Sunday 26 February 2012

ပတ်ဝန်းကျင်အကြောင်း တစေ့တစောင်း

ဒီဘက်နှစ်များတွင် ရပ်ကွက်လမ်းမများထက် ပြေးလွှားဆော့ကစားနေသည့် ကလေးငယ်များကို အတွေ့ ရနည်းလာသည်။ ထို့ ကြောင့် ကလေးငယ်များ ဘယ်ရောက်ကုန်ကြသလဲဟု အကဲခတ်ကြည့်မိသည်။ ထိုအခါ ကျောင်းနှင့် ကျူရှင်ကို ပြေးလွှားနေရသည့် ကလေးငယ်များကို တွေ့ လာရ၏။ ကျောင်းမှ ပြန်လာပြီးနောက် ကလေးငယ်များတစ်ဦးနှင့် တစ်ဦး ကျူရှင်ချိန်များ မတူကြခြင်း ကလဲ အကြောင်းတချက်ဖြစ်သည်။ ထို့ ကြောင့် ဟိုးအရင် အချိန်များကဲ့သို့ ကလေးများ စုစုစည်းစည်းဖြင့် အတူတူ မကစားနိုင်ကြခြင်း ဖြစ်သည်။  ကျောင်းနှင့် ကျူရှင်ကြားတွင် ဗျာများရင်း အားလပ်ချိန်ခဏကို တတ်နိုင်သည့် ကလေးများက ဗီဒီယိုကြည့်ခြင်း၊ တီဗီဂိမ်းကစားခြင်း၊ အင်တာနက်ဂိမ်းကစားခြင်း တို့ ဖြင့် အချိန်ဖြုန်းလာကြ၏။ နွမ်းပါသည့် ကလေးငယ်များကလဲ မုန့် ဖိုးပိုက်ဆံများကို စုပြီး ဂိမ်းကစားပစ်ကြသည်။ ဂိမ်းမကစားသည့် အချိန်တွင်လဲ ဘေးမှ တခြားသူများ ဂိမ်းကစားသည်ကို နတ်ကရာ ကျီးမော့ရင်း အချိန်ဖြုန်းလာကြသည်။ ထိုအခါ အကျိုးဆက် အနေဖြင့် ကလေးငယ်များ ငွေကုန်၊ အချိန်ကုန်လာကြသည်။ ဗီဒီယို၊ တီဗီဂိမ်း၊ အင်တာနက်ဂိမ်း များကို အလွန်အကျွံ ကစားခြင်းဖြင့် ငယ်ငယ်ရွယ်ရွယ်နှင့် အညောင်းမိခြင်း၊ အာရုံကြော အားနည်းခြင်း၊ မျက်စိ၊ မျက်ရိုးကိုက်ခြင်းတို့ ကို ခံစားလာကြရ၏။ အသက် ငယ်ငယ်ရွယ်ရွယ်ဖြင့် မျက်မှန်တပ်ရသူများ ကိုပိုတွေ့ လာရသည်။ ဟိုဘက်ခောတ်ကကဲ့သို့ အကြမ်းပတမ်း မခံနိုင်တော့ဘဲ ချူချာလာကြသည်။ ရာသီအပြောင်းအလဲများတွင်ပင် ဖျားတတ်၊ နာတတ်လာကြသည်။

ဒီနေ့ ခောတ်တွင် ကွမ်းယာဆိုင်များ မှိုလိုပေါက်လာခြင်းနှင့်အတူ ကွမ်းစား၊ ဆေးလိပ်သောက် တတ်သည့် လူငယ်များ ပိုများလာသည်။ ကွမ်းမစား၊ ဆေးလိပ်မသောက်တတ် သူကိုပင် အခြောက်သဖွယ် ပြောဆိုလာကြ၏။ ကွမ်းစား၊ ဆေးလိပ်သောက်ခြင်းကြောင့်  အမောမခံနိုင် ကြသဖြင့် လူငယ်များ ဘော်လုံးကစားခြင်း၊ ပိုက်ကျော်ခြင်း ကစားခြင်းတို့ ကဲ့သို့ သော အားကစားနည်းများကို စိတ်ဝင်စားမှု လျော့နည်းလာကြသည်။ ထိုကစားနည်းများကို စိတ်ဝင်စားမှု လျော့နည်းလာခြင်းနှင့်အတူ ဘော်လုံးကွင်း၊ ပိုက်ကျော်ခြင်းကွင်းများတွင် တဖြည်းဖြည်းဖြင့် လူနည်းလာသည်။ လူငယ်များ ဘိလိယက် ထိုးခြင်းကဲ့သို့ သော သက်တောင့်သက်သာ ရှိသည့် ကစားနည်းများကို  ပိုစိတ်ဝင်စား လာကြ၏။ ပိုက်ဆံကြေး ဘိလိယက်ထိုးခြင်း၊ တီဗီဂိမ်းဖြင့် ဘော်လုံးကန်ခြင်းတို့ ဖြင့် လူငယ်များ လောင်းကစားခြင်းကို စိတ်ပါလာကြသည်။ ထိုမှတဆင့်တက်၍ ဖဲကစားခြင်း၊ တစ်လုံး၊ နှစ်လုံး၊ သုံးလုံး ကဲ့သို့ သော လောင်းကစားနည်းများကို ခုံမင်လာကြသည်။ ထိုကဲ့သို့ လောင်းကစား ဝါသနာပါလာသည့် လူငယ်များ ကျောင်းစာကို စိတ်ဝင်စားမှု လျော့နည်းလာသည်။ ပျင်းရိတတ်လာပြီး ကိုယ်ရည်ကိုယ်သွေးများ ကျဆင်းလာကြသည်။ အရွယ်ရောက်လာလျှင်လဲ အလုပ်ကို လက်ကြောတင်းအောင် မလုပ်ချင်ကြတော့ဘဲ ဘော်လုံးပွဲဒိုင်၊ နှစ်လုံးဒိုင်၊ သုံးလုံးဒိုင်ကဲ့သို့ သော အလုပ်များကို အလွယ်လိုက်ပြီး လုပ်လာကြသည်။ ငွေကို လွယ်လွယ်ရပြီး လွယ်လွယ် သုံးတတ်လာသည်။ လွယ်လွယ်ရသည့် ငွေကို တန်ဖိုးမထားတော့ဘဲ ဘီယာဆိုင်၊ KTV ကာရာအိုကေဆိုင်၊ မာဆတ်နှင့် မကောင်းသည့် မိန်းမများရှိသည့် နေရာများတွင် လွယ်လွယ်သုံးတတ်လာသည်။

ဒီဘက်ခောတ်တွင် အရက်ဆိုင်၊ ဘီယာဆိုင်နှင့် မကောင်းသည့် နေရာများကလဲ အပြိုင်းအရိုင်း နေရာအနှံ ပေါ်ပေါက်လာ၏။ လက်ဖက်ရည်ဆိုင်များတွင် လူကျဲလာခြင်းနှင့်အတူ အရက်ဆိုင်၊ ဘီယာဆိုင်များတွင် လူများဖြင့် ကြိတ်ကြိတ်တိုး စည်ကားလာကြသည်။ တချို့ လက်ဖက်ရည်ဆိုင်မှ ဘီယာဆိုင်သို့ ပြောင်းသွားသည့် ဆိုင်မျိုးကိုပင် တွေ့ ရသည်။ ရန်ကုန်မြို့ ရှိ တချို့ ဆိုင်များ မနက်ပိုင်း လက်ဖက်ရည် ရောင်းပြီး ညနေဘက် ဘီယာရောင်းသည်ကို တွေ့ ရသည်။ သူတို့ အကြောင်းပြချက်ကလဲ ရှင်းသည်။ လက်ဖက်ရည်ဆိုင် ရောင်းအားကျလာခြင်း၊ လက်ဖက်ရည်ဆိုင်နှင့် ဘီယာဆိုင်ကြား အမြတ်ငွေ ကွာခြားခြင်းကလဲ အကြောင်းတစ်ချက် ဖြစ်သည်။ ဟိုဘက်ခောတ်တွေက ပိုက်ဆံချမ်းသာသည့် လူကြီးများကိုသာ အတွေ့ များရသည့် အရက်ဆိုင်၊ ဘီယာဆိုင်၊ KTV ကာရာအိုကေဆိုင်၊ မာဆတ်နှင့် မကောင်းသည့် မိန်းမများ ရနိုင်သည့် နေရာများတွင် ခုနောက်ပိုင်းတွင် လူငယ်များကို ပိုတွေ့ လာရ၏။ လူငယ်များ ထိုကဲ့သို့ သော နေရာများနှင့် ယဉ်ပါးလာသည့်နောက်ပိုင်း အကျိုးဆက် အနေဖြင့် လူငယ်များ လက်ရဲခြေရဲဖြင့် အတင့်ရဲလာကြပြီး စာရိတ္တပိုင်းများ ချို့ ယွင်းလာကြသည်။ လူငယ်ပေမယ့် ဇကွဲလေးနဲ့ ဆိုသကဲ့သို့ ဇကလေးတွေ ကိုယ်စီနဲ့ ဖြစ်လာကြသည်။ ထို့ နောက် လက်စခြေစ ရှိသည့်လူငယ်များ အပျို၊ အအိုမရှောင်ကြတော့သဖြင့် ခုနောက်ပိုင်းတွင် အိမ်ထောင်ရေး ဖောက်ပြန်သည့် သတင်းများကို ပိုကြားလာရ၏။ အကြောင်းနဲ့ အကျိုးဆက်စပ်နေသည် ဆိုသကဲ့သို့ ခိုးမှု၊ ဝှက်မှုများလဲ ပိုများလာသည်။ သေချာသည်ကတော့ ဒီဘက်ခောတ်တွင် လူငယ်များ ပိုပျက်စီးလာသည်ကို တွေ့ မြင်လာရသည်။ လူငယ်များ ခုလို ပိုပျက်စီးလာဖို့ ပတ်ဝန်းကျင် အခြေအနေများကလဲ ဖန်တီးနေသည်ဟု ထင်မိသည်။ လူငယ်များ လမ်းမှားလိုက်ပြီး ပျက်စီးနိုင်ဖို့ မကောင်းသည့် နေရာများက လက်တကမ်းမှာပင် ရှိနေကြသည်။ ကြိုးတန်းပေါ်တွင် လမ်းလျှောက်နေသူကဲ့သို့ တချက်မှားသည်နှင့် လမ်းမှားကို ရောက်သွားနိုင်သည်။

ထို့ ကြောင့် လူကြီးမိဘများ အနေဖြင့် လူငယ်များကို ငယ်ငယ်ကတည်းက ကြပ်ကြပ်မတ်မတ် ထိမ်းသိန်းသင့်သည်ဟု မြင်မိသည်။ သင့်ပတ်ဝန်းကျင်ကို သတိထားကြည့်ကြည့်ပါ။ လမ်းမများထက်တွင် ပြေးလွှားဆော့ကစားနေသည့် လူငယ်များ နည်းပါးလာခြင်းနှင့်အတူ ဂိမ်းဆိုင်များတွင် လူငယ်များ အချိန်ကုန်လာကြသည်။ ဘော်လုံးကွင်း၊ ပိုက်ကျော်ခြင်းကွင်းများတွင် လူငယ်များကို အတွေ့ ရ နည်းလာသည့် နောက်ပိုင်းတွင် ဘိလိယက်ခုံ၊ ဖဲဝိုင်းများတွင် လူငယ်များကို ပိုတွေ့ လာရသည်။ ထို့ အတူ လက်ဖက်ရည်ဆိုင်များတွင် လူကျဲပါးလာခြင်းနှင့်အတူ အရက်ဆိုင်၊ ဘီယာဆိုင်နှင့် မကောင်းသည့် နေရာများတွင် လူငယ်များကို ပိုတွေ့ လာရသည်။ မကောင်းသည့် နေရာများနှင့် ယဉ်ပါးနေသည့် လူငယ်များ များပြားလာခြင်းနှင့်အတူ ခိုးမှု၊ ဝှက်မှုနှင့် ကြာခိုမှုများ ပိုများလာသည်ကို တွေ့ လာရမည် ဖြစ်သည်။ ထို့ ကြောင့် ဒီဘက်ခောတ်တွင် လူကြီးမိဘများ အနေဖြင့် လူငယ်များကို နည်းမှန်လမ်းမှန်ဖြင့် ထိန်းကျောင်းနိုင်ဖို့ လိုလာသည်။ ငယ်ငယ်ကတည်းက ဖိနှိပ်ထားလွန်းသဖြင့် အရွယ်ရောက်သည့်အခါ ပေါက်ကွဲထွက်ပြီး မထိမ်းနိုင် မသိန်းနိုင် ဖြစ်ရသည်များ၊ ငယ်ငယ်ကတည်းက အလိုလိုက်ထား လွန်းသဖြင့် ကြီးသည့်အခါ ထိန်းမနိုင်ဖြစ်ရသည့် လူငယ်များကို တွေ့ ဖူးသည်။ တကယ်က လူကြီးများ အနေဖြင့် အကြောင်းအကျိုး၊ အဆိုးအကောင်းကို လူငယ်များ နားလည်အောင် ရှင်းပြပြီး မှား၏၊ မှန်၏ ကောင်း၏ ဆိုး၏ကို လူငယ်များ ကိုယ်တိုင် စဉ်းစားတွေးခေါ် နိုင်စေခြင်းက အကောင်းဆုံး ဖြစ်မည်ဟုထင်ပါသည်။ လူငယ်အားလုံးကို ပျက်စီးနေသည်ဟု ကျွန်တော် မဆိုလိုပါ။ တချို့ သော လူငယ်များကိုသာ ဆိုလိုခြင်း ဖြစ်ပါသည်။ ဖြစ်လာနိုင်သည့် အကြောင်းအကျိုးများကို ဆက်စပ်ဖော်ပြခြင်းသာ ဖြစ်ပါသည်။ သေချာသည်ကတော့ ဒီဘက်နှစ်များတွင် လူငယ်များ စာရိတ္တပိုင်းတွင် ချို့ ယွင်းအားနည်း လာသည်ကို ပိုတွေ့ လာနေရသည်ဟု ထင်မိပါတော့သည်။

17 comments:

  1. ဟုတ်တယ် ကိုရဲရေ ဘယ်လိုပြောရမလဲတောင်မသိတော့ဘူး
    ခေတ်လူငယ်တွေအတွက်ရင်လေပါတယ်
    လမင်းမျိုးဆက်သစ်လေးတွေအတွက်ပေါ့ :P
    ဟူးးးးးတော်ပါပြီ အပျိုကြီးပဲလုပ်တော့မယ် :D

    ReplyDelete
  2. မှန်လိုက်တာဗျာ ....တကယ့်ကိုတန်ဖိုးရှိတဲ့ ပို့စ်လေးပါပဲဗျာ

    ReplyDelete
  3. မှန်တယ်ညီရဲရေ...တိုးတက်လာတာနဲ့ဆုတ်ယုတ်လာတာတွေကို ညီမျှခြင်းချကြည့်ရင်ကိုတော်တော်ကွာဟနေပြီ... ဆိုးပါ့

    ခင်တဲ့
    မဝသုန်

    ReplyDelete
  4. အချိန်ပိုင်းလုပ်၊ ကျောင်းတက်ကြတဲ့ နိုင်ငံခြားက လူငယ်တွေ မြင်ရတိုင်း လက်ဖက်ရည်ဆိုင်ထိုင်၊ ဘောလုံးပွဲလောင်းနဲ့  အချိန်ကုန်နေကြတာ မြင်ရတော့ ရင်လေးတယ်...

    ReplyDelete
  5. မြန်မျာနိုင်ငံကလူငယ်တွေအများအားဖြင့်
    အချိန်တွေအရမ်းပိုကြတယ်နော်
    လူတိုင်းဖတ်သင့်တဲ့ပိုစ်လေးပါပဲ

    ReplyDelete
  6. ဟုတ်တယ် အစ်ကိုရေ..
    ရန်ကုန်အိမ်က မောင်ဝမ်းကွဲလေ.. ၉တန်း.. ဂိမ်းဆိုင်ပဲ ရောက်နေလို့တဲ့ အဒေါ်တွေ လိုက်လိုက်ခေါ်ရတယ်တဲ့ မလွယ်ဘူး >.<

    ReplyDelete
  7. ဘောလုံးကန်ရာကနေ ဂိမ်းဆိုင်ထဲ အနေများမှုဟာ တကယ်ကို ရင်လေးစရာနော်.. လူငယ်တွေမှာလည်း ကိုယ်လက်လှုပ်ရှားမှု အားနည်းလာရင် ခန္ဓာကိုယ် ကြံ့ခိုင်မှုတွေပါ အားနည်းလာတော့မှာ အသေအချာ။
    ပြီးတော့ လက်ဖက်ရည်ထက် ဘီယာကို ပိုပြီးစွဲမက်လာကြတာလည်း စိတ်မကောင်းစရာ.

    ReplyDelete
  8. အမှန်ပဲ။ စနစ်မကောင်းတာကို ထွက်ပေါက် ယူကြရင်းနဲ့ တိုးတက်မှုတွေက တခြားတွေ ဖြစ်ကုန်ကြတာ။ နောက်မျိုးဆက် အတွက် တကယ်ကို ရင်လေးပါတယ်။

    ReplyDelete
  9. ဒီဘက်ခေတ်ရဲ့ ဆုတ်ယုတ်မှုတွေကို ကွက်ကွက်ကွင်းကွင်းမြင်ရအောင် ရေးထားတာ သိပ်ကောင်းတာပဲ ရဲရဲရေ။ တကယ်မလွယ်ဘူးပဲ။
    သတိထားမိတာက ကိုယ့်ပတ်ဝန်းကျင်ကလူတွေအကြောင်းကို မြင်အောင် ပုံဖော်ရေးလေ့ရှိတား)

    ReplyDelete
  10. ခေတ်.. ခေတ်... ခေတ် လို့ပဲဆိုရမလား... ကိုညီရဲရေ.... ကလေးတွေ လမ်းပေါ်မရှိတော့တာက... ကျူရှင်ကျောင်းတွေများတာကလည်း.. ခေတ်လို့ပဲဆိုမလား.. ခေတ်ကိုက အပြိုင်အဆိုင်ခေတ်ကိုး... ဒီလိုမှ မလုပ်ရင်လည်း နောက်ကောက်ကျကျန်ခဲ့မှာကိုလည်း မိဘတွေက စိုးရိမ်နေတာကိုးဗျ.... ဒီလိုဖြစ်နေတာတွေကို ပြောင်းလဲပစ်ဖို့ကတော့ မလွယ်ဘူးထင်တယ်နော့.... မြေလှန်ပစ်ရမယ်...း))

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  11. တိုးတက်လာတဲ့ ခေတ်ရဲ့ ဘေးထွက်ဆိုးကျိုးတွေက ကလေးတွေအပေါ်မှာရော၊ ကလေးမိဘတွေအပေါ်မှာပါ ဖိအားပေးတာ ခံနေကြရတယ်။ လူငယ်ပီပီ ချရေးပြရဲတဲ့ ဒီပို့စ်လေးကို နှစ်သက်မိပါတယ်။

    ReplyDelete
  12. ခေတ်၊စနစ်နဲ့ တိုင်းပြည်ကိုအုပ်ချုပ်နေကြသူတွေရဲ့ ကောင်းမှုတွေပါပဲညီရာ...၊
    ဂိမ်းတွေ၊ဘောလုံးပွဲနဲ့ ကာစီနို၊ထီ လောင်းကစားတွေဆိုတာ အနောက်နိုင်ငံတွေ
    ကစခဲ့တာတွေပါပဲ...၊နိုင်ငံတကာမှာလည်း ရှိနေတာပဲ...၊ဒါပေမယ့် မြန်မာပြည်က
    လူငယ်လေးတွေမှာမှ ဘာကြောင့်အဲဒီအရာတွေက ပျက်ဆီးခြင်းလမ်းစကိုနင်း
    မိသလိုဖြစ်ရတာလဲ....၊ကျောင်းသားတွေပေမယ့် အချိန်ပိုင်းအလုပ် လုပ်ကြရ
    တဲ့၊လုပ်နိုင်ကြတဲ့၊လုပ်လည်းလုပ်ချင်ကြတဲ့ တိုင်းတစ်ပါးလူငယ်တွေနဲ့ အလုပ်
    လုပ်ချင်စိတ်ပျောက်ဆုံးနေတဲ့၊လုပ်ချင်စိတ်ရှိသူတွေအတွက် အလုပ်အကိုင်နဲ့
    အခွင့်အလမ်းတွေရှားပါးနေတဲ့ ကျွန်တော်တို့ လူငယ်တွေကို နှိုင်းယှဉ်ကြည့်
    ရင် ဒါတွေဟာ လူငယ်တွေရဲ့အပြစ်ထက် လူကြီးတွေရဲ့အပြစ်ပါပဲလေ...၊
    ခေတ်ကိုက အဲ့လိုကြီးဖြစ်နေတာကိုး....ဟူး

    ReplyDelete
  13. အကိုရေ လာဖတ်သွားပါတယ်

    ReplyDelete
  14. မှန်လိုက်တာညီရဲရေ လူငယ်တွေကိုစာရိတ္တပိုင်းဆိုင်ရာတွေသေချာလေ့ကျင့်ပေးနိုင်မှတန်ခါကျတော့မယ် ထင်တယ် ခုခေတ်ကြီးကပိုရင်မောစရာကောင်းနေတယ်း((

    ReplyDelete
  15. တလေးတစား ဖတ်သွားပါတယ်။

    လေးစားစွာဖြင့်
    မြတ်

    ReplyDelete
  16. တစ်ကယ်ကောင်းတဲ့ ဆောင်းပါးလေးပဲအကို...

    ReplyDelete
  17. အင်း....လူငယ်တွေအတွက် ရင်လေးစရာကောင်းတာကတော့ အမှန်ပါပဲ။ ဒါပေမယ့် ရင်လေးနေရုံနဲ့မပြီးဘဲ သူတို့ဘ၀အတွက် ကောင်းမွန်တိုးတက်ဖို့ ကြိုးစားချင်လာအောင် လူကြီးတွေက နည်းမှန်လမ်းမှန်နဲ့တတ်နိုင်သမျှ ထိန်းကျာင်း လမ်းပြပေးဖို့လည်း လိုတာ အမှန်ပဲ ကိုကြီးရဲရဲရေ....

    ReplyDelete