Monday 12 September 2011

ဘလော့ဂါဆိုတာဘာလဲ(တဂ်)

ဘလော့ဂါ ဆိုတာ ဘာလဲ.... ညီမငယ် candy က ကျွန်တော့်ကို တဂ်လာတဲ့ပိုစ့်ပါ။ အဲဒီ ဘလော့ဂါဆိုတာ ဘာလဲ ဆိုတဲ့ ခေါင်းစဉ်ကို ကြည့်ပြီး အစ်မ မိုးငွေ့ ပြောသလို နဲနဲ စားသွားပါတယ်။ အဲဒီ အချိန်မှာပဲ အစ်မ ဖြစ်သူ jasmine (တောင်ကြီး)က ထပ်တဂ် လာပြန်တော့ ကျွန်တော် မရေးမဖြစ် ရေးရမဲ့ကိန်း ဆိုက်လာခဲ့ ပါတော့တယ်။ ဒီနေ့ ဘလော့ဂ် လောက ကြီးက သတ်မှတ် ထားသလိုပဲ ဘလော့ဂါ တွေဟာ ဘလော့ရွာကြီး တစ်ရွာထဲမှာ စုဝေးနေကြတာပါ။ ဒီရွာကြီးကို တရားဓမ္မ၊ နည်းပညာ၊ သတင်း၊ သုတ၊ ရသ၊ ဟာသ၊ ကဗျာ၊ ချက်နည်း ပြုတ်နည်း၊ ဓာတ်ပုံ စသည့် တခြား တခြားသော ကဏ္ဍပေါင်းစုံဖြင့် စုစည်း ထားခြင်း ဖြစ်ပါတယ်။ ဘလော့ဂါတွေကလဲ ကိုယ်သန်ရာ သန်ရာ ကဏ္ဍလေးတွေကနေ ဘလော့ရွာကြီးကို ပုံဖော် နေကြတာပါ။ တကယ်တော့ ဘလော့ ဆိုတာ ဘလော့ရေးသူရဲ့ မှတ်စု ဒိုင်ယာရီလို့ ခေါ်မယ်ဆို ခေါ်လို့ ရပါတယ်။

ဘလော့ဂါတွေဟာ ကိုယ်သန်ရာ သန်ရာ ကဏ္ဍတွေကနေ ကိုယ့်ရဲ့ ဗဟုသုတ၊ အသိပညာ၊ စိတ်ခံစားချက် တွေကို ဝေမျှ နေတဲ့သူတွေပါ။ တရားဓမ္မ လေ့လာ လိုက်စားတဲ့ သူတွေက  ဘုရား အကြောင်း တရား အကြောင်းလေးတွေ တင်မယ်။ နည်းပညာ လေ့လာ လိုက်စားသူတွေက ကိုယ်လေ့လာ တွေ့ ရှိထားတဲ့ နည်း ပညာ အကြောင်းလေး တွေကို တင်မယ်။ ကဗျာ ဝါသနာ ပါသူတွေက ကဗျာလေးတွေ တင်မယ်။ တချို့  က ရသ၊ တချို့ က ဟာသ၊ တချို့ က သုတလေးတွေ အသီးသီး တင်ကြမယ်။ ဒီလိုပဲ တချို့ က ချက်နည်းပြုတ်နည်း လေးတွေကို ဝေမျှကြတယ်။ သတင်းတွေ ဝေမျှကြတယ်။ဘာတွေ ဘယ်လိုပဲ တင်တင် ဘလော့တစ်ခုမှာ နာမည် တစ်ခု ယူပြီး တင်ပြီ ဆိုတာနဲ့ ကိုယ်တင်လိုက်တဲ့ စာ၊ ပိုစ့်တွေ အတွက် တာဝန် ယူရပါမယ်။ ကိုယ်ရေးလိုက်တဲ့ စာရဲ့ အကောင်း အကျိုး၊ အဆိုး အကောင်းကို တာဝန်ယူရဲ၊ တာဝန် ယူနိုင်ရပါမယ်။ အဲဒီ အတွက် ဖြစ်ပေါ်လာမယ့် ပြဿနာ အပေါင်းကို ဖြေရှင်း နိုင်ရပါမယ်။ ဒါမှလဲ ကိုယ့်ကိုယ်ကို ဘလော့ဂါ တစ်ယောက်လို့ မှတ်ယူ နိုင်ပါမယ်။ ဘလော့ဂါ တစ်ယောက် ဖြစ်လာပြီ ဆိုရင် ကိုယ့်ရဲ့ စာပေ အရေးအသားက အစ ဂရုစိုက်သင့်ပါတယ်။ ကိုယ့်ရဲ့  စာပေကို ဖတ်ပြီး စာဖတ်သူ တစ်ယောက် လမ်းမှား မရောက်သွားဖို့ အတွက် စာရေးတဲ့ အခါမှာ ဂရုစိုက်ဖို့  လိုအပ်ပါတယ်။

ကျွန်တော် ဒါကို အကြောင်းမဲ့ ပြောတာ မဟုတ်ပါဘူး။ စင်ကာပူ ဒုတိယ အကြိမ်မြောက် စာပေဟောပြောပွဲမှာ ဆရာ လယ်တွင်းသား စောချစ် ကိုယ်တိုင် ဆယ်တန်းနှစ်က ဝတ္ထု တစ်ပုဒ်က ဇာတ်ကောင်ရဲ့ စရိုက်ကို အတု ယူမှားမိလို့ ဆယ်တန်း စာမေးပွဲကို ခြောက်နှစ်တိတိ မဖြေပဲ လေလွင့် နေခဲ့ဖူးပါတယ်။ နောက်ပိုင်းမှ ဆရာကြီး ပီမိုးနင်းရဲ့  အောင်စိတ် စာအုပ်တွဲကြီးကို ဖတ်မိပြီး ဆယ်တန်း စာမေးပွဲကြီးကို ပြန်ဖြေလို့  လမ်းမှန်ပေါ်ကို ပြန်ရောက်ကာ ဒီနေ့  ဒီလို အခြေအနေ မျိုးကို ရောက်ခဲ့ရပါတယ် ဆိုပြီး  ဆရာ လယ်တွင်းသား စောချစ် ကိုယ်တိုင် ပြန်ပြော ပြခဲ့တာပါ။  ဒါကြောင့် ဘလော့ဂါ တစ်ယောက် အနေနဲ့ ကိုယ်ရဲ့  စာပေ အရေးအသားကို ဂရုစိုက်ဖို့  လိုတယ်လို့ ပြောကြားရခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ရေးလိုက်တဲ့ စာကြောင့် စာဖတ်သူ တစ်ယောက် အတုယူ မှားပြီး လမ်းလွဲကို ရောက်သွားခဲ့ရင် စာရေးသူမှာ အပြစ်ရှိပါတယ်။

ဘလော့ဂါ တစ်ယောက် အနေနဲ့  ဒီအဖြစ်မျိုးကို  သတိထားသင့်ပါတယ်။ ငါ့ဘလော့ ငါရေးချင်သလို ရေးပြီး ငါတင်ချင်တာ တင်မယ် ဆိုတဲ့ စိတ်မျိုး မထားသင့်ပါဘူး။ ဘလော့ဂါ တစ်ယောက် အနေနဲ့ ဘလော့ကို လာဖတ်တဲ့ စာဖတ်သူကို လေးစား ရပါမယ်။ ကိုယ်က မအားတဲ့ ကြားက ရေးရသလို စာဖတ်သူကလဲ ကိုယ့်ဘလော့ကို ရောက်အောင်လာပြီး ကိုယ်ဖန်တီး လိုက်တဲ့ အနုပညာကို တကူးတက လာအားပေး နေရတယ် ဆိုတာကို သိထား သင့်ပါတယ်။ အဓိက ကတော့ စာဖတ်သူကို စော်ကားသလို စာမျိုး ပိုစ့်မျိုးတွေ မရေးမိဖို့  လိုပါတယ်။ ဒါကြောင့် ပိုစ့်ဖြစ်ပြီးရော တင်တာထက် ကိုယ်ရေးလိုက်တဲ့ စာတစ်ပုဒ်၊ ပိုစ့်တစ်ပုဒ်က စာဖတ်သူကို တစ်ခုခု ရသွားစေချင်တဲ့ စိတ်စေတနာကောင်း တစ်ခု ရှိဖို့ လိုအပ်ပါတယ်။ စာတစ်ပုဒ်၊ ပိုစ့်တစ်ပုဒ်ကို ပြီးပြီးရော ရေးဖို့ မသင့်ပါဘူး။ အချိန်ကာလ မလိုပါဘူး စာကောင်းတစ်ပုဒ်၊ ပိုစ့်ကောင်းတစ်ပုဒ် ဖြစ်ဖို့  လိုပါတယ်။ တချို့ က ပိုစ့်တင်ချင်ဇောနဲ့ ပိုစ့်ကို ပြီးပြီးရော ရေးတတ်လို့ ပါ။ ကျွန်တော်လဲ ဒီအဖြစ်မျိုး ကြုံဖူးပါတယ်။

ရသစာပေ ရေးသူပဲ ဖြစ်ဖြစ် သုတစာပေ ရေးသူပဲ ဖြစ်ဖြစ် စာဖတ်သူရဲ့ ရင်ထဲ၊ အသိထဲ ရောက်သွားတဲ့ အထိ တစ်ခုခုကို ပေးနိုင်လိုက်ဖို့ လိုပါတယ်။ ဥပမာ ကိုမြစ်ကျိုးအင်း ဆိုရင် စာရေး ကောင်းပါတယ်။ သူရေးလိုက်တဲ့ စာတစ်ပုဒ်၊ ပိုစ့်တစ်ပုဒ်က စာဖတ်သူကို တခုခုတော့ ပေးနိုင်လိုက်တာ ချည်းပါပဲ။ ဟိုတနေ့ က ကိုဇော် ရေးတဲ့ အဖေဆိုတာ... ဆိုတဲ့ ဝတ္ထုတိုလေးကို ဖတ်ကြည့်ပြီး မြန်မာပြည်မှာ ကျန်ခဲ့တဲ့ အဖေကို သတိရသွားမိတယ်။ ဒါဟာ စာဖတ်သူ ရင်ထဲ ရောက်သွားတဲ့ အထိ တစ်ခုခု ပေးနိုင် လိုက်တာပါ။  ကိုမြစ်ကျိုးအင်း၊ ကိုဇော်တို့ လိုပဲ ကိုညီလင်းညို၊ ကိုနေဝသန်၊ ကိုဆိုဆီကာဒို၊ အစ်မ ချစ်ကြည်အေး၊ မြတ်မွန် တို့ လဲ စာရေးကောင်း ကြပါတယ်။ သူတို့ လိုပဲ စာရေးကောင်းတဲ့ သူတွေလဲ ရှိပါလိမ့်မယ်။ ဘလော့ အလည်ထွက်တာ နဲတဲ့ ကျွန်တော် မသိလို့ ဖြစ်ပါလိမ့်မယ်။ ကျွန်တော် လက်လှမ်းမှီသလောက် ထဲမှာလဲ စာရေးကောင်းတဲ့ သူတွေ ရှိပါသေးတယ်။  အားလုံးကို ချရေးပြဖို့ အခက်အခဲ ရှိလို့ အကုန် ရေးမပြတော့ပါဘူး။ များသော အားဖြင့် ဘလော့ဂါတွေက စာရေး ကောင်းကြပါတယ်။ မနိုင်းနိုင်းစနေ၊ မမြသွေးနီ တို့ ကတော့ စာရေးဆရာတွေ ဖြစ်နေကြပါပြီ။ စာရေးကောင်းတယ် ဆိုတာ ထည့်ပြောစရာ မလိုတော့ပါဘူး။ တချို့ ဆိုရင်လဲ ကဗျာ ရေးတာ တကယ် တော်ကြပါတယ်။ ဥပမာ ကိုမိုးမြင့်တိမ်၊ အစ်မ အိန္ဒြာ တို့ ပါ။ ကိုမိုးမြင့်တိမ်ရဲ့ ကဗျာ ဆိုတဲ့ ကဗျာ၊ အစ်မ အိန္ဒြာရဲ့  လီလီ ဆိုတဲ့ ကဗျာတွေက စာဖတ်သူ ရင်ကို ထိတဲ့ ကဗျာတွေပါ။

ပြီးတော့ ဘလော့ဂါ တစ်ယောက် အနေနဲ့ ချီးကျူးဖို့ ကောင်းတဲ့ သူတစ်ယောက် ရှိပါသေးတယ်။ ကျွန်တော် လေးစားရတဲ့ မချော (အစိမ်းရောင်လွင်ပြင်)ပါ။  မချော ဘလော့ကို သွားရင် စိတ်ချမ်းသာဖို့  ကောင်းပါတယ်။ ပိုစ့်တွေကို ဓာတ်ပုံနဲ့ စာနဲ့ တကွ သေသေချာချာ ဖတ်ချင်စဖွယ်လေး ဖြစ်အောင် သပ်သပ်ရပ်ရပ် တင်ထားတာပါ။ ဒါဟာ စာဖတ်သူ အပေါ်ထားတဲ့ ဘလော့ပိုင်ရှင်ရဲ့ စေတနာပါ။ အမြဲစိမ်း ဘူတာ၊ ရေခဲနန်းတော်၊ မြေအောက်အိမ်တို့  ရှိတယ်ဆိုတာ ဒီဆိုဒ်လေးကို သွားကြည့်ပြီးမှ ကျွန်တော် သိခွင့်ရခဲ့တာပါ။  ပြီးတော့ အစ်မချောရဲ့  လေးစားစရာ ကောင်းတဲ့ အချက်က ဘလော့အဟောင်းတွေကနေ ဘလော့ အသစ်လေးတွေ အထိ ရောက်အောင်သွားတတ်ပြီး ဘလော့ဂါ အသစ်လေးတွေကို နွေးထွေးပျူငှာတဲ့ ကွန်မန့် လေးတွေနဲ့  လက်တွဲ ခေါ်တတ်တာပါဘဲ။ ပြောရရင် မချောက ကျွန်တော်တို့ လေးစားသင့်တဲ့ ဘလော့ဂါ တစ်ယောက်ပါ။ ဒီလိုတွေ ပြောလို့ မချောနဲ့ ကျွန်တော် ရင်းနှီးတယ်လို့ မထင်ပါနဲ့ ။ ကျွန်တော် မချောကို ကွန်မန့် တွေထဲမှာ လောက်ပဲ သိတာပါ။ လက်ရှိ ဘလော့လောက အတွင်း လှုပ်ရှားမှု အမြင်ကို ချရေးပြခြင်း ဖြစ်ပါတယ်။ ဘလော့ဂါ တစ်ယောက် အနေနဲ့ တော့ မချောက တကယ် အလုပ်ကြိုးစားသူ တစ်ယောက်ပါ။

အစ်မချစ်ရေးတဲ့ ထွေရာလေးပါးပိုစ့် ထဲမှာ အန်တီတင့် ဘလော့မှာ တွေ့ လို့ စမ်းထိုးကြည့်တာ ဆိုပြီး ရွှေကြည် စနွန်းမကင်း ထိုးထားတာလေးကို တင်ထားပါတယ်။ ဒါဟာ အန်တီတင့် ဘလော့ကို စာလာဖတ်ရင်း ရခဲ့တဲ့ အသိလေးကို လက်တွေ့ ပြန်အသုံး ချလိုက်တာပါ။ ဒီလိုပဲ ဟိုတနေ့ က အန်တီတင့် ဘလော့မှာ ကျိုက္ကဆံ ဘုရား ပုံတွေကို ကြည့်ပြီး ကျွန်တော် ဖူးခွင့် ရခဲ့ပါတယ်။ ကျွန်တော် ကျိုက္ကဆံဘုရားကို မရောက်ဖူးပါဘူး။ ဒါပေမယ့် ဒီဘလော့လေးကနေ ကျွန်တော် ဖူးခွင့် ရခဲ့ပါတယ်။ ဒါဟာ စာဖတ်သူ တစ်ယောက်အနေနဲ့  သိခဲ့၊ ရခဲ့ တာလေးတွေပါ။ ဒါတွေက ကျွန်တော် ဥပမာပေး ရေးပြထားခြင်း ဖြစ်ပါတယ်။ တခြား ဘလော့တွေလဲ သူ့  နည်းသူ့ ဟန်နဲ့ ဝေမျှ နေကြတာပါ။ ဒါကြောင့် ဘလော့ဂါ သမား တစ်ယောက် ဖြစ်လာရင် ကိုယ်ရေးလိုက်တဲ့ စာကနေ စာဖတ်သူကို တခုခုတော့ ပေးနိုင်ရပါမယ်။ ဒါမှ ဘလော့ဂါလို့ ခေါ်ဆိုနိုင်မှာပါ။ နို့ မို့ ကတော့ ကိုဗညားရှိန် ပြောသလို ဘလော့ဂင်း နေတဲ့ သူတစ်ယောက်ပဲ ဖြစ်မှာပါ။ နောက်ပြီးတော့ ကိုဗညားရှိန် ပြောသလိုပဲ ဘလော့ဂါ သမား အချင်းချင်း လေးစားမှု ရှိသင့်ပါတယ်။ ဒါဟာ ဘလော့ဂါ သမား တစ်ယောက်အနေနဲ့ အထူး ဂရုပြုသင့်တဲ့ အချက် ဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင် ဖန်တီး လိုက်တဲ့ အနုပညာကို တခြားသူ တစ်ယောက် ကူးယူတာကို မကြိုက်သလို ကိုယ်ကိုယ်တိုင်ကလဲ မကူးယူသင့် ပါဘူး။ ဒါက ဘလော့ဂါ သမားတစ်ယောက် ထားသင့်တဲ့ စည်းပါ။ နေရာတိုင်းမှာ သူ့ စည်းနဲ့ သူ ရှိပါတယ်။ စည်းမဖောက်သင့်ပါဘူး။

တကယ်တော့ ဘလော့ဂါ ဆိုတာ ပိုက်ဆံ တပြားမှ မရဘဲ အိပ်ရေးပျက်ခံ၊ အစားအသောက်ပျက်ခံ၊ အလုပ်ပျက်ခံပြီး အဘက်ဘက်ကို ဂရုစိုက်နေရတဲ့ သူတွေပါ။ ဘာနဲ့ တူသလဲဆိုရင် ကိုယ်ထမင်း ကိုယ်စားပြီး ဂျီးတော်နွား ကျောင်းနေရတဲ့ သူတွေအဖြစ်နဲ့ တူပါတယ်။ ကျွန်တော့်ကို အခန်းဖော် သူငယ်ချင်းတွေက ခေါ်တဲ့ နာမည် တစ်ခုရှိပါတယ် အလကား စာရေးဆရာတဲ့...။ ပိုက်ဆံ တပြားမှ မရတဲ့ စာရေးဆရာလို့  ပြောတာပါ။ ကိုယ့်ဝါသနာနဲ့ ကိုယ်မို့ ကျွန်တော် သူတို့ ဘာပြောပြော မမှုပါဘူး။ ဒါတွေက ကျွန်တော့် အမြင်ကို ချပြ ထားခြင်း ဖြစ်ပါတယ်။ ကျွန်တော့် အမြင်ကိုလဲ အမှန်လို့  မဆိုလိုပါဘူး။ ဒါကြောင့် ကျွန်တော့် အမြင်မှားနေတယ် ဆိုရင်လဲ ပြောပြ ထောက်ပြ ပေးလို့ ရပါတယ်။ ကျွန်တော့် အမြင်က တခြားသူတစ်ယောက်ကို ထိခိုက်စေတယ် ဆိုရင် ကျွန်တော် ပြန်ပြင်ပေး၊ ဒါမှမဟုတ် ပြန်ဖြုတ်ချ ပေးပါ့မယ်။  ဒီပိုစ့်လေးကို ကျွန်တော့် အမြင် ကျွန်တော် ဖတ်ခဲ့ပြီးတဲ့ တချို့ ဘလော့ဂါတွေရဲ့ အမြင်တွေ ထဲက ကောက်နုတ် ဖော်ပြ ထားခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ဘလော့ဂါ မောင်နှမ အားလုံး ဘလော့ဂါ ကောင်းများ ဖြစ်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

16 comments:

  1. ဘလော့ဂါရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်လေး ဖတ်သွားတယ်အကို ..

    ReplyDelete
  2. This comment has been removed by the author.

    ReplyDelete
  3. Black ရေ
    လာဖတ်သွားပြီနော်..
    ဘလော့ဂါဆိုတာနဲ့သတ်ပက်ပြီးတင်ပြထားပုံလေး
    ကောင်းလိုက်တာ..

    ခင်မင်တဲ့ blackroze

    ReplyDelete
  4. ဟုတ်ပါ့ တင်ပြထားပုံလေး ကောင်းတယ်ဗျာ။ စာဖတ်သူအပေါ် တကယ်မေတ္တာ၊ စေတနာထားပြီး သေသေချာချာ ရှင်းရှင်းလင်းလင်းလေး ရေးထားတာပဲ။ ကျန်းမာပျော်ရွှင်ပါစေ။

    ReplyDelete
  5. ဖွင့်ဆိုချက်တွေက မှတ်သားစရာပဲ ။ လာဖတ်သွားတယ်နော် အကို

    ReplyDelete
  6. `ဘလော့ဂါတွေဟာ ကိုယ်သန်ရာသန်ရာကဏ္ဍတွေကနေ ကိုယ့်ရဲ့ ဗဟုသုတ၊ အသိပညာ၊ စိတ်ခံစားချက်တွေကို ဝေမျှနေတဲ့သူတွေပါ´ဆိုတဲ့ ညီရဲသစ်ရဲ့ ဖွင့်ဆိုချက်အတိုင်းပါပဲ ညီရဲသစ်ဆိုက်ကနေ ဗဟုသုတများစွာ ရရှိစေပါတယ်....

    ချမ်းမြေ့ပါစေ
    ချယ်ရီမြေ

    ReplyDelete
  7. ဘလော့ဂါနဲ့ပတ်သက်လို့ ကိုဘလက်ရေးပြထားတဲ့ အကြောင်းအရာလေးတွေကောင်းတယ်။ ကျနော်လည်း အဲဒီပိုစ့်ကိုရေးနေတုန်း။

    ပိုက်ဆံတစ်ပြားမှမရမှန်းသိပေမယ့်လည်း ဘယ်သူတွေဘယ်လိုပြောပြော ကိုယ့်ထမင်းကိုယ်စားပြီး ဂျီးတော်နွားကို ဆက်တော့ကျောင်းဦးမှာပဲ ကိုဘလက်ရေ.... :)

    ReplyDelete
  8. လာဖတ်တယ်ဗျိုးးး..
    ဘလော့ဂါဆိုတာ လက်စားသမားတွေ ဖြစ်မယ်..အလုပ်ကို ဂရုမစိုက်ပဲ ဒါပဲ လုပ်နေကြတော့ အလုပ်လည်းပြုတ်..အချိန်တန်တော့ ဘလော့ဂင်းလုပ်ရင်း ကိုယ့်လက် ကိုယ်ပြန်လက်စုပ်နေကြတဲ့သူတွေ....:P

    ReplyDelete
  9. post လေးကို သေသေချာချာလေးရေးထားတာပဲ ဖတ်လို့ကောင်းတယ် ။ အလေးနက်ထားတာ သိလို့၇လို့ အားလည်းကျပါတယ်ဗျာာ ။

    ReplyDelete
  10. အစ်ကိုရေးတဲ့ ပထမဆုံးသော တက်ဂ်ပိုစ့်လေးဖတ်သွားတယ်... ကန်ဒီတက်ဂ်ထားတာရေးပေးလို့လည်း ကျေးဇူးတင်တယ်.. မြှောက်ပြောတာမဟုတ်ပါဘူး.. အစ်ကိုရေးရင် ပိုပြည့်စုံပြီး ဖတ်လို့လည်းကောင်းမယ်ဆိုတာ သိလို့ တက်ဂ်ထားတာ.. ရေးထားတာလေးလည်း ဖတ်လို့တကယ်ကောင်းတယ်.. :D
    အစ်ကို ခုလိုသီးသန့်ဆိုဒ်လေးလုပ်လိုက်တာ ကောင်းတယ်လို့ ကန်ဒီမြင်တယ်.. ဆင်ထဲမှာထဲကဖတ်ဖူးပေမယ့်.. ဒီလိုသတိမထားမိဘူးလေ... ဆင်ထဲက စာရေးဆရာတွေ စာရေးကောင်းတယ် ဆိုတာပဲ မြင်တယ်.. ဘယ်သူဘယ်ဝါဆိုတာ သိပ်မမြင်ဘူးလေ..
    အမြဲအားပေးလျက်...
    Candy

    ReplyDelete
  11. An Asian Tour Operator12 September 2011 at 13:18

    အားပေးပါတယ်။

    ReplyDelete
  12. အလကား စာရေးဆရာဆိုလို့ အသံထွက်အောင် အော်ရယ်ပစ်လိုက်သေးတယ်
    မှန်လွန်းလို့ပါ။
    ပိုက်ဆံမရပေမဲ့ ပီတိကိုစားပြီးဘဲ ရေးနေကြတာပေါ့လေ။
    ညီရဲသစ်ပြောသလို စေတနာနဲ့ စာရေးတဲ့သူ၊ ဘလော်ဂါကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားပါဦးမယ်။
    ကျေးဇူးလည်းတင်ပါတယ်။

    ReplyDelete
  13. ဘယ်နှယ်အလကားစာရေးစရာ ရမှာတုန်းညီရ....၊ပိုက်ဆံမရပေမယ့် ကိုယ်ရေး
    တဲ့ပို့စ်လေးမှာ လာပေးသွားတဲ့ကွန်မန့်လေးတွေက ပိုက်ဆံထက်တောင် တန်ဖိုး
    ရှိသေး...ဟုတ်တယ်.....ဟုတ်....။ဘလော့ဂါတွေကို ဘလော့ဂါကောင်းတွေ
    ချည်းဖြစ်စေချင်တဲ့ ညီ့စေတနာကိုမြင်ရပါတယ်ညီ...

    ReplyDelete
  14. ဟုတ်တယ်..ကွန်မက်တွေကိုဖတ်ရတာ
    ပိုက်ဆံရတာထက်ပျော်ဖို့ကောင်းတယ်.....
    တစ်ယောက်တစ်မျိုးစီဖွင့်ဆိုကြတာပါပဲ
    အားလုံးကောင်းပါ၏ ။
    နောင်လဲဒီထက်ရေးနိုင်ပါစေရှင်
    သူငယ်ချင်း...အမ jasmine

    ReplyDelete
  15. အရေးအသားကောင်းတဲ့ တဂ်ပို့စ်လေးကို ဖတ်သွားပါတယ် ကိုညီရဲသစ်ရေ။

    စိတ်၏စေရာနာခံလေသော
    မိုးမြင့်တိမ်

    ReplyDelete
  16. ညီရဲရေ..
    ဘလောဂါဆိုတာ ကို ဖွင့်ဆိုထားတာ သဘောကျသွားတယ်။ တဂ်ပိုစ်ဆိုပေမယ့် အသေအချာ အလေးထားရေးထားလို့ ပိုသဘောကျတယ်။ မချောကို လေးစားတာချင်းလည်း တူတယ်။

    ReplyDelete