Thursday 8 September 2011

ဟာသ အတိုအထွာလေးများ

မြစ်ကြီးနား

ဝန်ထမ်းတစ်ယောက် လမ်းဘေးမှာ မူးလဲ နေတာတွေ့ လို့  စက်ရုံမှူးက သူ့ ကားပေါ်တင်ပြီး အိမ်ပြန် လိုက်ပို့  ပေးဖို့ လုပ်တယ်။ 
“ဟေ့... မင်းအိမ်က ဘယ်နားမှာလဲ”
ဒီတော့ အမူးသမားက ခေါင်းထောင်လာပြီး အာလေးလျှာလေးနဲ့ 
“သြော်... ဆရာ... အေ့... ကျွန်တော်က မြစ်ကြီးနားမှာ နေပါတယ်”
အဲဒီတော့ စက်ရုံမှူးလဲ ဒေါပွသွားပြီး
“ဒီမှာ မင်း မူးရူးပြီး အပိုတွေ လျှောက်ပြောမနေနဲ့ မင်း ဆင်တဲသား ဆိုတာ တစ်စက်ရုံလုံး သိတယ်”
လို့ ပြောလိုက်တယ်။ ဒီတော့ အမူးသမားကလဲ-
“အာ... ဆရာ ဘာမှ နားမလည်ပဲ လျှောက်မပြောနဲ့  အေ့... ကျွန်တော် ဧရာဝတီ မြစ်ကြီးနားက ဆင်တဲရွာ (မြောက်ပိုင်း) မှာ နေတယ်ဆိုတာ တစ်စက်ရုံလုံး သိတယ်”
 လို့ ပြန်ပြောလိုက်တယ်။

သတ္တိခဲ

နေညိုချိန် အရက်သမား တစ်ယောက် ရွာအဝင်လမ်း အတိုင်း ယိုင်တိယိုင်တိုင်နဲ့ လျှောက်ဝင်လာသည်။ ပါးစပ်ကလဲ-
“ဟေ့... ဘယ်ခွေးမှ လူမထင်ဘူး။ ဘယ်လူ့ မှလဲ ခွေးမထင်ဘူးကွ။ သတ္တိရှိတဲ့ကောင် ထွက်ခဲ့ ရှေ့တန်း ပို့  ပစ်လိုက်မယ် ငါ့ ဘာမှတ်နေလဲ ဟင်းး ဟင်းးးး”
ခဏနေတော့ ထပ်အော်ပြန်တယ်။ သူ့ အော်သံကို ကြားပြီး ဘေးနားက ဖြတ်သွားတဲ့ လူတချို့ မျက်နှာ ပြုံးရောင် သန်းသွားသည်။ သူအော်ပုံက-
“ဟေ့... ဘယ်သူ့ မှ မကြောက်လို့ ပေတရာထွက် လမ်းလျှောက်နေတာကွ။ စိမ်မခေါ်နဲ့ ... လာပြီး စိမ်မခေါ်နဲ့  ဘယ်သူ့ မှ မကြောက်ဖူး။ စိမ်ခေါ်ရင် အိမ်ပေါ်ထိ တက်ချရဲတယ် ပြီးမှ အိမ်တက်မှုနဲ့ ထောင်ထဲ ရောက်ရောက်”

မခံချင်စိတ်

အရက်မူးပြီး ပြန်လာသော ယောက်ကျားကို မိန်းမ ဖြစ်သူက အိမ်ရှေ့ပေါက်ဝမှ ဆီးဟောက်သည်။
“တော်... ဒီမကောင်းတဲ့ အရက်တွေ သောက်လာပြန်ပြီပေါ့။ တော်ဟာလေ..............”
ယောက်ကျား ဖြစ်သူက ဘာမှ ပြန်မပြောဘဲ ခေါင်းလေး ငုံကာ အိမ်ထဲဝင် သွားသည်။ သူကလဲ သောက်လာမိတာကိုး...။ နောက်နေ့ လဲ ထိုအတိုင်းပင် မူးပြီး ပြန်လာသော ယောက်ကျားကို မိန်းမဖြစ်သူက အိမ်ပေါက်ဝမှ ဆီးဟောက်သည်။ ထုံးစံအတိုင်း ယောက်ကျား ဖြစ်သူက ခေါင်းလေး ငုံကာ အိမ်ထဲ ဝင်သွားပြန်သည်။ နောက်တနေ့  ထုံးစံအတိုင်း ယောက်ကျား ဖြစ်သူက မူးပြီး ပြန်လာပြန်သည်။ ဒီတခါတော့ မိန်းမက ဘာမှာ မပြောရသေးခင် မှာပင် ယောက်ကျား ဖြစ်သူက အရင် ကြိုပြောသည်။
“ဟေ့... မိန်းမ ဒီနေ့ မင်းငါ့ကို ဘာမှ ပြောလို့ မရတော့ဘူး။ ငါဒီနေ့ မကောင်းတဲ့ အရက်တွေ သောက်လာတာ မဟုတ်ဘူးကွ။ မင်းအပြောကို မခံချင်လို့  Blue Label လို့ ခေါ်တဲ့ အကောင်းစား အရက် သောက်လာတာ ဒီတော့ မင်းသောက် ပါးစပ်ပိတ်” 
လို့ ပြောလိုက်တယ်။

ဝိနည်းလွတ်

အရက်မူးလာတဲ့ သားကို ဖခင် ဖြစ်သူက ဒေါသ ဖြစ်ဖြစ်ဖြင့် ဆူသည်။ 
“မင်းဟာလေ ခွေးမြီးကောက် ကျည်တောက်စွပ်ပဲ။ မိဘကို စိတ်မချမ်းသာအောင် လုပ်ရုံတင် မဟုတ်ဘူး ဘုရားကိုတောင် လိမ်တဲ့ကောင်”
ဒီတော့ မူးလာတဲ့ သားဖြစ်သူက မခံနိုင်ဘူး။ 
“အေ့... ဒီလိုတော့ မပြောပါနဲ့ အဖေ သားက ဘယ်လောက်ဆိုးဆိုး ဘုရားကိုတော့ မလိမ်ဝံပါဘူး ” 
လို့ ပြန်ပြောတယ်။ ဒီတော့ ဖခင် ဖြစ်သူက ပိုဒေါသ ထွက်သွားပြီး...
“ဘာကွ  မနေ့ ကဘဲ ဘုရားစင်ရှေ့မှာ ဒီနေ့ ဒီရက်က စပြီး ဒီအရက်ကို အရှင် ဘုရားအား လှူပါ၏ ဆိုပြီး သစ္စာ ဆိုခဲ့တာ ဘယ်သူလဲ မင်း မဟုတ်လို့ ဘယ်သူလဲ”
“အာ... ဒါကတော့ အဖေ နားလည်မှု လွဲတာပါ။ အေ့... မနေ့ က သား ဘုရားကို လှူခဲ့တယ် ဆိုတာ ဟုတ်တယ် အေ့... ဒါပေမယ့် သားလှူခဲ့တာက ရမ်လေ... ဒီနေ့ သောက်လာခဲ့တာက ဝီစကီ သားမလိမ်ဝံပါဘူး အဖေရာ”
လို့ ပြန်ပြော လိုက်တယ်။

14 comments:

  1. ဟာသလေးကိုလာဖတ်ပြီး ရယ်သွားပါတယ်...း)

    ReplyDelete
  2. ရယ်မောစရာလေးတွေ ဝေမျှပေးတဲ့ အကိုလည်း ပျော်ရွင်ပါစေလို့
    ထပ်တူဆန္ဒပြုရင်း...:):)

    ReplyDelete
  3. အေးလေ...ရမ် လှူပီး ၀ီစကီ သောက်လည်း ဖြစ်တာပဲလေ။

    ReplyDelete
  4. ၀ါး ဟား ဟား......................ကျန်းမာပျော်ရွှင်ပါစေ ကိုညီရဲသစ်ရေ။

    ReplyDelete
  5. အော် အရက်အကောင်းစားသောက်တဲ့နေ့မှဘဲ မိန်းမက အဆူခံလိုက်ရတော့တယ် ။
    ဘုရားကို မလိမ့်တပတ်လေး လိမ်သွားတာပါလား
    တိုးတိုးပြော ဟိုလူကြီးတွေကြားသွားရင် နည်းလာယူနေဦးမယ်း)

    ReplyDelete
  6. ရပ်ကွက်ထဲမှာ ဒီလိုပဲ ရှိတယ် ကျနော်တို့ ရပ်ကွက်ထဲမှာ ဒီလိုပဲ။

    ReplyDelete
  7. ဟာသတွေက အကုန်အရက်သမားဟာသကြီးပဲ...ဟီးဟီး... အေ့... လာရီသွားပါတယ်.. အေ့... ပြန်ပြီ... အေ့... တာ့တာ... @_@

    ReplyDelete
  8. တစ်ခါတစ်ရံ လက်တွေ့အဖြစ်အပျက်တွေကနေ ဟာသလေးတွေ ဖြစ်သွားတတ်တာမျိုးလည်းရှိတယ်နော်။
    စိတ်ဓါတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  9. မခံချင်စိတ်လေးကို သဘောကျတယ်..း))

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  10. ha ha ha ha ရီရတယ်ဗျာ။ မြစ်ကြီးနား ကို အကြိုက်ဆုံးပဲ။ ကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ။

    ReplyDelete
  11. အားရပါးရကို ရယ်သွားပါတယ်နော်
    အမမောင်လေးက စာရေးကောင်းပဲ
    နောင်လဲဒီထက်ကောင်းတဲ့စာတွေအများကြီးရေး
    နိုင်ပါစေလို့ ခင်မင်တဲ့

    ReplyDelete
  12. ဟားဟား...ရီရတယ်...အရက်သမားဟာသတွေဆိုသိပ်ကြိုက်.....:)

    ReplyDelete
  13. ဒါဆို ကျနော်လည်း မြစ်ကြီးနားမှာ နေတယ်လို့ ပြောလို့ရတယ်...:D

    ReplyDelete
  14. အားပေးပါတယ် စာရေးသူကော စာဖတ်သူပါ အားလုံး
    ကျမ္မာ ပျော်ရွှင်ကြပါစေ

    ReplyDelete