်-

"ကဲ... ဒါဆိုလဲ သွားကြတာပေါ့"

ကျွန်တော် သူတို့ ပြောနေကြသည်များကို နားမလည်ပါ။ ထို့ ကြောင့် မောင်မောင့် ဆိုင်ကယ်နောက်မှဘဲ တိုးတိတ်ငြိမ်သက်စွာ လိုက်လာခဲ့လိုက်၏။ မောင်မောင် ဘာတွေ၊ ဘယ်လောက် ပြောင်းလဲသွားပြီလဲ ဆိုသည်ကို ကျွန်တော် စူးစမ်းကြည့်ချင် ပါသေးသည်။ ထို့ နောက် ကျွန်တော်တို့ သစ်ပင်များ အုပ်ဆိုင်းပြီး မှောင်ရိပ်ကျနေသည့် အိမ်ကြီး တစ်အိမ်ရှေ့သို့ ရောက်သွားကြ၏။ ဆိုင်ကယ်သံ ကြားသဖြင့် လူတစ်ယောက် ပြေးထွက်လာသည်။

"ပိတ်သွားပြီ ညီလေးတို့ ... ည 9:00 နာရီ ဆိုရင် ပိတ်တာလေ။ ခုအထဲက လူတွေ ရှင်းထုတ်ပြီး သွားရင် ပိတ်တော့မှာ နောက်နေ့ မှ လာခဲ့တော့ကွာ"
"ကိုတင့် ကျွန်တော် မောင်မောင်ပါဗျ... ဒီမှာ ဧည့်သည့်တွေ ပါလာလို့ တံခါးဖွင့်ပါဦး"
"ဟာ... မောင်မောင်... နောက်ကျနေပြီကွ"
"ဟုတ်တယ်ဗျာ... အလုပ်က ခုမှ ပြီးသွားလို့ ။ ဧည့်သည်တွေက သွားချင်တယ် ဆိုလို့ လိုက်ပို့ ပေးရတာ"

ခုထိ သူတို့ ပြောနေသည်များကို ကျွန်တော် နားမလည်နိုင်သေး။ ထို့ နောက် ကျွန်တော်တို့ အိမ်ကြီးပေါ်သို့ တက်လာခဲ့ကြသည်။ ထို့ နောက် ဝါကျင့်ကျင့် မီးရောင်ဖျော့ဖျော့ ဖြာကျနေသည့် အခန်းများရှေ့တွင် ရပ်နေသည့် ကောင်မလေးများကို တွေ့ လိုက်ရ၏။ အိုး... ထိုအခါမှ ကျွန်တော်တို့ မကောင်းသည့် မိန်းမများ လုပ်စားနေသည့် အိမ်သို့ ရောက်လာမှန်း သိလိုက်ရ၏။ ဧည့်သည် နှစ်ယောက်ကတော့ အခန်းအတွင်းသို့ ကိုယ်စီကိုယ်စီ ဝင်သွားကြသည်။ မောင်မောင်ကတော့ ကောင်မလေးများနှင့် ထိပ်ပုတ်ခေါင်းပုတ်ဖြင့် ကျီစယ်နေသည်ကို တွေ့ ရ၏။ သူ့ ကို ကြည့်ရသည်မှာ အားလုံးနှင့် ရင်းနှီးကျွမ်းဝင်နေဟန်ရှိ၏။ မောင်မောင်သည် ဒီနေရာသို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်း မဖြစ်နိုင်။ သူ့ ပုံစံက ဒီနေရာသို့ မကြာမကြာ ရောက်ဖြစ်လေ့ရှိသည့် ဖောက်သည် တစ်ယောက် ဖြစ်ဟန်တူသည်။

"အောင်တိုး... စိတ်ပါရင် ဝင်လေ"

ခပ်တိုးတိုး စကားဆိုလာသည့် မောင်မောင့်ကို ခေါင်းကိုသာ ခါပြလိုက်သည်။ ထို့ နောက် အောက်သို့ ပြန်ဆင်းလာခဲ့ပြီး ဆိုင်ကယ်ရပ်ထားသည့် နေရာတွင် ထိုင်စောင့်နေလိုက်သည်။ မောင်မောင် ဒီလိုနေရာကို ဒီလောက်ပိုင်တာကို မြင်တော့ အံသြမိသည်။ ထို့ နောက် ဧည့်သည် နှစ်ယောက်က KTV ကာရာအိုကေဆိုင်ကို သွားချင်သည် ဆိုသဖြင့် မောင်မောင်က လိုက်ပို့ ရပြန်သည်။ ထို KTV ကာရာအိုကေဆိုင်တွင်လဲ မောင်မောင်၏ အစွမ်းအစ တချို့ ကို မြင်တွေ့ ခဲ့ရပြန်၏။ မောင်မောင်ကတော့ သူမန်နေဂျာကို ဘယ်လောက်ပိုင်သည် ဆိုပြီး သူ့ အစွမ်းအစကို ထုတ်ပြခြင်း ဖြစ်သော်လဲ ကျွန်တော့် အတွက်ကတော့ ပို၍ စိတ်ပျက်စရာသာ ဖြစ်လာခဲ့သည်။ မောင်မောင်၏ ပြောင်းလဲမှုများက ကျွန်တော့်ကို အံသြထိတ်လန့် စေသည်။ ထို့ နောက် ဧည့်သည် နှစ်ယောက်ကို KTV တွင် ထားခဲ့ပြီး မောင်မောင် ခေါ်ရာသို့ လိုက်ခဲ့ရပြန်သည်။ ဒီလိုဖြင့် မြို့ အပြင်ဘက် ရေကန်ဘောင်ပေါ်တွင် ဘန်ဂလို ဆန်ဆန် လုံးချင်း အိမ်လေးများ ရှိရာသို့ ရောက်လာကြ၏။ အအေးခန်း မာဆတ် (အနှိပ်ခန်း) အခန်းများ ဖြစ်သည်။ မောင်မောင်၏ စီစဉ်ပေးမှုဖြင့် အခန်းအတွင်းသို့  ရောက်ဖြစ်ခဲ့ပြီး အနှိပ်ခံခဲ့သော်လဲ မိမိအတွက်တော့ အဆင်မပြေ။ ကောင်မလေးတွေ မနှိပ်တတ် နှိပ်တတ်ဖြင့် နှိပ်ခြင်းကြောင့် အကြောမပြေသည့် အပြင် အသားတွေ နာသည်သာ အဖတ်တင်ခဲ့၏။ ကျွန်တော့်အတွက် အဆင်မပြေ သော်လည်း မောင်မောင့် အတွက်တော့ အဆင်ပြေဟန် တူသည်။ ကျွန်တော် အခန်းအပြင် ထွက်ထိုင်နေပြီး တော်တော်လေးကြာမှ မောင်မောင် ရောက်လာသည်။

"အောင်တိုး... ဘာဖြစ်လို့ လဲ အဆင်မပြေဘူးလား... အဆင်မပြေတာရှိရင် ပြောလေ ငါပြောပေးမယ်"
"မဟုတ်ပါဘူး ပြေပါတယ်... ပြန်ကြရအောင်လေကွာ... အိမ်ပြန် အရမ်းနောက်ကျနေမယ်"
"အာ... ပြန်လို့ မဖြစ်သေးဘူးလေ။ အခန်းက မနက် ငါးနာရီအထိ ယူထားတာကွ... ဘာလဲ အခန်းထဲက ကောင်မလေးနဲ့ က အဆင်မပြေလို့ လား ညှိလို့ မရဘူးလား။ ငါနောက်တစ်ယောက် ချိန်းခိုင်းပေးရမလား"
"ဟာ... မဟုတ်ပါဘူး။ ရတယ် ရတယ်... မင်းဘာသာမင်း အဆင်ပြေသလိုနေ"

ဆက်ပြောနေလို့ ဘာမှ ထူးလာမည် မဟုတ်မှန်းသိသဖြင့် အပိုတွေ ပြောမနေတော့ဘဲ နှုတ်ဆိတ်နေလိုက်သည်။ မောင်မောင် အခန်းအတွင်း ပြန်ဝင်သွားချိန်တွင် ထိုနေရာမှအသာ လှည့်ထွက်လာခဲ့လိုက်၏။ မောင်မောင်ကတော့ သူနှင့် ဇယားညပ်နေသည့် မာဆတ်မှ ကောင်မလေးနှင့် ကျန်ခဲ့သည်။ ထိုညက မောင်မောင့်ကို ထားခဲ့ပြီး ကျွန်တော် တစ်ယောက်တည်း မြို့ အတွင်းသို့ လမ်းလျှောက် ပြန်လာခဲ့လိုက်သည်။ အိမ်အပြန် လမ်းမထက်တွင် စိတ်ထဲ အတွေးတို့ ဖြင့် ရှုတ်ထွေးနောက်ကျိ နေ၏။ မိခင် ဖြစ်သူ၏ ဒီကောင်လေး "အရင်လို မဟုတ်တော့ဘူး" ဆိုသည့် စကားသံကို ပြန်ပြန် ကြားယောင်နေမိသည်။ ထို့ ပြင် ဦးကျော်ပြောပြသည့် မောင်မောင်၏ အကြောင်းအရာများနှင့် ကိုယ်တွေ့ ကြုံတွေ့ ခဲ့ရသည့် မောင်မောင်၏ လက်ရှိ ကျင်လည်နေသည့် စရိုက်တို့ ကို ပြန်လှန် ဆန်းစစ်သုံးသပ်နေမိ၏။

မောင်မောင် အရင်လို မဟုတ်တော့ဘဲ ပြောင်းလဲသွားပြီ ဆိုသည်ကတော့ အသေအချာ ဖြစ်သည်။ မောင်မောင်သည် ကျွန်တော်၏ အချစ်ဆုံး သူငယ်ချင်း ဖြစ်၏။ သို့ သော် စိတ်တူကိုယ်တူ ခံစားချက်တို့ ထပ်တူကျခဲ့သည့် အချစ်ဆုံး သူငယ်ချင်း မောင်မောင်ကတော့ အတိတ်တွင် ကျန်ခဲ့ပြီ။ ယခု လက်ရှိ မောင်မောင်က မကောင်းမှုတွင် ပျော်မွေ့ နေပြီး သူကျင်လည်ရသည့် ပတ်ဝန်းကျင် အနေအထားကို လိုက်ပြီး ပြောင်းလဲသွားပြီ။ ပြောင်းလဲတတ်သည့် လူ့ သဘောကို လက်ခံနိုင်ပေမယ့် ကောင်းသော ပြောင်းလဲခြင်း မဖြစ်ခဲ့သည့် သူငယ်ချင်း အတွက်တော့ ထိခိုက် နာကျင်ရ၏။ အသိုက်အမြုံတစ်ခုကို ဖျက်ဆီးဖူးသည့် လူတစ်ယောက် နောက်အသိုက်အမြုံတစ်ခုကို ဖျက်ဆီးဖို့ ကို ဝန်လေးနေမည် မဟုတ်ပေ။ အချစ်ဆုံး သူငယ်ချင်းမို့ မောင်မောင့်ကို ကျွန်တော် ယုံကြည်ချင်ပါသည်။ သို့ သော် မကောင်းသည့် နေရာ မကောင်းသည့် မိန်းမတို့ နှင့် ကျွမ်းဝင်နေသည့် လူတစ်ယောက်ကို ဘယ်လောက် အတိုင်းအတာထိ စိတ်ချ ယုံကြည်၍ ရနိုင်ပါမည်လဲ။ သံသယတို့ ဖြင့် စောင့်ကြည့်နေရမည့် အချစ်ဆုံး သူငယယ်ချင်း တစ်ယောက်တော့ မပိုင်ဆိုင်ချင်ပါ။ မောင်မောင်သည် ကျွန်တော့် သူငယ်ချင်း အနေဖြင့် ဆက်ရှိနေဦးမည်သာ ဖြစ်ပါသည်။ သို့ သော် စိတ်တူကိုယ်တူ ခံစားချက်တို့ ထပ်တူညီခဲ့သည့် အချစ်ဆုံး သူငယ်ချင်း အနေဖြစ်တော့ မဟုတ်တော့။ ဖြစ်ချင်းဖြစ်လျှင် ရင်းနှီးသည့် အမှောင်ထဲမှ သူစိမ်းတစ်ယောက်သာ ဖြစ်ပေလိမ့်မည်။ ထိုညက အိမ်အပြန်လမ်းတွင်  အချစ်ဆုံး သူငယ်ချင်း တစ်ယောက် ကျပျောက် ကျန်ခဲ့သည်။

17 comments:

  1. ဒါဟာ တကယ်တော့ ငွေကြေးကြောင့်ဖြစ်တယ်လို့ အလွယ် သတ်မှတ်ပြောလို့ရပေမယ့် လူတစ်ဦးတစ်ယောက်ရဲ့ စိတ်ဓါတ် မခိုင်ကျည်မှုပါပဲ။ မြန်မာပြည်မှာ ဖြစ်နေခဲ့တဲ့ ပေါ်ပင်ငွေရတဲ့အလုပ်ကို လုပ်တာကိုမပြောချင်ပေမယ့် အနောက်က ထပ်ပါလာတဲ့ အကြောင်းအရာတွေကတော့ စိတ်အားနည်းတာကြောင့် ဖြစ်ရတာတွေပဲ..

    ReplyDelete
  2. ကျပ်တည်းလာတဲ့ စီးပွားရေး သံသရာထဲမှာ အမြန်ကြီးပွားဖို့ ကြံကြရင်းနဲ့ အလွယ်လမ်းကို လိုက်မိကြတဲ့ လူငယ်တွေ ဘယ်လောက်တောင် များနေခဲ့ ပြီလဲ မသိဘူး၊ ဒီလိုနဲ့ပဲ သူငယ်ချင်းတွေ အကြားက ရိုးသား၊ ဖြူစင်မှုတွေကို ပြန်မတွေ့နိုင်တော့ဘူး ထင်ပါရဲ့ဗျာ...။

    ReplyDelete
  3. ငွေကြေးရယ် အောင်မြင်မှု့ဒဏ်ကို မခံနိုင်တာပါပဲလေ ။သူ့မှာ ပိုင်ဆိုင်တာတွေများလာပေမယ့် ပတ်ဝန်းကျင်ရဲ့ ရိုးသားပါတယ်ဆိုတဲ့ အကြည့်နဲ့ သူငယ်ချင်းကောင်းတွေကတော့ တဖြေးဖြေးနဲသွားမှာပါပဲလေ ။

    ReplyDelete
  4. စီးပွါးရေးမပြေလည်ရင် ငွေကိုလွယ်လွယ်ရှာတတ်ကြတာ လူငယ်တစ်ချို့ပေါ့နော်
    စိတ်ကိုကလဲလွယ်လို့ပါ
    ငွေရဲ့သာယာမှုနောက်ကိုလဲ လိုက်လာတတ်ကြပြီး
    အနာဂတ်ကိုမမြင်တော့ဘူးလေ

    ReplyDelete
  5. ပတ်ဝန်းကျင်အနေအထားကြောင့် ပြောင်းလဲသွားတာ ဖြစ်ရမယ်။

    ReplyDelete
  6. လူ့ရဲ့စိတ်နေ သဘောသဘာဝဟာ ထိန်းကွပ်မှုဉာဏ်နဲ့တားဆီးခြင်းမရှိရင် ဖြတ်လမ်းနည်းကို လိုက်တတ်ကြတယ် မောင်ညီရဲရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  7. တချို့က ပတ်ဝန်းကျင်နဲ့ မိမိရဲ့စိတ်အခြေခံအားနည်းတဲ့အတွက် ကောင်းခြင်း ဒါမှမဟုတ် ဆိုးခြင်းဘက်ကို ယိမ်းယိုင်သွားကြတယ်။ သူ့ရဲ့ဘေးက သူချစ်ခင်လေးစားတဲ့သူရဲ့ အပြုအမူ အနေအထိုင် အကျင့်စာရိတ္တတွေက သူ့ကို တစ်ချိန်ချိန်မှာပြောင်းလဲပေးနိုင်မယ့် သင်ခန်းစာအဖြစ် ပေးခွင့်ရရင် သိပ်ကောင်းမှာပဲ.။

    အမသဒ္ဓါ

    ReplyDelete
  8. တစ်ကယ်ကို ရင်မောစရာ ဘဝတွေပဲ အကိုရေ....
    ဘာပြောရမှန်းမသိအောင်ပါပဲ..

    ReplyDelete
  9. ဖတ်သွားပါတယ် အကိုရေ မြန်မာပြည်ကတော့ပြောကိုမပြောချင်တော့ပါဘူး:)

    ReplyDelete
  10. အခုခေတ်မှာ အဲသည်လို လူငယ်တွေ သိပ်ကို များလာတယ်..
    အလွယ်လမ်းကိုလိုက်၊ အပျော်အပါးလိုက်စားပြီး အကောင်းအဆိုး နဲ့ အမှန်အမှားကို မခွဲခြား နိုင်ကြတော့ဘူး။

    ReplyDelete
  11. လူငယ်တွေရဲ့  ရိုးသား ကြိုးစားမှုတွေကို အလွယ်လမ်းတွေက ဖျက်ဆီးနေတယ်..လူငယ်တွေအတွက် အလုပ်အကိုင်၊ ပညာ ကောင်းမွန်တဲ့ အခွင့်အရေးရဖို့  လိုအပ်ပါတယ်..တိုင်းပြည်ရဲ့  စီးပွားရေး၊ အုပ်ချုပ်ရေးစနစ်တွေကြောင့်ပါ..

    ReplyDelete
  12. မောင်မျိုး26 July 2012 at 16:57

    နှမြောစရာပဲ ရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက်ကို ပြောင်းလဲခြင်းများစွာနဲ့ ပျောက်ရှသွားချင်ပေါ့ နေရတော့ခက်မယ်နော့် သူ့ကို ပြောင်းလဲပစ်ဖို့ကလည်းမလွယ်တဲ့အခြေ သူ့အနေထားကို လက်ခံပေးဖို့ ကိုယ့်ထင်မြင်ချင်တွေ ပြောင်းလဲပစ်ဖို့ကလည်းမလွယ်တော့ ဒွိဟ စိတ်ကလေးဖြစ်နေမှာ ။

    မောင်မောင် ဟာ အပြစ်သားတစ်ယောက်တော့မဟုတ်ပါဘူးလေ မိမိရဲ့ ဘ၀ပေးအခြေနေကို ငုံစိတ်ကလေးရှိနေနိုင်တဲ့အခြေနေမို့ လောကစည်းစိမ်းတွေကို ခံစားရတော့ သူမိန့်မူးနေမိမှာ အမှန် ပြီးတော့ သူ ပျော်ဝင်မှန်းမသိ ပျော်ဝင်နေလိမ့်မယ် ။ တစ်နေ့ တော့ သူ့အနားမှာ မိတ်ဆွေစစ်တွေ ရှားပါးသွားရင်တော့ သူ့သူငယ်ချင်းကို သူ အောက်မေ့ သတိရအုံးမယ်ထင်ပါတယ် ။ အဲ့အချိန်ကျ သူ့ကို အားပေးနှစ်သိမ့်နိုင်ဖို့ လက်ခံနိုင်အောင်ကြိုးစားပေါ့်ဗျာ ။

    သူငယ်ချင်းဆိုတာ သူ့ရဲ့ ကောင်းကွက် ဆိုးကွက်တွေကို သိရှိပြီးနောက်မှာတောင် မပြောင်းလဲပဲ သူ့နား ဆက်ရှိနေသေးတဲ့သူကို ဆိုလိုတာလို့ ကျနော်တော့ ယူဆတယ်ဗျ ။

    ပို့စ်ကောင်းလေးပါ သိပ်ခံစားလို့ကောင်းတယ် ။ ကျေးဇူး ။

    ReplyDelete
  13. ဂလိုပဲဗျ။ ကျနော်ကျ ကိုယ်တိုင် ကျပျောက်သွားတာ။ အဲ့လို။ ကိုယ့်ထက်ဆိုးတဲ့ ကျပျောက်တဲ့လူတွေ မြင်မှ ပြန်အဖတ်ဆယ်လိုက်နိုင်တာ။ စနစ်ဆိုးကြောင့်ပါပဲ။ (ကျနော်လည်း ဒါကိုပဲ အပစ်တင်နေကျမို့ လား မသိ) ဟီး

    ReplyDelete
  14. သူငယ်ချင်းတွေ ... သူငယ်ချင်း တချို့တွေ အကြောင်း ပြန်တွေးမိဖြစ်တယ် ... ။ ကျွန်တော့် ရဲ့ တချို့သော နှစ်ကာလများဆီလည်း ပြန်ပြီး အမှတ်ရဖြစ်တယ် ...

    ReplyDelete
  15. ဖတ်ပြီးတော့ ရင်ထဲမောသွားသလိုဘဲ
    ဖြတ်သန်းလာတဲ့ဘဝတလျှောက်မှာ
    ပတ်သက်ဖူးတဲ့ သူတွေအများကြီး ကျပျောက်သွားဖူးတယ်

    ReplyDelete
  16. ငွေ၊ ငွေ၊ငွေ.. ငွေကြောင့်သာလူတွေ ပျက်စီးရတာပါ။ နောက်ဆုံးစာကြောင်းလေးဟာ တကယ်ကို ထိမိပါပေတယ်။ အလုပ်သင့်ဆုံးလုပ်ရပ်တစ်ခုကို ဖော်ညွှန်းသွားခဲ့နိုင်တယ်။ ကောင်းတယ်ဗျာ။ မဖတ်ရတာကြာနေပြီ..း))



    ခင်မင်လျက်

    နေ၀သန်

    ReplyDelete
  17. ကောင်းတယ်ဗျာ။ ခံစားချက်ကို နားလည်ပါတယ် သူငယ်ချင်းတစ်ယောက် ဆုံးရှုံးသွားရတဲ့ ဝေဒနာကို...

    ReplyDelete