Thursday 24 May 2012
ဝါဆိုပန်းခူးတစ္ဆေ
ရာသီတကျော့ ပြန်လည်လာပြီး ဒီနေ့ ဒီရက်သို့  တကျော့ ပြန်ရောက်လာတိုင်း သူ့ မှာ ဝမ်းနည်းနာကျင်ရ၏။ ဒီအချိန်ကို ရောက်လာတိုင်း အတိတ်ဆိုး၊ အိပ်မက်ဆိုးတို့ က ရုန်းကြွ အသက်ဝင် လာတတ်စမြဲ... ဘယ်လိုပင် မေ့ပျောက်ထား၊ မေ့ပျောက်ထား မမြင်ချင် မတွေ့ ချင်သည့် ပုံရိပ်တို့ က အချိန်တန်လျှင် အလိုလို အာရုံတွင် တရစ်ဝဲဝဲဖြင့် ပြန်ပေါ် လာတတ်စမြဲ ဖြစ်၏။ ထိုနေ့ က အဖြစ်အပျက်များကို ဖိုးလုံးတစ်ယောက် ယနေ့ ထက်ထိ မမေ့နိုင်သေးပါ။ ဘယ်တော့မှလဲ မေ့ပျောက်နိုင်တော့မှာ မဟုတ်သည့် အဖြစ်အပျက်၊ အကြောင်းအရာများသာ ဖြစ်ပါတော့သည်။ ထိုနေ့ က ဝါဆိုလပြည့်ကျော်တစ်ရက်နေ့ ဝါဆိုပန်းခူးပွဲတော်နေ့ ဖြစ်သည်။ အတိတ်စာမျက်နှာထက်မှ ထိုနေ့ ရက်ကို စုတ်ဖြဲပစ်လို့ ရနိုင်မည်ဆိုလျှင် ဆွဲစုတ်ဖြဲပစ် လိုက်ချင်မိ၏။ ဒါဆိုလျှင် ခုလို သူနာကျင် ခံစားနေရတော့မည် မဟုတ်။ သို့ သော် ခုချိန်တွင်တော့ အရာရာက နောက်ကျခဲ့ပြီ။ အဖြစ်အပျက် အကြောင်းအရာ တို့ က ဖြစ်ပျက်ခဲ့ပြီးပြီ။ ခုချိန်မှ ပြန်ပြင်၍ မရနိုင်တော့။
ဝါဆိုလပြည့်ကျော် တစ်ရက်နေ့ ....။
ဝါဆိုပန်းခူးနေ့ မို့ ယနေ့ ပုံမှန် ခရီးသွားများ အပြင် ဘုရားဖူး ခရီးသွား များကြောင့်ပါ ခရီးသည် ပိုကျ၏။ ပြည်မြို့  နိဗ္ဗိန်န အင်ကြင်းမြောင် တောရကျောင်းရှိ ဝါဆိုပန်းခူးပွဲတော်သို့ အနီးအနားရှိ မြို့ ရွာများမှ ဘုရားဖူးများ လာရောက် ကြလေ့ရှိသည်။ ပြည်မြို့ နှင့် မနီးလွန်း မဝေးလွန်းသည့် အရပ်တွင် တည်ရှိသည့် သူတို့ မြို့ လေးမှ မြို့ သူ၊ မြို့ သားများလဲ တစ်နှစ်တစ်ကြိမ် ကျင်းပလေ့ရှိသည့် ထိုဝါဆိုပန်းခူးပွဲတော်သို့ လာရောက် လည်ပတ်ကြလေ့ ရှိသည်။ မနက်ပိုင်းတွင် နိဗ္ဗိန်န အင်ကြင်းမြောင် တောရကျောင်းတွင် ဝါဆိုပန်းခူးပွဲ ဆင်နွဲပြီးနောက် အပြန်တွင် ရွှေဆံတော်ဘုရားကို ဝင်၍ ဖူးမျှော်ကြလေ့ရှိသည်။ ကဆုန်ညောင်ရေသွန်းလောင်းပွဲနေ့ ၊ ဝါဆိုပန်းခူးပွဲတော်နေ့ ၊ တန်ဆောင်တိုင် ဘုရားပွဲတော်နေ့ များသည် သူတို့ စက်လှေသမားများကို ဝင်ငွေ အထူး ကောင်းမွန်စေသည့် မင်္ဂလာနေ့ ရက်များ ဖြစ်၏။ ယနေ့ လဲ စက်လှေထွက်ဖို့ အချိန်မပြည့်မှီမှာပင် ခရီးသည်များဖြင့် ပြည့်လုခမန်း ဖြစ်နေပြီ။ ဒါတောင် သူတို့ စက်လှေက အင်ဂျင်နှစ်လုံးတပ် စက်လှေ အကြီးစား ဖြစ်သည်။ သူတို့ ဒေသအခေါ် စက်လှေဟု ခေါ်နေသော်လဲ မော်တော် အသေးအရွယ်ပမာဏခန့် ရှိသဖြင့် လူလေးရာခန့် အထိဆန့် သည်။
"ကဲ... ဦးဦး၊ ဒေါ်ဒေါ်၊ ကိုကို၊ မမတို့ တစ်ဖက်တည်းမှာဘဲ စုထိုင်မနေကြပါနဲ့ နှစ်ဖက်မျှထိုင်ပေးကြပါ။ ကားမဟုတ်ဘူးနော် စက်လှေက တစ်ခြမ်းစောင်းနေရင် မောင်းဖို့ မလွယ်ဘူး။ ဒီတော့ ဟိုဖက်ဒီဖက်ကို မျှထိုင်ပေးကြပါ"
ဖိုးလုံး စက်လှေ အောက်ဘက်ထဲတွင် ခရီးသည်များကို နေရာချထားပေးနေသည်။  စက်လှေ ပေါ်တွင် ဖိုးလုံး အသံက တစာစာဖြင့် ညံနေ၏။ ခရီးသည်တွေကလဲ ခရီးသည်တွေ ဖြစ်၏။ တချို့ အလိုက်ကန်းဆိုး မသိကြ၊ ကိုယ့်အိမ်ကိုယ့်ယာလို ဖြဲကားထိုင်နေ တတ်ကြ၏။
"ဒီဘက်က မမ ဟိုဘက်ကို နဲနဲလောက် ကပ်ထိုင်ပေးပါ။ ဟိုဘက်က ဒေါ်ဒေါ်တို့ ကလဲ ကိုယ့်အိမ်ကိုယ့်ယာလို ဖြစ်သလို ထိုင်မနေကြပါနဲ့ နဲနဲလောက် ကျုံ့ ထိုင်ပေးကြပါ နောက်လူတွေ လာဦးမှာမို့ ပါ။ ဟုတ်ပြီ ဟုတ်ပြီ... ညီမလေးက ဒီဘက်ကို နဲနဲလောက် ကပ်ပေးပါ။ ကိုယ့်မောင်နှမတွေ ချည်းဘဲ ဘာမှမဖြစ်ဘူး... ဟုတ်ပြီ ဒီအစ်ကိုက အဲဒီလွတ်သွားတဲ့ နေရာမှာ ဝင်ထိုင်လိုက်... ဟုတ်ပြီ... အားလုံးဘဲ အခုလို ကူညီပေးတာကို ကျေးဇူးပါဗျာ..."
"ဖိုးလုံး... မိုးရွာမယ်နဲ့ တူတယ်ကွ။ မိုးသားတွေ တက်လာနေပြီ။ နောက်ပြီး မင်း... ကိုမိုးကြီးကို ကြည့်ပြောဦး... ကိုမိုးကြီး တော်တော်များနေပြီ..."
အနားကပ်လာပြီး ခပ်တိုးတိုး ဆိုလာသည့် ဗလစကားကို နားထောင်ရင်း ကောင်းကင်ကို မော့ကြည့် လိုက်တော့ မိုးသားများ တလိပ်လိပ် တက်လာသည်ကို တွေ့ လိုက်ရ၏။
"ဗလ... အောက်မှာ ခရီးသည်တွေကို မင်း... နေရာ ကြည့်... စီစဉ်ပေးထားလိုက်ဦး... ငါအမိုးပေါ်က ကုန်တွေကို တက်ကြည့် လိုက်ဦးမယ်"
ဗလကို မှာပြီး စက်လှေ အမိုးပေါ်သို့ တက်လာခဲ့လိုက်သည်။ တသုန်သုန် တိုက်ခတ်နေသည့် လေတွင် မိုးရိပ်မိုးငွေ့ တို့ ပါလာသည်။ စက်လှေအမိုးပေါ်မှ ကုန်များကို စနစ်တကျ နေရာချထားလိုက်၏။ ကုန်ပစ္စည်းများ ရေထဲ လွင့်မကျအောင် ချည်သင့်သည်ကိုချည်၊ ဖိသင့်သည်ကိုဖိပြီး အပေါ်မှ ပလပ်စတစ် မိုးကာဖြင့် ထပ်အုပ်လိုက်သည်။ ထို့ နောက် မိုးလုံနိုင် မလုံနိုင်ကို တချက်ပြန်စစ် ကြည့်လိုက်၏။
"ဟေ့... ဖိုးလုံး ဒီနေ့ ခရီးသည် အခြေအနေ ဘယ်လိုရှိလဲကွ"
စက်လှေခေါင်မိုး အနောက်ဘက် တက်မကိုင် နေရာတွင် သူတို့ မြို့ လေးမှ ကာလသား လူငယ်တချို့ နှင့် အဖွဲ့ ကျနေသည့် တက်မကိုင် ကိုမိုးကြီးက လှမ်းမေးလာခြင်း ဖြစ်၏။
"အောက်ထဲမှာတော့ လူကပြည့်သလောက် ဖြစ်နေပြီ ကိုမိုးကြီး... ထွက်မယ်ဆိုရင်တောင် ထွက်လို့ ရနေပြီ"
"ဟာ... ဘာလို့ ထွက်ရဦးမှာလဲကွ။ စက်လှေ အောက်ထဲမှာ ပြည့်သွားရင် ခေါင်မိုးပေါ်ထပ်တင်ပေါ့။ ဒီလိုနေ့ လေးဘဲ ငွေရှာရတာ... ရသလောက်သာတင်..."
"မိုးနဲ့ လေနဲ့ ခရီးသည်တွေ အဆမတန်ကြီး တင်လို့ ဖြစ်ပါ့မလား... ဒီတစ်ခေါက် ကုန်တွေကလဲ များတယ်နော်  ကိုမိုးကြီး"
"ငါပြောသလိုသာ လုပ်ပါကွာ။ ဒီဧရာဝတီမြစ်ထဲမှာ စက်လှေက ကားလို တိုက်စရာ ဘာမှ ရှိတာမဟုတ်ပါဘူး။ ပြီးတော့ တက်မကိုင်က ငါပါကွ... ငါမောင်းရမှာပါ ဒီတော့ ငါပြောသလိုသာ လုပ်စမ်းပါ"
"အင်းပါ... ဒါဆိုလဲ ကိုမိုးကြီး သဘောပဲ... ကိုမိုးကြီးလဲ စွတ်သောက်မနေနဲ့ ဦးဗျ... အာတွေလျှာတွေ လေးနေပြီ။ လူဝိတ်အရမ်းများရင် ကျွန်တော်လဲ ဝင်ကူမောင်းပေးနိုင်မှာ မဟုတ်ဘူး... ကိုမိုးကြီး တစ်ယောက်တည်း မောင်းရမှာ... ဟာ... ကိုမိုးကြီးတို့ က လုပ်ပြန်ပြီဗျာ... ဝက်သားတွေနဲ့ မြည်းနေပြန်ပြီ မောင်းရမှာက စက်လှေ သွားရမှာက ရေလမ်းခရီးဗျ... မသိတာလဲ မဟုတ်ဘဲနဲ့ ... အဲဒါတွေ ခက်တာပေါ့"
"ဟေ့ကောင် ဖိုးလုံး... ဒီလမ်းဒီခရီးက မင်းနို့ နံ့ မစင်ခင်ကတည်းက ငါမောင်းလာတာပါကွ... မင်းငါ့ကို ပြန်ဆရာ လုပ်စရာ မလိုပါဘူး။ သွားကိုယ့်အလုပ် ကိုယ်သွားလုပ်ချည်"
ကိုမိုးကြီးက အုံနာလဲ အုံနာ တက်မကိုင်လဲ တက်မကိုင်မို့ သူဘာမှ မပြောနိုင်သော်လဲ ဒီလို စည်းဖောက်တာမျိုးကိုတော့ သူမကြိုက်... ကိုမိုးကြီးနှင့် ဝိုင်းဖွဲ့ နေသည့် လူငယ်များကလဲ သူတို့ မြို့ လေးမှ စရိုက်ကျသည့် လူငယ်အုပ်စု ဖြစ်သည်။ ထိုအထဲမှ တင်သောင်းဆိုသည့် တစ်ယောက်နှင့် သူနဲ့ က သိပ်မျက်နှာကြော မတည့်ကြ။ ခုလဲ သူက ကိုမိုးကြီးကို အပိုင်ကပ်ထားပြီး သူ့ ကိုတော့ ဂရုစိုက်စရာ မလိုဘူး ဆိုသည့် အချိုးမျိုးချိုးထားသည်။ သူကလဲ ဒီလို အချိုးမျိုးကို လုံးဝမကြိုက်။ သွားရမည့် ခရီးက ရေလမ်းခရီးမို့ မိမိ စက်လှေပေါ် လိုက်သည့် ခရီးသည်က မိမိတို့ စက်လှေသမားများ စကားကို နားထောင်ရမည်။ ဒါမှ အားလုံး ဘေးအန္တရာယ် ကင်းမည်ဖြစ်၏။
"တင်သောင်း... မင်းတို့ ကလဲ သောက်စားထားပြီး ခုလို သီချင်းတွေ အော်ဆို ကခုန်နေတာ မလွန်ဘူးလား။ ဒီစက်လှေက မင်းတို့ စင်းလုံးငှားလာတဲ့ ပျော်ပွဲစားထွက်တဲ့ စက်လှေ မဟုတ်ဘူးလေ။ တခြား ခရီးသည်တွေကိုလဲ နဲနဲတော့ အားနာဦးမှပေါ့"
"ကိုမိုးကြီးကတောင် ဘာမှ မပြောတာကို မင်းက ဘာဖြစ်နေတာလဲ"
 ဖိုးလုံး စိတ်ထဲ တင်းခနဲ ဖြစ်သွားပြီး လက်သီးနှစ်ဘက်ကို ဆုပ်လိုက်မိသည်။ ကိုမိုးကြီးကို ကြည့်လိုက်တော့ ကိုမိုးကြီးက ထားလိုက်ပါကွာ ဆိုသည့် သဘောမျိုး လုပ်ပြသည်။ သူတို့ ကျွေးတာ၊ မွေးတာကို သောက်စားထားပြီး ကိုမိုးကြီးလဲ ပြောဖို့ ခက်နေဟန်တူသည်။ ကိုမိုးကြီးကမှ ဘာမှ မပြောသည့်နောက် သူကရော ဘာဆက်ပြောရမလဲ။ ထို့ နောက် သူမကျေမနပ်ဖြင့် အောက်ဘက်သို့ ပြန်ဆင်းလာခဲ့လိုက်သည်။ သူ့ စိတ်ထဲတွင် နဲနဲလေးသွားသည်။ ဒီလိုဖြင့် သူတို့ စက်လှေ ပြည်မြို့ ဆိပ်ကမ်းမှ မိမိတို့ မြို့ လေးသို့  ပြန်ထွက်လာခဲ့ကြသည်။ စက်လှေပေါ်တွင်  ခရီးသည်နှင့် ကုန်က အပြည့်မို့ စက်လှေဖောင်းကိုပင် ထိလုထိခင် ဖြစ်နေပြီ။ ဒီကြားထဲ လေထန်နေသဖြင့် စက်လှေကို ကမ်းမှ မနည်းခွာရသည်။ ဖိုးလုံးတို့ စက်လှေသမား ငါးယောက်စလုံး အလုပ်ရှုပ် သွားကြ၏။ ဒီလိုဖြင့် ကျောင်းကြီးအိုးတန်းဝဲကို ဖြတ်ကျော်ပြီး ပြည်မြို့ ပန်းခြံကို ကျော်လာသည့်နောက် မိုးက စတင် ရွာလာသည်။ မိုးနှင့်အတူ လေကလဲ ပိုထန်လာသည်။ လေရောမိုးပါ ချလာသည့်နောက် လှိုင်းကပါ ကြီးလာသည်။ စက်လှေက မိုးထဲလေထဲ လှိုင်းထဲတွင် လူးလွန့် နေသည်။ ဖိုးလုံး ကုန်ပစ္စည်းများ ရေထဲ ပြုတ်မကျအောင်၊ မိုးမစိုအောင် လိုက်စစ်နေရ၏။ ခုမှ ပြဿနာက စလာပြီ။ မိုးရွာလာသဖြင့် စက်လှေ အမိုးပေါ်မှ လူတချို့ ထီးများထုတ်ဆောင်း ကြသဖြင့် တက်မကိုင် ကိုမိုးကြီး ရှေ့ကို ကောင်းကောင်း မမြင်ရတော့။ နဂိုကမှ မူးနေတော့ ပိုမောင်းရခက်လာသည်။ ဒီကြားထဲ ဟိုကောင်တွေ အဖွဲ့ ကလဲ အလိုက်ကမ်းဆိုး မသိ၊ ငြိမ်ငြိမ်မနေကြပေ။
"ဖိုးလုံးရေ... ထီးတွေ ပိတ်ခိုင်းပါဦးဟ... ဒီမှာ ရှေ့ကို ကောင်းကောင်း မမြင်ရတော့ဘူး"
မိုးသံလေသံကို ဖောက်၍ ထွက်လာသည့် ကိုမိုးကြီး၏ အော်ပြောသံကို ကြားလိုက်ရသည်။
"ဒါကြောင့် ကိုမိုးကြီးကို စက်လှေအမိုးပေါ် လူမတင်ဖို့ ပြောတာပေါ့။ ကဲ... ခရီးသည်တို့ ထီးတွေ မပိတ်ချင်ရင် စက်လှေ ဟိုဘက်ဒီဘက်ကို မျှထိုင်ပြီး အလည်လမ်းကြောင်းလေး ဖွင့်ပေးပါဦး။ ဒီမှာ တက်မကိုင်က ရှေ့ကို မမြင်ရလို့ ကူညီပါဦးဗျာ... ကူညီပေးကြပါဦး... ရပြီလား ကိုမိုးကြီး"
"အေး... ရပြီ ဖိုးလုံး..."
ဝါဆိုဝါခေါင် ရေဖောင်ဖောင် ဆိုသည့် စကားအတိုင်း ကမ်းနှစ်ဘက်သို့ ရေပြည့်နေပြီဖြစ်သည်။ ပြည်မြို့ နဝဒေး တံတားတိုင် အောက်ခြေခုံများပင် ရေမြုပ်နေပြီ ဖြစ်၏။
"ကိုမိုးကြီး တံတားတိုင်ခုံတွေ မြုပ်နေတယ်နော် တိုင်နှစ်တိုင် အလည်ကနေမောင်း ကပ်မဆွဲနဲ့ လူဝိတ်က များတယ်"
ကိုမိုးကြီးက စက်လှေကို တံတားတိုင်နားက ကပ်ကပ်မောင်းတတ်သဖြင့် လှမ်းသတိပေးရသေးသည်။ ဒီလို သတိပေးတော့ ကိုမိုးကြီးက မင်းဆရာ မလုပ်ပါနဲ့ ဆိုသည့် အကြည့်မျိုးဖြင့် လှမ်းကြည့်သည်။ မကြည်လဲ မတတ်နိုင် ကိုယ့်တာဝန် ကိုယ်ကျေအောင်တော့ သတိပေးရမည်သာ...
"ကိုမိုးကြီး ပြောနေရဲ့ နဲ့ တံတားတိုင်နားကို ကပ်ဆွဲရလား... ဟာ..."
"ဒုန်း...."
အော်သံတွေ ဆူညံ ပွက်လောရိုက်သွားသည်။ သူ့ အော်သံပင် မဆုံးလိုက် စက်လှေက တံတားတိုင်နားမှ ဖြတ်မောင်းစဉ် ရေဆွဲအားကြောင့် ရေစီးနောက် ပါသွားပြီး ရေမြုပ်နေသည့် တံတားတိုင် အောက်ခြေခုံကို ဝင်ဆောင့်သည်။ တံတားတိုင် အောက်ခြေခုံကို တိုက်ပြီး စက်လှေ မှောက်သွားချိန်၊ ဖိုးလုံး တစ်ယောက်လည်း ရေထဲသို့ ပြုတ်ကျသွားသည်။ ဖိုးလုံး ရေမျက်နှာပြင် ပေါ်သို့ ပြန်ပေါ်လာပြီးနောက် အသက် ခပ်ပြင်းပြင်း ရှူလိုက်စဉ် လှိုင်းလုံးတစ်လုံးက ဝင်ဆောင့်သဖြင့် အသက်ရှူမှားသွား ပြန်၏။ မိုးတွင်း ရေစီးက တံတားတိုင်ကို ဦးတိုက်စီးပြီးနောက် ရေစီးကြောင်း နှစ်ကြောင်းခွဲပြီး ဆက်စီးသည်။ ဖိုးလုံးက မြစ်လယ်ဘက်သို့ စီးသည့် ရေစီးကြောင်းထဲသို့ ပါသွားသည်။ နဂိုကမှ မိုးတွင်းမို့ ရေစီးက သန်သည့်အပြင် တံတားတိုင်ကို ဦးတိုက်စီးပြီး ပြန်ခွဲထွက်လာသည့် ရေစီးက ပုံမှန်ထက် နှစ်ဆလောက် မြန်သည်။ ဖိုးလုံးလဲ မိုးထဲ၊ လေထဲ လှိုင်းကြားတွင် ဆက်ကူးဖို့ မကြိုးစားတော့ဘဲ ရေစီးနောက်သို့ သာ မျှောလိုက်သွားလိုက်၏။ ရေစီးကြောင်းအတိုင်း ဖိုးလုံး မြစ်လယ်သို့ တရွေ့ ရွေ့ မျောပါသွားသည်။ ပတ်ဝန်းကျင် တစ်ခုလုံး ကမ္ဘာပျက်သလား အထင်မှားရ၏။ ယူပါကယ်ပါ တစာစာဖြင့် အော်ဟစ်ငိုကြွှေးနေသံများကို စိတ်မချမ်းမြေ့ ဖွယ် ကြားနေရသည်။ မိုးထဲလေထဲ မြစ်ရေပြင်ထက်တွင် အသက်လု ကူးခတ်နေကြသည့် ခရီးသည်များ၊ ပြန့် ကျဲနေသည့် ကုန်ပစ္စည်းများကို မြင်တွေ့ နေရ၏။ တံတားတိုင်မှ ကမ်းခြေဘက်သို့ ခွဲထွက် စီးသွားသည့် ရေစီးကြောင်းအတိုင်း စက်လှေက မှောက်ခုံကြီး မျောပါသွားသည်။ ကမ်းခြေဘက်သို့ ခွဲထွက် စီးသွားသည့် ရေစီးက ကမ်းစပ်ဘေးတွင် ဘေးတိုက်ကပ်ထားသည့် ရေနံတင် စည်တွဲကြီး အောက်သို့ တည့်တည့် စီးဝင်သဖြင့် ခရီးသည်များ ကံဆိုးကြသည်။
ထိုနေ့ က ခရီးသည်တို့ ကို လိုရာ ခရီးဆုံးသို့ လိုက်မပို့ နိုင်သည့်အတွက် သူတို့ တာဝန်မကျေခဲ့ကြ။ ထိုအဖြစ်အပျက်တွင် ခရီးသည်ပေါင်း တစ်ရာကျော်လောက် သေကြေပျက်စီး ခဲ့ကြရပြီး နောက်နေ့ အကောက်တောင် ဝဲပြန်အတွင်းတွင် အလောင်းများ ထပ်နေခဲ့သည်။ ခရီးသည်များ ကံဆိုးစွာဖြင့် ရေနံတင် စည်တွဲကြီးအောက် ရေစီးအတိုင်း မျောပါသွားခြင်းကြောင့်လဲ ပို၍ အသေအပျောက် များရခြင်း ဖြစ်သည်။ ထိုအတိတ်ဆိုးက ပြန်စဉ်းစားမိတိုင်း သူ့ ကို အမြဲခြောက်လှန့် နှိပ်စက်နေ၏။ ဝါဆိုပန်းခူးပွဲနေ့ နီးလာတိုင်း မေ့ပျောက်ထားသည့် အကြောင်းအရာတို့  အာရုံတွင် ပြန်ပြန်ပေါ်လာတိုင်း မိမိကိုယ်ကို ခွင့်မလွှတ်နိုင်အောင် ဖြစ်ရသည်။ သူသာ ကိုမိုးကြီးနှင့် အတိုက်အခံလုပ်ပြီး စက်လှေ အမိုးပေါ်သို့ လူမတင်ဖြစ်ခဲ့လျှင်၊ အမုန်းခံပြီး ကိုမိုးကြီးကို အရက်မသောက်အောင် တားနိုင်ခဲ့လျှင်၊ ကိုမိုးကြီး မျက်နှာကို မထောက်ဘဲ စည်းကမ်းမဲ့ လူငယ်တစ်စုကို ထိန်းသိမ်းနိုင်ခဲ့လျှင်၊ တံတားတိုင်နားမှ ကပ်မမောင်းဖို့ ကိုမိုးကြီးကို စောစောကတည်းကသာ တားနိုင်ခဲ့မည် ဆိုလျှင် ဒီအဖြစ်အပျက်တို့  ဖြစ်ချင်မှ ဖြစ်မည်ဖြစ်သည်။ ခုတော့ မိမိ အတွေ့ အကြုံအရ ဒါမျိုးတွေ ဖြစ်နိုင်တာကို သိသော်လဲ အလုပ်ရှင်နှင့် အတိုက်အခံ မလုပ်ချင် စိတ်ကြောင့် ပြန်ပြင်၍ မရနိုင်တော့သည့် အဖြစ်အပျက်တို့ ဖြစ်ပျက်ခဲ့ရပြီ။ ထိုနေ့ က အဖြစ်အပျက်က နှစ်တွေ ဘယ်လောက် ကြာကြာ သူ့ အတွက်တော့ ပြန်စဉ်းစားမိတိုင်း မနေ့ တနေ့ က ဖြစ်ပျက်ခဲ့သလို နာကျင်ခံစား နေရတုန်း ဖြစ်သည်။ သေချာသည်ကတော့ ရာသီတစ်ပတ် ပြန်လည်လာပြီး ဝါဆိုပန်းခူးနေ့ ရက်သို့ ပြန်ရောက်တိုင်း ထိုအဖြစ်အပျက်က သူ့ ကို တစ္ဆေတစ်ကောင်လို ခြောက်လှန့် နေဦးမည်သာ ဖြစ်ပါတော့သည်။
19 comments:
  1. ဝတ္ထုရေးလည်းကောင်းပါတယ်.။တကယ့်အဖြစ်အပျက်လေးကိုရေးထားတာမို့
    ဖတ်ရင်းစိတ်မကောင်းဖြစ်၊မျက်လုံးထဲလည်းမြင်ယောင်နေတော့တာပဲ။
    ခင်မင်လျက်
    အမ.
    ReplyDelete
  2. ဖိုးလုံးက စောစောကတည်းကသာ တားနိုင်ခဲ့မည် အရာများသာဖြစ်ခဲ့လျှင်------------------
    မကြီးဂျက်လဲဒီပိုစ့်လေးဖတ်ရမှာ မဟုတ်ပါဘူးလေ
    စာရေးကောင်းတယ်
    ReplyDelete
  3. လမင်းတို့ဘက်မှာ အဲဒါမျိုးတွေခဏခဏကြားဖူးတယ်..
    စာရေးကောင်းတော့ မျက်လုံးထဲအကုန်မြင်မိတယ်။။
    ReplyDelete
  4. စီအိုင်အေ ပစ်ပစ်25 May 2012 at 04:01
    ဘလက်ရေ..ဖတ်ပြီးတော့ ကောမက်ပေးမယ်လည်းလုပ်ရော
    ကျမဘက်က ကွန်နက်ရှင်ကျသွားပါလေရော..
    အဲတာနဲ့နောက်တခေါက်ပြန်လာဖတ်..
    ကောမက်ပြန်ရေးတာ..
    ရေးထားတာကောင်းတယ်..ဆက်ရေးပါ..အားပေးနေပါတယ်..
    ReplyDelete
  5. စက်လှေမောင်းတဲ့ မိုးကြီးရော ???
    လှိုင်မြစ်ထဲ စီးဝင်တဲ့ ထန်းတပင်မြစ်ထဲမှာ လေထန်ထန်နဲ့  စက်လှေစီးဖူးတယ်။ အဲ့တုန်းက ရေမကူးတတ်သေးဘူး။ ကြောက်လိုက်တာမှ လွန်ရော။
    တကယ့်အဖြစ်အပျက်လို့ ထင်မိတယ်။ ???
    ReplyDelete
  6. ဖတ်ပြီးစိတ်မကောင်းဘူး.. လူအချို့ရဲ့ တာဝန်မဲ့မှု တာဝန်မသိမှုတို့ကြောင့် မပျက်စီးသင့်တဲ့ အသက်တွေ ပျက်စီးသွားရတာတွေ ကြားတိုင်း စိတ်ဆင်းရဲခဲ့ရတယ်.. ဖြစ်ရပ်မှန် မဟုတ်ပါစေနဲ့ပဲ ဆုတောင်းတယ် ညီရဲ ရယ်..
    ခင်တဲ့
    အစ်မဝသုန်
    ReplyDelete
  7. စိတ်မကောင်းစရာပဲ...အရေးအသားတွေက စွဲဆောင်မှု့ကောင်းတယ်
    လေးစားအားပေးလျက်ပါ
    ReplyDelete
  8. ညီရဲရေ..
    ဝမ်းနည်းစရာကြီး...
    အန္တရာယ်ကို ပေါ့ပေါ့တန်တန် သဘောထားတာ မကောင်းပါဘူး...
    မိုးတွင်းဆို ပိုတောင် ဂရုစိုက်ရဦးမှာနော်..
    ခုတော့ မဖြစ်သင့်ဘဲ ဖြစ်ကုန်ကြတယ်။ လူအသက် တစ်ရာကျော်တောင်ဆိုတော့ မနည်းပါလား... စိတ်မကောင်းဖြစ်မိတယ်။
    ReplyDelete
  9. တကယ့်အဖြစ်အပျက်လို့ထင်မိတယ်...
    ဖတ်ရင်းအဆုံးအထိ ခေါ်သွားတယ်...
    စိတ်ထဲမကောင်းဘူး....
    ReplyDelete
  10. အဲဒီလို ပေါ့ပေါ့တန်တန်သဘောထားခဲ့ကြလို့ ကြီးကြီးမားမား သင်ခန်းစာတစ်ခုလဲ ရခဲ့ပြီးပြီမဟုတ်လား...။
    ReplyDelete
  11. အေးဗျာ...တကယ့်အဖြစ်အပျက်လေးနဲ့တူတယ်ဗျ....တော်တော်စိတ်မကောင်းပါဘုးဗျာ....ပေါ့ပေါ့ဆဆ လုပ်တာ ဘယ်ဟာမှမကောင်းဘူးဗျ....အခုတော့ နောင်တဘဲ ရနေကြမှာပေါ့နော်.....ကိုညီအရေးအသားကလည်း အဆုံးထိ ဘယ်လိုခေါ်သွားမှန်းကို မသိပါဘူးဗျာ....ကောင်းတယ် ကိုညီေ၇.....
    ReplyDelete
  12. ဟန်ကြည်26 May 2012 at 02:08
    စာရေးကြဲပေမယ့် တစ်ပုဒ်ဆိုတစ်ပုဒ် ထိထိရောက်ရောက် ရေးနိုင်တာ ချီးကျူးပါတယ်...ဦးဟန်ကြည်တို့ကတော့ ရေငန်သောက် မြက်ခြောက်စားတဲ့ အညာသားမို့ ရေကို ဘယ်လိုကြောက်သလဲမမေးနဲ့...လှေစီးရရင် သံဗုဒ္ဓေတောင် အစမေ့တယ်...မိုးရွာတာရယ်...လူများတာရယ်...တက်မကိုင် စည်းမစောင့်တာရယ် ဖြစ်စေတဲ့အကြောင်းတွေကလည်း ဆုံသွားတာကိုး...သူများဆီမှာတော့ ကမ်းခြေစောင့်တို့ ကယ်ဆယ်ရေးတို့ဆိုတာ ဖြစ်ပဟေ့ဆိုရင် အမြန်ရောက်လာပေမယ့် ကိုယ့်ဆီမှာတော့ ထိုင်ကြည့်နေရုံပဲ တတ်နိုင်ကြတာတွေးရင်း ရင်မောတယ်...
    ReplyDelete
  13. အဖြစ်မှန်လေးလို့ယူဆမိတယ် မောင်ညီရဲရေ။ ဖြစ်ပျက်မှုတွေဟာ မျက်စိတစ်မှိတ်အတွင်း မြန်ဆန်လွန်းတယ်။ ဒီဇာတ်လမ်းလေးဖတ်ပြီး တီတင့်တို့တက္ကသိုလ်တက်စဉ်က တိုးအေးသင်္ဘောမှောက်တာကို သတိရမိတယ်။
    လောကလူသားအားလုံး စိတ်ဓာတ်အစဉ်ကြည်လင်အေးမြ ချမ်းသာသုခနဲ့ပြည့်စုံကြပါစေကွယ်။
    မေတ္တာဖြင့်
    အန်တီတင့်
    ReplyDelete
  14. ကိုယ်တို့  မြစ်ဝကျွှန်းပေါ်ကလည်း ရေလမ်းခရီးကို အဓိကထားတော့ ဒီလို အဖြစ်လေးတွေ ရှိတယ်..စာရေးကောင်းတယ်...
    ReplyDelete
  15. ဖိုးလုံးက တာဝန်ကျေပါတယ်။ မိုးကြီးကသာ တာဝန်မကျေခဲ့တာပါ။ စက်လှေတစ်စီးလုံးအတွက် သူဟာ အရေးအကြီးဆုံးလူပဲလေ။ ခရီးသည်အားလုံးရဲ့အသက်က သူ့လက်ထဲမှာဆိုတဲ့အသိစိတ်လေးသာရှိခဲ့ရင်....။
    ReplyDelete
  16. ရေခရီးသွားတိုင်းအတွက် ခရီးမရောက်မချင်း သက်ဘေးမလွတ်ဖူးဗျာ
    တကယ့်အဖြစ်ပျက်တွေ ကိုယ်တိုင်မကြုံရပေမယ့်
    မျက်စိရှေ့တင် ရေစီးသန်နဲ့မြစ်ထဲ နှစ်မြုပ်သွားတဲ့လှေတွေစက်လှေတွေကို တွေ့ဖူးတယ်
    ReplyDelete
  17. ရင်နှင့်စရာပါလား အကို... ရေမကူးတက်သူမို့ ရေလမ်းဆို ကြောက်တယ် ..:)
    ReplyDelete
  18. ကိုယ်တိုင်လည်း ရေမကူးတတ်တော့ ရေလမ်းခရီးဆို နည်းနည်းတော့ကြောက်တယ် အကိုရေ... ရေဒထားတာလေးဖတ်ပြီး ရင်ထဲမကောင်းဘူး...
    ReplyDelete
  19. စာရေးကောင်းလိုက်တဲ့ ရဲရဲး)ခေါင်းစဉ်နဲ့ဇာတ်လမ်းက ပနံရလွန်းတယ်။
    ReplyDelete