Thursday 13 October 2011

တခါတုန်းက သီတင်းကျွတ်

ဟိုအရင်နှစ်တွေက ဆိုရင် သီတင်းကျွတ်က မသိလိုက် မသိဘာသာ ကျော်သွားလေ့ ရှိသည်။ ကျော်သွားခါမှ သြော်... သီတင်းကျွတ်တောင် ကျော်သွားပါလားလို့ သတိထားမိတယ်။ ဒီနှစ်တော့ ဘလော့ဂါ မိတ်ဆွေတွေ ကောင်းမှုနဲ့ သီတင်းကျွတ်ပြီ ဆိုတဲ့ အကြောင်းကို အချိန်မှီ သိခွင့်ရခဲ့သည်။ အဲဒီတော့ ဘလော့ဂါ မိတ်ဆွေတွေလို ပိုစ့်လေးတစ်ပုဒ်လောက် ရေးဖို့ စိတ်ကူးပေါ်လာသည်။

သီတင်းကျွတ်ပြီ ဆိုသည်နှင့် စိတ်က ရွာကို ပြန်ရောက်သွားသည်။ ခုချိန်ဆိုရင် ရွာမှာ သီတင်းကျွတ်အတွက် ဘာတွေ ပြင်ဆင်နေပြီလဲ၊ ဘယ်လို အစီအစဉ်တွေ လုပ်ထားလဲ စသည်ဖြင့် သိချင်လာသည်။ ဒီတော့ ရွာကို ဖုန်းဆက်ကြည့်လိုက်သည်။ ဒီနှစ် သီတင်းကျွတ် မီးထွန်းပွဲတော် အတွက် အစီအစဉ်များကို သိခွင့်ရတော့ အားရ ကြည်နူးမိသည်။ မိမိ ကိုယ်တိုင် ဝင်ဆင်နွဲခွင့် မရသည့် အတွက်လဲ အားမလို အားမရဖြင့် စိတ်မကောင်း ဖြစ်မိသည်။ ဒီတော့ ကိုယ်ကိုယ်တိုင် ပါဝင် ဆင်နွဲခဲ့သည့် ငယ်ဘဝ သီတင်းကျွတ် မီးထွန်းပွဲတော်များကို ပြန်မြင်ယောင်မိသည်။ အတွေးတို့ က အတိတ်ကို တရစ်ဝဲဝဲဖြင့် တဖန် ပြန်ရောက် သွားသည်။

သီတင်းကျွတ် ကျောင်းပိတ်ရက် ရောက်ပြီ ဆိုလျှင်ကျွန်တော် အလွန်ပျော်လေ့ ရှိသည်။ သီတင်းကျွတ်ပြီ ဆိုလျှင် အကျီင်္သစ်၊ ဘောင်းဘီ(သို့ ) ပုဆိုးသစ်များကို အမေက ဝယ်ပေးလေ့ ရှိသည်။ ထို့ ပြင် မိဘ၊ ဘိုးဘွားနှင့် ဦးလေး၊ အဒေါ်များကို ကန်တော့လျှင် မုန့် ဖိုး မျိုးမျိုးမြက်မြက် ရလေ့ရှိသည်။ ထိုမုန့် ဖိုးများဖြင့် ဗျောက်အိုးများ၊ မီးပန်းများ၊ မီးပုံးများ ဝယ်ယူကာ ကစားလေ့ရှိသည်။ နောက်ထပ် ကျွန်တော် သဘောကျသည့် အချက်တချက်မှာ ဖခင် ဖြစ်သူ၏ အမျိုးများ ရှိရာ တောရွာမှ ပေးပို့ လိုက်သော မုန့် ဖက်ထုပ်၊ မုန့် ဆီကြော်၊ အောင်ဗလ စသည့် ရိုးရာ မုန့် များကို စားရခြင်း ဖြစ်သည်။ အခုလို အခါကြီး ရက်ကြီးများတွင်မှ စားရတတ် ခြင်းကြောင့် သီတင်းကျွတ် မီးထွန်းပွဲတော်သည် ကျွန်တော့် အတွက်တော့ အလွန် နှစ်လိုဖွယ် ကောင်းသော ပွဲတော်တစ်ခု ဖြစ်သည်။

ဆင်တဲရွာကလေးသည် ဧရာဝတီမြစ် အနောက်ဘက် ကမ်းနဖူးတွင် တည်ရှိသည့် ဆိတ်ငြိမ် အေးချမ်းသည့် ရွာကလေးဖြစ်သည်။ ထိုဒေသတဝိုက်တွင် သီတင်းကျွတ် မီးထွန်းပွဲတော်ကို အစည်ကားဆုံး အခမ်းနားဆုံး ပြုလုပ်လေ့ရှိသည်က ကျွန်တော်တို့ ဆင်တဲ(မြောက်ပိုင်း) ရပ်ကွက် ဖြစ်သည်။ ကျွန်တော်တို့ ရပ်ကွက်လေးသည် ရပ်ကျိုး၊ ရွာကျိုးနှင့် ပတ်သက်လျှင် အလွန် တက်ညီ၊ လက်ညီ ရှိလှသဖြင့် လူညီသည်ဟု ဆိုရမည်။ သီတင်းကျွတ် မီးထွန်းပွဲတော် နီးလာသည်နှင့် ပွဲတော်အတွက် ပြင်ဆင်ကြရသည်။ ရပ်ကွက်ထဲမှ ကာလသား၊ ကာလသမီး၊ လူပျို၊ အပျိုများ မိမိတို့ ဆိုင်ရာ ဆိုင်ရာ တာဝန်များ ခွဲဝေ ယူကြရသည်။ မီးထွန်းရန် အတွက် ကာလသား လူငယ်များ ရပ်ကွက် လမ်းမကြီး ဘေးတဘက် တချက်တွင် ကျင်းများတူးပြီး တိုင်များ စိုက်ကြသည်။ ထို့ နောက် ကာလသမီးများ ပြင်ထားသည့် မီးပုံးများကို ဝါးလုံးများတွင် သီပြီး တိုင်များတွင် ချိတ်ကြသည်။ ရပ်ကွက် အတွင်း ဒီဘက်ထိပ်ရှိ မုခ်ဦးမှ ဟိုဘက်ထိပ် မုခ်ဦးထီ သွယ်တန်းသွားသော မီးပုံးများမှာ ညအချိန်ရောက်လျှင် အလွန်လှပ လှသည်။ မီးရောက်စုံ သွယ်တန်းနေသည့် လမ်းမကြီး တဘက်တချက်ရှိ အိမ်များမှ မီးပုံးများ၊ မီးအိမ်များ ထွန်းညှိလိုက်သည့် ညအချိန်သည် အလွန်လှပ ရှုမငြီးဖွယ် ဖြစ်သည်။

ကျွန်တော်တို့ အရပ်ဒေသတွင် အထူခြားဆုံးနှင့် အစည်ကားဆုံး ဖြစ်သည့် ဆီမီးတစ်ထောင် မျောခြင်းကို ကျွန်တော်တို့ ရပ်ကွက်က နှစ်စဉ် ပြုလုပ်လေ့ ရှိသည်။ ဧရာဝတီမြစ်အတွင်း ဆီမီးမျောခြင်း ဖြစ်သည်။ ဆီမီး တစ်ထောင်ဟု ဆိုသော်လဲ တစ်ထောင့်ငါးရာ၊ နှစ်ထောင်ခန့် မျောလေ့ ရှိသည်။ အနီးအနားရှိ ကျေးရွာများ၊ ရပ်ကွက်များမှလဲ လာရောက် ကြည့်ရှုလေ့ ရှိသဖြင့် ကမ်းလုံးညွှတ်မျှ စည်ကားလှသည်။ ဆီမီးတစ်ထောင် မျောရန်အတွက် သီတင်းကျွတ် မရောက်မီကပင် ပြင်ဆင်ကြရသည်။ ကာလသားများက ဆီမီးတိုင်များ လုပ်ရန်အတွက် သစ်ခုတ်ခြင်း၊ သစ်ခွဲခြင်းများကို လုပ်ရသည်။ ငှက်ပျောပင်များ ခုတ်ကာ ငှက်ပျောတုံးများကို အတုံးသေးသေး လေးများ တုံးရသည်။ ကာလသမီးများနှင့် ကလေးများက ပိတ်စများကို ညှပ်ခြင်း၊ ကာလသာများ လုပ်လိုက်သည့် မီးတိုင်များထိပ်တွင် ပိတ်စများကို ချည်ခြင်း၊ ငှက်ပျောခွံခွါခြင်းများ ပြုလုပ်ရသည်။ ထို့ နောက် ကာလသားများက ပိတ်စချည်ပြီးသား မီးတိုင်များကို ဆီစိမ်ကြရသည်။

ဆီမီး မျောသည့် နေ့ ရောက်ရင်တော့ အလွန်ပျော်ဖို့ ကောင်းလှသည်။ ညနေဘက် ရောက်သည်နှင့် ဆီမီးမျောရန် အတွက် စက်လှေများ ကမ်းစပ်တွင် အစီအရီ ဆိုက်ကပ် ထားသည်။ ဒိုးပတ်ဝိုင်းတင်ထားသည့် စက်လှေ နှစ်စီးက မြစ်အတွင်း လှည့်ပတ်ဖျော်ဖြေ နေသည်။ ဆီမီးမျောမည့် အပျိုများကလဲ ဖီးလိမ်း ပြင်ဆင်ပြီး မြစ်ကမ်းပါးသို့ ဆင်းလာကြသည်။ ထို့ နောက် ဆီမီးတိုင်များ တင်ထားသည့် စက်လှေများက မြစ်ကမ်းနှင့် မလှမ်းမကမ်းမှ ဆီမီးတိုင်များကို မြစ်အတွင်း မျောလိုက်လျှင် စီတန်းပြီး မျောလာသည့် ဆီမီးတိုင်များကို ကြည့်နေသည့် မြစ်ကမ်းနဖူးမှ လူများက လက်ခုပ်လက်ဝါးများ တီးကာ အားပေး ကြသည်။ စက်လှေနှစ်စင်း ပေါ်က ဒိုးပတ်ဝိုင်းများကလဲ မြိုင်မြိုင်ဆိုင်ဆိုင် တီးမှုတ်ကခုန်သံနှင့် မြစ်ကမ်းပါး တလျောက် ကြည့်နေသည့် လူပရိသတ်များက လက်ခုပ်လက်ဝါးတီးသံ၊ လက်ခေါက်မှုတ်သံများက ခုထိပင် နားထဲ ပြန်ကြားယောင်လာသလို ခံစားရသည်။ ထိုကဲ့သို့ သော ပွဲမျိုးဖြင့် ဝေးနေသည်မှာ တော်တော်ကြာပြီ ဖြစ်သည်။ 

ဆီမီးမျောပွဲပြီးနောက် လူပရိသတ်များ ကျွန်တော်တို့ ရပ်ကွက်က ဦးစီးကျင်းပသော ဇာတ်ပွဲကြည့်ရန် သွားကြသည်။ ဇာတ်ပွဲကြည့်ရသည်မှာလဲ အလွန်ပျော်ဖို့ ကောင်းလှသည်။ ကိုယ့်ရပ်ကွက်ထဲမှ လူများ ပြန်ကခြင်းကြောင့် ကြည့်ကာ တသောသောနှင့် ရယ်မောနေရသည်။ ဟင်... ဦးတောက ဇာတ်ဝင်ကနေပါလား... အံမယ် ဒေါ်ဝင်းက မင်းသမီး အမေ ဆိုဘဲ... စသဖြင့် မိမိ အသိများ ဖြစ်နေသဖြင့် ပိုမို အော်ဟစ် အားပေးကြသည်။ ထိုဇာတ်ပွဲကသည့် အကြောင်းကို နောက်တစ်လ၊ နှစ်လလောက်အထိ ပြောမပြီးတော့ပေ။ ကိုဖိုးလုံးကြီးပေါ့... အချစ်ရဲ့ ခောတ်သစ်လူမိုက် လို့ အော်ပြီး ဒိုင်းကနဲ သေနတ်ဖောက်တာ စနက်တံက မပေါက်တော့ အချစ်ရဲ့ ခောတ်သစ်လူမိုက် ဖွတ်လို့ မြည်တော့ ရှက်သွားတာလေ၊ ဘယ်သူက ဘယ်လိုလေ စသဖြင့် ပြောမဆုံးပေါင် တောသုံးထောင် ဖြစ်နေတော့သည်။ ထို့ ကြောင့် သီတင်းကျွတ် မီးထွန်းပွဲတော်က ကျွန်တော်တို့ အတွက် အလွန်နှစ်လိုဖွယ် ကောင်းလှသော ပွဲတော်တစ်ခု ဖြစ်ပါတော့သည်။ သီတင်းကျွတ် မီးထွန်းပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရန် အတွက် တစ်ရပ်ကွက်လုံး တက်ညီလက်ညီ လုပ်ကိုင်ကြရသည်။ ခုဆိုရင် ရေခြား၊ မြေခြား ရောက်နေသည့် ကျွန်တော်လဲ ရပ်ကျိုးရွာကျိုး ဘာမှ မသယ်ပိုးနိုင် ဖြစ်နေသည်။ ထို့ အတွက်လဲ ဆရာကြီး မင်းသုဝဏ်၏ သူ့ မှာတမ်း ကဗျာထဲမှ စကားတစ်လုံးကို ငှားသုံးရလျှင်ဖြင့် သူငယ်ချင်းများ၊ ရပ်မိရပ်ဖများနှင့် ရွာကလေးကို အားနာလှပါသည်။

18 comments:

  1. ညီရဲသစ်ရေ...ဂျက်လဲညောင်ရွှေမြို့လေးကိုလွမ်းတယ်သိလား
    အရမ်းကိုပျော်ဖို့ကောင်းတာ ဖော်တော်ဦးကလဲစည်ကားတာမပြောနဲ့တော့
    အဖွားက အင်းသူဆိုတော့ကျောင်ပိတ်တာနဲ့ ညောင်ရွှေဆင်းတော့တာပဲ
    ခုထိဆွေမျိုးတွေအဲဒီမှာ အများကြီးပဲလေ..သူတို့က
    တန်ဆောင်မုန်းလဆိုရင်တော့တောင်ကြီးတန်ဆောင်တိုင်ပေါ့ အိမ်ကိုလာကြတယ်....ညီရဲရဲ့စာကိုဖတ်ပြီးပြန်ချင်လိုက်တာ....
    ကိုယ့်ဒေသကိုတော့လူတိုင်းလွမ်းကြတယ်နော်...တစ်နေ့နေ့ပေါ့

    ReplyDelete
  2. သီတင်ကျွတ်ကိုတော့မိုးလည်းအနှစ်သက်ဆုံးပွဲတော်ပါ။မီသီအလှဆင် ဆီမီးတွေထွန်းနဲ့ တကယ့်ပျော်စရာကောင်းခဲ့တာ...ခုတော့တစ်ယောက်တည်းဘာဖြစ်တာမှတ်လို့ ကိုယ့်ကိုယ်အဝတ်စားသစ်ဝယ်ဝတ်ပလိုက်တယ်။အဲ့ဒီလိုနေ့ထူးရက်တိုင်း အသစ်ဝတ်ချင် မိုးရောဂါကလည်းမသေးဖူး. ဘာပြောပြောဒီမှာ မြန်မာ့ဓလေ့တွေရှိနေတာကျေနပ်စရာပါနော်

    ကိုယ်စိတ်နှစ်းပါးအေးချမ်းပြီး
    သာယာချမ်းမြေ့ပါစေ...
    မိုး

    ReplyDelete
  3. မီးမျောပွဲရှိတယ်လား....အတော်ပဲ နောင်နှစ်သီတင်းကျွတ်မှလာလည်ရမယ်...:)

    ReplyDelete
  4. ဆီမီးတစ်ထောင် မျောတာတွေ့ဖူးချင်လိုက်တာ.. အရမ်းလှပါနော်... ကန်ဒီ တခါမှ မတွေ့ဖူးဘူး... >.<
    တော်သေးတာပေါ့.. သီတင်းကျွတ်ကယ်ပေလို့.. နို့မို့ ပိုစ့်အသစ်တွေ့ရမှာ မဟုတ်ဘူး.. :P
    ဒါနဲ့အစ်ကို ဘယ်တော့စားရမလဲ... :P (အိမ်ထောင်မရှိလောက်ဘူး ထင်လို့... မှန်ခဲ့ရင် မုန့်ကျွေးရန် :P )

    ReplyDelete
  5. အို...မြောက်ပိုင်းလူညီချက်ကတော့ပြောမနေနဲ့ ဝုန်းဆို ဘယ်သူရိုက်လိုက်မှန်းတောင်မသိလိုက်ရဘူး :P အဲလေ ဝုန်းဆို အကုန်ထလိုက်ကြတာပြောပါတယ် :)

    ဖိုးကြယ်

    ReplyDelete
  6. တစ်ရွာနဲ့တစ်ရွာဓလေ့မတူတော့
    ဗဟုသုတတစ်မျိုးတိုးတာပေါ့ရှင်
    ဒီနှစ်မကြုံလဲနောက်နှစ်တော့ကိုယ်တိုင်ပါဝင်ခွင့်ရမှာပါ
    ပျော်ရွှင်ချမ်းမြေ့ပါစေရှင်
    ချစ်ခင်စွာဖြင့်

    ReplyDelete
  7. ဆီမီးတစ်ထောင်ကို မျှောလိုက်ရင် မြစ်ပြင်တစ်ခုလုံ လင်းထိန်ပြီး သိပ်လှမှာပဲ။မြန်မာ့ဓလေ့လေးတွေဖတ်ပြီး ကြည်နူးသွားတယ်။

    ခင်တဲ့
    မေသိမ့်

    ReplyDelete
  8. သီတင်းကျွတ်လေးကို သတိ၇မိပါတယ်..ဖတ်လိုက်၇တာ

    ReplyDelete
  9. သီတင်းကျွတ်ဆို ကိုယ့်ရပ်ကိုယ့်ရွာပဲပျော်တတ်ကြတာကိုး...။

    ReplyDelete
  10. black ရေးထားတာဖတ်ပြီး
    ငယ်ငယ်ကသီတင်းကျွတ်ပျော်ခဲ့ရတာတွေ
    ပြန်လွမ်းမိပါရဲ့လေ..

    ReplyDelete
  11. ...သြော် ..လွမ်းရပါလား သီတင်းကျွတ်ရယ်....
    အကိုရေ ဖတ်ခွင့်ရလို့ ကျေးဇူးပါလို့...

    ReplyDelete
  12. အိမ်မရောက်တာ ဘယ်လောက်ကြာကြာ ကိုယ့်ရပ်ရွာက အမှတ်ရစရာတွေကိုတော့ ဘယ်တော့မှ မမေ့သလို အမြဲတမ်းလဲ သတိရပါတယ်
    သီတင်းကျွတ်ပွဲကတော့ ထိပ်ဆုံးကပေါ့
    အပျော်ဆုံးပွဲလို့ ဆိုရမလိုပါဘဲ
    သင်္ကြန်ထက်တောင် သီတင်းကျွတ်က အစ်မတို့ဆီမှာ ပိုစည်ကားတယ်

    ReplyDelete
  13. ဆီမီးတစ်ထောင် မျောတာတွေ့ဖူးချင်လိုက်တာ...။
    ဒေသတစ်ခုစီရဲ့ ကွဲပြားတဲ့ ချစ်စရာ ဗမာ့ဓလေ့လေးတွေ ဖတ်ရတာ ဗဟုသုတရတယ်။

    ReplyDelete
  14. ရေးတတ်တဲ့သူတွေ ရေးလိုက်တော့လည်း သီတင်းကျွတ်လေးက အနှစ်အရသာ ပြည့်စုံလို့ ဗျာ။ ကျနော်ကတော့ ခပ်ပေါပေါ့ပဲမို့ ... ဟီးဟီး။ လာအားပေးသွားတာ ကျေးဇူးနော်။

    ReplyDelete
  15. မြစ်ကျိုးအင်း14 October 2011 at 22:43

    သီတင်းကျွတ် ပွဲတော်တွေ ပြန်မြင်ယောင်တော့ ကိုယ့်မြို့ကိုယ့်ရွာလေးကို သတိရမိတယ်။ ဆီမီးမျောပွဲတော်ကို မရောက်ဖူးဘူး။ ကြုံချင်သေးတယ်။ ကြည်နူး ပျော်ရွှင်ဖို့သိပ်ကောင်းမှာပဲ။

    ReplyDelete
  16. ချစ်စရာ ဓလေ့လေးပဲ ကိုရဲ တိုဲ့ရွာလည်း ကျနော်တို့ကတော့ မြစ်နဲ့ မနီးတော့ ဆီမီးမျှောတာတွေ မရှိဘူးဗျ သီတင်းကျွတ်ပြီဆိုရင်တော့ ပွင့်လင်းရာသီမို့ စည်ကားတာတော့ အမှန်ပဲ ။

    ReplyDelete
  17. ညီရဲရဲ့စာကို ဖတ်ပြီး ဘုန်းဘုန်းတို့ဘက်က သီတင်းကျွတ်ပွဲတော်ကို ပြန်မြင်ယောင်နေမိပါရဲ့။ ဘုန်းဘုန်းတို့ဘက်ကျတော့ မြစ်တွေ၊ ဘာတွေ မရှိတော့ ရောင်စုံပလပ်စတစ်ခွက်ထဲမှာ ဖယောင်းတိုင်ထွန်းပြီး ကြိုးနဲ့သီပြီး တိုင်နဲ့ ချီထားလိုက်တယ်။ ကာလသား၊ သမီးတွေက တစ်တိုင်စီကိုင်ပြီး ဘုန်းကြီးကျောင်းကို နှစ်ပတ်သုံးပတ်လှည့်လိုက်တယ်။ အတီးအမှုတ်တွေနဲ့ပေါ့။ အရမ်းပျော်ဖို့ ကောင်းတယ်နော်။ ညီရဲတို့ ဒေသက သီတင်းကျွတ်ပွဲကိုလည်း မြင်ဖူးချင်သေးတယ်။ နောက် သီတင်းကျွတ်ရင် လိုက်လည်မယ်နော်။

    ReplyDelete
  18. တိုင်ဆိုတာက ဖြတ်ထားတဲ့ ၀ါးလုံးတွေရဲ့ထိပ်မှာ ကြိုးနဲ့ချီထား၊ အဲဒီကြိုးပေါ်မှာ ပလပ်စတစ်ဆီမီးတွေကို ချိတ်ထားလိုက်တယ်။ ခုနက ပြောတာ မရှင်းမှာစိုးလို့ ထပ်ပြောခြင်းဖြစ်တယ် ကိုညီရဲရေ။

    ReplyDelete