Sunday 25 December 2011
ဒီဇင်ဘာ ပိတ်ရက်မှာ ဘာလုပ်မယ်(တဂ်)
ခုတလော အလုပ်တွေ ကျနေသည့် အတွက် လူလဲ မနားရ ဖြစ်နေသည်။ ဒီဇင်ဘာ ခရစ်စမတ်နှင့် New Year တွင် Shut Down ရှိသောကြောင့် ဒီဘက်ရက်တွေမှာ အလုပ်တွေကို ကြုံးရုန်း လုပ်နေကြရခြင်း ဖြစ်သည်။ Shut Down ရှိသည်ဆိုမှ သြော်... ဒီဇင်ဘာ ခရစ်စမတ်တောင် နီးလာပြန်ပါရောလားဟု တွေးမိသည်။ အလုပ်က တရုတ်တွေကတော့ ဒီဇင်ဘာ ခရစ်စမတ်တွင် ဟိုဟာလုပ်မယ် ဒီဟာလုပ်မယ် မလေးရှားနိုင်ငံ ပြန်မယ်၊ ထိုင်ဝမ်နိုင်ငံသွားမယ်၊ ဟောင်ကောင်းသွားမယ် ပြေနေကြသည်။ မြန်မာ သူငယ်ချင်းတွေကလဲ မလေးရှားနိုင်ငံကို အလည်သွားကြမည် ပြောကြသည်။ မိမိလဲ ဒီဇင်ဘာ ခရစ်စမတ်နှင့် New Year တွင် ဘာလုပ်မလဲဟု ကိုယ့်ကိုယ်ကို ပြန်မေးကြည့်မိသည်။ အဖြေက ထွက်မလာ ဟိုအရင် နှစ်တွေကလိုဘဲ ထုံးစံအတိုင်း ဘာအစီအစဉ်မှ ရှိမနေပေ။ သေချာတာကတော့ Boon Lay တွင် နေသည့် အစ်ကို့ အိမ်ကို ရောက်နေမည်ကတော့ သေချာသည်။ ဒါကလဲ ပိတ်ရက်တိုင်း သွားနေကြ ဖြစ်သောကြောင့် အထူးအဆန်း ဖြစ်မနေပေ။ ထို့ ကြောင့် ဒီနှစ်ဒီဇင်ဘာလဲ အရင်နှစ်တွေလိုဘဲ မသိလိုက် မသိဘာသာ ကျော်သွားဖြစ်ဖို့ က များနေသည်။ ဒါကလဲ မိမိပတ်ဝန်းကျင်နှင့် သူငယ်ချင်းများထဲတွင် ခရစ်ယာန် ဘာသာဝင် မရှိခြင်းကြောင့် ဖြစ်မည်ဟု ထင်မိသည်။ ကျွန်တော့် ဘဝတွင် ခရစ်စမတ်နှင့် ပတ်သက်သည့် အမှတ်ရစရာက ရှိတော့ရှိသည် ဒါပေမယ့် ရှားသည်ဟု ပြောရမည် ဖြစ်သည်။
ခရစ်စမတ်နဲ့ ပတ်သက်ပြီး ဘာမှ ကြိုတင် ပြင်ဆင် ထားခဲ့လေ့ မရှိပေမယ့်လို့  တော်တော်လေး ပျော်ဖို့ ကောင်းပြီး စိတ်လှုပ်ရှားခဲ့ရတဲ့ ခရစ်စမတ်နေ့ လေး တစ်နေ့  ရှိခဲ့ဘူးသည်။ ထိုနေ့ က ကျွန်တော်နဲ့ အတန်းတူတက်သည့် သူငယ်ချင်း တစ်ယောက်က ခရစ်စမတ် သူတို့ ရွာကို အလည်လိုက်ခဲ့ဖို့ ခေါ်သဖြင့် ကျွန်တော်လဲ အလည်ရောက်သွားဖြစ်သည်။ သူကကျွန်တော်တို့ ရွာနဲ့ နဲနဲလှမ်းတဲ့ ရွာသစ်ကုန်းရွာက ချင်းလူမျိုး ခရစ်ယာန်ဘာသာဝင် တစ်ယောက်ဖြစ်သည်။ သူတို့ တစ်ရွာလုံး ချင်းလူမျိုးများ ဖြစ်ပြီး ခရစ်ယာန်ဘာသာဝင်များ ဖြစ်ကြသည်။ ကျွန်တော်တို့ ဧရာဝတီမြစ် နောက်ဘက်ကမ်း ရခိုင်ဘက်ကို သွားတဲ့ လမ်းတလျှောက်တွင် ချင်းလူမျိုးများ နေထိုင်သည့် ချင်းရွာများရှိသည်။ တချို့ ရွာမှ ချင်းလူမျိုးများ ဆိုလျှင် ဗမာစကားကိုပင် ကောင်းကောင်း မပြောတတ်ကြပေ။ သူငယ်ချင်းက ကျွန်တော့်တို့ ရွာတွင် ဈေးလာဝယ်ရင်း ကြုံသဖြင့် ခေါ်သောကြောင့် အစီအစဉ်မရှိဘဲ လိုက်သွားဖြစ်ခြင်း ဖြစ်၏။ သူတို့ ကတော့ ခရစ်ယာန်ဘာသာဝင်များ ဖြစ်သဖြင့် ခရစ်စမတ်ပွဲကို သေသေချာချာ ခမ်းခမ်းနားနားကို ကျင်းပကြခြင်း ဖြစ်သည်။ သိုသော် မြို့ ကြီးပြကြီးများမှ ခရစ်စမတ်ပွဲများကဲ့သို့  ခမ်းခမ်းနားနားကြီး ကျင်းပခြင်းမျိုးလဲ မဟုတ်ပေ။ သူတို့ ရွာဓလေ့ဖြင့် သူတို့ ပွဲတော်ကို ရိုးရိုးလေး ကျင်းပကြခြင်း ဖြစ်သည်။ ခရစ်စမတ်တွင် သူတို့ ရွာမှ အိမ်များတွင် အလှူလုပ်ပုံက တမျိုးဖြစ်သည်။ ဝက်သားဟင်းကို အမျိုးမျိုး ချက်ပြုတ်ပြီး ဧည့်သည်များကို ကျွေးခြင်းဖြစ်သည်။ တတ်နိုင်သည့် အိမ်များက ဝက်နှစ်ကောင်၊ သုံးကောင်၊ စသဖြင့် ပေါ်ကြသည်။ ထို့ နောက် သူတို့ လှူသည့် အလှူကို အိမ်ရှေ့တွင် ဝက်ခေါင်းများ ချိတ်ဆွဲခြင်းဖြင့် ဖော်ပြလေ့ ရှိကြသည်။ ဝက်နှစ်ကောင် လှူလျှင် ဝက်ခေါင်း နှစ်ခေါင်း၊ ဝက်သုံးကောင် လှူလျှင် ဝက်ခေါင်းသုံးခေါင်း စသည်ဖြင့် ချိတ်ဆွဲထားလေ့ ရှိကြသည်။ ထိုနေ့ က ပုံစံမျိုးစုံနဲ့ ချက်ထားတဲ့ ဝက်သားဟင်းကို တဝကြီး စားသောက်ခဲ့ရသည်။ သုံးထပ်သား၊ ဝက်သားချက်၊ ဝက်သားကြော်၊ ဝက်ကလီစာ၊ ဝက်အူမကြီးဟင်း၊ ဝက်ခြေထောက်စွပ် စသည့် တခြားတခြားသော ကျွန်တော် မမှတ်မိတော့သည့် ချက်နည်းဖြင့် ချက်ထားသည့် ဝက်သားဟင်းများကို  ဗိုက်ကြီးကားနေအောင် စာခဲ့ရသည်ကို မှတ်မိသေးတော့သည်။ 
ညဘက် ဒီဇင်ဘာဆောင်းညတွင် မီးဖိုကြီးများဖိုကာ ဂစ်တာတွေ ဝိုင်းဖွဲ့ တီး၊ သီချင်းတွေ ဆိုကြဖြင့် တော်တော်လေးကို ပျော်ဖို့ ကောင်းခဲ့သည်။ ရွာထဲမှ ကာလသား လူငယ်များစု၍ တစ်အိမ်ဝင်၊ တစ်အိမ်ထွက်၊ တစ်ရွာဝင် တစ်ရွာထွက်ဖြင့် ဂစ်တာတီး၊ သီချင်းဆိုပြီး အလှူခံကြသည်မှာလဲ အလွန်ပျော်စရာ ကောင်းလှသည်။ မီးပုံဘေးတွင် ဂစ်တာတီး၊ သီချင်းဆိုရင်း အမြည်းအလျှံအပယ်ဖြင့် ဆန်အရက်လေး သောက်ရင်း အပျော်ကြီး ပျော်ခဲ့ရသည်။ ထိုအကြောင်းအရာလေးများက  ကျွန်တော်မှတ်မိသလောက်လေး ပြန်ရေးပြလိုက်ခြင်း ဖြစ်သည်။ တကယ်က ထိုထက်မက အများကြီး ပျော်ဖို့ ကောင်းခဲ့ခြင်း ဖြစ်သည်။ ကြာပြီဖြစ်သောကြောင့် ကျွန်တော်လဲ အားလုံးကို သေသေချာချာ ပြန်မမှတ်မိတော့ချေး။ ကျွန်တော် ပြောချင်တာကတော့  ခရစ်စမတ်အတွက် တကူးတက အစီအစဉ် ဆွဲထားလေ့ မရှိခဲ့သော်လဲ ထိုကဲ့သို့  ကြိုတင် မစီစဉ်ထားပေမယ့် အမှတ်ရစရာ ခရစ်စမတ်လေးတွေ ရှိခဲ့သည် ဆိုသည်ကို ပြောပြချင်ခြင်း ဖြစ်သည်။
ကျွန်တော့် ဘဝတွင် ခရစ်စမတ်နှင့်ပတ်သက်၍ ဖြစ်ချင်ခဲ့သည့် စိတ်ကူးလေးများ ရှိခဲ့သည်။ နှင်းဖြူဖြူလေးများ တဖွဲဖွဲကျနေသည့် နှင်းတောထဲတွင်  လျှောက်သွားချင်သည့် စိတ်ကူးလေးများ ငယ်စဉ်ကတည်းက ရှိခဲ့ဖူးသည်။ ကျွန်တော် အလွန်နှစ်သက် သဘောကျသည့် မိုးဖွဲဖွဲလေးများ အောက်တွင် လမ်းလျှောက်ရင်း နှင်းများ တဖွဲဖွဲ ကျဆင်းနေသည့် နှင်းတောထဲတွင် လမ်းလျှောက်ရလျှင် ဘယ်လို နေမလဲဟု တွေးကြည့်မိဖူးသည်။ သို့ သော် ဒီနေ့ ဒီအချိန်ထိတော့ အကောင်အထည် မဖော်နိုင်သေးပေ။ အခွင့်ရရင်တော့ တစ်ခါလောက်တော့ ကြုံဖူးချင်ပါသေးသည်။ တစ်ယောက်သော သူရဲ့ လက်ကို တွဲပြီး နှင်းတောထဲမှာ လမ်းလျှောက်ရတာ ဘယ်လို အရသာ ရှိတယ်ဆိုသည်ကိုပေါ့။ ဒါတွေက ခုချိန်မှာတော့ အိမ်မက်ပမာသာ ရှိနေသည်။ ဘယ်တော့မှ အကောင်အထည် ဖော်နိုင်မည်ကိုလဲ ကိုယ်ကိုယ်တိုင်က မရေမရာ ရှိနေသည်။ ဒီဇင်ဘာနှင့်အတူ ကျွန်တော့်အတွက် မှတ်မှတ်ရရ ရှိနေသည်။ ဘာဖြစ်ဖြစ် ဒီနှစ်ဒီဇင်ဘာကလဲ သူငယ်ချင်းများနှင့် မသိလိုက် မသိဘာသာ သောက်ရင်းစားရင်း ကျော်ဖြတ်သွားဖို့ များနေသည်။
မှတ်ချက်။    ။ ဒီပိုစ့်လေးကို ညီမလေး တစ်ယောက်လို ခင်ရသည့် ညီမငယ် ကန်ဒီတဂ်ထားသဖြင့် မရှိမဲ့ ရှိမဲ့အမှတ်တရလေးများထဲမှ ဖြစ်ညှစ်ရေးခဲ့ရခြင်း ဖြစ်သည်။ ခုလို သတိတရဖြင့် တဂ်ခဲ့သည့် ညီမငယ် ကန်ဒီကိုလဲ ကျေးဇူးတင်ပါသည်။ အားလုံးဘဲ ပျော်စရာ ခရစ်စမတ်နေ့ လေး ဖြစ်ဖို့ ဆုတောင်းပေးလိုက်ပါတယ်။
20 comments:
  1. ၀က်သားကို အမျိုးမျိုး ချက်ကြတာပါကလား ညီရဲရေ...ဗိုက်ကြီးကားအောင်တော့ မစားရဲ...၀မ်းလျှောမှာစိုးလို့...ဟီး...နှစ်သစ်မှာ ပျော်ရွှင်ပါစေနော့်...
    ReplyDelete
  2. black
    စိတ်ကူးထဲက ခရစ်စမတ်ညလေးကို
    တကယ်လက်တွေ့အကောင်အထည်ဖော်နိုင်ပါစေနော်..
    ReplyDelete
  3. ဒီဇင်ဘာလ ခရစ်စမတ်လေး မှာသောက်ရင်းစားရင်း ပျော်ပျော်ရွှင်ရွှင် ကျော်ဖြတ်နိုင်ပါစေ။ ပျော်ရွှင်ဖွယ် နှစ်သစ်ကူးဖြစ်ပါစေ။
    ခင်မင်တဲ့
    သဒ္ဓါ
    ReplyDelete
  4. စာရေးကောင်းတဲ့အကိုညီရဲသစ်ရေ
    ခရစ္စမတ်မှာပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေ
    ReplyDelete
  5. ပျော်ရွှင်သော ခရစ္စမတ်နှင့် နှစ်သစ်ကို ပိုင်ဆိုင်နိုင်ပါစေ
    ReplyDelete
  6. အင်း.. ဘယ်လိုဖြစ်ညှစ်ရေးရေး ရေးရင် ကျေနပ်ပြီ အဟိ..
    အမှတ်တရလည်း ရှိခဲ့တာပဲ ပျော်စရာကြီး :D
    ချစ်သူလက်ကိုတွဲပြီး နှင်းတောထဲလျှောက်မယ်ဆိုပဲ ငါ့အစ်ကို ဒီရက်ပိုင်းကဗျာတွေ သိပ်ဆန်နေတယ်.. ဟဟဟ xD
    ReplyDelete
  7. Christmas မှာလည်း ပျော်ပါစေ
    နှစ်သစ်မှာလည်း ပျော်ပါစေ
    ကံကောင်းတဲ့ ၂၀၁၂ ဖြစ်ပါစေနော်...
    ReplyDelete
  8. ညီရေ..အကိုတော့ ဝက်မြင်ရင်ခေါင်းပဲကိုက်ချင်တာ...၊ချင်းရွာကအလှူများ
    ရောက်ရင် ချိတ်ထားတဲ့ ဝက်ခေါင်းကြီးဖြုတ်ကိုက်မိမလားပဲ...:))
    ပျော်ရွင်နှစ်လိုဖွယ်ခရစ်စမတ်နှင့် နှစ်ကူးကာလကို
    ပိုင်ဆိုင်နိုင်ပါစေဗျား....။
    ReplyDelete
  9. ဒီဇင်ဘာဆောင်းညတွင် မီးဖိုကြီးများဖိုကာ ဂစ်တာတွေ ဝိုင်းဖွဲ့ တီး၊ သီချင်းတွေ ဆိုကြဖြင့်----ရှမ်ဲးပြည်နဲ့တူတယ်နော်---
    နှင်းများ တဖွဲဖွဲ ကျဆင်းနေသည့် နှင်းတောထဲတွင် လမ်းလျှောက်ရလျှင်
    တော့ တစ်ယောက်ထုဆိုရင် လေးနက်မှုရှိမယ်မထင်ဘူးနော်
    ဒါကြောင့်မို့ ?????????
    ReplyDelete
  10. တစ်ယောက်သောသူနဲ့  နှင်းထဲတိုးဖို့  မြန်မြန်လုပ်တော့။ ဒီထက် နောက်ကျရင် မအိုကေတော့ဘူးနော်။
    ဒီပိုစ့် ၀ါးတီးတွေ များတယ်။ သွားရေကျ။
    ReplyDelete
  11. နှင်းထဲတိုးဖို့ အတွက် နွေးထွေးတဲ့ လက်အစုံလေးတော့လိုအပ်တယ်နော်
    ညီရဲရေ---ကျိုးစားထားလိုက်တော့ နောက်ကျနေမယ်
    ဒီပိုစ့်ကိုဖတ်ပြီးတောင်ကြီးကိုပိုပြီးလွမ်းတယ်
    ReplyDelete
  12. ဒီဇင်ဘာရဲ့ အမှတ်တရ အလွမ်းတွေကို ပြန်ရေးတော့ ဖတ်ရတဲ့ သူလည်း လွမ်းတာပေါ့အကို...:):) ပျော်ရွင်ဖွယ် ခရစ်စမတ်လေး ဖြစ်ပါစေလို့ ဆန္ဒပြုရင်း..Happy New Year ပါအကိုရေ..
    ReplyDelete
  13. ဒီနှစ်ခရစ်စမတ်မှာ တစ်ယောက်သောသူရဲ့လက်ကို တွဲလျှောက်ခွင့်
    မရသေးတဲ့တိုင် လာမည့်ခရစ်စမတ်မှာတော့ ဆန္ဒအတိုင်း
    ပြည့်ဝပါစေလို့ တောင်းဆုလေးချွေခဲ့တယ် မောင်ညီရဲရေ။
    ဖြစ်ညှစ်ရေးတဲ့ပို့စ်လေးကလည်း ဖတ်လို့ကောင်းပါတယ်ကွယ်။
    Merry Christmas & Happy New Year!!!
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။
    မေတ္တာဖြင့်
    အန်တီတင့်
    ReplyDelete
  14. ခရစ်စမတ်နှင့် နှင်းကတော့ မဆိုင်ဘူးထင်တယ်၊
    နှင်းမမြင်ဘူးတဲ့ ခရစ်ယန်ဘာသာဝင်တွေ များတဲ့ နိုင်ငံတွေ အများကြီးပါပဲ၊
    နောက်ဆုံး ခရစ်စမတ်တို့ နှစ်သစ်ကူးတို့က ဈေးရောင်းပွဲတော် တစ်ခုပါပဲ။
    Merry Christmas
    ReplyDelete
  15. ခရစ်စမတ် မှာ ဝက်သားဟင်း အဝစားရတာ ပျော်စရာ ကြီး ပါလား ကိုညီရဲသစ် ရေ
    merry x-mas ပါ
    ခင်မင်တဲ့
    ရွှေစင်ဦး
    ReplyDelete
  16. ဝက်သားကို ပုံစံမျိုးစုံနဲ့ စားခဲ့ရတာ တကယ့် အတွေ့အကြုံပဲ..၊ အိမ်တွေရှေ့မှာ ဝက်ခေါင်းတွေကို မြင်ရတာလည်း တမျိုး ထူးဆန်းနေမှာ အသေအချာ..၊ ပျော်ရွှင် စရာကောင်းတဲ့ ခရစ်စမတ် အားလပ်ရက်များ ဖြစ်ပါစေဗျာ...။
    ReplyDelete
  17. ညီရဲရေ
    ခရီးလွန်နေလို့ခုမှအလည်လာရတယ်နော် ၀က်သားကြိုက်ပါတယ်ဆိုမှ အမျိုးမျိုးလာအစဖော်နေတယ်း)
    ပျော်ရွှင်ဖွယ် ဒီဇင်ဘာနေ့ရက်များဖြစ်ပါစေနော်
    M-xmas &^ Happy New Year နော်
    ခင်တဲ့
    မဒိုးကန်
    ReplyDelete
  18. ဖတ်သွားတယ် အစ်ကိုညီရဲရေ။ နှစ်သစ်မှာပျော်ရွှင်ပါစေခင်ဗျာ။
    ReplyDelete
  19. ကိုအောင်(ပျူနိုင်ငံ)28 December 2011 at 00:36
    တက်ဂ်ဆိုပေမယ့် ဖတ်လို့ တကယ်ကောင်းတယ် ...
    ReplyDelete
  20. ခရစ်စမတ်ကတော့ပြီးသွားပီ...ဒါ့ကြောင့်မဲကြီးခရစ်စမတ်လို့ ဆုမတောင်းပေးတော့ဘူး....တစ်ယောက်သောသူရဲ့လက်ကိုတွဲပြီး နှင်းတောထဲလျှောက်ချင်တဲ့ ဆန္ဒကိုသာ ပြည့်ဝနိုင်ပါစေလို့ ဆုတောင်းပေးပါ၏။
    အင်ကြင်း
    ReplyDelete