Wednesday 4 January 2012

လွဲသွားသော စေတနာ

ကျွန်တော့်တွင် သူတပါးကို အားနာပြီး သနားတတ်သည့် ဥာဉ်လေးတစ်ခု ရှိသည်။ လူတစ်ယောက်က ကိုယ့်ကို အကူအညီတောင်းလာပြီ ဆိုလျှင် ကူညီလိုက်ရမှ ကျေနပ်မိသည်။ သူက အကူအညီ တောင်းလာလို့ မကူညီနိုင်လိုက်လျှင် စိတ်ထဲမကောင်း ဖြစ်ပြီး ကိုယ့်ဘာသာကိုယ် တခုခု တာဝန်မကျေ လိုက်သလိုကြီး ခံစားနေမိတတ်သည်။ တချို့ ကိုယ့်ကို အကူအညီ မတောင်းပေမယ့်လို့ ကိုယ့်ဘာသာကိုယ် ကိုယ်ချင်းစာ သနားမိပြီး ကူညီမိလိုက်သည်များလဲ ရှိသည်။ ဥပမာ။   ။ ဒီစင်ကာပူ နိုင်ငံရှိ MRT ရထားဘူတာများတွင် လက်ကမ်း စာစောင် ဝေသူများ ရှိ၏။ ထိုလက်ကမ်းစာစောင်များကို ယူလိုက်မိလျှင် အမှိုက်ပုံး မတွေ့ မချင်း လက်ထဲတွင် တကိုင်ကိုင်နှင့် ဖြစ်နေတတ်သဖြင့် လူတော်တော်များများက မယူဘဲ ငြင်းသွားလေ့ရှိကြသည်။ ကျွန်တော်ကတော့ ထိုသို့ ပေးလာသည့် အခါတိုင်း မငြင်းဘဲ ယူထားလိုက်လေ့ရှိသည်။ ထို့ နောက် အမှိုက်ပုံး မတွေ့ မချင်း လက်ထဲတွင် လက်ကမ်းစာစောင်များ တကိုင်ကိုင်ဖြင့် ဖြစ်နေသည့် ကျွန်တော့်ကို သူငယ်ချင်းများက လျှာရှည်တာကိုး နဲတောင်နဲသေးတယ် ဟုထောပနာ ပြုလေ့ရှိကြ၏။ သူတို့ ကို ကျွန်တော် ဘာမှ ပြန်မပြော ဒီအတိုင်းလေးဘဲ ငြိမ်နေလိုက်သည်။

ကျွန်တော် အရင် မလေးရှားနိုင်ငံတွင် အလုပ်လုပ်စဉ်က စနေ၊ တနင်္ဂနွေ ပိတ်ရက်များတွင် လက်ကမ်းစာစောင် လိုက်ဝေသည့် အလုပ်ကို part time လိုက်လုပ်လေ့ ရှိသည်။ လက်ကမ်းစာစောင် ဝေသည့်အလုပ်က ကြည့်လျှင် ဘာမှ မဟုတ်သလို ဖြစ်ပေမယ့် အလွန်ပင်ပန်းသည့် အလုပ်ဖြစ်သည်။ ဒီနိုင်ငံတွင် ဘယ်လိုရှိမယ် အတိအကျ မသိပေမယ့် မလေးရှားနိုင်ငံတွင်တော့ စာစောင်တွေ မကုန်မချင်းကို လိုက်ဝေရသည်။ ကား၊ ဆိုင်ကယ်များတွင် လိုက်ညှပ်ရသည်။ နာရီပိုင်းလောက် လုပ်ရပေမယ့် ခြေတိုအောင် လျှောက်ရခြင်းကြောင့် အလွန်ပင်ပန်းလှသည်။ ထို့ ကြောင့် ကျွန်တော် သူတို့ ကို ကိုယ်ချင်းစာသည်။  ဒါတောင် ကျွန်တော်တို့ တုန်းက တခါတခါ အကုန်မဝေဘဲ တချို့ ကို လွှင့်ပစ်လေ့ရှိသည်။ ထိုကဲ့သို့ ကျွန်တော် ကိုယ်ချင်းစာစိတ်ဖြင့် မြန်မြန်ကုန်တော့ သူတို့ မြန်မြန်ပြန်ရတာပေါ့ ဟူသော သဘောဖြင့် ယူခြင်း ဖြစ်သည်။ ချွင်းချက် အနေဖြင့် City Hall MRT မှ လက်ကမ်းစာစောင် ဝေသည့် အန်ကယ်ကြီးဆီကတော့ သနားစိတ်၊ ကိုယ်ချင်းစာစိတ်တို့ အပြင် မျက်လုံးကြီးပြူး၊ အံကိုကြိတ်ကာ ခေါင်းကိုခါပြီး လက်ထဲ အတင်းထိုးထည့် ပေးလေ့ရှိသဖြင့် ကြောက်စိတ်ကြောင့်ပါ ယူရလေ့ရှိသည်။ ထိုကဲ့သို့ သနားစိတ်၊ အားနာတတ်သည့်စိတ်၊ ကိုယ်ချင်းစာစိတ်တို့ ဖြင့် တွေ့ သမျှ လက်ကမ်းစာစောင်တို့ ကို ယူတတ်သည့် ကျွန်တော် တနေ့ Semai MRT တွင် တုန်တုန်ချိချိဖြင့် လက်ကမ်းစာစောင်ဝေနေသည့် အဘွားအို တစ်ယောက်ကို တွေ့ ရသဖြင့် သနားသွားသည်။

ထို့ နောက် ထုံးစံအတိုင်း အဘွားကြီးထံမှ လက်ကမ်းစာစောင်ကို ယူရန်သွားလိုက်သည်။ ကျွန်တော် လက်ကမ်းစာစောင်ကို ယူမည် လုပ်မှ အဘွားကြီးက တဖက်သို့ လှည့်သွားသည်။ ကျွန်တော်လဲ သြော်... သူမမြင်လို့ ဘဲ ဟုတွေးပြီး အဘွားကြီး လှည့်သွားသည့် ဘက်ကို လိုက်၍ ကြော်ငြာစာရွက်ကို လိုက်ယူလိုက်သည်။ ထိုအခါ အဘွားကြီးက ကျွန်တော့်ကို မျက်မှောင်တချက်ကြုံကာ ကြည့်ပြီး တဖက်ကို လှည့်သွားပြန်သည်။ ကျွန်တော်လဲ ဟာ... အဘွားကြီးက ဘာလဲဟ... စေတနာနဲ့ လဲ သူ့ ကို ကူညီရသေးတယ် သူက ဘာဖြစ်တာလဲဟု တွေးပြီး စိတ်ထဲ နဲနဲတင်းကနဲ ဖြစ်သွားသည်။ ကျွန်တော်တို့ နှစ်ယောက် အဖြစ်ကို မြင်ပြီး လမ်းသွားလမ်းလာ တချို့ ပင် စောင်းငဲ့ ကြည့်သွားနေကြပြီ ဖြစ်သည်။ သို့ သော် ကျွန်တော်လဲ ကူညီလက်စနဲ့ ပို့ မဲ့ပို့ ကူးတို့ ရောက်အောင် ပို့ လိုက်တာကောင်းပါတယ်ဟု တွေးရင်း အဘွားအို လှည့်သွားသည့် ဘက်ကို လိုက်ပြီး အဘွားအိုလက်ထဲမှ လက်ကမ်းစာစောင်ကို လှမ်းယူရန် ဟန်ပြင်လိုက်သည်။ ထိုအခါ အဘွားအို နောက်ဘက်ကို ကိုယ်ကိုယို့ ရှောင်သွားပြီး ကျွန်တော့်ကို လက်တကာကာဖြင့် လှမ်းပြောသည်။

not for you... not for you... this is for woman

အဘွားကြီး စကားသံကြားလိုက်ရသည့်နောက် ကျွန်တော့် မျက်နှာတချက် နွေးကနဲ ဖြစ်သွားပြီး လူတကိုယ်လုံး ထူပူသွား၏။ ကိုယ့်ကိစ္စမဟုတ်လျှင် စိတ်မဝင်စားပါဘူး ဆိုသည့် စင်ကာပူနိုင်ငံမှ လူများပင် ကျွန်တော်တို့ နှစ်ယောက် အဖြစ်ကို မြင်ပြီး ပြုံးစစ မျက်နှာပေးများဖြင့် စောင်းငဲ့ ကြည့်လာကြသည်။ ကျွန်တော်လဲ ရှက်ရှက်ဖြင့် ထိုနေရာမှ အမြန်ဆုံး ခြေလှမ်းတို့ ဖြင့် လှည့်ထွက် လာခဲ့လိုက်တော့သည်။ ထိုအကြောင်းအရာကို ပြန်စဉ်းစားမိတိုင်း မျက်နှာထက်တွင် နွေးကနဲ ခံစားလိုက်ရပြီး တစ်ယောက်တည်း ရှက်ပြုံးလေး ပြုံးနေမိတတ်သည်။ အရှက်ဖြင့် လူလုပ်နေခြင်း မဟုတ်ဘဲ အသက်ဖြင့် လူလုပ်နေခြင်းကြောင့်သာ တော်တော့သည်။ နို့ မို့ တိုက်ပေါ်မှ လူတစ်ယောက် ခုန်ချသည့် သတင်း ဟိုးလေးတကျော် ဖြစ်လာနိုင်သည်။

15 comments:

  1. ဟ....ဟ...ဟ....ဖြစ်ရမယ်....တိုက်ပေါ်ကခုံချတဲ့အထိတော့မလုပ်လိုက်ပါနဲ့ဟ
    ဘူဂစ်ဘက်တစ်ရက်လောက်သွားစားကြဦးမယ်လေဟာ....:)))

    ReplyDelete
  2. ဘာစာစောင်နဲ့များ တိုးလာပါလိမ့်ဗျာ..၊း)

    ကိုညီရဲကလည်း ခပ်တည်တည်နဲ့ “Yes, I know. I come and ask for my girlfriend” လို့ လုပ်လိုက်တာ မဟုတ်ဘူး..။း)

    ReplyDelete
  3. ဖျားး ဖျား ညီရဲရေ ဘာတဲ့တုန်းဟေ
    ဟိဟိ မြင်လိုက်ချင်သေးရဲ့း)

    ခင်မင်လျှက်

    မဒိုးကန်

    ReplyDelete
  4.း) ဖြစ်ရမယ်..... နေအုံးကြွားစရာတွေရှိသေးတယ်မှတ်လား မခုန်လောက်ပါဖူးးD
    ဟုတ်တယ် တစ်ခါတလေ စေတနာက အပိုဖြစ်သွားတတ်သလို
    စေတနာ ကိုနားလည်မှူလွဲခံရရင်တော့ နည်းနည်းခံစားရတယ်။

    စိတ်ရောကိုယ်ပါအေးချမ်းပြီး
    သာယာချမ်းမြေ့ပါစေရှင်း
    မိုး

    ReplyDelete
  5. ဖြစ်ရမယ်ငါ့မောင်ရယ်... :D ... ညီရဲကူညီတတ်တာအမယုံတယ်... လက်တွေ့မို့လေ...

    ReplyDelete
  6. not for you... not for you... this is for woman
    ဟဟဟ မှတ်ထားနော် အကို :D

    ReplyDelete
  7. ဟဟဟ... သူများမပေးချင်တာကို ဘာလို့ အတင်းသွားယူတာတုန်း...
    ကိုယ့်အပြစ်နဲ့ကိုယ် ခံပေါ့ အဟဟ :P :P

    အစ်ကိုမို့ ဒီလောက်ပဲပြောတယ်မှတ် :P

    ReplyDelete
  8. ဟုတ်တယ် ကိုညီရဲရေ။ တစ်ခါတစ်ရံ အဲဒီလိုပဲ ကြုံရတတ်တယ်။ သိလား။ မှတ်မှတ်ရရ ဘုန်းဘုန်းလည်း မြန်မာပြည်မှာတုန်းကပေါ့။ ကမ္ဘာအေးကားမှတ်တိုင်မှာ လူနှစ်ယောက်က သူတို့သွားချင်တဲ့နေရာကို အချင်းချင်းပြောနေကြတယ်။ ဒါပေမယ့် ဘယ်ကားစီးရမှန်း မသိဘူး ဖြစ်နေကြတယ်။ အဲဒါနဲ့ ဘုန်းဘုန်းလည်း မနေနိုင်၊ မထိုင်နိုင်တော့တာနဲ့ အဲဒီနေရာကို ဘယ်ကားစီးရင် ရောက်မယ်ဆိုတာကို ကောင်းကောင်းသိနေတာကိုး အဲဒါနဲ့ သူတို့က မမေးဘဲနဲ့ သွားပြောမိလိုက်တယ်။ ဟို လူနှစ်ယောက်က အရေးတောင် မစိုက်ဘူး။ ရှက်လိုက်တာ ပြောမနေနဲ့...

    ReplyDelete
  9. အမယ်..ခုမှရှက်မနေပါနဲ့လေ..ဟီးးဟီးးး

    ReplyDelete
  10. ညီရဲသစ်တို့ ကတော့ လုပ်ချလိုက်မှဖြင့်...... လက်ကမ်းစာစောင် ဝေတဲ့ ကိစ္စနဲ့  ပတ်သတ်လို့  ကျနော်လည်း ဖီလင် နည်းနည်းရှိနေတယ်။ နောင်ကြုံတော့ ရေးဦးမယ်။ ဟဲဟဲ

    ReplyDelete
  11.ုဟားဟားးးး ရီရတယ် ကိုညီရဲသစ် တနားတယ်

    ReplyDelete
  12. ဟဟား... အစ်ကို့ အဖြစ် မရယ်ရက်ပေမယ့် ရယ်စရာတော့ ဖြစ်တယ်ဗျး)

    စေတနာတွေ နေရာမှားသွားတာပေါ့ ဒါမယ့် အဖွားကို အိမ်က ကျနော့်မဟေသီအတွက် တစ်စောင်လောက် ယူသွားချင်လို့ပါဆို အဖွားက ပေးချင်ပေးမှာပေါ့ဗျ :P

    ReplyDelete
  13. ဒီလိုပါပဲ ...အကိုရေ...:):) ဖြစ်ရမယ်...နော် ။

    ReplyDelete
  14. နောက်ဆိုသေချာကြည့်နော် ညီရဲ။ တိုက်ပေါ်ကတော့ ခုန်မချပါနဲ့ မသကာဆို လေယာဉ်ပျံပေါ်ကခုန်ချတယ်ဆို ဟုတ်သေးတယ်း))
    ခင်မင်လျက်
    သဒ္ဓါ

    ReplyDelete
  15. အားနာပြီး သနားတတ်သည့် ကိုကြီးရဲရဲအား ကြုံတိုင်း မုန့်ဝယ်ကျွေးခိုင်းပါမည်။ အလည်လာတိုင်း ဖရဲသီး၊ ဒူးရင်းသီး၊ ပိန်းနဲသီးများကို အနည်းဆုံး သုံးလုံးစီ ၀ယ်လာခိုင်းပါမည်။ ဒန်...တန်...တန်...

    ReplyDelete