Wednesday 23 November 2011

မညီသော အနားများ



အလုပ်ပိတ်ရက် တစ်ရက်တွင် ကျွန်တော်သည် Tampines Mall မှ ဈေးဝယ်ပြီးနောက် အိမ်သို့ ပြန်ရန် ကားမစောင့်ချင် သောကြောင့် အေးအေးဆေးဆေး လမ်းလျှောက်၍ ပြန်လာခဲ့သည်။ Tampines Mall မှ ကျွန်တော့် အိမ်သို့  ဆယ့်ငါးမိနစ်ခန့် လမ်းလျှောက်ရ၏။ တစ်ယောက်တည်း ဟိုတွေး ဒီတွေးဖြင့် ငေးမောရင်း လျှောက်လာစဉ် ကျွန်တော့်ရှေ့မှ သွားနေသော အသက်ကြီးကြီး အန်ကယ်ကြီး တစ်ယောက်ကို မှီလာ၏။ ဈေးဝယ်၍ ပြန်လာဟန်တူသော အန်ကယ်ကြီးသည် လက်တွန်းလှည်းလေးကို တရွေ့ ရွေ့ တွန်းရင်း ကျွန်တော့်ရှေ့မှ တုန်တုန်ချိချိဖြင့် သွားနေသည်။ ကျော်တက်ရအောင်လဲ လူသွားလမ်းကျဉ်းလေး ဖြစ်သဖြင့် ကျွန်တော်လဲ အတင်းကျော်တက်ရမှာ အားနာသောကြောင့် နောက်နားမှ အသာမှေး၍ ကပ်လျှောက်လာခဲ့လိုက်၏။ ဒီလိုဖြင့် လျှောက်လာရင်း တနေရာ အရောက်တွင် ရှေ့မှ သွားနေသည့် အန်ကယ်ကြီးက လမ်းချိုးတစ်ခု အတွင်းသို့ ကွေ့ ဝင်လိုက်သည်။ သို့ သော် တဖက်လမ်းက ကျွန်တော်တို့ လျှောက်နေသည့် လမ်းထက် အနည်းငယ် မြင့်နေသောကြောင့် အန်ကယ်ကြီးက လှေကားထစ်ပေါ်မှ လက်တွန်းလှည်းကို နောက်ပြန် မနိုင်မနင်းဖြင့် အတင်းဆွဲတင်နေရ၏။ ကျွန်တော်လဲ အမြင်မတော်သောကြောင့် နောက်မှ ပြေးပြီး လက်တွန်းလှည်းကို အောက်မှ ပင့်၍ တွန်းတင် ပေးလိုက်သည်။ ထို့ နောက် အန်ကယ်ကြီးကို မော့ကြည့်လိုက်တော့ ကျွန်တော် နားလည်ရခက်သော အကြည့်တမျိုးဖြင့် ခပ်တွေတွေလေး ကျွန်တော့်ကို စိုက်ကြည့်နေသည်ကို တွေ့ လိုက်ရ၏။ ကျွန်တော်က သူ့  ကို ပြုံးပြလိုက်တော့ သူကလဲ ကျွန်တော့်ကို ယောင်ရမ်းပြီး ပြန်ပြုံးပြရင်း ကျွန်တော့်ကို မင်းဘယ်က လာတာလဲ ဟုမေးသည်။ ကျွန်တော်က မြန်မာပြည်က လာတာပါ။ ငါမြန်မာ လူမျိုးပါဟု ပြောလိုက်တော့ ခေါင်းလေး တညိမ့်ညိမ့်ဖြင့် သြော်... မြန်မာလား။  မြန်မာတွေ ကြင်နာတတ်တာ ငါသိတယ် ဟုပြန်ပြောသည်။ ထို့ နောက် သူ့ လက်တွန်းလှည်းလေးကို တရွေ့ ရွေ့ တွန်းရင်း တုန်တုန်ချိချိဖြင့် ကျွန်တော့်ရှေ့မှ ထွက်သွား၏။ သူထွက်သွားပေမဲ့ ကျွန်တော် ကိုယ့်လမ်းကိုယ် မသွားနိုင်သေး။ အဘိုးအို၏ အကြည့်ကို အဓိပါယ် ဖွင့်ကြည့်နေမိ၏။ ဒီမျက်ဝန်း၊ အကြည့်မျိုးကို ကျွန်တော် ကြုံးဖူးသေးသည်။

ကျွန်တော် ဒီစင်ကာပူကို စရောက်ခါစက ဖြစ်သည်။ အဲဒီနေ့ က ကျွန်တော့် Leader က ကျွန်တော် အလုပ်လုပ်ရမည့် Deparment အတွင်းမှ လူများနှင့် ကျွန်တော့်ကို တစ်ယောက်ချင်းစီ လိုက်မိတ်ဆက်ပေးနေသည်။ ထိုသို့ မိတ်ဆက်ပေး နေစဉ်မှာပင် Deparment အတွင်း သန့် ရှင်းရေး လုပ်သည့် Cleaner အန်တီကြီးက အမှိုက်ပုံးအတွင်းမှ အမှိုက်အိတ် အကြီးကြီးကို မနိုင်မနင်းဖြင့် ဆွဲထုတ်နေသည်ကို တွေ့ ရသဖြင့် မနေတတ်သည့် ကျွန်တော်က အမှိုက်အိတ်ကို အပြေးအလွှား သွားကူထုတ်ပေးမိသည်။ ကျန်လူများ အားလုံးက ကျွန်တော့်ကို အံသြ ထူးဆန်းသည့် မျက်လုံးများဖြင့် ဝိုင်းကြည့်နေကြသည်ကို ကျွန်တော် မသိချင်ယောင်ဆောင် နေလိုက်သည်။ ဒါပေမယ့် ကျွန်တော် အန်တီကြီး၏ မျက်ဝန်းအကြည့် များကိုတော့ မသိချင်ယောင်ဆောင်နေလို့ မရပေ။ အန်တီကြီး ကြည့်သည့် အကြည့်ကလဲ စောစောက အန်ကယ်ကြီး ကြည့်သည့် အကြည့်မျိုးပင် ဖြစ်သည်။ ထိုအကြည့်ထဲတွင် အံသြခြင်း၊ ဝမ်းသာခြင်း၊ မယုံနိုင်ခြင်း စသည့် စသည့် အရောင်များ ရောထွေးပါဝင်နေသည်ဟု ခံစားရ၏။ ကျွန်တော့် အနေဖြင့် ခရီးသွားဟန်လွဲ ကူညီလိုက်ခြင်း ဖြစ်သော်လဲ သူတို့ အတွက်တော့ အထူးအဆန်း ဖြစ်နေဟန် တူသည်။ ဒီနိုင်ငံသား လုပ်ဖော်ကိုင်ဖက် တစ်ယောက်ကတော့ သူလဲ ပိုက်ဆံယူပြီး သူ့ အလုပ်သူလုပ်တာဘဲ ကူညီစရာ မလိုပါဘူးဟု ကျွန်တော့်ကို ပြောဖူးသည်။ ဒါပေမယ့် ရပ်ကွက်ထဲမှ သက်ကြီးရွယ်အိုများကို အခါအားလျော်စွာ ကူညီလုပ်ကိုင်ပေးလေ့ ရှိသည့် ကျွန်တော့် အတွက်ကတော့ အကျင့်ပါနေသည်ဘဲ ပြောပြော မြန်မာ့ စိတ်ဓာတ်လေးဖြင့် ကူညီမိလေ့ ရှိသည်။

တခါကလဲ ကျွန်တော်နှင့် အဖော်တစ်ယောက် ကန်တင်းသို့ နေ့ လည်စာ ထမင်းစားရန် ထွက်လာခဲ့၏။ ကျွန်တော်တို့ ဓာတ်လှေကားထဲသို့ ဝင်ရန် ပြင်စဉ်မှာပင် ကန်တင်းတွင် ထမင်းရောင်းသည့် အန်တီကြီးက အထုတ်အပိုးများ ဆွဲ၍ ရောက်လာပြီး သူ့ ကို ခဏစောင့်ရန် ပြောသည်။ ထို့ နောက် အထုပ်နှစ်ထုပ်ကို ဓာတ်လှေကား ပေါက်တွင် ချပြီး ကားစီသို့ ပြန်ပြေးသွားသည်။ ကျွန်တော်လဲ မနေနိုင်သောကြောင့် ကားဆီသို့ လိုက်ပြီး အန်တီကြီးကို အထုပ်များ ကူသယ်ပေးလိုက်၏။ ကျွန်တော် ကျွန်တော် ဓာတ်လှေကားဝက အထုပ်နှစ်ထုပ်ကို ပါတခါတည်းဆွဲပြီး ဓာတ်လှေကားထဲသို့ တခါတည်း ထည့်လိုက်သည်။ တဖန် ကားဆီကို ပြန်သွား၍ အန်တီကြီးကို သွားကူသယ်ပေးမည် အလုပ်တွင် ကျွန်တော့် အဖော်က မင်းလိုက်မှာလား မလိုက်ရင် ငါသွားနှင့်မယ်ဟု  လှမ်းပြော၏။ ကျွန်တော်က ခဏလေးပါ ပြီးပါပြီဟု ပြောကာ ကျန်သည့် အထုပ်များကို ကူညီကာဝိုင်း၍ သယ်ပေးလိုက်သည်။ ကျွန်တော်နှင့် အန်တီကြီးတို့  သာ အပြေးအလွှားဖြင့် အထုပ်များ သယ်နေသော်လဲ အဖော်ဖြစ်သူကတော့ ဖုန်းကလိပင် မပြတ်ပေ။ ဓာတ်လှေကား အပေါ်ရောက်တော့လဲ သူက ခပ်တည်တည်ပင် ရှေ့မှ ကော့ကော့ ကော့ကော့ဖြင့် ထွက်သွား၏။ အန်တီကြီးက ကျွန်တော့်ကို ရပါတယ် သွားပါဟု ပြောသော်လဲ မနေတတ်သည့် ကျွန်တော်က ရပါတယ်ဟု ဆိုကာ ကူသယ်ပေးလိုက်၏။

တလောက တရုတ်နိုင်ငံတွင် နှစ်နှစ်သမီးအရွယ် ကောင်မလေး တစ်ယောက် ကားတိုက်ခံရသည့် သတင်းကို ဖေ့ဘွတ်တွင် ကြည့်လိုက်ရသည်။ လူမမယ် ကလေးတစ်ယောက်အပေါ် လူမဆန်သည့် မြင်ကွင်းကို စိတ်မကောင်းဖွယ် တွေ့ လိုက်ရ၏။ ကားရှေ့ပိုင်းဖြင့် တိုက်ပြီး ကားနောက်ဘီးဖြင့် ကလေးကို ကျောက်တုံးတစ်တုံး၊ သစ်တုံးတစ်တုံး ကဲ့သို့ အတင်းဖြတ်ကျော်သွားသည့် ကားသမား၊ သွေးအိုင်ထဲ လဲနေသည့် လူမမယ် ကလေးတစ်ယောက်လုံးကို ဥပေက္ခာ ပြုနိုင်သည့် လမ်းသွားလမ်းလာများနှင့် လဲနေသည့် ကလေးကို ထပ်တိုက်လိုက်သည့် ကားသမားတို့ ၏ အကြင်နာတရား ခေါင်းပါးမှုကို ကြည့်ရင်း အံသြမိ၏။ အတူတူ ကြည့်နေသည့် သူငယ်ချင်း၏ မှတ်ချက်စကားကလဲ မှတ်သားဖွယ် ဖြစ်သည်။ “တောက်... တော်တော်ရက်စက်တဲ့ လူတွေ တို့ မြန်မာနိုင်ငံမှာ ဆိုရင် ကလေးတစ်ယောက် ခုလို ကားတိုက်ခံရတာ မပြောနဲ့ ကလေးတစ်ယောက် ချော်လဲ သွားရင်တောင် ပြေးထူပေးတဲ့ လူတွေ အများကြီးဘဲ။ ကောင်မလေးအတွက် စိတ်မကောင်းဖြစ်လိုက်တာကွာ” ဟု ပြောလိုက်သည့် သူငယ်ချင်း၏ စကားက ခုချိန်ထိ နားထဲက မထွက်ပေ။ ဟုတ်သည် မြန်မာနိုင်ငံတွင် ယခုကဲ့သို့ အကြင်နာတရား ခေါင်းပါးသည့် အပြုအမူမျိုး တွေ့ ရလေ့ မရှိပေ။

ဒီနိုင်ငံတွင်လဲ ကျွန်တော် ကားအက်ဆီးဒင့် တစ်ခုကို မြင်ဖူးခဲ့သည်။ ကျွန်တော်နှင့် အဖော်နှစ်ယောက် ညဆိုင်းဆင်းပြီး အလုပ်မှ ပြန်လာစဉ် မီးပွိုင့်၌ ကားလမ်းကူရန် စောင့်နေစဉ် အချိန်က ဖြစ်သည်။ ဟိုင်းဝေးလမ်းမကြီးပေါ်မှ မီးပွိုင့်လွတ်အောင် အပြင်းမောင်းလာသည့် ကားက လမ်းသွယ်အတွင်းသို့  ချိုးကွေ့ အဝင်တွင် အရှိန်လွန်ပြီး တဘက်ယာဉ်ကြောမှ ကားကို တိုက်မိခြင်း ဖြစ်၏။ ကားအက်ဆီးဒင့် ဖြစ်သည်ကို မြင်တော့ မြန်မာနိုင်ငံက လာသည့် ကျွန်တော်က ထုံးစံအတိုင်း “ဟာ... ကားအက်ဆီးဒင့် ဖြစ်ပြီ” ဟု အော်ပြီး အခင်းဖြစ်ရာ နေရာသို့ ပြေးရန် ခြေလှမ်းပြင်သည်။ ဒါကို မြင်တော့ ကျွန်တော့် အဖော်နှစ်ယောက်က ကျွန်တော့်ကို ဘာလုပ်တာလဲဟု ဆိုကာ နောက်မှ ဆွဲထားပြီး ဒါငါတို့  အလုပ်မဟုတ်ဘူး ရဲအလုပ်ဟု ပြောသည်။ ကားနှစ်စီး ဝုန်း၊ ဒုန်းကနဲ တိုက်သည်ကို တချက်လောက်သာ စောင်းငဲ့ ကြည့်သွားသည့် လမ်းသွားလမ်းလာများ၊ ကားနှစ်စီး တိုက်မိပြီး လမ်းပေါ်တွင် ပိတ်ရပ်နေသလို ဖြစ်နေသဖြင့် နောက်မှ လာသည့် ကားသမားက ဒေါသတကြီးဖြင့် ဟွန်းကို တပွမ်ပွမ်တီးပြီး ကားများကို လမ်းဘေးချခိုင်းခြင်းတို့ ကို ကျွန်တော် အံသြဖွယ် တွေ့ လိုက်ရ၏။

သူတို့ ၏ လူမှုရေး ခေါင်းပါမှု၊ အကြင်နာတရား နည်းပါးမှုတို့ က ကျွန်တာ့်အတွက်တော့ အထူးအဆန်း ဖြစ်နေ၏။ မြန်မာနိုင်ငံတွင် ဒီလို လူမှုရေး ခေါင်းပါးသည့် အဖြစ်မျိုးကို မြင်ရတွေ့ ရလေ့ မရှိသလောက် ဖြစ်၏။ တစ်ယောက်မဟုတ် တစ်ယောက်ကတော့ ကူညီကြလေ့ရှိ၏။ ဒါတွေက သူတို့ ၏ ယဉ်ကျေးမှု၊ ဓလေ့စရိုက်၊ အလေ့အထ လားဟု ကျွန်တော်တွေးကြည့်မိသည်။ သူတို့ ၏ ယဉ်ကျေးမှု၊ ဓလေ့စရိုက်၊ အလေ့အထများက ကျွန်တော့် အတွက် အထူးအဆန်း ဖြစ်နေသကဲ့သို့ ကျွန်တော့် အပြုအမူများကလဲ သူတို့ အတွက် အထူးအဆန်း သဖွယ် ဖြစ်နေသည်ကို တွေ့ ရ၏။ နိုင်ငံတစ်နိုင်ငံတွင် သူ့ လူမျိုး၊ သူ့ ယဉ်ကျေးမှု၊ ဓလေ့စရိုက်နှင့် အလေ့အထတို့ ရှိကြသည်။ ယဉ်ကျေးမှု၊ ဓလေ့စရိုက်၊ အလေ့အထများက ကမ္ဘာကြီး၏ မညီသော အနားများ ဖြစ်မည် ဆိုလျှင် ကျွန်တော်တို့ နိုင်ငံ၏ ယဉ်ကျေးမှု၊ ဓလေ့စရိုက်၊ အလေ့အထ လေးများကြောင့် မြန်မာလူမျိုးတစ်ယောက် ဖြစ်ရသည်ကို ကျွန်တော်ဂုဏ်ယူမိပါတော့သည်။ မြန်မာလူမျိုးတို့  ၏ လူမှုရေး သိတတ်မှု၊ အကြင်နာတရား ရှိမှုတို့ ကို တခြားနိုင်ငံသား တစ်ယောက်က ချီးကျူး ပြောလာတိုင်း ကျွန်တော် ကြည်နူးပီတိဖြစ်ရ၏။ မိမိရှေ့တွင် အမြင်မတော်သည်တို့ ကို တွေ့ တိုင်း မြန်မာလူမျိုး တစ်ယောက်၏ ကူညီရိုင်းပင်းတတ်သည့် မြန်မာ့စိတ်ဓာတ်လေးက ခေါင်းပြူထွက်လာ၍ ကူညီဖြစ် နေတော့သည်။

22 comments:

  1. ညီထွဋ်23 November 2011 at 11:44

    အမှန်ပါပဲဗျာ...ရုပ်ဝတ္ထုတွေ တိုးတက်ပေမဲံ့ စိတ်ဓာတ်တွေက မတိုးတက်သေးပါလား.. :(

    ReplyDelete
  2. တစ်နေ့တစ်ခြား လူတွေရဲ့စိတ်က အကြင်နာတရားကင်းမဲ့လာတယ်...ကြောက်စရာကောင်းလာတယ်..။

    ReplyDelete
  3. ဟုတ်တယ် ဟုတ်တယ် ဒီနိုင်ငံမှာ အမြင်မတော်လို့ ကူညီပေးလိုက်ရင်
    အထူးအဆန်းကိုဖြစ်နေတာပဲ ..ညီရဲရေ
    ဘယ်နေရာရောက်ရောက် မြန်မာစိတ်ရင်း ကြင်နာခြင်းလေးတွေမပျောက်ဖို့ ထိမ်းသိမ်းနိုင်ကြပါစေ ..

    ခင်တဲ့

    (စကားမစပ် Tempanies မှာနေတာဆိုတော့ Tempanies Court တော့မဟုတ်လောက်ပါဘူးနော်း)

    ReplyDelete
  4. စကားတွေ အများကြီး သူတို့ပြောသွားတာမဟုတ်ပေမယ့် မျက်လုံးတွေက တစ်ဆင့် ပြောသွားတဲ့ အနက်ရဲ့ တန်ဖိုးက တကယ်ပဲ ကူညီရကျိုးနပ်တာပဲ ။ အစ်ကိုရေ့ ဟုတ်တယ် မြန်မာ့စိတ်၇င်း ကူညီခြင်းတဲ့ နောင်လည်းကူညီနိုင်ပါစေဗျ ကူညီလိုက်ရတဲ့ ပီတိက ဘာနဲ့မှ မတူအောင် ကြည်နူးစရာကောင်းပါတယ် ။

    ReplyDelete
  5. ဒါချစ်စရာကောင်းတဲ့ ဒို့မြန်မာတွေရဲ့စရိုက်ပေါ့း))

    ReplyDelete
  6. ချစ်စရာကောင်းတဲ့ စိတ်ဓါတ်လေးတွေပါပဲ

    ReplyDelete
  7. ဒါကြောင့်မို့..ဘယ်နေရာရောက်ရောက်
    မြန်မာဟာ..မြန်မာမှန်း.သိသာနေတာပေါ့
    လေးစားတယ်အစ်ကို
    မြန်မာစိတ်ဓာတ်နဲ့.ဆက်လျှောက်ပါ
    ခင်မင်စွာဖြင့်
    မိစံ

    ReplyDelete
  8. အကိုရဲ့စိတ်လေးကိုလေးစားမိပါတယ်
    မြန်မာတိုင်လဲ အဲဒီလိုဟုတ်မယ်တော့မထင်ထားနဲ့နော်
    တစ်ချို့က ပဲစုန်းလေးတွေရှိတတ်ကြတယ်..
    ဘယ်နေရာရောက်ရောက် စူးစမ်းလေ့လာခြင်းနှင့်
    အပြုံးကိုဆောင်ခြင်းဟာလဲ အောင်မြင်ခြင်းတစ်ဝက်လို့ကျွန်မမေမေ
    ပြောဖူးတာလဲသတိရမိတယ်...လူတိုင်းအကိုလိုစိတ်လေးတွေ
    ရှိကြပါစေလို့
    ခင်ခင်မင်မင် jasmine

    ReplyDelete
  9. သူ့အရပ်နဲ့ သူ့ဇာတ်ပေါ့...။
    မြန်မာဖြစ်ရတာ ဒါကြောင့် အမြဲဂုဏ်ယူမိတယ်..။
    မြန်မာတွေဆင်းရဲပေမယ့် အကြင်နာတရားမခေါင်းပါးဘူး...။
    ကိုယ်ထိလက်ရောက်ကူညီသူတိုင်းကို လေးစားမိတယ်။

    ReplyDelete
  10. ဒီကလူတွေ အတ္တသိပ်ကြီးတယ်..၊ကိုယ်ဒုက္ခရောက်ရင် ဘယ်သူမှလာကူညီမှာ
    မဟုတ်၊ဒါကြောင့် ကိုယ်လည်းသွားကူညီစရာမလို ဆိုတာမျိုးတွေချည်းပဲ...ဟူး

    ReplyDelete
  11. ဘယ်နိုင်ငံမှာဖြစ်ဖြစ် ချစ်စရာ မြန်မာလူမျိုးတွေရဲ့ ကူညီယိုင်းပင်းချင်တဲ့စိတ် ခင်မင်တတ်တဲ့စိတ် ပေးကမ်းချင်တဲ့စိတ်လေးတွေက ပြောင်းလဲမှုမရှိခဲ့ဘူးနော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  12. ဟုတ်တယ်အစ်ကိုရေ.. သူတို့အတွက်က အထူးအဆန်းဖြစ်နေတတ်တာ..
    တခုက တချို့တွေကျတော့ ကူညီပေးတယ်မမြင်ဘဲ သူတို့ဟာလုမယ်ဆိုပြီးလည်း တွေးရင်တွေးနေနိုင်တယ်နော်.. :P :P

    ReplyDelete
  13. ထိုင်းမှာတော့ တစ်ယောက်နဲ့ တစ်ယောက် ကူညီတတ်ကြပါသေးတယ်။ အဲ.... လူနေမှု အဆင့်အတန်း မြင့်မြင့်သွားတဲ့ အပိုင်းကျ ဖာသိ ဖာသာ ပဲ နေကြတော့တယ်။ ကျနော့ အထင်တော့ ရုပ်ဝတ္တုပစ္စည်းတွေ ပိုပို တိုးတက်လေလေ၊ စိတ်ဓါတ်တွေ အောက်ကျလေလေ ပဲလို့  ထင်တယ်။

    ဘန်ကောက်မှာ တစ်ခု ဆိုးတာလေးက အက်ဆီ့ဒင့် ဖြစ်တဲ့ အခါ လျစ်လျူရှု့တတ် ကြတယ်ဗျ။ ဒါလေး တစ်ခုတော့ နည်နည်း ဖီလင် အောက်နေတယ်။

    ReplyDelete
  14. အဲလို ကူညီရိုင်းပင်းတတ်တဲ့စိတ်ဓါတ်လေးကို လေးစားတယ်....

    အဲဒါကြောင့်ပြောတာပေါ့ ကိုကြီးရဲရဲက စိတ်ကောင်းရှိပါတယ်လို့.... :D


    ဘွားတော်

    ReplyDelete
  15. ကူညီဖေးမ စာနာတတ်တဲ့ စိတ်ထားလေးက လေးစားဖို့ကောင်းပါတယ် ညီရဲရေ..
    ခုလိုစိတ်ဓာတ်လေး အမြဲထိမ်းသိမ်းထားပါ.
    ကိုယ့်ထက်အားနည်းသူတွေ လိုအပ်နေတဲ့သူတွေကို ကူညီရတာ ကိုယ့်အတွက်လည်း စိတ်အဟာရကိုဖြစ်စေပါတယ်..
    သူတစ်ပါးကို မကူညီတတ်တဲ့ အတ္တကြီးသူတွေ ဖာသိဖာသာနေတတ်သူတွေကတော့ သူတို့မှာ သူတစ်ပါးကို ကူုညီလို့ ရလာတဲ့ ပီတိဆိုတဲ့စိတ်ခံစားမှုမျိုးကို ခံစားဖူးကြမှာ မဟုတ်ပါဘူး.. အင်မတန်မှ ချိုမြိန်တဲ့ ပီတိလေ... ဒါကို မသိကြဘူးပေါ့

    ReplyDelete
  16. ဟုတ်တယ်ဗျ၊ ရုပ်ဝတ္ထုတွေ ဖွံ့ဖြိုးတိုးတက်လာတဲ့ နေရာတွေမှာ အများအားဖြင့် Individualism ကို တွေ့ရတတ် ပါတယ်၊ သူတပါးရဲ့ ကိစ္စကို ဝင်မစွက်ဖို့ ကြိုးစားတာနဲ့ ကိုယ့်ကို အကူအညီ မတောင်းဘဲ သွားကူညီတာရဲ့ အကြားက နယ်နိမိတ် အဓိပ္ပါယ် ဖွင့်ဆိုချက်က ဝေဝါး ရှုပ်ထွေးလာပုံ ပါပဲ၊ ကူညီတတ်တဲ့ စိတ်ဟာ လူသားချင်း စာနာတတ်တဲ့ စိတ်ပါပဲဗျာ..။

    ReplyDelete
  17. ဟုတ်ပနော် .. ဖတ်ရတာနဲ့ တင် ကြည်နူးစရာ ..း) ဒါပေမယ့် တခါတလေ မျက်ဝန်းတွေကို မဖတ်တတ်ချင်ဘူး ရင်နာလို့

    ReplyDelete
  18. ကောင်းတယ်..မောင်ညီရဲ..ဆတ်ေ၇း..မေ၇ာက်တာကြာသွားတယ်..ခွင့်လွတ်

    ReplyDelete
  19. ကူညီပါ ညီရဲရေ၊ ကိုယ့်စိတ်သဘောလေးနဲ့ကိုယ် ကိုယ့်အလုပ်ကိုယ်လုပ်တာပဲပေါ့။
    မကူညီချင်တဲ့သူနေပါစေပေါ့။
    စိတ်ကောင်းရှိတဲ့ညီရဲ ကျန်းမာချမ်းသာပါစေကြောင်း။

    ReplyDelete
  20. ညီရဲရဲ့ စိတ်စေတနာကို အစဉ်လေးစားမိပါရဲ့ဗျာ။

    ReplyDelete
  21. လူတွေဟာ အများအားဖြင့် ပါတ်ဝန်းကျင်ကြောင့် အရောင်အမျိုးမျိုးပြောင်းလဲသွားတတ်ပေမဲ့ ချစ်စဖွယ် မြန်မာ့စိတ်ရင်းလေးရှိနေကြသူတွေ အတွက် ဝမ်းသာဂုဏ်ယူမိတယ် ညီရဲ ရေ..
    ခင်မင်စွာ..
    မကိ

    ReplyDelete
  22. ချစ်စဖွယ် ဂုဏ်ယူစရာ... မြန်မာ့စိတ်ဓာတ်လေးပါ...

    ReplyDelete