Tuesday 6 December 2011

လူတချို့ အကြောင်း တစေ့တစောင်း

မနက်ခင်းတွင် ဈေးလေးက ရုတ်ရုတ်သဲသဲ ရှုပ်ရှုပ်ထွေးထွေးဖြင့် စည်ကားနေသည်။ ကျွန်တော်နှင့် ကိုစိုင်းကျော်တို့ နှစ်ယောက် ထုံးစံအတိုင်း ဘိုကျောက် လက်ဖက်ရည်ဆိုင်လေးတွင် မနက်စာစားရင်း လက်ဖက်ရည် သောက်နေကြ၏။ ထိုစဉ်-

"အန်တီဘုတ်ကြီး ခုနက ပဲပြုတ် ရပြီလား"

ကြားလိုက်ရသည့် စကားသံက နဲနဲထူးဆန်းနေသဖြင့် ကျွန်တော် နောက်လှည့်ကြည့်မိသည်။ ဘယ်နှယ့် လက်ဖက်ရည်ဆိုင် လာပြီး ပဲပြုတ် လာတောင်းနေပါလိမ့် ဟုလဲ တွေးမိ၏။ ဘိုကျောက် လက်ဖက်ရည်ဆိုင်တွင် ပဲပြုတ်ရောင်းသည်ကို မကြားဖူးသဖြင့် ကျွန်တောလဲ အံသြသွားသည်။ နောက်ကို လှည့်ကြည့်လိုက်တော့ အသက်ဆယ့်ငါးနှစ်ခန့် ကောင်မလေး တစ်ယောက်အား ဒေါ်ဘုတ်ကြီးက ပဲပြုတ် ဆယ့်ငါးစေ့ခန့် ကို ပလတ်စတစ် အိတ်ဖြင့် ထည့်ပေးလိုက်၏။ ဒါကို တွေ့ လိုက်ရ သဖြင့် ကျွန်တော် ပိုအံသြသွားသည်။ ထိုကောင်မလေးကို ကျွန်တော် သိသည်။ လက်ဖက်ရည်ဆိုင် မျက်စောင်းထိုး ငါးအိမ်ကျော်လောက်က တိုက်အိမ်မှ ကောင်မလေး ဖြစ်၏။ ထိုအိမ်က လူတွေ အပြင်တွေ ဘာတွေ ထွက်ခဲသည်။ ထို့ ကြောင့် ကျွန်တော်လဲ မနေနိုင်တော့ဘဲ ကောင်မလေး ထွက်သွားသည်နှင့် ဒေါ်ဘုတ်ကြီးကို စပ်စုမိတော့၏။
"ဒေါ်ဘုတ်ကြီး ဘာတွေလဲဗျ... ပဲပြုတ်ရောင်းတာတော့ မဟုတ်ပါဘူးနော်..."

"ဘယ်ကသာ ညီရဲရယ်... နင်လဲ အဒီအိမ်အကြောင်း သိရဲ့ သားနဲ့ ။ မနက်အစောကြီး ဆိုင်ဖွင့်ရုံ ရှိသေးတယ် ထမင်းကြော် လာဝယ်တော့ ပဲပြုတ်သည် မလာသေးလို့ ထမင်းကြော်ကို ဒီအတိုင်း ထည့်ပေးလိုက်တာ အခု အဲဒီပဲပြုတ်ကို လာတောင်းတာလေ"

"ဗျာ... စောစောက လာဝယ်တဲ့ ထမင်းကြော်မှာ ပဲပြုတ်မပါလို့ ခုမှလာတောင်းတာ ဟုတ်လား။ သူတို့ က အဲဒီ ပဲပြုတ် ဆယ်ငါးစေ့လောက်ကို ဘာလုပ်မှာလဲ"

ကျွန်တော် တော်တော်လေး အံသြသွားသည်။ အခုကြုံနေရသည့် အခြေအနေမျိုးက ကျွန်တော် တွေးတောင် တွေးမကြည့်ဖူးသေးသည့် အခြေအနေမျိုး ဖြစ်၏။ ကျွန်တော် အံသြသွားသည်ကို ကြည့်ပြီး ဒေါ်ဘုတ်ကြီးက-

"အဲဒီအိမ်အကြောင်း သိလို့ ငါက မရောင်းချင်လို့ ပဲပြုတ်မရှိလို့ မရောင်းသေးဘူး ဆိုတာကို အတင်းဝယ်သွားတာ ညီရဲရေ။ ခုမြင်တဲ့အတိုင်းဘဲ တော်ရုံလူဆို ဘယ်သူက လာတောင်းတော့မလဲ လာတောင်းတော့လဲ ကြည့်ဦး အပျိုအရွယ်လေး ရှက်ဘဲ မရှက်ဘူးတော်"

ဒေါ်ဘုတ်ကြီး စပကားကို နားထောင်းရင်း ကျွန်တော် တွေတွေငေးငေးလေး စဉ်းစားခန်းဝင်သွားမိသည်။ ထိုအိမ်အကြောင်း ဒေါ်ဘုတ်ကြီးက နင်လဲ သိတဲ့ အတိုင်းဘဲ ဟုပြောသော်လဲ ကျွန်တော် သိပ်မသိပါ။ သို့ သော် သူများတွေပြောသည်ကိုတော့ ကြားဖူး၏။ ကိုယ့်ကိစ္စ မဟုတ်ပါဘဲ စဉ်းစားရင်း ရင်မောသွားမိသည်။

"အင်းဗျာ... အဲဒီအိမ်အကြောင်း လူတွေ ပြောတာတော့ ကြားဖူးပါတယ်။ ဒါပေမယ့် ဒီလောက်ထိ ဆိုးမယ်လို့ တော့ ထင်မထားဘူး"

"ဆိုးပြီကော ညီရဲရယ်... ငါဆိုင်ဖွင့်လာတာ ဆယ်နှစ်ကျော်ပြီ သူတို့  ဒီနေ့ ထမင်းကြော် လာဝယ်တာ ပထမဆုံး အကြိမ်ဘဲ။ တခြားဆိုင်တွေမှာ ဝယ်စားတာကိုလဲ ငါမတွေ့ ဖူးသေးဘူး"

"ဟင်... အဲဒီလောက်တောင်ဘဲလား။ ဟုတ်ရော ဟုတ်ရဲ့ လား ဒေါ်ဘုတ်ကြီးရယ်"

"ဟုတ်တယ် ညီရဲ... ဒေါ်ဘုတ်ကြီး ပြောတာ အမှန်တွေဘဲ။ မင်းလဲ ဒီရွာထဲ ကြီးလာတာဘဲ။ အဲဒီအိမ်က လူတစ်ယောက် ဆိုင်တစ်ဆိုင်မှာ ထိုင်ပြီး မုန့် တစ်ခုခု ဝယ်စားနေတာကို တွေ့ ဖူးလို့ လား။ ငါလဲ လူပျိုပေါက် အရွယ်ကတည်းက လက်ဖက်ရည်ဆိုင် ထိုင်လာတာ။ အဲဒီအိမ်က အိမ်ထောင်ဦးစီး ဆိုတဲ့လူတောင် လက်ဖက်ရည်ဆိုင် ထိုင်တယ် ဆိုတာ တစ်ခါမှတောင် မမြင်ဖူးသေးဘူး"

တစ်ဝိုင်းတည်း ထိုင်နေသည့် ကိုစိုင်းကျော်ကပါ ဝင်ပြောလာခြင်း ဖြစ်သည်။ ကိုစိုင်းထောက်ပြမှ ကျွန်တော်လဲ သတိထားမိသည်။ ဒီရွာ ကျဉ်းကျဉ်းလေးမှာ သူတို့ ထိုကဲ့သို့ ပြုမူသည်ကို ကျွန်တော်လဲ တစ်ခါမှ မမြင်ဖူးပေ။ သူတို့ အသုံးအစွဲ ကျစ်လစ်တာလား ကပ်စီးနဲတာလား ကျွန်တော်လဲ ဝေခွဲမရ ဖြစ်သွားသည်။

"ဒါကတော့ သူတို့ အသုံးအစွဲ ကျစ်လစ်တာလဲ ဖြစ်နိုင်တာဘဲလေ"

"ငါကလဲ ဒီလောက်နဲ့ ပြောပါ့မလား ညီရဲရာ။ ငါက သူတို့ အိမ်နဲ့ မျက်စောင်းထိုးမှာ နေတာဆိုတော့ သူတို့ အိမ်အကြောင်းကို သိတာပေါ့။ မင်းကြည့်... ဒီရွာထဲမှာ ပိုက်ဆံရှိတဲ့အိမ်တွေ တန်းစီလိုက်ရင် အဲဒီအိမ်က အချမ်းသာဆုံး မဟုတ်တောင် ဆယ်အိမ်စာရင်းထဲပါတယ်။ ဒါပေမယ့် သူတို့ အိမ်မှာ အလှူလုပ်တာကို မင်းဒီအရွယ် ရောက်တဲ့အချိန်ထိ ဘယ်နှစ်ခါ မြင်ဖူးလဲ"

"အင်း... ဟုတ်တယ်... သူတို့ အိမ်မှာ အလှူလုပ်တာကိုတော့ တခါမှ မမြင်ဖူးဘူး ကိုစိုင်း"

"ဘယ်မြင်ဖူးပါ့မလဲ တစ်ခါမှမှ မလုပ်တာကို။ ဒါတင်ဘဲလား မဟုတ်သေးဘူး။ သူတို့ အိမ်ရှေ့မှာ ဘယ်လို အလှူခံမျိုးလာလာ တစ်ခါမှ မလောင်းဖူးလို့ ရပ်ကွက်ထဲမှာ တောင်းစားတဲ့သူတို့ ၊ အလှူခံပုဂ္ဂိုလ်တို့ တောင် သူတို့ အိမ်ရှေ့မှာ ဘယ်တော့မှ အလှူခံ မရပ်ဘူး"

ကိုစိုင်းပြောမှ ကျွန်တော်လဲ ဟိုတခါ ရပ်ကွက်ဘော်လုံးပွဲ ကျင်းပတော့ ထိုအိမ်ကို သွား၍ အလှူခံကောက်တော့ ငြင်းလွှတ်လိုက်သည်ကို သတိရသွားမိသည်။

"အဆိုးဆုံးကတော့ ဒီရွာလယ် လမ်းမကြီး ချိုင့်တွေ ခွက်တွေနဲ့ ပျက်စီးနေလို့ တစ်ရွာလုံး ကိုယ်နိုင်သလောက် ကိုယ်ထူကိုယ်ထ ကိုယ်လမ်းကိုယ်ခင်းကြတုန်းက သူတို့ အိမ်က အလှူငွေ ဘယ်လောက်ထည့်မယ်လို့ မင်းထင်လဲ ညီရဲ"

"ကျွန်တော် မထင်တတ်ဘူး ကိုစိုင်း"

"အဲဒီတုန်းက ရွာလမ်းမကြီးက တော်တော်လေး ပျက်စီးနေလို့ ပြန်ပြင်ဖို့ ဆိုပြီး ရွာထဲက လူတွေ ကိုယ်နိုင်သလောက် ပိုက်ဆံထည့်ကြတယ်။ ရပ်၊ ရွာ အကျိုး အတွက် ဆိုတော့ တချို့ တွေ ဆိုရင် ကိုယ်တတ်နိုင်တာထက်တောင် ပိုထည့်ကြတယ်။ ဒါပေမယ့်လို့ အဲဒီအိမ်က ဘယ်လောက်ထည့်တယ် မင်းထင်လဲ"

ထပ်မေးပြန်ပြီ ကိုစိုင်းတစ်ယောက် ထိုအိမ်ကို တော်တော်လေး အစာမကြေ ဖြစ်နေဟန်တူသည်။ မထင်တတ်ပါဘူး ဆိုမှ ဒါကိုဘဲ ထပ်ပြီးမေးနေပြန်သည်။ ကျွန်တော်လဲ ဘာမှ ပြန်မပြောဘဲ ငြိမ်နေလိုက်သည်။ ကိုစိုင်းပုံကလဲ ကျွန်တော့်ကို ပြောပြနေသည်နှင့် မတူတော့ဘဲ သူဘာသာသူ မကျေနပ်ချက်တွေကို ရေရွတ်မြည်တမ်း နေပုံပေါက်နေ၏။ 

"ဟင်း... ဟင်း... ရယ်ဖို့ တောင် ကောင်းသေးတယ် ပိုက်ဆံနှစ်ရာ ထည့်တယ်တဲ့ ဒါတောင် ရပ်ကွက် လူကြီးကိုယ်တိုင် အလှူသွားခံတာမို့ အားနာလို့ ထည့်လိုက်တာလေ။ ရပ်ကွက်ထဲက အဆင်းရဲဆုံးဆိုတဲ့ အိမ်တောင် အနည်းဆုံး ထောင်ဂဏန်းတော့ ထည့်ကြတယ်။ ဒီဘက်ခောတ်၊ သူတို့ အိမ်အခြေအနေနဲ့ ဒီလိုလုပ်တာက ရွာကို စော်ကားတာနဲ့ အတူတူဘဲ။ ဒီလိုလူတွေကို ရွာထဲမှာတောင် ထားဖို့ မကောင်းဘူး"

တဖြည်းဖြည်း ကျယ်လောင်လာသည့် ကိုစိုင်း၏ စကားသံကြောင့် ဘေးဝိုင်းတချို့ ကပင် လှည့်ကြည့်လာသည်။ အသားဖြူသည့် ကိုစိုင်းမျက်နှာကလဲ ခံပြင်းစိတ်ကြောင့် ထင်၏ နီရဲနေသည်။

"သြော်... ကိုစိုင်းရယ်... သူမလှူတော့ သူကုသိုလ် မရဘူးပေါ့ ဟုတ်ဘူးလား"

"အေးပါ ငါနားလည်ပါတယ်။ ဒါပေမယ့် မင်းစဉ်းစားကြည့်ပေါ့ ညီရဲရာ။ ထားပါကွာ ကွယ်ရာမှာ ပြောတော့ အတင်းဖြစ်တာပေါ့။ အဲဒီအချိန်က မလေးရှားကို ရောက်နေတဲ့ မင်းကို ပြန်ရှင်း ပြတယ်လို့ ဘဲ သဘောထားလိုက်ပေါ့"

 ကိုစိုင်းတစ်ယောက် စိတ်တည်ငြိမ်မှု ပြန်ရသွားဟန်တူသည်။ ကျွန်တော့်ကို ဆိုဆုံးမမှုလေးတွေ လုပ်လာသည်။

"တကယ်တော့ ငါပြောချင်တာက ဒီလို အဖြစ်မျိုးတွေကို သင်ခန်းစာ ယူသင့်တယ်။ သူတို့ တွေကိုကြည့် ပိုက်ဆံ ချမ်းသာကြတာမှန်တယ်။ ဒါပေမယ့် ချမ်းသာတဲ့ အရသာကို သူတို့ မခံစားဖူးဘူး။ သူတို့ စိတ်ထဲမှာ ပိုက်ဆံရှိရင် ချမ်းသာတယ်လို့ ထင်ကြတာ။ ဒါကြောင့် သူတို့ တွေက ပိုက်ဆံကို ရသလောက် စုကြတယ်။ တကယ်တော့ သူတို့ တွေက ဘာနဲ့ တူလဲ ဆိုတော့ ချမ်းသာတဲ့ ဆင်းရဲသားနဲ့ တူတယ်ကွ"

"ဘာ... ဘယ်လို... ကိုစိုင်းစကားက အထူးအဆန်းပါလား။ ချမ်းသာတဲ့သူဌေးဘဲကြားဖူးပါတယ် ကိုစိုင်းကြမှဘဲ ချမ်းသာတဲ့ ဆင်းရဲသားလို့ အဆန်းပါလား"

ဒီတခါတော့ ကျွန်တော့် အသံက ကျယ်သွားဟန်တူသည်။ ဘေးဝိုင်းများက စူးစမ်းသလိုဖြင့် လှည့်ကြည့်လာပြန်၏။


"မင်းကြည့်လေ... သူတို့  ပိုက်ဆံချမ်းသာတယ်။ ဒါပေမယ့် သူတို့ အိမ်က လူတွေ အပြင်မှာ ဝယ်မစား ဖူးသလောက် ရှားတယ်။ ညဘက်ချက်လို့ ကျန်တဲ့ဟာကို မနက်စာ အဖြစ်စားတယ်။ အိမ်ထောင်ဦးစီး ဆိုတဲ့လူ လက်ဖက်ရည်ဆိုင်တောင် မထိုင်ဖူးဘူး။ အိမ်မှာဘဲ လုပ်စားတယ် ဆိုလို့  ရှာရှာဖွေဖွေ ထွေလီကာလီလေးတွေ လုပ်စားမယ်လို့ လဲ မထင်နဲ့ ပိုက်ဆံ ကုန်မှာစိုးလို့ ဘယ်တော့မှ လုပ်မစားဘူး။ ဒီတော့ အစားဆင်းရဲတယ်။ အဝတ်အစားဆိုလဲ တန်ဖိုးကြီးတဲ့ အဝတ်အစားကောင်းဆို ဝယ်မဝတ်ဖူးဘူး။ လယ်သမားကြီးပုဆိုးလို ဈေးပေါပေါနဲ့ အကြမ်းခံတဲ့ ပစ္စည်းမျိုးတို့ ချည်ကြမ်း အကျီ င်္တို့ ကို ဝယ်ဝတ်တယ်။ ဒီတော့ အဝတ်အစား ဆင်းရဲတယ်။ ပိုက်ဆံရှိလို့ ကား၊ ဆိုင်ကယ် ဝယ်စီးနိုင်ပေမဲ့လို့ ဆီဖိုးကုန်မှာ စိုးလို့ ဝယ်မစီးဘူး စက်ဘီးနဲ့ ဘဲ သွားတယ်။ ကဲ... ဘယ်မလဲ သူတို့ မှာ ချမ်းသာတယ် ဆိုတဲ့ အရသာစည်းဇိမ်..."

"အင်း... ကိုစိုင်းပြောတော့လဲ ဟုတ်တာဘဲဗျ။ သူတို့ က ပိုက်ဆံသာ ရှိတာ ပိုက်ဆံကို လက်ထဲ ကိုင်ထားပြီး မသုံးမစားတော့ သာမန်လူနဲ့ ဘာထူးတော့လို့ လဲနော်..."

"ဒါဘဲလား မကသေးဘူး။ စေတနာ၊ သဒ္ဒါတရားကလဲ ဆင်းရဲသေးတယ်။ အရင်ဘဝက ကုသိုလ်ကံကြောင့် ခုဘဝမှာ သူတို့ ဒီလို အခြေအနေရောက်နေပေမယ့်လို့ ဒီဘဝမှာ ဘာကုသိုလ်မှ မလုပ်ရင် နောင်ဘဝမှာ သူတို့ ဘယ်လို လုပ်မလဲ။ ဒါတွေကို သူတို့ မစဉ်းစားဘူး။ မရှိလို့ မလှူနိုင်တာက ဘာမှ မပြောလိုပေမယ့် ရှိရဲ့ သားနဲ့ ကပ်စီးနဲပြီး မလှူတာကတော့ တမျိုးလေ... ကုသိုလ်ရေးလဲ ဆင်းရဲတယ်ဆိုတော့ ကဲ... သူတို့ မှာ ငွေကလွဲလို့ ချမ်းသာတာ ဘာရှိလဲ ဒီတော့ ချမ်းသာတဲ့ ဆင်းရဲသားပေါ့ မဟုတ်ဘူးလား"

"အင်း... ကိုစိုင်းပြောတာလဲ ဟုတ်တယ်ဗျ..."

"ငါက ဒီလို ပြောလို့ သူတို့ ကို မနာလိုလို့ သုံးဖြုန်းနေဖို့ ပြောတာ မဟုတ်ဘူးနော်။ ကိုယ့်အနေအထား ကိုယ့်အဆင့်အတန်းလေးနဲ့ ညီတဲ့ သုံးစွဲမှုလေးတော့ ရှိသင့်တယ် ပြောတာ။ ငွေဆိုတာက သေရင် ကိုယ့်နောက် ပါမှာမဟုတ်ဘူးလေ။ ဒီတော့ ကိုယ်ရှာတဲ့ ပိုက်ဆံ ကိုယ်လဲ သုံးသင့်သလောက်တော့ ပြန်သုံးရမှာပေါ့။ ဒါပေမယ့်လို့ ဖြုန်းတော့ မဖြုန်းနဲ့ ပေါ့"

ကိုစိုင်း ပြောတာ မှန်သည်။ ငွေကို ဖြုန်းတာ မဟုတ်ဘဲ ကိုယ့်အတွက် သုံးသင့် သလောက်တော့ ပြန်သုံးသင့်သည်။ အခုလို တရားလွန်ကြီး စီးတာကတော့ ပတ်ဝန်းကျင်တွင် ပြောစရာ ဖြစ်မည်။ ဒီအိမ်က လူတွေကတော့ လွန်လွန်းသည်ဟု ထင်မိသည်။ ငွေဆိုတာက ကိုယ်သေရင် ကိုယ့်နောက်ပါသည်မှ မဟုတ်တာဘဲလေ ဒီတော့ မသေခင် စုသင့်သလောက်စု သုံးသင့်သလောက် သုံးရမည်ဟုတွေးမိ၏။

"ဒီလိုလူတွေ ရှိသလို ဒီလူတွေနဲ့ ဆန့် ကျင်ဘက် လူတွေလဲ ရှိသေးတယ်ကွ။ သူတို့ ကျတော့ ဆင်းရဲတဲ့ သူဌေးပေါ့ကွာ"

"ဟ... ကိုစိုင်းရ လုပ်ပါဦးဗျ... ဘယ်လို လူမျိုးတွေလဲ"

"ဘယ်လို လူမျိုးလဲ ဆိုတော့က ဟိုဘက်ရပ်ကွက်ကကွာ...။ ဟော... ပြောရင်းဆိုရင်း လာပြီ"

ကိုစိုင်းက ဆိုင်ရှေ့ထိုးဆိုက်လာသော ဆိုင်ကယ်ကို မျက်စပစ်ပြသည်။ သဘောက ဒီလို လူမျိုးတွေပေါ့ကွာ ဟု ပြောချင်သည့် သဘောမျိုး ဖြစ်သည်။ ကျွန်တော် လှည့်ကြည့်လိုက်တော့ ကျွန်တော့် သူငယ်ချင်း ကိုနိုင် ဖြစ်နေသည်ကို တွေ့ လိုက်ရသည်။ ကိုနိုင့် အကြောင်း ကျွန်တော် သိသည်။ ခုချိန်ထိ ဘာအလုပ်အကိုင်မှ မယ်မယ်ရရ မလုပ်သေးဘဲ မိဘ လုပ်စာထိုင်စားပြီး ယောင်ခြောက်ဆယ် လုပ်နေသူ ဖြစ်သည်။

"ငရဲ... မင်း မလေးရှားက ပြန်ရောက်လာတာ ငါတို့ ကို ဘာပွဲမှ လုပ်မပေးရသေးဘူးနော်"

"အေးပါ ငါလဲ လုပ်ပေးဖို့ အစီအစဉ်ရှိပါတယ်။ လူစုံတဲ့ တစ်ရက်ပေါ့"

"အေးပါ ဒီမှာ ဝိုင်းသေးသေးတော့ မရဘူးနော်။ ပြည်မြို့ ကို တက်မယ်....ပုံတော့ မပြောနဲ့ နော်။ ဒေါ်ဘုတ်ကြီး ကျွန်တော့်ကို ထမင်းသုတ် တစ်ပွဲ ကြက်ဥကြော်နဲ့ အမဲကြော် ထည့်မယ်"

ဒေါ်ဘုတ်ကြီးကို အော်မှာရင်း ကိုနိုင်တစ်ယောက် ဆိုင်တွင်းဝင်သွားသည်။ ကျွန်တော် ကိုစိုင်းကို လှည့်ကြည့်လိုက်တော့ ကိုစိုင်းက တွေ့ လား ဆိုသည့် သဘောမျိုး မေးထိုးပြ ပြန်သည်။

"မင်းတွေ့ တယ် မဟုတ်လား။ မင်းသူငယ်ချင်းကို ဒါနေ့ တိုင်း သူမနက်စာ စားတာ ပြီးရင် လက်ဖက်ရည်နဲ့ ဆေးလိပ်ထပ်သောက်ဦးမှာ။ ဒါမနက်စာဘဲ ရှိသေးတယ်နော်။ တစ်နေကုန် သုံးတာ မဟုတ်သေးဘူး။ ဝတ်ထားတဲ့ အကျီ င်္ကိုကြည့် GIODRANO အကျီ င်္၊ ဘောင်းဘီက NOBODY နဲ့ မျက်မှန်က ရေဘင်မျက်မှန်နဲ့ ... ဒါပေမယ့် အလုပ်မရှိ အကိုင်မရှိ ဝင်ငွေ တပြားမှ မရှိဘူး"

"ဒါပေမယ့် သူ့ အဖိုးကြီးက ခိုင်ပါတယ် ကိုစိုင်းရ...။ စက်ရုံထဲမှာ အကြံအဖန်တွေ ရှိတယ်လေ"

"အဲဒါ အရင်တုန်းက ညီရဲရ။ ခုက စက်ရုံမှူး အသစ်ပြောင်းလာလို့ အဖိုးကြီးလဲ အရင်လို အတိုအလျိုတွေ မရတော့ဘူး။ ဒါကို သူတို့ က ခုထိ အသုံးအစွဲက မလျှော့ဘူး။ မင်းသူငယ်ချင်းဆိုရင် ဆိုင်ကယ်တဝီဝီနဲ့  ပြည်မြို့ က ဘီယာဆိုင်၊ မာဆတ်၊ KTV စတဲ့ မကောင်းတဲ့ နေရာ မှန်သမျှ သူမရောက်ဖူးတဲ့ နေရာ မရှိဘူး။ ခုဆို သူတို့ က ဟန်မပျက်နေနေပေမယ့် အကြွေးတွေက ပွလို့ "

"ဟုတ်လို့ လား... ကိုစိုင်း"

"အဲဒီထက်ဆိုးတယ် ညီရဲ...။ သူ့ အဖိုးကြီးနဲ့ ငါနဲ့ က တစ်ဌာနတည်းလေ။ ဒီတော့ သိတာပေါ့။ အဖိုးကြီးက ပင်စင်သွားဖို့ က နီးပြီ သိပ်မကြာတော့ဘူး။ ဒါပေမယ့် ပင်စင်နားပြီးရင် နေဖို့ အိမ်က မရှိသေးဘူး။ ပင်စင်နားပြီးရင် ခုနေတဲ့ လိုင်းခန်းကနေ ပြောင်းပေးရတော့မယ်လေ။ ခုကတော့ ဘာမှ မဖြစ်သေးဘူးပေါ့။ ဒါပေမယ့် အဲဒီအချိန်ရောက်ရင်တော့ သူတို့ တွေ ဒုက္ခရောက်ကြလိမ့်မယ်"

ကိုစိုင်း စကားကို ကြားပြီး ကျွန်တော် ရင်မောသွားသည်။ ကိုနိုင်ကို ကြည့်လိုက်တော့ ကောင်းကောင်းနေ၊ ကောင်းကောင်းစားဖြင့် ဇိမ်ကျနေ၏။ သူ့ တွင် ဘာအပူအပင်မှ မရှိပေ။ တကယ်တော့ သူတို့ ဖြစ်သင့်သည်က ပိုက်ဆံကို ရသည့် အချိန်က စုပြီး အိမ်လေး ဘာလေး ဝယ်ပြီး အခြေချထားသင့်သည်။ ကိုနိုင်နဲ့ ပတ်သက်ပြီး သူ့ မိဘများနှင့်ပါ ရင်းနှီးသဖြင့် ခုလို သူ့ မိဘတွေ အိုဇာတာ မကောင်း ဖြစ်တော့မည့် သတင်းကို ကြားရတော့ စိတ်မကောင်း ဖြစ်မိ၏။ ပထမ မိသားစု တုန်းက ပိုက်ဆံ ရှိရဲ့ နဲ့ မသုံးဘဲ ဆင်းရဲသားတွေလို နေလို့ ၊ ခုမိသားစုကြတော့ ပိုက်ဆံ မရှိဘဲနဲ့ သူဌေးတွေလို သုံးလို့ ပတ်ဝန်းကျင်တွင် ပြောစရာတွေ ဖြစ်နေကြ၏။ သြော်... လူတွေ လူတွေ လောကကြီးထဲမှာ နေရာ  အထားအသိုတွေ မှားယွင်းနေကြပါလားလို့ တွေးမိလိုက်သည်။

21 comments:

  1. ပိုက်ဆံဆိုတာသုံးမယ်ဆိုရင်တော့သိပ်လွယ်တယ်
    ကိုယ်ကလိုနေပြီဆိုရင်သာရှာဖို့ခက်တာ
    ဘာပဲဖြစ်ဖြစ်
    သုံးသင့်တာသုံးရင်တော့အကောင်းဆုံးပါပဲ
    ဖြုန်းတာတော့ဘယ်အရာမှမကောင်းဘူး
    ဒေါ်ဘုတ်ကြီးရဲ့ထမင်းသုပ်နဲ့အမဲကြော်လေးတော့စားချင်မိတယ်

    ReplyDelete
  2. မှန်၏.. သုံးသင့်တဲ့နေရာတော့ သုံးသင့်တယ်.. မဖြုန်းရင်ပြီးရောပေါ့ နော့... :D :D

    ReplyDelete
  3. အင်း လောကမှာ လူတွေကိုယ့်အခြေနေကိုယ်မသိတာအဆိုးဆုံးပဲ....။ လူတစ်ယောက်ဟာ သေဆုံးသည်အထိ ကိုယ့်ကိုယ်ကိုဘာလဲဆိုတာ ရှာဖွေမတွေ့သွားနိုင်တဲ့သူတွေ အများကြီး....။

    ReplyDelete
  4. ပိုက်ဆံချမ်းသာရဲ့သားနဲ့ မစားရက်ပဲနေပြီး မလှူရက်နဲ့ နေမယ်ဆိုရင် အမှောင်လမ်းကို သွားတဲ့သူတွေပေါ့၊ သူတို့ရဲ့ကုသိုလ်ကံတခုကြောင့် ပိုက်ဆံချမ်းသာပေမယ့် (အလင်းထဲကနေလာတာဖြစ်တယ်) ခုမလှူခဲ့ဘူး ဆိုရင် အလင်းထဲကနေ အမှောင်ထဲကိုသွားမယ့်သူတွေဖြစ်သွားမယ်။ အမှောင်ထဲကလာလာ၊ အလင်းထဲကလာလာ အလင်းထဲကိုပြန်သွားနိုင်မယ့် အလုပ်တွေလုပ်နိုင်ကြပါစေ။
    ခင်မင်လျက်
    သဒ္ဓါ

    ReplyDelete
  5. ပိုက်ဆံချမ်းသာရက်နဲ့ ဆင်းရဲနေတဲ့သူတွေကို တွေ့ဖူးတယ်
    ဘယ်လောက်များလည်းဆိုရင် ကိုယ့်မိဘကိုယ်ပေးဖို့တောင် တွန့်တိုကြတယ်
    တစ်ခြား မပြောနဲ့ဦး
    ပိုက်ဆံမရှိလို့ တွန့်တိုတာဆို မပြောပါဘူး
    ခုတော့ ရှိရက်သားနဲ့ ခုလိုတွန့်တိုတာ
    မိဘကတော့ မတွန့်မတိုနဲ့ တစ်သက်လုံး ကျွေးမွေးလာရတာ..
    ဒါမျိုး လူတွေ များများရှိရင် မလွယ်ဘူးနော်.

    ReplyDelete
  6. အဲလိုလူတွေအများကြီးပဲ လောကမှာတကယ်ကိုရှိနေသေးတယ်း)

    ခင်တဲ့

    မဒိုးကန်

    ReplyDelete
  7. အင်းးး ဘယ်အရာမှ အစွန်းမရောက်ပဲ ဥာဏ်နဲ့ချင့်ချိန် သင့်တော်မျှတအောင် နေတတ်ဖို့ လိုတယ်နော် ..

    ReplyDelete
  8. လောကမှာ နေတတ်ထိုင်တတ်ဖို့လိုတယ် ကိုညီရဲရေ.... ကိုယ့်အိုးကိုယ့်ဆန် တန်ရုံပဲ သုံးဖို့လိုအပ်သလို... အလဟဿကျစ်ကုတ်ခြင်း ကိုလည်း ရှောင်သင့်တာပေါ့... တကယ်တော့ အသိတရားပါ.. လူတစ်ယောက်ဟာ ကိုယ့်ဘ၀ကို ဘယ်လိုပုံစံနဲ့သွားမယ်ဆိုတာကို ဆင်ခြင်စဉ်းစားတတ်တဲ့ ဥာဏ်မပါရင် မလွယ်ပါဘူး... ...

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  9. ဒီပို့စ်လေးကို သဘောကျတယ် ညီရဲရေ...။
    ပတ်ဝန်းကျင်မှာ တကယ် ရှိနေတတ်တဲ့ လူတန်းစားနှစ်မျိုးကို ပြသွားတာ ပေါ်လွင်တယ်။

    ReplyDelete
  10. ကျနော်လည်း နေရာအထားအသိုတွေမမှား အောင် ဂရုစိုက်ရမယ်.....

    ReplyDelete
  11. ကိုယ်နေထိုင်ရာ ဝန်းကျင်နဲ့ ကိုယ်ကိုယ်တိုင်အတွက်တောင် မသုံးစွဲဘဲ တွန့်တိုနေတာ ကတော့ အစွန်းရောက်လွန်း ပါတယ်၊ ချမ်းသာတဲ့ ဆင်းရဲသား ဆိုတာ အသင့်လျော်ဆုံး စကားလေးပါပဲ၊ အဲ.. ဆင်းရဲတဲ့ လူချမ်းသာ ကျတော့လည်း ဟိုတဖက်စွန်း ပေါ့လေ..၊ မြင်တွေ့ရတတ်တဲ့ လူနှစ်မျိုးကို ယှဉ်ရေးပြတဲ့ ဒီပို့စ်လေး သဘောကျတယ်..။

    ReplyDelete
  12. နှစ်ခုလုံး မကောင်းဘူးလို့ ထင်မိတယ် ကိုညီရဲရေ။ အဲဒီနှစ်ခုကို တစ်ခုပဲ ရွေးရမယ်ဆိုရင်တော့ ဒုတိယတစ်ခုက ပထမတစ်ခုထက် နည်းနည်းတော့ သာပါသေးတယ်။ ဘာလို့လည်းဆိုတော့ သုံးနေရသေးတာကိုး။

    ReplyDelete
  13. ပထမအမျိုးအစားလိုလူမျိုးတွေကိုတွေ့ဖူးတယ်။ သူတို့ကိုတော့ ပိုက်ဆံချမ်းသာလို့ အားမကျတဲ့အပြင်သနားတောင်သနားမိတယ်။ ဒုတိယလူစားမျိုးလိုမဖြစ်အောင်တော့ ကိုယ့်ကိုကိုယ်ဆင်ခြင်သုံးစွဲရမယ်....ကျေးဇူးပဲ ကိုကြီးရဲရဲ.... :)

    အင်ကြင်း

    ReplyDelete
  14. ဟုတ်ပါ့....၊ပထမလူမျိုးထက် ဒုတိယလူမျိုးတွေ ပိုများများတွေ့ရတယ်....။

    ReplyDelete
  15. ကိုအောင်(ပျူနိုင်ငံ)9 December 2011 at 02:46

    ရောက်ပြီး ခြေရာမထားခဲ့ရတာ ကြာလို့ ခြေရာချန်ခဲ့တယ် ညီရဲရေ ...း)

    ReplyDelete
  16. အဲလိုတွေလွဲနေကြတာ အများကြီးပါဘဲ... တွေ့ဘူးတယ်...

    ReplyDelete
  17. ဒီလို မိသားစုမျိုးလည်း ကြုံခဲ့ဖူးပါတယ်။ အားလုံးနဲ့  Flexible ဖြစ်တဲ့ မိသားစုတွေလည်း ကြုံဖူးပါတယ်။ ပေါ့ပေါ့နေ ပေါ့ပေါ့စား ကတော့ လောလော ဆယ် ကိုယ် ဖြစ်နေတဲ့ အတွက် ကော်မန့်  မပေးလို ပါ ဟ၊ီးဟီး

    ReplyDelete
  18. ဟုတ်တယ်..Black ကျမလည်းအဲလိုလူမျိုးတွေတွေ့ဖူးတယ်..
    ငွေရှိပေမဲ့မသုံးရက်တဲ့သူနဲ့
    ငွေမရှိပေမဲ့သူဌေးသုံး..သုံးတဲ့သူ..

    ReplyDelete
  19. ချမ်းသာတဲ့ဆင်းရဲသား နဲ့ ဆင်းရဲတဲ့သူဌေးရဲ့ အနက်အဓိပ္ပာယ်လေးတွေ
    လေ့လာမှတ်သားသွားတယ် မောင်ညီရဲရေး)
    လူအမျိုးမျိုး စိတ်အထွေထွေဆိုသလိုပေါ့နော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  20. အင်း...ဒီလိုလူမျိုးတွေ များနေပြီဗျို့...မပြည့်တဲ့အိုးတွေက ဘောင်ဘင်ခတ်တတ်ပြီး၊ ပြည့်တဲ့အိုးတွေ မှာတော့ သောက်သုံးမျှဝေနိုင်တဲ့ အင်အားနည်းကြတယ် ကိုညီရဲရေ..း)

    ReplyDelete
  21. ဘယ်လိုပြောရမလဲ....အကို....မောပါတယ်လေ..:(

    ReplyDelete