Wednesday 21 March 2012

ဆန္ဒမစောကြပါနဲ့ (တဂ်)

ခုတလော အလုပ်များ နဲနဲရှုပ်နေသဖြင့် ဘလော့လေးပင် ဖုန်တက်မတတ် ဖြစ်နေပြီ။ အလုပ်မအားသဖြင့် မိတ်ဆွေ အဖော်အပေါင်းတို့ ဆီကိုလဲ အသွားအလာ ကျဲသွားသည်။ ဒီိနေ့ တော့ အလုပ်လေး အားတုန်းလေး ဖုန်ခါတဲ့ အနေနဲ့ တဂ်ပိုစ့်လေး တစ်ပုဒ်ကို အားထုတ်လို့ ရေးလိုက်သည်။ ဒီပိုစ့်လေးကို မမဝသုန်က တဂ်လာခြင်းဖြစ်သည်။ ပထမဆုံး ခုလို သတိတရနဲ့ တဂ်လာတဲ့ မမဝသုန်ကို ကျေးဇူးတင်ကြောင်း ပြောလိုပါသည်။ ပိုစ့်ရဲ့ ခေါင်းစဉ်နာမည်လေးက ဆန္ဒမစောကြပါနဲ့ တဲ့။  ဒီခေါင်းစဉ်ကို ဖတ်မိတော့ လူတစ်ယောက်ကို သွားသတိရမိ၏။ ကျွန်တော့် ဦးလေးဖြစ်သူ၏ သူငယ်ချင်း တစ်ယောက် ဖြစ်သည်။ ထိုသူသည် ကျွန်တော်တို့ ရွာမှ စင်ကာပူနိုင်ငံသို့  အစောဆုံး အလုပ်သွားလုပ်ကြသူများထဲတွင် တစ်ယောက် အပါအဝင်ဖြစ်သည်။ သူစင်ကာပူနိုင်ငံတွင် လုပ်သည့်  အလုပ်က သင်္ဘောများတွင် ဆီဖြည့်သည့် အလုပ်ဖြစ်သည်။ အလုပ်ချိန်က လေးရက်လုပ် သုံးရက်နား ဖြစ်ပြီး သူ့ အလုပ်က သူလိုကိုယ်လိုပင် သိပ်မထူးခြားပေ။ သို့ သော် သူက နဲနဲ လူရည်လည်ပြီး လုပ်တတ်ကိုင်တတ် ဖြစ်သဖြင့် ရွာမှ လူများကို သူ့ အလုပ်တွင် သွင်းပေးခြင်းဖြင့် ပွဲခသဘောမျိုး အကျိုးဆောင်ခများ ရလာသည်။ အခြားအေးဂျင့်ကုမ္ပဏီများနှင့်ပါ ချိတ်ဆက်ပြီး အေးဂျင့်သဘောမျိုး လုပ်ကိုင်လာသည်။ သူ့ သူငယ်ချင်း တစ်ယောက်နှင့် ရန်ကုန်မြို့ တွင် အေးဂျင့်ကုမ္ပဏီ တစ်ခုထောင်လိုက်ပြီး သူ့ လုပ်ငန်းကို ချဲ့ ထွင်နိုင်လာခဲ့သည်။

ထို့ နောက် သူ့ အလုပ်မှ ထွက်လိုက်ပြီး စင်ကာပူနိုင်ငံနှင့် မြန်မာနိုင်ငံကို ကူးချည်သန်းချည် လုပ်နေသည်။ စင်ကာပူနိုင်ငံသို့ အလည်ဗီဇာဖြင့် သွားပြီး မြန်မာနိုင်ငံမှ လာသူများကို နေရာချထားပေးခြင်း၊ အေးဂျင့်ကုမ္ပဏီများနှင့် ချိတ်ဆက်ခြင်းများကို သူလုပ်သည်။ စင်ကာပူနိုင်ငံတွင် အလုပ်များကို စောက်ချလုပ်ကိုင်နိုင်ရန် အတွက် ဆယ်တန်းရောက်လာသည့် သူ့ သားအပေါ်တွင် မျှော်လင့်ချက် ကြီးကြီး ထားခဲ့သည်။ သူ့ သားဖြစ်သူ ဆယ်တန်းတွင် အောင်မှတ်ကောင်းကောင်းဖြင့် အောင်လျှင် စင်ကာပူနိုင်ငံတွင် ပိုလီတက်ခိုင်းပြီး သူက အုပ်ထိန်းသူ အနေဖြင့် နေထိုင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။ ဒါဆိုလျှင် သူ့ အတွက်လဲ တော်တော်လေး အဆင်ပြေသွားမည်။ ထို့ ကြောင့် သားဖြစ်သူ ဆယ်တန်းတွင် ထူးထူးချွန်ချွန်ဖြင့် အောင်နိုင်ရန်အတွက် သူစီစဉ်တော့သည်။ သူ့ သားကို နာမည်ကြီး ကျူရှင်တွင် ထားပြီး နာမည်ကြီး ဂိုက်များကို အိမ်ခေါ်သင်စေသည်။ သားဖြစ်သူကိုလဲ သူ့ အပေါ်မျှော်လင့်ချက် ဘယ်လောက်ထားကြောင်းကို တဖွဖွပြောပြီး ကြိုးစားရန် တိုက်တွန်းလေ့ ရှိသည်။ သူ့ သား စင်ကာပူနိုင်ငံတွင် ကျောင်းလာတက်ဖို့ အတွက်ကိုလဲ အစစ အရာရာ အဆင်ပြေအောင် စီစဉ်ထားသည်။ သို့ သော် သူ၏ ဆန္ဒစောမှုများက သားဖြစ်သူ အပေါ်တွင် ဖိအားများ သက်ရောက်ပြီး ဆယ်တန်းစာမေးပွဲကို ကျတော့သည်။ ထိုအခါ သူစိတ်ပျက်သွားသည်။ ထို့ နောက် သားဖြစ်သူနှင့် သူ့ မိသားစုကို စိတ်ကုန်သွားသည်။ မိန်းမဖြစ်သူကိုလဲ ကွာရှင်းပြတ်စဲ လိုက်သည်။ စင်ကာပူနိုင်ငံတွင် PRအမျိုးသမီး တစ်ယောက်ကို လက်ထပ်လိုက်ပြီး ထိုမှာပင် အခြေချ နေထိုင်နေပြီး သူ့ အလုပ်များကို ဆက်လက် လုပ်ကိုင်နေတော့သည်။ တကယ်က သူ့ ဘာသာသူ ဆန္ဒတွေစောပြီး သူမျှော်လင့်သလို ဖြစ်မလာသည့်နောက် ကိုယ့်အမှား ကိုယ်မမြင်ဘဲ သားနှင့် မိန်းမတို့ အပေါ်ကို အပြစ်ပုံချပြီး သူက ကိုယ်လွတ်ရုန်း သွားခြင်းဖြစ်သည်။ သူသာ ဆန္ဒတွေစောပြီး မျှော်လင့်ချက် အကြီးကြီး မထားခဲ့လျှင် ပြဿနာက ထိုမျှလောက်အထိ ကြီးကျယ်သွားမည် မဟုတ်ပေ။

လူဆိုသည့် အမျိုးကလဲ ဆန္ဒစောတတ်ကြသူများ ဖြစ်ကြ၏။ ခုချိန်တွင် လူတိုင်းနီးပါးက လက်ရှိ အနေအထားများကြောင့် အပြောင်းအလဲများကို မျှော်လင့်နေကြသည်။ တိတိကျကျ ပြောရလျှင် ကျွန်တော်လဲ မျှော်လင့်နေမိသည်။ လူတိုင်းနီးပါး မျှော်လင့်ချက်များ ကြီးကြီးမားမား ထား၍ ဆန္ဒတွေစောပြီး ပြောနေကြသံတွေကိုလဲ ကြားနေရသည်။ အပြုသဘောဆောင်သည့် အသံများကို ကြားရသလို နဲနဲလှုပ်တာနဲ့ ပြစ်တင်ဝေဖန်သံများက ညံလာသည်ကိုလဲ တွေ့ မြင်နေရသည်။ ကျွန်တော်လဲ ဖြစ်ပျက်သွားခဲ့သည့် ကိစ္စတွေကို ဘာကြောင့် ဆိုပြီး စဉ်းစားကြည့်ဖူးခဲ့သည်။ သို့ သော် စဉ်းစားကြည့်ရုံ သက်သက်သာ ဖြစ်ပြီး ကောင်းသည်ဆိုးသည်ကို မဝေဖန်ကြည့်ခဲ့ဖူးပါ။ အဘယ်ကြောင့် ဆိုသော် မိမိပြောမိလိုက်သည့် စကားတစ်ခွန်းက ကိုယ်ကျိုးစွန့် အနစ်နာခံပြီး ပြည်သူ့ အကျိုးအတွက် လုပ်ဆောင်နေသည့် ပုဂ္ဂိုလ်များကို ဝေဖန်မိသလို၊ အပြစ်တင် စောမိသလို ဖြစ်မည်ကို စိုးရိမ်မိသောကြောင့် ဖြစ်သည်။ သူတို့ လဲ သူတို့ ၏ အလုပ်ကို အကောင်းဆုံး လုပ်ဆောင်နေခြင်းသာ ဖြစ်မည်။ ဒါကိုကိုယ်က နားမလည်ဘဲ ကိုယ့်မိသားစု၏ အကျိုးစီးပွားကို ကုန်းရုန်းလုပ်နေပြီး ညဘက် အနားယူချိန်ရောက်မှ ကွန်ပြူတာလေးဖွင့် ဟိုအော်၊ ဒီအော်ဖြင့် ဝေဖန်နေခြင်းမျိုးက မဖြစ်သင့်ဟု ထင်မိသည်။ သူတို့ လဲ ကိုယ်ကျိုးစွန့် အနစ်နာခံပြီး သူတို့ တတ်နိုင်သလောက်ထိ အကောင်းဆုံးကို လုပ်ဆောင်နေကြမည်ဟု ယုံကြည်မိသည်။ ဒါကို ကိုယ်က ဆန္ဒတွေစော ရယူချင်တာတွေ များပြီး ဟိုအော်၊ ဒီအော်၊ ဟိုဟာတောင်း ဒီဟာတောင်းခြင်းများက သူတို့ အပေါ် ဖိအားများ သက်ရောက်သွားပြီး လုပ်ရကိုင်ရ ခက်ခဲစေမည်ကိုလဲ စိုးရိမ်မိသည်။ တကယ်က ကိုယ်မလုပ်နိုင်တာကို တကယ်လုပ်နေကြသူများကို ကိုယ်က ကူညီထောက်ပံသင့်သည်။ ဝေဖန်ပြစ်တင်နေမည့် အစား အားပေးဖေးကူလို့ ပြောင်းလဲလာမည့် အသီးအပွင့်များကို မျှော်နေသင့်သည် မဟုတ်ပါလား...။

11 comments:

  1. ဘလက်ရေ လည်လည်လာတဂ်ပိုစ့်လေး ကောင်းတယ် အားပေးသွားတယ်။
    မြန်မာလိုဖတ်လို့ ရရေးလို့ ရတာ ဘယ်လိုပျော်မှန်းမသိ အလုပ်သစ်မှာ မြန်မာစာမဒေါင်းနိုင်သေးတာ ကမ္ဘာနဲ့ဝေးသွားသလားတောင်ထင်မိတယ်။း)
    သူငယ် နေကောင်တယ်ဟုတ် အိုကေနေပြီပေါ့ စားရတော့မှာလားးD

    ကိုယ်ရောစိတ်ပါအေးချမ်းပေါ်ရွှင်ပြီး
    သာယာချမ်းမြေ့ပါစေရှင်း
    မိုး

    P.S လစ်တုန်း စာလာဖတ်တာ ဟဲဟဲ ဖက်တီးတို့ အတွဲကိုမေးတယ်ပြောပေးအုံးနော်းD

    ReplyDelete
  2. နေဦး
    စာဖတ်ပြီးမမန့်လေးလို့ ပြန်လာတားD
    နေပါဦးး စာထဲကလူကြီးက သား၁၀တန်းကျတာနဲ့ နောက်အိမ်ထောင်ပြုရောလား အဆန်းပဲ
    ဟုတ်ပါ့
    (ကိုယ့်အမှား ကိုယ်မမြင်ဘဲ သားနှင့် မိန်းမတို့ အပေါ်ကို အပြစ်ပုံချပြီး သူက ကိုယ်လွတ်ရုန်း သွားခြင်းဖြစ်သည်။)ဘလက်ရေးတာမှန်တယ်။
    ကိုယ်တိုင်တောင်ဘာမှမှမလုပ်ပေးနိုင်သေးတာဆိုတော့ ပစ်တင်ဝေဖန်ဆိုကတော့ ဝေးပေါ့သူငယ်ချင်းရေ
    ဝင်တုန်းလေး အဝရေးတယ် ဟဲဟဲ စိတ်ကူးပေါက်လို့ နောက်တခါအွန်လိုင့်း ဝင်မိရင် လာမန့်အုံး မယ်းD
    ပုံ/
    ဂျင်းသူငယ်ချင်း

    ReplyDelete
  3. တို့မောင်လေးလည်း ဆန္ဒတွေမစောနဲ့နော်..။ အေးအေးဆေးဆေးပေါ့။
    ဖြစ်လာမှာပါ..။ ပျော်ပျော်ပါးပါးပေါ့..။။
    ခင်မင်လျက်
    သဒ္ဓါ

    ReplyDelete
  4. အခုလောလောဆယ်တော့ လိုင်းတွေကြပ်နေသလိုပဲး)

    ReplyDelete
  5. ကိုညီရဲရေ လမင်းလည်းဆန္ဒတွေစောတတ်တယ်
    သတိထားနေရမယ်...ပိုစ့်လေးမှတ်သားသွားပါတယ်..

    ReplyDelete
  6. အချိန်ကာလ နေရာဒေသနဲ့ အကြောင်းအရာ အတိမ်အနက်ပေါ်မူတည်ပြီး
    တစ်ခါတစ်ရံတော့လည်း ဆန္ဒလေးတွေစောမိပါတယ် မောင်ညီရဲရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  7. တဂ်ပို့စ်လေးကို ဖတ်သွားပါတယ် ... ကိုညီရဲရေ..း))

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  8. ဟုတ်တယ်။
    ကျနော်လည်း ဆန္ဒစောတတ်သူ တစ်ယောက်ပါပဲ။

    ReplyDelete
  9. ဟုတ်တယ်ဗျ၊ လောကမှာ ကျနော်တို့ မျှော်မှန်းထားတဲ့အတိုင်း ဖြစ်မလာ တာတွေက အများကြီးပဲ၊ အဲဒါကို ရမယ်ရှာပြီး ကိုယ်လုပ်ချင်တာတွေ လျှောက်လုပ်လို့မှ မဖြစ်တာ..၊

    မှန်မှန်ကန်ကန် သုံးသပ်ထားတဲ့ ပို့စ်လေးပါပဲ..၊

    ReplyDelete
  10. သူ့ဟာသူ နောက်မိန်းမလိုချင်တာနဲ့ပဲ သားဆယ်တန်းမအောင်တာအပေါ် မိန်းမနဲ့သားကို အပြစ်ပုံချပြီးကွာရှင်းရတယ်လို့ပဲ....
    ဒီလိုယောကျာ်းမျိုးတွေကလည်းရှိသေးတယ်။

    ReplyDelete
  11. ဆန္ဒစောတဲ့ မိဘတွေကြောင့် သားသမီးတွေမှာ ဝန်ပိစေတယ်..အရည်အချင်းထက် ပိုပြီး မမျှော်လင့်မိဖို့  ကြိုးစားရမယ်

    ReplyDelete