Thursday 16 February 2012
အာဂမိသားစု
ပုံမှန်ထက် လွန်ကဲသည့် ဆူညံသံ တချို့ ကြောင့် မနက်စောစော နိုးလာခဲ့သည်။ နိုးပြီး ဆက်အိပ် မရတတ်တော့သည့် အကျင့်ကြောင့် စောစောဘဲ အိပ်ယာထဖြစ်လိုက်၏။ အိမ်နောက်ဖေးဘက်ကို ထွက်လာရင်း မိခင်ဖြစ်သူကို တွေ့ သဖြင့်...
"အမေ... စောစောစီးစီး ဘယ်သူတွေ ဆူညံနေကြတာလဲ"
"အမေလဲ အပြင်ထွက် မကြည့်မိတော့ သေချာမသိဘူး... အလှူအိမ်ဘက်ကတော့ ထင်တာဘဲ"
မိခင်ဖြစ်သူ ပြောသည့် အလှူအိမ် ဆိုသည့် စကားကို ကြားမှ ဒီနေ့ ဖြူလုံးတို့ အိမ်တွင် အလှူရှိတာကို သတိရမိ၏။ ထိုအခါမှ မနေ့ ညနေက ဖြူလုံးက အလှူတွင် လာကူလုပ်ပေးဖို့ ခေါ်ထားသည်ကိုပါ အမှတ်ရလိုက်သည်။ ကျွန်တော်လဲ မျက်နှာသစ်၊ သွားတိုက်၊ ရေချိုးပြီး အလှူအိမ် ရှိရာသို့ ထွက်လာခဲ့လိုက်၏။ ဖြူလုံးဆိုသည်က ကျွန်တော်နှင့် ငယ်ငယ်ကတည်းက ဆိုးတူ၊ ကောင်းတူ ပေါင်းလာသည့် ငယ်ပေါင်း သူငယ်ချင်း ဖြစ်သည်။ အင်မတန်မှ ပြဿနာ ရှာတတ်သည့် သူငယ်ချင်း ဖြစ်သည်။ ခုလဲ ဘာပြဿနာ ရှာပြန်ပြီလဲဟု တွေးရင်း အလှူအိမ်ရှေ့ကို ရောက်လာခဲ့သည်။ ဖြူလုံး မိခင်က ကျွန်တော့်ကို တွေ့ သည်နှင့် ပြေး၍ သတင်းစကားပါးပါ လေတော့သည်။ 
"အောင်မလေး... ကိုရဲရေ... နင့်သူငယ်ချင်း အကြောင်းကတော့ ပြောကို မပြောချင်တော့ပါဘူး"
ဟု ရုပ်ရှင်ထဲမှ ဒေါ်မြလေး လေသံမျိုးဖြင့် အစချီကာ သူ့ သား၏ ပြဿနာအကြောင်းကို ဇာတ်စုံခင်းပါတော့သည်။
"မင်းသူငယ်ချင်းပေါ့... ဒီနေ့ အိမ်မှာ ပေါင်မုန့် အုန်းနို့ ဆမ်း အလှူလုပ်တယ်လေ။ ဘုရားဆွမ်းတော် မတင်ရသေး၊ ဘုန်းကြီးကျောင်းမပို့ ရသေး၊ ဘယ်ဧည့်သည်၊ ဘယ်လူမှ မစားရသေးခင်မှာ လူလစ်တုံး ပေါင်မုန့် အတုံးလိုက်ကြီးကို ခိုးပြီး အိမ်သာထဲ ဝင်စားတယ်လေ။ အဲဒီမှာ ပေါင်မုန့် တုံးကြီး စားလို့ တစ်ဝက်လောက် အရောက်မှာ သူ့ အဖေက အိမ်သာ အရမ်းတက်ချင်လို့ တံခါးဖွင့်ခိုင်းတယ်။ ပေါင်မုန့် က စားလက်စ တစ်ဝက်လောက်ဘဲ ရှိသေးတော့ ချက်ချင်း ကုန်အောင်စားဖို့ က ဘယ်လွယ်မလဲ။ ဒီတော့ ဒင်းက ပေါင်မုန့် ကို အိမ်သာတွင်းထဲ ခပ်လွယ်လွယ်ဘဲ ပစ်ချပြီး အပြင်ကို ထွက်လာတယ်။ အဲဒီမှာ အဖေဖြစ်သူက သူ့ နောက်က  အိမ်သာတက်တော့ အိမ်သာက ရေလောင်းအိမ်သာ မဟုတ်ဘဲ တွင်းအိမ်သာ ဆိုတော့ ဒင်းပစ်ချခဲ့တဲ့ ပေါင်မုန့် တုံးကြီးက ချီးတုံးတွေ ပေါ်မှာ ပေါလောကြီး ပေါ်နေတာလေ။ ဘာပြောကောင်းမလဲ သူ့ အဖေဆိုတာ စိတ်ဆိုးပြီး လိုက်ရိုက်လိုက်တာ တစ်ရပ်ကွက်လုံးကို ဆူညံပွတ်လော ရိုက်သွားတာဘဲ"
ပြောကို မပြောချင်တော့ပါဘူးဟု အစချီကာ ဖြစ်ကြောင်းကုန်စင်ကို ဇာတ်စုံ ခင်းသွားသည့် ဖြူလုံး၏ အမေကြောင့် ကျွန်တော်လဲ မနက်က  ဘာကြောင့် ဆူဆူညံညံ ဖြစ်နေကြသည်ကို ဇာတ်ရည် လည်သွားတော့သည်။ ဖြူလုံးဆိုသည့် ကျွန်တော့် သူငယ်ချင်းက ထိုကဲ့သို့ ပြဿနာ ရှာတတ်သူ ဖြစ်သည်။ စိတ်တိုတတ်ပြီး လူဂွစာ တစ်ယောက် ဖြစ်သည့် သူ့ ဖခင်ဖြစ်သူ နှင့်ကတော့ နေ့ စဉ် တကျက်ကျက် ဖြစ်၏။ တခါကလဲ သူ့ အဖေက စက်ဘီးကျွတ်ဝယ်လာပြီး စမ်းရန် သူ့ ကို အိမ်ပေါ်တွင် လေသွားထိုးခိုင်းလိုက်သည်။ ဒါကို သူက လေလေးတချွန်ချွန် သီချင်းလေး တအေးအေးဖြင့် အောက်ကို ငုံမကြည့်ဘဲ လေကို စွပ်ထိုးနေ၏။ သူ့ အဖေက ကြာလို့ အိမ်ပေါ်ကို တက်လိုက်လာသည့် အချိန်မှာဘဲ ကျွတ်က ဖောင်းကနဲ ကွဲထွက်သွားသည်။ သူက ထိုကဲ့သို့ လုပ်လိုက်လျှင် အရာရာနှင့် အကြောင်းကြောင်း ဖြစ်သည်။ ဒါကိုသူက မလျှော့ဘူး။ လေတင်းမတင်း စမ်းကြည့်တော့ ပျော့နေသေးလို့ ဆက်ထိုးနေတာပါလို့ ဆင်ခြေပေးသေးသည်။ မင်းက ဘာနဲ့ စမ်းတာလဲလို့ မေးတော့ စက်ဘီးကျွတ်ကို လေတင်းမတင်း ခြေထောက်နဲ့ စမ်းတယ်တဲ့...
တစ်နေ့ ကျွန်တော်နှင့် ဖြူလုံးတို့ ဘော်လုံးကန်သွားရန် ဘော်လုံးကွင်းသို့ ထွက်လာစဉ် ဖြူလုံးဖခင် ဦးကျော်နှင့် လမ်းတွင် တွေ့ ကြသည်။
"မင်းတို့ နှစ်ကောင် ဘယ်လဲ"
"ဘော်လုံးကန်သွားမလို့ ပါဦး"
ဦးကျော်က သူ့ သားဖြစ်သူ ဖြူလုံး တစ်ကိုယ်လုံးကို စုန်ချည်ဆန်ချည်ဖြင့် ကြည့်သည်။ ထို့ နောက်-
"မင်းကွာ... အသက်ဘဲ ၂၄နှစ်ရှိပြီ... ခုထိ ဘာမှ ဖြစ်မလာသေးဘူး။ မင်း... အလကားကောင်... ဖာဘရီဂတ်တို့ ရွန်းနီတို့ ကို ကြည့်စမ်း အသက်နှစ်ဆယ် မပြည့်သေးဘူး။ သူတို့ အဖေတွေ ဘယ်လောက် မျက်နှာပွင့်လိုက်သလဲ။ မင်းနဲ့ တော့ ကွာပါ့ကွာ..."(မှတ်ချက်။    ။ ရွန်းနီနှင့် ဖာဘရီဂတ်တို့ ထိုစဉ်က နာမည်ကြီးခါစ အသက်နှစ်ဆယ် မပြည့်ခင်က ဖြစ်သည်)
"ဟာဗျာ... အဖေကလဲ"
ဖြူလုံးတစ်ယောက် စိတ်ပျက်လက်ပျက် ရေရွတ်ပြီး ဘော်လုံးကွင်းကိုပင် ဆက်မလိုက်တော့ဘဲ လှည့်ပြန်သွားသည်။ ကျွန်တော့်မှာသာ ရယ်ချင်စိတ်ကို အတင်းမြိုသိပ်ထားရသည်။ ဘယ်နှယ် နှိုင်းစရာ ရှားလို့ ရပ်ကွက်ပွဲမှာတောင် အရန်လောက် ကစားရတဲ့ သူ့ သားကို ကမ္ဘာကျော် ဘော်လုံးသမားနဲ့ မှ နှိုင်းပြောတော့ ဖြူလုံးလဲ စိတ်ပျက်တာပေါ့... သူတို့ သားအဖက အဲဒီလို အဲဒီလို...
"လာဟေ့... ညီရဲ... မင်းတို့ ဘယ်သွားကြမလို့ လဲ"
"လက်ဖက်ရည်ဆိုင် သွားမလို့ ဦးကျော်... ဖြူလုံး အဝတ်အစားတက်လဲနေလို့ ခဏစောင့်နေတာ"
"ဒီကိုလာလေ ပွဲက ကောင်းနေပြီကွ။ ဘော်လုံးပွဲ ကြည့်ရင်းလာစောင့်ပေါ့"
"ဟုတ်ကဲ့ ဦးကျော်"
ဦးကျော်ဘေးက ဧည့်ခန်း ဆက်တီထိုင်ခုံတွင် ဝင်ထိုင်လိုက်ချိန်မှာဘဲ ကျွန်တော် မှားသွားပြီ ဆိုသည်ကို သိလိုက်သည်။
"ဟိုက်... ငါတော့နာပြီ"
ဟုလဲ စိတ်ထဲမှ တွေးလိုက်မိသည်။ ဘော်လုံးပွဲက မန်ယူနှင့် ဇယားအောက်ခြေလောက်မှ အသင်းဖြစ်သည်။ (အသင်းနာမည်ကို အတိအကျ မမှတ်မိတော့) ပွဲစတာက သိပ်မကြာသေးသော်လဲ မန်ယူက နှစ်ဂိုး ထည့်ထားပြီ ဖြစ်သည်။ ခြေကလဲ မန်ယူက တော်တော်လေး သာနေသည်။ မန်ယူမှ ကစားသမားများကလဲ ဂိုးရှူးမယ်ချည်း တကဲကဲ လုပ်နေကြသည်။ တီဗီကလဲ ပီကေကို တပြတ်ပြတ် ဝါးနေသည့် ဖာဂူဆန်ကြီးကို ခဏခဏ ရိုက်ပြနေသည်။ ဦးကျော်ကို ကြည့်လိုက်တော့လဲ ပီကေကို တပြတ်ပြတ် ဝါးရင်း မျက်နှာက ပြုံးဖြီးဖြီးကြီး ဖြစ်နေ၏။ သူ့ ကိုယ်သူ ဖာဂူဆန်များ မှတ်နေသလားမသိ။ ဦးကျော်က မန်ယူ ခရေဇီ ဖြစ်၏။ မန်ယူနဲ့ ပတ်သက်လာလျှင် သူ့ မှာကလဲ ရာဇဝင်နဲ့ ဖြစ်သည်။ သူ့ အိမ်တွင် စလောင်းမရှိခင်က ဘော်လုံးပွဲ ကြည့်ချင်လျှင် တခြားရပ်ကွက်တွင် သွားကြည့်ရလေ့ ရှိသည်။ တစ်ရက်တွင် အိမ်ဘေးမှ သူငယ်ချင်း ဖြစ်သူ ဦးဘိုနီနှင့်အတူ မန်ယူVs အာဆင်နယ်ပွဲကို သွားကြည့်ကြသည်။ ဦးဘိုနီကလဲ အာဆင်နယ် ခရေဇီ ဖြစ်သည်။ ထိုနေ့ က မန်ယူက 3:0 ဖြင့် ရှူံးသွားသည်။ ဒါကို ဦးကျော်က သူ့ ဆိုင်ကယ်နောက်က ဦးဘိုနီလိုက်လာလို့ မန်ယူ ခုလို ရှူံးရပါတယ် ဆိုပြီး အပြန်တွင် ဦးဘိုနီကို ဆိုင်ကယ်ပေါ် တင်ခေါ်မလာခဲ့သလို ၇ရက်လောက်လဲ စကားမပြောဟု သိရသည်။ တခါကလဲ မန်ယူVs ရီးရဲပွဲကို ဦးဘိုနီနှင့် ကြည့်ပြီး ပြန်လာကြစဉ်က ဖြစ်သည်။ ထိုနေ့ က မန်ယူက 4:3ဖြင့် ရှုံးသွားပြီး ရော်နယ်ဒိုက ဟက်ထရစ် သွင်းသွားသည်။ ဦးဘိုနီက
"ဒိုကြီးက ကောင်းတုန်းဘဲနော် တစ်ယောက်တည်း သုံးဂိုးတောင် သွင်းသွားတယ်"
ဟု ပြောတော့။ ဦးကျော်က ဒေါသတကြီးနဲ့ 
"ဒိုကြီး သူ့ ဘာသာသူ ကောင်းတာ ခင်ဗျားနဲ့ ဘာဆိုင်လဲ သတ္တိရှိရင် ခင်ဗျားနဲ့ ကျူပ်ချမလား"
ဟု ဗလာချည် စိမ်ခေါ်လေတော့သည်။ ထိုကဲ့သို့ ရာဇဝင်များ ရှိသဖြင့် သူနှင့် ဘယ်သူမှ ဘော်လုံးပွဲကို အတူတူ မကြည့်ကြပေ။ ဒီနေ့ မှ ကျွန်တော်က ဆွမ်းခံရင်း ငှက်သင့်ရသည့် အဖြစ်...
"ကြည့်စမ်း ကိုရဲ မြင်လား... မန်ယူအသင်းက ဘော်လုံးကို ဘေးကန်ထုတ်တာတောင် လှတယ်"
တောက်... မနိုင်လို့ ဘေးကန်ထုတ်လိုက်တာတောင် လှနေသေးတယ်။ စိတ်ထဲမှ ရေရွတ်မိခြင်း ဖြစ်သည်။ ပါးစပ်ကတော့
"ဟာ... ဟုတ်တယ် ဦးကျော် မန်ယူက ဘယ်လို ကန်ကန်ကောင်းနေတာပါဘဲ"
ဟု ဖော်လို လိုက်လိုက်ရသည်။ ကျွန်တော် မန်ယူအသင်း ဘော်လုံးကစားတာကို ကြိုက်ပါသည်။ သို့ သော် ဒီလို မန်ယူ ခရေဇီများကြောင့် မန်ယူကို အားမပေးခြင်း ဖြစ်သည်။ ကျွန်တော်က ဒီဘက်က  တွေးချင်ရာ တွေးနေသည်။ ဦးကျော်ကလဲ ဘော်လုံးပွဲ ကြေငြာသူလို တတွတ်တွတ်ဖြင့် ပြောချင်ရာကို ပြောနေသည်။ ထိုစဉ် ဖြူလုံးတစ်ယောက် အဝတ်အစားလဲပြီး ဆင်းလာသဖြင့် ကျွန်တော်လဲ ဦးကျော်ကို နှုတ်ဆက်ပြီး လက်ဖက်ရည်ဆိုင်သို့ ထွက်လာခဲ့လိုက်သည်။
တစ်နေ့ ဦးကျော်တစ်ယောက် မျက်နှာကြီးနီရဲကာ ဒေါသတကြီးဖြင့် ကျွန်တော့်ဆီကို ရောက်လာသည်။ ဒီပုံစံ ဒီဇိုင်းကို ကြည့်လိုက်ရုံဖြင့် ဖြူလုံးနဲ့ ပြဿနာ တက်လာပြန်ပြီ ဆိုသည်ကို သိလိုက်သည်။
"ဘာတွေ စိတ်ဆိုးလာတာလဲ ဦးကျော်..."
"ဘာဖြစ်ရမှာလဲ ဟိုကောင်... မင်းကောင် ဖြူလုံးပေါ့... တောက်... ငါလုပ်ပြန်ရင်လဲ ဒီကောင်တော့ သေတော့မယ်"
ထင်သည့်အတိုင်း သားအဖနှစ်ယောက် ပြဿနာ တက်လာခြင်း ဖြစ်သည်။ ဖြူလုံး ဘာပြဿနာ ရှာလိုက်ပြန်သည် မသိ ဦးကျော် တော်တော်လေး ပေါက်ကွဲလာသည်။
"ဘာဖြစ်လာပြန်ပြီလဲ ဦးကျော်..."
"ဒီညနေက ငါအိမ်ရှေ့က ခုံတန်းလျားမှာ လှဲနေတုန်း ဖြူလုံးတို့ ညီအစ်ကိုနဲ့ အိမ်နားက ကလေးတွေ အိမ်ရှေ့က မြေကွက်လပ်မှာ ဘော်လုံး လာကန်ကြတယ်"
အိမ်နားပတ်ပတ်လည်ကလဲ အားလုံး သူတို့ အမျိုးများချည်းမို့ ဖြူလုံးတို့ နှင့် ဝမ်းကွဲညီအစ်ကို တော်သူများ ဖြစ်ကြသည်။ သူတို့ ညီအစ်ကိုတွေ နှစ်ဘက်ခွဲပြီး ဘော်လုံးကန်ခြင်း ဖြစ်ဟန်တူသည်။
"သူတို့ ဘော်လုံး လွတ်လွတ်လပ်လပ် ကန်ပါစေ ဆိုပြီး ငါလဲ မျက်လုံးလေး မှိတ်ပြီး မှိန်းနေလိုက်တယ်။ အဲဒီမှာ သူတို့ ကန်လိုက်တဲ့ ဘော်လုံးတစ်လုံးက ငါ့ဘေးနားကနေ ဖြတ်သွားတယ်။ ဒါကို မြင်တော့ မင်းကောင် ဖြူလုံးက သူ့ ညီတွေကို လှည့်မာန်တယ်"
သူမကြည်တာနဲ့ ဘဲ သူ့ သား ဖြူလုံးက မင်းကောင် ဖြူလုံး ဖြစ်ရပြန်တယ်။ ဦးကျော်တို့ က အဲဒီလို ဂွစာလေ...။
"ဟာ... ဒါဖြူလုံးက ဦးအတွက် ပြောပေးတာဘဲ။ ဖြူလုံး  ဘာမှားလို့ လဲ။ ကျွန်တော့် သူငယ်ချင်းမို့ ဘက်လိုက်ပြောတာ မဟုတ်ဘူး။ ဒီကိစ္စမှာတော့ ဖြူလုံးမှန်တယ်"
ကျွန်တော် အဲဒီလိုလဲ ပြောလိုက်ရော... ဦးကျော်မျက်နှာကြီး မည်းတက်သွားပြီး ကျွန်တော့်ကို လက်ညှိုးငေါက်ငေါက် ထိုးပြီး ရန်တွေ့ ပါတော့သည်။
"မင်းက သေသေချာချာ မသိဘဲ ဘာဝင်ပြောတာလဲ။ မင်းကောင် ဖြူလုံး ပြောပုံကိုလဲ ကြည့်ဦးလေ"
ဦးကျော်က ဒီလို ရန်ပြန်တွေ့ တာကို မြင်လိုက်တော့ တစ်ခုခုမှားနေပြီ ဆိုတာကို ကျွန်တော် သိလိုက်ပြီ။ ဦးကျော်လဲ ဒီစကားကို ပြန်ပြောဖို့ ခက်နေဟန်တူတယ်။
"သူက ဘာပြောလိုက်လို့ လဲ ဦးကျော်"
"သူက ဘော်လုံး ငါ့ဘေးနားက ဖြတ်သွားတာကို မြင်တော့။ ဘော်လုံးကို ကန်လိုက်တဲ့ သူ့ ညီကို လှည့်မာန်တယ်။ ဟေ့ကောင်... မင်းဘော်လုံးကန်တာ ကြည့်ကန်နော်။ မတော်လို့ အဖေ့ စောက်ခွက်ကို မှန်ရင် မင်းတို့ ကို ငါထိုးမှာတဲ့။ သူငါ့အတွက် ပြောပေးတာတော့ ဟုတ်ပါတယ် ဒါပေမယ့် စောက်ခွက် ဆိုတာကြီးက ကိုရဲ... မင်းဘဲ စဉ်းစားကြည့်စမ်း။ ငါက သူ့ အဖေလေ..."
ထိုအခါမှ ဦးကျော် ဘာကြောင့် ဒီလောက်ထိ စိတ်ဆိုးဒေါသ ထွက်နေရသည်ကို ဇာတ်ရည် လည်သွားတော့သည်။ သြော်... ဖြူလုံးတို့ ကတော့ လုပ်ချလိုက်ပြန်ပြီ ဟုလဲ စိတ်ထဲက တွေးလိုက်မိပြီး ရယ်ချင်စိတ်ကို မနဲထိန်းထားလိုက်ရသည်။
"ဒါနဲ့ ဦးကျော်က သူ့ ကို ထရိုက်လိုက်ရောလား"
"ဟ... ထရိုက်ရအောင်ကလဲ သူက ငါ့အတွက် ပြောပေးနေတာလေ"
"အဲဒီတော့ ဦးကျော်က..."
"အဲဒီတော့ ငါလဲ အိပ်ချင်ယောင်ဘဲ ဆောင်နေရတော့ တာပေါ့ကွ။ ဟင်း... မင်းကောင်နော် မင်းကောင်ကို မင်းကြည့်ပြောထား"
18 comments:
  1. ဟီး တကယ့်ကို အာဂပါလားနော်
    ReplyDelete
  2. ဘောလုံးဝါသနာရှင်တွေလဲ မလွယ်ပါလားနော်....
    နည်းနည်းဝေးဝေးနေမှ..:):)
    ReplyDelete
  3. ဘာပဲဖြစ်ဖြစ် ဦးကျော် မှန်တယ်။ (မန်ယူဖန် ဖြစ်လို့)
    ကြုံတုန်း ကလိသွားတာ
    ReplyDelete
  4. ဟိဟိ.. အဲလိုသားအဖတွေ..သားအမိတွေ တကယ်ရယ်ရတယ်...
    ReplyDelete
  5. ကိုရဲတို့ များ ဟာသလည်းရတာပဲ
    ဖတ်ပြီပြုံးသွားပါတယ်
    ReplyDelete
  6. တကယ့်အာဂ မိသားစုပါပေပဲ ညီရဲရယ်..
    ReplyDelete
  7. အာဂ ဦးကျော်ပါလား မန်ယူမှ မန်ယူ အိမ်က ကလေးတွေ နဲ့ အတူထားဖို့ကောင်းတယ်
    ဖတ်ပြီးတော့ ပြုံးသွားပါတယ်
    ခင်မင်တဲ့
    ရွှေစင်ဦး
    ReplyDelete
  8. သြော်.. ဖြူလုံး.. ဖြူလုံး.. :D.. အဲဒီ ဖြူလုံးက ကိုညီရဲမဟုတ်လား.. :P... ဟီးဟီး
    ခင်မင်လျက်
    နေ၀သန်
    ReplyDelete
  9. ဖတ်လို့ကောင်းတယ်....း)
    ReplyDelete
  10. ဟီးဟီး ရီရတယ်....
    စာတွေဘာတွေ ပုံမှန်ရေးလို့ပါလား...
    ဒီအစ်ကို အားနေပုံပဲ :D :D
    ReplyDelete
  11. သဘောကျမိတယ်...။ ရေးထားတာ ကောင်းတယ်။
    ဒါကြောင့် တကယ့်ဘ၀ထဲက ဟာသတွေက ပိုရယ်ရတယ် ပြောကြတာ။
    ReplyDelete
  12. ရုပ်ရှင်ထဲမှ "ဒေါ်မေလေး" လေသံမျိုးဖြင့်....ကျမကတော့ ဒေါ်မြလေး လို့ ထင်ပါတယ်ရှင့်။
    ReplyDelete
  13. ဟာ... ဟုတ်ပါရဲ့ ဒေါ်မေလေး မဟုတ်ဘူး... ဒေါ်မြလေး ခုလို သတိပေးလို့ ကျေးဇူးပါဗျာ... ကျွန်တော်ပြင်လိုက်ပါ့မယ်...
    ReplyDelete
  14. ဟား ဟား ဟား ဟား ရယ်ရတယ်။ တော် တော် ဆိုးတဲ့ ဖြူလုံး။ ဦးကျော်လည်း မနိုင်ဘူး။ ဟတ် ဟတ်...
    ReplyDelete
  15. အော..အဲဒီသားအဖနှစ်ယောက် တစ်ကယ်မနိုင်ဘူးပဲ..း)) ရဲရဲ ရေးထားတာ ရယ်ရတယ်းD
    ReplyDelete
  16. ဦးဘိုနီကြီး ဘက်တော်သားဗျာ...ကျွန်တော်ကတော့..ဟီးဟီး။။။
    ReplyDelete
  17. ကိုးယို့ ကားယား လေးတွေပေါ့။ မိုက်တယ်။ ပေါ့ပေါ့ပါးပါးလေး
    ReplyDelete