Friday 16 December 2011

သားဇော

မြင်ရတွေ့ ရသည့် ပတ်ဝန်းကျင် ရှုခင်းတို့ က လှပသေသပ်သော စုတ်ချက်ဖြင့် ရေးဆွဲထားသည့် သက်ဝင် ပန်းချီကား တစ်ချပ်နှယ် လှပအသက်ဝင် နေသည်။ လယ်ကွင်းစိမ်းစိမ်းများ၊ တဘက်မှ မှိုင်းညို့ နေသည့် တောအုပ်နှင့် တောင်စွယ်၊ တောင်တန်း များကို မြင်တွေ့ ရသည်မှာ အမြင်အာရုံကို ကြည်လင်အေးမြစေသည်။ လယ်ကွင်းစိမ်းစိမ်းများကို ဖြတ်၍ တိုက်ခတ်လာသည့် လေပြေလေညင်းက လူတကိုယ်လုံးကို ပေါ့ပါးလန်းဆန်းသွားစေ၏။ ဒီမြင်ကွင်း၊ ဒီရှုခင်းများကို ခံစားထိတွေ့ ရသည်မှာ သုံး၊ လေးရက် ရှိပြီဖြစ်သည်။ သို့ သော် ကျွန်တော့်အတွက် မြင်ရတွေ့ ရသည်တို့ မှာ ရိုးသွားသည်ဟု မခံစားရပေ။ သဘာဝပတ်ဝန်းကျင် ရှုမျှော်ခင်းများက မွန်းကြပ်နေသည့် ကျွန်တော့် စိတ်တို့ ကို အတော်အသင့် လန်းဆန်းပေါ့ပါး သွားစေ၏။ ကျွန်တော်သည် ဖခင် ဖြစ်သူဘက်မှ တော်သော အဘိုး၊ အဘွားများ ရှိရာ တောရွာလေးကို ရောက်နေခြင်း ဖြစ်သည်။ ရွာလေးက မြို့ နှင့် သိပ်အဝေးကြီး မဟုတ်သော်လဲ အတွင်းဘက် ချောင်ကျသည့် နေရာတွင် တည်ရှိသဖြင့် ဆိတ်ငြိမ်အေးချမ်း လှသည်။ အချိန်က မနက်ခင်း အလုပ်ခွင် ဝင်ချိန်မို့ ရွာထဲမှ အရွယ်ကောင်းသူများ လယ်ထဲ ဆင်းချိန် ဖြစ်သောကြောင့်လဲ ရွာလေးက ပုံမှန်ထက် ပို၍ တိတ်ဆိတ်ငြိမ်သက်နေခြင်း ဖြစ်၏။ တချက်တချက် ထွက်ပေါ်လာသည့် ခွေးဟောင်သံ၊ နွားအော်သံ၊ ကျေးငှက်တို့ ၏ အော်သံတို့ နှင့် မိမိထိုင်နေသည့် မန်ကျည်းပင်ရှေ့ဘက် မြေကွက်လပ်တွင်  မိညိုတို့ သားအမိ၏ အစာစားနေသည့် နေရာမှ ထွက်လာသည့် အသံတို့ မှ အပ အရာရာက တိတ်ဆိတ် ငြိမ်သက်နေ၏။ မိညိုဆိုသည်က အဖွားဖြစ်သူ မွေးထားသည့် ကြက်မကြီး ဖြစ်သည်။

ရွာကလေးကို ရောက်သည်မှာပင် သုံး၊ လေးရက်ခန့် ရှိပြီ ဖြစ်သည်။  ဟိုအရင် ငယ်စဉ်က အဘိုး၊ အဘွားတို့ ရှိရာ တောရွာလေးကို မကြာမကြာ ရောက်ဖြစ်လေ့ရှိသော်လဲ ခုနောက်ပိုင်း သိပ်မရောက်ဖြစ်တော့ပေ။ ဒါကလဲ အရွယ်ရောက်လာသည့် လူငယ်တို့ ၏ သဘာဝတစ်ခု ဖြစ်မည်ထင်သည်။ ခုနောက်ပိုင်းတွင် အဖိုး၊ အဘွားတို့ ကို လာကန်တော့သည့် အချိန်လောက်သာ ရောက်ဖြစ်လေ့ ရှိတော့၏။ ဒါပေမယ့် ခုတစ်ခေါက်တော့ အချိန်ကြာကြာလေး နေလိုက်မည်ဟု စဉ်းစားထားသည်။ ဒီတစ်ခေါက် တောရွာလေးကို ရောက်လာခြင်းကလဲ အလည်ဆိုသည်ထက် မိခင်ဖြစ်သူနှင့် စိတ်ဆိုးပြီး အိမ်ပေါ်မှ ဆင်းလာခဲ့ခြင်း ဖြစ်သည်။ စိတ်ဆိုးပြီး အိမ်ပေါ်မှ ဆင်းလာပြီးနောက် သွားစရာ နေရာမရှိသောကြောင့် အဘိုး၊ အဘွားတို့ ရှိရာ ရွာလေးသို့ ရောက်လာခဲ့ခြင်း ဖြစ်၏။ ခုချိန်ဆိုလျှင် မိဘတွေများ စိတ်ပူနေမလားဟု စဉ်းစားမိ၏။ သို့ သော် ရွာကလေးနှင့် မိမိနေသည့် နေရာက သိပ်မဝေးလှ သဖြင့် နှစ်နေရာ အဆက်အသွယ် ရှိသည်။ ခုလောက်ဆိုလျှင် အဘွားဖြစ်သူ လူကြုံပါးထားသဖြင့် မိမိ ဒီရောက်နေကြောင်းကို သိနေလောက်ပြီမို့ စိတ်ပူနေမည်တော့ မဟုတ်ပေ။ အိမ်ပေါ်မှ ဆင်းလာခဲ့သည့် အကြောင်းကို စဉ်းစားမိတော့ မိခင်ဖြစ်သူနှင့် စကားအခြေအတင် ဖြစ်ခဲ့သည်များကို ပြန်မြင်ယောင်လာသည်။ မိမိ မှားသည်ကို လက်ခံပါသည်။ ကိုးတန်းဖြေပြီး ဆယ်တန်းတက်ဖို့ စောင့်နေသည့် လူငယ်တစ်ယောက် အနေဖြင့် ဒီလို နေရာမျိုးတွေကို မသွားသင့်ဘူး ဆိုတာကို လက်ခံပါသည်။ သို့ သော် အိမ်ပြန်ရောက်မှ ဆူသင့်ဆူ၊ ရိုက်သင့်ရိုက် ကြိုက်တာလုပ်လို့ ရသည်။ ခုတော့ လူပုံအလယ်တွင် မျောက်ပွဲကြည့်သလို ဝိုင်းအကြည့် ခံလိုက်ရသည့် အဖြစ်မျိုးကတော့ မဖြစ်သင့်ဟု ထင်မိသည်။

ထိုနေ့ က လက်ဖက်ရည်ဆိုင် ထိုင်ရင်း ရင်းနှီးခဲ့သည့် ကိုမြကြီးဆိုသူ အဆွယ်ကောင်းသဖြင့် ရပ်ကွက်ထဲမှ လောင်းကစား အိမ်သို့ လိုက်သွားဖြစ်ခဲ့သည်။ ကိုမြကြီး ဖဲရိုက်သည်ကို ဘေးမှ အဖော်လိုက်ပေးခြင်း ဖြစ်၏။ ဒါကို မိခင်ဖြစ်သူ ဘယ်ကနေ ဘယ်လို သတင်းကြားသည် မသိ၊ တုတ်တချောင်းဖြင့် ရောက်လာသည်။ မိမိ ဒီအသက်အရွယ် ရောက်သည့် အချိန်ထိ မိခင်ဖြစ်သူ အခုလောက် ဒေါသ ထွက်သည်ကို မမြင်ဖူးသေးပေ။ ကံဆိုးချင်တော့ ကိုမြကြီး အိမ်သာသွားသဖြင့် သူ့ ဖဲကို ကျွန်တော် ခဏကိုင်ပေးရင်း ဖဲကို ဟန်နဲ့ ပန်နဲ့ ပွတ်နေသည်ကို အိမ်ပေါ်တက်လာသည့် မိခင်ဖြစ်သူ မြင်တော့ ဒေါသအကြီးအကျယ် ပေါက်ကွဲပြီး ရိုက်ပါလေတော့၏။ အရင်က ဆိုလျှင် ဗိုက်ခေါက်ကို လိမ်ဆွဲရုံ၊ ပေါင်တွင်းကြောကို လိမ်ဆွဲရုံ၊ စိတ်ဆိုးမှ ပုဆိုးလှန်၍ ခြေသလုံးကို တုတ်ဖြင့် ရိုက်တတ်သည့် မိခင်၊ တခြားအမေတွေ သူတို့ သားကို ရိုက်နှက်ဆုံးမလျှင်ပင် ကလေးကို ထိခိုက်မည် စိုးသဖြင့် ခေါင်းမခေါက်ဖို့ ကျောကုန်းကို မထုမရိုက်ဖို့ ဆိုဆုံးမလေ့ ရှိသည့် မိခင် ဖြစ်သူက လက်ထဲ ပါလာသည့် တုတ်ကို အပိုင်းပိုင်း ကျိုးသည်အထိ ကမညှာမတာ ရိုက်နှက်တာကို ကြုံလိုက်ရတော့ ကျွန်တော် အံသြလွန်း၍ ငိုဖို့ ကိုပင် မေ့နေမိသည်။ လက်ကာ လက်ကိုဖြတ်ရိုက်၊ ခြေကာ ခြေကို ဖြတ်ရိုက်ဖြင့် ထိလျှင် ပြီးရော စိတ်ရှိလက်ရှိ ရိုက်ခြင်းကြောင့် မျက်နှာကိုပင် ဖြတ်ရိုက်မိ၏။ ကြာတော့ ကျွန်တော် မရှောင်တော့ အံကြိတ်ပြီး ရိုက်ချက်များကို ပေခံရင်း မိခင် ဖြစ်သူကို ခပ်စိမ်းစိမ်း ကြည့်မိသည်။ ဒါကို မြင်တော့ မိခင်ဖြစ်သူက ပိုဒေါသထွက်ကာ ရိုက်သည်၊ ရိုက်ရင်း မိခင်ဖြစ်သူ ငိုသည်။ ဒေါသ ဖြစ်ဖြစ်ဖြင့် စိတ်ရှိလက်ရှိ ရိုက်ခြင်းကြောင့် မိခင် ဖြစ်သူ၏ လက်ထဲက တုတ်အပိုင်းပိုင်း ကျိုးသည့် အပြင် ကျွန်တော့် ခြေတို့ လဲ မခိုင်တော့ဘဲ မြေပေါ်ကို ခွေလဲကျသည် အထိ ဖြစ်ခဲ့သည်။ ထိုသို့  အရိုက်ခံလိုက်ရ သဖြင့် ကျွန်တော် မိခင်ဖြစ်သူကို စိတ်နာမိသည်။ ထို့ နောက် မိခင်ဖြစ်သူနှင့် စကားများပြီး အိမ်ပေါ်မှ ဆင်းလာခဲ့ခြင်း ဖြစ်သည်။

ကျွန်တော် သက်ပြင်းမောကို ဟင်းခနဲ ချလိုက်မိသည်။ အိမ်ပြန်ဖို့ ကို စဉ်းစားမိတိုင်း ပါးပြင်မှ ဒဏ်ရာကို လက်ဖြင့် စမ်းမိပြီး ကျွန်တော့် ခြေလှမ်းတို့ တွန့် ဆုတ်သွားလေ့ ရှိ၏။ တကယ်က အပြင်ဒဏ်ရာတွေထက် အတွင်းဒဏ်ရာက ပိုနာသည်။ ကိုယ်မွေးထားသည့် သားတစ်ယောက် အပေါ်ကို ရက်ရက်စက်စက် လုပ်ရက်ခြင်းဟု တွေးမိသည်။ သားအရင်းမှ ဟုတ်ရဲ့ လားဟုပင် စိတ်နာနာဖြင့် သံသယဝင်မိ၏။ ရပ်ကွက်အတွင်း အိနြေ္ဒသိက္ခာနှင့် တည်ကြည်စွာ နေတတ်သည့် မိခင်ဖြစ်သူ ဒီလိုနေရာထိ ရောက်လာပြီး ဒီလို ပြဿနာတွေ ဖြစ်ပွားခဲ့သည့်အတွက် ကိုယ့်သိက္ခာကိုယ်မထောက်ဘဲ ဒီလိုနေရာကို လာရသလားဟု မကျေမနပ်လဲ ဖြစ်မိ၏။ နောက်ပြီး လောင်းကစား အိမ်သွားသဖြင့် အရိုက်ခံရသည့် သတင်း ရပ်ကွက်အတွင်း ဟိုးလေတကျော်ဖြင့် နာမည်ကြီးခဲ့သည့် အတွက် ရှက်တာလဲ ပါသည်။ ထို့ ကြောင့် ကျွန်တော် အိမ်မပြန်ချင်သေးခြင်း ဖြစ်သည်။ ကိုယ့်အတွေးဖြင့်ကိုယ် ငေးမောနေစဉ် မိညို၏ ထူးခြားသည့် အမူအယာတို့ ကြောင့် ကျွန်တော် ပြန်သတိဝင်လာသည်။ ပတ်ဝန်းကျင်ကို သတိထားကြည့်မိတော့ မိညိုတစ်ကောင် ပြာယီးပြာယာဖြင့် ယောက်ယက်ခတ်နေသည်ကို တွေ့ လိုက်ရသည်။ ထို့ ကြောင့် မြွေတွေ ဘာတွေများ တွေ့ လို့ လားဟု မျက်စိကစားကြည့်လိုက်တော့ မြေကွက်လပ်က ရှင်းနေသည် ဘာမှ မရှိပေ။ မိညိုကတော့ သူ့ ကလေးတွေကို ပြာယီးပြာယာဖြင့် အိမ်၏ အောက်ဖက်သို့ ရောက်အောင် အတင်းမောင်းသွင်းနေသည်။ မိညို၏ ထူးခြားသည့် အမူအရာကြောင့် ကျွန်တော် မသင်္ကာ၍ ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်တော့ ထင်သည့်အတိုင်း စွန်တစ်ကောင် ဝဲနေသည်ကို တွေ့ လိုက်ရသည်။ ထိုစွန်ကို မြင်သောကြောင့် မိညို ပြာယာခတ်နေခြင်း ဖြစ်မည်ဟု တွေးလိုက်မိ၏။

ထိုအချိန်မှာပင် စွန်က မြေပြင်သို့ ထိုးဆင်းလာပြီး ကြက်ကလေး တစ်ကောင်ကို ထိုးသုတ်သည်။ စွန်ထိုးဆင်းလာသည်ကို မြင်တော့ မိညိုက စွန်ကို အောက်မှ ဆီးခွပ်သည်။ မိညိုက မြေပြင်မှ ဆီးခွပ်သဖြင့် စွန်လဲ ကြက်ကလေးကို မသုတ်နိုင်တော့ဘဲ ကောင်းကင်ပေါ်သို့ ပြန်တက်သွားသည်။ မိညို ပို၍ပြာယာခတ်သွားပြီး သူ့ ကလေးများကို အိမ်အောက်ဖက်သို့ အတင်းမောင်းသွင်းတော့သည်။ ထိုသို့ မောင်းသွင်းရာတွင် ကြက်ကလေး တစ်ကောင်က နောက်ဖက်တွင် ကျန်ရစ်ခဲ့၏။ ထိုကျန်ခဲ့သည့် ကြက်ကလေးကို စွန်က တဟုန်ထိုးဆင်းလာပြီး ထိုးသုတ်သည်။ မိညိုက စူးစူးဝါးဝါး တစ်ချက်အော်ပြီး သူ့ သားကို ထိုးသုတ်လာသည့် စွန်ကို ဘေးတိုက် အနေအထားမှ ပြေးဝင်ခွပ်သည်။ စွန်က ကြက်ပေါက်စ ကလေးကို မမိတမိ အနေအထားတွင် မိညိုက အတင်းဝင်ခွပ်သဖြင့် ကြက်ပေါက်စလေးက မြေပေါ် ပြန်လွတ်ကျသွားသည်။ ထိုအချိန်မှာပင် ကျွန်တော် ထင်မှတ်မထားသည်ကို တွေ့ လိုက်ရ၏။ စွန်ကို ခွပ်ပြီး လေထဲမှာ ရှိနေသေးသည့် မိညိုသည် ကျွန်တော် ကြက်တစ်ကောင် ခုန်နိုင်မည်ဟု ထင်မှတ်မထားသည့် အကွာအဝေးအထိ လေထဲတွင် တစ်ဆင့်ထပ်ခုန်ကာ သားဇောဖြင့် စွန်ကို အတင်း လိုက်ခွပ်ခြင်း ဖြစ်သည်။ ကျွန်တော်လဲ မနေနိုင်တော့ဘဲ ပြေးထွက်လာပြီး စွန်ကို မောင်းထုတ်လိုက်ကာ မြေပြင်ကို ပြန်ကျလာသည့် မိညိုကို ပွေ့ ချီလိုက်သည်။ ကြောက်စိတ်ကြောင့်လား၊ အင်အားသုံးလိုက်သောကြောင့်လား၊ သားဇောကြောင့်လား မသိ မိညို တကိုယ်လုံး တဆတ်ဆတ်ဖြင့် တုန်နေသည်။

မိညိုကို ပွေ့ ချီပြီး တစ်ချက်၊ နှစ်ချက် ပွတ်ပေးလိုက်တော့ မိညို တစ်ကောင် မျက်လုံးလေးမှေးပြီး ကျွန်တော့်လက်ထဲတွင် ငြိမ်နေ၏။ ပွေ့ ထားသည့် လက်နေရာက စိုစိ စိုစိ ဖြစ်နေသဖြင့် ကြည့်လိုက်တော့ မိညို၏ ညာဘက်ပေါင်တွင် ဒဏ်ရာဖြစ်ပြီး သွေးများထွက်နေသည်ကို တွေ့ လိုက်ရ၏။ ကျွန်တော် မိညိုဒဏ်ရာကို နနွင်းသိပ်ပေးရန် အိမ်ဘက်ကို ခြေလှမ်းလိုက်တော့ မိညိုက ကောင်းကင်သို့ တချက်မော့ကြည့်ရင်း ကျွန်တော့်လက်အတွင်းမှ ရုန်း၍ ခုန်ဆင်းသွားသည်။ ထို့ နောက် သူ့ ကလေးများကို ဘေးရန်ကင်းနိုင်မည့် အိမ်အောက်ဖက်သို့ မောင်းသွင်းသွား၏။ ကျွန်တော်လဲ" သြော်... မိညို မိညို..." သူ့ ကလေးတွေ အတွက် သားဇော ကပ်နေရတာနဲ့ ကိုယ့်ဒဏ်ရာကိုတောင်ကိုယ် ဂရုမစိုက်နိုင်တော့ပါလား။ ထိုသို့ တွေးလိုက်မိသည့် ခဏတွင် ကျွန်တော့် ခေါင်းထဲ အသိဥာဏ် တစ်ချက် လင်းကနဲ လက်သွားသည်။ ပျက်စီးတော့မည့် သားဖြစ်သူ အတွက် ကိုယ့်သိက္ခာကိုပင် မငဲ့နိုင်ဖြစ်ကာ လောင်းကစားအိမ်ထိ ရောက်လာပြီး ဆုံးမသည့် မိခင်ဖြစ်သူကို မြင်ယောင်မိလိုက်သည်။ အဟိတ်တရိစ္ဆာန်ဖြစ်သည့် မိညိုပင်လျှင် သားသမီးများအတွက် အသက်ကို မဓာနမထားဘဲ မိမိထက် အင်အားကြီးသည့် စွန်ကို ပြန်တိုက်ခိုက်ခဲ့သေးလျှင်၊ လူသားဖြစ်သည့် မိခင်ဖြစ်သူက ပျက်စီးတော့မည့် လမ်းကြောင်းပေါ်ကို ရောက်နေသည့် သားဖြစ်သူအတွက် ပူပန်စိုးရိမ်စိတ်ကြီးစွာဖြင့် မည်သည့် အိနြေ္ဒသိက္ခာ တို့ ကို ငဲ့နေတော့မည်နည်း။ မိမိအတွက်ကြောင့်သာ မဟုတ်လျှင် မိခင် ထိုကဲ့သို့ သောနေရာမျိုးကို ရောက်စရာ မရှိသလို သိက္ခာကျစရာ အဖြစ်တွေလဲ ဖြစ်လာစရာ အကြောင်းမရှိဟု တွေးမိလိုက်၏။ ဖဲဝိုင်းတွင် ဝင်ထိုင်နေသည့် မိမိကို အတွေ့  ဒေါသအကြီးအကျယ် ပေါက်ကွဲခဲ့သည့် မိခင်ကို ပြန်မြင်ယောင် မိပြီးနောက် ကျွန်တော် နေရာမှ ဝုန်းကနဲ ခုန်ထွက်လိုက်ပြီး အိမ်ပေါ်သို့ ပြေးတက်လိုက်သည်။ ထို့ နောက် ကျောပိုးအိတ်ကို ဆွဲပြီး အိမ်အောက်ကို ပြေးအဆင်း လှေကားရင်းတွင် အပြင်မှ ပြန်လာသည့် အဘွားဖြစ်သူကို တွေ့ လိုက်ရ၏။

"အဘွား... ကျွန်တော်...."

နှုတ်မှ စကားလုံးတို့ ဗလုံးဗထွေး ထွက်လာပြီး အဘွားဖြစ်သူကို ရှင်းပြမည်တွင် အဘွားက ကျွန်တော့်ကို ဘာမှ ဆက်မပြောရန် လက်ကာပြသည်။

"အဘွား အားလုံးကို မြင်တယ်မြေးလေး...။ မြေး... စိတ်တည်ငြိမ်မှ အဘွားက အေးအေးဆေးဆေး နားဝင်အောင် ပြောပြမယ်လို့ စိတ်ကူးထားတာ။ ခုဆို မြေးလဲ မိဘ မေတ္တာကို နားလည်လောက်ရောပေါ့။ တကယ်တော့ မိခင် မေတ္တာဆိုတာ အထင်မလွဲကောင်းတဲ့ အရာမြေးရဲ့ ။ မြေးက မိခင် နေရာကို ရောက်မဲ့သူ မဟုတ်တော့ ဒါတွေကို သိနိုင်မှာ မဟုတ်ပါဘူး"

"ကျွန်တော် အားလုံးကို နားလည်သွားပါပြီ အဘွား။ ဒါကြောင့် ကျွန်တော် အမေ့ဆီကို ပြန်မလို့ ပါ"

"အင်း...ခုချိန်လောက်ဆို မြေး... အမေလဲ စိတ်ပူပြီး မြေးပြန်အလာကို မျှော်နေလောက်ရောပေါ့"

"ဟုတ်ကဲ့... အဘွား ဒါဆို ကျွန်တော် အိမ်ကိုပြန်လိုက်ဦးမယ်။ နောက်မှ အဘွားတို့ ဆီကို ကျွန်တော် သက်သက် ပြန်လာလည်ပါဦးမယ်"

ကျွန်တော့် စကားကို နားထောင်ပြီး အဘွားပြုံးသည်။ ထို့ နောက် အဝေးတနေရာကို ငေးကြည့်ရင်း-

"အဘွားတို့ ဒီတောရွာလေးကနေ မြို့ ပေါ်မှာ နေတဲ့ မြေးတွေကို အမြဲ မျှော်နေလေ့ ရှိတယ်။ မြေးတွေ လာလည်ရင် အဘွားတို့ ပျော်တာပေါ့။ ဒါပေမယ့် မြေးရယ် နောက်တခါ ဒီလို ပုံစံနဲ့ တော့ အဘွားတို့ ဆီကို မလာပါနဲ့ ။ အဘွား ဘာကို ပြောချင်တယ်ဆိုတာကို မြေး... နားလည်ရဲ့ လား..."

"ဟုတ်ကဲ့ ကျွန်တော် အားလုံးကို နားလည်သွားပါပြီ။ နောက်ဆိုရင် ဒါမျိုး မဖြစ်စေရတော့ပါဘူးလို့ ကျွန်တော် ကတိပေးပါတယ် အဘွား"

"ကဲ... ကဲ... ဒါဆိုရင်လဲ သွားတော့... မြေးအမေ မျှော်နေရော့မယ်။ နောက်ဆိုရင် လိမ်လိမ်မာမာ နေနော် မြေး..."

"ဟုတ်ကဲ အဘွား..."

ကျွန်တော် အဘွားဖြစ်သူကို နှုတ်ဆက်ကာ ဆိုင်ကယ်ပေါ်ကို တက်ခွလိုက်သည်။ ဆိုင်ကယ်ကို စက်နှိုးပြီး မောင်းထွက်လိုက်တော့ အဘွားဖြစ်သူ၏ ဆိုင်ကယ်ကို သတိထားပြီး ဖြေးဖြေးမောင်းသွားဦး ဆိုသည့် အော်ပြောလိုက်သည့် စကားသံတို့ က နောက်ဘက်တွင် ခပ်တိုးတိုး လွင့်ဝဲကျန်ခဲ့၏။ အဘွားဖြစ်သူ၏ အမှာစကားကို ကြားပေမယ့် ကျွန်တော် ဆိုင်ကယ်လီဗာကို ထပ်တင်လိုက်မိသည်။ ကျွန်တော် အိမ်ကို အမြန်ပြန်ရောက်ချင်နေပြီ ဖြစ်သည်။ မှားခဲ့သည့် အမှားများ အတွက် မိခင် ဖြစ်သူကို ပြန်တောင်းပန်ရမည်။ ထို့ ကြောင့် ကျွန်တော် အိမ်ကို ပြန်ရောက်ဖို့ စိတ်စောနေမိ၏။ သားမိုက်တစ်ယောက်၏ အိမ်အပြန်လမ်းက အသိတရားတို့ လင်းလဲ့ဝေဖြာကာ နောင်တတို့ စွန်းထင်း ပေကျံနေတော့သည်။

17 comments:

  1. ကိုအောင်(ပျူနိုင်ငံ)16 December 2011 at 21:46

    သားဇော သမီးဇော .. သမီးဇောက ပိုကြီးမယ်ဗျ ...း)

    ReplyDelete
  2. ဝတ္ထုတို ကောင်းလေးဖတ်ရလို့ကျေးဇူးပါ

    ReplyDelete
  3. မိဘမေတ္တာကို ဖော်ပြထားတဲ့ ၀တ္တုတိုလေးနော်.. သဘောကျတယ်..
    မျှော်လိုက်ရတာ.. အဟိ.. :D :D

    ReplyDelete
  4. သားသမီးတိုင်း စစ်မှန်တဲ့ မိဘမေတ္တာကို နားလည်နိုင်ကြပါစေ။ မိဘမေတ္တာဖေါ်ကျူးထားတဲ့ စာလေးက သားသမီးတွေရဲ့ ရင်ထဲကို ရောက်မှာပါ ညီရဲ။
    ခင်မင်လျက်
    သဒ္ဓါ

    ReplyDelete
  5. သေချာလေးဖတ်သွားပါတယ် အကို
    မိဘမေတ္တာကို ပေါ်လွင်စေပါတယ်

    ReplyDelete
  6. သားမိုက်ဆိုပေမယ့် အမှားသိလို့ အမှန်ပြင်တဲ့ သားမိုက်ရဲ့ အိမ်ပြန်လမ်းတွေက အဓိပ္ပါယ် အပြည့်နဲ့ပါအကို...
    ခံစားအားပေးလျှက်ပါအကို...

    ReplyDelete
  7. အရမ်းဖတ်လို့ကောင်းတဲ့ဝတ္ထုလေးပဲအစ်ကိုရေ
    အရိုးကွဲအောင်ရိုက်မှ.အသဲစွဲအောင်ချစ်တာမှုတ်လားး)

    ချမ်းမြေ့ပါစေရှင်
    ခင်မင်စွာဖြင့်

    ReplyDelete
  8. ညီရဲရေ ပိုစ့်လေးက ကောင်းတယ်ဟေ့
    မိခင်မေတ္တာရယ် ကြက်မကြီးရဲ့အသွင်သဏန်တွေရယ်ကိုမျက်လုံးထဲထင်းနေတာပဲ


    အားပေးလျှက်

    မဒိုးကန်

    ReplyDelete
  9. မိသတွေရဲ့မေတ္တာ တရားကိုမြင်ရတယ်အကိုရေ
    သားမိုက်ရဲ့ အိမ်ပြန်လမ်းတွေက အဓိပ္ပါယ် အပြည့်အ၀ပါပဲဗျာ
    ကျွန်တော်ခုမှ မဂျက်ပြောလို့သိရတာပါ===

    ReplyDelete
  10. ဖတ်လို့ အရမ်းကောင်းတာပဲ ..း) တခါတလေတော့လည်း မိဘနဲ့ သားသမီးကြား နားလည်မှုလွဲတာ ရှိတာပဲနော် .. ကိုယ်တိုင်ရော အပါအ၀င် :D

    ReplyDelete
  11. မိဘမေတ္တာကို ဖော်ပြထားတဲ့ ၀တ္တုတိုလေးမို့ သဘောကျနေမိတယ်
    ကြက်မကြီးရဲ့အသွင်သဏန်တွေရယ်ကိုမျက်လုံးထဲမှာ မြင်လို့ရတယ်

    ReplyDelete
  12. အမ်းကောင်းတယ်..ဒီလိုစာများများရေးပါအားပေးတယ်

    ReplyDelete
  13. ငယ်ငယ်တုန်းကတော့ မိဘတွေနဲ့ အမြင်မတူကွဲပြားတာတွေ ရှိတတ်တော့ မကြာခန စိတ်ဆိုးစိတ်ကောက် ဖြစ်ခဲ့ရတာပါဘဲ။ ခု အသက်ရလာတော့မှ မိဘမေတ္တာကို ပိုနားလည်လာပြီး အဖေအမေနဲ့ ပိုပြီးပြေလည်လာတယ် မိဘကိုစိတ်ချမ်းသာအောင်ဘဲ ထားချင်တော့တယ်. အသက်အရွယ်ကိုလိုက်ပြီး ပြောင်းလဲသိတတ်လာတာပါဘဲနော်။ ခုလို မိဘမေတ္တာအကြောင်းလေးတွေ ဖတ်ရလေ မိဘကို ပိုနားလည်လာရလေပါဘဲ။

    ReplyDelete
  14. မိဘနှင့် သားသမီးကြားမှာ နာလည်းမှုက အရေးကြီးဆုံးပါပဲ ဖတ်လို့ကောင်းပါသည်။

    ReplyDelete
  15. ကျနော်တို့လည်း ငယ်ငယ်တုန်းက အမေရိုက်ရင် စိတ်ကောက်ပြီး အမေ့ကို စကားမပြောဘူး....ငယ်သေးတော့ မိဘမေတ္တာကို နားမလည်တာပေါ့လေ....
    ကိုဘလက်ရေးထားတာလေး ကောင်းတယ်....

    ReplyDelete
  16. မှန်ကန်တဲ့ ဆုံးဖြတ်ချက်နဲ့ အမေ့အိမ်ပြန်ခဲ့တာလေးက သိပ်ကို ချစ်စရာ ကောင်းလှပါတယ်။ အမေ့ရင်ခွင်လောက် နွေးထွေးတဲ့ နေရာ ဘယ်နေရာမှာမှ မရှိပါဘူးဆိုတာ ဒီပို့စ်လေးက ဖော်ညွှန်းနေပါတယ်။

    ReplyDelete
  17. သားသမီးနဲ့ မိဘ.. စိတ်ဆိုး၊ စကားများကြသည့်တိုင် မေတ္တာကြိုးတွေက ခိုင်မြဲတော့ နောင်တနဲ့ အချိန်မီ ပြန်ဖို့ပဲ လိုတယ်လို့ တွေးမိတယ်၊ အဖြစ်အပျက်ကို ရှင်းရှင်းလေးနဲ့ ဆွဲခေါ်သွားလို့ ဖတ်လို့ကောင်းတယ်ဗျာ...။

    ReplyDelete