Monday 13 February 2012

အဖော်

ဆောင်းညနေခင်းမို့ နေလုံးက လက်ဖြင့် ဆွဲချလိုက်သလား ထင်ရ၏။ ကြည့်နေရင်းမှာပင် နေလုံးက တရိပ်ရိပ်ဖြင့် ဝင်သွားသည်။ နေဝင်သွားပေမယ့် အလင်းရောင် မပျောက်ခင် ရွာကို ပြန်ရောက်မလားဟု စက်ဘီးကို မြန်နိုင်သမျှ မြန်အောင် အားစိုက်နင်းလိုက်သည်။ သို့ သော် နဝဒေးတံတား ကျော်ကျော်လောက် အရောက်တွင် အမှောင်က ခပ်ပါးပါး လွှမ်းခြုံလာသည်။ လမ်းကလေးက ဧရာဝတီမြစ် အနောက်ဘက် ကမ်းနဘေးတွင် တည်ရှိပြီး တစ်ဘက်တွင် တောင်တန်းများ ခံနေခြင်းကြောင့် နေဝင်သွားပြီး သိပ်မကြာခင်မှာပင် မှောင်သွားလေ့ရှိသည်။ စက်ဘီးနောက်တွင် တင်လာသည့် ဝက်ပေါက်နှစ်ကောင်ကြောင့်လဲ စက်ဘီးကို ထင်သလောက် မြန်မြန် မနင်းနိုင် ဖြစ်ရသည်။ ဦးမြင့်စိုး တစ်ယောက် ညောင်ပင်သာရွာမှ ဝက်ပေါက်နှစ်ကောင် ဝယ်ပြီး ပြန်လာခြင်းဖြစ်သည်။ ခုလို မှောင်မှာစိုးသဖြင့် ဌာနမှူးကို ပြောပြီး  အလုပ်မှ စောစောထွက်လာခြင်း ဖြစ်သော်လဲ ဈေးစကား ပြောနေရသဖြင့် နဲနဲနောက်ကျပြီး မှောင်သွားခြင်း ဖြစ်သည်။

ဦးမြင့်စိုးသည် ဆင်တဲ(က.ပ.စ-၃) စစ်တပ်မှ တပ်ကြပ်တစ်ယောက် ဖြစ်၏။ သူ၏လစာ၊ ထို့ ပြင် မိန်းမဖြစ်သူ၏  GT လစာတို့ ဖြင့် သူတို့ မိသားစု ချောင်လည်ကြပါသည်။ သို့ သော် ခုခောတ် ကုန်ဈေးနှုန်းကြောင့် ငွေပိုငွေလျှံတော့ မစုဖြစ်ပေ။ ထို့ ကြောင့် ကလေးများ ကျောင်းအပ်သည့် အချိန်တွင်လည်းကောင်း၊ ကျန်းမာရေး အတွက် ငွေသုံးရမည့် အချိန်တွင်လည်းကောင်း ကသီလင်တ မဖြစ်စေရန် အတွက် စုဘူးအနေဖြင့် ဝက်မွေးရန် ဆုံးဖြတ်မိခြင်း ဖြစ်သည်။ တပ်အတွင်းတွင် ဝက်စာကို အလွယ်တကူ ရှာဖွေရနိုင်သောကြောင့်လဲ ဒီစိတ်ကူးလေး ပေါ်လာခြင်း ဖြစ်သည်။ အခုဝက်နှစ်ကောင်ကို အစမ်းမွေးကြည့်ရန် အတွက် ဝယ်လာခြင်း ဖြစ်သည်။ ခုဝယ်လာသည့် ဝက်နှစ်ကောင်ကြောင့်လဲ မမှောင်ခင် ဒီလမ်းကို ဖြတ်ချင်မိခြင်း ဖြစ်သည်။ ဖြစ်နိုင်လျှင် မှောင်မှ ဒီလမ်းကို မဖြတ်ချင်။ ဒါပေမယ့် ခုမှောင်သွားပြီ ဘာမှမတတ်နိုင်တော့။ ဒီလမ်းက ရာဇဝင်ရှိသည်။ ဒီနယ်တွင် သရဲခြောက်လေ့ ရှိသည်ဟု နာမည်ကြီးနေသည့် လမ်းဖြစ်သည်။ သူမကြောက်တတ်ပါ။ သို့ သော် ဝယ်လာသည့် ဝက်ပေါက်နှစ်ကောင်ကြောင့် စိတ်ထဲမသန့် သလို ဖြစ်နေခြင်း ဖြစ်သည်။

တစတစဖြင့် အမှောင်က ရင့်သထက် ရင့်လာသည်။ အချိန်က ညီအစ်ကို မသိတသိ အချိန်ဖြစ်သည်။ အမှောင်ဝင်လာပြီမို့ လမ်းကလေးက လူသွားလူလာ ပြတ်၍ တိတ်ဆိတ်ခြောက်သွေ့ လာသည်။ သူစက်ဘီးကို အားစိုက်ပြီး ခပ်သွက်သွက်ကလေး နင်းလိုက်သည်။ သို့ သော် စက်ဘီးနောက်မှ ဝက်ပေါက် နှစ်ကောင်ကြောင့် ထင်သလောက် မနင်းနိုင် ဖြစ်ရ၏။ ခုချိန်မှာ သူတောင့်တမိသည်က ခရီးသွား လမ်းသွားလမ်းလာ အဖော်တစ်ယောက် ဖြစ်သည်။ အဖော်တစ်ယောက်လောက် ပါလာလျှင် သူ့ အတွက်ပို အဆင်ပြေနိုင်သည်။ ပထမ သားအကြီးကောင် ကျောင်းအဆင်းကို စောင့်ပြီး အဖော်ခေါ်လာရန် စိတ်ကူးမိသေးသည်။ သို့ သော်  ညမှောင်သွားလျှင် အိမ်အပြန် နောက်ကျနေမည် စိုးသဖြင့် သူတစ်ယောက်တည်း စောစော ထွက်လာခဲ့ခြင်း ဖြစ်သည်။ ဒီလို အိမ်ပြန်နောက်ကျမည်မှန်း သာသိလျှင် သားကြီးကို စောင့်ခေါ်လာဖြစ်လောက်မည်။ ဆောင်းတွင်းမို့ အမှောင်ဝင်လာသည်နှင့် အအေးဓာတ်က လွှမ်းခြုံလာသည်။

ဒီလိုဖြင့် စက်ဘီးကို မြန်နိုင်သလောက် မြန်အောင် နင်းလာရင်း ရွှေဂူကုန်း အတက်နားသို့ ရောက်လာသည်။ ထိုစဉ်  ရွှေဂူကုန်း အတက်တွင် ခရီးသွား တစ်ယောက်ကို တွေ့ လိုက်ရသည်။ သူ့ ရင်ထဲ ခရီးသွား အဖော်တစ်ယောက် ရပြီဟူသည့် အတွေးဖြင့် လှိုက်ကနဲ ဝမ်းသာသွားသည်။ ထို့ ကြောင့် သူလဲ စက်ဘီးပေါ်မှ ဆင်းပြီး ရွှေဂူကုန်းတက်ပေါ်သို့ စက်ဘီးကို ခပ်သုတ်သုတ်တွန်းရင်း တက်လိုက်သည်။ ကုန်းထိပ်နား လောက်တွင် ရှေ့မှလူကို မှီလာပြီး လှမ်းနှုတ်ဆက်လိုက်သည်။

"မိတ်ဆွေ ဆင်တဲကို ပြန်မှာလား"

ထိုသူက လှည့်မကြည့်ဘဲ သူ့ လမ်းကို သူဆက်လျှောက်နေသည်။ သူကလဲ မကြားဟု ထင်ပြီး ခပ်ကျယ်ကျယ်လေး ထပ်အော်ခေါ်လိုက်သည်။

"မိတ်ဆွေ... မိတ်ဆွေ... ဆင်တဲကို ပြန်မှာလား"

ဒီတခါလဲ လှည့်မကြည့်သလို ဘာစကားပြန်မှလဲ မရပေ။ တိတ်ဆိတ်နေသည့် လမ်းလေးတွင် သူ့ ခေါ်သံကို မကြားတာတော့ မဖြစ်နိုင် မကြားဟန်ဆောင်တာ ဖြစ်နိုင်သည်။ သူ့ စိတ်ထဲ မိမိကို ဘယ်လို ထင်တယ် မသိဘူးဟု တွေးမိလိုက်သည်။ သူ့ စိတ်ထဲတွင်လဲ သို့ လောသို့ လော အတွေးတို့ က ဝင်လာသည်။ သြော်... တစ်ယောက်တည်း သွားနေတာထက် စာရင် အဖော်လေးနဲ့ ဆိုတော့ ပိုအဆင်ပြေတာပေါ့ဟု တွေးပြီး ထိုသူကို မှီအောင်လိုက်ပြီး ထပ်နှုတ်ဆက်လိုက်သည်။

"ဒီမှာ... ဟိတ်လူ... ဒီ...ဟာ..."

ရှေ့မှလူကို ဘေးချင်ယှဉ်မိစဉ် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူ့ ရင်ထဲ ထိတ်ကနဲ ဖြစ်သွားသည်။  ဘေးချင်းအယှဉ်တွင် တွေ့ လိုက်ရသည့် မြင်ကွင်းက မျက်နှာတပြင်လုံး ဘာမှ မရှိသည့် မျက်နှာပြောင်ကြီး ဖြစ်သည်။ မျက်လုံး၊ မျက်ခုံး၊ နှာခေါင်း၊ ပါးစပ် ဘာတစ်ခုမှ မရှိသည့် မျက်နှာပြောင်ကြီးကို မြင်လိုက်ရတော့ သူလန့် သွားသည်။ မကြောက်တတ်ဘူး ဆိုသော်ငြားလဲ ခုလို တည့်တည့်ကြီး တွေ့ လိုက်ရတော့ ကြက်သီးမွေးညင်းများ ထပြီး ခေါင်းနှစ်ဆခန့် ကြီးသွားသည် ထင်လိုက်ရ၏။ ထို့ ကြောင့် သူ့ ကို ဘာစကားမှ ပြန်မပြောခြင်း ဖြစ်မည်။ သူလဲ ဘာစကားမှ မပြောတော့ဘဲ စက်ဘီးကို အားစိုက်လို့ ခပ်သုတ်သုတ် တွန်းရင်း ကုန်းထိပ်အရောက်တွင် စက်ဘီးပေါ်တက်ပြီး ထိုနေရာမှ မြန်နိုင်သမျှ မြန်အောင် နင်းလာခဲ့ လိုက်တော့သည်။

15 comments:

  1. အဲ့လိုသာအပြင်မှာတကယ်တွေ့ရင်တော့ စဉ်းစားရဲဘူး... ဘာဖြစ်မယ်ဆိုတာ... သေချာတာကတော့ရပ်ကြည့်နေဖြစ်မှာပဲ...(အထင်ကြီးသွားတယ်လား)..ဟဲဟဲ.. သတ္တိရှိလွန်းလို့ဟုတ်ဘူး.. ကြောက်ပြီးနေရာကမရွေ့နိုင်တာ..

    ခင်တဲ့
    မမဝသုန်

    ReplyDelete
  2. အဲတာလူမဟုတ်ဘူးလား
    ဘယ်လောက်ပဲမကြောက်ဘူးပြောတဲ့ jas တောင်ဖတ်ပြီးနဲနဲလန့်သွားတယ်
    ခေါင်းစဉ်က အဖော်ဆိုပြီးရေးထားတာမို့ ဘာများလဲလို့

    ReplyDelete
  3. ဟင်...အဲ့တာဆို တကယ်သူရဲကြီးပေါ့ ။

    ReplyDelete
  4. ကိုယ်သာဆို နေရာတင် အသက်ပျောက်သွားလောက်တယ် :):)

    ReplyDelete
  5. ညီအကိုမသိတသိအချိန်မှာတွေ့လိုက်ရတဲ့ မျက်နှာပြောင်သရဲပေါ့...။ ခေါ်ပြီး မျက်လုံးတွေ နှာခေါင်းတွေ ပါးစပ်တွေဆွဲပေးလိုက်တာမဟုတ်ဘူး ညီရဲရယ်...အမလေး တွေးရင်း ကြက်သီးထတာ..။

    ReplyDelete
  6. ညသန်းကောင်လာဖတ်တာ သရဲခြောက်ခံရတဲ့အကြောင်းဖြစ်နေပါလားအေ..
    င်္ဒီကနေ အိမ်အပြန် သရဲခြောက်ခံရရင်တော့ ညီရဲသစ်တာဝန်နော။
    တစ်ဝက်တစ်ပျက်နဲ့ ပြန်ထွက်ပြေးမလို့...
    ဒါပေမဲ့ ကြောက်ကြောက်နဲ့ ဖတ်လိုက်တာ မျက်နှာပြောင်ကြီးနဲ့ တွေ့လိုက်ရတယ်း)

    ReplyDelete
  7. နယ်မှာနေတုန်းကတော့ခဏခဏကြားဖူးတယ် ကိုရဲရေ
    မြင်တော့မြင်ဖူးဘူး ၀က်မွေးတယ်ဆိုလို့ လမင်းငယ်ငယ်က၀က်လေးနှစ်ကောင်း
    မွေးဖူးတယ် ဟိဟိဟိ တနေ့တနေ့ ပိန်လာလိုက်တာ သူများဝက်တွေနဲ့ ကွာပါ့
    ဟိဟိဟိ အကုသိုလ်နဲ့ အကျိုးမပေးတာလို့မှတ်ပြီရောင်းလိုက်ရပါလေရော:P
    ရှုံးလိုက်တာသောက်သောက်ပဲ :)ပိုစ့်လေးဖတ်ပြီသတိရသွားလို့ပါ:D

    ReplyDelete
  8. အိ........ကြောက်ထှာ
    သူမို့စက်ဘီးဆက်စီးနိုင်သေးတယ်။ ကိုယ်သာဆို အဲဒီနားတွင်မေ့သွားလောက်တယ်....သတ္တိက သိပ်ကောင်းတာပါဆို ဟီးဟီး....

    ReplyDelete
  9. ငယ်ငယ်တုန်းက သရဲပုံပြင်တွေ နားထောင်ပြီး အိမ်သာ မသွားရဲလို့  မောင်နှမတွေ စုပြီး သီချင်းတကြော်ကြော်ဆိုပြီး သွားရတာ..ခု စာဖတ်တော့လည်း ကြောက်မြဲကြောက်ဆဲပဲ...

    ReplyDelete
  10. မကောင်းဆိုးဝါးကောင်တွေဘာကြောင့်ရုပ်ဆိုးတာလဲ
    မသိဘူးနော်

    ReplyDelete
  11. ကြောက်ချာကြီး >.<

    ReplyDelete
  12. ညည်းကလဲအေ
    သရဲဝတ္တုရေးထားတာကိုး..ကြောက်ထှာ..

    ReplyDelete
  13.း)... ကိုညီရဲ တွေ့ခဲ့တာလား.. :D.. ကျွတ်ဆင်ကြီးပါလား.. :P

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  14. လင့်မတက်လို့လာကြည့်တာ သရဲနဲ့လာတိုးနေတယ်း((
    သူများဆီမှာလင့်မတက်ဘူးကိုရဲရေ ..

    ခင်တဲ့

    မဒိုးကန်

    ReplyDelete
  15. အဲ့ဒါမျိုးက ရှိတယ်ပြောတယ်..။ ကိုယ်တိုင်တော့ မကြုံဘူးသေးဘူး..။

    ReplyDelete