Friday 23 September 2011

ဧရာဝတီအတွက် စကားစမြည်

ခုတလော ဧရာဝတီနှင့် ပတ်သက်သည့် သတင်းများကို ကျယ်ကျယ် လောင်လောင် ကြားလာ ရသည်။ ဘက်စုံ ကဏ္ဍစုံမှ လူများ ဧရာဝတီ အကြောင်းကို စိတ်ဝင်တစား ပြောလာကြသည်။ နိုင်ငံ၏ စတုတ္ထ မဏ္ဍိုင်အဖြစ် သက်မှတ်ထားသော မီဒီယာများကလဲ ဧရာဝတီ အကြောင်းကို ကျယ်ကျယ်ပြန့် ပြန့်  ဖော်ပြလာသည်ကို တွေ့  ရသည်။ Eleven Media Group မှ အယ်ဒီတာချုပ် ကိုဝေဖြိုး ရေးသားသော ဧရာဝတီမြစ်ဆုံ စီမံကိန်း နောက်ကွယ်က ဖြစ်ရပ်တစ်ခု  ဆောင်းပါက ပြည်သူကို အနည်းနဲ့  အများ လှုပ်ခတ်သွားစေမည်ဟု ယူဆရသည်။ Eleven Media Group လို အခြား Media များကလဲ ဧရာဝတီနှင့် ပတ်သက်သည့် သတင်းများကို ပြည်သူ့ ရှေ့မှောက် အရောက် ချပြနိုင်ဖို့ လိုအပ်သည်ဟု ထင်မိသည်။ ပြည်သူကို မျက်စိပိတ်၊ နားပိတ်ထားသော မူဝါဒအတိုင်း သတင်းအမှောင် ချထားတတ်ခြင်းကြောင့်  ပြည်သူများမှာ အဖြစ်အပျက် တော်တော်များများကို မသိကြရပေ။ ထို့ ကြောင့် ခုဖြစ်ပွားနေသည့် ဧရာဝတီမြစ်ဆုံ စီမံကိန်း ပြဿနာတွင် သတင်းများ အမှောင်ကျ မနေပဲ ပြည်သူများ မျက်စိပွင့်၊ နားပွင့် ဖြစ်စေရန် လိုအပ်သည်။ ထို့ကြောင့် Eleven Media Group ကဲ့သို့ တခြား Media များ သတင်းကို သတ္တိရှိရှိ ပြည်သူ့ ရှေ့မှောက် အရောက် ချပြဖို့ လိုအပ်လာသည်။

ပြည်သူများ အကြားတွင်လဲ ဧရာဝတီ မြစ်ဆုံ စီမံကိန်း ဆန့် ကျင်ရေး လှုပ်ရှားမှုများကို ကျယ်ကျယ်ပြန့် ပြန့်  လုပ်ဆောင် နေသည့် သူများ ရှိသလို စိတ်မဝင်စား သူများ၊ မြစ်ဆုံ စီမံကိန်း အကြောင်း မသိသေး သူများ ရှိနေသည်။ များသော အားဖြင့် ဧရာဝတီမြစ်နှင့် ဝေးသော အရပ်ရှိ မြို့ ၊ ရွာ များမှ လူများ ဒီပြဿနာတွင် သွေးအေးနေသည်။ စိတ်ဝင်စားမှု နည်းခြင်း၊ တချို့ သတင်းစကားကိုပင် မကြားခြင်းများ ရှိနေသည်။ ထို့ ကြောင့် လှုပ်ရှားမှု လုပ်နေသည့် သူများကို အားပေး ထောက်ခံခြင်း၊ စိတ်မဝင်စား သူများကို စိတ်ပါဝင်စားလာအောင် စည်းရုံးခြင်း၊ မြစ်ဆုံ စီမံကိန်း အကြောင်းကို မသိသေးသူများကို သိအောင် ရှင်းပြခြင်းများ ပြုလုပ်သင့်သည်။ ဒါမှ ပြည်သူ တရပ်လုံး မြစ်ဆုံ စီမံကိန်း ဆန့်  ကျင် လှုပ်ရှားမှုများတွင် တပေါင်းတစည်းတည်း ပါဝင် လာနိုင်လိမ့်မည်။ ဒီပြဿနာမှာ တစ်ဦး တစ်ယောက်တည်း ပြဿနာ မဟုတ် အားလုံးနှင့် ဆိုင်သော ပြဿနာ ဖြစ်သည်။ ထို့ ကြောင့် ပြည်သူအားလုံး တပေါင်းတစည်းတည်း ပါဝင်လာဖို့ လိုအပ်သည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့  (၁၁.၉.၂၀၁၁) နေ့ က နေပြည်တော်မြို့ ရှိ မီးရထား ဝန်ကြီးရုံးတွင် မီဒီယာ သမားများ နှင့် တွေ့ ဆုံရာ၌ လျှပ်စစ်မီး ရရှိရေးသည် အမျိုးသား အကျိုးစီးပွား ဖြစ်တာမို့ “နောက်မဆုတ်ပါဘူး။ ကျွန်တော်တို့ ဆက်လုပ်မှာပါ” ဟု ပြောခဲ့သော စကားမှာ အလွန် စိတ်ပျက်ဖို့  ကောင်းလှသည်။ ထို့ ပြင် “ဧရာဝတီ ရောဂါဆန်း” ဟူသော စကားဖြင့် ပြည်သူတရပ်လုံးကို စော်ကားသည့် စကားကို ပြောခဲ့သေးသည်။ ဒီလို စကားမျိုးကို ပြောထွက်ရက်သည့် အတွက်လဲ အလွန် အံသြမိသည်။ သူလို လူကြီး တစ်ယောက် အနေဖြင့် ဒီလို စကားမျိုး ပြောသင့် မပြောသင့်ကို ချိန်ဆ သင့်သည်။ ဒီနေရာ ဒီအဆင့်က လူတစ်ယောက် ဒီလို စကားမျိုးကို ပြောသင့် ပါသလား? အမျိုးသား အကျိုးစီးပွား ဖြစ်တာမို့ နောက်မဆုတ် နိုင်ပါဘူး ဆိုတော့ ဘယ်လို အကျိုးစီးပွားမျိုးလဲ? အမျိုးသား အကျိုးစီးပွား အတွက်ဆိုလျှင်လဲ ရရှိမည့် အကျိုးရလဒ်များကို သေသေချာချာ ချပြသင့်သည်။ ပြည်သူလူထုဘက်က ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များကို ထောက်ပြပြောဆိုနေသော်လဲ သူတို့ ဘက်က မယ်မယ်ရရ ချမပြနိုင်သေးပေ။ ကြားရသည့် သတင်း စကားများ အရတော့ ဒီစီမံကိန်းမှ ရရှိမည့် စွမ်းအင် ၉၀ရာခိုင်နှုန်းကို တရုတ်က ယူပြီး ၁၀ရာခိုင်နှုန်းကိုသာ မြန်မာပြည်မှ ရမည်ဟု သိရသည်။

နောက်ထပ် စိတ်ပျက်ဖွယ်ရာ တစ်ခုကိုလဲ ထပ်ပြောသွားသေးသည်။ အခု မဂ္ဂါဝပ် ၁၅ဝဝ ပေးတာတောင် ကုန်အောင် မသုံးနိုင်ဘူး။ အဲဒီတော့ ဘယ်သူက သုံးမှာလဲ။ သုံးစရာမရှိရင် Market ရဲ့သဘောအရ ရောင်းစား ရမှာပေါ့ ဟူသော စကားက ပြည်သူကို တမင် ဗြောင်လိမ်ခြင်း ဖြစ်သည်။ ပြည်သူကို တကယ် လိမ်ချင်တယ် ဆိုလျှင်လဲ ဒီ့ထက် ကောင်းသော စကားကို ရှာထားသင့်သည်။ ခုတော့ ပြည်သူ လူထုကို ဂရုစိုက်စရာ မလို အချိန်တန် နောက်ဆုတ်သွားမှာပဲ ဟူသော ပြီးပြီးရော စကားကို ပြောသွားခြင်း ဖြစ်သည်။ ရှင်းရှင်း ပြောရလျှင် ပြည်သူလူထုကို ခေါင်းထဲ ထည့်စရာ မလိုဟူသော သဘောထားခြင်းဟု ယူဆရသည်။ မဂ္ဂါဝပ် ၁၅၀၀ ပေးတာတောင် မကုန်ဘူး ပြောရအောင် မြန်မာပြည် တစ်နိုင်ငံလုံး မီးလင်းပြီလား။ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် တခြားမြို့ ၊ ရွာတွေ မီးလင်းရုံနဲ့ လုံလောက်ပြီလား။ မီးမရသေးသည့် တခြားမြို့ ၊ ရွာတွေကို ဒီအတိုင်း အမှောင်ထဲမှာဘဲ ထားတော့မှာလား။ လက်ရှိ မီးရနေသည့် မြို့ ကြီးတွေမှာရော မီးလာတာ အချိန် မှန်ပြီလား။ ထိန်တောမြို့ ကို ရောက်တုန်းက မြို့ ဟု သမုတ်ထားပြီး  ည၇နာရီ ကနေ ည၈နာရီထိ တစ်နေ့ ကို တစ်နာရီပဲ မီးလာသည်ဟု ဆိုသောကြောင့် အလွန်အံသြ ခဲ့ရသည်။ အိမ်တိုင်း အိမ်တိုင်း မီတာဘောက် ကိုယ်စီ ရှိလျက်နဲ့ တစ်နေ့ ကို တစ်နာရီပဲ သုံးခွင့် ရှိသည့် သူတို့ အတွက် စိတ်မကောင်း ဖြစ်ခဲ့မိသေးသည်။ ဒီလို မြို့ ၊ ရွာတွေ ဘယ်လောက်တောင် များများ ရှိနေမလဲ။ ဒါတောင် မဂ္ဂါဝပ် ၁၅၀၀ကို ကုန်အောင် မသုံးနိုင်လို့ ပြည်ပကို ရောင်းစားတာလို့ ဗြောင်လိမ်ချင် သေးသည်။ ဒီလို စကားကို တရား လက်လွတ် ပြောတာ ကတော့ မြန်မာပြည်က မီးမရတဲ့ မြို့ ၊ ရွာက လူတွေကို စော်ကားရာ ရောက်ပါတယ်။ လူကြီး လူကောင်း တစ်ယောက် အနေနဲ့ ဒီလို စကားမျိုး မပြောသင့်ပါဘူး။

ခုဆိုရင် ဒီမြစ်ဆုံ စီမံကိန်းနဲ့ ပတ်သက်ပြီး ကဏ္ဍစုံက လူတော်တော် များများက သူတို့ ရဲ့ သဘောထားတွေကို ထုတ်ဖော် ပြောကြားပြီး ဖြစ်ပါတယ်။ မိုးလေဝသနဲ့ ဇလဗေဒ ပညာရှင် ဦးထွန်းလွင်က “ကျနော် အသက်လဲ ကြီးပြီ။ ကြောက်လည်း ကြောက်ပါတယ်။ ဒါကြောင့် တခွန်းတည်းပဲပြောမယ်။ ဧရာဝတီမြစ်ဆုံမှာ ရေကာတာ ဆောက်ခြင်းကို ကျနော် လုံးဝ ကန့်ကွက်ပါတယ်” ဟူသော စကားကို ပြောကြား ခဲ့သည်။ ဦးထွန်းလွင်လို ပညာရှင်မျိုးက ဒီလိုမျိုး ပြောလာသည် ဆိုတော့ ဒီကိစ္စကို စဉ်းစားသင့်ပြီ။ နောက်ပြီး “ကိုယ့်နေရာမှာ လုပ်တာတွေအတွက် ကန့်ကွက်မှုတွေရှိလာတော့ ကံဆိုးစွာ ကျနော်တို့ နိုင်ငံကို ရောက်လာတာပါပဲ” ဆိုသည့် စကားကလဲ စိတ်ဝင်စားစရာ ဖြစ်သည်။ ဒီလို သဘာဝ ပတ်ဝန်းကျင်နှင့် မြစ်ကို မထိခိုက်ဘူး ဆိုလျှင် ဘာကြောင့် သူတို့ တရုတ်နိုင်ငံတွင် မလုပ်ဘဲ မြန်မာနိုင်ငံတွင် လာလုပ်ရသလဲ။ တရုတ်နိုင်ငံတွင်လဲ ဧရာဝတီမြစ်ကဲ့သို့ သော မြစ်ဝါမြစ် ရှိနေတာပဲ။ ဘာကြောင့် ဧရာဝတီမြစ်တွင် လာလုပ်ရသလဲ ဟူသော မေးခွန်းကို မေးစရာ ဖြစ်လာသည်။ မြစ်ဝါမြစ် ပျက်စီးမှာ စိုးရိမ်သောကြောင့် ဧရာဝတီမြစ်တွင် လာလုပ်ခြင်း ဆိုလျှင်တော့ တရုတ်နိုင်ငံက သက်သက် လူပါးဝခြင်း ဖြစ်သည်။ ကမ္ဘာပေါ်တွင် လက်ချိုးရေတွက်လို့ ပင် ရသော ဧရာဝတီမြစ်ကဲ့သို့ သော သဘာဝ အရင်းအမြစ်တစ်ခုကို ဤပမာဏလောက်သော ငွေကြေးဖြင့် ဆုံးရှုံး ရမည်ဆိုလျှင် အလွန်နှမြောဖို့ ကောင်းလှသည်။ နောင်တချိန် နိုင်ငံ ချမ်းသာလာ၍ ထိုပမာဏ၏ တန်ဖိုးထက် ဆယ်ဆ မကသော တန်ဖိုးဖြင့် ပြန်ဝယ်မည် ဆိုလျှင်ပင် ဧရာဝတီမြစ်လို မြစ်တစ်စင်းကို ပြန်ဝယ်နိုင်မည် မဟုတ်ပေ။ ထို့ ကြောင့် ဧရာဝတီမြစ် ကဲ့သို့  သော သဘာဝ အရင်းအမြစ် တစ်ခုကို ထိန်းသိမ်းထားသင့်သည်။

သတင်းစာ ဆရာကြီး လူထုစိန်ဝင်း ကလဲ “လူယဉ်ကျေးနည်းနဲ့ မရရင် လမ်းပေါ်ထွက် ဆန္ဒပြပြီး တောင်းဆို လာခဲ့ မယ်ဆိုရင် ဒီလို ဆန္ဒပြမှုတွေ အတွက် စီမံကိန်းကို ဆက်လုပ်တဲ့သူတွေသာ တာဝန်ယူရ လိမ့်မယ်။ မလုပ်ဖို့ တောင်းဆိုဆန္ဒပြနေတဲ့သူတွေမှာ တာဝန် မရှိဘူး” ဟူသော စကားကို ပြောကြားခဲ့သည်။ တကယ်လို့ လူထုကသာ ဒီလို လမ်ပေါ်ထွက် ဆန္ဒပြလာခဲ့လျှင် သူတို့ ဘက်က ဘယ်လို တုန့် ပြန်မလဲ။ စက်တင်ဘာ အရေးအခင်း တုန်းကလို တုန့် ပြန်လာမှာလား...? စက်တင်ဘာ အရေးအခင်း တုန်းကလို ကြေကွဲ ဝမ်းနည်းဖွယ်ရာတွေ ဖြစ်ပေါ်လာဦးမှာလား...? ဆိုတာက စဉ်းစားစရာ ဖြစ်လာပါပြီ။ နောက်မဆုတ်ပါဘူး။ ကျွန်တော်တို့ ဆက်လုပ်မှာပါ ဆိုတဲ့ စကားရဲ့ နောက်ကွယ်မှာ ဘယ်အထိ ဆက်လုပ်မှာလဲ ပြည်သူလူထုက လမ်းပေါ်ထွက် ဆန္ဒပြလာရင် အဆုံးစွန်ထိ လုပ်ဖို့ စဉ်းစားထားပြီလား...? ဒါတွေက တွေးစရာတွေ ဖြစ်လာပါပြီ။

ကျွန်တော် နိုင်ငံရေး လုပ်နေခြင်း မဟုတ်ပါ။ ကျွန်တော် နိုင်ငံအကျိုးအတွက် ပြောနေရခြင်း ဖြစ်ပါသည်။ ဧရာဝတီကို ချစ်သော၊ ဧရာဝတီကို သံယောဇဉ် ကြီးသော ပြည်သူတစ်ယောက် ရင်ထဲက စကားလုံးတို့   ပွင့်အံလာခြင်းသာ ဖြစ်ပါသည်။ အကယ်၍ ဆည်ကြီး ပြီးနောက် အကြောင်းကြောင်းကြောင့် ကျိုးပေါက် သွားခဲ့လျှင် မြစ်ကြီးနားမြို့ ရေကြီးရုံတင် မဟုတ်ဘဲ ရေမြုပ်သွားနိုင်သည့် အခြေအနေ၊ ဆည်ဆောက် လိုက်လျှင် မြစ်ရေ နည်းသွား နိုင်သောကြောင့် မြစ်ရေစီးမှုအားနည်း ကာ ပင်လယ်ရေ ဝင်ရောက်လာနိုင်ပြီး မြစ်ဝကျွန်းပေါ် ဒေသများတွင် စိုက်ပျိုးရေးများ ခက်ခဲ လာနိုင်ကြောင်းများကို ပညာရှင်များက ပြောပြီး ဖြစ်သည်။ ကျွန်တော် လက်လှမ်းမှီ သလောက် ပြောရမည် ဆိုလျှင် ဆည်ဆောက်မှုကြောင့် မြစ်ရေ နည်းလာမည် ဆိုလျှင် မြန်မာနိုင်ငံရှိ မုနိလေးဆူတွင် တစ်ဆူ အပါအဝင် ဖြစ်သော ရွှေဘုံသာ ဘုရားအနီးရှိ (ကျွန်တော်တို့ အခေါ် )ရွှေဘုံသာသောင်ခုံကြီးမှာ ယခုပင်လျှင် မြစ်လယ် နီးပါးအထိ ရှိပြီး မြစ်ကြောင်း ကျဉ်းနေရာ ဒီထက် ရေနည်းလာလျှင် မြစ်ကြောင်း ပိုမို ကျဉ်းလာပြီး မော်တော်များ သွားရေးလာရေး ပိုမို ခက်ခဲ လာနိုင်သည်။ ရွှေဘုံသာ ဘုရားကို ရောက်ဖူးသူတိုင်း ဒီသောင်ခုံကြီး ဘယ်လောက်ကြီးသလဲ ဆိုတာ မြင်ဖူးကြမည် ထင်ပါသည်။

ကျွန်တော် နေထိုင်ရာ အရပ်သည် ဧရာဝတီမြစ် ကမ်းနဖူးဘေးတွင် တည်ရှိသော ရွာလေးဖြစ်သည်။ ကျွန်တော်တို့ ငယ်စဉ်က ရွာတွင် သောင်ထွန်းသောကြောင့် သောက်ရေ၊ သုံးရေ အခက်အခဲ ဖြစ်ခဲ့သည်ကို ခုထိ မမေ့နိုင်သေးပေ။ ပိုဆိုးသည့် အချက်မှာ ကျွန်တော်တို့ ရွာအောက်တွင် အလွန်ကြီးမားသော ကျောက်ဖြာကြောကြီး ခံနေသောကြောင့် အဝီစိတွင်း တူးမရခြင်း ဖြစ်သည်။ ထို့ ကြောင့် သောင်ထွန်းသည့် နှစ်များတွင် ကျွန်တော်တို့ ရွာအတွက် သောက်ရေ၊ သုံးရေ အခက်အခဲများ ဖြစ်လေ့ရှိသည်။ ထို့ ကြောင့် မြစ်ဆုံ စီမံကိန်းကြောင့် မြစ်ရေနည်းပြီး သောင်များ ထွန်းလာလျှင် ကျွန်တော်တို့ ရွာအနေဖြင့် မြစ်ဘေးနေပြီး သောက်ရေ၊ သုံးရေ ရှားပါးသည့် အခက်အခဲများ ဖြစ်လာနိုင်သည်။ ထို့ ပြင် သောင်ထွန်းမှုကြောင့် ရေကြောင်းများ တိမ်လာပြီး တံငါသည်များ ပိုက်ချရာတွင် လည်ကောင်း၊ တောင်သူ လယ်သမားများ လယ်၊ ယာ၊ ကိုင်း၊ ကျွန်း များသို့ ရေသွင်းရာတွင် လည်းကောင်း အခက်အခဲများ ရှိလာနိုင်သည်။ ဆည်ဆောက်လိုက်လို့ ဧရာဝတီမြစ် ရေနည်း၍ သောင်များ ထွန်းလာလျှင် မြစ်ကြောင်းတလျှောက်ရှိ မြို့ ၊ ရွာများ ဒုက္ခရောက်နိုင်သဖြင့် ပြည်သူများ ဤစီမံကိန်းကို ကန့် ကွက် နေကြခြင်းဖြစ်သည်။ စီမံကိန်းကို အကောင်အထည်ဖော်နေသော သူများ အနေဖြင့်လဲ ပြည်သူများ ဘဝ ရပ်တည်မှု အရေးကို ထည့်သွင်း စဉ်းစားပေးသင့်သည်။ ကျောက်၊ ကျွန်းသစ်နှင့် သဘာဝဓာတ်ငွေ့ များ ကုန်သွား၍ ပြည်သူကို မထိခိုက် သော်လဲ ဧရာဝတီမြစ် ကောသွားလျှင် မြစ်ကို မှီတင်းနေထိုင်နေသည့် မြစ်ကြောင်း တလျှောက်မှ ပြည်သူများ အကြီးအကျယ် ဒုက္ခ ရောက်ကြရပေလိမ့်မည်။

“ကျွန်မတို့ ပုဂံကို မမှီလိုက်ဘူး။ ဒါပေမယ့် ဒေါက်တာ သန်းထွန်းတို့ ပုဂံကို သုတေသန လုပ်ပြီးတော့ မှတ်တမ်းတင်ပေးတဲ့ စာအုပ်တွေကနေ ကျွန်မတို့ ပုဂံကို လှမ်းကြည့်လို့ ရတယ်။ ဒီလိုပဲ ဧရာဝတီကိုလဲ သဘာဝ ပတ်ဝန်းကျင်ကြောင့် ဖြစ်ဖြစ်၊ လူလုပ်တဲ့ အကျိုးဆက်ကြောင့် ဖြစ်ဖြစ် ကျွန်မတို့ ဧရာဝတီ တစုံတစ်ခု အရင်အတိုင်း မရှိခဲ့ရင် နောင်ကလေးတွေကို ဧရာဝတီ ဆိုတာ ဒို့  ဗမာပြည်မှာ ဘယ်လို စီးဆင်းခဲ့တယ် ဆိုတာကို သိသင့်တယ် ထင်လို့ ဒီစာအုပ်ကို ကျွန်မ ထုတ်ခဲ့တာပါ” ဆိုတဲ့ အောင်ပင်လယ် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး မဂ္ဂဇင်းရဲ့ အယ်ဒီတာချုပ် ဒေါ်ဒေဝီသန့် စင်ရဲ့ စကားကလဲ မှတ်သား စရာပါ။ ဧရာဝတီသာ တကယ် ပျက်စီးခဲ့မယ် ဆိုရင် ကျွန်တော်ကတော့ ဒီစီမံကိန်းကို အသက်သွင်းခဲ့တဲ့ လူတွေကိုလဲ မှတ်တမ်းတင်ထား သင့်တယ်လို့  ယူဆမိပါတယ်။ ဒါမှ ခုခောတ် ကျွန်တော်တို့  ဂဌုန်ဦးစောကို အမှတ်ရ နေသလိုမျိုး  သူတို့ တွေကိုလဲ နောင်တနေ့ မျိုးဆက်သစ် လူငယ်တွေ အမှတ်ရနေအောင် မှတ်တမ်းတင်ထား သင့်ပါတယ်။

24 comments:

  1. အစ်ကိုရေးမှ သတင်းအစုံသိရတယ်ဗျို့.....

    ReplyDelete
  2. “လူယဉ်ကျေးနည်းနဲ့ မရရင် လမ်းပေါ်ထွက် ဆန္ဒပြပြီး တောင်းဆို လာခဲ့ မယ်ဆိုရင် ဒီလို ဆန္ဒပြမှုတွေ အတွက် စီမံကိန်းကို ဆက်လုပ်တဲ့သူတွေသာ တာဝန်ယူရ လိမ့်မယ်။ မလုပ်ဖို့ တောင်းဆိုဆန္ဒပြနေတဲ့သူတွေမှာ တာဝန် မရှိဘူး”

    ReplyDelete
  3. ဧရာဝတီကို သုံးတတ်ရင် သုံးလို့ရပါတယ်
    ဒါပေမဲ့ တရုတ်သုံးသလိုတော့ မသုံးနဲ့

    ReplyDelete
  4. ဧရာဝတီကို လွတ်လပ်ခွင့်ပြုပါ

    ReplyDelete
  5. ဧရာဝတီ သည် မြန်မာပြည်သား အားလုံးနဲ့ဆိုင်တဲ့အတွက် ၊
    ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းကို ကန့်ကွက်ခွင့်လည်း မြန်မာပြည်သားအားလုံးတွင်ရှိပါသည် ။
    ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းကို လုံးဝ ကန့်ကွက်ပါသည် ။

    ခင်မင်စွာ
    မကိ

    ReplyDelete
  6. 2011 မှာ စိတ်ပျက်စရာအကောင်းဆုံး ရွံစရာအကောင်းဆုံးနဲ့ ဟာသအဆန်ဆုံးစကားကတော့ “နောက်မဆုတ်ပါဘူး။ ကျွန်တော်တို့ ဆက်လုပ်မှာပါ” ပါပဲ တကယ့်ကို အံ့သြမိပါရဲ့ဗျာ

    မိခင် ဧရာဝတီ အစဉ်တည်တံ့ပါစေ ။

    ReplyDelete
  7. သတင်းလေးတွေစုံနေတာပဲ။
    အခုလိုသိခွင့်ရလို့ ကျေးဇူးတင်ပါတယ်။

    ReplyDelete
  8. ဖတ်ရင်း ဒေါသတွေထွက်လာတယ် .. ဟုတ်တယ် တော်တော် လူပါးဝတာ .. ခု မြန်မာနိုင်ငံမှာ အားလုံးအရေးကြီးနေတယ် .. အန္တရယ် ရှိနေတယ် .. ပညာရေး လူမှုရေး စီးပွားရေးး အဖက်ဖက်က နိမ့်ကျနေတယ် .. အားလုံ တယောက်တလက်နဲ့ ကူညီကယ်တင်ကြရအောင်ပါ ..

    ReplyDelete
  9. ခေါင်းမရှိတဲ့သူတွေ...... ပြောရတာ ရင်နာပါတယ်....။
    ငါတို့ရဲ့ မိခင် ဧရာဝတီ ဆက်လက်ရှင်သန်နေမှာပါ...။

    ဧရာဝတီကိုချစ်တဲ့
    မိုးငွေ့

    ReplyDelete
  10. ဧရာဝတီနဲ့ မြန်မာပြည်
    ဧရာဝတီနဲ့ ဗမာလူမျိုး
    ခွဲခြားလို့မရဘူး...။
    ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းကို လုံးဝ ကန့်ကွက်ပါသည် ။

    ReplyDelete
  11. “လူယဉ်ကျေးနည်းနဲ့ မရရင် လမ်းပေါ်ထွက် ဆန္ဒပြပြီး တောင်းဆို လာခဲ့ မယ်ဆိုရင် ဒီလို ဆန္ဒပြမှုတွေ အတွက် စီမံကိန်းကို ဆက်လုပ်တဲ့သူတွေသာ တာဝန်ယူရ လိမ့်မယ်။ မလုပ်ဖို့ တောင်းဆိုဆန္ဒပြနေတဲ့သူတွေမှာ တာဝန် မရှိဘူး”

    ဒီဟာတွေက ယဉ်ယဉ်ကျေးကျေးပြောလို့ရမယ့်ဟာတွေမဟုတ်လောက်ဘူး။
    ဓါးဓါးချင်း၊ တုတ်တုတ်ချင်းပေါ့ လို့စိန်ခေါ်သွားတာပဲ ကြည့်ပါလား....

    ReplyDelete
  12. “နောက်မဆုတ်ပါဘူး။ ကျွန်တော်တို့ ဆက်လုပ်မှာပါ”
    ကျေးဇူး ညီရဲ ရေ

    ရွှေစင်ဦး

    ReplyDelete
  13. ကိုအောင်(ပျူနိုင်ငံ)23 September 2011 at 19:38

    မြစ်ဆုံရေကာတာ တည်ဆောက်မှုကို ထပ်တူထပ်မျှ ကန့်ကွက်ပါတယ်၊ ဧရာဝတီမြစ်ကြီး အဓွန့်ရှည်ပါစေ ...

    ReplyDelete
  14. ဒေါက်တာ ဦးထွန်းလွင် ပြောသလိုပဲ .. ကျွန်တော်လည်း တခွန်းတည်းပဲပြောမယ်။ "ဧရာဝတီမြစ်ဆုံမှာ ရေကာတာ ဆောက်ခြင်းကို ကျနော် လုံးဝ ကန့်ကွက်ပါတယ်” ခင်ဗျာ...

    ခင်မင်စွာဖြင့်...
    ဇော်သိင်္ခ

    ReplyDelete
  15. ဧရာဝတီကို လွတ်လပ်စွာ စီးဆင်းခွင့်ပေးပါ။ မချုပ်နှောင်ကြပါနဲ့.....

    ReplyDelete
  16. မဖြစ်မနေကန့်ကွက်ရမဲ့ ကိစ္စဘဲနော
    ကိုယ့်တိုင်းပြည်ကို သူတစ်ပါးက လာရောက်ခြယ်လှယ်တာ၊ ကိုယ့်ရေမြေ သဘာဝပျက်စီးတာကို ဘယ်သူကမှ ကြည့်မနေချင်ကြပါဘူး
    ဒါကြောင့်လည်း မဖြစ်မနေကန့်ကွက်ကြရတာပါ။

    ReplyDelete
  17. မြစ်ဆုံဆည် စီမံကိန်းကို ကန့်ကွက်ပါတယ်။
    ဧရာဝတီ အမြဲ ရှင်သန်ပါစေ။

    ReplyDelete
  18. ဒီစီမံကိန်းကြီးကို လုံးဝလုံးဝကန့်ကွက်ပါတယ်

    ReplyDelete
  19. ညီရဲရေ..ဧရာဝတီအတွက် ဆုတောင်သမှုပဲ ပြုလုပ်နိုင်တော့တယ်။ ဒို့မြစ်ကြီး တစ်ခုခုမဖြစ်ပါစေနဲ့ပေါ့။

    ReplyDelete
  20. မြစ်ဆုံဆည် ဗျူဟာစီမံကိန်းကို အပြင်းအထန် ကန့်ကွက်ပါတယ်။

    ReplyDelete
  21. မြန်မာနိင်ငံသားတိုင်း ဒီစီမံကိန်းကို ကန့်ကွက်ကြရမှာပါ။ မဟုတ်ရင် တိုင်းပြည်ပါ ပျောက်သွားလိမ့်မယ်။

    ReplyDelete
  22. အပြန်အလှန် ပါဝင်ပတ်သက် နေကြတဲ့ အဖြစ်အပျက်တွေ၊ စကားစုတွေကို အနီရောင်နဲ့ ရေးပြပြီး အကျယ်ချဲ့သုံးသပ်ထားတာ ကောင်းတယ်ဗျာ..၊ ဘာတွေ ဖြစ်နေလဲဆိုတာ လတ်တလော မသိတဲ့ သူတွေ ဖတ်မိရင်တောင် ချက်ချင်း သဘောပေါက်လာစေမယ့် ဆောင်းပါးကောင်း တစ်ပုဒ်ပဲဗျို့...။

    ReplyDelete
  23. အင်း..
    ဒေါ်ဒေဝီသန့် စင်ရဲ့  စကားကို ဖတ်မိတော့ မှ
    ပိုပြီး ဝမ်းနည်းသွားမိတယ်။
    အခုဟာက ၈၈ အရေးတော်ပုံမျိုး ပဲလို့ ထင်တယ်။

    ReplyDelete
  24. သေသေချာချာထောက်ပြပေးသွားတဲ့ ဆင်တဲသားကို ကျေးဇူးတင်ပါတယ်ဗျာ။ အချိန်မအားလပ်လို့  ခုမှ ရောက်ဖြစ်ပါကြောင်း။

    ချမ်းမြေ့ပါစေ။

    ReplyDelete