သုံးနှစ်နီးပါး ဝေးကွာခဲ့သည့် မြန်မာနိုင်ငံ၏ ဆောင်းက နှစ်ဆတိုးလို့ နှိပ်စက်လေသလား အထင်မှားရသည်။ နွေနှင့်မိုးသာ ရှိသည့် နိုင်ငံတွင် အနေကြာခဲ့ပြီး ဆောင်းကို ရုတ်တရက် ပြန်တွေ့ ရသဖြင့် အအေးဒဏ်ကို မခံနိုင်ဖြစ်ရသည်။ မနက်စောစော နိုးပြီးနောက် အရမ်းအေးသောကြောင့် ဆက်အိပ်မရတော့ သဖြင့် လက်ဖက်ရည်ဆိုင်ကို စောစောစီးစီး ရောက်နေခြင်းဖြစ်၏။ အအေးဒဏ်ကို ကာကွယ်ရန် ရေနွေးတစ်ခွက်ကို ငှဲ့ ပြီး တရှူးရှူးမှုတ် သောက်လိုက်သည်။ ထို့ နောက် စားပွဲထိုး လာချပေးသည့် ဆေးလိပ်ကို မီးညှိကာ ဖွာရှိုက်လိုက်သည်။ တစ်ရှုက်၊ နှစ်ရှိုက်၊ သုံးရှိုက်ခန့် ဖွာရှိုက်အပြီးတွင်တော့ နဲနဲ အချမ်းပေါ့သွားသလို ထင်လိုက်ရ၏။ ထိုအချိန်တွင် ပျို့ တက်လာသည့် ရောင်နီဦးနှင့်အတူ လမ်းမထက်တွင် လမ်းသွား၊ လမ်းလာများ မနက်စောစော ထ၍ လမ်းလျှောက်ပြီး ပြန်လာကြသူများဖြင့် နံနက်ခင်းလေးက နိုးထအသက်ဝင်လာခဲ့သည်။ ထိုစဉ် သူငယ်ချင်းဖြစ်သူ အောင်ဘု လက်ဖက်ရည်ဆိုင်အတွင်း ဝင်လာသည်ကို တွေ့ လိုက်ရ၏။
“အောင်ဘု... ငါ... ဒီမှာ”
“မင်းအိမ်ကို ရောက်ခဲ့သေးတယ်။ လက်ဖက်ရည်ဆိုင် ထွက်သွားတယ် ပြောလို့ လိုက်လာတာ”
အောင်ဘုက ခုံတလုံးကို ဆွဲပြီး စားပွဲတွင် ဝင်ထိုင်သည်။ ထို့ နောက် ငယ်ကျင့်မပျောက်ဘဲ ကျွန်တော့် လက်အတွင်းမှ ဆေးလိပ်ကို ဆတ်ခနဲ ဆွဲယူသွားပြီး အားရပါးရ ဖွာရှိုက်လိုက်သည်။
“ဒါနဲ့ ဘာစိတ်ကူးတွေ ပေါက်ပြီး လက်ဖက်ရည်ဆိုင်ကို အစောကြီး ရောက်နေရတာလဲ”
“မနက်စောစော နိုးတာက အကျင့်ပါနေပြီ။ နောက်ပြီး အရမ်းအေးလို့ ဆက်အိပ်မရတဲ့ အပြင် ဗိုက်ကလဲ ဆာလာတာနဲ့  လက်ဖက်ရည်ဆိုင်ကို စောစောရောက်လာတာလေ”
“ဒါနဲ့ ညက ဘယ်အချိန် ရောက်လဲ”
“ပြည်မြို့ ကို ကားဝင်တော့ တစ်နာရီ ထိုးခါနီးပြီ အိမ်ကိုရောက်တော့ တစ်နာရီ ဆယ့်ငါးမိနစ်လောက် ရှိရောပေါ့”
“ရာသီဥတုက အေးက အေးနဲ့ ကွာ။ ရန်ကုန်မှာ တစ်ရက်လောက်ဖြစ်ဖြစ် နေပြီး နောက်နေ့ မှ ပြန်တာ မဟုတ်ဘူး”
“ငါလဲ ကိုယ့်မြို့ ကိုယ့်ရွာ ပြန်ချင်စိတ်စောနေတာနဲ့ ရန်ကုန်မှာ ညမအိပ် ဖြစ်တော့ဘဲ တန်းပြန်လာခဲ့ လိုက်တာလေ”
အောင်ဘုက စားပွဲထိုးလေးကို လက်ဖက်ရည်မှာသည်။ ထို့ နောက် ဂျာကင်အိတ်ထဲ လက်နှစ်ဘက် ထည့်ပြီး အရမ်းချမ်းနေဟန်ဖြင့် ခပ်ကုတ်ကုတ် လေးဖြစ်နေသည့် ကျွန်တော့်ကို မျက်မှောင်တချက်ကြုံကာ ကြည့်ပြီး မေးသည်။
“စင်ကာပူနိုင်ငံမှာ ဆောင်းမရှိဘူးဆို”
“အေး... ဟုတ်တယ်ကွ။ ဟိုမှာက နွေနဲ့ မိုးဘဲ ရှိတယ်။ နေပူရင်ပူ မပူရင် မိုးရွာတာဘဲ။ မိုးကတော့ ဆယ့်နှစ်ရာသီ ရွာနေတာပေါ့။ ဒါကြောင့် ခုလို ဆောင်းကို ရုတ်တရက်ကြီး ပြန်ကြုံရတော့ အအေးဒဏ်ကို မခံနိုင်ဘူး ဖြစ်နေတယ်”
“ဒီနှစ်ဆောင်းဝင်တာ နောက်ကျတယ်။ အရင်ရက်တွေကဆို သိပ်မအေးဘူး။ ခုလိုအေးတာ လေး၊ ငါးရက်လောက်ဘဲ ရှိဦးမယ်။ အအေးလှိုင်း ဖြတ်တယ် ပြောတာဘဲ”
“ဒါကြောင့် ဒီလောက်အေးနေတာကိုး”
“ဂရုစိုက်ဦး... ကိုယ့်ရပ်ကိုယ့်ရွာ ပြန်လာတယ် ဆိုပေမယ့်လို့ ရာသီဥတု အပြောင်းအလဲနဲ့ ဖျားနာနေဦးမယ်”
“အေးပါ စိတ်မပူပါနဲ့ ဒီလောက်တော့ ခံနိုင်ရည် ရှိပါတယ်။ ဒါနဲ့ ဒီမှာ ဘာသတင်းတွေ ထူးသေးလဲ”
အောင်ဘု လှမ်းပေးသည့် ဆေးလိပ်ကို ယူပြီး ခပ်ပြင်းပြင်း တချက်ရှိုက်ရင်း မေးလိုက်သည်။ အောင်ဘု တချက်တွေကနဲ ဖြစ်သွား၏။ ထို့ နောက် မပြောချင် ပြောချင်ဟန်ဖြင့် ပြောလာသည်။
“တခြားလူတွေအတွက် ဘာမှ သိပ်ထူးထူးခြားခြား မဟုတ်ပေမဲ့ မင်းအတွက်တော့ သတင်းဆိုး ဖြစ်လိမ့်မယ်။ မနေ့ က မြင့်ကျော်တို့ လင်မယား တရားရုံးမှာ တရားဝင် ကွာရှင်းပြတ်ဆဲ လိုက်ကြတယ်”
“ဘာ... ဘယ်လိုဖြစ်လို့ သူတို့ က ကွာရှင်းတဲ့အထိ ဖြစ်ရတာလဲ”
လက်ထဲမှ ပြာခြွေနေသည့် ဆေးလိပ်ကို ကျွန်တော် ယောင်ပြီး ထိုးချေလိုက်မိသည် အထိ အံသြထိတ်လန့် သွား၏။ ကျွန်တော် ဘယ်လိုမှ မျှော်လင့်မထားသည့် သတင်းဆိုး ဖြစ်သည်။ မြင့်ကျော်နှင့် ယမင်း ဆိုသည်က ကျွန်တော့် အခင်ဆုံး သူငယ်ချင်းများ ဖြစ်ကြသည်။
“ငါမပြန်ခင် တရက်က အိမ်ကို ဖုန်းဆက်သေးတယ်။ ငါ့ကို အိမ်က ဘာမှ မပြောပါလား”
“ပြဿနာက အဲဒီနေ့ ညကမှ ဖြစ်တာ။ ယမင်းနဲ့ သူတို့ အိမ်မှာ ခေါ်ခိုင်းထားတဲ့ ကောင်လေးနဲ့ က ဖြစ်နေကြတာလေ။ အဲဒါကို ဘယ်သူမှ မသိဘူး။ ဒါပေမယ့် အဲဒီနေ့ ညက သူတို့ နှစ်ယောက် ချိန်းတွေ့ နေကြတာကို မြင့်ကျော် အဖေက နောက်ဖေးသွားရင်း ပက်ပင်းကြီးမိတာ။ အဲဒီနောက် လင်မယားနှစ်ယောက် အကြီးအကျယ် စကားများကြပြီး ကွဲကြ၊ ကွာကြ ဖြစ်ကုန်ကြတော့တာဘဲ”
“ခုရော သူတို့ ဘယ်လိုနေကြလဲ”
“တရားဝင် ကွဲကြပြီဆိုတော့ ယမင်းက သူ့ မိဘတွေအိမ် ပြန်နေတာပေါ့”
ကြားရသည့် သတင်းက ဘယ်လိုမှ မျှော်လင့်မထားသည့် သတင်းဖြစ်သည်။
“ဟေ့ကောင်ကြီး မနေ့ က ဘယ်အချိန် ပြန်ရောက်လဲ”
ပြောပြောဆိုဆိုဖြင့် စားပွဲတွင် ခုံတစ်လုံး ဆွဲပြီး ဝင်ထိုင်လာသည်က မောင်မောင် ဖြစ်သည်။ မောင်မောင်နှင့်အတူ ကျော်ဝင်းပါ ပါလာသည်။ ကျွန်တော်၊ မြင့်ကျော်၊ အောင်ဘု၊ မောင်မောင်နှင့် ကျော်ဝင်းတို့ က ကျောင်းသား ဘဝကတည်းက တွဲလာခဲ့ကြသည့် ငယ်သူငယ်ချင်းများ ဖြစ်ကြသည်။ သို့ သော် ရပ်ကွက်တော့ မတူကြပေ။
“မင်း... မြင့်ကျော်တို့ လင်မယား သတင်းကြားပြီးပြီလား”
မောင်မောင်က ခရီးရောက်မဆိုက် ကျွန်တော့်ကို မေးလာသည်။ ကျွန်တော် ခေါင်းတချက် ညိမ့်ပြလိုက်ရင်း ဆေးလိပ်တလိပ်ကို ယူကာ မီးညှိပြီး ဖွာရှိုက်လိုက်သည်။ ထို့ နောက် မီးခိုးငွေ့ တို့ ကို ဖြည်းဖြည်းချင်း မှုတ်ထုတ်လိုက်ပြီး...
“ငါသိပြီးပြီ... ခုဘဲ အောင်ဘု ငါ့ကို အဲဒီ့အကြောင်း ပြောပြနေတာ”
“ငါတို့ လဲ အဲဒီကိစ္စအတွက် စိတ်မကောင်း ဖြစ်နေကြတာ”
ကျော်ဝင်းက ဝင်ပြောလာခြင်း ဖြစ်သည်။ ဟုတ်သည်... သူငယ်ချင်း လင်မယား အိမ်ထောင်ရေး ပြိုကွဲသည့် သတင်းက ကျွန်တော်တို့ အတွက် စိတ်မချမ်းသာစရာ ဖြစ်သည်။
“အေးလေ... ဒီတခါက ဒုတိယအကြိမ် ဆိုတော့ မြင့်ကျော်လဲ ဘယ်သည်းခံနိုင်တော့ မလဲ”
“ခြံခုန်ဖူးတဲ့ နွားက ခြံထပ်ခုန်တာပေါ့ကွာ”
မောင်မောင့် စကားကို အောင်ဘုက နောက်မှ လိုက်ထောက်သည်။ ခြံခုန်ဖူးတဲ့ နွားက ခြံထပ်ခုန်တာဘဲ ဆိုသည့် စကားကို ကျွန်တော် စိတ်ထဲမှ ရေရွတ်မိရင်း ဆေးလိပ်ကို ခပ်ပြင်းပြင်း တစ်ချက်ထပ်ရှိုက် မိပြန်သည်။
“မင်းတို့ ပြောသလိုပေါ့ကွာ။ ခြံခုန်ဖူးတဲ့ နွားက ခြံခုန်မှာဘဲ။ ဒါပေမယ့် ယမင်း ဒီလို ခြံခုန်တတ်အောင် မြင့်ကျော်ဘဲ လုပ်ခဲ့တာ”
“ဘာ” “ဘယ်လို” “ဘာပြောတယ်” “ငါ... နားမရှင်းဘူး”
အာမေဋိတ် သံများ ဆူညံသွားသည်။ ယမင်းကို မြင့်ကျော်နှင့် ပက်သတ်ပြီးမှ ရင်းနှီးခဲ့သည့် သူတို့ နားမရှင်း ဖြစ်သွားကြသည်ကို ကျွန်တော် လက်ခံပါသည်။ ယမင်း ဆိုသည်က ကျွန်တော်နှင့် ငယ်ငယ်ကတည်းက အိမ်ချင်း ကပ်ရက်နေလာခဲ့သည့် ငယ်သူငယ်ချင်း ဖြစ်သည်။
“ယမင်း ဆိုတာက ငယ်ငယ်က အရမ်းကို အနေအေးတဲ့ မိန်းကလေးပေါ့။ မြင့်ကျော် ငါ့အိမ်လာလည်ရင်း ကြိုက်တယ် ဆိုလို့ သူတို့ နှစ်ယောက်ကို ငါဘဲ အောင်သွယ်ပေးခဲ့တာ။ အရင်က ယမင်းမှာ ရပ်ကွက်ထဲမှာရော ကျောင်းမှာရော ငယ်သူငယ်ချင်း ဖြစ်တဲ့ ငါက လွဲလို့ ယောက်ကျားလေး သူငယ်ချင်း ဆိုတာ ရှိခဲ့တာ မဟုတ်ဘူး”
ကျွန်တော်က လက်ကျန် ဆေးလိပ်တိုကို တချက်ရှိုက်ကာ မီးသတ်လိုက်သည်။
“အဲဒီနောက် မြင့်ကျော်က ယမင်းကို လက်ဖက်ရည်ဆိုင်ကို ခေါ်ခေါ်လာလေ့ ရှိတယ်”
“ဟုတ်တယ်လေ... မြင့်ကျော်က ငါတို့ နဲ့ မိတ်ဆက်ပေးဖို့ ဆိုပြီး ယမင်းကို လက်ဖက်ရည်ဆိုင် ခေါ်လာခဲ့တာလေ။ နောက်လဲ ယမင်းကို လက်ဖက်ရည်ဆိုင် မကြာမကြာ ခေါ်လာလေ့ ရှိတာဘဲ။ အဲဒါဘာပြဿနာ ရှိလို့ လဲ”
ကျွန်တော်က မောင်မောင့်ကို ခဏဟူသော သဘောဖြင့် လက်ကာ ပြလိုက်သည်။ မြင့်ကျော်က ယမင်းကို လူတော မတိုးဟု ဆိုကာ လက်ဖက်ရည်ဆိုင်သို့ မကြာမကြာ ခေါ်လာလေ့ ရှိပြီး သူငယ်ချင်းများနှင့် ရင်းနှီးစေခဲ့သည်။ ချစ်သူကို သူငယ်ချင်းများနှင့် မိတ်ဆက်ပေးရမည်။ ဒါကို ကျွန်တော်လဲ လက်ခံပါသည်။
“ငါတို့ သူငယ်ချင်းတွေ ကြားထဲကို ဒီလို ခေါ်ခေါ်လာတာ ဘာပြဿနာမှ မရှိပါဘူး။ ပြဿနာက သူတို့ လက်ထပ်ပြီးမှ...။ သူတို့ လက်ထပ်ပြီး နောက်ပိုင်းမှာလဲ ရည်းစားဘဝကလိုဘဲ မြင့်ကျော်က ယမင်းကို သွားလေရာ ခေါ်ခေါ်သွားတယ်။ ဘော်လုံးကန်၊ ခြင်းခတ် သွားလဲ ခေါ်သွားတယ်။ ဘော်လုံးကန်ပြီး ပြန်လို့ ဘီယာဆိုင်၊ အရက်ဆိုင် ထိုင်တော့လဲ ယမင်းက ဘေးနားက ပါတယ်”
စကားများများ ပြောလိုက်ရသဖြင့် ကျွန်တော် ရေနွေးတစ်ခွက်ကို ငှဲ့ သောက်လိုက်သည်။ ထို့ နောက် သူငယ်ချင်းများ စိတ်ဝင်စားစွာ နားထောင်နေသည်ကို တွေ့ ရသဖြင့် ကျွန်တော့် စကားကို ဆက်လိုက်သည်။
“ဘီယာဆိုင်တို့ အရက်ဆိုင်တို့ ဆိုတာမျိုးက ငါတို့ သူငယ်ချင်းတွေဘဲ ရှိနေတယ် ဆိုရင်တောင် ခေါ်မလာ သင့်တဲ့ နေရာလေ။ ခုက ဘော်လုံးကန်ပြီး ပြန်လာတော့ တခြားသူတွေပါ ပါလာကြပြီ။ တခြားလူတွေ သူတို့ မိန်းမတွေကို ခေါ်လာတိုင်းလဲ ကိုယ့်မိန်းမကို ခေါ်လာစရာ မလိုဘူးလေ။ လူဆိုတာက မူးလာရင် သိတဲ့အတိုင်းဘဲ စည်းကမ်းက ရှိကြတော့တာ မဟုတ်ဘူး။ ပါးစပ်တွေ လက်တွေက သရမ်းလာကြပြီ။ ဒီလိုနေ့ တွေ များလာတော့ အရင်က အနေအေးပါတယ် ဆိုတဲ့ ယမင်းတစ်ယောက် ယောက်ကျားတွေနဲ့ ပြောမနာ၊ ဆိုမနာ ထိပ်ပုတ်၊ ခေါင်းပုတ်တွေ ဖြစ်လာတယ်။ နောက်ပိုင်း မြင့်ကျော်က ဘော်လုံးကို မြို့ နယ်၊ ခရိုင်၊ တိုင်းအဆင့်တွေထိ လိုက်ကန်တော့ ပိုဆိုးလာတာပေါ့။ ငယ်သူငယ်ချင်းတွေ မဟုတ်တဲ့ လူစိမ်းတွေ ကြားထဲကို ဒီလိုတွေ ခေါ်သွားတော့ စည်းမစောင့်တဲ့ ကောင်နဲ့ တွေ့ တော့ ပြဿနာတွေ ရှုပ်ကုန်တော့တာဘဲ”
အားလုံး တိတ်ဆိတ်သွားကြသည်။ တိတ်ဆိတ်နေခြင်းကပင် ကျွန်တော့် စကားကို လက်ခံခြင်း တမျိုး မဟုတ်ပါလား။
“ဒီလိုတွေ ဖြစ်လာနိုင်တယ် ဆိုတာကို ကြိုမြင်လို့  မိန်းမကို သွားလေရာ ခေါ်မသွားဖို့ မြင့်ကျော်ကို ငါ... ပြောခဲ့သေးတယ်။ ဒါကို ဒီကောင် နားမထောင်ခဲ့ဘူး။ ငါ... စင်ကာပူနိုင်ငံကို ရောက်ပြီး သိပ်မကြာခင်မှာဘဲ ယမင်းနဲ့ မြင့်ကျော်အသိ ဘော်လုံးသမား တစ်ယောက်နဲ့ ဖြစ်ကြတယ် ဆိုတဲ့သတင်း ကြားရတော့တာဘဲ”
“မင်းပြောတာလဲ ဟုတ်ပါတယ်။ ဒါပေမယ့် ယမင်းလဲ မှားခဲ့တာဘဲ”
“ဟုတ်တယ်လေ... ယမင်းမမှားဘူးလို့ ငါပြောနေတာ မဟုတ်ဘူး။ ဒါပေမယ့် ယမင်းမှားခဲ့တယ် ဆိုရင်တောင် ဒီလိုမှားအောင် မြင့်ကျော်ဘဲ အစပျိုးခဲ့တာ။ သူသာ ယမင်းကို သွားလေရာ ခေါ်မသွားသင့်တဲ့ နေရာတွေကို ခေါ်မသွားခဲ့ရင် ဒီလိုပြဿနာတွေက ဖြစ်လာနိုင်စရာ မရှိဘူး။ ခုက အိုးချင်းထားလို့ အိုးချင်းထိ၊ ကြိုးချင်းထားတော့ ကြိုးချင်းညိတဲ့ သဘောဘဲ။ နောက်ပိုင်းကတော့ မင်းတို့ ပြောသလို ခြံခုန်ဖူးတဲ့ နွားက ခြံခုန်မှာဘဲ ဆိုသလိုပေါ့။ တကယ်တော့ မိန်းမ ဆိုတာက သွားလေရာ ခေါ်သွားသင့်တဲ့ အရာ မဟုတ်ဘူး။ သူ့ နေရာနဲ့ သူ ထားတတ်ရမှာ... ခုတော့”
ကျွန်တော် စကားထပ်မဆက်နိုင်တော့ သူငယ်ချင်း လင်မယားအတွက် စိတ်ထိခိုက်မိသဖြင့် ကျွန်တော့် စကားသံတို့ တိုးတိတ် တုန်ခါသွားသည်။ ကျွန်တော့် မှတ်ချက်စကားသံတို့ ပါးလျတိုးရှသွားသည်။ ဆက်ပြောချင်စိတ် မရှိတော့ဘူး ဆိုလျှင် ပိုမှန်လိမ့်မည်။
“မှားခဲ့တယ်... နှစ်ယောက်စလုံး မှားခဲ့ကြတယ်”
“နှစ်ယောက်စလုံး မှားခဲ့တယ် ဆိုရင်တောင် မြင့်ကျော်က စမှားခဲ့တာ”
“ဟုတ်တယ် မြင့်ကျော် မှားခဲ့တယ်”
“ခုတော့ အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက် ဆိုသလို ဖြစ်ရပြီပေါ့”
သူငယ်ချင်းများ တစ်ယောက်တစ်ပေါက်ဖြင့် မှတ်ချက်စကားများ ပြောကြသည်။ ကျွန်တော်ကတော့ သူတို့ စကားတို့ ကို မကြားတော့။ မျက်စိထဲမှာလဲ ဘာမှ မမြင်တော့။ ကျွန်တော့်စိတ်တို့ က ဟိုးအတိတ်ငယ်ဘဝကို ပြန်ရောက်သွားပြီး ကျွန်တော်တို့ သူငယ်ချင်းတွေ ရင်းနှီးပျော်ရွှင်စွာ နေခဲ့ကြသည့် နေ့ ရက်လေးတွေကို ပြန်တမ်းတနေမိ၏။ နိုင်ငံခြားမှာ စိတ်ဖိစီးမှုတွေများလို့ ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်လာခဲ့ခြင်း ဖြစ်သည်။ ခုတော့ စိတ်မကောင်းစရာ အဖြစ်အပျက်တို့ က ကျွန်တော့်ကို ကြိုနေ၏။ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် နေချင်လို့ ပြန်လာခဲ့သည့် ကျွန်တော်... ခုတော့ ဒီအခြေအနေများဖြင့် ဘယ်လို ပျော်ရမလဲ။ စိတ်မကောင်းစိတ်၊ စိတ်ပျက်ညစ်ညူးစိတ်တို့ ဖြင့် ကျွန်တော် ပင့်သက်မောကို မှုတ်ထုတ်လိုက်သည်။ တကယ်ဆိုလျှင် သူတို့ နှစ်ယောက်စလုံး မှားခဲ့ကြသည်။ နှစ်ယောက်တစ်ဘဝ ထူထောင်ခဲ့ကြသည့် အိမ်ထောင်ရေးတွင် မောင်တစ်ထမ်း မယ်တစ်ရွက် တစ်ဦးကို တစ်ဦးက ပဲ့ကိုင်ထိန်းသိမ်းပြီး သာယာသော အိမ်ထောင်တစ်ခုကို ဖန်တီးရမဲ့ အစား ဖြစ်သလို ရွက်လွှင့်ခဲ့ကြသည်။ တကယ်က ယောက်ကျားနှင့် မိန်းမ တစ်ဦးကို တစ်ဦး ပဲ့ကိုင်ရှင်ကဲ့သို့ ထိန်းသိမ်းပြုပြင် မောင်းနှင်နိုင်မှ သာယာချမ်းမြေ့သော အိမ်ထောင်တစ်ခုဆီသို့ ဦးတည် ခုတ်မောင်းနိုင်မည် မဟုတ်ပါလား။

အဲဒီလိုဇတ်လမ်းတွေကအင်မတန်စိတ်မောစရာဘဲ ညီရဲရေ
ReplyDeleteမြင်ဖူးတယ်း(
ခင်မင်လျှက်
မဒိုးကန်
ဖတ်ရတာ စိတ်မချမ်းမြေ့စရာပဲ မောင်ညီရဲရေ။
ReplyDeleteမည်သူမပြုမိမိမှုဆိုသလို ဘယ်သူ့ဘယ်သူ့ကိုမှ
အပြစ်တင်နေတာမလုပ်တော့ပဲ လက်ရှိအခြေအနေပေါ်မှာသာ
အကောင်းဆုံးဖြစ်နိုင်မည့်နည်းလမ်းကိုပဲ မလုပ်ချင်လုပ်ချင်
လုပ်ရတော့မယ်မဟုတ်လားကွယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။
မေတ္တာဖြင့်
အန်တီတင့်
ဟီး....... ကြောက်ကြောက် ဒီပိုစ့် အတွက် တော့ No Comment ပါလို့  ကိုရင်ရေ။ :P
ReplyDeleteနှစ်ယောက်လုံး မမှားတာ အကောင်းဆုံးပဲ...
ReplyDeleteအိမ်ထောင်ရေးမှာ နှစ်ယောက်လုံး အပြန်အလှန်လေးစားမှုနဲ့ သွားတာအကောင်းဆုံးပဲ..
စိတ်မကောင်းစရာပဲ... သစ္စာရှိဖို့က အရေးကြီးဆုံးပဲလေ... ခုတော့.
ReplyDeleteအိမ်ထောင်ရေးစိတ်ပျက်စရာကောင်းတယ်ဆိုတာ
ReplyDeleteဒါမျိုးတွေပေါ့
နေပါဦး black ကရန်ကုန်ပြန်ေ၇ာက်နေတာလား..
အဲဒီလိုမျိုးလေးတွေကြားဖူးတယ်တော့ရှိသား
ReplyDeleteမျက်မြင်တော့မရှိသေးပါဘူး
စိတ်မကောင်းစရာပါပဲ
နှစ်ယောက်လုံးမှားတယ်
ရင်မောစရာပါလား အကိုရေ...
ReplyDeleteအကိုညီရဲရေ လာဖတ်သွားပါတယ် ဘာပြောရမလဲမသိတော့ဘူး
ReplyDeleteမြင့်ကျော်မမှားဘူး.သွားလေ၇ာလိုက်၇တော့ငါတော့ပျော်..
ReplyDeleteယမင်းလိုမလုပ်ဘူး...။
မြင့်ကျော်မမှားဘူး.သွားလေ၇ာလိုက်၇လို့ငါတော့ပျော်တယ်..
ReplyDeleteယမင်းလိုလုပ်ဘူး...
တကယ့်အဖြစ်အပျက်လေးနဲ့ တူပါရဲ့..
ReplyDeleteစိတ်တောင်မကောင်းဘူး
မိန်းမကိုချစ်လို့ သွားလေရာခေါ်တာကတော့ထားပါတော့
ခေါ်သင့်တဲ့ နေရာနဲ့ မခေါ်သင့်တဲ့နေရာရှိတာ မြင့်ကျော် မေ့နေပုံဘဲ
ခုလိုကျတော့ ဒုက္ခရောက်ပြီ..
အိမ်ထောင်ရေးမှာ နားလည်မှုနဲ့ သစ္စာရှိဖို့ကလည်း အချိုးညီညီ ဖြစ်သင့်သေးတာနော်။
အိမ်ထောင်တစ်ခု ထည်ဆောက်ပြီးရင်တော့ နှစ်ဖက်လုံး ဆင်ခြင်ဥာဏ်ရယ် သတိတရားရယ် ရှိဖို့လိုပါပဲ။ အိမ်ထောင်ရေးကိုယ်ခံအား ကောင်းနေမှ ပြင်ပရောဂါ မဝင်မှာမဟုတ်လား။
ReplyDeleteကိုညီရဲရေ..
ReplyDeleteဟုတ်တယ်..အိမ်ထောင်တစ်ခုမှာ နှစ်ယောက်စလုံး ဆင်ခြင်တုံတရားနဲ့ ထိမ်းသိမ်းစောင့်ရှောက်နိုင်မှ တန်ကာကျမှာ။ နားလည်မှုနဲ့ချစ်ခြင်းမေတ္တာ ပါဝင်ရဦးမှား)ဇာတ်လမ်းဖွဲ့တည်မှုလေး ကောင်းတယ်။
ဖတ်လို့ကောင်းတယ် ကိုညီရဲ... တကယ့်ဇာတ်လမ်းလေးလား.... ကိုယ့်မိန်းမကို သ၀န်တိုရမယ့်အစား အရက်ဆိုင်ကို ခေါ်သွားတာတော့ အခုမှကြားဖူးတော့တယ်.. အဲလိုလုပ်တော့ ဒီလိုဖြစ်တာ မဆန်းပါဘူး..
ReplyDeleteခင်မင်လျက်
နေ၀သန်
အိမ်ထောင်ကို လဟာပြင်ဈေးလို အသက်သွင်းမိလေတော့...
ReplyDeleteခြံခုန်တဲ့နွားအပြစ်လား၊ ခြံခုန်ချင်အောင် မြူဆွယ်တဲ့သူရဲ့ အပြစ်လား၊
ခြံခုန်ဖို့ အခြေအနေတွေ ဖန်တီးသူရဲ့ အပြစ်လား မစဉ်းစားတတ်တော့
ဘူးအကိုရေ။။ ဘာပဲပြောပြော.. ဝတ္ထုလေးက အရမ်းကောင်းတယ်။။။
နှစ်ယောက်စလုံးမှားခဲ့တယ်
ReplyDeleteအချိန်လွန်မှ ပြောင်းလဲဖို့ခက်....
ဂျီလတ်သီချင်းကိုသာ အော်ဆိုလိုက်ချင်တော့တယ်။
မြေးလေး