Monday 24 September 2012

ကျွန်ုပ်တို့ သတိပြုသင့်သောအရာ

ရန်ကုန်မြို့ ရဲ့  အထင်ကရ နေရာတစ်ခုဖြစ်တဲ့ SSC ဆေးရုံမှာပါ။ ခန်းမထဲမှာ ဒေါက်တာနဲ့ တွေ့ ဖို့ လူနာနဲ့ လူနာရှင်တွေ တုံကင်နံပါတ် ယူပြီး စောင့်နေကြတယ်။ လင်မယား စုံတွဲတစ်တွဲလဲ နေမကောင်း ဖြစ်နေတဲ့ သူတို့ ရဲ့ သားလေးကို ဒေါက်တာနဲ့ ပြဖို့ တုံကင်နံပါတ်ယူပြီး စောင့်နေကြတယ်။ အဲဒီအချိန်မှာဘဲ ဒေါက်တာရဲ့ စမ်းသပ်ခန်းထဲက သူနာပြု ဆရာမလေး တစ်ယောက် ထွက်လာတယ်။ တုံကင်နံပါတ် အလှည့်ကျတဲ့ လူနာနဲ့ လူနာရှင်တို့ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြတယ်။ ဒီတခါက သူတို့ အလှည့်ရောက်ပြီကိုး။ ဒါပေမယ့် အားလုံး မျှော်လင့်မထားတဲ့ စကားတစ်ခွန်းကို သူနာပြု ဆရာမလေးက ပြောလိုက်တယ်။

"'ဒီထဲမှာ တရုတ်စကား ပြောတတ်သူများ ပါသလားရှင်"

ဘယ်သူမှ မျှော်လင့်မထားတဲ့ မေးခွန်းပါ။ အခန်းထဲက လူတွေ အားလုံး တိတ်ဆိတ်သွားကြတယ်။ တစ်ယောက်မျက်နှာကို တစ်ယောက် စူးစမ်းဟန်နဲ့ ကြည့်ကြတယ်။ ဘယ်သူများ တရုတ်စကား ပြောတတ်သလဲပေါ့။ ကမ္ဘာလှည့် ခရီးသည်တွေ လာလေ့လာထ ရှိတဲ့ နေရာဆိုလဲထားဦး။ SSC ဆေးရုံလို နေရာမျိုးမှာ ခုလို လာမေးတော့ အားလုံး အထူးအဆန်း ဖြစ်သွားကြတာပေါ့။
"ကျွန်မ တရုတ်စကား ပြောတတ်ပါတယ်"

ကလေး နေမကောင်းလို့ လာပြတဲ့ လင်မယား နှစ်ယောက်ထဲက အမျိုးသမီး ဖြစ်သူက ပြောလိုက်ခြင်း ဖြစ်တယ်။

"ဒါဆို အထဲကို ခဏလောက် လိုက်ခဲ့ပေးပါရှင်"
 
အခန်းထဲမှာတော့ သားအမိ နှစ်ယောက်နှင့် စိတ်ညစ်ညူး နေသည့်ဟန်ပေါက်နေတဲ့ ဒေါက်တာမ တစ်ယောက်တို့ ရှိနေကြတယ်။ ဒေါက်တာမက အခန်းထဲကို ဝင်လာသည့် သူနာပြု ဆရာမလေးနဲ့ အမျိုးသမီးကို အကဲခတ်ဟန် တချက် လှမ်းကြည့်လိုက်တယ်။ သူနာပြု ဆရာမလေးက ခေါင်းတစ်ချက် ညိတ်ပြလိုက်ပြီး...

"တရုတ်စကား ပြောတတ်တဲ့လူကို ခေါ်လာပါပြီ ဒေါက်တာ"
"ညီမက တရုတ်စကားကို ကောင်းကောင်း ပြောတတ်တယ်လား"
"ဟုတ်ကဲ့ ပြောတတ်ပါတယ် ဒေါက်တာ"
"ဒါဆို ကူညီပါဦး ညီမရယ်... သူ့ ကို တစ်ချက်လောက် မေးပေးပါဦး။ သူ့ နာမည်တောင် မြန်မာလို ပီပီသသ မပြောနိုင်ဘူး။ မေးလိုက်တိုင်း တရုတ်လိုတွေချည်း ပြောနေတော့ အစ်မလဲ စိတ်ညစ်နေပြီ။ ပြီးတော့ ကလေး ဘယ်လို နေမကောင်း ဖြစ်တယ် ခုလို နေမကောင်း ဖြစ်တာ ဘယ်လောက် ကြာနေပြီလဲ ဆိုတာကိုပါ သေသေချာချာလေး မေးပေးပါဦးကွယ်"

ဒေါက်တာမ စိတ်ညစ်မယ် ဆိုလဲ စိတ်ညစ်စရာပင်။ အမျိုးသမီးက တရုတ်နိုင်ငံ ပြည်မကြီး တရုတ်ဖြစ်ပြီး မြန်မာစကား မပြောတတ်သလို အင်္ဂလိပ် စကားကိုလဲ တစ်လုံးမှ မပြောတတ်ပါဘူး။ ဒါပေမယ့် အလွန် အံသြဖို့  ကောင်းတဲ့ အချက်တစ်ချက်က မြန်မာစကား တစ်လုံးမှ မပြောတတ်သလို တခြား မြန်မာနိုင်ငံက တိုင်းရင်းသား တို့ ရဲ့  ဘယ်ဘာသာစကားကိုမှလဲ မပြောတတ်တဲ့ ထိုပြည်ကြီး တရုတ်မ လက်ထဲမှာ နိုင်ငံသား စိစစ်ရေး ကဒ်ပြား (အမျိုးသား မှတ်ပုံတင်)ကို ကိုင်ထားတယ်။ နိုင်ငံသား စိစစ်ရေး ကဒ်ပြားကိုမှ FRC အစိမ်းကဒ်ပင် မဟုတ်ဘဲ အမျိုးသား မှတ်ပုံတင် အနီကဒ် အသစ်စက်စက်ကို ကိုင်ထားတာပါ။ ကိုယ့်နာမည်ကို မြန်မာလို ပီအောင် မပြောနိုင်တဲ့ တခြား ဘယ်တိုင်းရင်းသားတို့ ရဲ့ ဘာသာစကားကိုမှ မပြောတတ်သလို အင်္ဂလိပ်လိုလဲ တစ်လုံးမှ မပြောတတ်တဲ့ ဒီအမျိုးသမီးရဲ့ လက်ထဲကို ကျွန်တော်တို့ မြန်မာနိုင်ငံသား အသိအမှတ်ပြု နိုင်ငံသား စိစစ်ရေး ကဒ်ပြား (အမျိုးသား မှတ်ပုံတင် အနီ)က ဘယ်လိုများ ရောက်နေရသလဲ။ ဒါက ရန်ကုန်မြို့ ရဲ့ SSC ဆေးရုံမှာ ကျွန်တော့် မိတ်ဆွေ ကိုယ်တိုင် ကြုံတွေ့ ခဲ့တဲ့ တကယ့် အဖြစ်အပျက်လေးပါ။ ရန်ကုန်မြို့ လို နေရာမှာတောင် ဒီလို အဖြစ်မျိုးတွေ ရှိနေပြီဆိုရင် တရုတ်လူမျိုးတွေ ပိုစိမ့်ဝင်နေတဲ့ မန္တလေးမြို့ မှာဆိုရင် ဘယ်လောက်တောင် အခြေအနေ ဆိုးနေပြီလဲလို့ တွေးကြည့်မိတယ်။ ဒီအဖြစ်အပျက် အကြောင်းကို သူငယ်ချင်းတွေနဲ့ စကားစပ်မိလို့ ပြောဖြစ်ကြတော့ မန္တလေးမြို့ အကြောင်းကို သိချင်ရင် အဆိုတော် လင်းလင်းရဲ့ "မန္တလေးမြို့ သေဆုံးခြင်း" ဆိုတဲ့ သီချင်းကို နားထောင်ကြည့် ဆိုပြီး လင့်ပေးလို့ နားထောင်ကြည့်မိတယ်။ အဲဒီမှာ မန္တလေးမြို့ ကလဲ သီချင်းရေးဖွဲ့ ဆိုရလောက်အောင်ကို ဖြစ်နေပါလားလို့ တွေ့ လိုက်ရတယ်။ သီချင်းကို နားထောင်ချင်တယ် ဆိုရင်တော့ you tube မှာ လင်းလင်း "မန္တလေးမြို့ သေဆုံးခြင်း" ဆိုပြီး ရိုက်ရှာလို့ ရပါတယ်။ 

နောက်ထပ် သူငယ်ချင်း တစ်ယောက် ပြောပြတဲ့ အကြောင်းအရာလေးကလဲ ကျွန်တော့်ကို ပိုရင်မောစေပါတယ်။ သူက တရုတ်-မြန်မာ ကပြားတစ်ယောက်ပါ။ သူ့ အဖေဘက်က အမျိုးတွေက တရုတ်လူမျိုးတွေပေါ့။ ဒါပေမယ့် သူတို့ တွေက မြန်မာနိုင်ငံကို ရောက်တာ ကြာပါပြီ။ သူတို့ တွေကိုလဲ ဒီနိုင်ငံမှာမွေး၊ ဒီနိုင်ငံမှာ ကြီးလို့ ဒီနိုင်ငံသားတွေ ဖြစ်နေပါပြီ။ သူတို့ ရဲ့ ဆွေမျိုးတော်တော်များများက တရုတ်နိုင်ငံက ယူနန်၊ ရွှေလီတို့ မှာ ရှိကြတယ်။ သူ့ ရဲ့  ဝမ်းကွဲမောင်နှမ တော်တော်များများက ဟိုဘက်နိုင်ငံ ဒီဘက်နိုင်ငံကို ဒီလိုဘဲ ကူးသန်းသွားလာနေကြတာ။ ဟိုဘက်မှာ နေလိုက်၊ ဒီဘက်မှာ နေလိုက်ပေါ့။ အဆင်ပြေတဲ့ နိုင်ငံမှာ နေမယ် ဆိုတဲ့ အတွေးနဲ့ ဘယ်နိုင်ငံသား ရယ်လို့ တရားဝင် မရှိသေးဘူး။ အဲဒီအချိန်မှာဘဲ တရုတ်နိုင်ငံက တစ်အိမ်ထောင်ကို သားသမီး တစ်ယောက်ဘဲ မှတ်ပုံတင်ခွင့် ရှိတယ်လို့ ဥပဒေထုတ်လိုက်တယ်။ အဲဒီမှာ သူ့ ဝမ်းကွဲ မောင်နှမတွေ ဒုက္ခရောက်ကြတာဘဲ။ တရုတ်နိုင်ငံသားလဲ လျှောက်လို့ မရ၊ မြန်မာနိုင်ငံမှာကလဲ မှတ်ပုံတင် တစ်ခုကို (သူငယ်ချင်းအပြော) သိန်းနှစ်ဆယ်၊ သိန်းသုံးဆယ်လောက်ကို  ဈေးပေါက်နေတယ်။ ခုဆိုရင် နိုင်ငံလက်မဲ့နဲ့ မှတ်ပုံတင် လုပ်ဖို့ ပိုက်ဆံစုနေရတယ်လို့ ပြောတယ်။ သူ... ဒီလို ပြောပြမှ ကျွန်တော့်မှာ ကိုယ့်နိုင်ငံအတွက် ပိုရင်မောရတယ်။ မြန်မာနိုင်ငံမှာ ဟိုးအရင် ကတည်းက နေလာကြတဲ့ တရုတ်လူမျိုးတွေကို မပြောလိုပါဘူး။ သူတို့ က မြန်မာပြည်မှာမွေး မြန်မာပြည်မှာ ကြီးလာကြပြီး မြန်မာ့ ယဉ်ကျေးမှုဓလေ့ ထုံးတမ်းစဉ်လာ၊ ဘာသာရေးနဲ့ ဘာသာစကားကို ကောင်းကောင်း နားလည်ကြ အသုံးပြုနိုင်ကြပါတယ်။ ဒါပေမယ့် မြန်မာစကားလဲ တစ်လုံးမှ မပြောတတ်၊ မြန်မာ့ ယဉ်ကျေးမှုဓလေ့ ထုံးတမ်းစဉ်လာတွေ တစ်ခုကိုမှလဲ နားမလည်ဘဲ နိုင်ငံသား အသိအမှတ်ပြု အမျိုးသားမှတ်ပုံတင်ကဒ်ကို ကိုင်ထားတိုင်း ကျွန်တော်တို့ နိုင်ငံသားအဖြစ် အသိအမှတ်ပြုလို့ ရနိုင်ပါ့မလား။

ခုဆိုရင် ကမ္ဘာပေါ်မှာ လူဦးရေ အများဆုံး ဖြစ်တဲ့ တရုတ်နိုင်ငံမှာ သူတို့ နိုင်ငံရဲ့ ဥပဒေနဲ့ ညိပြီး နိုင်ငံလက်မဲ့ဦးရေ ဘယ်လောက်တောင် ရှိနေပြီလဲ။ သူတို့ ကလဲ နိုင်ငံလက်မဲ့ ဘဝနဲ့ တစ်သက်လုံး နေသွားနိုင်ကြမှာလား။ ဒါဆိုရင် သူတို့ ရဲ့ ပစ်မှတ်က အစစ အရာရာ အဆင်ပြေနိုင်မဲ့ မြန်မာနိုင်ငံ ဖြစ်လာမှာလား။ ဒါတွေက ကျွန်တော် တွေးကြည့်မိတာပါ။ ခုလဲ တရုတ်လူမျိုးတွေ မြန်မာနိုင်ငံကို စိမ့်ဝင်လာနေကြပါတယ်။ မန္တလေးမြို့ ကို တရုတ်က သိမ်းသွားပြီလို့ မန္တလေးသား သူငယ်ချင်း တစ်ယောက်က စသလို နောက်သလို ပြောဘူးတယ်။ ကြားရတဲ့ သတင်း စကားတွေ အရတော့ မန္တလေးမြို့ မှာ တရုတ်စကားက တွင်ကျယ်နေတယ်ဆိုဘဲ။ ဟိုတလောက တရုတ်ဘာသာနဲ့ ဆိုင်းဘုတ်တွေ မတင်ဖို့ ဥပဒေထုတ်ရတယ်လို့ လဲဖတ်လိုက်ရတယ်။ မန္တလေးမြို့ မှာ လုပ်ငန်း နဲနဲကြီးကြီး လုပ်မယ်ဆိုရင် တရုတ်စကားတတ်မှ ပိုအဆင်ပြေမယ်လို့ သူငယ်ချင်းက ပြောတယ်။ ဘာဖြစ်လို့ လဲ ဆိုတော့ လုပ်ငန်းရှင်နဲ့ ကုန်သည် တော်တော်များများက တရုတ်တွေမို့ တဲ့။ ပြီးတော့ တချို့ လုပ်ငန်းရှင်တွေက မြန်မာစကားကို လည်လည်ဝယ်ဝယ် မပြောတတ်ကြဘူးတဲ့။ မန္တလေးမြို့ က နယ်စပ်မြို့ လဲ မဟုတ်၊ နယ်စပ် ကုန်သွားရေးစခန်းလဲ မဟုတ်ပါဘဲ တရုတ်စကားက ဘာကြောင့် ဒီလောက်ထိ အသုံးဝင်နေရတာလဲ။ ကျွန်တော်တို့ တွေကိုယ်တိုင် မြန်မာနိုင်ငံမှာ ရပ်တည်ဖို့ တရုတ်စကားကို သင်ရတော့မှာလား။ တရုတ်စကား ပြောတတ်မှ မြန်မာနိုင်ငံမှာ လူရာဝင်တော့မှာလား။ ဒါတွေက တွေးကြည့်ရင် ရင်မောစရာပါ။ အမေရိကန် နိုင်ငံက စစ်ပွဲတွေ တစ်ပွဲပြီး တစ်ပွဲနွှဲပြီး ကမ္ဘာမှာ နယ်ချဲ့ နေတာကို အားလုံးလိုလို သိကြပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံက သေနတ်တစ်ချက် မဖောက်ဘဲ ကမ္ဘာပေါ်မှာ နယ်ချဲ့ နေတာကိုတော့ သတိမပြုမိကြဘူး။ ကမ္ဘာပေါ်မှာ တရုတ်လူမျိုး မရှိတဲ့နိုင်ငံ၊ China Town မရှိတဲ့ နိုင်ငံဆိုတာက အလွန်ကို ရှားပါတယ်။ ဟိုးဘိုးစဉ်ဘောင်ဆက် ခေတ်အဆက်ဆက် ကတည်းက နေထိုင်လာတဲ့ မြန်မာနိုင်ငံဖွား တရုတ်လူမျိုးတွေကို မဆိုလိုပါဘူး။ သူတို့ က မြန်မာလိုပြောပြီး မြန်မာယဉ်ကျေးမှုဓလေ့ ထုံးတမ်းစဉ်လာတွေနဲ့ အသားကျနေပြီးသားပါ။ မြန်မာပြည်ဖွား တရုတ်တော်တော်များများကလဲ တရုတ်စကားကို ကောင်းကောင်း မပြောတတ်ကြပါဘူး။ ဒီတော့ သူတို့ မြန်မာလိုဘဲ ပြောကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဘာသာစကားကိုလဲ မပြောတတ်၊ ကျွန်တ်ေတို့ ယဉ်ကျေးမှုဓလေ့ ထုံးတမ်းစဉ်လာတွေနဲ့ လဲ မရင်နှီးတဲ့ ပြည်မကြီး တရုတ်တွေ စိမ့်ဝင်လာနေတာကိုတော့ ဘယ်လိုမှ မုဒိတာမပွားနိုင်ပါဘူး။

Wednesday 19 September 2012

ရန်ကုန်မြို့ က ရွာမဟုတ်ဘူး

အလုပ်နားရက် တနင်္ဂနွေ တစ်ရက်တွင် ပျင်းပျင်း ရှိသဖြင့် စင်ကာပူနိုင်ငံရှိ ရွှေမြန်မာတို့ ဆုံဆည်းရာ ပင်နီဆူလာ ပလာဇာသို့ တစ်ခေါက် ရောက်လာခဲ့၏။ ဟိုယောင်ယောင် ဒီယောင်ယောင် ဟိုတွေးဒီငေးဖြင့် ပင်နီဆူလာ၏ လူစီးကြောင်းကြီးထဲ မျောလွင့်နေခဲ့၏။ ပင်နီဆူလာ၏ လူစီးကြောင်းထဲတွင် ရွှေမြန်မာတို့ ကို လူမျိုးစုံ၊ စရိုက်မျိုးစုံဖြင့် တွေ့ ရ၏။ မြန်မာလူမျိုးများ၊ မြန်မာ တိုင်းရင်းသား လူမျိုးစုများ၊ မြန်မာစကားပြောကြသည့် တရုတ်လူမျိုးနှင့် ကုလားလူမျိုးများကို အမျိုးအစား စုံလင်စွာ တွေ့ ရသည်။ တချို့ ယဉ်ကျေးသိမ်မွေ့ ပြီး အချိုးအနား ကျနစွာ စမတ်ကျကျ ဝတ်ဆင်ထားကြသည်။ တချို့ လဲ ကိုယ်နှင့်လိုက်၏ မလိုက်၏ကို မှန်ထဲ ပြန်မှ ကြည့်ခဲ့ရဲ့ လား တွေးယူရလောက်အောင် ဝတ်စားထားကြသည်။ တိုမှ ပြတ်မှ မတို၊ မပြတ်၊ မဟိုက်ရင်ဖြင့် လူရာမဝင်ဟု တွေးထားသလား မသိရသည့် ရွှေမလေးများကိုလဲ တွေ့ ရ၏။ ကွမ်းတပျစ်ပျစ် ဝါးနေသူများ၊ ဘီယာဗူးလေး ကိုင်ကာကိုင်ကာဖြင့် ပင်နီဆူလာ ပလာဇာထဲ လမ်းသလားရင်း အတိုအပြတ်လေးများကို မျက်စိအစာကျွေးနေသည့် ငတိများကိုလဲ တွေ့ ရ၏။ ဒါတွေကို မြင်လိုက်တော့ ဘာရယ်မဟုတ် ဘာကိုမှန်းမသိဘဲ သက်ပြင်းမော တစ်ချက် လွင့်ကျသွားသည်။ ထိုစဉ် နောက်ကျောဘက်မှ လှမ်းဆွဲပြီး နှုတ်ဆက်ခြင်းကို ခံလိုက်ရသည်။ ကြည့်လိုက်တော့ ဘယ်အချိန် ဘယ်ကာလက ဆိုသည်ကို စဉ်းစားမရတော့သည့် ကျွမ်းဝင်ဖူးသည့် မျက်နှာဟောင်း တစ်ခုကို တွေ့ လိုက်ရ၏။ ဒါကလဲ စကားကြီး စကားကျယ် ပြောတတ်လွန်းသည့် ရန်ကုန်သား တစ်ယောက် ဆိုသည့် အသိဖြင့် မှတ်မိနေခြင်း ဖြစ်သည်။

"တစ်ယောက်တည်းလား... မတွေ့ တာတောင် ကြာပြီနော်"
"ဟုတ်... တစ်ယောက်တည်းပါဘဲ"
"ဘယ်လိုလဲ အဆင်ပြေရဲ့ လား"
"ပြေပါတယ် ပုံမှန် အတိုင်းပါဘဲ"
"အင်းလေ ဘာဖြစ်ဖြစ် ရွာမှာနေတာထက်တော့ သာပါတယ်"
"ဒါပေါ့ ဒါပေါ့"
"ရွာကို အလည် ပြန်ဖြစ်သေးလား"
"သင်္ကြန်တုန်းကတော့ တစ်ခေါက် ပြန်ဖြစ်သေးတယ်"
"ရွာမှာလဲ ခုရေတွေ ကြီးနေတယ်နော်"

ကျွန်တော့် ရင်ထဲ ထိတ်ကနဲ ဖြစ်သွားသည်။ ဧရာဝတီ မြစ်ကမ်းဘေး နေသည့် ကျွန်တော်တို့ အတွက် ရေကြီးသည်က နဲနဲတော့ ရင်ထိတ်စရာ ဖြစ်သည် မဟုတ်လား။ ရွာမှာ ကျန်ခဲ့သည့် မိဘနှစ်ပါးအတွက် စိတ်မအေး ဖြစ်သွားမိသည်။

"ဟုတ်လား ဒီရက်ထဲ ကျွန်တော်လဲ ဖုန်းမဆက်ဖြစ်တော့ မသိသေးဘူး။ ဒါနဲ့ ရွာမှာ ရေကြီးတာ ဘယ်လို သိသလဲဗျ"
"ဟာ... ကိုယ့်လူကလဲ ဖုန်းဆက်မှလား ရန်ကုန်မှာ ရေကြီးတာ လူတိုင်းသိနေတာဘဲ"

 အိုး... ကိုယ့်ရွာအကြောင်းကို ပြောနေတယ်မှတ်တာ...။ သူက ရန်ကုန်မြို့ အကြောင်းကို ပြောနေတာကိုး။

"ကျွန်တော် ရန်ကုန်မြို့ က မဟုတ်ဘူးဗျ နယ်က..."
"ဟုတ်ပါရဲ့ ... ရန်ကုန်ကမှ မဟုတ်ဘဲ။ ဒါနဲ့ ပြည်ဘက်က ထင်တယ်..."
"ဟုတ်တယ် ကျွန်တော်က ပြည်မြို့ တဖက်ကမ်း ဆင်တဲက...။ ဒါနဲ့ ရန်ကုန်မြို့ က ဘယ်တုန်းက ရွာဖြစ်သွားတာလဲ။ ဘယ်သူတွေကများ ရန်ကုန်မြို့ ကို ရွာလို့ သတ်မှတ်လိုက်ကြတာလဲဗျ..."
"ဒီလိုဘဲ လူတွေ ပြောနေကြတာဘဲလေ"
"ဟုတ်လား... ဘယ်လို လူတွေများ ပြောနေကြတာလဲ။ ပြုပြင်ပြောင်းလဲမှုတွေကို အရှိန်အဟုန်နဲ့ လုပ်နေတဲ့ ကျွန်တော်တို့ ရဲ့ သမ္မတကြီးများ မိန့် ခွန်းတွေထဲမှာ ထည့်ပြောမိလို့ လား။ ဒါမှမဟုတ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်များ ပြောမိလိုက်လား"
"ဟာ... အဲဒီလိုတော့ မပြောပါဘူး"
"ဒါဆို စတုတ္ထမဏ္ဍိုင်လို့ ခေါ်တဲ့ မီဒီယာသမားတွေများ ဂျာနယ်တွေထဲမှာ ထည့်ဖော်ပြကြလို့ လား"
"ဂျာနယ်တွေထဲလဲ မဖော်ပြကြပါဘူး"
"ကျွန်တော်တို့ လေးစားရတဲ့ သမိုင်းသုတေသီတွေရဲ့ နှုတ်ထွက်စကားထဲမှာ၊ ဒါမှမဟုတ် စာရေးဆရာကြီးတွေရဲ့ စာပေဟောပြောပွဲတွေမှာများ သူတို့ ထည့်ဟောပြောခဲ့ကြလို့ များလားဗျာ"
"အဲဒီလိုလဲ မပြော၊ မဟောခဲ့ကြပါဘူး"
"သင်ရိုးညွှန်းတန်းတွေများ ပြောင်းသွားသလားဗျာ"
"သင်ရိုးညွှန်းတန်းတွေလဲ မပြောင်းပါဘူး"

သေသေချာချာ စေ့စေ့ကြည့်ပြီး အမေးခံနေရသဖြင့် ထိုသူ နဲနဲတော့ အိုးတိုးအမ်းတမ်း ဖြစ်နေပြီ။ သူ့ ပုံက ကယောင်ကတန်းဖြင့် ဖြေနေဟန် ဖြစ်လာ၏။

"ရန်ကုန်မြို့ ကြောင့်ခင်ဗျားမှာ ထိခိုက်နစ်နာစရာတွေများ ရှိခဲ့ဖူးလို့ လား"
"အဲဒီလိုလဲ မရှိပါဘူး"
"ဒါနဲ့ များဗျာ ဘာကြောင့် ကိုယ်နေနေတဲ့ ရန်ကုန်မြို့ ကို ရွာလို့ နှိမ်ချ သုံးနှုန်းနေရတာလဲ"
"ဟာ... ဟို... ကိုယ်က အဲဒီသဘောနဲ့ မဟုတ်ပါဘူး။ ကိုယ်ဆိုလိုချင်တာက အဲဒီလို အဓိပ္ပါယ် မဟုတ်... ဘယ်လို ပြောမလဲ တခြားလူတွေလဲ ဒီလိုဘဲ ပြောနေကြတာ ဆိုတော့... ဟိုလေ... အင်း..."

ဘာမှ ဆက်မပြောချင်တော့ သဖြင့် ကိုယ့်စကားလုံးများနှင့်ကိုယ် လုံးထွေးနေသည့် ထိုလူကို ထားခဲ့ပြီး လှည့်ထွက်လာခဲ့လိုက်သည်။ ထို့ နောက် ပင်နီဆူလာရဲ့ လူစီးကြောင်းကြီးထဲ ထပ်မံ မျောပါသွားပြန်သည်။ ဒီတကြိမ်တော့ ဟိုတွေးဒီတွေး မဟုတ်တော့။ ဒီလူတွေ ဘာကြောင့်များ ရန်ကုန်မြို့ ကို ရွာလို့ နှိမ်ချ သုံးနှုန်း ပြောဆိုနေကြတာလဲဟု တွေးကြည့်နေမိ၏။ ယခင်ကတည်းက ခုလို သုံးနှုန်းပြောဆိုနေသံများကို တဆင့်စကားများဖြင့် ကြားဖူးနေခဲ့သည်။ သို့ သော် တေ့တေ့ဆိုင်ဆိုင် ကတော့ ခုမှ ကြုံဖူးခြင်း ဖြစ်သည်။ ယခုကဲ့သို့ ကြုံလာတော့လဲ ဒီပါးစပ်က မနေနိုင်တော့ ပြောမိဆိုမိ ရပြန်သည်။ ထိုသူတို့ ပြောသလို ရန်ကုန်မြို့ က တကယ်ဘဲ ရွာဖြစ်သွားပြီလား တွေးကြည့်မိသည်။ ကိုယ်တွေ ငယ်ငယ်တုန်းက စာထဲမှာ သင်ခဲ့ရသလို ရန်ကုန်မြို့ က မြန်မာနိုင်ငံ၏ မြို့ တော် မဟုတ်တော့လို့ လား။ သို့ မဟုတ် သူပြောခဲ့သလို ရန်ကုန်မြို့ တွင် ရေတွေကြီးနေသောကြောင့်လား။ သို့ မဟုတ် အစိုးရ ရုံးကြီးတော်တော်များများ ရန်ကုန်မြို့ တွင် ရုံးမစိုက်ကြတော့လို့ လား။ သို့ မဟုတ် ရန်ကုန်မြို့ တွင် မီးမမှန် သောကြောင့်လား။ သို့ မဟုတ် ရေမမှန် သောကြောင့်လား။ သို့ မဟုတ် တိုးကြိတ် စီးနေရသည့် ဘက်စ်ကားများနှင့် ပျက်စီးနေသည့် လမ်းများကြောင့်လား။ သို့ မဟုတ်.......... လား... ပေါင်းများစွာဖြင့် အတွေးများပွားသွားရ၏။ ဟိုတချိန် လွန်ခဲ့သော နှစ်ပေါင်း ငါးဆယ်ကျော်က အရှေ့တောင်အာရှ၏ အကြီးဆုံး ဘော်လုံးကွင်း ဖြစ်ခဲ့သည့် အောင်ဆန်းကွင်း၊ အရှေ့တောင်အာရှ၏ အကြီးဆုံး ရုပ်ရှင်ရုံဖြစ်ခဲ့သည့် သမ္မတရုပ်ရှင်ရုံ၊ အရှေ့တောင်အာရှ၏ နာမည်အကြီးဆုံး တက္ကသိုလ် ဖြစ်ခဲ့သည့် ရန်ကုန်တက္ကသိုလ်၊ အရှေ့တောင်အာရှ၏ အကောင်းဆုံး ဆေးရုံဖြစ်ခဲ့သည့် ရန်ကုန်ဆေးရုံကြီးနှင့် အရှေ့တောင်အာရှ၏ အကောင်းဆုံး ဖြစ်ခဲ့သည့် မင်္ဂလာဒုံ လေဆိပ်တို့  တည်ရှိနေသည့် ရန်ကုန်မြို့ ကြီးသည် ယခု သူတို့ ပြောသကဲ့သို့ ရွာအဆင့်သို့ နိမ့်ကျ သွားပြီလားဟု တွေးကြည့်မိသည်။ ယခင်ကဲ့သို့ မဟုတ်ဘဲ ရန်ကုန်မြို့ ကြီးသည် ယခုအချိန်တွင် အများကြီး ခေတ်နောက်ကျ ကျန်ခဲ့ပြီ ဆိုသည်ကို လက်ခံပါသည်။ သို့ သော် သူတို့ နှိမ်ချ ပြောဆိုကြသလို ရွာတစ်ရွာ အဆင့်ထိတော့ ဘယ်တော့မှ နိမ့်ပါးသွားမည် မဟုတ်ဟု အသွေးအသားထဲမှ ယုံကြည်နေမိသည်။ တချို့ လဲ ဘာရယ်မဟုတ် အလွမ်းပြေ သူများခေါ်သလို လိုက်ခေါ်ဖြစ်ကြသည်။ တချို့ လဲ အဓိပ္ပါယ် တစ်မျိုးဖြင့် ခေါ်ကြသည်။ သို့ သော် ကျွန်တော်ကတော့ ထိုကဲ့သို့ ဘယ်တော့မှ ခေါ်ဖြစ်လိမ့်မည် မဟုတ်။ ထို့ ကြောင့် ရန်ကုန်မြို့ က ရွာမဟုတ်ဘူး ဆိုသည့် အကြောင်းကို အခါအခွင့်သင့်တိုင်း ကျွန်တော် ပြောဖြစ်နေပါဦးမည်။

Wednesday 5 September 2012

ကဆုန်လမှာရေးတဲ့ဖူးစာ

ပြည်မြို့ ရွှေဆံတော်ဘုရားပေါ်တွင် နှစ်စဉ်ကျင်းပလေ့ရှိသည့် ညောင်ရေသွန်းလောင်းပွဲက ထုံးစံအတိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပနေသည်။ ဘုရားရင်ပြင်တော်ပေါ်တွင် ဘုရားဖူးများဖြင့် ကျိတ်ကျိတ်တိုး နေသကဲ့သို့  ဗောဓိညောင်ပင်နားတွင်လဲ ညောင်ရေသွန်းလောင်းနေသူများကြောင့် တိုးမပေါက်အောင် ဖြစ်နေ၏။ ညီညီလဲ သူငယ်ချင်းများနှင့် ရွှေဆံတော်ဘုရားပေါ်သို့  ရောက်နေသည်။ သူငယ်ချင်းများ အတင်းခေါ်သဖြင့် မကောင်းတတ်၍ လိုက်လာခဲ့ရသော်လဲ ဒီလို လူအများ စုစု စုစုဖြင့် ရှုတ်ထွေးနေတတ်သည့် နေရာမျိုးကို သူမလာချင်။ ဒီကောင်တွေက ညောင်ရေသွန်းလောင်းချင်ယုံ သက်သက် လာခြင်းမဟုတ်ဘူး ဆိုတာကိုလဲ သူသိသည်။ ဘုရားလဲ ဖူးရင်း လိပ်ဥလဲ တူးရင်း လာကြသူများ ဖြစ်ကြ၏။ ခုလဲ သူရေပုံးဆွဲပြီး ဗောဓိညောင်ပင်နားကို ရောက်တော့ သူ့ အနားတွင် တစ်ယောက်မှ မရှိကြတော့။ ဘုရားအရင် မဖူးဘဲ ကောင်မလေးတွေ အုပ်စုနားကို သွားပြီး လိပ်ဥ အရင် တူးနေကြဟန် တူသည်။ ဗောဓိညောင်ပင်နားတွင် လူငယ်များက ပိုများသည်။ စရင်းနောက်ရင်း ပျော်ပျော်ရွှင်ရွှင်ဖြင့် ညောင်ရေသွန်းလောင်း နေကြသည်ကို မြင်ရ တွေ့ ရသည်မှာ အလွန် ကြည်နူးဖွယ် ကောင်းလှသည်။ သူလဲ စိတ်လိုလက်ရဖြင့် ညောင်ရေ သွန်းလောင်းနေစဉ်-

"ဗွမ်း..."
"ဟာ..."

ညောင်ပင်၏ တဖက်မှ ပက်လိုက်သည့် ရေကြောင့် သူ့ ခါးအောက်ပိုင်း တစ်ခုလုံး စိုရွှဲသွားသည်။ သူ့ အော်သံကို ကြားသဖြင့် ခပ်လှမ်းလှမ်းတွင် ကောင်မလေး တချို့ နှင့် အဖွဲ့ ကျနေသည့် သူငယ်ချင်းများ အနားသို့ ရောက်လာကြသည်။ 

"ညီညီ... ဘာဖြစ်လို့ လဲ"
"ရေကို ဘယ်လို ပက်လဲ မသိဘူးကွာ... ဒီမှာစိုကုန်ပြီ..."
"အေးကွာ ဒီဘက်မှာလဲ လူတွေရှိနေတာကို ထိန်းထိန်းသိမ်းသိမ်းလေးတော့ ပက်မှပေါ့"
"လူရှိမှန်း သိသိကြီးကို တမင်ပက်တာ ဖြစ်မယ်... ငါသွားရှင်းမယ်"

ပြောပြောဆိုဆိုဖြင့် ထွက်သွားသည့် သန်းဦးကို ညီညီနှင့် လှိုင်မြင့်တို့ တားထားလိုက်ရသည်။ ဒီကောင်က သူတို့ အဖွဲ့ ထဲတွင် ငပွကြီး... ထစ်ခနဲရှိလျှင် ရိုက်ချင်ပုတ်ချင်စိတ်ဖြင့် အမြဲလက်ယားနေတတ်သည့်ကောင် ဖြစ်၏။ 

"နေ... နေ... သန်းဦး  ပြဿနာ သွားရှာမနေနဲ့ ထားလိုက် ဘုရားပေါ်မှာ ပြဿနာဖြစ်ရင် မကောင်းဘူး"

တဖက်လူက မတော်တစ ရေဖြင့် ပက်မိသလို ဖြစ်သွားသည်ကို အထင်မှားပြီး ပြဿနာ သွားရှာမိလျှင် မကောင်း...။  ပြဿနာက အကျယ်ကျယ် ဖြစ်လာပြန်လျှင်လဲ ဘုရားပေါ်ကြီးမှာ...။ ထို့ ကြောင့် သန်းဦးကို တားထားလိုက်ရသည်။ ခန္ဓာကိုယ်အောက်ပိုင်း တစ်ခုလုံး စိုရွှဲသွားသဖြင့် သူစိတ်တော့ နဲနဲ ညစ်သွားသည်။ ရေစိုနေသည့် ပုဆိုးက သူ့ အောက်ပိုင်း တစ်ခုလုံးကို တုတ်နှောင်ထားသလို ခံစားနေရ၏။ လမ်းလျှောက်လျှင်လဲ တုန့် ဆိုင်းပြီး လျှောက်ရတာမလွယ်။ ပိုဆိုးသည်က ဒီနေ့ မှ ဝတ်လာမိသည့် ပလေကပ်ပုဆိုးက ရေစိုသည့်အခါ အသားကပ်ပမာ ဖြစ်နေပြီး အောက်ခံဘောင်းဘီ အရောင်ကိုပင် အတိုင်းသား မြင်နေရ၏။ ထို့ ကြောင့် ညီညီ့မှာ ပို၍ အနေရခက်လာသဖြင့် ထိုနေရာမှ မြန်မြန်ပြန်ထွက်ရန် ရေပုံးထဲမှ ရေကို မြန်မြန်ကုန်အောင် ခပ်သွက်သွက်ကလေး လောင်းလိုက်သည်။ ထိုစဉ်...

"ဗွမ်း..."
"ဖလူး... ဖူး... ဟူး..."

ဒီတစ်ကြိမ်တော့ ဒေါသက ထောင်းခနဲ ထွက်သွား၏။ မျက်နှာတည့်တည့်ကို ရေပုံးဖြင့် ချိန်ပက်လိုက်ခြင်းက မတော်တဆ မဖြစ်နိုင်တော့။ တမင်သက်သက် လူကို လှမ်းပက်ခြင်း ဖြစ်မည်။ လူတကိုယ်လုံးလဲ စိုရွှဲသွားသည်။ ရေလဲ မွန်းသွားခြင်းကြောင့် မွှန်ထူသွားပြီး စိတ်လဲ တော်တော်လေး တိုသွားမိ၏။ တမင်လုပ်ကြောင်းကို ပိုမိုခိုင်လုံစေသည့် ရယ်သံသဲ့သဲ့ကလဲ ညောင်ပင် တဖက်မှ ပျံ့ လွင့်လာသည်။

"တောက်"

တောက်တစ်ချက်ကို ခပ်ပြင်းပြင်း ခေါက်မိရင်း ဒေါသစိတ်ကြောင့် ညောင်ပင်တစ်ဘက်ကို ညီညီ တစ်ယောက် ဘယ်လိုရောက်သွားမှန်းပင် မသိလိုက်။ ညောင်ပင် တဖက်ကို ရောက်တော့ ပြုံးစစ မျက်နှာပေးများဖြင့် သူ့ ကို ဝိုင်းကြည့်နေကြသည့် မိန်းမပျိုတစ်သိုက်ကို တွေ့ လိုက်ရ၏။ သူမတို့ ရယ်ပြုံးချင်လောက်အောင် သူ့ တစ်ကိုယ်လုံးလဲ စိုရွှဲနေပြီး ကြွက်စုတ်ပမာ ဖြစ်နေပြီ။

"ဘယ်သူ ရေနဲ့ ပက်လိုက်တာလဲ"
 
ဒေါသကြောင့် သူ့ အသံတို့ မာထန်နေသည်။ ကောင်မလေးများက ပြန်မဖြေကြ။ ရယ်ချင်စိတ်ကို အတင်းထိန်းထားကြရသည့် မျက်နှာပေးများဖြင့် ပြန်ကြည့်နေကြ၏။ ဘာစကားပြန်မှ ပြန်မရ။ ကောင်မလေး တစ်သိုက်၏ မထီမဲ့မြင် အမူအရာကြောင့် သူ့ ဒေါသတို ပို၍ ပေါက်ကွဲသွားရသည်။

" မေးနေတာ မကြားဘူးလား။ မင်းတို့ မှာ နားမပါဘူးလား"
"အမလေး... လေး... လေး... ယောက်ကျားကြီးတန်မဲ့နဲ့ နှုတ်သီးကောင်း လျှာပါး ဖြစ်နေလိုက်ပုံများ၊ စွာလှချည်လား"

အနက်ရောင် ဝမ်းဆက်ကို ထက်အောက် ဆင်တူဝတ်ဆင်ထားသည့် ကောင်မလေး တစ်ယောက်က ရှေ့ကို ထွက်လာပြီး ရန်တွေ့ သည်။

"မင်းလား... ငါ့ကို ရေနဲ့ ပက်လိုက်တာ"
"ဟုတ်တယ် ဘာဖြစ်လဲ.... ညောင်ရေသွန်းရင်း မတော်တဆ ပက်မိသွားတာ ဘာဖြစ်လဲ... ဒါမတော်တဆ ဖြစ်တာဘဲ"
"ဒါမတော်တဆ မဟုတ်ဘူး... မင်း...တမင်လုပ်တာ"
"ဟေ့... ညီညီ... ဘာလဲ... ဘာဖြစ်တာလဲ"

အသံနှင့်အတူ သူတို့ စကားများနေသည့် နေရာသို့ သူငယ်ချင်းများ ရောက်လာကြသည်။

"ဒီမှာကွာ မိန်းမတန်မဲ့ လူကို ရေနဲ့ ခိုးပက်တယ်"
"ဘာရှင့်... ဘယ်သူက ခိုးပက်လို့ လဲ။ ရှင်စကားပြောတာ ကြည့်ပြောနော်"

အနားရောက်လာသည့် သန်းဦးက ဒေါသပေါက်ကွဲနေသည့် သူ့ နားကပ်ပြီး တိုးတိုးလေးကပ် ပြောသည်။

"ညီညီ... အဲဒါ ဖိဆစ်ကကွင်း ပိုးသားဖြူလေ မင်းမသိဘူးလား"
"သူ့ ဘာသာသူ ကွင်းမကလို့ ကင်းဖြစ်ဖြစ်ကွာ... ဂရုစိုက်စရာလား"
"ဘယ်သူကလဲ ဂရုစိုက်ခိုင်းနေလို့ လဲ။ ရေနဲ့ မတော်တဆလေး ပက်မိသွားတာကို ဖြစ်နေလိုက်တာများ ယောက်ကျားမဟုတ်တဲ့ အတိုင်းဘဲ"
"ဘာကွ... မင်းဘာပြောလိုက်တယ်"

ကောင်မလေးက တစ်ခွန်းမခံ ဇတ်ဇတ်ကြဲလေး ဖြစ်နေသည်။ သူတို့ က ရန်လာစပြီး၊ သူတို့ ကဘဲ ရန်လာထောင်နေပြန်တော့ ညီညီ့ ဒေါသတို့ ပို၍ ပေါက်ကွဲသွားရ၏။ ဒေါသကြောင့် အသားတို့ ပင် တဆတ်ဆတ် တုန်လာသည်။ သို့ သော် တဖက်က မိန်းကလေး ဆိုသည့် အသိဖြင့် ကိုယ့်ဒေါသကို ပြန်ထိန်းနေရ၏။

"ဘာလဲ မကြားလိုက်ဘူးလား... နားလေးနေလား... သူများတွေလဲ ဒီလိုဘဲ တမင်တကာတောင် ရေလိုက် ပက်နေကြသေးတာ သူ့ ကျမှ လာအဖြစ်သည်းပြနေတယ်"
"သြော... ဒါဆို မင်းဝန်ခံပြီပေါ့ ဟုတ်လား"
"ဟုတ်တယ် ဟုတ်တယ်... အမြင်ကပ်လို့ ကြည့်မရလို့ တမင်ပက်လိုက်တာ ဘာဖြစ်လဲ ဘာလုပ်ချင်လဲ..."

ခြေဖျားလေးထောက် ခေါင်းလေး မော့ကာ မော့ကာဖြင့် ရန်တွေ့ နေသည့် ကောင်မလေးကို ကြည့်ပြီး သူအသဲယားသွားသည်။ သူမ ကိုယ်တိုင်လဲ တော်တော်လေး ဒေါသ ထွက်နေဟန်တူသည် နှာသီးထိပ်လေးပင် ရဲနေသည်။

"ဘာလုပ်ချင်လဲ ဟုတ်လား။ အေး... ကဲ... ဒီလို လုပ်ချင်တယ်ကွာ"
"...ဗွမ်း..."

လှိုင်မြင့် လက်ထဲမှ ရေပုံးကို ဆွဲယူပြီး ကောင်မလေးကို ခေါင်းပေါ်မှ လောင်းချလိုက်သည်။

"ဟင်... နင်... နင်..."
"ဘာလဲ မကျေနပ်ဘူးလား... နင်ဘဲ ဘာလုပ်ချင်လဲဆို... ခု... မှတ်ပြီလား"
"နင်က ဒီလိုလား... ရတယ်လေ... "

ဟုဆိုကာ ကောင်မလေးက သူ့ သူငယ်ချင်းများ လက်ထဲမှ ရေပုံးများကို ဆွဲယူပြီး ညီညီ့ကို ပြန်လောင်းသည်။ ညီညီကလဲ သူမကို ပြန်လောင်းသည်။ ထို့ နောက် သူတပြန် ကိုယ်တပြန် လောင်းကြရင်း ရေပုံးများ ထားသည့် နေရာသို့ ရောက်သွားကြသည်။ ထို့ နောက် ရေပုံးတွေ တစ်ပုံးပြီး တစ်ပုံးဆွဲက ဆက်လောင်းကြသည်။ ပတ်ဝန်းကျင်ကို သတိထား မိတော့ သူတို့ နှစ်ယောက်ကို အထူးအဆန်းသဖွယ် ဝိုင်းကြည့်နေသည့် လူများကို တွေ့ လိုက်ရသည်။ နှစ်ယောက်စလုံးလဲ ရေများ စိုရွှဲပြီး ကြွက်စုတ်လေးတွေ ဖြစ်နေကြပြီ။ ထို့ နောက် နှစ်ယောက်သား အကြည့်ချင်းဆုံသွားကြပြီး တစ်ယောက်ကို တစ်ယောက် ကြည့်ကာ မရည်ရွယ်ပါဘဲ ပြိုင်တူ ပြုံးမိလိုက်ကြသည်။ ထိုနေ့ က ပိုးသားဖြူ ဆိုသည့် ကောင်မလေးနှင့်သူ ရင်နှီးခွင့် ရလိုက်သည်။ ထိုမှ နောက်တဆင့်တက်ကာ သူတို့ နှစ်ယောက် ချစ်သူတွေ ဖြစ်ခဲ့ကြပြီး ခုဆိုလျှင် သားလေးတစ်ယောက်ပင် ရနေကြပြီ။

"မောင်... အဝတ်အစားမလဲသေးဘဲနဲ့ ဘာလုပ်နေတာလဲ"
"သြော်... ဘာမှ မဟုတ်ပါဘူး... မောင်တို့ နှစ်ယောက် စတွေ့ တုန်းက အကြောင်းလေးကို ပြန်စဉ်းစားနေမိတာ"
"ကဲပါ သွား... အဝတ်အစား အမြန်သွားလဲ... ဘုရားပေါ်တက်ဖို့ နောက်ကျနေမယ်"
"အင်းပါ... အင်း... ခဏလေး... မောင်က မြန်ပါတယ်"

ပြောပြောဆိုဆိုဖြင့် လှေကားပေါ် ပြေးတက်သွားသည့် မောင့်နောက်ကျောကို ကြည့်ရင်း ထိုနေ့ က အဖြစ်အပျက်လေးများကို ပြန်မြင်ယောင်မိပြီး သူမ ပြုံးမိသွားရသည်။ ထိုနေ့ က ပလေကပ်ပုဆိုး၊ လည်ကတုံး လက်ရှည် အဖြူရောင်ကို စမတ်ကျကျ ဝတ်လာပြီး ကလေးလူကြီးလေး ဂိုက်ဖမ်းလာသည့် မောင့်ကို ကြည့်ပြီး အသဲယားလာသဖြင့် စလိုက်ခြင်း ဖြစ်သည်။ တရှူးရှူးဖြင့် ဒေါသတွေ ထွက်နေသည့် မောင့်ကို ကြည့်ပြီး သူမ ရယ်ချင်နေ ခဲ့မိသည်။ မောင်... စိတ်ဆိုးနေသည့် ပုံကအလွန် ရယ်ဖို့ ကောင်းပြီး ချစ်စရာလေး ဖြစ်သည်။ ထိုစိတ်ဆိုးနေဟန်လေးကို ကြည့်ပြီး မောင့်ကို မြင်မြင်ချင်းဘဲ ချစ်မိသွားဟန် တူသည်။ ထို့ နောက် သူမတို့ ကျောင်းအပြီးတွင် လက်ထပ်လိုက်ကြပြီး ခုဆိုလျှင် သားလေး တစ်ယောက်ပင် ရနေပြီ။ သားလေးကို ထိုနေ့ က အဖြစ်အပျက်လေးကို ပြန်ပြောပြမိတော့ သားလေးက ဘုရားပေါ်သို့ လိုက်ပို့ ပေးရန် ပူဆာလာသဖြင့် ခုဘုရားသို့ သွားရန် ပြင်ဆင်နေကြခြင်း ဖြစ်သည်။ တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ ကလဲ ကဆုန်ညောင်ရေသွန်းပွဲနေ့ ဖြစ်နေသည်။ သူမတို့ နှစ်ဦးအတွက် ဖူးစာရေးနတ်က လက်ဆောင်ပေးခဲ့သည့် အမှတ်တရ နေ့ ရက်လေး ဖြစ်ပါတော့သည်။

Monday 3 September 2012

ညလူ


အနက်ရောင်
တဖျပ်ဖျပ် လူးလွန့် နေတဲ့
ည...

လရောင်
ခပ်ဖျော့ဖျော့ ဖြန့် ခင်းထားတဲ့
ည...

ကြယ်ရောင်
တလက်လက် ယှက်ဖြာကျနေတဲ့
ည...

အဲဒီ"ည"ကို
ကော်ဖီတစ်ခွက်နဲ့ ဆွဲဖွင့်
အလုပ်သွားဖို့ 
အထုပ်အပိုး ပြင်လိုက်တယ်...။

ပုံကို google.com မှ ယူသုံးထားပါသည်။