Wednesday 19 October 2011

ကာရံမဲ့ အလွမ်းည

ယနေ့ ညက အရင် ညတွေနဲ့ မတူ ပို၍ တိတ်ဆိတ် မှောင်မိုက် နေသလို ခံစားရ၏။ သရက်ပင်တို့  သွယ်တန်း ပေါက်နေသည့် လမ်းလေးအတိုင်း  တစ်ယောက်တည်း လေးလံနှေးကွေးသော ခြေလှမ်းတို့ ဖြင့် အားတင်း လှမ်းလျှောက် လာခဲ့လိုက်သည်။ တချက် တချက် ဝေ့ဝဲ တိုက်ခတ်လာသော လေကြောင့် သစ်ရွက်ခြောက်တို့ လျှောတိုက်ပါသွားသည့် အသံမှအပ အရာရာက တိတ်ဆိတ်နေသည်။ ကိုယ့်ခြေသံ ကိုယ်ပြန် ကြားနေရအောင်ပင် ပတ်ဝန်းကျင် တစ်ခုလုံးက  တိတ်ဆိတ်ခြောက်သွေ့ နေ၏။ ဟိုအရင် သူမနှင့် အတူ ဒီလမ်းလေးကို ဖျတ်လတ် တက်ကြွသော ခြေလှမ်းတို့ ဖြင့် လျှောက်ခဲ့ဖူးသည်။ လက်ချင်းချိတ်၊ ပခုံးချင်းတိုက်ရင်း တစ်ဦးကို တစ်ဦး  စနောက်ကာ ပျော်ပျော်ရွှင်ရွှင် လှမ်းလျှောက်ခဲ့ဖူးကြသည်။ သူမ စားချင်သည်ဟု ပူစာသဖြင့် ညဘက် လူခြေတိတ်ချိန်တွင် လာ၍ သရက်သီးတွေ ခိုးခူးခဲ့သည်ကိုလဲ ပြန်သတိရမိ၏။ ယခုတော့ သူတစ်ယောက်တည်း အသက်မဲ့သော ခြေလှမ်းတို့ ဖြင့် အိမ်အပြန်လမ်းက ခြောက်သွေ့ အက်ကွဲ နေသယောင် ထင်ရ၏။ သူမ ရှိနေတော့မှာ မဟုတ်ဟူသော အသိကြောင့်လဲ လှမ်းလက်စ ခြေလှမ်းတို့  အားအင်မဲ့ခဲ့ရပြီ။

သရက်ပင်တွေ သွယ်တန်းနေသည့် လမ်းလေး အဆုံး လမ်းတစ်ဖက်သို့ အကူး၌ ညာဘက် ခပ်လှမ်းလှမ်းမှ နှစ်ဆယ့်လေးနာရီ ဖွင့်သော food count  ကိုတွေ့ တော့ သူမကို သတိရမိ ပြန်သည်။ ညဘက်တွေ အိမ်အောက် ဆင်းထိုင်တိုင်း ဒီအချိန်လောက်ဆိုလျှင် အဆာပြေ လာလာ စားလေ့ရှိသည့် နေရာလေး ဖြစ်သည်။ တဆက်တည်း ဒီဘက်က 7Eleven ဆိုင်လေးတွင် သူမအတွက် မနက်တိုင်း သတင်းစာ ဆင်းဝယ် ပေးခဲ့ရသည်ကိုလဲ သတိရမိ လိုက်သေးသည်။ ဒီနေရာ ဒီပတ်ဝန်းကျင်မှာ သူမ အရိပ်တွေပဲ တွေ့ နေရပါလား။ သူမနှင့် အမြဲလိုလို ဆင်းထိုင်လေ့ရှိသည့် ထိုင်ခုံလေး ရှေ့အရောက်တွင် လှမ်းလက်စ ခြေလှမ်းတို့  အလိုလို ရပ်သွား၏။ မိမိ အပြင်မှ ပြန်လာတိုင်း သူမ ထိုင်စောင့်နေလေ့ ရှိသည့် ထိုင်ခုံလေး ဖြစ်သည်။ ခုတော့ ထိုင်ခုံလေးလဲ သူ့ လိုပင် အထီးကျန် နေရပြီ။ ဒါတွေကို သူမ သိပါ့မလား။ မိမိ အသိုက်အမြုံဆီသို့  ပြန်သွားသော သူမ ရေခြားမြေခြားမှာ အထီးကျန် နေမယ့် လူတစ်ယောက်ကို သတိမှ ရပါဦးမလား။ မိသားစုနဲ့ တွေ့ ပြီး အပျော်ကြီးပျော်ကာ မိမိကို မေ့နေပြီလားဟု တွေးလိုက်မိသည်။

သက်ပြင်းငွေ့ ငွေ့ ကို အသာအယာ ရှိုက်ထုတ်ရင်း ခေါင်းတချက် ယမ်းခါပြီး အတွေးတို့ ကို မောင်းထုတ် လိုက်သည်။ ဘာကိုမှ သူ... ပြန်မတွေးချင်သော်လဲ အတွေးတို့ က သူအလိုလို ခေါင်းထဲ ပေါ်ပေါ်လာသည်။ ဖြူနုချောမော ပြေပြစ်လှသည့် သူမ မျက်နှာလေး၊ နူးညံနွေးထွေးသည့် သူမ လက်ဖဝါး နုနုလေးများ၊ တခုခုကို အလို မကျတိုင်း နှုတ်ခမ်းကိုက် ခြေကို စောင့်ရင်း တဖက်ကို လှည့်လှည့်သွားတတ်သည့် ဟန်အမူအရာလေးများ၊ သူမရဲ့ ရယ်သံ လွင်လွင်လေးများ စသည်တို့ ကို ပြန်ကြားယောင်၊ ပြန်မြင်ယောင် နေမိ၏။  ထိုအချိန်များတွင် မိမိရင်ဘတ်ထဲက တစစ်စစ်နဲ့ နာသည်။ သူ... ထိုင်ခုံလေးတွင် ခြေပစ်လက်ပစ် ထိုင်ချလိုက်၏။ အထီးကျန် နေသည့် ထိုင်ခုံလေးကို သူခဏတော့ အဖော်လုပ်ပေးရမည်။ ဒီထိုင်ခုံလေးက သူတို့ နှစ်ယောက်ကြားတွင် အလွန်အရေးပါသော နေရာမှ ပါဝင်ခဲ့သည်။ ဒီထိုင်ခုံလေး ပေါ်မှာထိုင်နေသည့် သူမကို စတင်တွေ့ ရှိခဲ့တော့ မိမိအိမ်ကို ပြောင်းလာသည့် လူသစ်မှန်း မသိသေးပေ။ စတွေ့ ကတည်းက သူမကို စိတ်ဝင်စားခဲ့မိသည်။ အိမ်နှင့် ဖုန်းပြောတိုင်း ငိုနေတတ်သော သူမကို ရင်းနှီးခဲ့ပြီး နောက်ပိုင်း အမြဲ အားငယ်နေတတ်သည့် သူမကို အကြင်နာ ပိုခဲ့မိ၏။ ထို့ နောက် ထိုင်ခုံလေးက သူနှင့်သူမတို့ အတွက် ဆုံမှတ်တစ်ခု ဖြစ်လာခဲ့သည်။ မိမိ အလုပ်မှ ပြန်လာတိုင်း ထိုင်ခုံလေးတွင် ထိုင်စောင့် နေတတ်သည့် သူမကို မြင်တိုင်း အမောပြေခဲ့ရ၏။ ဒီထိုင်ခုံလေးပေါ်မှာပင် မိမိတို့ နှစ်ယောက် ချစ်သူတွေ ဖြစ်ခဲ့ကြသည်။ ဒီနေရာလေးမှာပင် မိမိ တို့ နှစ်ယောက် ဝေးခဲ့ကြသည်။

“မောင်... လေယာဉ်ကွင်းကို လိုက်မပို့ နဲ့ တော့။ မောင့်ကို မြင်နေရရင် ကျွန်မ လေယာဉ်ပေါ်ကို တက်နိုင်မှာ မဟုတ်ဘူး”

သူမ နှုတ်ဖျားမှ နောက်ဆုံးကြားခဲ့ရသော စကားဖြစ်သည်။ ထိုစကားကို ပြောပြီး တရွေ့ ရွေ့ ထွက်ခွါ သွားသော သူမကို ကြည့်ရင်း သူမ အလိုကျ ဒီနေရာလေးမှာ ရပ်ကျန်ခဲ့ပြီး ဝမ်းနည်းကြေကွဲ ခဲ့ရ၏။ ဒီထိုင်ခုံလေးက မိမိတို့ နှစ်ယောက်၏ အမှတ်တရပေါင်း များစွာကို မွေးဖွားပေးခဲ့သည့် နေရာလေး ဖြစ်သည်။ ထိုင်ခုံလေးတွင် ထိုင်ရင်း မိမိရှေ့မှ မြေကွက်လပ်ကို မြင်တော့ သူမကို သတိရမိပြန်သည်။

“မောင်... ပျင်းတယ်ကွာ...။ ကြက်တောင် ရိုက်ကြရအောင်နော်... နော်လို့ ”

သူမ ဆန္ဒကို ဘယ်တုန်းကမှ မငြင်းဆန်ခဲ့သောကြောင့် ကျွန်တော်တို့ မြေကွက်လပ်လေးတွင် ကြက်တောင် ရိုက်ကြသည်။ ဘောလုံး ကန်ချင်သည် ဆိုလျှင်လဲ ဘောလုံးတစ်လုံးချပြီး ဟိုဘက်ဒီဘက် ကန်ခဲ့ကြ၏။ ချွေးများ ထွက်နေသည့် သူမကို တဘက်ဖြင့် တယုတယ ချွေးသုတ်ပေးလျှင် ကျွန်တော့်ကို ဖက်ပြီး အားရပါးရ ပြန်နမ်း တတ်သည့် သူမကို အချစ်ပိုခဲ့ရသည်။ 

“မောင်က ကျော့ကို အရမ်း ကြင်နာတာဘဲနော်။ ကျော့လေ မောင့်ကို အရမ်းချစ်တယ်။ ဟုတ်ပြီ... ဟုတ်ပြီ... မောင်က အဲဒီလို  ပြုံးလိုက်ရင် ပိုချစ်ဖို့ ကောင်းတယ် သိလား”

သူမ၏ စကားများကို ယုံကြည်ခဲ့မိသော ကျွန်တော် သူမကိုလဲ ယုံကြည်ခဲ့မိ၏။ ဒါပေမယ့် ခုတော့ ချစ်လှပါသည်ဟု ဆိုခဲ့သော သူမ ကျွန်တော့် အနားတွင် မရှိတော့။ ကျွန်တော့်ကို ထားခဲ့ပြီး သူမ ထွက်သွားခဲ့ပြီ။ ခုတော့ အရာရာဟာ နာကျင်ကြေကွဲစရာများ အနေဖြင့်သာ ကျွန်တော့် အနားတွင် ကျန်ရှိနေတော့သည်။

ညဘက် လူခြေတိတ်ချိန်မို့ ထင်သည် food count ဆိုင်ဘက်မှ အသံတချို့ က ဒီဘက်အထိ လွင့်ပျံလာသည်။ ဒီအသံတွေကို ကြားတော့ သူမ မှာကြားခဲ့ဖူးသည့် စကားတို့ ကို နားထဲတွင် တရစ်ဝဲဝဲဖြင့် ပြန်ကြားယောင်လာ ပြန်သည်။

“မောင်... ကျော့ ပြန်သွားတဲ့နောက် စိတ်ညစ်လို့ ဆိုပြီး ဘီယာတွေဘဲ ခဏခဏ သောက်မနေနဲ့ ဦးနော်။ ကျော့ကို တကယ်ချစ်ရင် ကျေးဇူးပြုပြီး ကျော့ စကားတွေကို နားထောင်ပေးပါ မောင်ရယ်”

သူမ အနားတွင် မရှိတော့သော်လဲ ကျွန်တော့် အပေါ် လွှမ်းမိုး ထားနိုင်ဆဲ ဖြစ်သည်။ သူမ စကားတွေကို အတိအကျ လိုက်နာနေကြောင်းကို သူမ သိမှ သိပါလေစ။ ကိုယ့်ကိုယ်ကိုလဲ အချစ်ကြီးတာလား၊ အသုံးမကျတာလား သေချာ မဝေခွဲနိုင်တော့။ သေချာတာကတော့ အထူးတလည် ဂရုစိုက်နေခြင်း မဟုတ်သော်လဲ မသိစိတ်က သူ့ အလိုလို နာခံနေခြင်း ဖြစ်မည်ထင်သည်။

နောက်ဆုံး သူမ ထွက်မသွားခင် ညက ပြောခဲ့သော စကားတို့ ကို နားထဲတွင် ပြန်ကြားယောင်မိသည်။ နောင်တသက်လုံး အမှတ်ရနေမည့် စကားလုံးများ ဖြစ်သည်။ ယောက်ကျားတန်မဲ့ သူမ ပခုံးနှစ်ဘက်ကို လှုပ်ရမ်းရင်း ရင်ခွင်ထဲ ဆွဲပွေ့ ကာ “မနောက်ပါနဲ့ မောင့်ကို မနောက်ပါနဲ့ မောင်... ရူးသွားလိမ့်မယ်” ဟု သွေးရူးသွေးတန်းဖြင့် အော်ခဲ့မိသည်  အထိ ဖြစ်ခဲ့၏။ မိမိ ဘဝတွင် အလွန်တုန်လှုပ် ချောက်ခြားပြီး နာကျင် ကြေကွဲခဲ့ရသည့် အချိန် ဖြစ်သည်။ 

“ကျော့လေ မောင့်ကို ချစ်တယ်... အရမ်းချစ်တယ်မောင်... ။ ဒါပေမယ့် ကျော့... မောင့်ကို လက်မထပ်နိုင်ပါဘူး။ လက်ထပ်ခြင်း ဆိုတာကိုလဲ ကျော့မှာ ရွေးချယ်ပိုင်ခွင့် မရှိပါဘူး။ ကျော့မမွေးခင် အချိန်ကတည်းက  လက်ထပ်ဖို့ အတွက်က သတ်မှတ် ပြီးသား ဖြစ်နေပါပြီ။ ကြိုက်သည် ဖြစ်စေ မကြိုက်သည် ဖြစ်စေ မိသားစု တာဝန်အနေနဲ့ လူတစ်ယောက်ကို ကျော့ လက်ထပ်ရမှာပါ။ ခွင့်လွှတ်ပါလို့ မပြောလိုပေမယ့် ကျော့ကို ခွင့်ပြုပါမောင်။ ကျော့လေ... ကျော့... သမီးမိုက် တစ်ယောက် မဖြစ်ပါရစေနဲ့ ။ ကျော့... သားသမီး တာဝန်ကျေချင်တယ်... မောင်ရယ်...”

ကျွန်တော် မမျှော်လင့်သော စကားတို့ ကို ကြားလိုက်ရသဖြင့် ကျွန်တော် ဆွံအပြီး ကြက်သေသေ သွားသည်။ တကိုယ်လုံး ထူပူသွားပြီး ရင်ထဲမှာ တစုံတခု လစ်ဟာ သွားသလို ခံစားလိုက်ရ၏။ ကျွန်တော့် ပါးစပ်မှ ထွက်ကျလာသည့် စကားလုံးတို့ ပင် ဗလုံးဗထွေးဖြင့် ရှင်းလင်းခြင်း မရှိတော့။

“ဒါဆို မင်း... မင်းဘာကြောင့် ငါ့ကို ချစ်ခဲ့သေးလဲ...။ မင်းမှာ ဒီလို အခြေအနေတွေ ရှိရဲ့ နဲ့  ငါ့အချစ်ကို  ဘာလို့ လက်ခံခဲ့တာလဲ။ ဒီစင်ကာပူနိုင်ငံကို ရောက်တုန်း မင်းအပျင်းပြေဖို့ အတွက် ငါ့ကို ရွေးချယ်လိုက်တာပေါ့ ဟုတ်လား... မင်း... မင်းကွာ... မင်းတော်တော် ရက်စက်တဲ့ မိန်းမဘဲ... တောက်...”

ကျွန်တော့် ဒေါသတို့ မီးတောင်ပေါက်ကွဲ သလို ပေါက်ကွဲသွားသည်။ ရင်ဘတ် တစ်ခုလုံး ကွဲအက်ကြေမွ သွားသလို ခံစားလိုက်ရ သည်။ သူမမို့ လုပ်ရက်လေခြင်းဟုလဲ တွေးလိုက်မိသည်။

“မဟုတ်ဘူးမောင်... မောင့်ကို အပျင်းပြေ ချစ်ခဲ့တာ မဟုတ်ဘူး။ တစ်သက်မှာ တစ်ယောက် တစ်ဘဝမှာ တစ်ယောက် အစားထိုး မရနိုင်လောက်တဲ့ အချစ်မျိုးနဲ့ ချစ်ခဲ့တာပါ။ ဆံပင်ဂုတ်ထောက် အသားလတ်လတ်နဲ့  ဂျစ်ကန်ကန် ကောင်လေးကို မြင်မြင်ချင်း ချစ်ခဲ့မိတာပါ...။ မောင်...ကျွန်မကို အဲဒီလောက်ထိ အထင်မသေးလိုက်ပါနဲ့ ။ ကျွန်မမှာလဲ ချစ်တတ်တဲ့ အသဲနှလုံး ရှိပါတယ်။ ကျွန်မလဲ ကိုယ်ချစ်မိသူရဲ့ အချစ်ကို လက်ခံနိုင်ခွင့် ရှိသလို ပြန်လဲချစ်ပိုင်ခွင့် ရှိပါတယ် မောင်...”

ထိုစကားတို့ ကို ပြောပြီး သူမ တသိမ့်သိမ့်ဖြင့် ရှိုက်ကြီးတငင် ငိုသည်။ သူမ ငိုတော့လဲ ကျွန်တော် မခံနိုင်...။ သနားစရာ ကောင်းလောက်အောင် ငိုနေသည့် သူမကို ထွေးပွေ့ နှစ်သိမ့်မိရပြန်သည်။ သူမနှင့် ပတ်သက်လာလျှင် ကျွန်တော် ကိုယ်တိုင်ကလဲ ခံနိုင်ရည်မရှိ ပျော့ညံလွန်းလှသည်။

“တိတ်... တိတ်ပါကျော့ရယ် တိတ်တော့နော် မငိုနဲ့ တော့ မောင်က ဒီသဘောမျိုး ပြောတာ မဟုတ်ပါဘူး။ တိတ်တော့နော်... ကျော့... ငိုရင် မောင်... မနေတတ်ဘူး။  အမြဲ ငိုနေတတ်တဲ့ ကျော့နဲ့ ချစ်သူတွေ ဖြစ်ခဲ့ကြ ကတည်းက မောင့်ကြောင့်တော့ ကျော့... မငိုစေရဘူးလို့  မောင် သံဓိဌါန် ချထားတာ။ ခုလို မောင့်ကြောင့် ကျော့ ငိုနေတော့ မောင် ဘယ်လို စိတ်ချမ်းသာမလဲ။ ဒီကိစ္စကို မောင်တို့ အေးအေးဆေးဆေး ပြန်ဆွေးနွေး ကြတာပေါ့ဟုတ်လား။ လိုအပ်ရင် မောင်... ကျော့မိဘတွေနဲ့ တွေ့ ပြီး ပြောကြည့်မယ်လေ”
“မဖြစ်ဘူးမောင် ဒီကိစ္စ ကျော့မိဘတွေ သိသွားလို့ မဖြစ်ဘူး”
“ဘာကွ”

ကျွန်တော် တော်တော် ဒေါသ ထွက်သွားသည်။ စောစောက လွင့်ပါးသွားသော ဒေါသတို့ တလိပ်လိပ်ဖြင့် ပြန်တက်လာပြန်သည်။ ဒီတော့ ဒေါသ ဖြစ်ဖြစ်ဖြင့် သူမကို အော်မိပြန်သည်။

“ဒါဆို မောင်က ဘာလုပ်ရမှာလဲ။ ကျော့ကို ဒီလို လွယ်လွယ်နဲ့ လက်လွှတ်လိုက်ရမှာလား။ ကျော့ပြောတော့ မောင့်ကို ချစ်တယ်ဆို... ကျော့...မောင့်ကို ချစ်ရင် ဘာကို ဖြစ်ဖြစ် ရင်ဆိုင်ရဲရမှာပေါ့။ လာသွားမယ် ကျော့မိဘတွေဆီကို ခုဖုန်းဆက်မယ်... လာ...”

ဒေါသထွက်ထွက်ဖြင့် ကျွန်တော် ကြုံးအော်လိုက်သည်။ ဒေါသကြောင့် ကျွန်တော့် တကိုယ်လုံး တုန်ခါနေသည်။ ကျွန်တော့်ကို ကြည့်ရင်း သူမ ငိုသည်။ ထို့ နောက် ပါးစပ်မှ တတွတ်တွတ်ဖြင့် ကရားရေလွတ် စကားတို့ ကို သူမဆိုသည်။ သူမ ကျွန်တော့်ကို ဘယ်လောက် ချစ်သည့် အကြောင်း၊ သူမ ဒီစင်ကာပူကို ကျောင်းလာမတက်ခင် သူမမိဘများ သဘောတူသည့် ဖခင်ဖြစ်သူ၏ ကျေးဇူးရှင် ဆရာရဲ့ သားနှင့် စေ့စပ်ခဲ့ရကြောင်း၊ မချစ်မနှစ်သက်သူ တစ်ယောက်ကို လက်ထပ်ရမည့် အရေးကို တွေးမိတိုင်း သူမ နေ့ စဉ် ဝမ်းနည်းငိုကြွေး ခဲ့ရကြောင်း၊ ဒီစင်ကာပူတွင် ပညာ သင်ကြားနေစဉ် သူမ ရည်းစား မထားသင့်ပေမဲ့ သူမအပေါ် စာနာနားလည်ပြီး ကြင်ကြင်နာနာ ရှိသည့် ကျွန်တော့်ကို မြင်မြင်ခြင်း ချစ်မိသည့် အတွက် သူမ စိတ်ကို မထိန်းချုပ်နိုင်ခဲ့သည့် အကြောင်း စသည့် စကားတို့ က ကျွန်တော် အာရုံတွင် မကြားတချက် ကြားတချက်ဖြင့် နားထဲသို့  တိုးဝင်လာသည်။ သူမ စကားလုံးတို့ အောက်တွင် ကျွန်တော် အလူးအလဲ ကျဆုံးခဲ့သည်။ လူတကိုယ်လုံး အင်အားမဲ့သွားသလို ခံစားလိုက်ရသည်။

“မင်း... မင်း ငါ့ကို လက်မထပ်နိုင်ဘဲ ဘာလို့ ချစ်ခဲ့တာလဲ။ မင်းလျှောက်ရမဲ့ လမ်းရှိနေရဲ့ နဲ့ ဘာကြောင့် ငါ့နှလုံးသားကို နင်းချေပြီးမှ လျှောက်ချင်ရတာလဲ။ မင်းအပေါ် ဘာအမှား လုပ်မိလို့ ငါ့အပေါ်ကို ဒီလောက်ထိ ရက်ရက်စက်စက် လုပ်ရတာလဲ ငါ... ဘာများအမှား လုပ်ခဲ့လို့ လဲ”
“မောင်... မမှားပါဘူး... ကျော့... မှားခဲ့တာပါ မောင်...။ ကျော့... အတ္တကြီးခဲ့မိတာပါ... ကျော့... အတ္တကြီး ခဲ့မိတဲ့ အတွက် တောင်းပန်ပါတယ် မောင်ရယ်။ ကျော့... အမှားတွေ အတွက် ပြန်ပေးဆပ်မှာပါ။ မောင်... ကျော့ကို ကြိုက်သလို စီရင်နိုင်ပါတယ်။ မောင့်... အလိုကို ကျော့... မငြင်းပါဘူး။ ဒါပေမယ့် ကျော့ကိုတော့ အိမ်ပြန် ခွင့်ပြုပါ မောင်ရယ်”

ကျွန်တော့် မျက်နှာကို ဖြတ်ရိုက်လိုက်သလို ခံစားလိုက်ရသည်။ ဘယ်ဘက် ရင်ဘတ်ထဲက တစ်ချက် စူးခနဲ အောင့်သွားသည်။ ကျွန်တော် ရူးသွပ်သွားသူ တစ်ယောက်လို အော်ဟစ် ရယ်မောမိသည်။ ရယ်သံကတော့ အသက်မပါ ခြောက်သွေ့ အက်ကွဲ နေမည် ထင်သည်။

“တယ်လဲ တတ်နိုင်ပါလားကွ... ဟင်... ။ ကျွန်မကိုတော့ လိုရာသုံးပါ။  ဟိုလူ့ ရင်ခွင်ဆီကို ပြန်သွားခွင့် ပြုပါပေါ့ ဟုတ်လား...။ မင်း... မင်းကွာ ဘယ်အငြိုးတွေနဲ့ ငါ့အပေါ် ဒီလောက်ထိ ရက်စက်နေရတာလဲ။  ငါ့နှလုံးသားကို နင်းချေပြီးတော့ ငါ့သိက္ခာကိုပါ ထပ်စော်ကား လိုက်တာပေါ့ ဟုတ်လား။ ငါက သွေးသားဆန္ဒ အာသာဖြေဖို့  သက်သက် မင်းကို ချစ်ခဲ့တယ် ထင်လို့ လား။ ငါမင်းကို ဘယ်လောက် တန်ဖိုးထားတယ် ဆိုတာ မင်းအသိဆုံး ပါကွာ... မင်း... မင်းကွာ... မင်းမို့ ဒီလို စကားမျိုး ပြောထွက်ရက်တယ်”

စကားပြောရင်း ကျွန်တော့် အသံတို့ သိမ်ဝင်သွားသည်။ တစ်ကိုယ်လုံး အားအင်မဲ့ကာ ထိုင်ခုံလေးပေါ်သို့  ပစ်ထိုင်ချလိုက်သည်။

“ဟုတ်ပါတယ် မောင်ရယ်...။ ကျော့ကို မောင် တန်ဖိုးထားမှန်း သိပါတယ်။ ဒါကြောင့်လဲ မောင့်ကို တစ်နေ့  ထပ်တစ်နေ့ ပိုလို့ ချစ် လာခဲ့မိတာပေါ့။ ကျော့မှားခဲ့တာပါ မောင်ရယ်။ ကျော့... မောင့်ကို တောင်းပန်ပါတယ်”

သူမ ကျွန်တော့် ရင်ခွင်ထဲ ဝင်ကာ ငိုကြွေးသည်။ ကျွန်တော့် ရင်ခွင်တစ်ခုလုံး ကွဲအက်ကြေမွ သွားသလို ခံစားလိုက်ရသည်။ ခရီး မိုင်ပေါင်း များစွာကို ပြေးခဲ့သူ တစ်ယောက်လို နွမ်းလျပင်ပန်းသွားသည်။ ကျွန်တော် အမြတ်တနိုး တန်ဖိုးထားခဲ့သည့် ပန်းလေးတစ်ပွင့် ဆုံးရှုံးသွားပြီ ဖြစ်ကြောင်း ကျွန်တော် သိလိုက်သည်။ ထွက်ခွါ သွားလိုနေ သူကိုလဲ ဆွဲမထားချင်တော့။ ဒီလိုနဲ့ သူမ ကျွန်တော့် ဘဝထဲမှ ထွက်ခွါသွားခဲ့သည်။ ထိုအချိန်က စလို့ ကျွန်တော့်ဘဝ သွေ့ ခြောက် အထီးကျန်ခဲ့ရသည်။ ညက နက်သထက် နက်လာသည့်နောက် သက်ပြင်း တချက်ကို လေးတွဲ့ စာ ချလိုက်ရင်း ကျွန်တော် အိမ်ပြန်ဖို့ ထရပ်လိုက်သည်။

ထိုအချိန်မှာပင် ကောင်းကင်က ကြယ်တစ်လုံး ကြွေကျသွားသည်ကို မြင်လိုက်ရသည်။ ကြယ်ကြွေသွားသည်ကို မြင်လျှင် လက်အုပ်လေးချီ မျက်လုံးလေးမှိတ်ကာ ဆုတောင်းတတ်သည့် သူမကို မြင်ယောင်မိပြန်သည်။ ကြယ်ကြွေတဲ့ အချိန် ဆုတောင်းရင် ဆုတောင်း ပြည့်သည်တဲ့။ သူဘာ ဆုတောင်းရမလဲ။ ဆုမတောင်း ကောင်းသည့် အရာတို့ ကို ဆုမတောင်းချင်တော့။ သူမ ဘဝလေး အေးအေးချမ်းချမ်း ရှိနေမယ် ဆိုရင် ကျွန်တော် ကျေနပ်ပြီ။ တကယ်တော့ သူမကို ချစ်ခဲ့သည့် အချစ်က ရယူလိုသည့် အချစ်မဟုတ်သလို ပေးဆပ်ခြင်းလဲမဟုတ် ဒီအတိုင်းလေး ချစ်နေရရုံနဲ့ ကျေနပ်နေနိုင်သည့် အချစ်မျိုးဖြစ်သည်။

ကျွန်တော် အိမ်ပြန်ရောက်တော့ သူမ ရှိမနေတော့သည့် အိမ်က အေးစက်သွေ့ ခြောက်စွာ ဆီးကြိုသည်။ ကျွန်တော် တိတ်ဆိတ်စွာပင် အိမ်ထဲ ဝင်လာခဲ့လိုက်သည်။ ထို့ နောက် ကျွန်တော် အိပ်ယာ ဝင်ခဲ့သည်။  မနက်ဖြန် များစွာကို ရင်ဆိုင်ဖို့ ကျွန်တော် အားမွေးရဦးမည်။ သေချာသည်ကတော့ တံခါးကို တဝုန်းဝုန်း ထုရင်း-

“မောင်... ထတော့လေ... ဘယ်အချိန်ရှိနေပြီလဲ။ မနက်စာပြင်ပြီးပြီ အေးကုန်ရင် စားမကောင်းဘဲ နေမယ် ထတော့နော်။ မြန်မြန် မျက်နှာသစ်လိုက် ကျော့ မောင့်ကို စောင့်နေမယ်နော် မောင်... နော်...”

စကားတို့ ကို ဆိုရင်း ကျွန်တော့်ကို အတင်းဆွဲထူတတ်သည့် မိမိမျက်စိဖွင့်လိုက်သည်နှင့် အနားကို ရောက်နေတတ်သည့် ချစ်စရာ ကောင်မလေး ဘယ်တော့မှ ပြန်လာတော့မည် မဟုတ်ပေ။ အတွေးတို့ ကို အဆုံးသတ် ကျွန်တော့် မျက်လုံးတို့ ကို မှိတ်လိုက်တော့ မျက်ခန်းထောင့်က အပူစီးကြောင်း တစ်ခု စီးဆင်းသွားသည်။ ထို့ နောက် ကျွန်တော် အိပ်ပျော်သွားသည်။ သူမ အပါအဝင် လောကကြီး တစ်ခုလုံးကို ကျွန်တော် တဒင်္ဂမေ့သွားသည်။ ကျွန်တော့် အတွက်တော့ အလွန်အေးချမ်းသည့် အချိန်လေးဖြစ်တော့သည်။

19 comments:

  1. ပုံပြောသွားတဲ့ ကောင်မလေးအကြောင်းလာဖတ်သွားပါတယ်..။

    ReplyDelete
  2. အဲလိုချစ်ပြီးမှဘာကြောင့်ခွဲပေးလိုက်ရတာလဲရှင်
    ဖြစ်တတ်ပါတယ်
    ဒါပေမယ့် ဒီလိုဇာတ်လမ်းလေးတွေကို မခံစားနိုင်လို့ပါ။

    ReplyDelete
  3. ဘာ...ကျော့မှာတာတွေကိုအတိအကျလိုက်နာနေတယ်..ဟုတ်လား....၊ဘီယာ
    မသောက်နဲ့ဆို မသောက်ဘူးပေါ့လေ..ဟုတ်လား....၊ဟွင်း....တနင်္ဂနွေနေ့ကပဲ
    သောက်ပြီးတော့...၊ကျော့နဲ့ပြန်တိုင်ပြောမယ်....:D

    ပုံ/ တနင်္ဂနွေနေ့က ဘီယာအတူသောက်ခဲ့သူ

    ReplyDelete
  4. ရေစက်ပါသလောက်ပေါ့ မောင်ညီရဲရေ။ အရာရာဟာ ဖန်တီးယူလို့မရဘူးဆိုတဲ့ သင်ခန်းစာလေးပဲ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  5. ဖတ်ပြီး တကယ်ချစ်ခဲ့တဲ့ ကောင်လေးအတွက် စိတ်မကောင်းဘူး။ မိန်းကလေးကိုယ်တိုင်က သတ္တိမရှိရင် မစွန့်စားသင့်ဘူး။ အချိန်မလွန်ခင် နောက်ဆုတ်သင့်တယ်။ အခုတော့ နှစ်ဦးလုံး ကြေကွဲရတာပဲ အဖတ်တင်တယ်။ ရေးထားတာကောင်းတော့ ဖတ်ပြီး စိတ်မကောင်းဘူး။

    ReplyDelete
  6. အင်းနော်
    ကျော့က တကယ်တော့ မှားတယ်လို့ ပြောရမယ်
    ကိုယ့်မှာလက်ထပ်မဲ့သူရှိနေရက်နဲ့ ကောင်လေးရဲ့အချစ်ကို လက်မခံသင့်ဘူး။ ၂ယောက်လုံးအတွက် ဝေဒနာတွေဖြစ်စေတယ်။
    ခုလိုလုပ်သွားတာက စလုံးမှာရှိနေတုန်း ခနတာ ရည်းစားကောက်ထားသွားပြီး အချိန်တန်တော့ လက်ထပ်ရမဲ့သူဆီ ပြန်သွားတာမျိုးဖြစ်နေတယ်။
    ကိုယ်မနိုင်တဲ့ဇာတ်ကို မကခဲ့သင့်ဘူးပေါ့။ ကျန်ရစ်သူမှာ ဝေဒနာတွေနဲ့ဖြစ်သွားခဲ့ပြီ။ သနားစရာ

    ReplyDelete
  7. ဒါမျိုးတွေလဲဖြစ်တတ်ပါတယ်ပေါ့ညီ။
    ဇာတ်ကွက်ကလေးကို ၀ထ္တုတို ကဏ္ဍထဲဝင်အောင် ချပြထားတာလေး။ ဇာတ်လမ်းအစပိုင်းကို မြုပ်ကွက်ထားထားပြီး
    ခပ်ပါးပါးလေးချပြထားပုံလေး။ အားပေးသွားပါတယ်ညီရေ။

    " မိစ္ဆာတွေထုံကူးတဲ့ အသိုက်အမြုံ
    နင်ချန်ရစ်လေမှ ကြုံတယ် "

    မိုးမြင့်တိမ်

    ReplyDelete
  8. စာေ၇းနိုင်ပါပေတယ်..ညီ၇ဲေ၇..ခ့စားသွားတယ်

    ReplyDelete
  9. အစ်ကို... အဲ့ဒါအစ်ကိုဇာတ်လမ်းတော့ မဖြစ်ပါစေနဲ့နော်.. အဲဒါမျိုးဆို မခံနိုင်ဘူး.. ၀မ်းနည်းတယ်.. အရမ်း.. :( .. ဘာလို့များ ကျော့က အဲ့လိုလုပ်ရလည်း မသိဘူးနော်.. မဖြစ်နိုင်ရင်လည်း မျော်လင့်ချက်တွေ မပေးခဲ့သင့်ဘူး.. ခုတော့... :(
    အရမ်းဝမ်းနည်းတယ်.. ဗြဲ... :(

    ReplyDelete
  10. ကောင်လေး ရင်ထဲမှာ ဘယ်လောက်ထိ ထိခိုက်နာကျင်နေမလဲဆိုတာ ကိုယ်ချင်းစာ နားလည်မိတယ်....

    (ဖတ်ပြီး စိတ်မကောင်းဖြစ်သွားတယ်)

    အင်ကြင်း

    ReplyDelete
  11. ရင်ထဲကို စူးစူးနင့်နင့်ပါပဲ...အကို...
    ဘဝဆိုတာ လိုသလိုမဖြစ်သလို အချစ်ဆိုတာကလည်း ထိန်းချုပ်ဖို့ ခက်ခဲတယ်လေ.... အဲလိုအဖြစ်မျိုးတွေနဲ့...ကင်းဝေပါစေလို့ ဆန္ဒပြုရင်း..

    ReplyDelete
  12. ချစ်သူတွေကွဲသွားတဲ့ဝတ္ထုကိုမဖတ်ချင်ဘူး Black ရေ

    ချစ်သူတိုင်းကိုပေါင်းဆုံစေချင်တယ်လေ...

    ဝတ္ထုဖတ်နေရင်းနဲ့ကိုရင်ထဲနင့်နေတာဘဲ...

    နဂိုထဲကမှလွမ်းနေရတဲ့အထဲ..။

    ReplyDelete
  13. အင်းး အင်းးဘာပြောရမလဲ .
    စလုံးမှာဒီပုံပြင်တွေက ဆင်တူယိုးမှား ဖြစ်ပျက်နေကြတာပဲ့
    တစုံတစ်ယောက်ရင်ကို တစုံတစ်ယောက်ကအစားထိုးကြတယ်ပေါ့
    ခံလိုက်ရတဲ့သူကတော့အီစိမ့်နေမှာပါ..
    သတ္တိရှိရင် လက်တွဲလိုက်စမ်းပါ ပုံပြင်တွေပြောပြမယ့်အစား
    မိဘစကားနားထောင်လို့ မိဘပေးစားတဲ့သူနဲ့ယူရပါမယ်ဆိုတာ ပုံပြင်ထဲမှာနေရစ်ခဲ့ပါပြီကွယ်း)

    ReplyDelete
  14. လာရောက်အားပေးသွားတယ်။ ကော်မန့်တွေ အားလုံးခံစားချက် တူပေမဲ့...မဒမ်ကိုးလေးကတော့ အဟီး ကိုရင့်ကိုဇွတ် အတင်းယူခဲ့ပြီး သက်သေပြခဲ့တော့ ပြောအားကောင်းနေတယ်။အဟီး.. မဒိုးကန် လို သတ္တိရှိကြဘို့ တိုက်တွန်းတယ်။ စာရေးသားလေးထဲ မျောပါသွားတယ်။
    အလွမ်းမြို့ကတော့ (အဆိုတော် လေးလေးဝါး ဆိုသလို ဆိုလိုက်မယ်...ဇွတ်ချစ်ကြကွယ် အချစ်စိတ်က သိပ်ပြင်းတယ်။) ပျော်ရွှင်ပါစေ

    ReplyDelete
  15. ချစ်ပြီးမှလမ်းခွဲရတာ ၊ ချန်ထားခံခဲ့ရတာ တကယ်ကို နာကျင်နေမှာပဲ။ စိတ်မကောင်းပါဘူး။ အချိန်က ကုစားသွားမှာပါ။

    ခင်တဲ့
    မေသိမ့်

    ReplyDelete
  16. ဟာဗျာ . . .
    အခု လတ်တလောမှာ လောလောလတ်လတ် တိုက်တိုက်ဆိုင်ဆိုင် ဖတ်ဖြစ်ရတယ်လို့။ ကျနော်လည်း ဒီလို အဖြစ်မျိုးနဲ့များ ကြုံမိနေမလား မသိဘူး။ ကံပေါ့လေ။

    ReplyDelete
  17. မိဘတွေရဲ့ ကျေးဇူးခံ၊ ကျေးဇူးစား အဖြစ်က သားသမီးတွေအပေါ် လာပြီး တင်နေတာ..၊ သားသမီးတွေကလည်း အဲဒီ 'ဝန်' ကို မထမ်းချင်ဘဲနဲ့ ဇွတ်မှိတ် လက်ထပ်လိုက်ရတာ..၊ အဲဒီအဖြစ်မျိုးတွေ ကျနော်တို့ လူ့အဖွဲ့အစည်းမှာ လုံးဝ ကင်းရှင်းသွားဖို့ပဲ ဆုတောင်းရတော့မယ် ထင်ပါရဲ့ဗျာ၊ တကယ်ဆို မိဘနဲ့ သားသမီးကြားမှာက နားလည်ပွင့်လင်းမှုရယ်၊ လူငယ် နှစ်ယောက်ကြားမှာတော့ အချစ်စစ်ရယ်.. ဒါပဲလိုတာ မဟုတ်လား၊ ညက်ညောတဲ့ အရေးအသားမို့ ဖတ်လို့ကောင်းပါတယ်...။

    ReplyDelete