Tuesday 11 October 2011

ဧရာဝတီအတွက် ဆေးတစ်ခွက်

ဒီရှုခင်းကတော့ ကျွန်တော်တို့ ဆင်တဲကနေ နဝဒေးတံတားကြီးကို လှမ်းမြင်နေရတဲ့ပုံပါ

ဆင်တဲ ဈေးထိပ်ရှိ လက်ဖက်ရည် ဆိုင်ကလေးအတွင်းသို့ လူတစ်ယောက် ဝင်လာသည်။ ထိုသူ ဝင်လာ သည်ကို မြင်တော့ လက်ဖက်ရည်ဆိုင်အတွင်း ဝိုင်းတစ်ဝိုင်းမှ လူတစ်ယောက်က လှမ်းခေါ်လိုက်သည်။ ထိုသူ စားပွဲဝိုင်းတွင် ဝင်ထိုင်လိုက်သည်နှင့် လှမ်းခေါ်သည့် လူက မေးလိုက်သည်။

“ဘာတွေ သတင်းထူးသေးလဲ ဦးကျော်”
“သတင်းကတော့ ထူးတယ် မောင်သက်ထွန်းရေ...။ ဒီနေ့ မနက်က နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က ဒီမြစ်ဆုံ စီမံကိန်းကို မိမိအစိုးရ လက်ထက်တွင် ရပ်ဆိုင်းထားပါမည် ဆိုတဲ့ အကြောင်းကို လွှတ်တော်ကို သဝဏ်လွှာ ပေးပို့ လိုက်တယ်”
“ဟာ... ဟုတ်လား။ ဒါသတင်းကောင်းပဲ ဦးကျော်...။ ကျွန်တော်တို့ ပြည်သူလူထု အားလုံးက ဒါကို မျှော်လင့် နေတာ မဟုတ်လား”
“အဲဒီလိုလဲ မဟုတ်သေးဘူး မောင်သက်ထွန်း သူတို့ က ရပ်ဆိုင်းတယ်လို့ ပဲ ပြောသေးတာ။ ဖျက်သိမ်းတယ်လို့ မပြောသေးဘူး။ ဒါပေမယ့် ဘာဖြစ်ဖြစ်ပေါ့ ပြည်သူလူထု ဘက်က ခြေတစ်လှမ်း လှမ်းလိုက် နိုင်တယ်လို့ ဆိုရမှာပေါ့”
“ဒီအစိုးရလက်ထက်မှာ ရပ်ဆိုင်းထားမယ် ဆိုတော့ ငါးနှစ်ဘဲ ရပ်ဆိုင်းထားမယ် ဆိုတဲ့ သဘောပေါ့”
“သူတို့ ထဲမှာလဲ မညီမညွှတ်တွေ ဖြစ်နေတယ် ထင်တယ်။ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းက ကျွန်တော်တို့ ဘာဖြစ်ဖြစ် နောက်မဆုတ်ပါဘူး။ ဆက်လုပ်မှာပါ ဆိုတဲ့ စကားပြောပြီး မကြာခင်မှာဘဲ သမ္မတကြီးက ဒီလို ရပ်ဆိုင်းကြောင်း ကြေညာတယ် ဆိုတော့ စဉ်းစားစရာပေါ့”
“ဒီဇော်မင်းက ဘာသိတာ မှတ်လို့ ဦးကျော်ရာ...။ သူပြောသွားတဲ့ စကားကလဲ သိတဲ့ အတိုင်းပဲလေ ပြည်သူလူထုကို လူမထင်တဲ့ အပေါက်မျိုးပြောသွားတာ”
“ဒါပေါ့ကွ... စကားအပြောမတတ်တော့ ဆဲသလို ဆိုတာ။ တကယ်တော့ ဒီလူက လူပုံအလယ်မှာ ပြည်သူလူထု တရပ်လုံးကို ဆဲသွားတာနဲ့ အတူတူပဲကွ”
“အင်း... စောင့်တော့ ကြည့်ရဦးမှာပေါ့။ ဘာဖြစ်ဖြစ် ဒီသတင်းကတော့ အခြေအနေကောင်းဘက်ကို ဦးတည်လာတယ်လို့ ပြောရမှာပေါ့”
“ဒါပေါ့ စောင့်ကြည့်ရမှာပေါ့”

လက်ဖက်ရည် ဆိုင်လေးထဲတွင် လူများ သူ့ အမြင် ကိုယ်အမြင် ဖလှယ်ရင်း ဆွေးနွေးနေကြခြင်း ဖြစ်သည်။ ခုတလော လူများစုစု စုစုဖြင့် ဧရာဝတီမြစ် သတင်းများကို ပြောဆိုဆွေးနွေး ဖြစ်ကြလေ့ရှိသည်။ လူများ ကတော့ ထင်ကြေး အမျိုးမျိုးဖြင့် ကိုယ်ထင်ရာ မြင်ရာကို ပြောဆိုနေကြ၏။

“မြေး... သောက်လို့ ပြီးပြီလား...။ ပြန်ကြရအောင်...”
“ဘိုးဘိုး... ခဏနေပါဦး။ သူတို့ ဧရာဝတီမြစ် အကြောင်း ပြောတာလေး ခဏလောက် နားထောင်ရအောင်”
“ဘာလဲ မြေးက စိတ်ဝင်စားလို့ လား”
“အင်းပေါ့... ဘိုးဘိုးရ...။ ခုတလော လူတွေ ဧရာဝတီမြစ် အကြောင်း ပြောနေကြတာ ကြားတယ်။ ဧရာဝတီမြစ် ဘေးမှာ နေတဲ့ လူတစ်ယောက် အနေနဲ့ မြေးလဲ သိထားသင့်တာပေါ့”

မြေးဖြစ်သူ၏ စကားကို နားထောင်ပြီး ဦးသာအောင် တစ်ယောက် ခေါင်းတဆတ်ဆတ် ညိတ်ရင်း ကျေနပ်ပြုံးလေး ပြုံးမိသည်။ လူငယ် ဖြစ်ပေမယ့် မြေးဖြစ်သူ၏ စူးစမ်းလိုစိတ် ရှိပုံကိုလဲ သဘောကျမိသည်။

“မြေး... သိချင်ရင် ဘိုးဘိုး ပြောပြမှာပေါ့...”
“တကယ်လား... ဘိုးဘိုး...”
“တကယ်ပေါ့ မြေးရ...။ လာသွားကြမယ်။ လမ်းလျှောက်ရင်း ပြောကြတာပေါ့”

မြေးဖြစ်သူ၏ လက်ကိုဆွဲရင်း ဦးသာအောင် လက်ဖက်ရည်ဆိုင် ထဲမှ ထွက်လာခဲ့လိုက်သည်။ ထို့ နောက် မြစ်ဆိပ်ဘက်သို့ မြေးဖြစ်သူကို ခေါ်ဆောင်လာခဲ့ လိုက်သည်။

“ဘိုးဘိုး... လမ်းက ဒီဘက်မှာလေ”
“မြစ်ကမ်းပါဘေးက လမ်းလျှောက်ရင်း ပြန်ကြမယ်... မြေး...။ လေညင်းခံရင်း မြေးသိချင်တာတွေကို ပြောပြတာပေါ့။ ဧရာဝတီမြစ် အရေးကို မြေးစိတ်ဝင်စားတာ မြင်တော့ ဘိုးဘိုး ဝမ်းသာတယ်”

“ဘာဖြစ်လို့ လဲ... ဘိုးဘိုး...”

“ဘာဖြစ်လို့ လဲ ဆိုတော့ မြေးငယ်သေးတယ် ဆိုပေမယ့် ရှေ့နှစ်ဆိုရင် ရှစ်တန်းတက်တော့မယ်။ ဒီတော့ ငယ်တယ် ဆိုပေမယ့်လို့ ထင်သလောက် မငယ်တော့ဘူး။ လောကကြီးထဲမှာ ကိုယ်တိုင် မလုပ်နိုင်သေးပေမယ့် သိထားသင့်တာတွေကိုတော့ သိထားသင့်တဲ့ အရွယ် ရောက်နေပြီ။ ပြီးတော့ ဒီလို စူးစမ်း လေ့လာလိုစိတ် ရှိတဲ့ လူငယ်တွေကို ဘိုးဘိုး သဘောကျတယ်။ ဘာဖြစ်လို့ လဲ ဆိုတော့ လူငယ်ဆိုတာက အနာဂတ် တိုင်းပြည်ရဲ့ အင်အားလေ”

“ဟုတ်ကဲ့... ဘိုးဘိုး...။ ကျွန်တော် မှတ်ထားပါ့မယ်။ ဒါပေမယ့် ဘိုးဘိုး... တချို့ လူကြီးတွေက လူငယ်တွေကို အရာမသွင်းချင်ကြဘူး”

“ဟုတ်တယ်... မြေး... အဲဒီလို လူတွေလဲ ရှိတယ်။ တကယ်တော့ အဲဒီ လူတွေက လူငယ်တွေကို အရာမသွင်း ချင်စိတ်နဲ့ တိုင်းပြည်ရဲ့ အားတွေကို ဖြုန်းတီး ပစ်ချင်နေကြတာ”

မြစ်ပြင်ကို ဖြတ်၍ တိုက်ခိုက်လာသော လေက မြစ်ရေပြင်ကို လှိုင်းကြက်ခွပ်လေးတွေ ပြေးစေပြီး သူတို့ မြေအဖိုးကို ထိတွေ့ ဆော့ကစားသွားသည်။ သန့် ရှင်းလတ်ဆတ်သော လေကို ရူရှိုက်လိုက်ရသောကြောင့် လူတကိုယ်လုံး လန်းဆန်းပေါ့ပါး သွားသည်။ ဧရာဝတီမြစ်၏ ညနေခင်း ရှုခင်းကတော့ ပန်းချီကား တစ်ချပ်လို လှပအသက်ဝင် နေသည်။

“မြေး... ဧရာဝတီ မြစ်ကြီးကို ကြည့်စမ်း... မြေးမျက်စိထဲ ဘယ်လို မြင်သလဲ...”

“မြစ်ထဲမှာ အဝတ်လျှော်၊ ရေချိုးနေတဲ့ သူတွေ၊ ကောင်းကင်ပြာပြာကြီး နောက်ခံနဲ့ ငါးဖမ်းနေတဲ့ တံငါလှေတွေ၊ ရေစုန်ရေဆန်ကို တရွေ့ ရွေ့ နှင်နေတဲ့ လှေ၊ သင်္ဘောတွေ၊ ဝင်လုလု နေရောင်ဖြာကျနေတဲ့ သောင်ခုံ၊ အိပ်တန်းတက်ဖို့ ပြန်လာနေတဲ့ ရေဘဲ၊ ဟင်္သာငှက်အုပ်တွေနဲ့ သာယာလှပနေတဲ့ မြစ်ကြီးတစ်စင်းလို့ မြင်တယ်... ဘိုးဘိုး...”

“တော်တယ် ငါ့မြေး တော်တယ် ကြည့်တတ်မြင်တတ်တယ်”

“မြစ်ဘေးမှာ မွေးကတည်းက နေလာတဲ့ လူတစ်ယောက် အနေနဲ့ ဒီမြစ်ကြီးရဲ့ အသုံးဝင်ပုံနဲ့ အလှအပတွေကို ခံစားနားလည် နိုင်ပါတယ် ဘိုးဘိုးရယ်။ ကျွန်တော်မှ မဟုတ်ပါဘူး။ ဒီမြစ်ကြီးဘေးက မြို့ ၊ ရွာတွေမှာ နေတဲ့ ဘယ်သူမဆို သိနိုင်ပါတယ်”

“ဟုတ်တယ်... မြေး... ဒီမြစ်ကြီး ဘေးမှာ နေတဲ့ မြို့ ၊ ရွာတွေက လူတိုင်းလိုလို ဒါကို သိကြတယ်။ ပြီးတော့ ဒီဧရာဝတီမြစ်ကြီးနားမှာ မနေပေမယ့် ဒီမြစ်ကြီးရဲ့ အသုံးဝင်ပုံကို သိတဲ့သူတွေ ရှိသလို မသိသူတွေလဲ ရှိကြတယ်။ ဒါကြောင့် ဘိုးဘိုးတို့ လို သိတဲ့သူတွေက မသိတဲ့ သူတွေကို ရှင်းပြရမဲ့ တာဝန်ရှိတယ်။ ဘာကြောင့်လဲ ဆိုတော့ ခုဒီဧရာဝတီမြစ်ကြီး စဖြစ်လာတဲ့ မြစ်ဆုံနေရာမှာ ရေကာတာကြီး ဆောက်လုပ်နေတယ်။ ရေကာတာကြီး ဆောက်လုပ်ပြီးသွားရင် ဒီမြစ်ကြီးက ခုလို လှပနေနိုင်မှာ မဟုတ်သလို မြစ်ကမ်းပါး တလျှောက် သူ့ ကို မှီခိုနေထိုင်သူတွေလဲ ဒုက္ခရောက်ကုန်ကြရတော့မယ်”

“ဟင်... ဟုတ်လား... ဘိုးဘိုး...”

“ဟုတ်တယ်... မြေး... မြန်မာနိုင်ငံရဲ့ အဖိုးတန် သဘာဝ အရင်းမြစ် ဖြစ်တဲ့ ဧရာဝတီမြစ်ကြီးက ဒီရေကာတာကြီးကြောင့် ပျက်စီးသွားနိုင်၊ ကောသွားနိုင်တယ်။ ဒါကြောင့် လူတွေက ဒီအကြောင်းကို ကန့် ကွက်တားဆီး နေကြတာပေါ့။ လွှတ်တော်ထဲက လူတချို့ ၊ မိုးလေဝသနဲ့  ဇလဗေဒနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ က အသိပညာရှင်၊ အတတ်ပညာရှင်တွေ၊ အနုပညာရှင်နယ်က သရုပ်ဆောင်၊ အဆိုတော်နဲ့ စာရေးဆရာတွေ၊ ဧရာဝတီကို ချစ်တဲ့သံယောဇဉ်ကြီးတဲ့  ပြည်သူလူထု စသည်... စသည့် အလွှာအသီးသီးက အပြင်းအထန် ကန့် ကွက်နေကြတာပေါ့ မြေး...”

“ဟုတ်မယ်... ဘိုးဘိုး... ဧရာဝတီမြစ် အကြောင်း ရေးထားတာတွေကို ခုတလော ဂျာနယ်တွေထဲမှာ တွေ့  ရတယ်”

“မီဒီယာ သမားဆိုတာက ပြည်သူလူထုရဲ့ နားမျက်စိဘဲ မြေး...။ ခုဆိုရင် နိုင်ငံရဲ့ စတုတ္ထမဏ္ဍိုင် အဖြစ် သတ်မှတ်ထားတဲ့ မီဒီယာတွေကလဲ ဧရာဝတီမြစ် အကြောင်းကို သတင်းအမှန်အတိုင်း ဖော်ပြနေကြတယ်။ ပြီးတော့ ဘိုးဘိုးတို့ နိုင်ငံရဲ့ အမျိုးသား ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလဲ ကန့် ကွက်စာ တင်ထားတယ်”

အဘိုးဖြစ်သူ၏ စကားကိုနားထောင်ရင်း သူငယ်စဉ်ဘဝ တလျှောက်လုံး ပြေးလွှား ဆော့ကစားခဲ့သည့် ဧရာဝတီမြစ်ကြီးကို ငေးကြည့်မိသည်။ သူ့ မျက်စိထဲတွင် ဧရာဝတီမြစ်ကြီးက ဒဏ်ရာတွေနဲ့ လဲလျောင်းပြီး အသက်ငင်နေသည့် မြစ်ကြီးကဲ့သို့ မြင်လာရသည်။ သူသိပ်နားမလည်သော်လဲ ဒီမြစ်ကြီး ပျက်စီးဆုံးရှုံး သွားမည်ကိုတော့ သူစိုးရိမ်မိသည်။ ဒီလိုတွေးမိတော့ သူ့ ရင်ထဲတွင် ဆို့ နင့်ကြေကွဲသလို ခံစားလိုက်ရသည်။

“ဒီမြစ်ကြီး ပျက်စီးသွားနိုင်တာ သိရဲ့ နဲ့ သူတို့ က ဘာကြောင့် ဒီရေကာတာကြီးကို ဆောက်ချင်ရတာလဲ ဘိုးဘိုးရယ်”

“ငွေပေါ့... မြေးရယ်...။ ဒီရေကာတာကြီး ဆောက်ပြီးသွားရင် ထုတ်လုပ်လို့ ရမဲ့ ရေအားလျှပ်စစ်တွေကို တရုတ်ကို ရောင်းမယ်လေ။ အဲဒီက ထွက်လာမဲ့ လျှပ်စစ်ရဲ့ ကိုးဆယ်ရာခိုင်နှုန်းကို တရုတ်က ယူပြီး ဆယ်ရာခိုင်နှုန်းကို မြန်မာနိုင်ငံက ကချင်ပြည်နယ်အတွက် သုံးမယ် ပြောတယ်”

“ဟင်... တရုတ်က အကုန်လုံးနီးပါး ယူမှာပေါ့ ဟုတ်လား ဘိုးဘိုး”

“ဟုတ်တယ်... မြေး... တကယ်တော့ တစ်ရာရာခိုင်နှုန်း အပြည့်ရမယ် ဆိုရင်လဲ ဒီရေကာတာကြီးကို မဆောက်သင့်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ဒီရေကာတာကြီး ဆောက်မဲ့ နေရာက ဧရာဝတီမြစ်ကြီး စတင်ဖြစ်ပေါ်တဲ့ မြစ်ဆုံနေရာ ဖြစ်နေလို့ ပေါ့။ မြစ်ကို ထိပ်က ပိတ်ပြီးဆောက်လိုက်ရင် ဒီမြစ်ကြီး ရေတွေ နည်းသွားပြီး မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ဖြစ်လာပြီး၊ မြစ်ကြီး ပျက်စီးသွား၊ ကောသွားနိုင်တယ်။ ဒီမြစ်ဆုံ စီမံကိန်းဆိုတာက တကယ်တော့ မရှိသင့်တဲ့ အရာပေါ့ မြေးရယ်...”

“သူတို့ က ပိုက်ဆံတွေ အများကြီး ရလို့ ဆောက်ချင်နေကြတာလား ဘိုးဘိုး”

“အင်းပေါ့ ပိုက်ဆံတွေ အများကြီးရလို့ ဆောက်ချင်နေကြတာပေါ့။ ဒါပေမယ့် အဲဒီပိုက်ဆံတွေထက် ပိုပေးပြီး ဒီလို မြစ်ကြီးတစ်စင်း ဝယ်ချင်ပါတယ် ဆိုရင်တောင် ဝယ်လို့ မရနိုင်တော့ဘူး ဆိုတာကို သူတို့ မသိဘူး။ တစ်နေ့ ကို ရွှေဥတစ်လုံး ဥပေးနေတဲ့ ငန်းကို သတ်ချင်တဲ့ ငမိုက်သားလို လူတွေပေါ့။ တကယ်တော့ ဧရာဝတီမြစ်ကြီးက ရွှေဥ ဥပေးတဲ့ ငန်းထက်ကို ပိုတန်ဖိုးရှိတယ် မြေးရဲ့ ...။ သူ့ ကို မှီခိုနေရတဲ့ လူတွေက အများကြီးဘဲ။ သူတို့ ကတော့ ဒီစီမံကိန်းက အကျိုးအမြတ် အများကြီးရတယ်ပြောကြတယ်။ ဒီစီမံကိန်းကြောင့် မြန်မာနိုင်ငံသား ထောင်ဂဏန်းလောက် အလုပ်အကိုင် အခွင့်အလမ်းတွေ ရတယ်ပြောတယ်။ တကယ်လို့ ဒီမြစ်ကြီးသာ ပျက်စီးဆုံးရှုံးသွားရင် ဒီမြစ်ကြောင်းတလျှောက်က လူဦးရေ သန်းပေါင်းများစွာ အလုပ်လက်မဲ့ ဖြစ်ကုန်မှာကို သူတို့ မတွေးဘူး။ အကျိုးအမြတ်ရရင်လဲ သူတို့ ဘဲ ရပြီး ပြည်သူလူထုက ဒုက္ခကို ခါးစည်း ခံကြရမှာ၊ ပြည်သူလူထု အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ရမဲ့အစား သူတို့ က ပြည်သူလူထု အသက်အိုးအိမ် စည်းစိမ်ကို ဖျက်ဆီးသလို ဖြစ်နေတာကို သတိပြုသင့်တယ်”

ဦးသာအောင် တစ်ယောက် မြေးဖြစ်သူကို ပြောပြနေရင်း အသံသိမ်ဝင်လာသည်။ ပြောရင်း ရင်ထဲ မွန်းကြပ်လာသလို ခံစားလာရသည်။ သူ့ ရင်ထဲတွင် ဧရာဝတီမြစ်အရေး၊ ပြည်သူလူထုအရေးကို တွေးရင်း ရင်မောလာရသည်။ သြော်... ဘဝတွေ ဘဝတွေ ဆိုးလှပါလား... ဒီအဖြစ်မျိုးတွေ ဘာကြောင့်ကြုံရတာလဲ ဟုလဲ တွေးလိုက်မိသည်။

“အဲဒီလို တကယ် ဖြစ်လာနိုင်လို့ လား ဘိုးဘိုး...”

“တကယ်ဖြစ်လာနိုင်လို့ ပြောတာပေါ့ မြေးရယ်။ မြေး... ခုနက လက်ဖက်ရည်ဆိုင်ထဲမှာ တွေ့ ခဲ့တဲ့ မောင်ကျော်တို့ ကိုတွေ့ တယ် မဟုတ်လား”

“အင်းတွေ့ တယ်လေ ဘာဖြစ်လို့ လဲ ဘိုးဘိုး”

“ကဲသူတို့ ဝိုင်းမှာ ထိုင်ပြောနေတဲ့ သူတွေ ဘာအလုပ်လုပ် လုပ်လဲ မြေးသိသလောက် ဘိုးဘိုးကို ပြောပြပါဦး”
“ဦးကျော်က ကျောက်စုပ် စက်လှေတွေ ထောင်ထားတယ်။ ကိုသက်ထွန်းက စက်လှေလုပ်ငန်းတွေ လုပ်တယ်။ ဦးမြင့်အောင်ကြီးက ရေရောင်းတယ်။ ကိုသံလုံးက တံငါလုပ်တယ်။ ကိုဖိုးလုံးကလဲ ရေထမ်းရောင်းတယ်”

“ကဲသူတို့ က ဧရာဝတီမြစ်ကြီးကို မှီခိုပြီး အလုပ်လုပ်နေရတာဆိုတော့ ဒီဧရာဝတီမြစ်ကြီး မရှိရင် ဘယ်လို လုပ်မလဲ။ ပြီးတော့ ဟိုမှာကြည့်စမ်း မြစ်ထဲမှာ အဝတ်လျှော်နေတဲ့ ပူစူးမတို့ လို ပင်မင်းဆိုင် ဖွင့်ထားတဲ့ လူတွေ၊ ဟိုးဘက်မှာ မြင်နေရတဲ့ ယာခင်းတွေ၊ ငါးကန်တွေ ဒါတွေကရော ဒီဧရာဝတီမြစ်ကြီးကို မှီခိုပြီး လုပ်စားနေကြ ရတာ မဟုတ်လား။ ဒီလိုလူတွေ တို့ ရွာမှာ ဘယ်လောက်ရှိလဲ၊ မြစ်ကြောင်းတလျှောက်က မြို့ ၊ ရွာတွေမှာ ဘယ်လောက်ရှိမလဲ ဆိုတာ မြေးစဉ်းစား ကြည့်စမ်း။ သူတို့ ရမဲ့ အကျိုးအမြတ်နဲ့ ဆုံးရှုံးမှုကို ယှဉ်ကြည့်စမ်း။ တကယ်တော့ သူတို့ ပေးထားတယ်ဆိုတဲ့ အလုပ်အကိုင် အခွင့်အလမ်းထက် ဧရာဝတီမြစ်ကြီးက ပေးထားတဲ့ အလုပ်အကိုင် အခွင့်အလမ်းက အဆရာထောင်မက သာလွန်ပါတယ်ကွယ်။ နောက်ဆုံးကုန်ကုန် ပြောမယ် ဒီမြစ်ကြီးထဲက ရေကိုဘဲ ဘိုးဘိုးတို့ သောက်ရေ၊ သုံးရေ အဖြစ် ယူသုံးနေရတာ မဟုတ်လား။ ဒီတော့ ဒီရေကိုသောက်၊ ဒီရေကို သုံးနေပြီး ဒီမြစ်ကြီး အကျိုးပျက်စီးမှာကို ထိုင်ကြည့်နေရင် ဘိုးဘိုးတို့ လူပီသပါဦး မလား”

“ဟုတ်တယ် ဘိုးဘိုး။ ကျွန်တော်တို့ ဧရာဝတီကို ကာကွယ်ရမယ်”

အဘိုးဖြစ်သူ စကားကို နားထောင်ပြီး ဖိုးသာထူးတစ်ယောက် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း အော်ပြော လိုက်မိသည်။ မြေးဖြစ်သူကို ကြည့်ရင်း ဦးသာအောင် ကျေနပ် ပြုံးလေး ပြုံးလိုက်မိသည်။ 

“ဒါအမှန်ဘဲ မြေး... ဧရာဝတီမြစ် မပျက်စီး၊ ကောမသွားအောင် ကာကွယ်ရမယ်။ မြစ်ပျောက်ရင် သမိုင်းပျောက်မယ်”

“ဘယ်လို သမိုင်းပျောက်မှာလဲ ဘိုးဘိုး...”

“ဘယ်လို သမိုင်း ပျောက်မှာလဲ ဆိုတော့ ဟိုးအရင်က အနော်ရထာ မင်းကြီးနဲ့ အလောင်းစည်သူ မင်းကြီးတို့ က ဧရာဝတီမြစ်ကို သုံးပြီး ထေရဝါဒ ဗုဒသာသနာ မြန်မာပြည်မှာ ထွန်းကားအောင် သာသနာ ပြုခဲ့ကြတယ်။ အလောင်းစည်သူ မင်းကြီးဆိုရင် ဧရာဝတီမြစ်အတိုင်း စုန်ဆင်းပြီး မြစ်ကြောင်းတလျှောက် ဘုရား၊ စေတီ၊ ပုထိုးတွေ ဆောက်လုပ်လှူဒါန်း ခဲ့တယ်”

“အင်း... ဟုတ်တယ် မြေးတို့ စာထဲမှာ သင်ဖူးတယ်”

“ပြီးတော့ ပုဂံခောတ်ရဲ့ နောက်ဆုံးမင်းဆက် ဖြစ်တဲ့ နရသီဟပတေ့မင်း (တရုတ်ပြေးမင်း) လက်ထက်မှာ ပုဂံကို မွန်ဂိုတရုတ်တွေ ဝင်တိုက်တော့ ပုဂံမင်းက ဧရာဝတီမြစ် အတိုင်း စုန်ဆင်းပြီး ထွက်ပြေးခဲ့ရတာပေါ့။ နောက်ပြီး မြေးတို့ စာထဲမှာ သင်ခဲ့ရတဲ့ မြန်မာပြည်ရဲ့ တစ်ပါးတည်းသော ဘုရင်မ ရှင်စောပုဟာလဲ အင်းဝ နေပြည်တော်ကနေ ဟံသာဝတီ နေပြည်တော်ကို ထွက်ပြေးတော့ ဒီဧရာဝတီမြစ်ကြောင်း အတိုင်း စုန်ဆင်းပြီး ထွက်ပြေးခဲ့ရတာပေါ့။ ဒါကြောင့် နောက်ပိုင်း ဧရာဝတီမြစ်ကြီးသာ မရှိတော့ဘူးဆိုရင် ဒီသမိုင်းတွေက ဒဏ္ဍာရီ ဖြစ်သွားလိမ့်မယ်”

“အင်း... ဟုတ်တယ်နော် ဘိုးဘိုး။ ဧရာဝတီမြစ်ကြီးသာ မရှိတော့ဘူး ဆိုရင် ဒါတွေကို ဘယ်သူက ယုံမလဲ။ 
 ဒါဆိုရင် သမိုင်းတွေက ဒဏ္ဍာရီ ဖြစ်သွားတော့မှာပေါ့”

“နောက်ပြီး ရှိသေးတယ် မြေး... အင်းဝနဲ့ ဟံသာဝတီ အနှစ်လေးဆယ်စစ် အတွင်းမှာ တဖက်နဲ့ တဖက် ရဲမက်တွေ သောင်းနဲ့ သိန်းနဲ့ ချီပြီး ဒီဧရာဝတီမြစ်ထဲမှာ တိုက်ခဲ့တယ် ဆိုတာပြန်ပြောနိုင်ဖို့ ဧရာဝတီမြစ်ကြီး ရှိဖို့ လိုတယ်။ ဧရာဝတီမြစ်ကြီးက နောင်တချိန်မှာ ချောင်းသာသာ၊ ဒါမှမဟုတ် မြစ်သေးသေးလေး  လောက်ဘဲ ရှိတော့ရင် ဒီမြစ်ကြီးထဲမှာ စစ်သည် ရဲမက်တွေ သောင်းနဲ့ သိန်းနဲ့ ချီပြီး တိုက်ခဲ့တယ် ဆိုရင် နောင်လာနောင်သားတွေက ရယ်မှာပေါ့။ ဒါဆိုရင် သမိုင်းပျောက်ပြီး သမိုင်းကနေ ဒဏ္ဍာရီ ဖြစ်သွားတော့မှာပေါ့”

“ဟုတ်တယ် ဘိုးဘိုး ဧရာဝတီမြစ်ကြီး ပျက်စီးသွားလို့ မဖြစ်ဘူး”

“ဒီဧရာဝတီမြစ်ကြီးကို ထိန်းသိမ်းစောင့်ရှောက်ဖို့ က ဘိုးဘိုးနဲ့ မြေးတို့ တင် မဟုတ်ဘူး။ မြန်မာနိုင်ငံသားတိုင်းမှာ တာဝန်ရှိတယ်။ အခုလဲ တော်တော်များများကလဲ ဧရာဝတီမြစ်ကို ကယ်တင်ဖို့ ကြိုးစား နေကြပါပြီ။ အသိပညာရှင်၊ အတတ်ပညာရှင် တွေရဲ့ တွက်ချက်၊ မှတ်ချက်နဲ့ အာဘော်တွေက ဧရာဝတီအတွက် ဆေးတစ်ခွက် ဖြစ်သလို၊ မီဒီယာသမားတွေရဲ့ သတင်းမှတ်တမ်းတွေကလဲ ဆေးတစ်ခွက်ပဲ၊  အဆိုတော်တွေရဲ့ ဧရာဝတီနဲ့ ပတ်သက်တဲ့ သီချင်းတစ်ပုဒ်ကလဲ ဆေးတစ်ခွက် ဖြစ်သလို စာရေးဆရာတွေရဲ့ ကဗျာတစ်ပုဒ်၊ စာတစ်ပုဒ်၊ ဆောင်းပါးတစ်ပုဒ်ဟာ အသက်ငင်နေတဲ့ ဧရာဝတီမြစ်အတွက် ဆေးတစ်ခွက်ဘဲ မြေး...။ ဒီလိုဘဲ ပြည်သူလူထုရဲ့ ဧရာဝတီကို ချစ်စိတ်၊ ဟစ်ကြွေးသံတွေကလဲ ဧရာဝတီမြစ်အတွက် ဆေးတစ်ခွက်ဘဲ မြေး...။ ဒီလို ပြည်သူလူထု တရပ်လုံးက ညီညီညွတ်ညွတ်နဲ့ ပေါင်းစုလို့ တိုက်ကျွေးလိုက်တဲ့ ဆေးခွက်ပေါင်းများစွာက ဧရာဝတီမြစ်ကြီးကို ကယ်တင်နိုင်ဖို့ မျှော်လင့်ရတာပါဘဲ မြေးရယ်”

“ဒါဆို မြေးလဲ ဆေးတစ်ခွက်အနေနဲ့ ပါဝင်လို့ မရဘူးလား ဘိုးဘိုး။ မြေးလဲ ဧရာဝတီမြစ်ကြီးကို ကယ်တင်ချင်လို့ ပါ”

“မြေးအနေနဲ့ ငယ်သေးပါတယ်။ ဒါပေမယ့်လို့ ခုဖြစ်ပျက်နေတဲ့ အခြေအနေ အရပ်ရပ်ကို မြေးသိထားရမယ်။ နောက်ပြီး မြေးသိထားတာတွေကို မြေးအနီးအနားက သူငယ်ချင်းတွေကို ပြောဆိုစည်းရုံးရမယ်။ ဒါဟာလဲ မြေးအနေနဲ့ တတ်နိုင်တဲ့ ဘက်က ဧရာဝတီမြစ်ကြီးကို ဆေးတစ်ခွက် တိုက်ကျွေးလိုက်တာနဲ့ အတူတူဘဲ။ နောက်ပြီး ဒီဧရာဝတီမြစ်ကြီးက မြေးအတွက်နမူနာဘဲ။ နောင်တချိန် တိုင်းပြည်မှာ ဒီလို အရေးကိစ္စမျိုးတွေ ထပ်မကြုံနိုင်ဘူးလို့ မဆိုနိုင်ဘူး။ အဲဒီအချိန်ကျရင်လဲ မြေးအနေနဲ့ တိုင်းပြည်အတွက် ဆေးတစ်ခွက် အနေနဲ့ အသင့်ရှိနေရမယ်... နားလည်လား...မြေး....”

“ဟုတ်ကဲ့... မြေး... နားလည်ပါပြီ ဘိုးဘိုး...”

ဖိုးသာထူးတစ်ယောက် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း အံကို ကြိတ်ကာ နောင်တချိန် တိုင်းပြည်အရေး ကိစ္စနဲ့ ကြုံလာတိုင်း ဆေးတစ်ခွက် အနေနဲ့ အသင့်ရှိနေရမည်ဟု စိတ်တွင်းမှ အော်ဟစ်ကြုံးဝါးလိုက်တော့သည်။ ဦးသာအောင် တစ်ယောက်လဲ မြေးဖြစ်သူကို ကြည့်ရင်း ကျေနပ်အားရ ပီတိ ဖြစ်နေမိတော့သည်။

11 comments:

  1. အစ်ကိုရေ... စာလာဖတ်သွားတယ်... :D

    ReplyDelete
  2. ဒီမြေ ဒီရေမှာမွေးဖွားပြီး ဒီမြေ့ဒီရေပေါ် မစောင့်ရှောက်နိုင်ရင် ဘလက်ပြောသလိုပဲ ပေါ့ လူပီသတဲ့သူဖြစ်နိုင်ပါ့ဦးမလား တကယ်တွေးမိပါတယ်။



    စိတ်ရောကိုယ်ပါကျမ်းမာပျော်ရွှင်ပြီး
    သာယာချမ်းမြေ့ပါစေရှင်း
    မိုး

    ReplyDelete
  3. ဧရာဝတီအတွက် ဆေးတစ်ခွက်အနေနဲ့ ပါဝင်ချင်သူ
    ဧရာဝတီကိုချစ်တဲ့ ဦးသာအောင်တို့လိုလူတွေ အများကြီးရှိမယ်ဆိုလို့ရှိရင် ငွေမျက်နှာတစ်ခုတည်းကြည့်ပြီး ဘာမဆိုရောင်းစားချင်တဲ့သူတွေ အတွက် နေရာရှိတော့မယ်မထင်ဘူး
    တကယ်တမ်းတော့ အိမ်ခေါင်မိုးက မိုးမလုံတဲ့အခါ ကျန်တဲ့နေရာတွေ ဘယ်လိုပင် ကာရံထားပါစေဦး
    ခေါင်ကမှ မလုံတော့ အဲဒီအိမ်က ဘယ်လိုလုံခြုံမှု ရှိတော့မှာလဲ။
    အစောကတည်းက တိုင်းပြည်ကိုချစ်စိတ်နဲ့သာစဉ်းစားခဲ့ကြရင် ဧရာဝတီမြစ်ပေါ်မှာ ဒီလိုဆိုးကျိုးတွေ ဖြစ်လာဖို့ မရှိပါဘူး
    တိုင်းပြည်ကို မချစ်ဘဲ ငွေကိုချစ်တဲ့သူတွေလက်ထဲမှာ တိုင်းပြည်ရဲ့ ကံကြမ္မာရှိနေခဲ့ရတာ ရင်နာစရာ

    ReplyDelete
  4. ဧရာဝတီ အရှည်ထာဝရ တည်တန့်ပါစေလို့ ဆန္ဒပြုလျှက်ပါအကို..

    ReplyDelete
  5. ဧရာဝတီကို အဖိုးကနေ မြေးအတွက် ထုံမွှမ်းပြောပြထားတာလေး သဘောကျမိတယ်။ ဧရာဝတီသာမက အမိမြန်မာပြည်ကို ချစ်တတ်တဲ့စိတ်ကို အဘိုးလို လူမျိုးတွေက မြေးတွေကို လက်ဆင့်ကမ်းအမွေ ပေးကိုပေးရမယ်...။

    ReplyDelete
  6. ဧရာဝတီမြစ်လိုမြစ်ကြီးကို ဘယ်လောက်ပေးဝယ်ရင်တောင် ဝယ်လို့မှ မရနိင်တာ။ ဒါဟာ မြစ်တစ်စင်းဆိုတာထက် ပိုတယ်။ ဒါဟာ တမျိုးသားလုံးရဲ့ သမိုင်းပဲ။ တခြားဘာတွေ ရောင်းရောင်း ပြည်သူတွေ မဆိုင်သလို နေပေးခဲ့ပေမယ့် ဧရာဝတီကို ထိတော့ အလုံး တညီတညွတ်ထဲ ကန့်ကွက်ကြတာကို ကြည့်ရင် ဧရာဝတီရဲ့ တန်ဖိုးဖြတ်မရတဲ့ အသုံးဝင်မှုကို သိသာလောက်ပါတယ်။

    ReplyDelete
  7. ကိုအောင်(ပျူနိုင်ငံ)11 October 2011 at 21:26

    ညီရဲသစ်ရေ၊ စာလာဖတ်တယ်ဗျို့၊ ပို့စ်အသစ်တင်တိုင်း ရောက်ပါတယ်၊ အခုတော့ ကော်မန့်ကနေ နူတ်ဆတ်ပါတယ်၊ ဧရာဝတီမြစ်ကြီး အဓွန့်ရှည်ပါစေ ...

    ReplyDelete
  8. ဝတ္ထုလေးဖတ်ရတာ အားရှိလိုက်တာ black ရေ

    ReplyDelete
  9. ကိုဘလက်ရေ....သမိုင်းတွေ ဒဏ္ဍာရီဖြစ်မသွားဖို့ ကျနော်တို့လည်း ကျရာနေရာကနေ ဆေးတစ်ခွက်အနေနဲ့ အမြဲပါဝင်နိုင်အောင် ကြိုးစားသွားကြရမယ်။


    အင်ကြင်း

    ReplyDelete
  10. လူတိုင်းလူတိုင်း အနဲနဲ့အများတော့
    တိုင်းပြည်နဲ့ လူမျိုး ကိုယ့်တိုင်းပြည်ကပစ္စည်းကို
    ချစ်တတ်ကြပါတယ်....ဒါပေမယ့်လဲ
    တစ်ချို့ တစ်ချို့တွေကတော့
    တိုင်းပြည်ကိုရောင်းစားတတ်ကြတယ်။

    ReplyDelete
  11. ဦးသာအောင်ကို လေးစားမိပါသည်

    ReplyDelete