Saturday 3 March 2012

ငါးထောင်တန်ဖုန်းအပေါ် ဘလော့ဂ်ဂါတို့ အမြင် (တဂ်)



ဒီတဂ်ပို့ လေးကတော့ မဒိုးကန် ကျွန်တော့်ကို တဂ်လိုက်တဲ့ ပိုစ့်လေးပါ။ ခုချိန်လောက်ဆိုရင် ဘလော့ဂ်ဂါတော်တော် များများလဲ ရေးပြီးနေလောက်ပါပြီ။ ရည်ရွယ်ချက် ကောင်းကောင်း စိတ်ကူးကောင်းကောင်းနဲ့ ဖြစ်တည်လာခဲ့တဲ့ တဂ်ပိုစ့်လေး တစ်ပုဒ်ဖြစ်ပါတယ်။ ပြည်သူ့ အကျိုးကို ကိုယ်တတ်နိုင်တဲ့ ဘက်က စေတနာနဲ့ တတ်အားသရွေ့ လေး အားတက်သရော ပါဝင်ခဲ့ကြတဲ့ ဘလော့ဂ်ဂါမောင်နှမတွေကို မြင်ရတော့ တကယ်ဝမ်းသာ ကြည်နူးမိတယ်။ ဒီထဲမှာ ကျွန်တော်ကိုယ်တိုင်လဲ တစ်တပ်တစ်အား ပါဝင်ခွင့် ရအောင် သတိတရလေး တဂ်ပေးခဲ့တဲ့ မဒိုးကန်ကိုလဲ ကျေးဇူးတင်ပါတယ်။ ပြောရရင် ခုလို ငါးထောင်တန် ဘာညာ ဆိုတဲ့အထိတော့ မတွေးခဲ့ဘူးပေမဲ့လို့ ကျွန်တော်တို့ နိုင်ငံက ပြည်သူတွေ လူတိုင်း ဟမ်းဖုန်းကိုင်နိုင်ဖို့ ကို ဆန္ဒရှိခဲ့တာက ဟိုးအရင် ၂၀၀၃ခုနှစ် အစပိုင်းလောက်က မလေးရှာနိုင်ငံကို စရောက်ခဲ့တုန်းကတည်းကပါ။ အဲဒီအချိန်တုန်းက မြန်မာနိုင်ငံမှာ GSM ဖုန်းတွေ စပေါ်နေပြီ ဆိုပေမယ့်လို့ ကျွန်တော့် အနေနဲ့  မမြင်ဖူး၊ မထိတွေ့ ဖူးသေးတဲ့ အချိန်ပါ။ အဲဒီနေ့ က ကျွန်တော် မလေးရှားနိုင်ငံကို ရောက်ပြီး ပထမဆုံး အလုပ်စဆင်းမယ့်နေ့ ကပေါ့။ ကျွန်တော်တို့ အတူတူ လာခဲ့ကြသူတွေ တအုပ်အမကြီး စက်ရုံဝင်းထဲ ဝင်လာကြတယ်။ အဲဒီအချိန် စက်ရုံဝင်းထဲမှာ အမှိုက်ကြုံးနေတဲ့ ကုလားက အမှိုက်ကားဘောင်ပေါ်ကို ခြေတဖက်ကို တင်ပြီး ဟန်ပါပါနဲ့ ဖုန်းပြောနေတာကို တွေ့ လိုက်ရတယ်။ ကျွန်တော်တို့ ထဲက လူတစ်ယောက်ရဲ့  "ဟာ... ငါတို့ နိုင်ငံမှာ သိန်းသုံးဆယ်လောက် ပေးရတဲ့ ဟမ်းဖုန်းက ဒီနိုင်ငံမှာ အမှိုက်ကျုံးတဲ့ ကုလားတောင် ကိုင်နိုင်တယ်ကွ" လို့ ဆိုပြီး တအံတသြနဲ့  အော်လိုက်သံကို ကြားလိုက်ရတယ်။ ကျန်တဲ့သူတွေလဲ အထူးအဆန်း အနေနဲ့ ဝိုင်းကြည့်ကြတာပေါ့။ ကျွန်တော်တို့ အတူတူ လာခဲ့တဲ့ အယောက်နှစ်ဆယ်ထဲမှာ ဘယ်သူမှ ဖုန်းမကိုင်ဖူးသေးပါဘူး။ ဒါကြောင့်လဲ အမှိုက်ကားပေါ်က ဖုန်းပြောနေတဲ့ ကုလားကို ကျွန်တော်တို့ အထင်ကြီးပြီး ဝိုင်းကြည့်ခဲ့ကြရတာပေါ့။ အခုချိန်ထိလဲ မြန်မာနိုင်ငံမှာ ဟမ်းဖုန်းကိုင်ပြီး စကားပြောနေတဲ့  လူကို လူတချို့ က အထင်ကြီးစိတ်နဲ့ ငေးကြည့်နေကြတာကို မြင်တိုင်း ကျွန်တော် စိတ်မကောင်း ဖြစ်ရတယ်။ အဲဒီအချိန်ကတည်းက မြန်မာနိုင်ငံမှာလဲ လူတိုင်း ဟမ်းဖုန်းကိုင်နိုင်ရင် ကောင်းမယ်ဆိုတဲ့ စိတ်ကူးလေး ယဉ်ကြည့်ခဲ့ဖူးတာပါ။ အရင်က စိတ်ကူးယဉ်ခဲ့တာ ဆိုပေမယ့် ခုတော့ ဒါဟာ တကယ် ဖြစ်လာနိုင်တယ် ဆိုတာကို သိလိုက်တော့ ကျွန်တော် တကယ်အားတက် မိပါတယ်။ အဲဒီအတွက် ငါးထောင်တန် ဟမ်းဖုန်း ပေါ်လာဖို့ ကို ကြိုလဲကြိုဆိုပါတယ်ဗျာ။ ပြီးတော့ ကျွန်တော်တို့ တွေ ဟမ်းဖုန်း စဝယ်လာတော့ ဝမ်းသာပီတိ ဖြစ်ပြီး တစ်ညလုံး မအိပ်ဘဲ ဖုန်းထိုင်ကလိနေခဲ့တဲ့ ဝမ်းသာပီတိမျိုးလေးကိုလဲ ကျွန်တော်တို့ မြန်မာနိုင်ငံက ပြည်သူတွေကို ခံစားစေချင်ပါသေးတယ်။ ကဲ... ကျွန်တော် မေးခွန်းလေးတွေကို ဖြေကြည့်ပါဦးမယ်။ ကျွန်တော့် စိတ်ထဲ ရှိတာလေးတွေကို ဖြေမှာပါ။ အဲဒီအတွက် နိုင်ငံတော်ရဲ့  အခြေအနေ ဘာညာကို ထည့်မတွက်ဘဲ ကျွန်တော် ဖြေမှာပါ။ ဘာဖြစ်လို့ လဲ ဆိုတော့ ကုမ္ပဏီသေးသေးလေး တစ်ခုကတောင် မြန်မာ့ဆက်သွယ်ရေးကသာ ကူညီပါ သူတို့ ဖြစ်အောင်လုပ်မယ်လို့ ပြောခဲ့တဲ့နောက် နိုင်ငံတော်က ဖြစ်အောင် မလုပ်နိုင်ဘူး ဆိုတာကို ကျွန်တော် မယုံပါဘူး။ ဒါကြောင့်ပါ...

(၁)ယခု ဆက်သွယ်ရေးက ချထားပေးမယ့် နှစ်သိန်းဝန်းကျင် ဖုန်းကို တန်ဖိုးနည်းဖုန်းလို့ သင်မြင်ပါသလား?

ကျွန်တော်ကတော့ တန်ဖိုးနည်း ဖုန်းလို့ မမြင်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ကိုယ့်နိုင်ငံထက် ချမ်းသာတဲ့ နိုင်ငံတွေမှာတောင် ဒီဆင့်ကဒ်ကို ပေါပေါလောလော၊ တချို့ နိုင်ငံတွေမှာ အလကားတောင် ရနေတဲ့ အချိန်မှာ ဆင်းရဲတဲ့ ကျွန်တော်တို့ နိုင်ငံက ဆင်းရဲတဲ့ ပြည်သူတွေက တန်ဖိုးကြီးကြီး ပေးပြီး ဝယ်သုံးရမယ် ဆိုတာမျိုးက မဖြစ်သင့်ဘူးလို့ ထင်ပါတယ်။

(၂)ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စတေကာကပ်ခြင်းနဲ့ တီရှပ်များပြုလုပ်ခြင်းအပေါ် သင်ဘယ်လိုမြင် မိပါသလဲ?

ဒါတကယ် ကောင်းပါတယ်။ လုပ်နိုင်သူတွေ လုပ်ကြတာကို ကျွန်တော်တော့ အားပေးပါတယ်။ တခါတခါ သူ့ အလိုလို မရတဲ့ အရာတွေကို တောင်းယူရပါတယ်။ ကျွန်တော်တို့ တွေ တောင်းယူကြမယ်ဗျာ... ရတော့လဲ အမြတ် မရတော့လဲ အရင်းပေါ့။ ဒါပေမယ့် သူတို့ တွေ ပြဿနာ တစ်ခုခု မဖြစ်ဖို့ ကိုလဲ မျှော်လင့်ပါတယ်။

(၃)ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စုပေါင်းလက်မှတ်ထိုးပြီး လွှတ်တော်ကိုတင်ပြခြင်းအပေါ် သင်ဘယ်လိုမြင် မိပါသလဲ?

ခုဆိုရင် ကျွန်တော်တို့ နိုင်ငံက ဒီမိုကရေစီ နိုင်ငံဖြစ်နေပါပြီ။ ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရဆိုရင် ပြည်သူ့ အသံကို နားထောင်ရမှာပါ။ ငါးထောင်တန် ဖုန်းတွေ ထွက်ပေါ်လာစေချင်တာက ပြည်သူ့ ဆန္ဒပါ။ ပြည်သူ့ ဆန္ဒကို ပြည်သူက ထုတ်ဖော်ပြီး လွှတ်တော်ကို တင်ပြတာက သဘာဝကျပါတယ်။ ဒါကြောင့် ခုလို စုပေါင်းလက်မှတ်ထိုးပြီး လွှတ်တော်ကို တင်ပြခြင်းဟာ အင်မတန်မှ သင့်လျော် မှန်ကန်တယ်လို့ ထင်ပါတယ်။
   
(၄) ငါးထောင်တန်ဖုန်းများပေါ်ပေါက်လာစေဖို့ သင့်အနေနဲ့ ကြိုဆိုပါသလား?

ကျွန်တော် အထက်က ပြောခဲ့သလိုဘဲ ငါးထောင်တန် ဖုန်းတွေ ပေါ်ပေါက်လာဖို့ ကို ဝမ်းပန်းတသာနဲ့ ကို ကြိုဆိုပါတယ်။ ငါးထောင်တန် ဖုန်းတွေသာ ပေါ်လာမယ် ဆိုရင် ဖုန်းဈေးကွက်က လည်ပတ်လာမှာပါ။ အဲဒီလိုသာ ဖြစ်လာမယ် ဆိုရင် ပထမဆုံး အနေနဲ့ ဖုန်းဆိုင်တွေ၊ second hand ဆိုင်တွေနဲ့ ဖုန်းပြင်တဲ့ ဆိုင်တွေ ထွက်ပေါ်လာတော့မှာမို့ ပြည်သူတွေ ကြားမှာလဲ အလုပ်အကိုင်တွေ တိုးပွားလာတော့မှာပါ။ ဖုန်းတွေကိုလဲ အလွယ်တကူ ဝယ်ယူလို့ ရနိုင်လာတော့မယ်လို့ ယူဆရပါတယ်။ ပိုက်ဆံ ချမ်းသာတဲ့ လူတွေ ဖုန်းကို အမျိုးမျိုး လှည့်သုံးနိုင်တော့မှာ ဖြစ်သလို ချို့ တဲ့သူတွေလဲ အနည်းဆုံးတော့ second hand လောက်တော့ ကိုင်သုံးနိုင်လာတော့မှာပါ။ ဒီလိုသာ ဖုန်းဈေးကွက် လည်ပတ်လာတော့မယ် ဆိုရင် သုံးဦးသုံးဖက် အကျိုးရှိနိုင်တာမို့ ကျွန်တော်ကတော့ ငါးထောင်တန် ဖုန်းတွေ ပေါ်လာဖို့ ကို ကြိုဆိုပါတယ်ဗျာ။

(၅)ငါးထောင်တန်ဖုန်းအပေါ် သင့်အမြင်လေး ချရေးပေးပါ။

မြန်မာဆက်သွယ်ရေးရဲ့ လက်ရှိ ဖုန်းတွေ ချပေးနေတဲ့ စနစ်ကို ကြည့်ရင် ရှေ့လျှောက် ဖုန်းတန်ဖိုးတွေ ကျလာပြီး လူတိုင်း ကိုင်နိုင်လာတော့မှာပါ။ အချိန်တစ်ခုကို စောင့်နေရုံပါဘဲ။ ဟိုးအရင်က ဖုန်းတစ်လုံးကို သိန်းသုံးဆယ် ဝန်းကျင်၊ နောက်ဆယ့်ငါးသိန်းနဲ့ ချပေးပြီး အပြီးအစီး ဆယ့်ရှစ်သိန်းဝန်းကျင်၊ နောက်ပိုင်း ငါးသိန်းတန် အပြီးအစီး ငါးသိန်းခြောက်သောင်း တန်လောက်တွေကို တဆင့်ပြီးတဆင့် ဈေးချပေးလာတာပါ။ နှစ်စဉ် ဒီလို ဖုန်းတန်ဖိုးတွေ သိန်းဂဏန်းကနေ သောင်းဂဏန်း၊ နောက်ပိုင်းထောင်ဂဏန်းလောက်ထိ တဖြည်းဖြည်း ကျကျလာပြီး လူတိုင်း ဖုန်းကိုင်နိုင်လာရမယ်လို့ သတင်းတွေ ကြားနေရပါတယ်။ ဒါကို ကျွန်တော် နားမလည်တာပါ။ ဈေးချလို့ ရမယ် ဆိုရင်လဲ အနိမ့်ဆုံး ချလို့ ရနိုင်မယ့် ဈေးနှုန်းကို ချလိုက်ပါလားလို့ ဘာကြောင့် ခုလို တစ်နှစ်ချင်းစီမှာ တစ်ရစ်ချင်းစီ ချနေရမှာလဲ။ သူတို့ လုပ်ပုံက ပြည်သူကို ဈေးကစားနေသလိုဘဲ။ တန်ဖိုးနည်းဖုန်းတော့ လာမယ် ဒါပေမယ့် ကြာမယ်။ ပြည်သူဆီက ရသလောက် နှိုက်ယူဦးမယ် ဆိုတဲ့သဘောမျိုး ဖြစ်မနေဘူးလား။ ဒါဟာ ပြည်သူဆီက အနုနည်းနဲ့ ဒမြတိုက်ယူနေသလိုကို ကျွန်တော်တော့ ခံစားမိတယ်။ ဆင့်ကဒ်တိုင်းက ဖုန်းတိုင်းမှာ ထည့်သုံးမရဘူး ဆိုတာကလဲ မဖြစ်သင့်ပါဘူး။ ဒီအခြေအနေတွေက စီးပွားရေးသမားတွေနဲ့ ပေါင်းပြီး လုပ်စားနေသလို ဖြစ်မနေဘူးလား။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ လူတွေရဲ့ စိတ်ထဲမှာ အဲဒီလို ထင်နေကြတာပါ။ ဘာကြောင့်လဲ ဆိုတော့ ဘယ်နိုင်ငံမှာမှ ဒီလို အဖြစ်မျိုး မရှိဘူးလေ။ အဲဒီိလိုဘဲ ဘယ်နိုင်ငံမှာမှလဲ ဆင့်ကဒ်တစ်ကဒ်ကို ဒီလိုဈေးနဲ့ ဝယ်စရာ မလိုပါဘူး။ ဒီစကားတွေကို ကျွန်တော် ပြည်သူတစ်ယောက် အနေနဲ့ မြင်နေရတဲ့ အမြင်တွေကို ပြောပြနေတာပါ။ ဒီဘက်ခောတ်မှာ ဖုန်းက လူမှုဆက်သွယ်ရေးမှာ တော်တော်ကို အရေးပါလာနေပါပြီ။ လူတိုင်းသာ ဖုန်းကိုင်နိုင်လာမယ် ဆိုရင် သူငယ်ချင်း နှစ်ယောက် တွေ့ ပြီး လက်ဖက်ရည်ဆိုင် ထိုင်ဖို့ အရင်လို စက်ဘီးတစ်တန်၊ ဆိုင်ကယ်တတန်နဲ့ သွားခေါ်နေစရာ မလိုတော့ပါဘူး။ ဖုန်းခေါ်စရာမလိုဘဲ မက်ဆေ့လေး ပို့ လိုက်ရုံနဲ့ ရနေပါပြီ။ ခရီးတွေ ဘာတွေ သွားရင်လဲ လူကွဲမှာကို ကြောက်စရာ မလိုတော့ပါဘူး။ စီးပွားရေး လုပ်ရာမှာလဲ အစစ အရာရာ အဆင်ပြေလာမှာပါ။ ရွာတွေကနေ မြို့ ကို တကူးတက အချိန်ကုန်ခံ သွားစရာ မလိုတော့ပါဘူး။ ဖုန်းဆက်လိုက်ရုံနဲ့ ပဲဈေး၊ စပါးဈေးကို သိနိုင်လာတော့မှာပါ။ ဖုန်းရုံတွေမှာ တန်းစီနေရတဲ့ အဖြစ်မျိုးတွေကိုလဲ ရှောင်နိုင်လာတော့မှာပါ။ ဖုန်းပြောချင်လို့ ထိုင်စောင့်နေရတဲ့ အဖြစ်မျိုးတွေလဲ ဒီဘက်ခောတ်မှာ မရှိသင့်တော့ပါဘူး။  တကယ်က ငါးထောင်တန် ဖုန်းတွေ ပေါ်လာရင်တောင် လူတိုင်း ဖုန်းသုံးနိုင်ဖို့ မလွယ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ဖုန်းဝယ်ရမယ်၊ လစဉ်ဖုန်းထဲကို ပိုက်ဆံထည့်ရမယ်။ ဒါတွေကို လက်လုပ်လက်စားတွေ လုပ်နိုင်ဖို့ မလွယ်ပါဘူး။ ဒါပေမယ့် အရင်ထက်စာရင်တော့ လူတော်တော် များများက ဖုန်းကို သုံးနိုင်လာတော့မှာပါ။ နောက်ဆုံး ဖုန်းထဲပိုက်ဆံ မရှိလို့ ခေါ်မရရင်တောင် မက်ဆေ့ပို့ ပြီး ဆက်သွယ်လို့ ရပါတယ်။ ဒီိလိုဆိုရင် အရင်ထက် ဆက်သွယ်ရေးတွေ ပိုမိုလွယ်ကူ အဆင်ပြေလာနိုင်မှာပါ။ ဒါကြောင့် လူတိုင်း ဖုန်းကိုင်နိုင်လာဖို့ လိုင်းကောင်းကောင်းနဲ့  တန်ဖိုးနည်း ဖုန်းတွေကို ပြည်သူတွေနဲ့ အတူ ကျွန်တော်လဲ မျှော်နေမိပါတယ်။

14 comments:

  1. သေချာတာကတော့..
    သေချာတာပေါ့အစ်ကိုရယ်း)
    ရွေးကောက်ပွဲပြီးရင်တော့..ဆက်သွယ်ရေးနဲ့ပတ်သက်လို့
    တစ်ခုခုတော့ထူးခြားမယ်ထင်ရတာပါဘဲ။

    ReplyDelete
  2. မြန်မာပြည်သူတွေတွေအမြန်ဆုံး အိမ်နီးချင်နိုင်ငံတွေနဲ့အမှီလိုက်နိုင်ပါစေ
    ကျောင်းသူကျောင်းသားပဲပြုပ်ရောင်းသူပါ ဖုန်းကိုင်နိုင်ပါစေ
    ခင်မင်တဲ့ sis jasmine

    ReplyDelete
  3. ကဲ ဘလော့ဂါတွေတက်ညီလက်ညီနဲ့ ရေးနေတဲ့ဒီတဂ်ပို့စ်လေးရဲ့ တွန်းအားလေးကြောင့် မျှော်လင့်သလို တန်ဖိုးနည်းဖုန်းအမြန်ဆုံးအထမြောက်ဖို့ဆက်ပြီး ဆုတောင်းကြတာပေါ့...။

    ReplyDelete
  4. အမြင်လေးလာဖတ်သွားတယ်ညီရဲရေ

    ခင်တဲ့
    ဝသုန်

    ReplyDelete
  5. တစ်ကယ်ကိုဖြစ်သင့်တာလေးတွေပဲအကို...ရေ..

    ReplyDelete
  6. ကိုရဲ ရဲ့ အမြင်လေးဖတ်သွားပါတယ်
    မြန်မာပြည်ကြီးတိုးတက်ပါစေ
    ဆုတောင်းနေရပါတယ်။။ ဆုတောင်းတိုင်းမရပေမဲ့
    ဘာမှမတတ်နိုင်တော့ ဒါလေးပဲလုပ်နေရပါတယ်။။။:D

    ReplyDelete
  7. အစ်ကို့အဆိုကို ညီမဖတ်သွားတယ်နော်.. :D

    ReplyDelete
  8. ငါးထောင်တန် ငါးထောင်တန်.. ငါရူးပီ..

    ReplyDelete
  9. ကိုညီရဲရေ... အစ်ကိုနဲ့အတူ မျှော်နေပါတယ်ဗျာ..း))))

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  10. တဂ်ပို့ စ်လေး လာဖတ်သွားတယ် ညီရဲရေ..

    ReplyDelete
  11. ဆုတောင်းနေပါတယ် အားလုံးဖုန်းလေးတွေကိုယ်စီနဲ့ ကွန်နက်ရှင်ကောင်းနိုင်ကြပါစေး))

    ReplyDelete
  12. မဝေးလှတော့တဲ့တစ်နေ့မှာ မြန်မာပြည်ကလူတိုင်းလူတိုင်း
    သူများနိုင်ငံကလူတွေနည်းတူ ဖုန်းကိုယ်စီ ကိုင်နိုင်လာမယ်လို့ မျှော်လင့်ပါတယ် ညီရဲရေ....
    အဲဒီအတိုင်းလည်း ဖြစ်လာပါစေလို့ မျှော်လင့်လျှက်ပါနော်...

    ReplyDelete
  13. အင်း....ချက်ချင်းကြီးမဟုတ်တောင် တဖြေးဖြေးတော့ဖြစ်လာမယ်လို့ မျှော်လင့်ရတာပဲ ကိုကြီးရဲရဲရေ....(ဖုံးဈေးကွက်ကောင်းလာရင် ဖုံးဆိုင်ဖွင့်မယ့်သူတွေကတော့ ပွတာပေါ့နော်....) :D

    ReplyDelete
  14. မြန်မြန်ဖြစ်လာပါစေလို့မျှော်လင့်ပါတယ်

    ReplyDelete