Sunday 26 February 2012
ပတ်ဝန်းကျင်အကြောင်း တစေ့တစောင်း
ဒီဘက်နှစ်များတွင် ရပ်ကွက်လမ်းမများထက် ပြေးလွှားဆော့ကစားနေသည့် ကလေးငယ်များကို အတွေ့ ရနည်းလာသည်။ ထို့ ကြောင့် ကလေးငယ်များ ဘယ်ရောက်ကုန်ကြသလဲဟု အကဲခတ်ကြည့်မိသည်။ ထိုအခါ ကျောင်းနှင့် ကျူရှင်ကို ပြေးလွှားနေရသည့် ကလေးငယ်များကို တွေ့ လာရ၏။ ကျောင်းမှ ပြန်လာပြီးနောက် ကလေးငယ်များတစ်ဦးနှင့် တစ်ဦး ကျူရှင်ချိန်များ မတူကြခြင်း ကလဲ အကြောင်းတချက်ဖြစ်သည်။ ထို့ ကြောင့် ဟိုးအရင် အချိန်များကဲ့သို့ ကလေးများ စုစုစည်းစည်းဖြင့် အတူတူ မကစားနိုင်ကြခြင်း ဖြစ်သည်။  ကျောင်းနှင့် ကျူရှင်ကြားတွင် ဗျာများရင်း အားလပ်ချိန်ခဏကို တတ်နိုင်သည့် ကလေးများက ဗီဒီယိုကြည့်ခြင်း၊ တီဗီဂိမ်းကစားခြင်း၊ အင်တာနက်ဂိမ်းကစားခြင်း တို့ ဖြင့် အချိန်ဖြုန်းလာကြ၏။ နွမ်းပါသည့် ကလေးငယ်များကလဲ မုန့် ဖိုးပိုက်ဆံများကို စုပြီး ဂိမ်းကစားပစ်ကြသည်။ ဂိမ်းမကစားသည့် အချိန်တွင်လဲ ဘေးမှ တခြားသူများ ဂိမ်းကစားသည်ကို နတ်ကရာ ကျီးမော့ရင်း အချိန်ဖြုန်းလာကြသည်။ ထိုအခါ အကျိုးဆက် အနေဖြင့် ကလေးငယ်များ ငွေကုန်၊ အချိန်ကုန်လာကြသည်။ ဗီဒီယို၊ တီဗီဂိမ်း၊ အင်တာနက်ဂိမ်း များကို အလွန်အကျွံ ကစားခြင်းဖြင့် ငယ်ငယ်ရွယ်ရွယ်နှင့် အညောင်းမိခြင်း၊ အာရုံကြော အားနည်းခြင်း၊ မျက်စိ၊ မျက်ရိုးကိုက်ခြင်းတို့ ကို ခံစားလာကြရ၏။ အသက် ငယ်ငယ်ရွယ်ရွယ်ဖြင့် မျက်မှန်တပ်ရသူများ ကိုပိုတွေ့ လာရသည်။ ဟိုဘက်ခောတ်ကကဲ့သို့ အကြမ်းပတမ်း မခံနိုင်တော့ဘဲ ချူချာလာကြသည်။ ရာသီအပြောင်းအလဲများတွင်ပင် ဖျားတတ်၊ နာတတ်လာကြသည်။
ဒီနေ့ ခောတ်တွင် ကွမ်းယာဆိုင်များ မှိုလိုပေါက်လာခြင်းနှင့်အတူ ကွမ်းစား၊ ဆေးလိပ်သောက် တတ်သည့် လူငယ်များ ပိုများလာသည်။ ကွမ်းမစား၊ ဆေးလိပ်မသောက်တတ် သူကိုပင် အခြောက်သဖွယ် ပြောဆိုလာကြ၏။ ကွမ်းစား၊ ဆေးလိပ်သောက်ခြင်းကြောင့်  အမောမခံနိုင် ကြသဖြင့် လူငယ်များ ဘော်လုံးကစားခြင်း၊ ပိုက်ကျော်ခြင်း ကစားခြင်းတို့ ကဲ့သို့ သော အားကစားနည်းများကို စိတ်ဝင်စားမှု လျော့နည်းလာကြသည်။ ထိုကစားနည်းများကို စိတ်ဝင်စားမှု လျော့နည်းလာခြင်းနှင့်အတူ ဘော်လုံးကွင်း၊ ပိုက်ကျော်ခြင်းကွင်းများတွင် တဖြည်းဖြည်းဖြင့် လူနည်းလာသည်။ လူငယ်များ ဘိလိယက် ထိုးခြင်းကဲ့သို့ သော သက်တောင့်သက်သာ ရှိသည့် ကစားနည်းများကို  ပိုစိတ်ဝင်စား လာကြ၏။ ပိုက်ဆံကြေး ဘိလိယက်ထိုးခြင်း၊ တီဗီဂိမ်းဖြင့် ဘော်လုံးကန်ခြင်းတို့ ဖြင့် လူငယ်များ လောင်းကစားခြင်းကို စိတ်ပါလာကြသည်။ ထိုမှတဆင့်တက်၍ ဖဲကစားခြင်း၊ တစ်လုံး၊ နှစ်လုံး၊ သုံးလုံး ကဲ့သို့ သော လောင်းကစားနည်းများကို ခုံမင်လာကြသည်။ ထိုကဲ့သို့ လောင်းကစား ဝါသနာပါလာသည့် လူငယ်များ ကျောင်းစာကို စိတ်ဝင်စားမှု လျော့နည်းလာသည်။ ပျင်းရိတတ်လာပြီး ကိုယ်ရည်ကိုယ်သွေးများ ကျဆင်းလာကြသည်။ အရွယ်ရောက်လာလျှင်လဲ အလုပ်ကို လက်ကြောတင်းအောင် မလုပ်ချင်ကြတော့ဘဲ ဘော်လုံးပွဲဒိုင်၊ နှစ်လုံးဒိုင်၊ သုံးလုံးဒိုင်ကဲ့သို့ သော အလုပ်များကို အလွယ်လိုက်ပြီး လုပ်လာကြသည်။ ငွေကို လွယ်လွယ်ရပြီး လွယ်လွယ် သုံးတတ်လာသည်။ လွယ်လွယ်ရသည့် ငွေကို တန်ဖိုးမထားတော့ဘဲ ဘီယာဆိုင်၊ KTV ကာရာအိုကေဆိုင်၊ မာဆတ်နှင့် မကောင်းသည့် မိန်းမများရှိသည့် နေရာများတွင် လွယ်လွယ်သုံးတတ်လာသည်။
ဒီဘက်ခောတ်တွင် အရက်ဆိုင်၊ ဘီယာဆိုင်နှင့် မကောင်းသည့် နေရာများကလဲ အပြိုင်းအရိုင်း နေရာအနှံ ပေါ်ပေါက်လာ၏။ လက်ဖက်ရည်ဆိုင်များတွင် လူကျဲလာခြင်းနှင့်အတူ အရက်ဆိုင်၊ ဘီယာဆိုင်များတွင် လူများဖြင့် ကြိတ်ကြိတ်တိုး စည်ကားလာကြသည်။ တချို့ လက်ဖက်ရည်ဆိုင်မှ ဘီယာဆိုင်သို့ ပြောင်းသွားသည့် ဆိုင်မျိုးကိုပင် တွေ့ ရသည်။ ရန်ကုန်မြို့ ရှိ တချို့ ဆိုင်များ မနက်ပိုင်း လက်ဖက်ရည် ရောင်းပြီး ညနေဘက် ဘီယာရောင်းသည်ကို တွေ့ ရသည်။ သူတို့ အကြောင်းပြချက်ကလဲ ရှင်းသည်။ လက်ဖက်ရည်ဆိုင် ရောင်းအားကျလာခြင်း၊ လက်ဖက်ရည်ဆိုင်နှင့် ဘီယာဆိုင်ကြား အမြတ်ငွေ ကွာခြားခြင်းကလဲ အကြောင်းတစ်ချက် ဖြစ်သည်။ ဟိုဘက်ခောတ်တွေက ပိုက်ဆံချမ်းသာသည့် လူကြီးများကိုသာ အတွေ့ များရသည့် အရက်ဆိုင်၊ ဘီယာဆိုင်၊ KTV ကာရာအိုကေဆိုင်၊ မာဆတ်နှင့် မကောင်းသည့် မိန်းမများ ရနိုင်သည့် နေရာများတွင် ခုနောက်ပိုင်းတွင် လူငယ်များကို ပိုတွေ့ လာရ၏။ လူငယ်များ ထိုကဲ့သို့ သော နေရာများနှင့် ယဉ်ပါးလာသည့်နောက်ပိုင်း အကျိုးဆက် အနေဖြင့် လူငယ်များ လက်ရဲခြေရဲဖြင့် အတင့်ရဲလာကြပြီး စာရိတ္တပိုင်းများ ချို့ ယွင်းလာကြသည်။ လူငယ်ပေမယ့် ဇကွဲလေးနဲ့ ဆိုသကဲ့သို့ ဇကလေးတွေ ကိုယ်စီနဲ့ ဖြစ်လာကြသည်။ ထို့ နောက် လက်စခြေစ ရှိသည့်လူငယ်များ အပျို၊ အအိုမရှောင်ကြတော့သဖြင့် ခုနောက်ပိုင်းတွင် အိမ်ထောင်ရေး ဖောက်ပြန်သည့် သတင်းများကို ပိုကြားလာရ၏။ အကြောင်းနဲ့ အကျိုးဆက်စပ်နေသည် ဆိုသကဲ့သို့ ခိုးမှု၊ ဝှက်မှုများလဲ ပိုများလာသည်။ သေချာသည်ကတော့ ဒီဘက်ခောတ်တွင် လူငယ်များ ပိုပျက်စီးလာသည်ကို တွေ့ မြင်လာရသည်။ လူငယ်များ ခုလို ပိုပျက်စီးလာဖို့ ပတ်ဝန်းကျင် အခြေအနေများကလဲ ဖန်တီးနေသည်ဟု ထင်မိသည်။ လူငယ်များ လမ်းမှားလိုက်ပြီး ပျက်စီးနိုင်ဖို့ မကောင်းသည့် နေရာများက လက်တကမ်းမှာပင် ရှိနေကြသည်။ ကြိုးတန်းပေါ်တွင် လမ်းလျှောက်နေသူကဲ့သို့ တချက်မှားသည်နှင့် လမ်းမှားကို ရောက်သွားနိုင်သည်။
ထို့ ကြောင့် လူကြီးမိဘများ အနေဖြင့် လူငယ်များကို ငယ်ငယ်ကတည်းက ကြပ်ကြပ်မတ်မတ် ထိမ်းသိန်းသင့်သည်ဟု မြင်မိသည်။ သင့်ပတ်ဝန်းကျင်ကို သတိထားကြည့်ကြည့်ပါ။ လမ်းမများထက်တွင် ပြေးလွှားဆော့ကစားနေသည့် လူငယ်များ နည်းပါးလာခြင်းနှင့်အတူ ဂိမ်းဆိုင်များတွင် လူငယ်များ အချိန်ကုန်လာကြသည်။ ဘော်လုံးကွင်း၊ ပိုက်ကျော်ခြင်းကွင်းများတွင် လူငယ်များကို အတွေ့ ရ နည်းလာသည့် နောက်ပိုင်းတွင် ဘိလိယက်ခုံ၊ ဖဲဝိုင်းများတွင် လူငယ်များကို ပိုတွေ့ လာရသည်။ ထို့ အတူ လက်ဖက်ရည်ဆိုင်များတွင် လူကျဲပါးလာခြင်းနှင့်အတူ အရက်ဆိုင်၊ ဘီယာဆိုင်နှင့် မကောင်းသည့် နေရာများတွင် လူငယ်များကို ပိုတွေ့ လာရသည်။ မကောင်းသည့် နေရာများနှင့် ယဉ်ပါးနေသည့် လူငယ်များ များပြားလာခြင်းနှင့်အတူ ခိုးမှု၊ ဝှက်မှုနှင့် ကြာခိုမှုများ ပိုများလာသည်ကို တွေ့ လာရမည် ဖြစ်သည်။ ထို့ ကြောင့် ဒီဘက်ခောတ်တွင် လူကြီးမိဘများ အနေဖြင့် လူငယ်များကို နည်းမှန်လမ်းမှန်ဖြင့် ထိန်းကျောင်းနိုင်ဖို့ လိုလာသည်။ ငယ်ငယ်ကတည်းက ဖိနှိပ်ထားလွန်းသဖြင့် အရွယ်ရောက်သည့်အခါ ပေါက်ကွဲထွက်ပြီး မထိမ်းနိုင် မသိန်းနိုင် ဖြစ်ရသည်များ၊ ငယ်ငယ်ကတည်းက အလိုလိုက်ထား လွန်းသဖြင့် ကြီးသည့်အခါ ထိန်းမနိုင်ဖြစ်ရသည့် လူငယ်များကို တွေ့ ဖူးသည်။ တကယ်က လူကြီးများ အနေဖြင့် အကြောင်းအကျိုး၊ အဆိုးအကောင်းကို လူငယ်များ နားလည်အောင် ရှင်းပြပြီး မှား၏၊ မှန်၏ ကောင်း၏ ဆိုး၏ကို လူငယ်များ ကိုယ်တိုင် စဉ်းစားတွေးခေါ် နိုင်စေခြင်းက အကောင်းဆုံး ဖြစ်မည်ဟုထင်ပါသည်။ လူငယ်အားလုံးကို ပျက်စီးနေသည်ဟု ကျွန်တော် မဆိုလိုပါ။ တချို့ သော လူငယ်များကိုသာ ဆိုလိုခြင်း ဖြစ်ပါသည်။ ဖြစ်လာနိုင်သည့် အကြောင်းအကျိုးများကို ဆက်စပ်ဖော်ပြခြင်းသာ ဖြစ်ပါသည်။ သေချာသည်ကတော့ ဒီဘက်နှစ်များတွင် လူငယ်များ စာရိတ္တပိုင်းတွင် ချို့ ယွင်းအားနည်း လာသည်ကို ပိုတွေ့ လာနေရသည်ဟု ထင်မိပါတော့သည်။
Thursday 16 February 2012
အာဂမိသားစု
ပုံမှန်ထက် လွန်ကဲသည့် ဆူညံသံ တချို့ ကြောင့် မနက်စောစော နိုးလာခဲ့သည်။ နိုးပြီး ဆက်အိပ် မရတတ်တော့သည့် အကျင့်ကြောင့် စောစောဘဲ အိပ်ယာထဖြစ်လိုက်၏။ အိမ်နောက်ဖေးဘက်ကို ထွက်လာရင်း မိခင်ဖြစ်သူကို တွေ့ သဖြင့်...
"အမေ... စောစောစီးစီး ဘယ်သူတွေ ဆူညံနေကြတာလဲ"
"အမေလဲ အပြင်ထွက် မကြည့်မိတော့ သေချာမသိဘူး... အလှူအိမ်ဘက်ကတော့ ထင်တာဘဲ"
မိခင်ဖြစ်သူ ပြောသည့် အလှူအိမ် ဆိုသည့် စကားကို ကြားမှ ဒီနေ့ ဖြူလုံးတို့ အိမ်တွင် အလှူရှိတာကို သတိရမိ၏။ ထိုအခါမှ မနေ့ ညနေက ဖြူလုံးက အလှူတွင် လာကူလုပ်ပေးဖို့ ခေါ်ထားသည်ကိုပါ အမှတ်ရလိုက်သည်။ ကျွန်တော်လဲ မျက်နှာသစ်၊ သွားတိုက်၊ ရေချိုးပြီး အလှူအိမ် ရှိရာသို့ ထွက်လာခဲ့လိုက်၏။ ဖြူလုံးဆိုသည်က ကျွန်တော်နှင့် ငယ်ငယ်ကတည်းက ဆိုးတူ၊ ကောင်းတူ ပေါင်းလာသည့် ငယ်ပေါင်း သူငယ်ချင်း ဖြစ်သည်။ အင်မတန်မှ ပြဿနာ ရှာတတ်သည့် သူငယ်ချင်း ဖြစ်သည်။ ခုလဲ ဘာပြဿနာ ရှာပြန်ပြီလဲဟု တွေးရင်း အလှူအိမ်ရှေ့ကို ရောက်လာခဲ့သည်။ ဖြူလုံး မိခင်က ကျွန်တော့်ကို တွေ့ သည်နှင့် ပြေး၍ သတင်းစကားပါးပါ လေတော့သည်။ 
"အောင်မလေး... ကိုရဲရေ... နင့်သူငယ်ချင်း အကြောင်းကတော့ ပြောကို မပြောချင်တော့ပါဘူး"
ဟု ရုပ်ရှင်ထဲမှ ဒေါ်မြလေး လေသံမျိုးဖြင့် အစချီကာ သူ့ သား၏ ပြဿနာအကြောင်းကို ဇာတ်စုံခင်းပါတော့သည်။
"မင်းသူငယ်ချင်းပေါ့... ဒီနေ့ အိမ်မှာ ပေါင်မုန့် အုန်းနို့ ဆမ်း အလှူလုပ်တယ်လေ။ ဘုရားဆွမ်းတော် မတင်ရသေး၊ ဘုန်းကြီးကျောင်းမပို့ ရသေး၊ ဘယ်ဧည့်သည်၊ ဘယ်လူမှ မစားရသေးခင်မှာ လူလစ်တုံး ပေါင်မုန့် အတုံးလိုက်ကြီးကို ခိုးပြီး အိမ်သာထဲ ဝင်စားတယ်လေ။ အဲဒီမှာ ပေါင်မုန့် တုံးကြီး စားလို့ တစ်ဝက်လောက် အရောက်မှာ သူ့ အဖေက အိမ်သာ အရမ်းတက်ချင်လို့ တံခါးဖွင့်ခိုင်းတယ်။ ပေါင်မုန့် က စားလက်စ တစ်ဝက်လောက်ဘဲ ရှိသေးတော့ ချက်ချင်း ကုန်အောင်စားဖို့ က ဘယ်လွယ်မလဲ။ ဒီတော့ ဒင်းက ပေါင်မုန့် ကို အိမ်သာတွင်းထဲ ခပ်လွယ်လွယ်ဘဲ ပစ်ချပြီး အပြင်ကို ထွက်လာတယ်။ အဲဒီမှာ အဖေဖြစ်သူက သူ့ နောက်က  အိမ်သာတက်တော့ အိမ်သာက ရေလောင်းအိမ်သာ မဟုတ်ဘဲ တွင်းအိမ်သာ ဆိုတော့ ဒင်းပစ်ချခဲ့တဲ့ ပေါင်မုန့် တုံးကြီးက ချီးတုံးတွေ ပေါ်မှာ ပေါလောကြီး ပေါ်နေတာလေ။ ဘာပြောကောင်းမလဲ သူ့ အဖေဆိုတာ စိတ်ဆိုးပြီး လိုက်ရိုက်လိုက်တာ တစ်ရပ်ကွက်လုံးကို ဆူညံပွတ်လော ရိုက်သွားတာဘဲ"
ပြောကို မပြောချင်တော့ပါဘူးဟု အစချီကာ ဖြစ်ကြောင်းကုန်စင်ကို ဇာတ်စုံ ခင်းသွားသည့် ဖြူလုံး၏ အမေကြောင့် ကျွန်တော်လဲ မနက်က  ဘာကြောင့် ဆူဆူညံညံ ဖြစ်နေကြသည်ကို ဇာတ်ရည် လည်သွားတော့သည်။ ဖြူလုံးဆိုသည့် ကျွန်တော့် သူငယ်ချင်းက ထိုကဲ့သို့ ပြဿနာ ရှာတတ်သူ ဖြစ်သည်။ စိတ်တိုတတ်ပြီး လူဂွစာ တစ်ယောက် ဖြစ်သည့် သူ့ ဖခင်ဖြစ်သူ နှင့်ကတော့ နေ့ စဉ် တကျက်ကျက် ဖြစ်၏။ တခါကလဲ သူ့ အဖေက စက်ဘီးကျွတ်ဝယ်လာပြီး စမ်းရန် သူ့ ကို အိမ်ပေါ်တွင် လေသွားထိုးခိုင်းလိုက်သည်။ ဒါကို သူက လေလေးတချွန်ချွန် သီချင်းလေး တအေးအေးဖြင့် အောက်ကို ငုံမကြည့်ဘဲ လေကို စွပ်ထိုးနေ၏။ သူ့ အဖေက ကြာလို့ အိမ်ပေါ်ကို တက်လိုက်လာသည့် အချိန်မှာဘဲ ကျွတ်က ဖောင်းကနဲ ကွဲထွက်သွားသည်။ သူက ထိုကဲ့သို့ လုပ်လိုက်လျှင် အရာရာနှင့် အကြောင်းကြောင်း ဖြစ်သည်။ ဒါကိုသူက မလျှော့ဘူး။ လေတင်းမတင်း စမ်းကြည့်တော့ ပျော့နေသေးလို့ ဆက်ထိုးနေတာပါလို့ ဆင်ခြေပေးသေးသည်။ မင်းက ဘာနဲ့ စမ်းတာလဲလို့ မေးတော့ စက်ဘီးကျွတ်ကို လေတင်းမတင်း ခြေထောက်နဲ့ စမ်းတယ်တဲ့...
တစ်နေ့ ကျွန်တော်နှင့် ဖြူလုံးတို့ ဘော်လုံးကန်သွားရန် ဘော်လုံးကွင်းသို့ ထွက်လာစဉ် ဖြူလုံးဖခင် ဦးကျော်နှင့် လမ်းတွင် တွေ့ ကြသည်။
"မင်းတို့ နှစ်ကောင် ဘယ်လဲ"
"ဘော်လုံးကန်သွားမလို့ ပါဦး"
ဦးကျော်က သူ့ သားဖြစ်သူ ဖြူလုံး တစ်ကိုယ်လုံးကို စုန်ချည်ဆန်ချည်ဖြင့် ကြည့်သည်။ ထို့ နောက်-
"မင်းကွာ... အသက်ဘဲ ၂၄နှစ်ရှိပြီ... ခုထိ ဘာမှ ဖြစ်မလာသေးဘူး။ မင်း... အလကားကောင်... ဖာဘရီဂတ်တို့ ရွန်းနီတို့ ကို ကြည့်စမ်း အသက်နှစ်ဆယ် မပြည့်သေးဘူး။ သူတို့ အဖေတွေ ဘယ်လောက် မျက်နှာပွင့်လိုက်သလဲ။ မင်းနဲ့ တော့ ကွာပါ့ကွာ..."(မှတ်ချက်။    ။ ရွန်းနီနှင့် ဖာဘရီဂတ်တို့ ထိုစဉ်က နာမည်ကြီးခါစ အသက်နှစ်ဆယ် မပြည့်ခင်က ဖြစ်သည်)
"ဟာဗျာ... အဖေကလဲ"
ဖြူလုံးတစ်ယောက် စိတ်ပျက်လက်ပျက် ရေရွတ်ပြီး ဘော်လုံးကွင်းကိုပင် ဆက်မလိုက်တော့ဘဲ လှည့်ပြန်သွားသည်။ ကျွန်တော့်မှာသာ ရယ်ချင်စိတ်ကို အတင်းမြိုသိပ်ထားရသည်။ ဘယ်နှယ် နှိုင်းစရာ ရှားလို့ ရပ်ကွက်ပွဲမှာတောင် အရန်လောက် ကစားရတဲ့ သူ့ သားကို ကမ္ဘာကျော် ဘော်လုံးသမားနဲ့ မှ နှိုင်းပြောတော့ ဖြူလုံးလဲ စိတ်ပျက်တာပေါ့... သူတို့ သားအဖက အဲဒီလို အဲဒီလို...
"လာဟေ့... ညီရဲ... မင်းတို့ ဘယ်သွားကြမလို့ လဲ"
"လက်ဖက်ရည်ဆိုင် သွားမလို့ ဦးကျော်... ဖြူလုံး အဝတ်အစားတက်လဲနေလို့ ခဏစောင့်နေတာ"
"ဒီကိုလာလေ ပွဲက ကောင်းနေပြီကွ။ ဘော်လုံးပွဲ ကြည့်ရင်းလာစောင့်ပေါ့"
"ဟုတ်ကဲ့ ဦးကျော်"
ဦးကျော်ဘေးက ဧည့်ခန်း ဆက်တီထိုင်ခုံတွင် ဝင်ထိုင်လိုက်ချိန်မှာဘဲ ကျွန်တော် မှားသွားပြီ ဆိုသည်ကို သိလိုက်သည်။
"ဟိုက်... ငါတော့နာပြီ"
ဟုလဲ စိတ်ထဲမှ တွေးလိုက်မိသည်။ ဘော်လုံးပွဲက မန်ယူနှင့် ဇယားအောက်ခြေလောက်မှ အသင်းဖြစ်သည်။ (အသင်းနာမည်ကို အတိအကျ မမှတ်မိတော့) ပွဲစတာက သိပ်မကြာသေးသော်လဲ မန်ယူက နှစ်ဂိုး ထည့်ထားပြီ ဖြစ်သည်။ ခြေကလဲ မန်ယူက တော်တော်လေး သာနေသည်။ မန်ယူမှ ကစားသမားများကလဲ ဂိုးရှူးမယ်ချည်း တကဲကဲ လုပ်နေကြသည်။ တီဗီကလဲ ပီကေကို တပြတ်ပြတ် ဝါးနေသည့် ဖာဂူဆန်ကြီးကို ခဏခဏ ရိုက်ပြနေသည်။ ဦးကျော်ကို ကြည့်လိုက်တော့လဲ ပီကေကို တပြတ်ပြတ် ဝါးရင်း မျက်နှာက ပြုံးဖြီးဖြီးကြီး ဖြစ်နေ၏။ သူ့ ကိုယ်သူ ဖာဂူဆန်များ မှတ်နေသလားမသိ။ ဦးကျော်က မန်ယူ ခရေဇီ ဖြစ်၏။ မန်ယူနဲ့ ပတ်သက်လာလျှင် သူ့ မှာကလဲ ရာဇဝင်နဲ့ ဖြစ်သည်။ သူ့ အိမ်တွင် စလောင်းမရှိခင်က ဘော်လုံးပွဲ ကြည့်ချင်လျှင် တခြားရပ်ကွက်တွင် သွားကြည့်ရလေ့ ရှိသည်။ တစ်ရက်တွင် အိမ်ဘေးမှ သူငယ်ချင်း ဖြစ်သူ ဦးဘိုနီနှင့်အတူ မန်ယူVs အာဆင်နယ်ပွဲကို သွားကြည့်ကြသည်။ ဦးဘိုနီကလဲ အာဆင်နယ် ခရေဇီ ဖြစ်သည်။ ထိုနေ့ က မန်ယူက 3:0 ဖြင့် ရှူံးသွားသည်။ ဒါကို ဦးကျော်က သူ့ ဆိုင်ကယ်နောက်က ဦးဘိုနီလိုက်လာလို့ မန်ယူ ခုလို ရှူံးရပါတယ် ဆိုပြီး အပြန်တွင် ဦးဘိုနီကို ဆိုင်ကယ်ပေါ် တင်ခေါ်မလာခဲ့သလို ၇ရက်လောက်လဲ စကားမပြောဟု သိရသည်။ တခါကလဲ မန်ယူVs ရီးရဲပွဲကို ဦးဘိုနီနှင့် ကြည့်ပြီး ပြန်လာကြစဉ်က ဖြစ်သည်။ ထိုနေ့ က မန်ယူက 4:3ဖြင့် ရှုံးသွားပြီး ရော်နယ်ဒိုက ဟက်ထရစ် သွင်းသွားသည်။ ဦးဘိုနီက
"ဒိုကြီးက ကောင်းတုန်းဘဲနော် တစ်ယောက်တည်း သုံးဂိုးတောင် သွင်းသွားတယ်"
ဟု ပြောတော့။ ဦးကျော်က ဒေါသတကြီးနဲ့ 
"ဒိုကြီး သူ့ ဘာသာသူ ကောင်းတာ ခင်ဗျားနဲ့ ဘာဆိုင်လဲ သတ္တိရှိရင် ခင်ဗျားနဲ့ ကျူပ်ချမလား"
ဟု ဗလာချည် စိမ်ခေါ်လေတော့သည်။ ထိုကဲ့သို့ ရာဇဝင်များ ရှိသဖြင့် သူနှင့် ဘယ်သူမှ ဘော်လုံးပွဲကို အတူတူ မကြည့်ကြပေ။ ဒီနေ့ မှ ကျွန်တော်က ဆွမ်းခံရင်း ငှက်သင့်ရသည့် အဖြစ်...
"ကြည့်စမ်း ကိုရဲ မြင်လား... မန်ယူအသင်းက ဘော်လုံးကို ဘေးကန်ထုတ်တာတောင် လှတယ်"
တောက်... မနိုင်လို့ ဘေးကန်ထုတ်လိုက်တာတောင် လှနေသေးတယ်။ စိတ်ထဲမှ ရေရွတ်မိခြင်း ဖြစ်သည်။ ပါးစပ်ကတော့
"ဟာ... ဟုတ်တယ် ဦးကျော် မန်ယူက ဘယ်လို ကန်ကန်ကောင်းနေတာပါဘဲ"
ဟု ဖော်လို လိုက်လိုက်ရသည်။ ကျွန်တော် မန်ယူအသင်း ဘော်လုံးကစားတာကို ကြိုက်ပါသည်။ သို့ သော် ဒီလို မန်ယူ ခရေဇီများကြောင့် မန်ယူကို အားမပေးခြင်း ဖြစ်သည်။ ကျွန်တော်က ဒီဘက်က  တွေးချင်ရာ တွေးနေသည်။ ဦးကျော်ကလဲ ဘော်လုံးပွဲ ကြေငြာသူလို တတွတ်တွတ်ဖြင့် ပြောချင်ရာကို ပြောနေသည်။ ထိုစဉ် ဖြူလုံးတစ်ယောက် အဝတ်အစားလဲပြီး ဆင်းလာသဖြင့် ကျွန်တော်လဲ ဦးကျော်ကို နှုတ်ဆက်ပြီး လက်ဖက်ရည်ဆိုင်သို့ ထွက်လာခဲ့လိုက်သည်။
တစ်နေ့ ဦးကျော်တစ်ယောက် မျက်နှာကြီးနီရဲကာ ဒေါသတကြီးဖြင့် ကျွန်တော့်ဆီကို ရောက်လာသည်။ ဒီပုံစံ ဒီဇိုင်းကို ကြည့်လိုက်ရုံဖြင့် ဖြူလုံးနဲ့ ပြဿနာ တက်လာပြန်ပြီ ဆိုသည်ကို သိလိုက်သည်။
"ဘာတွေ စိတ်ဆိုးလာတာလဲ ဦးကျော်..."
"ဘာဖြစ်ရမှာလဲ ဟိုကောင်... မင်းကောင် ဖြူလုံးပေါ့... တောက်... ငါလုပ်ပြန်ရင်လဲ ဒီကောင်တော့ သေတော့မယ်"
ထင်သည့်အတိုင်း သားအဖနှစ်ယောက် ပြဿနာ တက်လာခြင်း ဖြစ်သည်။ ဖြူလုံး ဘာပြဿနာ ရှာလိုက်ပြန်သည် မသိ ဦးကျော် တော်တော်လေး ပေါက်ကွဲလာသည်။
"ဘာဖြစ်လာပြန်ပြီလဲ ဦးကျော်..."
"ဒီညနေက ငါအိမ်ရှေ့က ခုံတန်းလျားမှာ လှဲနေတုန်း ဖြူလုံးတို့ ညီအစ်ကိုနဲ့ အိမ်နားက ကလေးတွေ အိမ်ရှေ့က မြေကွက်လပ်မှာ ဘော်လုံး လာကန်ကြတယ်"
အိမ်နားပတ်ပတ်လည်ကလဲ အားလုံး သူတို့ အမျိုးများချည်းမို့ ဖြူလုံးတို့ နှင့် ဝမ်းကွဲညီအစ်ကို တော်သူများ ဖြစ်ကြသည်။ သူတို့ ညီအစ်ကိုတွေ နှစ်ဘက်ခွဲပြီး ဘော်လုံးကန်ခြင်း ဖြစ်ဟန်တူသည်။
"သူတို့ ဘော်လုံး လွတ်လွတ်လပ်လပ် ကန်ပါစေ ဆိုပြီး ငါလဲ မျက်လုံးလေး မှိတ်ပြီး မှိန်းနေလိုက်တယ်။ အဲဒီမှာ သူတို့ ကန်လိုက်တဲ့ ဘော်လုံးတစ်လုံးက ငါ့ဘေးနားကနေ ဖြတ်သွားတယ်။ ဒါကို မြင်တော့ မင်းကောင် ဖြူလုံးက သူ့ ညီတွေကို လှည့်မာန်တယ်"
သူမကြည်တာနဲ့ ဘဲ သူ့ သား ဖြူလုံးက မင်းကောင် ဖြူလုံး ဖြစ်ရပြန်တယ်။ ဦးကျော်တို့ က အဲဒီလို ဂွစာလေ...။
"ဟာ... ဒါဖြူလုံးက ဦးအတွက် ပြောပေးတာဘဲ။ ဖြူလုံး  ဘာမှားလို့ လဲ။ ကျွန်တော့် သူငယ်ချင်းမို့ ဘက်လိုက်ပြောတာ မဟုတ်ဘူး။ ဒီကိစ္စမှာတော့ ဖြူလုံးမှန်တယ်"
ကျွန်တော် အဲဒီလိုလဲ ပြောလိုက်ရော... ဦးကျော်မျက်နှာကြီး မည်းတက်သွားပြီး ကျွန်တော့်ကို လက်ညှိုးငေါက်ငေါက် ထိုးပြီး ရန်တွေ့ ပါတော့သည်။
"မင်းက သေသေချာချာ မသိဘဲ ဘာဝင်ပြောတာလဲ။ မင်းကောင် ဖြူလုံး ပြောပုံကိုလဲ ကြည့်ဦးလေ"
ဦးကျော်က ဒီလို ရန်ပြန်တွေ့ တာကို မြင်လိုက်တော့ တစ်ခုခုမှားနေပြီ ဆိုတာကို ကျွန်တော် သိလိုက်ပြီ။ ဦးကျော်လဲ ဒီစကားကို ပြန်ပြောဖို့ ခက်နေဟန်တူတယ်။
"သူက ဘာပြောလိုက်လို့ လဲ ဦးကျော်"
"သူက ဘော်လုံး ငါ့ဘေးနားက ဖြတ်သွားတာကို မြင်တော့။ ဘော်လုံးကို ကန်လိုက်တဲ့ သူ့ ညီကို လှည့်မာန်တယ်။ ဟေ့ကောင်... မင်းဘော်လုံးကန်တာ ကြည့်ကန်နော်။ မတော်လို့ အဖေ့ စောက်ခွက်ကို မှန်ရင် မင်းတို့ ကို ငါထိုးမှာတဲ့။ သူငါ့အတွက် ပြောပေးတာတော့ ဟုတ်ပါတယ် ဒါပေမယ့် စောက်ခွက် ဆိုတာကြီးက ကိုရဲ... မင်းဘဲ စဉ်းစားကြည့်စမ်း။ ငါက သူ့ အဖေလေ..."
ထိုအခါမှ ဦးကျော် ဘာကြောင့် ဒီလောက်ထိ စိတ်ဆိုးဒေါသ ထွက်နေရသည်ကို ဇာတ်ရည် လည်သွားတော့သည်။ သြော်... ဖြူလုံးတို့ ကတော့ လုပ်ချလိုက်ပြန်ပြီ ဟုလဲ စိတ်ထဲက တွေးလိုက်မိပြီး ရယ်ချင်စိတ်ကို မနဲထိန်းထားလိုက်ရသည်။
"ဒါနဲ့ ဦးကျော်က သူ့ ကို ထရိုက်လိုက်ရောလား"
"ဟ... ထရိုက်ရအောင်ကလဲ သူက ငါ့အတွက် ပြောပေးနေတာလေ"
"အဲဒီတော့ ဦးကျော်က..."
"အဲဒီတော့ ငါလဲ အိပ်ချင်ယောင်ဘဲ ဆောင်နေရတော့ တာပေါ့ကွ။ ဟင်း... မင်းကောင်နော် မင်းကောင်ကို မင်းကြည့်ပြောထား"
Monday 13 February 2012
အဖော်
ဆောင်းညနေခင်းမို့ နေလုံးက လက်ဖြင့် ဆွဲချလိုက်သလား ထင်ရ၏။ ကြည့်နေရင်းမှာပင် နေလုံးက တရိပ်ရိပ်ဖြင့် ဝင်သွားသည်။ နေဝင်သွားပေမယ့် အလင်းရောင် မပျောက်ခင် ရွာကို ပြန်ရောက်မလားဟု စက်ဘီးကို မြန်နိုင်သမျှ မြန်အောင် အားစိုက်နင်းလိုက်သည်။ သို့ သော် နဝဒေးတံတား ကျော်ကျော်လောက် အရောက်တွင် အမှောင်က ခပ်ပါးပါး လွှမ်းခြုံလာသည်။ လမ်းကလေးက ဧရာဝတီမြစ် အနောက်ဘက် ကမ်းနဘေးတွင် တည်ရှိပြီး တစ်ဘက်တွင် တောင်တန်းများ ခံနေခြင်းကြောင့် နေဝင်သွားပြီး သိပ်မကြာခင်မှာပင် မှောင်သွားလေ့ရှိသည်။ စက်ဘီးနောက်တွင် တင်လာသည့် ဝက်ပေါက်နှစ်ကောင်ကြောင့်လဲ စက်ဘီးကို ထင်သလောက် မြန်မြန် မနင်းနိုင် ဖြစ်ရသည်။ ဦးမြင့်စိုး တစ်ယောက် ညောင်ပင်သာရွာမှ ဝက်ပေါက်နှစ်ကောင် ဝယ်ပြီး ပြန်လာခြင်းဖြစ်သည်။ ခုလို မှောင်မှာစိုးသဖြင့် ဌာနမှူးကို ပြောပြီး  အလုပ်မှ စောစောထွက်လာခြင်း ဖြစ်သော်လဲ ဈေးစကား ပြောနေရသဖြင့် နဲနဲနောက်ကျပြီး မှောင်သွားခြင်း ဖြစ်သည်။
ဦးမြင့်စိုးသည် ဆင်တဲ(က.ပ.စ-၃) စစ်တပ်မှ တပ်ကြပ်တစ်ယောက် ဖြစ်၏။ သူ၏လစာ၊ ထို့ ပြင် မိန်းမဖြစ်သူ၏  GT လစာတို့ ဖြင့် သူတို့ မိသားစု ချောင်လည်ကြပါသည်။ သို့ သော် ခုခောတ် ကုန်ဈေးနှုန်းကြောင့် ငွေပိုငွေလျှံတော့ မစုဖြစ်ပေ။ ထို့ ကြောင့် ကလေးများ ကျောင်းအပ်သည့် အချိန်တွင်လည်းကောင်း၊ ကျန်းမာရေး အတွက် ငွေသုံးရမည့် အချိန်တွင်လည်းကောင်း ကသီလင်တ မဖြစ်စေရန် အတွက် စုဘူးအနေဖြင့် ဝက်မွေးရန် ဆုံးဖြတ်မိခြင်း ဖြစ်သည်။ တပ်အတွင်းတွင် ဝက်စာကို အလွယ်တကူ ရှာဖွေရနိုင်သောကြောင့်လဲ ဒီစိတ်ကူးလေး ပေါ်လာခြင်း ဖြစ်သည်။ အခုဝက်နှစ်ကောင်ကို အစမ်းမွေးကြည့်ရန် အတွက် ဝယ်လာခြင်း ဖြစ်သည်။ ခုဝယ်လာသည့် ဝက်နှစ်ကောင်ကြောင့်လဲ မမှောင်ခင် ဒီလမ်းကို ဖြတ်ချင်မိခြင်း ဖြစ်သည်။ ဖြစ်နိုင်လျှင် မှောင်မှ ဒီလမ်းကို မဖြတ်ချင်။ ဒါပေမယ့် ခုမှောင်သွားပြီ ဘာမှမတတ်နိုင်တော့။ ဒီလမ်းက ရာဇဝင်ရှိသည်။ ဒီနယ်တွင် သရဲခြောက်လေ့ ရှိသည်ဟု နာမည်ကြီးနေသည့် လမ်းဖြစ်သည်။ သူမကြောက်တတ်ပါ။ သို့ သော် ဝယ်လာသည့် ဝက်ပေါက်နှစ်ကောင်ကြောင့် စိတ်ထဲမသန့် သလို ဖြစ်နေခြင်း ဖြစ်သည်။
တစတစဖြင့် အမှောင်က ရင့်သထက် ရင့်လာသည်။ အချိန်က ညီအစ်ကို မသိတသိ အချိန်ဖြစ်သည်။ အမှောင်ဝင်လာပြီမို့ လမ်းကလေးက လူသွားလူလာ ပြတ်၍ တိတ်ဆိတ်ခြောက်သွေ့ လာသည်။ သူစက်ဘီးကို အားစိုက်ပြီး ခပ်သွက်သွက်ကလေး နင်းလိုက်သည်။ သို့ သော် စက်ဘီးနောက်မှ ဝက်ပေါက် နှစ်ကောင်ကြောင့် ထင်သလောက် မနင်းနိုင် ဖြစ်ရ၏။ ခုချိန်မှာ သူတောင့်တမိသည်က ခရီးသွား လမ်းသွားလမ်းလာ အဖော်တစ်ယောက် ဖြစ်သည်။ အဖော်တစ်ယောက်လောက် ပါလာလျှင် သူ့ အတွက်ပို အဆင်ပြေနိုင်သည်။ ပထမ သားအကြီးကောင် ကျောင်းအဆင်းကို စောင့်ပြီး အဖော်ခေါ်လာရန် စိတ်ကူးမိသေးသည်။ သို့ သော်  ညမှောင်သွားလျှင် အိမ်အပြန် နောက်ကျနေမည် စိုးသဖြင့် သူတစ်ယောက်တည်း စောစော ထွက်လာခဲ့ခြင်း ဖြစ်သည်။ ဒီလို အိမ်ပြန်နောက်ကျမည်မှန်း သာသိလျှင် သားကြီးကို စောင့်ခေါ်လာဖြစ်လောက်မည်။ ဆောင်းတွင်းမို့ အမှောင်ဝင်လာသည်နှင့် အအေးဓာတ်က လွှမ်းခြုံလာသည်။
ဒီလိုဖြင့် စက်ဘီးကို မြန်နိုင်သလောက် မြန်အောင် နင်းလာရင်း ရွှေဂူကုန်း အတက်နားသို့ ရောက်လာသည်။ ထိုစဉ်  ရွှေဂူကုန်း အတက်တွင် ခရီးသွား တစ်ယောက်ကို တွေ့ လိုက်ရသည်။ သူ့ ရင်ထဲ ခရီးသွား အဖော်တစ်ယောက် ရပြီဟူသည့် အတွေးဖြင့် လှိုက်ကနဲ ဝမ်းသာသွားသည်။ ထို့ ကြောင့် သူလဲ စက်ဘီးပေါ်မှ ဆင်းပြီး ရွှေဂူကုန်းတက်ပေါ်သို့ စက်ဘီးကို ခပ်သုတ်သုတ်တွန်းရင်း တက်လိုက်သည်။ ကုန်းထိပ်နား လောက်တွင် ရှေ့မှလူကို မှီလာပြီး လှမ်းနှုတ်ဆက်လိုက်သည်။
"မိတ်ဆွေ ဆင်တဲကို ပြန်မှာလား"
ထိုသူက လှည့်မကြည့်ဘဲ သူ့ လမ်းကို သူဆက်လျှောက်နေသည်။ သူကလဲ မကြားဟု ထင်ပြီး ခပ်ကျယ်ကျယ်လေး ထပ်အော်ခေါ်လိုက်သည်။
"မိတ်ဆွေ... မိတ်ဆွေ... ဆင်တဲကို ပြန်မှာလား"
ဒီတခါလဲ လှည့်မကြည့်သလို ဘာစကားပြန်မှလဲ မရပေ။ တိတ်ဆိတ်နေသည့် လမ်းလေးတွင် သူ့ ခေါ်သံကို မကြားတာတော့ မဖြစ်နိုင် မကြားဟန်ဆောင်တာ ဖြစ်နိုင်သည်။ သူ့ စိတ်ထဲ မိမိကို ဘယ်လို ထင်တယ် မသိဘူးဟု တွေးမိလိုက်သည်။ သူ့ စိတ်ထဲတွင်လဲ သို့ လောသို့ လော အတွေးတို့ က ဝင်လာသည်။ သြော်... တစ်ယောက်တည်း သွားနေတာထက် စာရင် အဖော်လေးနဲ့ ဆိုတော့ ပိုအဆင်ပြေတာပေါ့ဟု တွေးပြီး ထိုသူကို မှီအောင်လိုက်ပြီး ထပ်နှုတ်ဆက်လိုက်သည်။
"ဒီမှာ... ဟိတ်လူ... ဒီ...ဟာ..."
ရှေ့မှလူကို ဘေးချင်ယှဉ်မိစဉ် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူ့ ရင်ထဲ ထိတ်ကနဲ ဖြစ်သွားသည်။  ဘေးချင်းအယှဉ်တွင် တွေ့ လိုက်ရသည့် မြင်ကွင်းက မျက်နှာတပြင်လုံး ဘာမှ မရှိသည့် မျက်နှာပြောင်ကြီး ဖြစ်သည်။ မျက်လုံး၊ မျက်ခုံး၊ နှာခေါင်း၊ ပါးစပ် ဘာတစ်ခုမှ မရှိသည့် မျက်နှာပြောင်ကြီးကို မြင်လိုက်ရတော့ သူလန့် သွားသည်။ မကြောက်တတ်ဘူး ဆိုသော်ငြားလဲ ခုလို တည့်တည့်ကြီး တွေ့ လိုက်ရတော့ ကြက်သီးမွေးညင်းများ ထပြီး ခေါင်းနှစ်ဆခန့် ကြီးသွားသည် ထင်လိုက်ရ၏။ ထို့ ကြောင့် သူ့ ကို ဘာစကားမှ ပြန်မပြောခြင်း ဖြစ်မည်။ သူလဲ ဘာစကားမှ မပြောတော့ဘဲ စက်ဘီးကို အားစိုက်လို့ ခပ်သုတ်သုတ် တွန်းရင်း ကုန်းထိပ်အရောက်တွင် စက်ဘီးပေါ်တက်ပြီး ထိုနေရာမှ မြန်နိုင်သမျှ မြန်အောင် နင်းလာခဲ့ လိုက်တော့သည်။
Friday 10 February 2012
ဘဝရဲ့ အမှတ်တရနေ့ စွဲများ(တဂ်)
ဘဝရဲ့ အမှတ်တရနေ့ စွဲများတဲ့.... ညီမငယ် သမီးစံက တဂ်လာသည့် ပိုစ့်လေး ဖြစ်သည်။ ဒီနေ့ အချိန်ထိ ရှင်သန်ကြီးပြင်းလာခဲ့သည့် ဘဝတလျှောက်တွင် အမှတ်တရ နေ့ ရက်ပေါင်းများစွာ ရှိခဲ့သည်။  ပထမဆုံး အနေဖြင့် ပြောရမည် ဆိုလျှင် ကျွန်တော် လေးနှစ်သား အရွယ်လောက်က ဖြစ်သည်။ ကျွန်တော့် အဒေါ်ဖြစ်သူနှင့် ကျွန်တော် မြစ်ဆိပ်ကို ရေချိုးလိုက်သွားခဲ့သည်။ ကျွန်တော်နှင့် အဒေါ်၏သား ကျွန်တော့်ညီဝမ်းကွဲတို့ က မြစ်ဆိပ်တွင် အဝတ်လျှော်နေသည့် အဒေါ်ဖြစ်သူ၏ မလှမ်းမကမ်းတွင် ရေကစားနေကြသည်။ မြောက်ရှူံးအောင် ဆော့သော ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက်က ခရီးသည်များချပြီး ပြန်ထွက်သော စက်လှေကို လက်ဖြင့်ခိုပြီး လိုက်သွားကြ၏။ ကမ်းစပ်မှ အဒေါ်ဖြစ်သူနှင့် တခြားသူများ ပွတ်လောရိုက်မတတ် အော်မှ ကြောက်လန့် ပြီး လက်ကိုလွှတ်ချ လိုက်တော့ ရေနက်ပိုင်းကို ရောက်နေပြီမို့ ရေနစ်ပါလေတော့သည်။ ထိုနေ့ က စက်လှေပေါ်မှ အိမ်နီးချင်းအစ်ကို တစ်ယောက်က ကယ်တင်ခဲ့ခြင်းကြောင့်သာ ဒီနေ့ ထိ ကျွန်တော်  အသက်ရှင် နေနိုင်ခြင်း ဖြစ်သည်။
ကျွန်တော် ငါးတန်းအောင်ပြီး ခြောက်တန်းတက်မည့် နှစ်တွင်ဖြစ်သည်။ တစ်ဦးတည်းသော အစ်ကိုဖြစ်သူ ဆယ်တန်းစာမေးပွဲ အောင်ပြီး တက္ကသိုလ်ကျောင်းများ ပိတ်လိုက်သဖြင့် ပြည်တောင်တန်း ရေနံမြေသို့ အလုပ်သွားလုပ်မည် ဆိုသဖြင့် အရမ်းဝမ်းနည်းခဲ့ရသည်။ ထိုအချိန်က ကျွန်တော့် အသက် ဆယ်နှစ်ကျော်ကျော်သာ ရှိသေးသည်။ သွားအတူ၊ စားအတူ၊ အိပ်တော့လဲ တစ်ကုတင်တည်း အတူတူ အိပ်ခဲ့ကြသည့် ညီအစ်ကို နှစ်ယောက် အနေဖြင့် ပထမဆုံး ခွဲကြခြင်းလဲ ဖြစ်သည်။ အရင်က အဘိုးအဘွားများ၏ ရွာသို့ အလည်သွားလျှင်ပင် ညီအစ်ကို နှစ်ယောက် ခွဲအိပ်ရမည် စိုးသဖြင့် နှစ်ယောက်လုံး အားတဲ့နေ့ မှ အတူတူ သွားလေ့ရှိကြသည်။ ထိုစဉ်က ကျွန်တော် ညဘက်များဆိုလျှင် တစ်ယောက်တည်း မအိပ်ရဲ အစ်ကိုဘေးနားမှာ ရှိနေမှ အိပ်ရဲသူ ဖြစ်သည်။ အချိန်တိုင်းတွင် အစ်ကို ဖြစ်သူက ကျွန်တော့်ကို ဖေးမ၍ ကျွန်တော့်ရှေ့မှ မားမားမတ်မတ် ရပ်ခဲ့သူဖြစ်သည်။ ထိုနေ့ ကစ၍ ကျွန်တော် ညဘက်များတွင် တစ်ယောက်တည်း အိပ်ရ၏။ ထိုနေ့ မှစ၍ မွေးကတည်းက မိမိဘေးတွင် မားမားမတ်မတ် ရပ်ခဲ့သည့် အစ်ကိုဖြစ်သူ မပါဘဲ ကိုယ့်အားကိုယ်ကိုးပြီး  ကိုယ့်ကိစ္စကိုယ်ဖြေရှင်း ခဲ့ရသည်။ အစ်ကိုဖြစ်သူ ပါသွားသည့် မိခင်ဖြစ်သူ၏ သူငယ်ချင်း အရာရှိကြီး၏ ကားကို ငွေ့ ရည်ဖွဲ့ နေသည့် မျက်ဝန်းတို့ ဖြင့် ငေးကြည့်ရင်း ကျွန်တော် ဝမ်းနည်းခဲ့ရသည်။
ကျွန်တော့်ဘဝမှာ မှတ်မှတ်ရရ ဖြစ်နေတဲ့ နေ့ လေးတစ်ရက်ပေါ့။ ပြောရမှာ ရှက်ဖို့ လဲ ကောင်းပါတယ်။ ကျွန်တော် ကောင်မလေးတစ်ယောက်ကို ရည်းစားစကား လိုက်ပြောဖို့ စောင့်နေခဲ့တယ်။ စောင့်နေတဲ့ နေရာက ဆင်ခြေလျှောကုန်းဆင်းလေး။ ပထမဆုံး အကြိမ်မို့ တဆတ်ဆတ် တုန်နေတဲ့ ဒူးကို ပုံမှန်ဖြစ်ဖို့ ကြိုးစားနေရ၏။ အဲဒီအချိန်မှာ ကောင်မလေးက စက်ဘီးလေး နင်းပြီး ရောက်လာခဲ့သည်။ ကျွန်တော်ကလဲ အမှန်အကန် လိုက်ပြောမယ် ဆိုပြီး စက်ဘီးကို စအနင်း...။ အဲဒီအချိန်မှာဘဲ ကောင်မလေးက ကုန်းဆင်းအတိုင်း စက်ဘီးကို ဒုံးပျံလို ဝှီးကနဲ နင်းထွက်သွားသည်။ ကျွန်တော့် စက်ဘီးက ယောက်ကျားစီး ဆိုတော့ အထနှေးပြီး အရှိန်မရသေးဘူး။ ကျွန်တော် ပြာယာခတ်သွားပြီး ကောင်မလေးကို လွှတ်ခနဲ "ဟိတ်... ခဏနေဦး" ဆိုပြီး အော်တားလိုက်မိတယ်။ ကောင်မလေးကလဲ သူ့ ကို ခေါ်တယ်ဆိုတော့ စက်ဘီးကို ဘရိတ်တွေ ဘာတွေအုပ်လို့ အရှိန်လျှော့ပေးရတာပေါ့။ အဲဒီကျမှ ကျွန်တော်လဲ သူမကို မှီလာပြီး ပြောစရာ ရှိတာကို ပြောရတာပေါ့။ ကျွန်တော်က ဖြစ်လိုက်ရင် အဲဒီလို... အဲဒီလို...
အဲဒီနေ့ ကပေါ့ ကမ္ဘာလောကကြီးက အရမ်းကို ရုန်းကြွလှပလို့ အသက်ဝင်နေသည်။ မြင်သမျှ၊ တွေ့ သမျှက လှပနှစ်လိုဖွယ် အတိပြီးနေ၏။  ကျွန်တော်လဲ အူမြူးပြီး လူတွေ့ တိုင်း အတင်းလိုက် နှုတ်ဆက်လို့   ပြုံးပြုံးပြနေမိသည်။ လူကလဲ ထိုင်ရမလို၊ ထရမလိုနဲ့ ဂနာမငြိမ် ဖြစ်နေတာပေါ့။ အိမ်ကို ပြန်ရောက်တော့လဲ မိဘက မခိုင်းရဘဲနဲ့ ကို အိမ်အလုပ်တွေကို ကူလုပ်ပေးနေမိတယ်။ မိခင်ဖြစ်သူကတော့ အရမ်းကို အံသြနေတာပေါ့။ အရင်က လိပ်ခေါင်းထွက်မတက် အော်ခေါ်ပြီး ခိုင်းနေရတဲ့လူက ခုကျ တာဝန်တသိနဲ့ အိမ်အလုပ်တွေ ကူလုပ်နေတာဆိုတော့ တအံတသြကို ဖြစ်လို့ ပေါ့။ နောက်ဆုံး မနေနိုင်လို့ နှုတ်က "ဟဲ့... ကောင်လေး ဂနာမငြိမ်နဲ့ ဘာဖြစ်လာတာလဲလို့ " ထုတ်မေးရတဲ့ အထိကို ဖြစ်ခဲ့တာ။ ဒါပေမယ့် အတွေ့ အကြုံရှိဟန်တူတဲ့ ဖခင်ဖြစ်သူက "ဘာဖြစ်ရမှာလဲ ဒီလောက် ဂဏာမငြိမ် ဖြစ်နေတာ ဒီကောင် သူ့ ကောင်မလေးဆီက အဖြေရလာလို့ နေမှာပေါ့" လို့ ကွက်တိကို တမ်းဟောလိုက်တာ...။ ကျွန်တော်လဲ ရှက်ပြီး.... "ဟာ... အဖေကလဲ" ဆိုပြီး ရုပ်ရှင်ထဲက မင်းသမီးလေးလို ထွက်ပြေးရတာပေါ့။ ကျွန်တော်က အဲဒီလိုလေးလဲ ရှက်တတ်သေးတယ်လေ။
ကျွန်တော် ဆယ်တန်းတက်သည့် နှစ်တွင်ဖြစ်သည်။ ကျွန်တော့် သူငယ်ချင်းဖြစ်သူ တစ်ယောက်က ကျွန်တော်နှင့် စာအတူတူ လာကျက်လေ့ရှိသည်။ နှစ်ယောက် အတူတူ စာလုပ်လျှင် တိုင်တိုင်ပင်ပင်ဖြင့် စာပိုလုပ်ဖြစ်ရန် ဖြစ်သည်။ ဒါပေမယ့် ကျွန်တော် လက်ဖက်ရည်ဆိုင် သွားလျှင် သူကမလိုက် စာကျက်ကျန်ခဲ့သည်။ ကျွန်တော် တီဗီဆင်းကြည့်လျှင်လဲ သူက ဆင်းမကြည့် စာကျက်ကျန်ခဲ့သည်။ ညအိပ်တော့ တစ်ညနေလုံး ဘော်လုံးကန်ထားသည့် ကျွန်တော်က ပင်ပန်းပြီး အစောကြီး အိပ်ပျော်သွားတတ်သော်လဲ သူက နောက်ကျမှ အိပ်သည့်အပြင် ကျွန်တော့်ထက် စောစောထပြီး စာကျက်လေ့ ရှိသည်။ ထို့ ကြောင့်  မိခင်ဖြစ်သူ၏ ဆူပူကြိမ်းမောင်းမှုကို နေ့ စဉ် ခံရလေ့ရှိသည်။ ကြာတော့ ကျွန်တော် ဒဏ်မခံနိုင်တော့။ သူရှိနေလို့ နေ့ စဉ်အဆူခံနေရသည်ဟုလဲ လွဲမှားစွာ ထင်မိခဲ့သည်။ ထို့ ကြောင့် အစ်ကိုဖြစ်သူ သူ့ အလုပ်မှ သူငယ်ချင်းများကို အိမ်လည်ခေါ်ပြီး ပြန်လာသည့် တစ်နေ့ ... ကျွန်တော်က အိမ်မှာ ဧည့်သည့်တွေ ရောက်နေတယ် မင်းအိမ်ပြန်လိုက်ဦး ဆိုပြီး သူငယ်ချင်းကို မောင်းထုတ်ခဲ့မိသည်။ ညတစ်နာရီခွဲလောက်မှာ စက်ဘီးကလေးဆွဲပြီး မိနစ်လေးဆယ်ခန့် စက်ဘီးနင်း၍ ပြန်ရသည့် သူတို့ ရွာကို ညအချိန်မတော် ထပြန်သွားရသည့် သူငယ်ချင်း ဖြစ်သူ၏ ပုံရိပ်ကို ပြန်မြင်ယောင်မိတိုင်း ကျွန်တော့်ကိုယ် ကျွန်တော် ခွင့်မလွှတ်နိုင်လောက်အောင် ဖြစ်မိသည်။ အိမ်မှာ အိပ်စရာနေရာ အများကြီး ရှိသည်ကို သူလဲ သိနေသည်ဘဲ။ နောက်ပိုင်းမှာ ကျွန်တော့်အမှားကို ပြန်တောင်းပန်ခဲ့သော်လဲ  ထိုနေ့ က စ၍ ထိုသူငယ်ချင်းနဲ့ အနေအေးသွားခဲ့သည်။ သူက ဘာမှသဘောမထားဘဲ ကျွန်တော့်ကို ပုံမှန် ဆက်ဆံသော်လဲ ကျွန်တော်ကိုယ်တိုင်က သူ့ ကို ရှိန်သွားခြင်းဖြစ်သည်။ ထိုအဖြစ်အပျက်လေးကို ပြန်စဉ်းစားမိတိုင်း ကျွန်တော်အမှားကြီး တစ်ခုကို ကျူးလွန်မိခဲ့သလို ကိုယ့်စိတ်ကိုယ်မလုံဖြစ်ကာ ရင်ဘတ်ထဲ ဆူးတစ်ချောင်းဝင်နေသလို ခံစားနေရသည်။ သူခွင့်လွှတ်ပါသည်ဟု ဘယ်လောက်ပြောပြော ကျွန်တော် ကိုယ့်ကိုယ်ကို ခွင့်မလွှတ်နိုင် ဖြစ်ရသည်။
ကျွန်တော် မလေးရှားနိုင်ငံတွင် အလုပ်သွားလုပ်ရန် ဆုံးဖြတ်ပြီးချိန်က ဖြစ်သည်။ ပတ်စပို့ စာအုပ် လုပ်ပြီးသွားပြီ။ သွားဖို့ လာဖို့ အားလုံး စီစဉ်ပြီးသွားပြီ။ ထိုအချိန်တွင် ကျွန်တော် GTC ကျောင်းတက်ခွင့် ရခဲ့သည်။ ကျွန်တော် ကျောင်းကို ဆက်တက်ချင်ခဲ့သည်။ သူငယ်ချင်းများကလဲ ကျွန်တော့်ကို ကျောင်းဆက်တက်ဖို့ တိုက်တွန်းကြသည်။ တချို့ သူငယ်ချင်းများဆိုလျှင် ကျွန်တော့် မိဘများကိုပင် လာပြောပေးကြသည်။ ကျွန်တော့် မိဘနှစ်ပါးကတော့ ကျွန်တော့် သဘောဟု ပြောကြသည်။ သို့ သော် မလေးရှားကို သွားဖို့ က အားလုံး စီစဉ်ပြီးနေပြီ ပိုက်ဆံတွေကလဲ ကုန်ထားပြီး နေပြီဖြစ်သည်။ ထို့ ကြောင့် လက်ရှိအခြေအနေကို နားလည်သည့်အတွက် ကျွန်တော် ကျောင်းတက်ချင်သည်ဟု တစ်ခွန်းမှ မပြောခဲ့။ ထိုနေ့ က သူငယ်ချင်းများနှင့် ဘီယာဆိုင်ကို အတူလိုက်ထိုင်ခဲ့ပြီး ဘဝတွင် ပထမဆုံးအကြိမ် အကြီးအကျယ် မူးခဲ့သည်။
ကျွန်တော့်တွင် ငယ်ငယ်လေး ကတည်းက အလွန်ခင်ခဲ့ရသည့် သူငယ်ချင်း တစ်ယောက် ရှိခဲ့သည်။ ကျွန်တော့် အိမ်မျက်စောင်းထိုးတွင် နေသည့် ကျွန်တော့် အချစ်ဆုံး သူငယ်ချင်း ဖြစ်သည်။ အိမ်နီးနားချင်း ငယ်သူငယ်ချင်း ဖြစ်သဖြင့် ငယ်စဉ်မှ ကြီးသည်အထိ တတွဲတွဲဖြင့် မခွဲအတူ ရှိခဲ့သည်။ ကျွန်တော့်အပေါ် နားအလည်နိုင်ဆုံးနှင့် အသိတတ်ဆုံးသော သူငယ်ချင်းဖြစ်သည်။ တစ်ယောက်စိတ် တစ်ယောက်သိပြီး တစ်ယောက်ဆန္ဒကို တစ်ယောက်က ဘယ်တုန်းကမှ မငြင်းခဲ့ပေ။ တစ်နေ့ သူ နေမကောင်း ဖြစ်သဖြင့် ဆေးရုံကို တင်လိုက်ရသည်။ ကျွန်တော် တနေရာကို သွားနေသဖြင့် သူဆေးရုံတင်လိုက်ရသည်ကို မသိလိုက်ပေ။ ညဆယ့်တစ်နာရီလောက်မှ သူ့ ယောက်ဖက ကျွန်တော့်ကို လာပြောခြင်း ဖြစ်သည်။ အခြေအနေ သိပ်မကောင်းကြောင်း၊ အကြောင်းထူးလျှင် ဖုန်းဆက်ဖို့ ကျွန်တော့် ဖုန်းကို ပေးခဲ့သည့် အကြောင်း ပြောသည်။ ထိုနေ့ ညက သူဆုံးသွားပြီ ဆိုသည့် အကြောင်း ကျွန်တော့်ဆီကို ဖုန်းဝင်လာသည်။ ထိုနေ့ က ကျွန်တော် အလွန်ဝမ်းနည်းခဲ့ရပြီး ငုတ်တုတ် မိုးလင်းခဲ့ရသည်။
တခြား အမှတ်တရ နေ့ စွဲ အတိုအထွာလေးများလဲ ရှိသေးသည်။ ကြောင်ပေါက်စ လေးများကို တက်ကြည့်ရင်း လှေကားပေါ်မှ အောက်သမံတလင်းပေါ်ကို ဇောက်ထိုးပြုတ်ကျလာသည့် ကျွန်တော့်ကို ဖခင်ဖြစ်သူက အောက်မှ ဆီးဖမ်းထားသဖြင့်သာ ဒီနေ့ ထိ အသက်ရှင်နေရခြင်း ဖြစ်သည်။ ကျွန်တော်တို့ မြို့ နယ် ဘော်လုံးပြိုင်ပွဲတွင် ပထမဒိုင်းဆုကြီး ဆွတ်ခူးပြီး ရပ်ကွက်ထဲတွင် လှည့်လည် အောင်ပွဲခံခဲ့ကြသည်။ ထိုနေ့ ညဘက်တွင်လဲ ရပ်ကွက်လူကြီးများက ကျွန်တော်တို့ ကို တခမ်းတနားဖြင့် ဂုဏ်ပြုခဲ့ကြသည်။ ထိုနေ့ လေးကလဲ မမေ့နိုင်စရာ နေ့ လေးတစ်ရက် ဖြစ်ခဲ့သည်။ ဆယ်တန်းအောင်စာရင်း ထွက်သည့်နေ့ ကလဲ မိဘများက ခရီးထွက်နေကြသည်။ ညဘက် တော်တော်နဲ့ မအိပ်ဖြစ်သဖြင့် နောက်နေ့ မနက် ၉နာရီလောက်မှ နိုးသဖြင့် အောင်စာရင်း သွားကြည့်တော့ ကျွန်တော်တစ်ယောက်တည်း ရှိတော့သည်။  ဒီလိုဘဲ ကျွန်တော်က ဖြစ်လိုက်ရင် အရာရာနဲ့ အကြောင်းကြောင်းပေါ့...
Monday 6 February 2012
ကြယ်အလင်းဖြင့် လင်းသည့်လမင်း
နောက်နေ့ အလုပ်နားရက် ဖြစ်သဖြင့် ဒီနေ့ ဖွယ်ဖွယ်ရာရာလေး ချက်စားဖြစ်၏။ ခုလို ဖွယ်ဖွယ်ရာရာလေး ချက်မစားဖြစ်တာ ကြာပြီဖြစ်သဖြင့် စား၍ မြိန်လှသည်။ စားကောင်းကောင်းဖြင့် စားလိုက်သဖြင့်  ဗိုက်ပင် တော်တော်လေး အင့်သွား၏။ အလုပ်ဖွင့်ရက်များတွင် ဖုတ်ပူမီးတိုက်ချက်ပြုတ် ကသောကမျောစားပြီး အိပ်ယာဝင်ရသည်။ နို့ မို့ အိပ်ရေးမဝဖြစ်လျှင် အလုပ်ထဲတွင် ဒုက္ခရောက်မည် ဖြစ်သည်။ အလုပ်ထဲတွင် ပင်ပန်းသဖြင့် အိပ်ရေးမဝလျှင် မလွယ်။ ထို့ ကြောင့် ဒီနေ့ လို ပိတ်ရက်ရောက်မှသာ ဖွယ်ဖွယ်ရာရာလေး ချက်ပြုတ်စားဖြစ်ကြ၏။ မနက်ဖြန် အလုပ်နားရက်မို့ တခြားလူများကတော့ စားသောက်ပြီးနောက်  ထုံးစံအတိုင်း ဖဲဝိုင်းစရန် တာဆူနေကြပြီ။ ကျွန်တော်လဲ ဗိုက်ထဲနဲနဲ အင့်နေသဖြင့် လေညင်းခံရန် အိမ်ရှေ့ဘက်သို့ ထွက်လာခဲ့လိုက်သည်။ အတူတူ လာသည့် သူတို့ မြန်မာအယောက် နှစ်ဆယ်ကို သူဌေးက santosa မြို့ တွင် နှစ်ထပ်တိုက် တစ်လုံးပေးထားသည်။ အိမ်နေရာက ချောင်ကျသော်လဲ ကိုယ့်ခြံကိုယ့်ဝင်းနှင့်မို့ နေရထိုင်ရတာ အဆင်ပြေသည်။ ခုဆိုလျှင် မလေးရှားနိုင်ငံကို ရောက်တာ ဘာလိုလိုဖြင့် တစ်နှစ်ပင်ကျော်လာခဲ့ပြီ။ အရင်စလာခါစက လူနှစ်ဆယ် ဖြစ်သော်လဲ လေးယောက်က အိုဗာစတေး လုပ်သွားသဖြင့် ခုဆို ဆယ့်ခြောက်ယောက်သာ ကျန်တော့သည်။
အိမ်ရှေ့ဘက်ကို ရောက်တော့ ကိုအောင်မြင့်တစ်ယောက် ဖုန်းပြောနေသည်ကို တွေ့ လိုက်ရသည်။ မိမိရှိနေလျှင် ကိုအောင်မြင့် ဖုန်းပြောရတာ မလွတ်မလပ်  ဖြစ်နေမည် စိုးသဖြင့် ခြံရှေ့သို့  ဆက်ထွက်ရန် ပြင်လိုက်သည်။ ဒါကိုမြင်တော့ ကိုအောင်မြင့်က ပြဿနာ မရှိဘူး ရတယ်ဆိုသည့် သဘောဖြင့် ခုံတွင် ဝင်ထိုင်ရန် အမူအယာဖြင့် ပြသည်။ ထို့ ကြောင့် ကျွန်တော်လဲ သူထိုင်နေသည့် ဆိုဖာထိုင်ခုံ၏ အစွန်းတဖက်တွင် ဝင်ထိုင်လိုက်သည်။ အိမ်ရှေ့ဘက်မှ ဘော်လုံးကွင်းကို ဖြတ်၍ တိုက်ခတ်လာသည့် လေက သန့် ရှင်းလတ်ဆတ်နေသည်။ ဘာရယ်မဟုတ် အိမ်ကိုပင် ပြန်သတိရသွားမိသည်။ အိမ်မှာဆိုလျှင်လဲ ခုလို ထမင်းစားပြီးတိုင်း အိမ်ပြင်ဘက်သို့ ထွက်၍ လေညင်းခံဖြစ်လေ့ရှိသည်။ မြစ်ပြင်ကို ဖြတ်၍ တိုက်ခတ်လာသည့် လေက ပို၍ သန့် ရှင်းလတ်ဆတ်သော်လဲ မြို့ ပြနိုင်ငံတွင် ဒီလို လေညင်းမျိုးကို ရသည်ကလဲ ကျေနပ်နှစ်သက်စရာ ဖြစ်၏။ ထိုစဉ် တမင်နားစွင့်ထားခြင်း မဟုတ်သော်ငြား ကိုအောင်မြင့် ဖုန်းပြောနေသည့် အသံတို့ က မိမိနားအတွင်းသို့ စီးဝင်လာ၏။ ကြားရသည့် စကားအရ သူ့ အစ်မနှင့် စကားပြောနေဟန်တူသည်။ ကိုအောင်မြင့် အစ်မက ဆရာဝန်ပေါက်စ တစ်ယောက်ဟု ပြောသံတော့ ကြားဖူးသည်။ ဓာတ်ပုံမြင်ဖူးသည့် ဖိုးတေကတော့ ရုပ်ရည်၊ ပညာအရည်အချင်း အဘက်ဘက်က ပြီးပြည့်စုံသည့် အမျိုးသမီးဟု မကြာမကြာ ချီးကျူးလေ့ရှိသည်။
"နင်အိမ်ထောင်ပြုမဲ့ ကိစ္စ ကောင်းသည်ဆိုးသည် ငါမပြောချင်ပါဘူး။ ဒါပေမယ့် အမေက အသက်ကြီးပြီ... ငါနဲ့ စိုးမိုးနဲ့ က အဝေးကို ရောက်နေကြတယ်။ ဒီတော့ ခုချိန်မှာ အမေ့ကို နင်ဘဲ စောင့်ရှောက်ရမှာပေါ့"
တမင်နားထောင်နေခြင်း မဟုတ်ပေမယ့် သူတို့ ဖုန်းပြောသည့် အသံက အတိုင်းသား ကြားနေရသည်။ အားနာလာသဖြင့် သူတို့ အိမ်တွင်းရေးကို လွတ်လွတ်လပ်လပ် ပြောကြပါစေ ဆိုပြီး ခြံရှေ့ထွက်လာခဲ့ လိုက်သည်။ ခြံရှေ့တွင် တအောင့်လောက် လမ်းလျှောက်နေပြီး အိမ်ထဲ ပြန်ဝင်လာတော့ ဆိုဖာပေါ်တွင် ငူငူကြီး ထိုင်နေသည့် ကိုအောင်မြင့်ကို တွေ့ လိုက်ရ၏။ သူ့ ပုံက တစ်ခုခုကို စိတ်ညစ်နေပုံရသည်။
"အစ်ကို... ထမင်းမစားရသေးဘူး မဟုတ်လား"
"အေးကွာ စားချင်စိတ်တောင် မရှိပါဘူး"
"ဒီိလိုလဲ ဘယ်ဟုတ်မလဲ အစ်ကိုရယ် ညစ်တာက ညစ်တာပေါ့ အစားလေးတော့ စားမှပေါ့"
"အေးပါ ညီရာ... စားတာကတော့ စားမှာပါ။ ခုက ဗိုက်သိပ်မဆာသေးလို့ ပါ။ ခဏနေတော့ စားတာပေါ့"
"ဘာတွေ ညစ်နေရတာတုန်း အစ်ကိုရ..."
ညီအစ်ကိုလို ခင်နေရသည့် လူတစ်ယောက် ညစ်နေသည်ဆိုတော့ သူလဲ စိတ်မကောင်း ဖြစ်မိသည်။ ထို့ ကြောင့် မေးကြည့်မိလိုက်ခြင်း ဖြစ်သည်။ ကိုအောင်မြင့်ညီ စိုးမိုးက ကျွန်တော်နှင့် သက်တူရွယ်တူ ဖြစ်သည်။ သဘောကောင်းသည့် သူတို့ ညီအစ်ကို နှစ်ယောက်က ခင်ဖို့ ကောင်းသည်။ ကိုအောင်မြင့်နှင့် စိုးမိုးတို့  ညီအစ်ကို နှစ်ယောက်က မလေးရှားကို အတူတူလာပြီး အလုပ်လုပ်ကြခြင်း ဖြစ်သည်။
"အိမ်က အစ်မပေါ့... ကျောင်းပြီးတာဖြင့် မကြာသေးဘူး အိမ်ထောင်ပြုချင်လို့ တဲ့။ သူ့ ချစ်သူက လက်ထပ်ချင်ပြီတဲ့... ခုက သူတို့ လက်ထပ်ဖို့ အကြောင်း အစ်ကို့ ကို တိုင်ပင်တာလေ"
"သြော်... အစ်ကိုရယ်... သူလဲ လက်ထပ်သင့်တဲ့ အရွယ်ရောက်ပြီဆိုတော့ လက်ထပ်ချင်မှာပေါ့"
"ဟုတ်ပါတယ်... ဒါပေမယ့် ညီရယ်... အစ်မသာ ခုလို ကျောင်းပြီးပြီးချင်း အိမ်ထောင်ပြုသွားရင် အမေ စိတ်မကောင်း ဖြစ်လိမ့်မယ်။ အစ်ကိုတို့ ငယ်ငယ်ကတည်းက အဖေက ဆုံးသွားတာလေ။ အဲဒီအချိန်ကတည်းက အမေက နောက်အိမ်ထောင်မပြုဘဲ အစ်ကိုတို့ အတွက် ရုန်းကန်လာခဲ့တာ။ တကယ်ဆို သူသိတတ်ဖို့ ကောင်းပါတယ်"
သူတို့ အိမ်တွင်းရေးကို သေချာမသိသဖြင့် ဘာမှမပြောဘဲ ကျွန်တော်လဲ ငြိမ်နေလိုက်သည်။ ကိုအောင်မြင့်က ဆက်ပြောလာသည်။
"အစ်မက ငယ်ငယ်လေးထဲက စာတော်တာလေ။ အဲဒီအချိန်ကတည်းက ကြီးရင် ဆရာဝန်ကြီး လုပ်မယ်လို့ အမြဲပြောခဲ့တာ။ တကယ်လဲ ဆရာဝန်ကြီး ဖြစ်လာခဲ့တယ်။ ဒါပေမယ့် အစ်မ ဆရာဝန်ကြီး ဖြစ်လာဖို့  အမေနဲ့ အစ်ကိုတို့ တော်တော်လေး ရုန်းခဲ့ရတာ။ အစ်မဆယ်တန်း ရောက်တဲ့နှစ်မှာ အစ်ကိုက ရှစ်တန်း၊ စိုးမိုးက ခြောက်တန်း တက်ရမယ်။ အစ်မကျာင်းစရိတ်၊ ကျူရှင်စရိတ်နဲ့  အစ်ကိုတို့  ညီအစ်ကို ကျောင်းစရိတ်တွေကို အမေမနိုင်တော့ဘူး။ အစ်မက ဘာသာစုံ ဂုဏ်ထူးထွက်နိုင်တဲ့ ကျောင်းသူမို့  ဒီနှစ်မှာ သေချာလေး ကြပ်မတ်ပေးဖို့  ကျောင်းအုပ်ဆရာကြီးနဲ့ ဆရာ၊ ဆရာမတွေက အမေ့ကို ခေါ်ပြောလာတယ်။ အစ်မကလဲ ကျောင်းမှာ နှစ်တိုင်း ပထမ ရတယ်လေ။ ဒီတော့ အစ်ကို ထိုင်းနိုင်ငံကို အလုပ်သွားလုပ်ဖို့ ကျောင်းထွက်လိုက်ရတယ်"
"ဒါဆို အစ်ကို ငယ်ငယ်ဘဲ ရှိဦးမှာပေါ့"
"ဒါပေါ့ အစ်ကို့ အသက် ဆယ်သုံးနှစ်ကျော်ကျော်ဘဲ ရှိသေးတယ်"
"အဲဒီ အရွယ်လေးနဲ့ အလုပ်သွားလုပ်လို့ ရလို့ လား"
"ခိုးလုပ်ရတာပေါ့။ ရာဘာခြံတွေထဲမှာ ရာဘာခြစ်ရတာလေ။ ခြံထဲမှာဘဲနေပြီး အပြင်ကိုတောင် မထွက်ဖြစ်ပါဘူး။ အလုပ်က ကျွေးတဲ့ ထမင်း၊ ဟင်းကိုစားပြီး ရတဲ့ပိုက်ဆံ အိမ်ကို အကုန်ပြန်ပို့ ရတယ်။ ဒါမှ အိမ်စရိတ်၊ ကျောင်းစရိတ်တွေကို ကာမိတာလေ"
ကိုအောင်မြင့် စကားကို နားထောင်ရင်း ကိုအောင်မြင့်ကို ပို၍ လေးစားလာမိသည်။ လူမှန်းသိတတ်စ ကတည်းက မိသားစုတာဝန်ကို ကျေပွန်ခဲ့သူ၊ အစ်မ ဖြစ်သူကို ထောက်ပံရန်အတွက် ကျောင်းထွက်၍ အနစ်နာခံခဲ့သူ တစ်ယောက်ကို တကယ်လေးစား ချီးကျူးမိသည်။
"အစ်မ ဆေးတက္ကသိုလ်တက်တော့ ကျောင်းစရိတ်က ပိုကြီးလာတယ်။ ဒီတော့ စိုးမိုးပါ ကျောင်းထွက်ပြီး အစ်ကိုနဲ့ ထိုင်းနိုင်ငံကို လိုက်ပြီး အလုပ်လုပ်ရတယ်။ အမေ့ကိုတော့ အသက်ကြီးလာတဲ့အပြင် ကျန်းမာရေးလဲ သိပ်မကောင်းလို့ နားခိုင်းလိုက်တယ်"
"ဒါနဲ့ ခုက အစ်ကိုတို့ ဘယ်လိုကနေ ဘယ်လို ဒီမလေးရှားနိုင်ငံကို ရောက်လာရတာလဲ"
"ကံပေါ့ ညီရာ... အစ်ကိုတို့ မြန်မာနိုင်ငံကို အလည်ပြန်ပြီး ထိုင်းနိုင်ငံကို ပြန်ဝင်မယ်လုပ်တော့ လမ်းကြောင်းတွေက အရမ်းကြပ်နေတယ်။ အချိန်စောင့်ပြီး ဝင်ရမယ်။ ဒါပေမယ့် အစ်မကျောင်းစရိတ်က လစဉ်ထောက်နေရတာ ဆိုတော့ အစ်ကိုတို့ မှာ ဝင်ငွေ မရှိလို့ မဖြစ်ဘူး။ ဒီတော့ လမ်းပွင့်နေတဲ့ မလေးရှာနိုင်ငံကိုဘဲ ထွက်လာခဲ့ရတာပေါ့"
ထိုင်းနိုင်ငံမှာ အဆင်ပြေနေရဲ့ နဲ့ ဘာကြောင့် မလေးရှားနိုင်ငံကို ထပ်ကူးလာရတာလဲ ဆိုသည့် အတွေးက ထိုအခါမှ ရှင်းသွားသည်။ ဒီလိုအခြေအနေတွေကြောင့်လဲ သူတို့ ညီအစ်ကို ချွေချွေတာတာ သုံးစွဲပြီး ရသည့် ပိုက်ဆံကို အိမ်ပို့ နေကြတာကိုးဟုလဲ တွေးမိလိုက်သည်။
"အစ်ကိုတို့ ကတော့ ဖြစ်နိုင်ရင် အစ်မကို ကျောင်းပြီးပြီးခြင်း အိမ်ထောင်တန်း မပြုစေချင်သေးဘူးပေါ့ ညီရာ။ ဖြစ်နိုင်ရင် တစ်နှစ်တန်သည် နှစ်နှစ်တန်သည် နေစေခြင်းသေးတာပေါ့။ ဒါပေမယ့် သူ့ သဘောကိုဘဲ အမြဲလိုက်လာတာဆိုတော့ တားလဲမတားချင်ပါဘူး။ အမေသိရင်လဲ စိတ်မကောင်း ဖြစ်မှာပေမယ့် သူ့ သမီးသဘောလို့ ဘဲ ပြောမှာပါ။ အမေက သူ့ ကို တော်တော်လေးကို ချစ်တာလေ"
"အစ်ကို့ အမေက မသိသေးဘူးလား"
"အမေမသိသေးဘူး။ အစ်ကို့ ကို အရင်တိုင်ပင်တာလေ။ ဒါပေမယ့် သူသိတတ်ဖို့ ကောင်းပါတယ် ညီရာ။ သူ့ အတွက် မိသားစုဝင်တွေ ဘယ်လို ရုန်းကန်ခဲ့ရတယ် ဆိုတာ သူလဲ သိနေတာဘဲ"
"အစ်ကိုတို့ အိမ်တွင်းရေးကို ကျွန်တော် မဝေဖန်ချင်ပါဘူး။ ဒါပေမယ့် ပညာတတ်တိုင်း သိတတ်တာ မဟုတ်ဘူး အစ်ကို..."
ပညာတတ်ပြီး မိသားစုပေါ် မသိတတ်သည့် လူတချို့ ကို တွေ့ ဖူးသဖြင့် ဒီစကားကို  ပြောမိခြင်းဖြစ်သည်။
"ဟုတ်တယ်ညီ... အစ်ကိုလဲ သူမင်္ဂလာဆောင်မယ့် ကိစ္စကို တားမှာမဟုတ်သလို၊ အပြစ်လဲ တင်နေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အမေ့ကို ပစ်မထားဖို့ ၊ အမေ့ကို စောင့်ရှောက်ဖို့ တော့ အစ်ကို သူ့ ကို ပြောလိုက်တယ်။ အစ်ကိုတို့ က မြန်မာပြည်ကို မပြန်နိုင်သေးဘူးလေ။ ဒီတော့ သူအမေ့ကိုတော့ စောင့်ရှောက်ရမှာပေါ့"
ကိုအောင်မြင့်က စိတ်မောလူမော ဖြစ်သွားဟန်ဖြင့် သက်ပြင်းမောကြီးကို လေးလေးပင်ပင် ချလိုက်သည်။ သူလဲ စိတ်ညစ်ရှာမည်ဟု ကိုယ်ချင်းစာမိသည်။ လူတိုင်းမှာတော့ သူ့ ပြဿနာလေးတွေနဲ့ သူ ရှိနေသည်သာ ဖြစ်သည်။
"အေးကွာ... ညီ့ကို သက်သက် အပူတွေ ပေးသလို ဖြစ်နေပြီ။ ခုလို အချိန်ပေးပြီး နားထောင်ပေးတာကို ကျေးဇူးတင်ပါတယ်။ ညီလဲ အေးအေးဆေးဆေး နေဦးလေ... အစ်ကိုလဲ ထမင်းစားလိုက်ဦးမယ်"
ကိုအောင်မြင့် ကျွန်တော့်ကို နှုတ်ဆက်ပြီး အိမ်ထဲ ပြန်ဝင်သွားသည်။ အိမ်ရှေ့တွင် ကျွန်တော် တစ်ယောက်တည်း အတွေးများဖြင့် ကျန်ခဲ့သည်။ သူတို့ အကြောင်းကို တွေးမိတော့ လေပူတစ်ချက်ကို မှုတ်ထုတ်မိသည်။ ထို့ နောက် ခေါင်းတချက် ခါလိုက်ပြီး အတွေးတို့ ကို မောင်းထုတ်လိုက်သည်။ ဆိုဖာပေါ်ကို မှီချလိုက်ပြီး ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်တော့ ကြယ်အပေါင်း ခြံရံပြီး လင်းလက်တောက်ပနေသည့် လမင်းကြီးကို တွေ့ လိုက်ရ၏။ ကြယ်လေးများက သူတို့ အလင်းကို အစွမ်းကုန် လွှင့်ထုတ်ပြီး လမင်းကြီးကို လှပသည်ထက် လှပ်ပအောင် ဝန်းရံဖေးကူ နေကြသည်။ ဒါကိုမြင်တော့ ကိုအောင်မြင့်နှင့် စိုးမိုးတို့ ၏ မျက်နှာကို ပြန်မြင်ယောင်မိရ ပြန်သည်။လူတွေက လင်းလက်တာက်ပနေသည့် လမင်းကြီးကိုသာ သတိပြုမိတတ်ကြပြီး လမင်းကြီးဘေးက ကြယ်ကလေးတွေကို မေ့နေတတ်ကြသည်။ ကိုအောင်မြင့် ပြောသည့် စကားများကို ပြန်ကြားယောင်မိပြီး ကျွန်တော်ကိုယ်တိုင်လဲ သက်ပြင်းမောကြီးကို ချလိုက်မိသည်။ ကိုယ်အောင်မြင့်တို့ သားအမိ သုံးယောက်သည် အစ်မဖြစ်သူ အတွက် ရုန်းကန်ခဲ့ကြသည်။ အနစ်နာခံကြရသည်။ သူတို့ လုပ်သင့် လုပ်ထိုက်သည့် အလုပ်ကို တာဝန်သိစွာ အနစ်ခံ ပေးဆပ်ခဲ့ကြသည်။ သို့ သော် သူတို့ သိတတ်ခဲ့သလို တဘက်က ပြန်မသိတတ်သည့်နောက် သူတို့ စိတ်မကောင်း ဖြစ်ကြရသည်။ လောကတွင် ဒီလို နင်းတက်သွားပြီး ပြန်လှည့်ကြည့်မခံရသည့် ပခုံးတွေအတွက် ကြားထဲမှ စိတ်မကောင်း ဖြစ်မိသည်။
Thursday 2 February 2012
ကျွန်တော်မသိခြင်းများ
ဆိုင်ကလေး၏ အတွင်းဘက် နေရာတော်တော် များများကို အမှောင်ရိပ်က ကြီးစိုးထားသည်။ ဆလိုက်မီးရောင်စုံတို့ က ဆိုင်ကလေးအတွင်း လဲ့ဖြာလွန်းထိုးနေ၏။ ဆလိုက်မီးရောင်တို့ နှင့်အပြိုင် ရောင်စုံမလေးများကလဲ ဆိုင်ကလေးအတွင်း လွင့်မျောစီးဆင်းနေကြသည်။ စတိတ်စင်မြင့်ထက်တွင် ခိုနားရင်း တေးသီချင်း သီကျူးလိုက်၊ စားပွဲခုံများကြား လွင့်မျောစီးဆင်းရင်း အီလိုက်ကြဖြင့် မြူးတူးနေကြ၏။ ဇွန်းသံ၊ ခွက်သံ၊ ဖန်ခွက်ခြင်း ထိတွေ့ ပွတ်ဆွဲသံ၊ ချီးယားလုပ်သံတို့ က ဆိုင်လေးကို သက်ဝင်လှုပ်ရှားနေစေသည်။ ဒီလိုဆိုင်မျိုးကို ပထမဆုံးရောက်ဖူးသည့် သူ့ အတွက်တော့ ဆိုင်ကလေးက အံသြစူးစမ်းဖွယ်ရာများဖြင့် ပြည့်နှက်နေသည်။ တောသားမြို့ ရောက် ကျီးကန်းတောင်းမှောက် ဆိုသကဲ့သို့ မြင်သမျှ တွေ့ သမျှက စိတ်ဝင်စားစရာများ ဖြစ်နေသည်။ စားပွဲဝိုင်းများဆီမှ လွင့်ပျံ့ လာသည့် ရောင်စုံမလေးတို့ ၏ တခစ်ခစ်ရယ်သံများ၊ ကိုကိုကာလသားတို့ ၏ သဘောကျစွာ ရယ်မောလိုက်သံတို့ က စင်မြင့်မှ တေးသီချင်းသံတို့ နှင့်အပြိုင် စီးချက်လိုက်နေသည်လား ထင်မှားရ၏။ ကြည့်ရမြင်ရသည်မှာ ပျော်တပြုံးပြုံးဖြင့် အားလုံးဘဲ ပျော်နေကြ၏။ ငြူစူစိတ်ကောက်နေကြသည့် အတွဲဟူ၍ မတွေ့ ရချေ။ ဒါကြောင့်လဲ လူတွေ ပိုက်ဆံ အကုန်အကျခံပြီး ဒီနေရာကို လာနေကြတာဘဲဟု တွေးလိုက်မိသည်။ 
တစ်ယောက်တည်း ဟိုကြည့်ဒီကြည့်ဖြင့် နတ်ကရာကျီးမော့ နေရင်း ကိုယ့်ကိုယ်ကို ငေါင်ငေါင်ကြီး ဖြစ်နေသလို ခံစားလိုက်ရ၏။ ထို့ ကြောင့် မိမိကို ခေါ်လာသည့် သူငယ်ချင်း ထူးထူးနှင့် ကိုသက်တို့ ကို ကြည့်လိုက်တော့ ဘယ်အချိန်က ခေါ်ထားလိုက်ကြသည် မသိရသည့် ရောင်စုံမလေး တစ်ယောက်စီဖြင့် ပတ်ဝန်းကျင်ကို မေ့နေကြသည်ကို တွေ့ လိုက်ရ၏။ ဒီလို စင်တင်ဘီယာဆိုင်သို့ သူ့ အနေဖြင့် ပထမဆုံး ရောက်ဖူးခြင်း ဖြစ်သည်။ ခုလို ရောက်ဖြစ်လာရသည်ကလဲ ဆယ်တန်းဖြေပြီးကတည်းက ရန်ကုန်တက် အလုပ်လုပ်နေရာမှ ပြန်လာသည့် ငယ်သူငယ်ချင်းဖြစ်သူ ထူးထူး အတင်းခေါ်သဖြင့် ရောက်လာခဲ့ခြင်း ဖြစ်သည်။ မိမိသာငေါင်ငေါင်ကြီး သင်းကွဲတစ်ယောက်လို ဖြစ်နေပေမယ့် ထူးထူးနှင့် ကိုသက်တို့ ကတော့  ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်စွာ သာသာယာယာပင် စီးမျောနေသည်။ ဟိုဟိုဒီဒီ ကြည့်ရင်း သူ့ မျက်လုံးတို့ စတိတ်စင်မြင့်ထက်သို့ ရောက်သွား၏။ လှတပတ ရောင်စုံမလေးတစ်ယောက် စင်မြင့်ထက်တွင် တေးသီနေသည်ကို တွေ့ လိုက်ရသည်။ သူကြည့်ရင်း ကောင်မလေး၏ အလှကို အသိအမှတ် ပြုလိုက်မိသည်။ ဒီလို ဆိုင်မျိုးမှာ ဒီလောက်လှတဲ့ ကောင်မလေးတွေလဲ ရှိတယ်လား ဟုတွေးလိုက်မိသည်။ ထို့ နောက် သူ့ အကြည့်တို့ က စင်မြင့်ထက်မှ မီးရောင်တချို့ ပွင့်အံကျနေသည့် ရှေ့ဆုံးစားပွဲကို ရောက်သွားသည်။ ဒီမြို့ လေး၏ မြို့ မျက်နှာဖုံး သုံးယောက်နှင့် တခြားသူမသိသည့် လူကြီးနှစ်ယောက်တို့ ထိုင်နေကြသည်။ ထိုစားပွဲဝိုင်းကို သတိထားမိသည် ဆိုသည်မှာလဲ ရောင်စုံမလေးများ အဝင်အထွက်များခြင်းကြောင့် ဖြစ်သည်။
ထိုစဉ် ရောင်စုံမလေး တစ်ယောက် ထိုစားပွဲဝိုင်းမှ လူများကို ပြုံးပြနှုတ်ဆက်ပြီး သူ့ စားပွဲဆီသို့ ဦးတည်လာနေသည်ကို တွေ့ လိုက်ရသည်။ စောစောက စင်မြင့်ထက်တွင် တေးသီနေသည့် ကောင်မလေးဖြစ်သည်။ ထို့ နောက် စားပွဲရှေ့တွင် ရပ်လာပြီး မယဉ်မရိုင်းလေး ပြုံးပြနှုတ်ဆက်လာသည်။ လူတစ်ယောက်၏ စိတ်နှလုံးကို ညင်ညင်သာသာဖြင့် ဆွတ်ချူသိမ်းပိုက်သွားနိုင်သည့် အပြုံးမျိုးဖြစ်သည်။
"ထိုင်မယ်နော်"
သူမကို ကြည့်ရင်း အတွေးလွန်နေရာမှ အယောင်အယောင် အမှားမှားဖြင့်  စကားမဆိုမိဘဲ ခေါင်းသာညိတ်ပြလိုက်မိသည်။ ကောင်မလေးက ထိုင်ခုံတစ်လုံးကို ဆွဲယူပြီး စားပွဲတွင် ဝင်ထိုင်လာသည်။ ရှင်းသန့် ကြည်လင်နေသည့် ကောင်မလေးကို အနီးကပ်မြင်ရမှ သူမ အလှကိုပို၍ အသိအမှတ်ပြုမိရ၏။
"လူကို ခေါ်ထားပြီး ဒီအတိုင်ဘဲ ထားတော့မှာလား"
ကောင်မလေး စကားကြောင့် သူပြာသွားသည်။
"တစ်ခုခုမှာလေ... ဘာသောက်မလဲ"
ကောင်မလေးက ခေါင်းကို ခါပြသည်။
"အစ်ကိုက ဒီဆိုင်ကို ခုမှ ပထမဆုံး ရောက်ဖူးတာထင်တယ်"
"အင်း... ဟုတ်တယ်... ဒီဆိုင်ကို ရောက်ဖူးတာ ဒီနေ့ က ပထမဆုံးဘဲ... ညီမက ဘယ်လို သိတာလဲ"
"ညီမ အတွေ့ အကြုံအရသိတာပေါ့"
ကောင်မလေး ပြောလာသော အတွေ့ အကြုံဆိုသည့် စကားလုံးက သူ့ အတွက် စဉ်းစားစရာ  ဖြစ်သွားသည်။ ကောင်မလေးကို ကြည့်တော့ အသက်နှစ်ဆယ် ဝန်းကျင်လောက်သာ ရှိဦးမည်။ ဒါဆို သူမ ဘယ်အချိန်ကတည်းက ဒီလောကထဲ ရောက်လာတာလဲဟု တွေးလိုက်မိသည်။
"ညီမတို့ သီချင်းဆိုရင် ပန်းကုံးစွပ်တဲ့ စားပွဲဝိုင်းတွေမှာ လိုက်ထိုင်ရလေ့ ရှိတယ်။ ဒီတော့ စားပွဲဝိုင်းတွေ ကြားမှာ သွားရင်းလာရင်း ဒီဆိုင်မှာ လာနေကျ ဖောက်သည်တွေကို မျက်မှန်းတန်းမိနေတယ်လေ။ အရင်က အစ်ကို့ ကို တခါမှ မမြင်ဖူးဘူး"
 "အစ်ကိုလဲ ညီမကို ပန်းကုံးမစွပ်မိပါလား"
"ဟင်... ဟုတ်လား... ဒါနဲ့ ဝိတ်တာကောင်လေးက ပန်းကုံးစွပ်ရင်း ဒီဝိုင်းက ခဏလာခဲ့ပါဦးလို့ ပြောသွားတာဘဲ"
ကောင်မလေးကို သူပန်းကုံး  မစွပ်ဘဲ ဘာကြောင့်  မိမိစားပွဲကို လာထိုင်သည်ကို စဉ်းစားမရဖြစ်သွားသည်။ 
"မင်းတစ်ယောက်တည်း အဖော်ကွဲပြီး သင်းကွဲဖြစ်နေလို့ ငါဝိတ်တာကို ပန်းကုံးစွပ်ပြီး ခေါ်ခိုင်းလိုက်တာ"
တချိန်လုံး အလုပ်ရှုပ်နေသည့် သူငယ်ချင်း ထူးထူးက ဝင်ပြောလာခြင်း ဖြစ်သည်။ ပြောပြီး အလုပ်အလွန်ရှုပ်နေသည့် လူတစ်ယောက် အသွင်ဖြင့် ပြန်လှည့်သွားသည်။ 
"သြော... ဒါဆို ညီမကို ခေါ်တာ အစ်ကို မဟုတ်ဘူးပေါ့"
နှုတ်ခမ်းကိုစူပြီး စိတ်ကောက်ဟန် ကောင်မလေးက ဆိုလာတော့  ကျွန်တော် ဒုတိယအကြိမ် ပြာယာခတ်သွားရပြန်သည်။
"အာ... အဲလိုလဲ မဟုတ်ဘူးလေ... အဲဒီလို ခေါ်ရတယ်ဆိုတာကို အစ်ကိုက မသိလို့ ပါ..."
မလိုအပ်မှန်း သိပေမယ့် သူကဗျာကယာ ရှင်းပြမိပြန်သည်။
"ညီမ... နာမည် ဘယ်လိုခေါ်လဲ"
"ပန်းခရေ"
ထို့ နောက် နှစ်ယောက်အတူ စကားတွေ အများကြီး ပြောဖြစ်ကြသည်။ စကားနည်းသည့် သူ့ ကို သူမက စကားတွေ အများကြီး ပြောနိုင်စေခဲ့သည်။ သူစိမ်းမိန်းကလေး တစ်ယောက်နှင့် တွေ့ တွေ့ ခြင်း ပထမဆုံး စကားတွေ အများကြီး ပြောဖြစ်ခြင်းလဲ ဖြစ်သည်။ ဒါကဘဲ သူမ၏ ကျွမ်းကျင်မှု အရည်အချင်း တစ်ရပ်လို့ ပြောရမည်လား။ ထိုစဉ် ထူခြားမှု တစ်ခုကို သတိပြုမိလိုက်သည်။ ဝိတ်တာကောင်လေးများက သရဖူ၊ စလွယ်နှင့် ပန်းကုံးများ တင်ထားသည့် စင်ကို စတိတ်စင်မြင့်နားက စားပွဲဝိုင်းဆီကို သယ်သွားသည်ကို တွေ့ လိုက်ရသည်။ သူ့ လိုပင် တခြားဝိုင်းမှ လူများလဲ  သတိထားမိဟန်တူသည်။ ထိုဝိုင်းကို အကဲခတ်နေကြသည်။ ဆိုင်ကလေး အတွင်း အသံပလံများ တိုးသွားသည်။
"ပြဿနာတော့ စပြီ"
ကောင်မလေးက တိုးတိုးလေး ပြောလိုက်ခြင်း ဖြစ်သည်။ ရုတ်တရက် နားမလည်သောကြောင့် ကောင်မလေးကို မေးကြည့်မိသည်။
"အစ်ကို စတိတ်စင်ရှေ့နားက ဝိုင်းကို သတိထားမိလား။ ဒီမြို့ က သူဌေးသုံးယောက် ထိုင်နေတဲ့ဝိုင်းလေ
"အင်း... အစ်ကိုလဲ သတိထားမိတယ်။ ဒါပေမယ့် ကျန်တဲ့နှစ်ယောက်ကိုတော့ အစ်ကို မသိဘူး"
"အဲဒီနှစ်ယောက်က သူတို့ ဧည့်သည် အရာရှိကြီး နှစ်ယောက်လို့ ပြောတယ်။ ငွေတော့ တော်တော်လေး သုံးနိုင်တယ်"
ဟုတ်မည် ဒါကြောင့်လဲ ရောင်စုံမလေးတွေ ဝိုင်းနေခြင်းဖြစ်မည်။
"ဧည့်သည် တစ်ယောက်က ခုသီချင်းဆိုနေတဲ့ အစ်မနှင်းပွင့်ဖြူကို သဘောကျနေတာလေ။ ဒါပေမယ့် အစ်မနှင်းပွင့်ဖြူက ပန်းကုံးနှစ်ခါစွပ်တာကို ပထမ တစ်ခါဘဲ ခဏထိုင်ပြီး နောက်တခါ ခေါ်တော့ လာမထိုင်တော့ဘူး။ သူတို့ ကြားမှာ ပြဿနာ တစ်ခုခု ဖြစ်သွားလောက်တယ်"
သူစတိတ်စင်ပေါ်ကို လှမ်းကြည့်လိုက်တော့ မြန်မာဆန်ဆန် ဝတ်ဆင်ထားပြီး မြန်မာသံစဉ် သီချင်း ဆိုနေသည့် ကောင်မလေး တစ်ယောက်ကို တွေ့ လိုက်ရသည်။ ခုခောတ်စကားဖြင့် ပြောရလျှင် ကောင်မလေးက  မြန်မာဆန်ဆန် တောင့်တောင့်တင်းတင်းဖြင့် အတော်လှသည်။ ဒါကြောင့် ဒီဘဲကြီး ကြွေနေခြင်း ဖြစ်မည်။ ထိုစဉ် ဧည့်သည်လူကြီးက ရှိရှိသမျှ ပန်းကုံးများကို ဆက်ထားသည့် ပန်ကုံးတန်းကြီးကိုဆွဲ၊ လက်တဖက်တွင်လဲ သရဖူ၊ စလွယ်များကိုင်ပြီး စတိတ်စင်ပေါ်သို့ တက်သွားသည်။ ထို့ နောက် ကောင်မလေးကို သရဖူ၊ စလွယ်များကို စွပ်ပေးပြီးနောက် လက်ထဲမှ ပန်းကုံးတန်းကြီးဖြင့် တစ်ရစ်ပြီး တစ်ရစ် ပတ်၏။ ပတ်လို့ မကုန်သည့် ပန်းကုံးတန်းကြီးကို ကောင်မလေး လက်တွင် ချိတ်ပြီးနောက် ပြန်ဆင်းသွားသည်။ ထိုလူကြီး ပန်းကုံးစွပ်နေချိန်တွင် ဝိတ်တာများ၊ ဆိုင်တွင်းမှ လူတော်တော်များများက လက်ခုပ်တီး အားပေးကြသည်။ သူကတော့ တရှုပ်ရှုပ်ငိုရင်း သီချင်းကို ဟန်မပျက် ဆိုနေရသည့် ကောင်မလေးကို ကြည့်ပြီး သနားနေမိသည်။  ဆိုင်မှ တာဝန်ရှိသူများကိုယ်တိုင်က လက်ခုပ်တီး အားပေးနေသည့်နောက် သူက စိတ်မကောင်း ဖြစ်ရုံက လွဲလို့ ဘာများတတ်နိုင်ပါဦးမလဲ။
အဲဒီနေ့ က သူဆိုင်ပိတ်မှာ ပြန်ဖြစ်ခဲ့သည်။  သူငယ်ချင်းများ ဖြစ်သည့် ကိုသက်နှင့် ထူးထူးတို့ ကတော့ ရောင်စုံမလေး တစ်ယောက်စီကို ဆိုင်ကယ်ကိုယ်စီဖြင့် မသွားကြသည်။ ဒါကြောင့်လဲ ဆိုင်ကယ် တစ်ယောက်တစ်စီးစီဖြင့် သွားကြဖို့  သူတို့ အဆိုပြုကြခြင်း ဖြစ်ဟန်တူသည်။ သူကတော့ အိမ်ပြန်ရမည် အိမ်မပြန်လို့ ကတော့ မဖြစ်...။ ဒီဆိုင်လေးကို ရောက်ပြီးမှ သူမသိတာတွေ အများကြီး သိခဲ့ရသည်။ အရင်က သူနှင့် ဒီလောကသည် အစိမ်းသက်သက် ဖြစ်၏။ အသက်ငယ်ငယ်ဖြင့် ဒီလောကထဲ ကျင်လည်နှံစပ်နေသည့် ရောင်စုံမလေးများ အကြောင်း၊ ဒီနေရာတွင် ငွေကို ရေလိုသုံးနေသည့် လူများအကြောင်း၊ ပထမတော့ တငိုငို တရီရီဖြစ်နေပြီး ဆိုင်ပိတ်သည့် အချိန် ဧည့်သည်လူကြီး ကားပေါ်တွင် ကျော့ကျော့မော့မော့ဖြင့် ပါသွားသည့် မြန်မာဆန်ဆန် ကောင်မလေး အကြောင်း၊ အစ်ကိုက မခေါ်တော့ ညီမက ခေါ်တဲ့လူနောက် လိုက်ရမှာပေါ့ဟု နှုတ်ဆက်စကားဆိုပြီး လူတစ်ယောက်၏ ဆိုင်ကယ်ပေါ် ပြေးတက်သွားသည့် ပန်းခရေ အကြောင်း စသည်တို့ ကို  တကယ်မသိခဲ့ပါ။ ယုတ်စွအဆုံး သူကိုယ်တိုင် ထိုဆိုင်လေးကို သဘောကျသွားပြီး နောက်နောင် ထိုဆိုင်လေးကို မကြာမကြာ ရောက်ဖြစ်ဖို့ လမ်းစရသွားပြီ ဆိုသည်ကိုလဲ မသိခဲ့ပါ။ တကယ်ကို ဘာမှ မသိခဲ့တာပါ...