Thursday 2 February 2012
ကျွန်တော်မသိခြင်းများ
ဆိုင်ကလေး၏ အတွင်းဘက် နေရာတော်တော် များများကို အမှောင်ရိပ်က ကြီးစိုးထားသည်။ ဆလိုက်မီးရောင်စုံတို့ က ဆိုင်ကလေးအတွင်း လဲ့ဖြာလွန်းထိုးနေ၏။ ဆလိုက်မီးရောင်တို့ နှင့်အပြိုင် ရောင်စုံမလေးများကလဲ ဆိုင်ကလေးအတွင်း လွင့်မျောစီးဆင်းနေကြသည်။ စတိတ်စင်မြင့်ထက်တွင် ခိုနားရင်း တေးသီချင်း သီကျူးလိုက်၊ စားပွဲခုံများကြား လွင့်မျောစီးဆင်းရင်း အီလိုက်ကြဖြင့် မြူးတူးနေကြ၏။ ဇွန်းသံ၊ ခွက်သံ၊ ဖန်ခွက်ခြင်း ထိတွေ့ ပွတ်ဆွဲသံ၊ ချီးယားလုပ်သံတို့ က ဆိုင်လေးကို သက်ဝင်လှုပ်ရှားနေစေသည်။ ဒီလိုဆိုင်မျိုးကို ပထမဆုံးရောက်ဖူးသည့် သူ့ အတွက်တော့ ဆိုင်ကလေးက အံသြစူးစမ်းဖွယ်ရာများဖြင့် ပြည့်နှက်နေသည်။ တောသားမြို့ ရောက် ကျီးကန်းတောင်းမှောက် ဆိုသကဲ့သို့ မြင်သမျှ တွေ့ သမျှက စိတ်ဝင်စားစရာများ ဖြစ်နေသည်။ စားပွဲဝိုင်းများဆီမှ လွင့်ပျံ့ လာသည့် ရောင်စုံမလေးတို့ ၏ တခစ်ခစ်ရယ်သံများ၊ ကိုကိုကာလသားတို့ ၏ သဘောကျစွာ ရယ်မောလိုက်သံတို့ က စင်မြင့်မှ တေးသီချင်းသံတို့ နှင့်အပြိုင် စီးချက်လိုက်နေသည်လား ထင်မှားရ၏။ ကြည့်ရမြင်ရသည်မှာ ပျော်တပြုံးပြုံးဖြင့် အားလုံးဘဲ ပျော်နေကြ၏။ ငြူစူစိတ်ကောက်နေကြသည့် အတွဲဟူ၍ မတွေ့ ရချေ။ ဒါကြောင့်လဲ လူတွေ ပိုက်ဆံ အကုန်အကျခံပြီး ဒီနေရာကို လာနေကြတာဘဲဟု တွေးလိုက်မိသည်။ 
တစ်ယောက်တည်း ဟိုကြည့်ဒီကြည့်ဖြင့် နတ်ကရာကျီးမော့ နေရင်း ကိုယ့်ကိုယ်ကို ငေါင်ငေါင်ကြီး ဖြစ်နေသလို ခံစားလိုက်ရ၏။ ထို့ ကြောင့် မိမိကို ခေါ်လာသည့် သူငယ်ချင်း ထူးထူးနှင့် ကိုသက်တို့ ကို ကြည့်လိုက်တော့ ဘယ်အချိန်က ခေါ်ထားလိုက်ကြသည် မသိရသည့် ရောင်စုံမလေး တစ်ယောက်စီဖြင့် ပတ်ဝန်းကျင်ကို မေ့နေကြသည်ကို တွေ့ လိုက်ရ၏။ ဒီလို စင်တင်ဘီယာဆိုင်သို့ သူ့ အနေဖြင့် ပထမဆုံး ရောက်ဖူးခြင်း ဖြစ်သည်။ ခုလို ရောက်ဖြစ်လာရသည်ကလဲ ဆယ်တန်းဖြေပြီးကတည်းက ရန်ကုန်တက် အလုပ်လုပ်နေရာမှ ပြန်လာသည့် ငယ်သူငယ်ချင်းဖြစ်သူ ထူးထူး အတင်းခေါ်သဖြင့် ရောက်လာခဲ့ခြင်း ဖြစ်သည်။ မိမိသာငေါင်ငေါင်ကြီး သင်းကွဲတစ်ယောက်လို ဖြစ်နေပေမယ့် ထူးထူးနှင့် ကိုသက်တို့ ကတော့  ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်စွာ သာသာယာယာပင် စီးမျောနေသည်။ ဟိုဟိုဒီဒီ ကြည့်ရင်း သူ့ မျက်လုံးတို့ စတိတ်စင်မြင့်ထက်သို့ ရောက်သွား၏။ လှတပတ ရောင်စုံမလေးတစ်ယောက် စင်မြင့်ထက်တွင် တေးသီနေသည်ကို တွေ့ လိုက်ရသည်။ သူကြည့်ရင်း ကောင်မလေး၏ အလှကို အသိအမှတ် ပြုလိုက်မိသည်။ ဒီလို ဆိုင်မျိုးမှာ ဒီလောက်လှတဲ့ ကောင်မလေးတွေလဲ ရှိတယ်လား ဟုတွေးလိုက်မိသည်။ ထို့ နောက် သူ့ အကြည့်တို့ က စင်မြင့်ထက်မှ မီးရောင်တချို့ ပွင့်အံကျနေသည့် ရှေ့ဆုံးစားပွဲကို ရောက်သွားသည်။ ဒီမြို့ လေး၏ မြို့ မျက်နှာဖုံး သုံးယောက်နှင့် တခြားသူမသိသည့် လူကြီးနှစ်ယောက်တို့ ထိုင်နေကြသည်။ ထိုစားပွဲဝိုင်းကို သတိထားမိသည် ဆိုသည်မှာလဲ ရောင်စုံမလေးများ အဝင်အထွက်များခြင်းကြောင့် ဖြစ်သည်။
ထိုစဉ် ရောင်စုံမလေး တစ်ယောက် ထိုစားပွဲဝိုင်းမှ လူများကို ပြုံးပြနှုတ်ဆက်ပြီး သူ့ စားပွဲဆီသို့ ဦးတည်လာနေသည်ကို တွေ့ လိုက်ရသည်။ စောစောက စင်မြင့်ထက်တွင် တေးသီနေသည့် ကောင်မလေးဖြစ်သည်။ ထို့ နောက် စားပွဲရှေ့တွင် ရပ်လာပြီး မယဉ်မရိုင်းလေး ပြုံးပြနှုတ်ဆက်လာသည်။ လူတစ်ယောက်၏ စိတ်နှလုံးကို ညင်ညင်သာသာဖြင့် ဆွတ်ချူသိမ်းပိုက်သွားနိုင်သည့် အပြုံးမျိုးဖြစ်သည်။
"ထိုင်မယ်နော်"
သူမကို ကြည့်ရင်း အတွေးလွန်နေရာမှ အယောင်အယောင် အမှားမှားဖြင့်  စကားမဆိုမိဘဲ ခေါင်းသာညိတ်ပြလိုက်မိသည်။ ကောင်မလေးက ထိုင်ခုံတစ်လုံးကို ဆွဲယူပြီး စားပွဲတွင် ဝင်ထိုင်လာသည်။ ရှင်းသန့် ကြည်လင်နေသည့် ကောင်မလေးကို အနီးကပ်မြင်ရမှ သူမ အလှကိုပို၍ အသိအမှတ်ပြုမိရ၏။
"လူကို ခေါ်ထားပြီး ဒီအတိုင်ဘဲ ထားတော့မှာလား"
ကောင်မလေး စကားကြောင့် သူပြာသွားသည်။
"တစ်ခုခုမှာလေ... ဘာသောက်မလဲ"
ကောင်မလေးက ခေါင်းကို ခါပြသည်။
"အစ်ကိုက ဒီဆိုင်ကို ခုမှ ပထမဆုံး ရောက်ဖူးတာထင်တယ်"
"အင်း... ဟုတ်တယ်... ဒီဆိုင်ကို ရောက်ဖူးတာ ဒီနေ့ က ပထမဆုံးဘဲ... ညီမက ဘယ်လို သိတာလဲ"
"ညီမ အတွေ့ အကြုံအရသိတာပေါ့"
ကောင်မလေး ပြောလာသော အတွေ့ အကြုံဆိုသည့် စကားလုံးက သူ့ အတွက် စဉ်းစားစရာ  ဖြစ်သွားသည်။ ကောင်မလေးကို ကြည့်တော့ အသက်နှစ်ဆယ် ဝန်းကျင်လောက်သာ ရှိဦးမည်။ ဒါဆို သူမ ဘယ်အချိန်ကတည်းက ဒီလောကထဲ ရောက်လာတာလဲဟု တွေးလိုက်မိသည်။
"ညီမတို့ သီချင်းဆိုရင် ပန်းကုံးစွပ်တဲ့ စားပွဲဝိုင်းတွေမှာ လိုက်ထိုင်ရလေ့ ရှိတယ်။ ဒီတော့ စားပွဲဝိုင်းတွေ ကြားမှာ သွားရင်းလာရင်း ဒီဆိုင်မှာ လာနေကျ ဖောက်သည်တွေကို မျက်မှန်းတန်းမိနေတယ်လေ။ အရင်က အစ်ကို့ ကို တခါမှ မမြင်ဖူးဘူး"
 "အစ်ကိုလဲ ညီမကို ပန်းကုံးမစွပ်မိပါလား"
"ဟင်... ဟုတ်လား... ဒါနဲ့ ဝိတ်တာကောင်လေးက ပန်းကုံးစွပ်ရင်း ဒီဝိုင်းက ခဏလာခဲ့ပါဦးလို့ ပြောသွားတာဘဲ"
ကောင်မလေးကို သူပန်းကုံး  မစွပ်ဘဲ ဘာကြောင့်  မိမိစားပွဲကို လာထိုင်သည်ကို စဉ်းစားမရဖြစ်သွားသည်။ 
"မင်းတစ်ယောက်တည်း အဖော်ကွဲပြီး သင်းကွဲဖြစ်နေလို့ ငါဝိတ်တာကို ပန်းကုံးစွပ်ပြီး ခေါ်ခိုင်းလိုက်တာ"
တချိန်လုံး အလုပ်ရှုပ်နေသည့် သူငယ်ချင်း ထူးထူးက ဝင်ပြောလာခြင်း ဖြစ်သည်။ ပြောပြီး အလုပ်အလွန်ရှုပ်နေသည့် လူတစ်ယောက် အသွင်ဖြင့် ပြန်လှည့်သွားသည်။ 
"သြော... ဒါဆို ညီမကို ခေါ်တာ အစ်ကို မဟုတ်ဘူးပေါ့"
နှုတ်ခမ်းကိုစူပြီး စိတ်ကောက်ဟန် ကောင်မလေးက ဆိုလာတော့  ကျွန်တော် ဒုတိယအကြိမ် ပြာယာခတ်သွားရပြန်သည်။
"အာ... အဲလိုလဲ မဟုတ်ဘူးလေ... အဲဒီလို ခေါ်ရတယ်ဆိုတာကို အစ်ကိုက မသိလို့ ပါ..."
မလိုအပ်မှန်း သိပေမယ့် သူကဗျာကယာ ရှင်းပြမိပြန်သည်။
"ညီမ... နာမည် ဘယ်လိုခေါ်လဲ"
"ပန်းခရေ"
ထို့ နောက် နှစ်ယောက်အတူ စကားတွေ အများကြီး ပြောဖြစ်ကြသည်။ စကားနည်းသည့် သူ့ ကို သူမက စကားတွေ အများကြီး ပြောနိုင်စေခဲ့သည်။ သူစိမ်းမိန်းကလေး တစ်ယောက်နှင့် တွေ့ တွေ့ ခြင်း ပထမဆုံး စကားတွေ အများကြီး ပြောဖြစ်ခြင်းလဲ ဖြစ်သည်။ ဒါကဘဲ သူမ၏ ကျွမ်းကျင်မှု အရည်အချင်း တစ်ရပ်လို့ ပြောရမည်လား။ ထိုစဉ် ထူခြားမှု တစ်ခုကို သတိပြုမိလိုက်သည်။ ဝိတ်တာကောင်လေးများက သရဖူ၊ စလွယ်နှင့် ပန်းကုံးများ တင်ထားသည့် စင်ကို စတိတ်စင်မြင့်နားက စားပွဲဝိုင်းဆီကို သယ်သွားသည်ကို တွေ့ လိုက်ရသည်။ သူ့ လိုပင် တခြားဝိုင်းမှ လူများလဲ  သတိထားမိဟန်တူသည်။ ထိုဝိုင်းကို အကဲခတ်နေကြသည်။ ဆိုင်ကလေး အတွင်း အသံပလံများ တိုးသွားသည်။
"ပြဿနာတော့ စပြီ"
ကောင်မလေးက တိုးတိုးလေး ပြောလိုက်ခြင်း ဖြစ်သည်။ ရုတ်တရက် နားမလည်သောကြောင့် ကောင်မလေးကို မေးကြည့်မိသည်။
"အစ်ကို စတိတ်စင်ရှေ့နားက ဝိုင်းကို သတိထားမိလား။ ဒီမြို့ က သူဌေးသုံးယောက် ထိုင်နေတဲ့ဝိုင်းလေ
"အင်း... အစ်ကိုလဲ သတိထားမိတယ်။ ဒါပေမယ့် ကျန်တဲ့နှစ်ယောက်ကိုတော့ အစ်ကို မသိဘူး"
"အဲဒီနှစ်ယောက်က သူတို့ ဧည့်သည် အရာရှိကြီး နှစ်ယောက်လို့ ပြောတယ်။ ငွေတော့ တော်တော်လေး သုံးနိုင်တယ်"
ဟုတ်မည် ဒါကြောင့်လဲ ရောင်စုံမလေးတွေ ဝိုင်းနေခြင်းဖြစ်မည်။
"ဧည့်သည် တစ်ယောက်က ခုသီချင်းဆိုနေတဲ့ အစ်မနှင်းပွင့်ဖြူကို သဘောကျနေတာလေ။ ဒါပေမယ့် အစ်မနှင်းပွင့်ဖြူက ပန်းကုံးနှစ်ခါစွပ်တာကို ပထမ တစ်ခါဘဲ ခဏထိုင်ပြီး နောက်တခါ ခေါ်တော့ လာမထိုင်တော့ဘူး။ သူတို့ ကြားမှာ ပြဿနာ တစ်ခုခု ဖြစ်သွားလောက်တယ်"
သူစတိတ်စင်ပေါ်ကို လှမ်းကြည့်လိုက်တော့ မြန်မာဆန်ဆန် ဝတ်ဆင်ထားပြီး မြန်မာသံစဉ် သီချင်း ဆိုနေသည့် ကောင်မလေး တစ်ယောက်ကို တွေ့ လိုက်ရသည်။ ခုခောတ်စကားဖြင့် ပြောရလျှင် ကောင်မလေးက  မြန်မာဆန်ဆန် တောင့်တောင့်တင်းတင်းဖြင့် အတော်လှသည်။ ဒါကြောင့် ဒီဘဲကြီး ကြွေနေခြင်း ဖြစ်မည်။ ထိုစဉ် ဧည့်သည်လူကြီးက ရှိရှိသမျှ ပန်းကုံးများကို ဆက်ထားသည့် ပန်ကုံးတန်းကြီးကိုဆွဲ၊ လက်တဖက်တွင်လဲ သရဖူ၊ စလွယ်များကိုင်ပြီး စတိတ်စင်ပေါ်သို့ တက်သွားသည်။ ထို့ နောက် ကောင်မလေးကို သရဖူ၊ စလွယ်များကို စွပ်ပေးပြီးနောက် လက်ထဲမှ ပန်းကုံးတန်းကြီးဖြင့် တစ်ရစ်ပြီး တစ်ရစ် ပတ်၏။ ပတ်လို့ မကုန်သည့် ပန်းကုံးတန်းကြီးကို ကောင်မလေး လက်တွင် ချိတ်ပြီးနောက် ပြန်ဆင်းသွားသည်။ ထိုလူကြီး ပန်းကုံးစွပ်နေချိန်တွင် ဝိတ်တာများ၊ ဆိုင်တွင်းမှ လူတော်တော်များများက လက်ခုပ်တီး အားပေးကြသည်။ သူကတော့ တရှုပ်ရှုပ်ငိုရင်း သီချင်းကို ဟန်မပျက် ဆိုနေရသည့် ကောင်မလေးကို ကြည့်ပြီး သနားနေမိသည်။  ဆိုင်မှ တာဝန်ရှိသူများကိုယ်တိုင်က လက်ခုပ်တီး အားပေးနေသည့်နောက် သူက စိတ်မကောင်း ဖြစ်ရုံက လွဲလို့ ဘာများတတ်နိုင်ပါဦးမလဲ။
အဲဒီနေ့ က သူဆိုင်ပိတ်မှာ ပြန်ဖြစ်ခဲ့သည်။  သူငယ်ချင်းများ ဖြစ်သည့် ကိုသက်နှင့် ထူးထူးတို့ ကတော့ ရောင်စုံမလေး တစ်ယောက်စီကို ဆိုင်ကယ်ကိုယ်စီဖြင့် မသွားကြသည်။ ဒါကြောင့်လဲ ဆိုင်ကယ် တစ်ယောက်တစ်စီးစီဖြင့် သွားကြဖို့  သူတို့ အဆိုပြုကြခြင်း ဖြစ်ဟန်တူသည်။ သူကတော့ အိမ်ပြန်ရမည် အိမ်မပြန်လို့ ကတော့ မဖြစ်...။ ဒီဆိုင်လေးကို ရောက်ပြီးမှ သူမသိတာတွေ အများကြီး သိခဲ့ရသည်။ အရင်က သူနှင့် ဒီလောကသည် အစိမ်းသက်သက် ဖြစ်၏။ အသက်ငယ်ငယ်ဖြင့် ဒီလောကထဲ ကျင်လည်နှံစပ်နေသည့် ရောင်စုံမလေးများ အကြောင်း၊ ဒီနေရာတွင် ငွေကို ရေလိုသုံးနေသည့် လူများအကြောင်း၊ ပထမတော့ တငိုငို တရီရီဖြစ်နေပြီး ဆိုင်ပိတ်သည့် အချိန် ဧည့်သည်လူကြီး ကားပေါ်တွင် ကျော့ကျော့မော့မော့ဖြင့် ပါသွားသည့် မြန်မာဆန်ဆန် ကောင်မလေး အကြောင်း၊ အစ်ကိုက မခေါ်တော့ ညီမက ခေါ်တဲ့လူနောက် လိုက်ရမှာပေါ့ဟု နှုတ်ဆက်စကားဆိုပြီး လူတစ်ယောက်၏ ဆိုင်ကယ်ပေါ် ပြေးတက်သွားသည့် ပန်းခရေ အကြောင်း စသည်တို့ ကို  တကယ်မသိခဲ့ပါ။ ယုတ်စွအဆုံး သူကိုယ်တိုင် ထိုဆိုင်လေးကို သဘောကျသွားပြီး နောက်နောင် ထိုဆိုင်လေးကို မကြာမကြာ ရောက်ဖြစ်ဖို့ လမ်းစရသွားပြီ ဆိုသည်ကိုလဲ မသိခဲ့ပါ။ တကယ်ကို ဘာမှ မသိခဲ့တာပါ...
12 comments:
  1. ဘာဖြစ်နေလည်း မစဉ်းစားတတ်တော့ ငါဘာမှားလည်း ငါပြန်တွေးခဲ့..
    နားလည် သလိုလိုနဲ့ ဒို့ဖြေရှင်းခက်တယ်.. :D
    ReplyDelete
  2. ကိုရဲရေ အစမလုပ်နဲ့နော်:D
    ဟဲဟဲ အရေးအသားကောင်းလို့ဖတ်ရင်ခဏမေ့မောသွားသည်
    ReplyDelete
  3. ကိုရဲ ရေ
    အပေါ်က အစလုပ်ဖူးသူတွေ ဆုံးမတာကို နာခံနော်
    ဖတ်ကောင်းကောင်း နဲ့ ဖတ်သွားတယ်
    ခင်တဲ့
    ရွှေစင်ဦး
    ReplyDelete
  4. လူ့လောကက ရှုပ်ထွေးတယ် ကိုညီရဲရေ... လောကမှာ စား၊ ၀တ်၊ နေ ရေးအတွက်ကိုပဲ ပုံစံအမျိုးမျိုးနဲ့ ရုန်းကန်လှုပ်ရှားနေကြတာမှာ တချို့တွေလည်း ကိုယ်ချင်းစာစိတ်၊ တချို့တွေလည်း အတ္တစိတ်နဲ့ မောင်းနှင်နေကြတာပေါ့လေ... ကိုညီရဲရဲ့ အတွေ့အကြုံလေးကို ဖတ်ပြီးတော့ ဗဟုသုတရတာပေါ့.. ဒါနဲ့ နတ်ကရာ ကျီးမော့ မဟုတ်ဘူးလား.. သေတော့မသေချာဘူး.. အဲလိုပဲ ဖတ်ဖူးထားလို့
    ခင်မင်လျက်
    နေ၀သန်
    ReplyDelete
  5. ကျေးဇူး နေဝသန်ရေ... မှန်တာပြောရရင် အဲဒီစာလုံးကို မသေမချာနဲ့ ရေးလိုက်ရတာ... ခုပြင်လိုက်ပါပြီ တကယ်ကျေးဇူးပါ...
    ReplyDelete
  6. Demand ရှိနတော့လည်း ဖြစ်တာပေါ၊
    Demand ကပိုများ လာတော့မှာ ဖွင့်ပြီဆိုတော့
    ReplyDelete
  7. ဟေ တကယ်ခနခနရောက်သွားတာလားအေ
    ရန်ကုန်တွင်ကျန်ခဲ့သောတစ်စုံတစ်ယောက်သည် ဤဟာကိုမြင်လျှင်ဒေါပွနေတော့မည် .
    ReplyDelete
  8. လူတစ်ယောက်၏ စိတ်နှလုံးကို ညင်ညင်သာသာဖြင့် ဆွတ်ချူသိမ်းပိုက်သွားနိုင်သည့် အပြုံးမျိုးဖြစ်သည်။.....ဘယ်လိုအပြုံးမျိုးပါလိမ့်....@_@
    ယောကျာ်းတကာတို့ကို ဖောက်ပြားစရာတွေဖြစ်အောင် လုပ်တတ်ကြတဲ့ ကောင်မလေးတွေပါလားးးးးးးးး....
    စိတ်ပျက်စရာတွေ.... :(
    ကိုကြီးရဲရဲရေ....အစရှိ အနောင်နောင်တဲ့ တော်ကြာ မသိဘူးမသိဘူးကနေ မပြန်တော့ဘူး မပြန်တော့ဘူးဖြစ်နေဦးမယ်
    (ကိုယ့်အစ်ကိုကြီးမို့စေတနာနဲ့သတိပေးပါသည်။)
    အင်ကြင်း
    ReplyDelete
  9. အင်းပေါ့ခေါ်သူမရှိတော့လဲ ရှိတဲ့ခေါ်သူနောက်လိုက်ရတာပဲလေ
    ReplyDelete
  10. ဘာာာာာာာာာာာာ... ထိုဆိုင်ကို သဘောကျသွားပြီး နောက်နောင်သွားဖို့ လမ်းစဟုတ်လား... နာချင်နေပြီလား ဒီအစ်ကို... တွေ့မှာ ခေါင်းခေါက်မယ်.. သိပ်မပြောချင်ဘူး ဟွန်း >.<
    ReplyDelete
  11. ဒီလိုနဲ့ပဲ လှိုင်းလုံးထဲမှာ မျောမျောကုန်ကြတယ်။
    ReplyDelete
  12. တကယ် ဘာမှ မသိခဲ့တာလား..မသိချင်ဟန် ဆောင်နေတာများလား..:P
    ReplyDelete