Thursday 26 January 2012

တောင်တန်းတွေတောင်ငို

အလုပ်ပိတ်ရက် တစ်ရက်တွင် စင်ကာပူနိုင်ငံရှိ မြန်မာလူမျိုးများ စုရပ်ဖြစ်သည့် City Hall တွင် အသိတစ်ယောက်နှင့် တွေ့ ခဲ့သည်။ ထိုသူ့ ကို ဒီစင်ကာပူနိုင်ငံတွင် တွေ့ ရလိမ့်မည်ဟု ထင်မထားသည့် အတွက် ကျွန်တော် အံသြမိ၏။ ထိုသူသည် မြန်မာနိုင်ငံရှိ အစိုးရစက်ရုံကြီး တစ်ရုံမှ အရာရှိတစ်ယောက် ဖြစ်သည်။ တကယ့်နေရာကောင်း တစ်နေရာကို ရထားသည့် အရာရှိတစ်ယောက် ဖြစ်သည်။ ကျွန်တော် စင်ကာပူနိုင်ငံကို မလာခင် သူအလုပ်လုပ်နေသည့် စက်ရုံတွင် လေ့လာရေးဝင်ရင်း ရင်းနှီးခဲ့ခြင်း ဖြစ်သည်။ သူသည် ထိုစက်ရုံတွင် ရိုးသားပြီး အလုပ်ကြိုးစားသည့် ဝန်ထမ်းတစ်ယောက် ဖြစ်သည့်အပြင် လုပ်ငန်းပိုင်းတွင်လဲ အလွန်ကျွမ်းကျင်သည့် ဝန်ထမ်းကောင်း တစ်ယောက် ဖြစ်သည်။  စက်ရုံမှ ပစ္စည်းကို တပြားတချပ်မှ မယူဘဲ အနေမှန်သည့် သူ့ ကို အနေအထိုင် ကျပ်တည်းမှန်း ကျွန်တော်သိသည်။ ထိုကြောင့်   သူ့ ပညာအရည်အချင်း လုပ်ရည်ကိုင်ရည်နဲ့ ဆိုလျှင် လစာကောင်းကောင်း ရနိုင်သဖြင့် သူ့ ကို နိုင်ငံခြားထွက် အလုပ် လုပ်ဖို့ တိုက်တွန်းမိသေးသည်။ သူက “နေပါစေဗျာ... ပညာတွေ ကြိုးကြိုးစားစား သင်ပြီးမှ သူများဆီ ကျွန်သွားမခံချင်တော့ပါဘူး” ဟု ဆိုလာသဖြင့် ကျွန်တော်ပင် အောင့်သက်သက် ဖြစ်ခဲ့ရသေးသည်။ သို့ သော် ရိုးသားပြီး ရှင်းရှင်းနဲ့ ဘွင်းဘွင်း ပြောတတ်သည့် သူ့ အကျင့် သိထားသဖြင့် စိတ်တော့မဆိုးမိပေ။ ခုတော့ သူလိုလူက ဒီကို ရောက်နေသဖြင့် ကျွန်တော်လဲ အံသြမိသည်။ ဒီတော့ ဘယ်လိုကနေ ဘယ်လို ဖြစ်ပြီး ဒီကို ရောက်လာလဲ မေးကြည့်မိသည်။ သူကလဲ ရိုးရိုးနဲ့ ရှင်းရှင်းလေးပင် ပြန်ပြောပြပါသည်။ သူအိမ်ထောင်ပြုလိုက်ပြီးနောက်ပိုင်း လစာဖြင့် မလောက်မငှ ဖြစ်လာသည်။ တသက်လုံး အနေမှန်လာခဲ့ပြီး ခုမှနာမည်လဲ အပျက်မခံလိုတော့။ ထို့ ကြောင့် မိန်းမ ဖြစ်သူနှင့် တိုင်ပင်ပြီး နိုင်ငံခြားကို ထွက်လာခြင်း ဖြစ်ကြောင်း ရှင်းပြသည်။ "အစ်ကို့  အလုပ်ကို အစ်ကို မြတ်နိုးပါတယ်။ ဒါပေမယ့် အစ်ကို့ မှာ ရွေးစရာ ဒီတစ်လမ်းဘဲ ရှိတော့တယ်..." ဟုဆိုလာသည့် သူ့ စကားကို နားထောင်ပြီး ကျွန်တော် ကိုယ်တိုင် စိတ်မကောင်း ဖြစ်ခဲ့ရသည်။

သူ့ အလုပ်နှင့် သူ့ လက်အောက်မှ ဝန်ထမ်းများကို ဘယ်လောက် သံယောဇဉ်ကြီးသည်ကို ကျွန်တော် သိသည်။ သူကိုယ်တိုင်က စက်ရုံပိုင်ပစ္စည်း ဘာတစ်ခုမှ မယူသော်လဲ သူ့ ဝန်ထမ်းတစ်ယောက် အိမ်မှာ မီးထွန်းဖို့ ဆီနဲနဲလောက် လိုချင်လျှင် အပြင်ကို အလွယ်တကူ ထုတ်လို့ ရအောင် သူလက်မှတ်ထိုးပေး လိုက်လေ့ရှိသည်။ အိမ်တွင် သုံးရန် သောက်ရေအိုးစင်၊ စက်ဘီးဖင်ထိုင်ခုံ စသည်တို့ ကို အပြင်ထုတ်ရန် အခက်အခဲ ဖြစ်နေလျှင် သူလက်မှတ်ထိုးပေးလို့ ရလျှင် လက်မှတ်ထိုးပေးလိုက်ပြီး တခါတခါ သူကိုယ်တိုင် စက်ရုံအပြင် ထုတ်ပေးပြီး ကူညီလေ့ရှိသည်။ သူ့ ဝန်ထမ်းများ ကျပ်တည်းသည်ကို သိသဖြင့် တဖက်တလမ်းက သူတတ်နိုင်သည့်ဘက်မှ ကူညီခြင်း ဖြစ်သည်။ သူကိုယ်တိုင်ကတော့ ဘာတစ်ခုမှ မယူသလို သူ့ ဝန်ထမ်းများကိုလဲ အိမ်သုံးဖို့ ထက် ပိုခွင့်မပြုပေ။ ထို့ ကြောင့် ဝန်ထမ်းများက သူ့ ကိုဆိုလျှင် ချစ်ကြောက်ရိုသေကြ၏။ ခုတော့ သူ့ ကို မှီခိုနေသည့် ဝန်ထမ်းများလဲ အားကိုးမဲ့ကြ ရပြီဖြစ်သည်။

နိုင်ငံခြားတွင် အချိန်အကြာကြီး နေခဲ့ပြီးနောက် မွေးရပ်မြေကို ပြန်ရောက်ခဲ့ချိန်က ဖြစ်သည်။ ကျူရှင်ဆိုသည်ကို မုန်းတီးသည့် "လျှာပေါ် မြက်ပေါက်သွားပလေ့စေ ကျူရှင်ဘယ်တော့မှ မသင်ဘူး" ဟု ကြွေးကြော်ထားသည့် ဆရာက ကျူရှင်သင်နေသည်ကို တွေ့ ရသဖြင့် အံသြမိ၏။ စာအသင်အပြ အလွန်ကောင်းပြီး အင်မတန်မှ ဘုကလန့် ကျသည့် ဆရာဖြစ်သည်။ အတန်းထဲတွင် စာကို ရှင်းနေအောင် သင်နိုင်သည်။ အတန်းထဲတွင် စာရှင်းတာ နားမလည်လျှင် ရုံးခန်း၊ အိမ်တွင် ကြိုက်သည့် အချိန်လာမေးလို့ ရသည်။ စိတ်ရှည်ရှည်ဖြင့် ကျောင်းသား နားမလည်မချင်း ရှင်းပြပေးလေ့ ရှိသည့် ဆရာဖြစ်သည်။ ကျူရှင် မယူနိုင်သော ဆင်းရဲနွမ်းပါးသူတို့ အားထားရသည့် ဆရာဖြစ်သည်။ ထို့ ကြောင့် အကြောင်းစုံကို ဆရာ့ကို မေးမိသည်။ "အရင်က လစာနဲ့ လင်မယားနှစ်ယောက် လောက်ပေမဲ့ ခုနောက်ပိုင်း ကလေးတွေစရိတ်၊ ကျောင်းစရိတ်၊ အိမ်စရိတ်တွေနဲ့ မလောက်တော့ဘူး။ ဒီတော့ ဆရာ့အတွက်လဲ ရွေးစရာ မရှိတော့ဘူးလေ"  ဟု ဆိုလာတော့ စိတ်မကောင်း ဖြစ်ခဲ့ရသေးသည်။ ထို့ အတူ ကျွန်တော်တို့ ငယ်ငယ်က သင်ခဲ့ရသည့် စာအသင်အပြ အလွန်ကောင်းသည့် ဆရာမ တစ်ယောက် ကျောင်းအုပ်ဆရာကြီးနဲ့ ကတောက်ကဆဖြစ်ပြီး အလုပ်ထွက်ကာ ဘော်ဒါတစ်ခုတွင် စာသင်နေသည်ကို တွေ့ ခဲ့ရသည်။ စာအသင်အပြ အလွန်ကောင်းပြီး အခန်းထဲမှာပင် စာကို ကျောင်းသား၏ ခေါင်းထဲရောက်အောင် ရိုက်သွင်းပေးနိုင်သည့် ဆရာကောင်း တစ်ယောက် ဖြစ်သည်။ ဒီလိုဆရာမမျိုး ကျောင်းထွက်သွားသည်မှာ ကျောင်းအတွက်၊ ကျောင်းသားများအတွက် အလွန်နစ်နာလှသည်။

ထိုသူတို့ သည် ရိုးရိုးကျင့်၊ မြင့်မြင့်ကြံပြီး သူတို့ ၏ ပညာဂုဏ်ဖြင့် တောင်တန်းကြီးများကဲ့သို့ ခန့် ခန့် ထည်ထည် ရပ်တည်ခဲ့ကြသူများ ဖြစ်၏။ စေတနာ၊ မေတ္တာအပြည့်ဖြင့် သူတို့ အလုပ်ကို အကောင်းဆုံး ဖြစ်အောင် ကြိုးစားကြသူများ ဖြစ်ကြသည်။ သူတို့ ၏ ရိုးဂုဏ်၊ ပညာဂုဏ်တို့ ဖြင့် ပတ်ဝန်းကျင်ကို ထွန်းလင်းတောက်ပ စေသူများ ဖြစ်ကြသည်။ သို့ သော် လစာတစ်ခုတည်းဖြင့် သူတို့ မိသားစု ဘဝများ ရပ်တည်ဖို့ ခက်ခဲလာခဲ့ကြသည်။ ထို့ နောက် ဂုဏ်သိက္ခာအတွက် သူတို့ အလွန်မြတ်နိုးသည့် ပတ်ဝန်းကျင်နှင့် အလုပ်အကိုင်တို့ ကို စွန့် ခွာပြီး အခြား အဆင်ပြေမည့် နေရာများသို့ ပြောင်းရွှေ့ အခြေချကြရ၏။ ထိုအခါမျိုးတွင် သူတို့ ကို မှီခိုနေရသည့် ဆင်းရဲနွမ်းပါးသည့် အလုပ်သမားများ၊ ကျောင်းသားများ ဒုက္ခရောက်ကြရ၏။ ထိုသို့ သော အခြေအနေများ မြန်မာနိုင်ငံတွင် ခုနောက်ပိုင်း ပို၍ မြင်ရကြားရ ဖြစ်လာနေသည်။ ခုဆိုလျှင် ပညာတတ် တော်တော်များများ တခြားနိုင်ငံများသို့  ရောက်ကုန်ကြပြီ ဖြစ်သည်။ ကိုယ့်နိုင်ငံတွင် ကိုယ်ဝါသနာပါသည့် အလုပ်ကို အကောင်းဆုံး လုပ်ကိုင်ချင်သော်လဲ စားဝတ်နေရေး အတွက် ရေကြည်ရာ မြက်နုရာသို့  ပြောင်းရွှေ့ ရင်း တောင်တန်းကြီးတွေလဲ ငိုနေကြပြီ ဖြစ်သည်။

18 comments:

  1. ဟုတ်တယ်မောင်လေးေ၇

    မမကျားတို.လည်း ၀န်ထမ်းဘ၀(၁၅)နှစ်လုံးလုံးလုပ်လာတာ ကိုယ်.အိတ်ထဲကတောင်စိုက်ရတာပါ၊ ရုံးသုံးစာရေးကရိယာတောင် ကိုယ်.ပိုက်ဆံနဲ. ကိုယ်ဝယ်၇တယ်လေ မမကျားကတော. ယောင်နောက်ဆံထုံးပါလို. ဒီကိုေ၇ာက်လာတာပါ။ အိမ်ဦးနတ်တွေတာ အဲဒါမျိုးဆို၇င် မောင်လေးပိုစ်မှာ ရေးသလိုဖြစ်ကုန်ကြပြီပေါ.။

    ReplyDelete
  2. ရိုးရိုးသားသား ဝန်ထမ်းလုပ်စားလို့ ကတော့ လျှာပေါ်မြက်ပေါက် သွားလိမ့်မယ်

    ခင်မင်တဲ့
    ရွှေစင်ဦး

    ReplyDelete
  3. ငယ်ငယ်တုန်းက အင်္ဂလိပ်စာအသင်ပြအရမ်းကောင်းတဲ့ ကိုယ်တို့ဆရာမတစ်ယောက်လည်းအဲလိုပဲ ကျောင်းကထွက်ပြီး နိုင်ငံခြားထွက်သွားလိုက်တာ ခုထိပြန်တွေ့ဖြစ်တော့ဘူး...။

    ReplyDelete
  4. နိုင်ငံခြားလာအလုပ်လုပ်ကြတာကို ဘာလို.ကျွန်ခံတယ် ပြောချင်ကြတာလဲ မသိဘူးနော် မြန်မာပြည်မှာဆိုလဲ ဝန်ထမ်းဆို သူများလက်အောက်လုပ်ရတာပဲ ဒီမှာလဲ သူများလက်အောက်ပဲလေ ရှင်းရှင်းပြောရရင် မြန်မာပြည်မှာမှ အထက်လူကြီးကို ကြောက်ရ ဖားရနဲ. ပြန်မပြောရဲနဲ. ဒိမှာက ကိုယ်မှန်တယ်ထင်ရင် ပြောလို.ရတယ် သူတို.ကလဲ ကိုယ.်အယူအဆကို လေးလေးစားစားနားထောင်တယ် ကျမလဲ မြန်မာပြည်မှာ ဝန်ထမ်းလုပ်ခဲ.ပါတယ် ဖားရ ပေးရ စိတ်ကုန်လွန်းလို. မဟုတ်တာလဲ မလုပ်ချင်ဘူးလေ ကိုယ်.လိပ်ပြာက ကိုယ်.ကို ခြောက်နေမှာ ဒီမှာတော. ကိုယ်.လုပ်အား ကို အသိအမှတ်ပြုပြီးပေးတဲ. လုပ်အားခ အမှန်အကန်ဆိုတော. စိတ်ရှင်းတယ် ကုသိုလ်စိတ်ဖြစ်စေတယ်ပေါ.နော်

    ReplyDelete
  5. အစိုးရဝန်ထမ်းဘဝကတော့ ညီရာ...ကိုယ်တိုင်လည်းလုပ်ခဲ့ဖူး၊မိဘတွေကလည်း
    ဝန်ထမ်းဆိုတော့ ....ဟူး..မပြောချင်တော့ပါဘူးလေ....၊မဝေးသောကာလမှာ
    ပျော်ရွင်နေတဲ့ တောင်တန်းကြီးတွေကို မြင်ရတော့မယ်ထင်ပါရဲ့လေ........။

    ReplyDelete
  6. ဟုတ်ပါတယ် ကိုရဲရေ ဘယ်လိုပြောရမလဲသိတော့ဘူး
    ဟီဟီ အကိုပြောသလိုပဲ :D

    ReplyDelete
  7. ဘဝရပ်တည်မှုအတွက်ကံကြမ္မာရဲ့စေစားရာမှာ
    အသွင်အမျိုးမျိုးနဲ့အချိန်တွေကိုကုန်လွန်စေကြတာမို့
    တောင်တန်းကြီးတွေလည်းရင်နာရှာမှာပေါ့ မောင်ညီရဲရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  8. အစ်ကိုကတော့ တွေးတတ်တယ်နော်.. တွေးတတ်ဆို စာရေးဆရာကိုး.. ကဗျာဆန်လိုက်တာ ခေါင်းစဉ်ပေးထားပုံလေးက တောင်တန်းတွေတောင် ငိုဆိုပဲ.. :D

    ReplyDelete
  9. ပြောပြချင်တာလေးကို တိုတိုလေးနဲ့ထိနေအောင်ကို ဖော်ပြတတ်တယ်ဗျာ...။ ကျွန်တော်တို့နိုင်ငံမှာ လုပ်အားနဲ့လစာမျှတတဲ့အချိန်လေးကို အမြန်ဆုံးတောင့်တနေမိတယ်....

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  10. အရမ်းကောင်းတဲ့ ပို့စ်လေးပါပဲ
    လင့်လေးပြန်ချိတ်ပေးပါ့လား လင့်အဟောင်းကပျက်သွားလို့
    http://lwinpyinhlaingngenge.blogspot.com/

    ReplyDelete
  11. အခြေအနေပေါ်မူတည်ပြီး ပြောင်းလဲနေရတဲ့ လောကကြီးပါလား ကိုညီရဲရေ...တောင်တန်းတွေ ငိုမယ်ဆိုရင် ငိုကြရောပေါ့...

    ReplyDelete
  12. ဟုတ်ပါ့ကိုညီရဲရေ..တောင်တန်းတွေတောင်ငိုကြရောပေါ့..ရေးထားပုံလေးလှလိုက်တာ..။

    ReplyDelete
  13. ကိုယ့်ဝမ်းပူဆာ မနေသာ ဆိုသလိုပဲပေါ့။ အကျပ်အတည်းကြုံလာတော့လည်း မလုပ်ချင်တာတွေ လုပ်ရတော့တယ်။ တော်သေးတာက လူကောင်းကနေ လူဆိုးမဖြစ်သွားလို့ပဲ။ တချို့တွေလည်း ဖြတ်လမ်းနဲ့ လမ်းမှားလိုက်ကုန်ကြမှာ ပေါ့လေ။ တစ်ဦးချင်းဝင်ငွေတွေ အာမခံချက်မရှိသ၍တော့ ဒီလို ရွေ့ပြောင်းမှုတွေ၊ ယိုစီးမှုတွေ ဆက်ဖြစ်နေမှာပဲ။ ကိုယ်တွေအပါအဝင်ပေါ့။

    ReplyDelete
  14. အဲဒီလို တခြားရွေးစရာ လမ်းမရှိတော့လို့ နိုင်ငံခြားထွက်၊ ရပ်တည်ဖို့ 'ထွက်ရပ်' လမ်းကိုပဲ လိုက်သွားကြရတဲ့ ပညာတတ်တွေက ယိုစီးလို့ မကုန်နိုင် အောင်ပါပဲဗျာ..၊ လက်ရှိအချိန်ထိ ယိုစီးခဲ့တာတွေ အင်နဲ့အားနဲ့ ပြန်စီးဝင်မယ့်အချိန်ကိုပဲ စောင့်နေမိတော့တယ်...။

    ReplyDelete
  15. black ရေ
    အဲလိုပါဘဲလေ..အဲလိုနဲ့ဘဲ
    မြန်မာပြည်က တကယ်ကိုတော်တဲ့တတ်တဲ့
    သူတွေအားလုံး ထွက်ရပ်ပေါက် ကုန်ကြတာပါဘဲ..
    တချိန်မှာတော့ ပြန်လည် စီးဝင်နိုင်ပါစေလို့
    ဆုတောင်းတယ်..
    လူတိုင်း အိမ်ပြန်ချင်ကြမှာဘဲလေ..
    ဟုတ်တယ်မှတ်လား...

    ReplyDelete
  16. ဟုတ်ပ အကိုရာ.... ဒါပေမယ့် အချိန်တန်ရင် လူတိုင်း အိမ်ပြန်နိုင်ကြဖို့ ကြိုးစားကြရမှာပဲလေ...

    ReplyDelete
  17. အင်း....တောင်တန်းတွေတောင် ငိုကုန်ပီ
    ကျောက်တောင်တွေမငိုဖို့ပဲကျန်တော့တယ်။ :(

    ReplyDelete
  18. မြန်မာပြည်မှာ ဝမ်းဝရင် နိုင်ငံခြား ဘယ်ထွက်ကြတော့မှာလဲ..နိုင်ငံခြားမှာ အလုပ်လုပ်ရတာ ပင်ပန်းပါဘိ..

    ReplyDelete