Monday 6 February 2012

ကြယ်အလင်းဖြင့် လင်းသည့်လမင်း

နောက်နေ့ အလုပ်နားရက် ဖြစ်သဖြင့် ဒီနေ့ ဖွယ်ဖွယ်ရာရာလေး ချက်စားဖြစ်၏။ ခုလို ဖွယ်ဖွယ်ရာရာလေး ချက်မစားဖြစ်တာ ကြာပြီဖြစ်သဖြင့် စား၍ မြိန်လှသည်။ စားကောင်းကောင်းဖြင့် စားလိုက်သဖြင့်  ဗိုက်ပင် တော်တော်လေး အင့်သွား၏။ အလုပ်ဖွင့်ရက်များတွင် ဖုတ်ပူမီးတိုက်ချက်ပြုတ် ကသောကမျောစားပြီး အိပ်ယာဝင်ရသည်။ နို့ မို့ အိပ်ရေးမဝဖြစ်လျှင် အလုပ်ထဲတွင် ဒုက္ခရောက်မည် ဖြစ်သည်။ အလုပ်ထဲတွင် ပင်ပန်းသဖြင့် အိပ်ရေးမဝလျှင် မလွယ်။ ထို့ ကြောင့် ဒီနေ့ လို ပိတ်ရက်ရောက်မှသာ ဖွယ်ဖွယ်ရာရာလေး ချက်ပြုတ်စားဖြစ်ကြ၏။ မနက်ဖြန် အလုပ်နားရက်မို့ တခြားလူများကတော့ စားသောက်ပြီးနောက်  ထုံးစံအတိုင်း ဖဲဝိုင်းစရန် တာဆူနေကြပြီ။ ကျွန်တော်လဲ ဗိုက်ထဲနဲနဲ အင့်နေသဖြင့် လေညင်းခံရန် အိမ်ရှေ့ဘက်သို့ ထွက်လာခဲ့လိုက်သည်။ အတူတူ လာသည့် သူတို့ မြန်မာအယောက် နှစ်ဆယ်ကို သူဌေးက santosa မြို့ တွင် နှစ်ထပ်တိုက် တစ်လုံးပေးထားသည်။ အိမ်နေရာက ချောင်ကျသော်လဲ ကိုယ့်ခြံကိုယ့်ဝင်းနှင့်မို့ နေရထိုင်ရတာ အဆင်ပြေသည်။ ခုဆိုလျှင် မလေးရှားနိုင်ငံကို ရောက်တာ ဘာလိုလိုဖြင့် တစ်နှစ်ပင်ကျော်လာခဲ့ပြီ။ အရင်စလာခါစက လူနှစ်ဆယ် ဖြစ်သော်လဲ လေးယောက်က အိုဗာစတေး လုပ်သွားသဖြင့် ခုဆို ဆယ့်ခြောက်ယောက်သာ ကျန်တော့သည်။

အိမ်ရှေ့ဘက်ကို ရောက်တော့ ကိုအောင်မြင့်တစ်ယောက် ဖုန်းပြောနေသည်ကို တွေ့ လိုက်ရသည်။ မိမိရှိနေလျှင် ကိုအောင်မြင့် ဖုန်းပြောရတာ မလွတ်မလပ်  ဖြစ်နေမည် စိုးသဖြင့် ခြံရှေ့သို့  ဆက်ထွက်ရန် ပြင်လိုက်သည်။ ဒါကိုမြင်တော့ ကိုအောင်မြင့်က ပြဿနာ မရှိဘူး ရတယ်ဆိုသည့် သဘောဖြင့် ခုံတွင် ဝင်ထိုင်ရန် အမူအယာဖြင့် ပြသည်။ ထို့ ကြောင့် ကျွန်တော်လဲ သူထိုင်နေသည့် ဆိုဖာထိုင်ခုံ၏ အစွန်းတဖက်တွင် ဝင်ထိုင်လိုက်သည်။ အိမ်ရှေ့ဘက်မှ ဘော်လုံးကွင်းကို ဖြတ်၍ တိုက်ခတ်လာသည့် လေက သန့် ရှင်းလတ်ဆတ်နေသည်။ ဘာရယ်မဟုတ် အိမ်ကိုပင် ပြန်သတိရသွားမိသည်။ အိမ်မှာဆိုလျှင်လဲ ခုလို ထမင်းစားပြီးတိုင်း အိမ်ပြင်ဘက်သို့ ထွက်၍ လေညင်းခံဖြစ်လေ့ရှိသည်။ မြစ်ပြင်ကို ဖြတ်၍ တိုက်ခတ်လာသည့် လေက ပို၍ သန့် ရှင်းလတ်ဆတ်သော်လဲ မြို့ ပြနိုင်ငံတွင် ဒီလို လေညင်းမျိုးကို ရသည်ကလဲ ကျေနပ်နှစ်သက်စရာ ဖြစ်၏။ ထိုစဉ် တမင်နားစွင့်ထားခြင်း မဟုတ်သော်ငြား ကိုအောင်မြင့် ဖုန်းပြောနေသည့် အသံတို့ က မိမိနားအတွင်းသို့ စီးဝင်လာ၏။ ကြားရသည့် စကားအရ သူ့ အစ်မနှင့် စကားပြောနေဟန်တူသည်။ ကိုအောင်မြင့် အစ်မက ဆရာဝန်ပေါက်စ တစ်ယောက်ဟု ပြောသံတော့ ကြားဖူးသည်။ ဓာတ်ပုံမြင်ဖူးသည့် ဖိုးတေကတော့ ရုပ်ရည်၊ ပညာအရည်အချင်း အဘက်ဘက်က ပြီးပြည့်စုံသည့် အမျိုးသမီးဟု မကြာမကြာ ချီးကျူးလေ့ရှိသည်။

"နင်အိမ်ထောင်ပြုမဲ့ ကိစ္စ ကောင်းသည်ဆိုးသည် ငါမပြောချင်ပါဘူး။ ဒါပေမယ့် အမေက အသက်ကြီးပြီ... ငါနဲ့ စိုးမိုးနဲ့ က အဝေးကို ရောက်နေကြတယ်။ ဒီတော့ ခုချိန်မှာ အမေ့ကို နင်ဘဲ စောင့်ရှောက်ရမှာပေါ့"

တမင်နားထောင်နေခြင်း မဟုတ်ပေမယ့် သူတို့ ဖုန်းပြောသည့် အသံက အတိုင်းသား ကြားနေရသည်။ အားနာလာသဖြင့် သူတို့ အိမ်တွင်းရေးကို လွတ်လွတ်လပ်လပ် ပြောကြပါစေ ဆိုပြီး ခြံရှေ့ထွက်လာခဲ့ လိုက်သည်။ ခြံရှေ့တွင် တအောင့်လောက် လမ်းလျှောက်နေပြီး အိမ်ထဲ ပြန်ဝင်လာတော့ ဆိုဖာပေါ်တွင် ငူငူကြီး ထိုင်နေသည့် ကိုအောင်မြင့်ကို တွေ့ လိုက်ရ၏။ သူ့ ပုံက တစ်ခုခုကို စိတ်ညစ်နေပုံရသည်။

"အစ်ကို... ထမင်းမစားရသေးဘူး မဟုတ်လား"
"အေးကွာ စားချင်စိတ်တောင် မရှိပါဘူး"
"ဒီိလိုလဲ ဘယ်ဟုတ်မလဲ အစ်ကိုရယ် ညစ်တာက ညစ်တာပေါ့ အစားလေးတော့ စားမှပေါ့"
"အေးပါ ညီရာ... စားတာကတော့ စားမှာပါ။ ခုက ဗိုက်သိပ်မဆာသေးလို့ ပါ။ ခဏနေတော့ စားတာပေါ့"
"ဘာတွေ ညစ်နေရတာတုန်း အစ်ကိုရ..."

ညီအစ်ကိုလို ခင်နေရသည့် လူတစ်ယောက် ညစ်နေသည်ဆိုတော့ သူလဲ စိတ်မကောင်း ဖြစ်မိသည်။ ထို့ ကြောင့် မေးကြည့်မိလိုက်ခြင်း ဖြစ်သည်။ ကိုအောင်မြင့်ညီ စိုးမိုးက ကျွန်တော်နှင့် သက်တူရွယ်တူ ဖြစ်သည်။ သဘောကောင်းသည့် သူတို့ ညီအစ်ကို နှစ်ယောက်က ခင်ဖို့ ကောင်းသည်။ ကိုအောင်မြင့်နှင့် စိုးမိုးတို့  ညီအစ်ကို နှစ်ယောက်က မလေးရှားကို အတူတူလာပြီး အလုပ်လုပ်ကြခြင်း ဖြစ်သည်။

"အိမ်က အစ်မပေါ့... ကျောင်းပြီးတာဖြင့် မကြာသေးဘူး အိမ်ထောင်ပြုချင်လို့ တဲ့။ သူ့ ချစ်သူက လက်ထပ်ချင်ပြီတဲ့... ခုက သူတို့ လက်ထပ်ဖို့ အကြောင်း အစ်ကို့ ကို တိုင်ပင်တာလေ"
"သြော်... အစ်ကိုရယ်... သူလဲ လက်ထပ်သင့်တဲ့ အရွယ်ရောက်ပြီဆိုတော့ လက်ထပ်ချင်မှာပေါ့"
"ဟုတ်ပါတယ်... ဒါပေမယ့် ညီရယ်... အစ်မသာ ခုလို ကျောင်းပြီးပြီးချင်း အိမ်ထောင်ပြုသွားရင် အမေ စိတ်မကောင်း ဖြစ်လိမ့်မယ်။ အစ်ကိုတို့ ငယ်ငယ်ကတည်းက အဖေက ဆုံးသွားတာလေ။ အဲဒီအချိန်ကတည်းက အမေက နောက်အိမ်ထောင်မပြုဘဲ အစ်ကိုတို့ အတွက် ရုန်းကန်လာခဲ့တာ။ တကယ်ဆို သူသိတတ်ဖို့ ကောင်းပါတယ်"

သူတို့ အိမ်တွင်းရေးကို သေချာမသိသဖြင့် ဘာမှမပြောဘဲ ကျွန်တော်လဲ ငြိမ်နေလိုက်သည်။ ကိုအောင်မြင့်က ဆက်ပြောလာသည်။

"အစ်မက ငယ်ငယ်လေးထဲက စာတော်တာလေ။ အဲဒီအချိန်ကတည်းက ကြီးရင် ဆရာဝန်ကြီး လုပ်မယ်လို့ အမြဲပြောခဲ့တာ။ တကယ်လဲ ဆရာဝန်ကြီး ဖြစ်လာခဲ့တယ်။ ဒါပေမယ့် အစ်မ ဆရာဝန်ကြီး ဖြစ်လာဖို့  အမေနဲ့ အစ်ကိုတို့ တော်တော်လေး ရုန်းခဲ့ရတာ။ အစ်မဆယ်တန်း ရောက်တဲ့နှစ်မှာ အစ်ကိုက ရှစ်တန်း၊ စိုးမိုးက ခြောက်တန်း တက်ရမယ်။ အစ်မကျာင်းစရိတ်၊ ကျူရှင်စရိတ်နဲ့  အစ်ကိုတို့  ညီအစ်ကို ကျောင်းစရိတ်တွေကို အမေမနိုင်တော့ဘူး။ အစ်မက ဘာသာစုံ ဂုဏ်ထူးထွက်နိုင်တဲ့ ကျောင်းသူမို့  ဒီနှစ်မှာ သေချာလေး ကြပ်မတ်ပေးဖို့  ကျောင်းအုပ်ဆရာကြီးနဲ့ ဆရာ၊ ဆရာမတွေက အမေ့ကို ခေါ်ပြောလာတယ်။ အစ်မကလဲ ကျောင်းမှာ နှစ်တိုင်း ပထမ ရတယ်လေ။ ဒီတော့ အစ်ကို ထိုင်းနိုင်ငံကို အလုပ်သွားလုပ်ဖို့ ကျောင်းထွက်လိုက်ရတယ်"
"ဒါဆို အစ်ကို ငယ်ငယ်ဘဲ ရှိဦးမှာပေါ့"
"ဒါပေါ့ အစ်ကို့ အသက် ဆယ်သုံးနှစ်ကျော်ကျော်ဘဲ ရှိသေးတယ်"
"အဲဒီ အရွယ်လေးနဲ့ အလုပ်သွားလုပ်လို့ ရလို့ လား"
"ခိုးလုပ်ရတာပေါ့။ ရာဘာခြံတွေထဲမှာ ရာဘာခြစ်ရတာလေ။ ခြံထဲမှာဘဲနေပြီး အပြင်ကိုတောင် မထွက်ဖြစ်ပါဘူး။ အလုပ်က ကျွေးတဲ့ ထမင်း၊ ဟင်းကိုစားပြီး ရတဲ့ပိုက်ဆံ အိမ်ကို အကုန်ပြန်ပို့ ရတယ်။ ဒါမှ အိမ်စရိတ်၊ ကျောင်းစရိတ်တွေကို ကာမိတာလေ"

ကိုအောင်မြင့် စကားကို နားထောင်ရင်း ကိုအောင်မြင့်ကို ပို၍ လေးစားလာမိသည်။ လူမှန်းသိတတ်စ ကတည်းက မိသားစုတာဝန်ကို ကျေပွန်ခဲ့သူ၊ အစ်မ ဖြစ်သူကို ထောက်ပံရန်အတွက် ကျောင်းထွက်၍ အနစ်နာခံခဲ့သူ တစ်ယောက်ကို တကယ်လေးစား ချီးကျူးမိသည်။

"အစ်မ ဆေးတက္ကသိုလ်တက်တော့ ကျောင်းစရိတ်က ပိုကြီးလာတယ်။ ဒီတော့ စိုးမိုးပါ ကျောင်းထွက်ပြီး အစ်ကိုနဲ့ ထိုင်းနိုင်ငံကို လိုက်ပြီး အလုပ်လုပ်ရတယ်။ အမေ့ကိုတော့ အသက်ကြီးလာတဲ့အပြင် ကျန်းမာရေးလဲ သိပ်မကောင်းလို့ နားခိုင်းလိုက်တယ်"
"ဒါနဲ့ ခုက အစ်ကိုတို့ ဘယ်လိုကနေ ဘယ်လို ဒီမလေးရှားနိုင်ငံကို ရောက်လာရတာလဲ"
"ကံပေါ့ ညီရာ... အစ်ကိုတို့ မြန်မာနိုင်ငံကို အလည်ပြန်ပြီး ထိုင်းနိုင်ငံကို ပြန်ဝင်မယ်လုပ်တော့ လမ်းကြောင်းတွေက အရမ်းကြပ်နေတယ်။ အချိန်စောင့်ပြီး ဝင်ရမယ်။ ဒါပေမယ့် အစ်မကျောင်းစရိတ်က လစဉ်ထောက်နေရတာ ဆိုတော့ အစ်ကိုတို့ မှာ ဝင်ငွေ မရှိလို့ မဖြစ်ဘူး။ ဒီတော့ လမ်းပွင့်နေတဲ့ မလေးရှာနိုင်ငံကိုဘဲ ထွက်လာခဲ့ရတာပေါ့"

ထိုင်းနိုင်ငံမှာ အဆင်ပြေနေရဲ့ နဲ့ ဘာကြောင့် မလေးရှားနိုင်ငံကို ထပ်ကူးလာရတာလဲ ဆိုသည့် အတွေးက ထိုအခါမှ ရှင်းသွားသည်။ ဒီလိုအခြေအနေတွေကြောင့်လဲ သူတို့ ညီအစ်ကို ချွေချွေတာတာ သုံးစွဲပြီး ရသည့် ပိုက်ဆံကို အိမ်ပို့ နေကြတာကိုးဟုလဲ တွေးမိလိုက်သည်။

"အစ်ကိုတို့ ကတော့ ဖြစ်နိုင်ရင် အစ်မကို ကျောင်းပြီးပြီးခြင်း အိမ်ထောင်တန်း မပြုစေချင်သေးဘူးပေါ့ ညီရာ။ ဖြစ်နိုင်ရင် တစ်နှစ်တန်သည် နှစ်နှစ်တန်သည် နေစေခြင်းသေးတာပေါ့။ ဒါပေမယ့် သူ့ သဘောကိုဘဲ အမြဲလိုက်လာတာဆိုတော့ တားလဲမတားချင်ပါဘူး။ အမေသိရင်လဲ စိတ်မကောင်း ဖြစ်မှာပေမယ့် သူ့ သမီးသဘောလို့ ဘဲ ပြောမှာပါ။ အမေက သူ့ ကို တော်တော်လေးကို ချစ်တာလေ"
"အစ်ကို့ အမေက မသိသေးဘူးလား"
"အမေမသိသေးဘူး။ အစ်ကို့ ကို အရင်တိုင်ပင်တာလေ။ ဒါပေမယ့် သူသိတတ်ဖို့ ကောင်းပါတယ် ညီရာ။ သူ့ အတွက် မိသားစုဝင်တွေ ဘယ်လို ရုန်းကန်ခဲ့ရတယ် ဆိုတာ သူလဲ သိနေတာဘဲ"
"အစ်ကိုတို့ အိမ်တွင်းရေးကို ကျွန်တော် မဝေဖန်ချင်ပါဘူး။ ဒါပေမယ့် ပညာတတ်တိုင်း သိတတ်တာ မဟုတ်ဘူး အစ်ကို..."

ပညာတတ်ပြီး မိသားစုပေါ် မသိတတ်သည့် လူတချို့ ကို တွေ့ ဖူးသဖြင့် ဒီစကားကို  ပြောမိခြင်းဖြစ်သည်။

"ဟုတ်တယ်ညီ... အစ်ကိုလဲ သူမင်္ဂလာဆောင်မယ့် ကိစ္စကို တားမှာမဟုတ်သလို၊ အပြစ်လဲ တင်နေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အမေ့ကို ပစ်မထားဖို့ ၊ အမေ့ကို စောင့်ရှောက်ဖို့ တော့ အစ်ကို သူ့ ကို ပြောလိုက်တယ်။ အစ်ကိုတို့ က မြန်မာပြည်ကို မပြန်နိုင်သေးဘူးလေ။ ဒီတော့ သူအမေ့ကိုတော့ စောင့်ရှောက်ရမှာပေါ့"

ကိုအောင်မြင့်က စိတ်မောလူမော ဖြစ်သွားဟန်ဖြင့် သက်ပြင်းမောကြီးကို လေးလေးပင်ပင် ချလိုက်သည်။ သူလဲ စိတ်ညစ်ရှာမည်ဟု ကိုယ်ချင်းစာမိသည်။ လူတိုင်းမှာတော့ သူ့ ပြဿနာလေးတွေနဲ့ သူ ရှိနေသည်သာ ဖြစ်သည်။

"အေးကွာ... ညီ့ကို သက်သက် အပူတွေ ပေးသလို ဖြစ်နေပြီ။ ခုလို အချိန်ပေးပြီး နားထောင်ပေးတာကို ကျေးဇူးတင်ပါတယ်။ ညီလဲ အေးအေးဆေးဆေး နေဦးလေ... အစ်ကိုလဲ ထမင်းစားလိုက်ဦးမယ်"

ကိုအောင်မြင့် ကျွန်တော့်ကို နှုတ်ဆက်ပြီး အိမ်ထဲ ပြန်ဝင်သွားသည်။ အိမ်ရှေ့တွင် ကျွန်တော် တစ်ယောက်တည်း အတွေးများဖြင့် ကျန်ခဲ့သည်။ သူတို့ အကြောင်းကို တွေးမိတော့ လေပူတစ်ချက်ကို မှုတ်ထုတ်မိသည်။ ထို့ နောက် ခေါင်းတချက် ခါလိုက်ပြီး အတွေးတို့ ကို မောင်းထုတ်လိုက်သည်။ ဆိုဖာပေါ်ကို မှီချလိုက်ပြီး ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်တော့ ကြယ်အပေါင်း ခြံရံပြီး လင်းလက်တောက်ပနေသည့် လမင်းကြီးကို တွေ့ လိုက်ရ၏။ ကြယ်လေးများက သူတို့ အလင်းကို အစွမ်းကုန် လွှင့်ထုတ်ပြီး လမင်းကြီးကို လှပသည်ထက် လှပ်ပအောင် ဝန်းရံဖေးကူ နေကြသည်။ ဒါကိုမြင်တော့ ကိုအောင်မြင့်နှင့် စိုးမိုးတို့ ၏ မျက်နှာကို ပြန်မြင်ယောင်မိရ ပြန်သည်။လူတွေက လင်းလက်တာက်ပနေသည့် လမင်းကြီးကိုသာ သတိပြုမိတတ်ကြပြီး လမင်းကြီးဘေးက ကြယ်ကလေးတွေကို မေ့နေတတ်ကြသည်။ ကိုအောင်မြင့် ပြောသည့် စကားများကို ပြန်ကြားယောင်မိပြီး ကျွန်တော်ကိုယ်တိုင်လဲ သက်ပြင်းမောကြီးကို ချလိုက်မိသည်။ ကိုယ်အောင်မြင့်တို့ သားအမိ သုံးယောက်သည် အစ်မဖြစ်သူ အတွက် ရုန်းကန်ခဲ့ကြသည်။ အနစ်နာခံကြရသည်။ သူတို့ လုပ်သင့် လုပ်ထိုက်သည့် အလုပ်ကို တာဝန်သိစွာ အနစ်ခံ ပေးဆပ်ခဲ့ကြသည်။ သို့ သော် သူတို့ သိတတ်ခဲ့သလို တဘက်က ပြန်မသိတတ်သည့်နောက် သူတို့ စိတ်မကောင်း ဖြစ်ကြရသည်။ လောကတွင် ဒီလို နင်းတက်သွားပြီး ပြန်လှည့်ကြည့်မခံရသည့် ပခုံးတွေအတွက် ကြားထဲမှ စိတ်မကောင်း ဖြစ်မိသည်။

16 comments:

  1. ဖြစ်တတ်ပါတယ် ကိုရဲရေ လောကမှအဲလို ဇာတ်လမ်းတွေ
    အများကြီးပါ စာရေးကောင်းတော့ပိုဖတ်လို့ ကောင်းသွားတာပေါ့
    လေးစားလျှက်ပါ

    ReplyDelete
  2. တစ်ကယ် လူနေမှု ဘဝ အစစ်ပါပဲအကို...
    ဟုတ်တယ် ပညာတက်တိုင်း မသိတက်နိုင်သလို
    လူဖြစ်တိုင်းလဲ သိတက်ဖို့ ...ခဲယဉ်းပါတယ်..
    ပို့စ်လေး ခံစားအားပေးလျှက်ပါလို့..

    ReplyDelete
  3. ဟုတ်တယ် ကြယ်တွေဟာ လမင်းကြီးပနာရအောင် ၀ိုင်းရံပေးနေရသလိုဘဲ
    တချို့ဘ၀တွေဟာလဲ တချို့တချိှု့သောဘ၀တွေအတွက် အနစ်နာခံစတေးပေးနေကြတယ်ဆိုတာ လက်တွေ့ဘ၀မှာ ရှိနေခဲ့တယ် ကိုရဲရေ ..

    ခင်တဲ့

    မဒိုးကန်

    ReplyDelete
  4. 'မရှိတာထက်မသိတာခက်' ဆိုတဲ့ဆိုရိုးစကားတွေလည်းရှိတာပဲ
    မောင်ညီရဲရေ။ လိမ္မာတဲ့သားနှစ်ယောက် ဘဝမှာအခိုက်အတန့်
    ခက်ခဲနေသည့်တိုင် မိဘအပေါ်သိတတ်တဲ့သားတွေမို့ အနာဂါတ်
    ကောင်းစားမှာပါကွယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  5. ပညာတတ်တိုင်း သိတတ်တာ မဟုတ်ဘူး ဆိုတာကို မြတ်လည်း ထောက်ခံတယ်။

    တလက်စတည်း မြတ်ရဲ့ အယူအဆ တစ်ခုဖြစ်တဲ့ အတန်းပညာတွေ၊ ဘွဲ့ထူးတွေ အများကြီး ရထားတိုင်းလည်း ပညာတတ်တယ်လို့ မယူဆတတ်ဘူး။ သိတတ်တာ၊ နားလည်မှုရှိတာ၊ ဝေဖန်ပိုင်းခြားတတ်သူသာ ပညာတတ်သူလို့ မြတ်က ယူဆပါတယ်လို့ ပြောခဲ့ချင်ပါတယ်။

    ခင်မင်စွာဖြင့်
    မြတ်ပန်းနွယ်

    ReplyDelete
  6. ပညာတတ်တိုင်းလည်း ဘဝအသိရှိတာ မဟုတ်ပါဘူး..လမင်းကြီးကို ဝန်းရံပေးနေတဲ့ ကြယ်လေးတွေဘဝက သနားဖို့ ကောင်းတယ်..ဖတ်လို့ ကောင်းလိုက်တာ ညီရဲရေ

    ReplyDelete
  7. ပညာတွေ အများကြီးတတ်ပြီး လောကအကြောင်းဘာမှမသိတဲ့သူကိုမြင်ခဲ့ဖူးတယ်
    ဒီစာကိုဖတ်ပြီးအဲဒိလိုလူတွေကိုပြန်သတိရနေမိတယ်

    ReplyDelete
  8. ကောင်းလိုက်တာ
    မိဘနဲ့ မိသားစုဝင်တွေက ကိုယ့်အတွက် အနစ်နာခံ ပေးဆပ်ခဲ့တာက လိုချင်မှုတခုကြောင့်မဟုတ်ပေမယ့် ခုလိုအဖြစ်မျိုးတော့ မျှော်လင့်ကြမှာမဟုတ်ဘူး .. ပြောလို့လည်း မကောင်းတော့ ကာယကံရှင်က သိတတ်မှ ဖြစ်မှာ .. မျှော်မြင်တွေးခေါ်နိုင်ကြပါစေ

    ReplyDelete
  9. My Brother,

    This is a nice post too. And, your writing is also better and better post by post. Keep trying!!!! :)

    Your Myayy Layy

    ReplyDelete
  10. ဒီလိုအဖြစ်တွေ..နာလည်မှုမရှိတာတွေအများကြီးပဲ .. ပညာတတ်လာလေ..ကိုယ့်အတွက်ကို်ယ်ပိုပြီးကြည့်တတ်လာလေလေပါပဲ.. ထမ်းတင်ပေးရတဲ့ပခုံးတွေအတွက် စိတ်မကောင်းဖြစ်မိတယ်..

    ခင်မင်စွာဖြင့်
    မဝသုန်

    ReplyDelete
  11. မိသားစုအတွက် အနစ်နာခံရတဲ့ ညီအစ်ကိုမောင်နှမတွေ ရှိတယ်။ မသိနားမလည်တတ်သူများဆိုပေမယ့် ရှဥ့်လဲ လျှောက်သာ ပျားလဲစွဲသာ ညှိနှိုင်းပြီးမှ ဆုံးဖြတ်သင့်ပါတယ်။ ဒါမှ ပျော်ရွှင်စရာ မိသားစုဘ၀လေး ဟန်ချက်ညီညီတည်ဆောက်နိုင်မှာပါ။ နှစ်သက်စရာ ပို့စ်ကောင်းလေးတစ်ပုဒ်ပါ။

    ReplyDelete
  12. ကြယ်အလင်းဖြင့် လင်းသည့်လမင်းတဲ့ ..ခေါင်းစဉ်ပေးပုံလေး ကြိုက်တယ်ဗျာ..။။။

    ReplyDelete
  13. လေးစားဖို့ ကောင်းတယ်နော်..
    အစ်ကို့အတွေးလေးလည်း ကောင်းတယ် :D

    ReplyDelete
  14. တစ်ခု မက အများကြီး ရလိုက်တယ်။ ကိုယ့်ကိုယ်ကို ရွံရှာနေတာ ကြာပြီ။ ကျေးကျေး ညီရဲ။

    ReplyDelete
  15. ညီရဲရေ
    ပေးချင်တဲ့ ရည်ရွယ်ချက်လေး ကောင်းလိုက်တာ။
    စာရေးလည်း တော်တော်ကောင်းလာတယ်။
    ဝတ္ထုဆိုပေမဲ့လို့ တကယ့်အဖြစ်အပျက်လို့ ခံစားမိတယ်။
    ဟုတ်တယ်နော် မရှိတာထက် မသိတာခက်တယ်ဆိုတာ..
    ကိုယ့်ကိုယ်ထောက်ပံ့ခဲ့တဲ့ မိသားစုကိုတော့ ပြန်ငဲ့ကြည့်သင့်တာပေါ့နော်။

    ReplyDelete
  16. ဟုတ်တယ်ဘလက်ရေ
    တချို့သူတွေက ပညာဆိုတာကိုသာတတ်
    ဘဝကိုမသိကြဘူး..

    ReplyDelete