Friday 6 January 2012

တနေ့ တာ... (တဂ်)

အိပ်ယာမှ နိုးလျှင်နိုးခြင်း ဆူညံစွာ အော်ဟစ်နေသည့် နှိုးစက်ကို အရင်ပိတ်လိုက်သည်။ ထို့ နောက် မျက်နှာသစ်၊ သွားတိုက်၊ ရေချိုး၊ ကိုယ်လက်သန့် စင်ပြီးနောက် အလုပ်သွားဖို့ ပြင်ရသည်။  အလုပ်သွားဖို့ အိမ်မှ ထွက်သည်နှင့် ပိုက်ဆံအိတ်၊ ဖုန်းနှင့် အိမ်သော့တို့ ကို မပါမဖြစ် သတိထားပြီး ယူသွားဖြစ်သည်။ စောစောစီးစီး မနက်စာ အတွက် မုန့် ဟင်းခါး၊ ကြက်သားပလာတာ၊ ထမင်းသုပ်၊ ခေါက်ဆွဲသုပ်နှင့် တို့ ဟူးသုပ်ကို ထမင်းပူပူလေးဖြင့် စားချင်မိသော်လဲ တကယ်တမ်း လက်တွေ့ စားဖြစ်နေသည်က MRT ဘူတာတွင် ဖယ်ရီစီးသည့် နားက တရုတ်ဆိုင်မှ ထမင်းကြော်၊ ခေါက်ဆွဲကြော်၊ ကြာဆံကြော် တခုခုကို ဝယ်စားနေရသည်။ အလုပ်ထဲကို မဝင်မှီ ဝယ်လာသည့် မနက်စာကို ကော်ဖီပူပူလေးဖြင့် မျှောချပြီးနောက် တနေ့ တာအစ လုပ်ငန်းခွင်သို့  စတင်ဝင်ရောက်ရတော့သည်။ ထိုနေ့ စဉ် စားနေရသည့် မနက်စာများကိုလဲ မုန်းနေပြီ ဖြစ်သော်လဲ ဒီအစားအစာတွေကိုမှ မစားလျှင် မဖြစ်တော့လဲ ကြိတ်မှိတ် စားသောက်နေရ၏။  ကိုယ်စားချင်တာလေးတွေ မစားမသောက်ရသည့် ကိုယ့်ဘဝကို တခါတခါလဲ  သနားမိသည်။ 

နေ့ လည် Lunch Time ချိန်ကို ရောက်လျှင် ကန်တင်းကို ပြေးပြီး တန်းစီရသည်။ နို့ မို့ ထမင်းစားနားချိန်က တန်းစီနေတာနဲ့ ၁၅မိနစ်လောက်က အချိန်ပုပ်သွား၏။ တခါတခါလဲ ကိုယ့်ပါးစပ်နှင့် အစပ်အဟပ် မတည့်သည့် ဒီတရုတ်စာတွေကို အလုအယက်ပြေးပြီး တန်းစီ နေရသည့် အဖြစ်ကို စိတ်ပျက်မိသည်။ ထိုပေါ့ရွှတ်ရွှတ်နှင့် တရုတ်စာများကို ဘယ်တော့မှ ကုန်အောင်မစားနိုင်ပေ။ တကယ်က ကျွန်တော် စားချင်သည်က မြန်မာပြည်က မိမိအိမ်တွင် မိခင်ဖြစ်သူ ချက်ကျွေးလေ့ရှိသည့် ကင်မွန်းချဉ်ရွက်ဟင်း၊ ပုစွန်ဆီပြန်ဟင်းကို ပဲကြီးဟင်းရည်လေးနှင့် စားသောက်ချင်မိခြင်း ဖြစ်သည်။ မြန်မာပြည် မပြန်နိုင်သေး သရွေ့ ကတော့ ထိုအစားအစာများကို စားရဖို့ က အိပ်မက်သာ ဖြစ်သည်။ နေ့ လည်စာ စားသောက်ပြီးနောက် အလုပ်ပြန်လုပ်ကာ over time ရှိလျှင် သုံးနာရီ tea break ခဏနားပြီး ကော်ဖီထွက်သောက်လေ့ ရှိသော်လဲ over time မရှိ၍  အိမ်ပြန်လျှင်တော့ ကော်ဖီမသောက်ဖြစ်တော့ပေ။ သို့ သော် သူငယ်ချင်းများနှင့် တခါတခါတော့ Tampines Mall တွင် ဝင်ပြီး အအေးသောက်လေ့တော့ ရှိ၏။ အလုပ်မှ အိမ်ကို ပြန်ပြီဆိုလျှင် လူတကိုယ်လုံး ပေါ့ပါးလန်းဆန်း သွားသလို ခံစားရသည်။ အလုပ်ထဲမှ ထွက်ပြီဆိုသည်နှင့် အလုပ်ကိစ္စ အားလုံးကို မေ့ထားလိုက်ပြီး ကိုယ့် personal ကိစ္စကိုဘဲ တွေးတောဖြစ်တော့၏။

ညနေဘက် over time မရှိ၍ 3:00 နာရီ ပြန်လျှင်တော့ NTUCတွင် ချက်စရာ ပြုတ်စရာများ ဝင်ဝယ်ပြီး ကိုယ်တိုင် ချက်ပြုတ်စားသောက် ဖြစ်လေ့ရှိသည်။ အိမ်ပြန်ရောက်သည်နှင့် အခန်းမီးဖွင့်ပြီး ကွန်ပြူတာကို အရင်ဖွင့်ကာ ဘလော့ဂ်ထဲကို အရင်ဝင်လိုက်သည်။ ထို့ နောက် သီချင်းဖွင့် နားထောင်ရင်း ခဏနားပြီး ချက်ဖို့ ပြုတ်ဖို့ ပြင်ဆင်ရသည်။ ကိုယ်ကိုယ်တိုင် ချက်ပြုတ်ပြင်ဆင်ပြီး ကိုယ့်အိမ်မှာ ကိုယ်စားသောက်ရသည်က အပြင်ဆိုင်တွေမှာ ဈေးကြီးပေးပြီး ဝယ်စားရသည်ထက် ပို၍ စားဝင်သည်။ သို့ သော် over time ရှိ၍ ညနေ 7:00 မှ အလုပ်က ပြန်လျှင်တော့ ဖြစ်သလို ကြုံသလိုဘဲ စားဖြစ်လိုက်သည်က များသည်။  သို့ သော် များသောအားဖြင့်ကတော့ ညနေစာကို အိမ်မှာ စားဖြစ်သည်က များသည်။ ညနေစာ စားရင်း ဟိုအကြောင်း ဒီအကြောင်းလေးများ စဉ်းစားဖြစ်သည်။ များသောအားဖြင့်ကတော့ ထမင်းစားပြီး မအိပ်ခင် ဘာလုပ်စရာ ကျန်နေသေးသလဲဟု စဉ်းစားဖြစ်သည်။ ထမင်းစားပြီးလျှင်တော့ ကော်ဖီမသောက်ဘဲ အအေး(သို့ ) နွားနို့ တစ်ခုခုကိုတော့ ကွန်ပြူတာသုံးရင်း သောက်ဖြစ်၏။  ကွန်ပြူတာ သုံးရင်း အိပ်ချင်လာလျှင် ဝင်အိပ်လိုက်သည်။ ဒီဘက်နှစ်တွေမှာတော့ ညအိပ်ယာ ဝင်ခါနီး ဘုရားမရှိခိုး ဖြစ်တော့ပေ။ လူလဲ ဘုရား၊ တရားနှင့် ဝေးနေတာ ကြာပြီဖြစ်သည်။ မကောင်းမှန်း သိပေမယ့်လဲ မလုပ်ဖြစ်ဘူး ဖြစ်နေသည်။

နောက်နေ့ အလုပ်သွားရမည်မို့ မနက်အစောကြီး ထရမှာကို ညဘက် အိပ်မပျော်လျှင် ထိုကဲ့သို့ သော ညမျိုးကို ကျွန်တော် အလွန်စိတ်ပျက်သည်။ အိပ်မပျော်သည့် ညများတွင် အိပ်ယာထဲမှာ လူးရင်းလွန့် ရင်း တောင်တွေးမြောက်တွေးဖြင့် တစ်ယောက်တည်း အတွေးကြွယ်နေတတ်သည်။ ကျွန်တော် ခင်တွယ်ရသည့် မိသားစုအကြောင်းကိုလဲ တွေးဖြစ်သည်။ အဖေနဲ့ အမေတို့ နေကောင်းကြရဲ့ လား။ အစ်ကိုရော အလုပ်အခြေအနေ ကောင်းရဲ့ လား စသဖြင့် တွေးကြည့်မိသည်။ ပြေးကြည့်မှ ဒီအဖေ၊ အမေနှင့် အစ်ကိုသာ ရှိသည့်အတွက် ကျွန်တော့် မိသားစုဝင် အားလုံးကို ကျွန်တော်ချစ်ပါသည်။  ထို့ နောက် ရန်ကုန်တွင် ရှိနေသည့် တစ်ယောက်သော သူကိုလဲ သတိရမိသည်။ ရန်ကုန်တွင် ရှိနေသည့် သူမကို တခါတရံ သံသယ မျက်လုံးများဖြင့် ကြည့်မိလေ့ ရှိတတ်သော်လဲ သူမကို ကျွန်တော် ယုံကြည်ပါသည်။ သူမကို ယုံကြည်စိတ်ကြောင့်လဲ ခုလို ဆယ်စုနှစ်တခုကျော်၊ ဆယ့်နှစ်နှစ်ကျော်လို့ ဆယ့်သုံးနှစ်ထဲ ရောက်သည်အထိ တွဲလက်မြဲခဲ့ခြင်း ဖြစ်သည်။ ဒီလိုဘဲ အတွေးတွေက ဟိုရောက်ဒီရောက် မိသားစုအရေး၊ အလုပ်အကြောင်း၊ ခင်မင်ရသည့် မိတ်ဆွေ၊ သူငယ်ချင်းများ အကြောင်းကို တွေးမိတတ်သည်။ တခါတခါလဲ အလုပ်ထဲတွင် ကျွန်တော် အလွန်ခင်မင်ရသည့် King ဟု ခေါ်သည့် မလေးတရုတ် သူငယ်ချင်း အကြောင်းကိုလဲ တွေးမိသည်။ မလေးရှားနိုင်ငံကို ပြန်သွားပြီးသည့်နောက် ခုသူ မလေးရှားနိုင်ငံမှာ ဘာတွေ လုပ်နေမလဲဟု တွေးမိတတ်ခြင်း ဖြစ်သည်။

ကျွန်တော့် ဘဝတွင် အလွန်စိတ်ဓာတ်ကျစရာ ကောင်းသည့် အချိန်များ ရှိခဲ့သည်။ ထိုအချိန်မျိုးများတွင် ကျွန်တော် တစ်ယောက်တည်း ဘယ်သူ့ ကိုမှ စကားမပြောတော့ဘဲ သာသာယာယာ ရှိသည့် နေရာလေး တစ်နေရာမှာ တစ်ယောက်တည်း သွားထိုင်ပြီး ဘာကြောင့် ဒီအဖြစ်မျိုးတွေ ဖြစ်တာလဲဟု အပြန်ပြန် အလှန်လှန် ပြန်တွေးတော ဆန်းစစ်ကြည့်မိလေ့ ရှိသည်။ နောင်ထိုကဲ့သို့ သော အမှားမျိုး ထပ်မဖြစ်ဖို့ အတွက် ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်နိုင်အောင် ဖြစ်သည်။ ထိုအချိန်များတွင် ကျွန်တော့်အပေါ် နားအလည်ပေးနိုင်ဆုံး ဖြစ်သည့် မိခင်ဖြစ်သူကို တမ်းတမိတတ်သည်။ မိခင်လောက် သားသမီအပေါ် နားလည်ပေးနိုင်သူ မရှိဟုလဲ ထင်မိသည်။ မိခင်ဖြစ်သူ၏ အားပေးစကားက မိမိအတွက် လက်ရှိ ဖြစ်နေသည့် ပြဿနာကို ရင်ဆိုင်ဖြေရှင်းရန်၊ အနာဂါတ်ထဲသို့ ဆက်လက်တိုးဝင်ရန်အတွက် ခွန်အားသတ္တိများကို အသစ်တဖန် ပြန်လည်မွေးဖွားပေးသည်။

ကျွန်တော့် ကိုယ်ပိုင် ပစ္စည်းအားလုံးကို တန်ဖိုးထား တတ်သော်လဲ မြန်မာပြည်က အိမ်တွင် ကျန်ခဲ့သည့် ဆိုင်ကယ်လေးကိုတော့ တိုက်ဆိုင်တိုင်း ပြန်လွမ်းမိသည်။ ထိုစီးတော်ယာဉ်လေးက ကျွန်တော့်အတွက် မြန်မာပြည်မှာ ရှိနေစဉ်မှာတော့ မရှိမဖြစ် ဆိုင်ကယ်လေး ဖြစ်သည်။ ထိုကဲ့သို့ ပင် ကျွန်တော့်အား ချစ်သူ၊ ခင်သူ၊ သူငယ်ချင်းများက ပေးသည့် လက်ဆောင်တိုင်းကိုလဲ နှစ်သက်သဘောကျသည်။ အကြိုက်ဆုံးဟူ၍ မရှိဘဲ အားလုံးကို တမြတ်တနိုးဖြင့် သိမ်းထားလေ့ရှိသည်။ လက်ရှိ အဖြစ်ချင်ဆုံး ဆန္ဒကတော့ ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်သည့် မြန်မာပြည်ကို ပြန်ချင်သည့် စိတ်ဖြစ်သည်။ မြန်မာပြည်ပြန်ပြီး တစ်ယောက်သောသူ လက်ကိုတွဲ၍ မြန်မာပြည်တပတ် ဘုရားဖူး ထွက်ချင်မိချင်း ဖြစ်သည်။ ထိုနေ့ မျိုးကိုလဲ တနေ့ ကိုယ်တိုင် ဖန်တီးနိုင်မည်ဟုလဲ ယုံကြည်နေမိသည်။ ဒီအကြောင်းအရာလေးများကတော့ ကျွန်တော့် လက်ရှိ နေ့ စဉ်ထိတွေ့ ဖြတ်သန်းဖြစ်နေသည့် တနေ့ တာ အကြောင်းအရာလေးများ ဖြစ်ပါတော့သည်။

မှတ်ချက်။     ။ ဒီတဂ်ပိုစ့်လေးကကို ကျွန်တော်က ဘလက်ဟု ခေါ်ပြီး ကျွန်တော့်ကိုလဲ ဘလက်ဟု ပြန်ခေါ်သည့် ကျွန်တော့် သူငယ်ချင်းမလေး blackroze က တဂ်လာသည့် ပိုစ့်လေးဖြစ်ပါသည်။ ဒီပိုစ့်လေးမှာ ကိုယ့်ကိုယ်ကိုဖော် မသူတော် ဆိုသကဲ့သို့ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသည့် ပိုစ့်တစ်ပုဒ်လဲ ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ ကဲ... သူငယ်ချင်း ဘလက်ရေ... အစဉ်လိုက် မဟုတ်သော်လဲ တတ်နိုင်သလောက်တော့ ဆီလျော်အောင် ရေးလိုက်ပါတယ်။ ခုလို မှတ်မှတ်ရရလေး တဂ်တဲ့အတွက်လဲ ကျေးဇူးတင်ပါတယ်လို့ ပြောပါရစေ။

18 comments:

  1. စာရေးကောင်းတဲ့အကိုညီရဲသစ်ရေ
    ဖတ်သွားပါတယ်ရှင့်

    ReplyDelete
  2. အိမ်ပြင်ချင်တာတွေ စားချင်တာတွေက တူနေတာမို့ သိပ်စိတ်မ၀င်စားဘူး တစ်ခုပဲ တစ်ယောက်သောသူ ဆိုတဲ့နေ၇ာကျ သိပ်မနာလိုဖြစ်တာပဲး)

    ReplyDelete
  3. တယောက်သောသူနဲ့အတူ မြန်မာပြည်အနှံ့သွားစေသော်။။။
    နားလည်ပေးနိုင်ဆုံးမိခင်နဲ့လည်း အမြန်ဆုံးပြန်ဆုံနိုင်ပါစေညီရဲ။
    ခင်မင်လျက်
    သဒ္ဓါ

    ReplyDelete
  4. အရေးအသားက တကယ်ကောင်းပါတယ်

    ReplyDelete
  5. ကျန်တာတွေကိုနားလည်ပေးလို့ရဒယ်
    တောင့်တတဲ့ဟင်းချက်နည်းတွေ ထည့်ထည့်မရေးစမ်းဘာနဲ့
    စိတ်နာနွန်းနို့ဘာဆိုအေး)

    ဒါဘဲ
    ညစ်ပတ်တဲ့

    မဒိုးကန်

    ReplyDelete
  6. ထူးခြားသောစိတ်

    လက်ရှိ အဖြစ်ချင်ဆုံး ဆန္ဒကတော့ ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်သည့် မြန်မာပြည်ကို ပြန်ချင်သည့် စိတ်ဖြစ်သည်။

    ReplyDelete
  7. တဂ်ပို့စ်နဲ့တောင်တူဘူးကွယ်...အရေးကောင်းချက်ကတော့...။

    ReplyDelete
  8. စာရေးကောင်းတဲ့သူတွေများ ခံစားချက်တွေကိုစိတ်ရှိဖော်ပြနေတော့တာပဲ
    ဖတ်ရတဲ့သူတွေလဲ အဆင်ကိုပြေလို့

    ReplyDelete
  9. Tag Postလေးရေးရင်း ပို့စ်ကောင်းလေးတစ်ပုဒ် အဖတ်တင်သွားတာ..။
    အားပေးခဲ့ပါတယ်..။

    ReplyDelete
  10. တယ်ကောင်းပါလားဟ..ဖတ်လို့...အမေးတွေကို ဒီအတိုင်းဖြေတာမဟုတ်ပဲ
    အက်ဆေးလေးလို အစီအစဉ်တကျလေးရေးသွားတာသိပ်လှသွားတယ်...။
    ရန်ကုန်ကသူမနဲ့ ၁၀နှစ်ကျော်..ဟုတ်လား....၊ဖျားဖျား ဒီအတိုင်းဆို နင်တို့အတွဲ
    က ဂျင်းနစ်စံချိန်ဝင်လောက်ဘီဟ....၊ဝမ်းသာစရာပဲ.....ဖိတ်စာပို့ဖို့မမေ့နဲ့
    ဒါဗြဲ.....:)))

    ReplyDelete
  11. အရေးကောင်းချက်း) ရန်ကုန်ကသူမနဲ့မြန်မြန်နီးပါစေရှင်..း)

    ReplyDelete
  12. ချစ်ရသူနဲ့မြန်မြန်နီးစပ်နိုင်ပါစေဗျာ

    ReplyDelete
  13. ဘယ်တော့မှ မပြောင်းလဲမယ့် ပြည်တော်ပြန်ခရီးလေးမှာ မြန်ပြည်တစ်နှံ ဘုရားစုံညီ ဖူးမျှော်ခွင့်လေး ရပါစေလို့ ဆုတောင်းပေးပါတယ်အကိုရေ...

    ReplyDelete
  14. Black ရေ
    ဆန္ဒတွေတကယ်ဖြစ်လာပါစေလို့
    ဆုတောင်းပေးပါတယ်

    ReplyDelete
  15. ဖတ်စ်လိုက်ပြီစ်.. ကိုယ့်အကြောင်းကိုယ်တောင် ၀တ္တုလိုရေးတယ်.. စာရေးဆရာကြီးရယ် အဟိ :P :P

    ReplyDelete
  16. Tag ပို့စ်တွေက တကယ်ပဲ ပေါင်ကို ကျိတ်ထောင်းရတာပါပဲ။ ဒါပေမဲ့ ဖတ်ကောင်းပါတယ်။

    ReplyDelete
  17. ရန်ကုန်က သူမနဲ့ ၁၃နှစ်ကနေ နှစ်ပေါင်း ၁၃၀ အထိ ရွှေလက်တွဲနိုင်ကြပါစေကြောင်း.....း)

    ReplyDelete
  18. ဟုတ်ပ မောင်ရင်တို့ ကတော့ စာရေးဆရာလို့  မပြောရဘူး။ :D

    ReplyDelete