Friday, 30 March 2012

ဧပရယ်ဖူးလ်

ကြေးမုံရိပ်အတွင်းတွင် ပြေပြစ်ချောမွေ့ သည့် ရုပ်သွင်တစ်ခု...။ စိတ်တိုင်းကျ ခြယ်မှုန်းမွန်းမံ ပြီးသည့်တိုင်အောင် စိတ်တိုင်းမကျနိုင်သလို ခံစားရသည်။ ထို့ ကြောင့် မိတ်ကပ်နဲနဲ ထပ်ဖို့ လိုက်သည်။ မျက်တောင်ကို နဲနဲထပ်ကော့လိုက်သည်။ နှုတ်ခမ်းနှစ်လွှာကို ကာလာ ထပ်တင်လိုက်သည်။ ထပ်မံ၍ စိတ်တိုင်းကျ နောက်တစ်ကြိမ် ခြယ်မှုန်း ဖြစ်ပြန်ပြီ။ မိမိချစ်သူ ရှေ့တွင် အလှဆုံး ဖြစ်နေချင်သည် ကတော့ မိန်းကလေးတို့  သဘာဝဖြစ်မည်။ မောင့်ကို စိတ်မပျက်စေချင်... မောင့်မျက်လုံးထဲတွင် သူမ အလှဆုံး ဖြစ်နေချင်သည်။ ခုလို ပြင်ဆင်ခြယ်သ ထားခြင်းတို့ က မောင့်အတွက်သာ ဖြစ်သည်။ မောင်နှင့် သူမတို့ အတွက် ပထမဆုံးသော အထိမ်းအမှတ်နေ့ လေးကို မောင်နှင့်အတူ ကြည်ကြည်နူးနူးလေး ဖြတ်သန်းသွားချင်သည်။ မောင်နှင့် ချစ်သူတွေ ဖြစ်တာ ဒီနေ့ တစ်လပြည့်သည့်နေ့ ....။ ချစ်သူသက်တမ်း တိုတောင်းလှသော်လဲ မောင့်ကို အလွန်ချစ်သည်။ မောင်လဲ သူမကို ထပ်တူချစ်မြတ်နိုးသည်ကို သိပါသည်။ ထို့ ကြောင့် မောင့်ကို ပို၍ မြတ်နိုးမိရခြင်းလဲ ဖြစ်သည်။ မှန်တင်ခုံပေါ်မှ နာရီကို ကြည့်လိုက်တော့ နာရီလက်တံက နံနက် ၉နာရီ ၅၅မိနစ်ကို ညွှန်ပြနေသည်။ ဆယ်နာရီတောင် ထိုးတော့မှာပါလား။ ဆယ်နာရီ လာခေါ်မယ် ပြောထားပြီး ခုထက်ထိ မရောက်သေးဘူး။ နောက်ကျလို့ ကတော့ စိတ်ကောက်ပစ်လိုက်မည်ဟု စိတ်ထဲမှ တေးထားလိုက်သည်။ ထိုစဉ် ရှေ့ဧည့်ခန်းဘက်မှ စကားသံကြားရသဖြင့် ပြေးထွက် ကြည့်လိုက်တော့ အဆောင်ပိုင်ရှင်နှင့် စကားလက်ဆုံကျနေသည့် မောင့်ကို တွေ့ လိုက်ရသည်။

"မောင်... ရောက်နေရင်လဲ ခေါ်ခိုင်းလိုက်ရောပေါ့"
"ခေါ်ခိုင်းမလို့ ပါဘဲ... ဒါပေမယ့် မေဇင်တို့ အဆောင်ပိုင်ရှင် အကြောင်းလဲ သိတဲ့အတိုင်းဘဲလေ စကားကို ရေပက်လို့ မဝင်အောင်ကို ပြောတာ... မောင်... စကားစလို့ ကို မရဘူး... ပြီးတော့ မောင့်ကောင်မလေး အလှပြင်နေတာကို နှောင့်ယှက်မိလို့ အလှတွေ လျော့ကုန်မှာလဲ စိုးလို့ မခေါ်ဖြစ်တာ"
"ဟင်း... စကားတွေ သိပ်တတ်နေနော်... နောက်ပြီး အားနာနော် အားနာနေ... ဘယ်တော့ ခါးပါမယ် မသိဘူး"
"ဟာ... မေဇင်ကလဲ လူကြီးကို မဟုတ်တာ..."
"လူကြီးကို ပြောတာ မဟုတ်ပါဘူး။ ကျောင်းကဟာတွေနဲ့ ကို ပြောတာပါ။ မပြောလိုက်ချင်ဘူး တရုန်းရုန်းနဲ့ မျက်စိကို နောက်နေတာဘဲ"
"သြော... စကားတွေက ဘယ်ရောက် သွားပြန်တာတုန်း"
"ဘာလဲ တည့်တည့်ထိသွားလို့ လား"

မချိုမချဉ်အပြုံး၊ ချစ်စဖွယ် မျက်နှာပေးလေးဖြင့် ပြောလာသည့် သူမကို ကြည့်ပြီး အသည်းယားသွားမိသည်။ ဒီလို မျက်နှာပေး၊ ဒီလို အပြုံးမျိုးနှင့် အမူအယာများကြောင့်လဲ သူမကို မြတ်နိုးစွဲလန်း ရခြင်းဖြစ်၏။ ဒီလို ချစ်သူတစ်ယောက်ကို ပိုင်ဆိုင်ခွင့်ရခြင်းက သူ့ အတွက်တော့ ကံကောင်းခြင်း လက်ဆောင် တစ်ခုဖြစ်သည်။

"ကဲ... အပိုတွေ ပြောမနေနဲ့  ဒေါ်မေဇင် သွားစို့ ..."
"ဟင်း... ကံကောင်းတယ် မှတ်ပါနော်... ဒီက နောက်ကျနေပြီ မှတ်လို့ စိတ်ကောက်ဖို့ ပြင်ထားတာ"
"သိပါတယ်... ဒါကြောင့် နောက်မကျအောင်ကို သတိထားပြီး လာခဲ့တာ... ဒါနဲ့ နေပါဦး ချစ်သူတွေ ဖြစ်ပြီးကတည်းက စိတ်ကောက်ဖို့ ဘဲ ချောင်းနေတာလား။ နဲနဲလေး ထစ်ကနဲရှိ စိတ်ကောက်မယ် ဆိုတာချည်းဘဲ... ဒီဘက်ကိုလဲ နဲနဲလောက်ဖြစ်ဖြစ် ဖြည့်တွေးပေးပါဦးလား"
"မတွေးပေးပါဘူး ဘာလို့ တွေးပေးရမှာလဲ စိတ်ကောက်စရာ ပေါ်လာရင်တော့ စိတ်ကောက်မှာဘဲ။ မောင်လဲ ချော့စရာ ရှိတာကို ချော့ပေါ့"

ခေါင်းတခါခါဖြင့် ရှေ့မှ ထွက်သွားသည့် မောင့်နောက်မှ လိုက်လာရင်း ပြုံးလိုက်မိသေးသည်။ နွဲ့ ဆိုးဆိုးတတ်သည့် သူမကို ခုလို ဂရုစိုက်ခြင်းကြောင့်လဲ မောင့်ကို အချစ်ပိုရခြင်း ဖြစ်၏။

"ဘယ်သွားကြမလဲမောင်..."
"ရွှေတောင်မြို့ မှာ အိုဆာဂါခေါက်ဆွဲ သွားစားကြမယ်။ ပြီးအပြန်မှာ ရှင်လှိုဏ်ဂူဘုရားကို ဝင်ကြမယ်"
"အဝေးကြီးဘဲ မောင်ရယ်.... ပြည်မြို့ ထဲမှာဘဲ တစ်ခုခုစားပြီး ရွှေဆံတော်ဘုရား တက်ကြအောင်"
"မဝေးပါဘူး မေဇင်ရယ်... ဒီလိုပြောမှာကို သိလို့  ဆိုင်ကယ်ထားခဲ့ပြီး မောင်... ကားယူလာခဲ့တယ်။ ညနေဘက် နေအေးမှ ရွှေဆံတော်ဘုရားပေါ် တက်ကြတာပေါ့ ဟုတ်ပြီလား"
"ဒါနဲ့ သူငယ်ချင်းတွေကို ဒီနေ့ မှာ တစ်လပြည့် အမှတ်တရ ထမင်းကျွေးမယ်ဆို"
"အင်းပါ မောင်စီစဉ်ထားပါတယ်။ သွားကြမယ်လာ... ကားပေါ်တက်"

ကားလေးက ရန်ကုန်-ပြည်လမ်းပေါ်တွင် တရိပ်ရိပ်ဖြင့် ပြေးနေသည်။ နဝဒေးတံတားအောက်မှ အဖြတ်တွင် ဧရာဝတီမြစ်ကြီး တဖက်ကမ်းကို ကြည့်ပြီး ဘာရယ်မဟုတ် အိမ်ကို သတိရလိုက်မိသည်။ ခုလို လျှောက်သွားနေသည့် အဖြစ်ကို မေမေသာသိလျှင် သတ်မည်ဟုလဲ တွေးလိုက်မိသည်။ မောင့်အလိုကျသာ လိုက်လာခဲ့ရပေမယ့် အိုဆာဂါခေါက်ဆွဲကို သူမ သိပ်မကြိုက်လှပါ။ သို့ သော် မောင်ကတော့ ရွှေတောင်ခေါက်ဆွဲ၊ အိုဆာဂါခေါက်ဆွဲတို့ ကို အလွန်ကြိုက်သည်။ ပြည်မြို့ မှ ရွှေတောင်မြို့ သို့ မကြာမကြာ သွားစားလေ့ရှိသည်။ မောင်နှင့် ခုလိုတွေ လျှောက်လည်ရသည်ကို ပျော်ပါသည်။ သို့ သော် သူမ ပြည်မြို့ တွင် ကျောင်းတက်ရင်း ချစ်သူရနေသည်ကို မေမေ မသိသေး။ မေမေသာ သိသွားလျှင် မည်သို့ တုန့် ပြန်လာမည်ကို သူမ မသိပေ။ ဒီတခေါက် အိမ်ပြန်လျှင်တော့ မေမေ့ကို ဖွင့်ပြောလိုက်တော့မည်ဟု စဉ်းစားထားသည်။ နို့ မို့ သူများ ပြန်ပြောမှ သိရလျှင် မေမေ အလွန်စိတ်ဆိုး ပေလိမ့်မည်။ ဖွင့်ပြောဖို့ အတွက်ကိုလဲ သူမ စိတ်က စိုးရွံနေမိပြန်သည်။ ငယ်စဉ်ကတည်းက ဒီအရွယ်ထိ သူမ ဘာလုပ်လုပ် မေမေကို အရင်အမြဲ တိုင်ပင်လေ့ရှိ၏။ သို့ သော် ဒီတစ်ကြိမ်တွင် သူမ သဘောဖြင့် သူမ ဆုံးဖြတ်ခဲ့မိသည့် အတွက် မေမေ အပြစ်များ ပြေမည်လားဟု စိုးထိတ်နေမိသည်။ ဘာဖြစ်ဖြစ် ဒီတစ်ခေါက် ပြန်လျှင် မေမေကို ဖွင့်ပြောလိုက်တော့မည်။

"ဘာတွေ ဒီလောက် စဉ်းစားနေတာလဲ မေဇင်"

မောင့်... စကားသံကြားမှ သတိပြန်ဝင်လာမိသည်။

"မောင်... ခေါက်ဆွဲဆိုင်ကို ကျော်လာပြီလေ။ ဘယ်ကို ဝင်စရာ ရှိသေးလို့ လဲ"

အပေါင်းအသင်းများသည့် မောင့်အကြောင်းကို သိသဖြင့် မေးကြည့်လိုက်သည်။ မောင်က ဘာမှ ပြန်မပြော ကားကိုသာ ဂရုစိုက် မောင်းနေသည်။ ကားလေးက ရွှေတောင်မြို့ ကိုပင် ကျော်လွန်လာသည်။ ရန်ကုန်-ပြည်လမ်း ပေါ်တွင် ကားလေးက တရိပ်ရိပ်ဖြင့် ပြေးနေသည်။ ကားကြီး၊ ကားငယ်များ တဝှီးဝှီးဖြင့် အနားမှ ဖြတ်ဖြတ်သွားသည်။ လယ်ကွင်းစိမ်းစိမ်းမျာ၊ သစ်ပင်တန်းများ နောက်ဘက်တွင် ကျန်ရစ်ခဲ့သည်။ တိတ်ဆိတ်နေသည့် မောင့်ကို ကြည့်ရင်း ထူးခြားမှု တစ်ခုကို ခံစားလိုက်ရ၏။ မောင်ခုလို တိတ်ဆိတ်နေခြင်းက ပုံမှန်မဟုတ်...

"မောင်... ခေါက်ဆွဲစားမယ် ဆိုပြီး ဘယ်ကို မောင်းလာတာလဲ။ ဘယ်ထိ သွားမလို့ လဲ..."

စကားမပြန်ဘဲ ကားကိုသာ ဂရုတစိုက် မောင်းနေသည့် မောင့်ကိုကြည့်ရင်း သူမ တုန်လှုပ်လာမိသည်။ ခေါင်းထဲ အတွေးတစ်ခုက ဖြတ်ကနဲ ဝင်လာသည်။ သူမ ယုံကြည်မြတ်နိုးရသည့်မောင် ဒီလို လုပ်မည်ဟု မယုံကြည်ပါ။ ထို့ ကြောင့် မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူးဟု တွေးလိုက်ပြီး အတွေးတို့ ကို မောင်းထုတ်လိုက်သည်။

"ဘယ်သွားမယ် ဆိုတာ မေဇင့်ကို ပြောဦးလေ။ မောင်... မေးနေတာဖြေဦးလေ"

ဘာစကားပြန်မှ မရသဖြင့် သူမ နဲနဲဒေါပွသွားပြီး မောင့်ပုခုံးကို ဆွဲလှုပ်ပြီး မေးလိုက်သည်။ မောင်... သူမကို ဘာကြောင့် ဒီလိုဆက်ဆံတာလဲဟု တွေးရင်း ဝမ်းနည်းဆို့ နင့်လာမိသည်။

"မေဇင့်ကို မောင်... ခိုးလာတာ... လက်ပံတန်းမြို့ မှာ မောင့်အဘိုးအဘွားတွေ ပိုင်တဲ့ခြံတစ်ခြံ ရှိတယ်။ ခုအဲဒီကို သွားနေတာ"
"ဘာ... မောင် ... ဘာပြောလိုက်တယ်"

မဖြစ်နိုင်ပါဘူးဟု သူမ တွေးမိသည့် အရာက တကယ် ဖြစ်လာသည်။ သူမ အံသြတုန်လှုပ် သွားမိသည်။ ဝမ်းနည်းဆို့ နင့်သွားပြီး ရင်ထဲနာကျင်သွားသည်။ မောင့်ကိုလဲ လုပ်ရက်လေခြင်းဟု စိတ်နာချင်မိသည်။ ဒီိလိုတော့ လုပ်လို့ မဖြစ်....

"မောင်... မလုပ်ပါနဲ့ ဒီလို မလုပ်ပါနဲ့ ... မေဇင်တို့ ကျောင်းမပြီးသေးဘူးလေ။ ကျောင်းပြီးရင် လက်ထပ်ဖို့ ကိုလဲ ပြောထားပြီးသားလေ။ ဘာကြောင့် ဒီလိုလုပ်ရတာလဲ... ပြီးတော့ မေဇင်တို့ ချစ်သူတွေ ဖြစ်ကြတာလဲ ဘာမှ မကြာသေးဘူး။ ခုလို ခိုးရာလိုက်သွားတာကို မေမေတို့ သိရင် မေဇင့်ကို သတ်လိမ့်မယ်။ မေဇင့်ကို သနားပါဦး မောင်ရယ်..."
"မောင်... ဘာမှ မသိချင်ဘူး။ မေဇင့်ကို ချစ်တယ်။ မေဇင်နဲ့ မခွဲနိုင်ဘူး။ မေဇင်နဲ့ ဝေးရင် မောင်... ရူးလိမ့်မယ်။ ဒါကြောင့် မေဇင့်ကို ပိုင်ဆိုင်ခွင့်ရဖို့ ခုလို လုပ်ရတာဘဲ"
"ဒီလို မေဇင့်ကို ပိုင်ဆိုင်လိုက်လို့ မောင်နဲ့ မေဇင်တို့ ပျော်ရမယ်လို့ ထင်လား။ မေဇင့်ကို မောင် တန်ဖိုးမထားဘူး။ မေဇင့်ဘက်ကို ထည့်မတွေးပေးဘူး။ ချစ်သူတွေ့ ရင် မေမေ့ကို ဖွင့်ပြော ခိုးရာလိုက်သွားတာတို့ ဘာတို့ ဆိုရင်တော့ ခွင့်မလွှတ်ဘူးလို့ မေမေက အပြတ်ပြောပြီးသား။ ခိုးရာလိုက်သွားတယ် ဆိုတာကို သိတာနဲ့  မေဇင့်ကို သမီးအဖြစ် အသိအမှတ်ပြုတော့မှာ မဟုတ်ဘူး။ မေဇင် သမီဆိုး တစ်ယောက် ဖြစ်သွားလိမ့်မယ်။ ဒီလို မလုပ်ပါနဲ့ မောင်ရယ် တောင်းပန်ပါတယ်"

ပထမဆုံးသော ချစ်သူများ အထိမ်းအမှတ်နေ့ လေးက ရုပ်ဆိုးအကျည်းတန် သွားသလို ခံစားလိုက်ရသည်။ မောင်သူမကို တန်ဖိုးမထားသည့် အတွက်လဲ ဝမ်းနည်းတုန်လှုပ်မိသည်။ ရှေ့ဆက် ဖြစ်လာမည့် အကြောင်းအရာတို့ ကို သူမ  ဆက်မတွေးရဲတော့။ ရင်ထဲတွင် ဝမ်းနည်းရိပ်တို့ က ရစ်သိုင်းဖွဲ့ လာသည်။ ရှေ့မှ ကားဒက်ဘုတ်ပေါ် ခေါင်းတင်ပြီ တရှုတ်ရှုတ်ဖြင့် ငိုရှိုက်နေမိသည်။ ဟိုအရင်က ဆိုလျှင် သူမ ဝမ်းနည်ဆို့ နင့်ဟန်ကို မြင်လျှင်ပင် ပြာပြာသလဲ ချော့တတ်သည့်မောင် ခုချိန်ထိ စကားတစ်ခွန်းပင် မဆိုသည့် အတွက် ပို၍ ကြေကွဲ ဝမ်းနည်းမိသည်။ မောင်... သူမကို တကယ်မချစ်ဟုလဲ ခံစားလိုက်မိသည်။ ဝမ်းနည်းစိတ်ဖြင့် သူမ ရှိုက်ကာရှိုက်ကာ ငိုနေမိ၏။ ထိုစဉ် ကားရပ်သွားသည်။ သူမကတော့ အငိုမရပ်သေး... ကားတံခါးဖွင့်သံ ထို့ နောက် ရယ်သံတို့ နှင့်အတူ ဧပရယ်ဖူး ဆိုသည့် အော်သံကြီးကို ကြားလိုက်ရသည်။ သူမ မျက်လုံးဖွင့်ကြည့်လိုက်တော့ ကျောင်းမှ သူငယ်ချင်းများကို တွေ့ လိုက်ရသည်။ သူမ အံသြသွားပြီး မောင့်ကို လှည့်ကြည့်လိုက်တော့ ပြုံး၍ ကြည့်နေသည့် မောင့်ကို တွေ့ လိုက်ရသည်။

"ဧပရယ်ဖူးပါ မေဇင်... မောင်မလုပ်ချင်ပေမယ့် သူတို့ တွေ အတင်းအကျပ်ကိုင်ပြီး ခိုင်းလို့ လုပ်ခဲ့ရတယ်။ ဒီနေ့ တစ်လပြည့် အထိမ်းအမှတ်ပွဲမှာ စားပွဲတစ်ခုနဲ့ ဧပရယ်ဖူး မလုပ်ပေးဘူး ဆိုရင် ရှေ့လျှောက် မောင်တို့ နှစ်ယောက် ကောင်းကောင်း မနေရအောင် နှောင့်ယှက်မယ် ဆိုလို့ လုပ်ခဲ့ရတာပါ။ မောင်... တောင်းပန်ပါတယ်။ မေဇင့်ကို အရမ်းချစ်တယ်။ တန်ဖိုးလဲ ထားပါတယ်။ ဒါတွေက ဧပရယ်ဖူးပါ မေဇင်ရယ်"
"မောင်ရယ်...."

မောင့်ကို မယုံကြည်မိသည့် အတွေးဝင်မိသည့် အတွက်အားနာ သွားမိသည်။ မောင့်... ရင်ခွင်ထဲသို့ တိုးဝင်လိုက်သည်။ မောင်က သူမကို အလိုက်သင့် ထွေးပွေ့လိုက်ရင်း

"အမှတ်တရ ဧပရယ်ဖူးပါ မေဇင်... အဲဒီအတွက်လဲ တောင်းပန်ပါတယ်။ နောက်ဆိုရင် မေဇင့်ကို မောင်... ခုထက်ပို ဂရုစိုက်ပါ့မယ်။ ကဲသွားရအောင် ဒီပြည်တောင်တန်း ရေနံမြေက ရွှေကုက္ကိုလ် ထမင်းဆိုင်မှာ နေ့ လည်စာစားဖို့ မောင်စီစဉ်ထားတယ်"

ခုတော့ မျက်ရည်တွေ ကြားမှ သူမ ပြုံးနိုင်ပါပြီ။ ချစ်သူသက်တမ်းတစ်လပြည့် အထိမ်းအမှတ်ပွဲနဲ့ တိုက်တိုက်ဆိုင်ဆိုင် လာဆုံသည့် ဧပရယ်ဖူးနေ့ ကတော့ သူမတို့ အတွက် အမှတ်တရ
 ဖြစ်နေတော့မည်။ ဒီလို အမှတ်တရနေ့ လေးတွေက ချစ်သူတွေကို ပိုကြည်နူး ပျော်ရွှင်စေသည်လားဟုလဲ တွေးကြည့်မိလိုက်သည်။ သူငယ်ချင်းများ စောင့်နေသည့် ရွှေကုက္ကိုလ် ထမင်းဆိုင်လေးထဲသို့ မောင့်လက်ကိုဆွဲရင်း ဝင်သွားလိုက်သည်။ ခုတော့ သူမလဲ သူငယ်ချင်းများနှင့် ရောပြီး ရယ်မော ပျော်ရွှင်နိုင်ပါပြီ... ကဲ... အားလုံးဘဲ ပျော်ရွှင်ဖွယ် ဧပရယ်ဖူးလေးပါနော်...

Saturday, 24 March 2012

မေမေညာခဲ့သလား

တသွင်သွင် စီးကျနေသည့် မျက်ရည်တို့ ကို မသုတ်အားသေး။  ဝေဝါးနေသည့် မျက်ဝန်းတို့ ဖြင့်ကြည့်ရင်း မိမိရှေ့တွင် ရပ်နေသည့် အစ်ကို ဖြစ်သူ၏ လက်မောင်းကို  ဆွဲလှုပ်ပြီး နှုတ်မှ တတွက်တွက်ဖြင့် မေးနေမိ၏။ 

"ကိုကြီး... တကယ်လိုက်သွားမှာလား... အဝေးကြီးကို တကယ်လိုက်သွားတော့မှာလား... ကိုကြီး မရှိတော့ရင် ညီလေး တစ်ယောာက်တည်း နေရတော့မှာပေါ့။ မသွားလို့ မရဘူးလား... လိုက်မသွားပါနဲ့ လား ကိုကြီးရယ်... ဟီး... ဟီး..."

 ဝေ့သီလာသည့် မျက်ဝန်းတို့ ကို ပုတ်ခတ် ပုတ်ခတ်လုပ်လိုက်ပြီး အစ်ကိုဖြစ်က ကျွန်တော့် ပုခုံးနှစ်ဖက်ကို ဆွဲယူပြီး မျက်နှာချင်း ဆိုင်လိုက်သည်။ ထို့ နောက် တိုးတိတ်ညင်သာသော စကားကို ဆို၏။

"ညီလေး သေချာနားထောင်... ခုချိန်မှာ ကိုကြီး ရှင်းပြလဲ ညီလေး နားလည်မှာ မဟုတ်ဘူး။ ညီလေး အရွယ်ရောက်လာရင် သူ့ အလိုလို နားလည်လာလိမ့်မယ်။ ခုညီလေး သိထားရမှာက ကိုကြီး မရှိတဲ့နောက်ပိုင်း အမေ့ကို အိမ်အလုပ်တွေ ကူလုပ်ပေးဖို့ ဘဲ သိလား။ ညီလေး မကူရင် အလုပ်တဖက် အိမ်မှုကိစ္စတွေ တဖက်နဲ့ အမေ အရမ်းပင်ပန်းလိမ့်မယ်။ ကိုကြီး ပြောတာ နားလည်လား"

ကျွန်တော် စီးကျနေသည့် မျက်ရည်တို့ ကို လက်ဖဝါးဖြင့် ခပ်ကြမ်းကြမ်း သုတ်လိုက်ပြီး ခေါင်းညိတ်ပြ လိုက်သည်။ ခပ်လှမ်းလှမ်းမှ ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက်ကို ကြည့်နေသည့် မိခင်ဖြစ်သူက အနီးသို့ လျှောက်လာသည်။ ထို့ နောက် ကျွန်တော့် ခေါင်းကို ခပ်ဖွဖွလေး အုပ်ကိုင်ရင်း ခပ်တိုးတိုး စကားဆိုသည်။

"သား... အငယ်လေး ဂျီကျ မနေနဲ့ တော့ သားကိုကြီးတို့ သွားဖို့ နောက်ကျနေမယ်။ ဟိုမှာ ဧည့်သည်ကို စောင့်ခိုင်းထားရတာ အားနာဖို့ ကောင်းနေပြီ။ ကဲ... သားကြီး သွားဖို့ လုပ်တော့ တော်ကြာနေ လမ်းမှာ မှောင်နေမယ်"
"ဟုတ်ကဲ့ အမေ... ဒါဆို သားသွားတော့မယ်နော်... အဖေ အလုပ်က ပြန်လာရင်လဲ သားသွားပြီလို့ ပြောလိုက်ပါဦး"
"အေး... အေး... စိတ်ချသွားသား... ဘာမှ စိတ်မပူနဲ့ အမေ ပြောလိုက်ပါ့မယ်"
"ညီလေး ကိုကြီး သွားတော့မယ်.... မှာတာတွေကို မမေ့နဲ့ နော်... ကိုကြီး ပြန်လာရင် ညီလေးအတွက် မုန့် တွေ အများကြီး ဝယ်လာခဲ့မယ်။ လိမ်လိမ်မာမာနေနော် ကြားလား"

နှုတ်ဆက်စကားကို ဆိုပြီး အမေ့ သူငယ်ချင်း အရာရှိကြီး ဆိုသည့် လူကြီး၏ ကားပေါ်ပါသွားသည့် အစ်ကိုဖြစ်သူ နောက်ကို ပြေးလိုက်ဟန် ပြင်လိုက်မိသည့် ကျွန်တော့်ကို အမေက ဆွဲထားလိုက်သည်။ တရွေ့ ရွေ့ ဝေးသွားသည့် ကားလေးကို ဝေ့သီနေသည့် မျက်ဝန်းတို့ ဖြင့် ငေးကြည့်ရင်း ကျွန်တော် ကြေကွဲစို့ နင့်နေမိသည်။ ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက် ပထမဆုံးအကြိမ် ခွဲဖူးခြင်းဖြစ်သည်။

"သားရေ... အငယ်လေး..."
"ဗျာ... အမေ... သားလာပြီ"
"ဟေ့ကောင် မြန်မြန် ပြန်လာနော် မကြာစေနဲ့ "
"အေးပါ ငါအမြန်ပြန်လာခဲ့မယ်"

ကစားနေသည့်နေရာမှ အိမ်ကို အပြေးအလွှား ပြန်လာခဲ့လိုက်သည်။

"အမေ... သားကို ဘာခိုင်းမလို့ လဲ"
"အမေ့ကို ကြက်သွန်နီနဲ့ အရောင်တင်မှုန့် ဝယ်ပေးပါဦး"

ကျွန်တော် ပိုက်ဆံယူပြီး အိမ်မျက်စောင်းထိုးက ကုန်စုံဆိုင်လေးတွင် ကြက်သွန်နီနှင့် အရောင်တင်မှုန့် ကို ပြေးဝယ်လိုက်သည်။ 

"အမေ ဒီမှာ ကြက်သွန်နီနဲ့ အရောင်တင်မှုန့် ... စားပွဲပေါ်တင်ထားခဲ့ပြီ"
"ဟဲ့သား နေဦးလေ... ဆိုင်မှာ လူတွေ ကျနေလို့ အမေ့ကို ကူဦးလေ... အမေ့ကို ကြက်သွန်ဖြူနီလေး ခွာပြီး ထောင်းပေးခဲ့ပါဦး။ အဲဒါလေး လုပ်ပြီးမှ သွားဆော့နော်... သား..."

ကျွန်တော် အိမ်ရှေ့ကို လှမ်းကြည့်လိုက်တော့ ဆိုင်မှာ လူတော်တော်လေး ကျနေသည်ကို တွေ့ လိုက်ရသည်။ အမေက ဒီနယ်လေးတွင် နာမည်ကြီး အလှဖန်တီးရှင် ဖြစ်သည်။ ဝန်ထမ်းနယ် ဖြစ်သဖြင့် ခုလို လစာထုတ်ရက် ရုံးပိတ်ရက်များတွင် ဆိုင်မှာ လူအရမ်းကျသဖြင့် နေလည်စာနှင့် ညစာကိုပင် ပေါင်းစားရလေ့ရှိသည်။ မသွားခင်က အမေ့ကို ကူရန် အထပ်ထပ် မှာသွားသည့် အစ်ကိုဖြစ်သူ၏ စကားကိုလဲ ပြန်ကြားယောင်မိလိုက်သည်။ ဒါပြီးမှ ဆော့ရမည် ဆိုသောကြောင့် ကျွန်တော် မြန်မြန်သွက်သွက်လေး လုပ်စရာ ရှိတာကို လုပ်လိုက်သည်။

"အားလုံး ပြီးပြီ အမေ... သားသွားဆော့တော့မယ်"
"အေး... အေး သွားဆော့သား... ငါ့သားလေးက လိမ္မာလိုက်တာ"

မိခင်ဖြစ်သူ၏ ချီးကျူးစကားကြောင့် ပီတိလေးတွေ ဝေပြီး ကျွန်တော် ပြေးထွက်လာခဲ့သည်။ မခင်အေးတို့ ကတော့ သားကို မြှောက်ပြီး ခိုင်းနေပြန်ပြီ ဆိုသည့်  စကားသံက မိမိနောက်တွင် ကျန်ရစ်ခဲ့သည်။ ဒီလိုဖြင့် အမေ့ကို ကြက်သွန်ဖြူနီ ခွာပေးခြင်း၊ ထမင်းအိုး တည်ပေးခြင်းများကို ကူညီလုပ်ကိုင်ပေးပြီးမှ ကစားဖြစ်လေ့ ရှိလာသည်။ တစ်ရက်တွင် ထုံးစံအတိုင်း  ကျောင်းပိတ်ရက်မို့ အိပ်ယာထ နောက်ကျသည်။ မျက်နှာသစ်၊ သွားတိုက်ပြီး နံနက်စာ စားရန် မီးဖိုခန်းထဲသို့ ဝင်လာခဲ့လိုက်သည်။

"သားရေ... အငယ်လေး အမေ့ကို ကူပါဦး။ မင်းအဖေ အလုပ်က ပြန်လာတော့မယ် ဟင်းက မချက်ရသေးဘူး။ ဒီကြက်သားထုပ်လေး ဖြည်ပြီး နယ်ပေးပါဦး အမေ့ကိုယ်ပေါ်မှာ ဆံပင်တွေနဲ့ မိုလို့ "

ကျွန်တော် ကြက်သားထုပ်ကို ဖြည်လိုက်ပြီး ပန်းကန်ထဲ ထည့်လိုက်သည်။ ထို့ နောက် ကြက်သားကို ရေစင်အောင် ဆေးလိုက်၏။

"သား... ဆားဗူးယူလိုက် ဟုတ်ပြီ အဲဒီလောက်ဘဲထည့်၊ အချိုမှုန့် ထည့်၊ နနွင်းမှုန့် လေးနဲနဲထည့်ပြီး နယ်ထားလိုက်နော်။ ပြီးရင်  ကြက်သွန်ဖြူနီကို ခွာပြီး ထောင်းထားလိုက် ခဏနေ အမေပြန်လာခဲ့မယ်"

ကျွန်တော် မိခင်ဖြစ်သူ လုပ်ခိုင်းသည်များကို လုပ်ပြီး အမေ စီစဉ်ထားသည့် မနက်စာ အသုပ်စုံကို စားလိုက်သည်။ ထိုစဉ် မိခင်ဖြစ်သူ ပြန်ရောက်လာသည်။

"ပြီးပြီလားသား..."
"ဟုတ်ကဲ့ အမေ ခိုင်းထားတာ အားလုံးလုပ်ပြီးသွားပြီ"
"အမေ့ကိုယ်ပေါ်မှာ ဆံပင်တွေ ကပ်နေလို့ အမေကိုယ်တိုင် လုပ်လို့ မဖြစ်ဘူး။ အမေပြောပြမယ်... ဒယ်အိုးယူလိုက်သား... ဒယ်အိုးထဲကို ဆီထည့်... ဟုတ်ပြီး နဲနဲထပ်ထည့်ဦး။ ခဏလောက် ဆီကျက်အောင်စောင့်... ဆီကျက်ပြီ ဆိုရင် သားထောင်းထားတဲ့ ကြက်သွန်ဖြူနီကို ထည့်ပြီး ဆီသပ်လိုက် ပြီးရင် အရောင်တင်မှုန့် ထည့်၊ ဆီသပ်နေတဲ့ အချိန်မှာ ငံပြာရည်လေး နဲနဲထည့်သပ် ဒါမှ ပိုမွှေးပြီး စားလို့ ပိုကောင်းမှာ၊ အဲဒါပြီးမှ နယ်ထားတဲ့ ကြက်သားထည့်ပြီး လုံးလိုက် ပြီးရင် အမေ့ကို လှမ်းခေါ်လိုက်နော်"

မိခင်မှာသည်များကို လုပ်ပြီးနောက် လှမ်းခေါ်လိုက်တော့ အိမ်ရှေ့မှ မိခင်ဖြစ်သူ၏ ကြက်သားထည့် လုံးပြီးသွားရင် ရေထည့်လိုက် ဆိုသည့် အသံကြောင့် ရေနဲနဲထည့်လိုက်သည်။ ခဏနေတော့ မိခင်ဖြစ်သူ ရောက်လာသည်။

"ငါ့သားလေးက တော်လိုက်တာ ပြောတဲ့အတိုင်း သေချာ လုပ်နိုင်တယ် ပြီးမှ မုန့် ဖို့ ပေးမယ်။ သား... သွားဆော့ရင် သွားဆော့တော့ အမေဆက်ကြည့်ထားလိုက်မယ်"

ကျွန်တော် သွားဆော့ဖို့ အိမ်ရှေ့ကို ထွက်လာခဲ့လိုက်သည်။ အိမ်ရှေ့ကို ရောက်တော့-

"ဟဲ့ကောင်လေး နင့်အမေက နင့်ကို ညာခိုင်းနေတာ သိရဲ့ လား"

ဆံပင်လာညှပ်ဟန်တူသည့် အဒေါ်ကြီး တစ်ယောက်က လှမ်းပြောခြင်း ဖြစ်သည်။ အလုပ်မအားသည့် မိခင်ကို ကူညီလုပ်ကိုင်ပေးခြင်းက ညာခိုင်းတာလားဟု တွေးလိုက်မိသည်။

"အာ... အန်တီကြီးကလဲ ညာခိုင်းရမလား... ဒါချက်ပြီးရင် ကျွန်တော်တို့ မိသားစုဘဲ စားရမယ့်ဟာကို"

ကျွန်တော်ပြောပြီး ကစားကွင်းရှိရာသို့  ပြေးထွက်လာခဲ့လိုက်သည်။ နောက်ဘက်မှ ပျံလွင့်လာသည့် "အမလေး... မခင်အေး သားလေးတွေ လိမ္မာလိုက်တာတော်" ဆိုသည့် စကားသံက ကျွန်တော့် နှလုံးအိမ်ကို ဆွတ်ပျံ့ ကြည်နူးသွားစေသည်။

ဒီလိုနဲ့ မိခင်ဖြစ်သူကို ကူညီရင်း ပြေးလွှားဆော့ကစားရင်း ကန်စွန်းရွက်လေးတွေ သင်ရင်း၊ ကန်စွန်းရွက်ကြော်တတ်ခဲ့သလို ချဉ်ပေါင်ရွက်နွှာရင်း ဘူးသီး၊ မုန်လာဥများကို လှီးဖြတ်ရင်း ချဉ်ရည်ဟင်း၊ ဘူးသီးချက်၊ မုန်လာဥချက်များကို ချက်တတ်ခဲ့သည်။ ကျွန်တော် အကြိုက်ဆုံး ပုစွန်ဟင်း ချက်နည်းကိုတော့ မိခင်ဖြစ်သူထံမှ တကူးတကကို သင်ယူဖြစ်ခဲ့သည်။ ဒီလိုဖြင့် မိခင်ကို ကူညီလုပ်ကိုင်ပေးရင်း ထမင်း၊ ဟင်းများကို ချက်တတ်လာခဲ့သည်။ "ဟယ်... ဒီအရွယ်လေးက ဟင်းချက်တတ်တယ်လား" ဆိုသည့် စကားသံ၊ "အမယ်... ကျွန်မ သားလေးက အကုန်ချက်တတ်တယ်နော်" ဆိုသည့် မိခင်ဖြစ်သူ၏ ဂုဏ်ယူဝံကြွားဟန်ဖြင့် ပြောသံကို ကြားရတိုင်း ကျွန်တော် ပျော်ရွှင်ကြည်နူးခဲ့ရသည်။ ပတ်ဝန်းကျင်က "ကလေးကို ညာခိုင်းနေတယ်" လို့ စသလို နောက်သလို ပြောသံကို ကြားရလေ့ ရှိသော်လဲ ကျွန်တော့် စိတ်ထဲတွင် အမေ ကျွန်တော်တို့ ကို ညာခိုင်းခဲ့သည်ဟု ဘယ်တုန်းကမှ မထင်ခဲ့ပေ။ ကျွန်တော် တစ်ယောက်တည်း အတွေးများဖြင့် ဘယ်လောက် နယ်ချဲ့ နေမိသည်မသိ...

"ဟဲ့ကောင်လေး... တစ်ယောက်တည်း ဘာတွေ တွေးငေးနေတာလဲ နင့်ဝက်သားအိုးက ကပ်နေပြီ တူးတော့မယ်"

ဆိုသည့် အိမ်ရှင် အဒေါ်ကြီး၏ စကားသံကို ကြားမှ ပြန်သတိဝင် လာမိသည်။ ထို့ နောက် ဝက်သားအိုးကို ရေနဲနဲ ထပ်ထည့်ပြီး မွှေလိုက်ရသည်။ ဘာဘဲဖြစ်ဖြစ် အမေ ညာခဲ့သည်ဆိုလျှင်တောင် ခုလို ရေခြားမြေခြား အိမ်နဲ့ အဝေးကို ရောက်တုန်း ရောက်ခိုက် ကိုယ့်အားကိုယ်ကိုး ချက်ပြုတ်စားသောက်နိုင်အောင် ညာခဲ့ခြင်းသာ ဖြစ်ပေလိမ့်မည်။

Wednesday, 21 March 2012

ဆန္ဒမစောကြပါနဲ့ (တဂ်)

ခုတလော အလုပ်များ နဲနဲရှုပ်နေသဖြင့် ဘလော့လေးပင် ဖုန်တက်မတတ် ဖြစ်နေပြီ။ အလုပ်မအားသဖြင့် မိတ်ဆွေ အဖော်အပေါင်းတို့ ဆီကိုလဲ အသွားအလာ ကျဲသွားသည်။ ဒီိနေ့ တော့ အလုပ်လေး အားတုန်းလေး ဖုန်ခါတဲ့ အနေနဲ့ တဂ်ပိုစ့်လေး တစ်ပုဒ်ကို အားထုတ်လို့ ရေးလိုက်သည်။ ဒီပိုစ့်လေးကို မမဝသုန်က တဂ်လာခြင်းဖြစ်သည်။ ပထမဆုံး ခုလို သတိတရနဲ့ တဂ်လာတဲ့ မမဝသုန်ကို ကျေးဇူးတင်ကြောင်း ပြောလိုပါသည်။ ပိုစ့်ရဲ့ ခေါင်းစဉ်နာမည်လေးက ဆန္ဒမစောကြပါနဲ့ တဲ့။  ဒီခေါင်းစဉ်ကို ဖတ်မိတော့ လူတစ်ယောက်ကို သွားသတိရမိ၏။ ကျွန်တော့် ဦးလေးဖြစ်သူ၏ သူငယ်ချင်း တစ်ယောက် ဖြစ်သည်။ ထိုသူသည် ကျွန်တော်တို့ ရွာမှ စင်ကာပူနိုင်ငံသို့  အစောဆုံး အလုပ်သွားလုပ်ကြသူများထဲတွင် တစ်ယောက် အပါအဝင်ဖြစ်သည်။ သူစင်ကာပူနိုင်ငံတွင် လုပ်သည့်  အလုပ်က သင်္ဘောများတွင် ဆီဖြည့်သည့် အလုပ်ဖြစ်သည်။ အလုပ်ချိန်က လေးရက်လုပ် သုံးရက်နား ဖြစ်ပြီး သူ့ အလုပ်က သူလိုကိုယ်လိုပင် သိပ်မထူးခြားပေ။ သို့ သော် သူက နဲနဲ လူရည်လည်ပြီး လုပ်တတ်ကိုင်တတ် ဖြစ်သဖြင့် ရွာမှ လူများကို သူ့ အလုပ်တွင် သွင်းပေးခြင်းဖြင့် ပွဲခသဘောမျိုး အကျိုးဆောင်ခများ ရလာသည်။ အခြားအေးဂျင့်ကုမ္ပဏီများနှင့်ပါ ချိတ်ဆက်ပြီး အေးဂျင့်သဘောမျိုး လုပ်ကိုင်လာသည်။ သူ့ သူငယ်ချင်း တစ်ယောက်နှင့် ရန်ကုန်မြို့ တွင် အေးဂျင့်ကုမ္ပဏီ တစ်ခုထောင်လိုက်ပြီး သူ့ လုပ်ငန်းကို ချဲ့ ထွင်နိုင်လာခဲ့သည်။

ထို့ နောက် သူ့ အလုပ်မှ ထွက်လိုက်ပြီး စင်ကာပူနိုင်ငံနှင့် မြန်မာနိုင်ငံကို ကူးချည်သန်းချည် လုပ်နေသည်။ စင်ကာပူနိုင်ငံသို့ အလည်ဗီဇာဖြင့် သွားပြီး မြန်မာနိုင်ငံမှ လာသူများကို နေရာချထားပေးခြင်း၊ အေးဂျင့်ကုမ္ပဏီများနှင့် ချိတ်ဆက်ခြင်းများကို သူလုပ်သည်။ စင်ကာပူနိုင်ငံတွင် အလုပ်များကို စောက်ချလုပ်ကိုင်နိုင်ရန် အတွက် ဆယ်တန်းရောက်လာသည့် သူ့ သားအပေါ်တွင် မျှော်လင့်ချက် ကြီးကြီး ထားခဲ့သည်။ သူ့ သားဖြစ်သူ ဆယ်တန်းတွင် အောင်မှတ်ကောင်းကောင်းဖြင့် အောင်လျှင် စင်ကာပူနိုင်ငံတွင် ပိုလီတက်ခိုင်းပြီး သူက အုပ်ထိန်းသူ အနေဖြင့် နေထိုင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။ ဒါဆိုလျှင် သူ့ အတွက်လဲ တော်တော်လေး အဆင်ပြေသွားမည်။ ထို့ ကြောင့် သားဖြစ်သူ ဆယ်တန်းတွင် ထူးထူးချွန်ချွန်ဖြင့် အောင်နိုင်ရန်အတွက် သူစီစဉ်တော့သည်။ သူ့ သားကို နာမည်ကြီး ကျူရှင်တွင် ထားပြီး နာမည်ကြီး ဂိုက်များကို အိမ်ခေါ်သင်စေသည်။ သားဖြစ်သူကိုလဲ သူ့ အပေါ်မျှော်လင့်ချက် ဘယ်လောက်ထားကြောင်းကို တဖွဖွပြောပြီး ကြိုးစားရန် တိုက်တွန်းလေ့ ရှိသည်။ သူ့ သား စင်ကာပူနိုင်ငံတွင် ကျောင်းလာတက်ဖို့ အတွက်ကိုလဲ အစစ အရာရာ အဆင်ပြေအောင် စီစဉ်ထားသည်။ သို့ သော် သူ၏ ဆန္ဒစောမှုများက သားဖြစ်သူ အပေါ်တွင် ဖိအားများ သက်ရောက်ပြီး ဆယ်တန်းစာမေးပွဲကို ကျတော့သည်။ ထိုအခါ သူစိတ်ပျက်သွားသည်။ ထို့ နောက် သားဖြစ်သူနှင့် သူ့ မိသားစုကို စိတ်ကုန်သွားသည်။ မိန်းမဖြစ်သူကိုလဲ ကွာရှင်းပြတ်စဲ လိုက်သည်။ စင်ကာပူနိုင်ငံတွင် PRအမျိုးသမီး တစ်ယောက်ကို လက်ထပ်လိုက်ပြီး ထိုမှာပင် အခြေချ နေထိုင်နေပြီး သူ့ အလုပ်များကို ဆက်လက် လုပ်ကိုင်နေတော့သည်။ တကယ်က သူ့ ဘာသာသူ ဆန္ဒတွေစောပြီး သူမျှော်လင့်သလို ဖြစ်မလာသည့်နောက် ကိုယ့်အမှား ကိုယ်မမြင်ဘဲ သားနှင့် မိန်းမတို့ အပေါ်ကို အပြစ်ပုံချပြီး သူက ကိုယ်လွတ်ရုန်း သွားခြင်းဖြစ်သည်။ သူသာ ဆန္ဒတွေစောပြီး မျှော်လင့်ချက် အကြီးကြီး မထားခဲ့လျှင် ပြဿနာက ထိုမျှလောက်အထိ ကြီးကျယ်သွားမည် မဟုတ်ပေ။

လူဆိုသည့် အမျိုးကလဲ ဆန္ဒစောတတ်ကြသူများ ဖြစ်ကြ၏။ ခုချိန်တွင် လူတိုင်းနီးပါးက လက်ရှိ အနေအထားများကြောင့် အပြောင်းအလဲများကို မျှော်လင့်နေကြသည်။ တိတိကျကျ ပြောရလျှင် ကျွန်တော်လဲ မျှော်လင့်နေမိသည်။ လူတိုင်းနီးပါး မျှော်လင့်ချက်များ ကြီးကြီးမားမား ထား၍ ဆန္ဒတွေစောပြီး ပြောနေကြသံတွေကိုလဲ ကြားနေရသည်။ အပြုသဘောဆောင်သည့် အသံများကို ကြားရသလို နဲနဲလှုပ်တာနဲ့ ပြစ်တင်ဝေဖန်သံများက ညံလာသည်ကိုလဲ တွေ့ မြင်နေရသည်။ ကျွန်တော်လဲ ဖြစ်ပျက်သွားခဲ့သည့် ကိစ္စတွေကို ဘာကြောင့် ဆိုပြီး စဉ်းစားကြည့်ဖူးခဲ့သည်။ သို့ သော် စဉ်းစားကြည့်ရုံ သက်သက်သာ ဖြစ်ပြီး ကောင်းသည်ဆိုးသည်ကို မဝေဖန်ကြည့်ခဲ့ဖူးပါ။ အဘယ်ကြောင့် ဆိုသော် မိမိပြောမိလိုက်သည့် စကားတစ်ခွန်းက ကိုယ်ကျိုးစွန့် အနစ်နာခံပြီး ပြည်သူ့ အကျိုးအတွက် လုပ်ဆောင်နေသည့် ပုဂ္ဂိုလ်များကို ဝေဖန်မိသလို၊ အပြစ်တင် စောမိသလို ဖြစ်မည်ကို စိုးရိမ်မိသောကြောင့် ဖြစ်သည်။ သူတို့ လဲ သူတို့ ၏ အလုပ်ကို အကောင်းဆုံး လုပ်ဆောင်နေခြင်းသာ ဖြစ်မည်။ ဒါကိုကိုယ်က နားမလည်ဘဲ ကိုယ့်မိသားစု၏ အကျိုးစီးပွားကို ကုန်းရုန်းလုပ်နေပြီး ညဘက် အနားယူချိန်ရောက်မှ ကွန်ပြူတာလေးဖွင့် ဟိုအော်၊ ဒီအော်ဖြင့် ဝေဖန်နေခြင်းမျိုးက မဖြစ်သင့်ဟု ထင်မိသည်။ သူတို့ လဲ ကိုယ်ကျိုးစွန့် အနစ်နာခံပြီး သူတို့ တတ်နိုင်သလောက်ထိ အကောင်းဆုံးကို လုပ်ဆောင်နေကြမည်ဟု ယုံကြည်မိသည်။ ဒါကို ကိုယ်က ဆန္ဒတွေစော ရယူချင်တာတွေ များပြီး ဟိုအော်၊ ဒီအော်၊ ဟိုဟာတောင်း ဒီဟာတောင်းခြင်းများက သူတို့ အပေါ် ဖိအားများ သက်ရောက်သွားပြီး လုပ်ရကိုင်ရ ခက်ခဲစေမည်ကိုလဲ စိုးရိမ်မိသည်။ တကယ်က ကိုယ်မလုပ်နိုင်တာကို တကယ်လုပ်နေကြသူများကို ကိုယ်က ကူညီထောက်ပံသင့်သည်။ ဝေဖန်ပြစ်တင်နေမည့် အစား အားပေးဖေးကူလို့ ပြောင်းလဲလာမည့် အသီးအပွင့်များကို မျှော်နေသင့်သည် မဟုတ်ပါလား...။

Wednesday, 7 March 2012

လူငယ်တစ်ယောက်၏ အတ္ထုပ္ပတ္တိ

တခါက ဥာဏ်အလွန်ကောင်းသည့် ကောင်လေးတစ်ယောက် ရှိခဲ့သည်။ သူဥာဏ်ကောင်းသည်ကို ပတ်ဝန်းကျင်ကလဲ အသိအမှတ်ပြုကြ၏။ သူဥာဏ်ကောင်းပုံကို ငယ်ငယ်ကတည်းက စာသင်ပေးခဲ့သည့် မိဘနှစ်ပါးက တဖွဖွ ချီးမွမ်းလေ့ ရှိကြသလို၊ ကျောင်းစာသင်ခန်းထဲတွင် ဆိုလျှင်လဲ ဆရာ၊ ဆရာမများ၏ အသိအမှတ်ပြုခြင်းကို ခံရသူ  ဖြစ်၏။ သူသည် စာဖတ်ခြင်းကိုလဲ အလွန်ဝါသနာပါသည်။ ထို့ ကြောင့် သူ့ တွင် ငယ်ရွယ်စဉ်ကပင် စာဖတ်သည့် အလေ့အထ ရှိခဲ့၏။  သူစိတ်ဝင်တစားဖြင့် ဖတ်ခဲ့သည့် စာအုပ်များကို သူ့ မှတ်ဥာဏ်တွင် မှတ်မိနေတတ်သည်။ သိုင်းဝတ္ထုကဲ့သို့ သော ဇာတ်လမ်းတွဲ စာအုပ်မျိုးကို ဖတ်ပြီးလျှင်ပင် သူ့ အာရုံတွင် စွဲမြဲစွာ မှတ်မိနေတတ်၏။ ထိုဇာတ်လမ်းတို့ ကို သူငယ်ချင်းများအား ပုံပြင်သဖွယ် ပြန်ပြောပြလေ့ ရှိခြင်းကြောင့် သူငယ်ချင်းများကလဲ သူ့ မှတ်ဥာဏ်ကောင်းပုံကို ငယ်ငယ်ကပင် ချီးကျူးစကား ဆိုလေ့ရှိကြသည်။ သူသည် ထိုကဲ့သို့ ဥာဏ်ကောင်းသော ကောင်လေး တစ်ယောက် ဖြစ်သည်။ သို့ သော် ဥာဏ်ကောင်းသော ကလေးများ ထုံးစံအတိုင်း သူသည်လဲ အဆော့မက်ပြီး စာကျက်ဖို့ ကို အလွန်ပျင်းသည်။ စာသင်ခန်းထဲတွင် ဆရာမ စာရှင်းပြပြီး နဲနဲလောက် ပြန်နွေးလိုက်ရုံဖြင့် ထိုစာကို သူရနေတတ်၏။ ထို့ ကြောင့် စာကို သေချာမလုပ်ဘဲ ပြီးပြီးရော လုပ်တတ်လာသည်။ စာလုပ်ဖို့ ထက် စာအုပ်ဖတ်ဖို့ ကို အားပိုသန်လာ၏။ စာကို ဖိဖိစီးစီး မလုပ်သဖြင့် ဟိုအရင်က ပုံမှန်ဆုရလေ့ ရှိသော်လဲ နောက်ပိုင်း အတန်းထဲတွင် အဆင့်များ တဖြည်းဖြည်း ကျလာသည်။ စားဝတ်နေရေး အတွက် လုံးပန်းနေရသည့် မိဘများကလဲ သူ့ ကို သေချာပြန်မကြည့်နိုင်ကြတော့။ ဆုမရတော့ သော်လဲ အဆင့်တစ်ဆယ်နား ရပ်တည်နေသည့် အတွက် သူ့ ကို ဘာဖိအားမှ မပေးခြင်းလဲ ဖြစ်ဟန်တူသည်။ သို့ သော် တဖြည်းဖြည်းဖြင့် သူ၏ အဆင့်များ ပိုကျလာသည်။ အဆင့်တစ်ဆယ်နား ရပ်တည်နေရာမှ အဆင့်နှစ်ဆယ်နားထိ ကျလာသည်။ ပိုဆိုးသည်က သင်္ချာဘာသာကို စိတ်ဝင်စားသလောက် အင်္ဂလိပ်ဘာသာကို စိတ်ဝင်စားမှု အားနည်းသည်။ သင်္ချာကို တကုတ်ကုတ်ဖြင့် တွက်နေတတ်သလောက် အားနည်းသည့် အင်္ဂလိပ်ဘာသာကို ဖိဖိစီးစီး မလုပ်ပေ။ စိတ်ဝင်စားမှု နည်းသဖြင့် အင်္ဂလိပ်ဘာသာကို ကျက်မှတ်ရာတွင်လဲ အခက်အခဲ ဖြစ်လာသည်။ တခြား ဘာသာများကို လွယ်လွယ်ကူကူဖြင့် ကျက်မှတ်၍ ရသလောက် အင်္ဂလိပ်ဘာသာကို လွယ်လွယ်ကျက်မရခြင်း၊ ကျက်ပြီး ပြန်ပြန်မေ့သွားခြင်းများ ရှိလာသည်။ ထိုကဲ့သို့ အင်္ဂလိပ်ဘာသာကို စိတ်ဝင်စားမှု နည်းပြီး လေ့လာမှု အားနည်းရာမှ အင်္ဂလိပ်ဘာသာတွင် ညံလာသည်။ အင်္ဂလိပ်ဘာသာကို ညံလာသဖြင့် အင်္ဂလိပ်ဘာသာကို ကြောက်လာသည်။ သူငယ်ချင်းများ အင်္ဂလိပ်ဘာသာ အကြောင်းကို ဆွေးနွေးနေလျှင်ပင် ထိုနေရာမှ သူရှောင်ထွက်သွားတတ်သည်။ ထိုမှတဆင့်တက်၍ အင်္ဂလိပ်ဘာသာ စာသင်ချိန်များကို သူရှောင်တတ်လာသည်။

ထို့ နောက်တွင် အားနည်းသည့် အင်္ဂလိပ်ဘာသာကို ပို၍ မကြိုးစားဘဲ သူလမ်းလွဲလိုက်ပြီး စာမေးပွဲနီးမှ အမှတ်ရနိုင်လောက်သည့် စာကိုသာ ရွေးကြည့်ပြီး စာမေးပွဲကို လက်ပူတိုက်ပြီး တစ်ပွဲတိုး ဖြေလာခဲ့သည်။ ထိုနည်းဖြင့် တစ်နှစ်တစ်တန်း ပုံမှန် တက်လာခဲ့ သော်လဲ သူ့ တွင် အင်္ဂလိပ်ဘာသာနှင့် ပတ်သက်ပြီး ဘာအခြေခံမှ ပါမလာခဲ့ပေ။ နှစ်စဉ် အင်္ဂလိပ်ဘာသာတွင် အောင်မှတ်သာသာ လောက်သာရပြီး စာမေးပွဲကို အောင်လေ့ရှိ၏။ အင်္ဂလိပ်ဘာသာတွင် အမှတ်နည်းသော်လဲ တခြား ဘာသာများတွင် အမှတ်များခြင်းကြောင့် အဆင့်ကျသွားသော်လဲ နှစ်စဉ် သူ(A)ခန်းကို တော့ဝင်၏။ အလွယ်လိုက်ခြင်း ဖြစ်သော်လဲ ဒါကိုပင် သူကျေနပ် ရောင့်ရဲနေခဲ့သည်။ ထိုကဲ့သို့  နှစ်စဉ် ဖြတ်သန်းလာခဲ့ပြီး ဆယ်တန်း စာမေးပွဲကိုလဲ ထိုနည်းအတိုင်း သူအောင်လာခဲ့သည်။ ထုံးစံအတိုင်း အင်္ဂလိပ်ဘာသာကို အောင်မှတ်သာသာ လောက်ဖြင့်သာ အောင်ခဲ့ခြင်း ဖြစ်သည်။ ထို့ နောက် သူအဝေးသင် တက္ကသိုလ်တက်ပြီး ကျောင်းတဖက်ဖြင့် သင်တန်းများ တက်ခဲ့သည်။ သူ့ ရည်ရွယ်ချက်က ကျောင်းပြီးလျှင် နိုင်ငံခြားထွက် အလုပ်လုပ်ရန် ဖြစ်သည်။ ကျောင်းတက်နေရင်း လုပ်ငန်းအတွေ့ အကြုံရရန် အစိုးရ စက်ရုံတစ်ရုံတွင် အလုပ်ဝင် လုပ်ခဲ့၏။ သူတက်ခဲ့သည့် သင်တန်းများတွင် အင်္ဂလိပ် စကားပြောသင်တန်းလဲ တစ်ခု အပါအဝင် ဖြစ်သည်။ ထိုအခါ သူငယ်စဉ်ကတည်းက ရှောင်ပြေးလာခဲ့သည့် အင်္ဂလိပ်စာက သူ့ ကို ဒုက္ခပေးတော့သည်။ သင်တန်းတွင် သူ၏ အင်္ဂလိပ်စာ အခြေခံ အားနည်းမှုမှာ သိသာပေါ်လွင်ခဲ့သည်။ သင်တန်းတွင် တက်နေသည့် ကိုးတန်းကျောင်းသားလေးနှင့် ယှဉ်လျှင်ပင် သူက တော်တော်လေး ညံနေသည်။ တခြားသူများ အင်္ဂလိပ်စကားကို ပိုင်ပိုင်နိုင်နိုင် ပြောဆိုလာနိုင်ကြချိန်တွင် သူ့ မှာ အထစ်ထစ် အငေါ့ငေါ့ဖြင့် ပြောလိုက်လျှင်လဲ စကားလုံး အကျိုးအပဲ့များသာ ထွက်လာတတ်သည်။ သင်တန်းတွင် သူမျက်နှာ အလွန်ငယ်ရ၏။ အခြေခံအားနည်းသည့် သူ့ ကို သင်တန်းဆရာကလဲ ဖိဖိစီးစီးဖြင့် သင်ပေးသည်။ သို့ သော် သူကိုယ်တိုင်က မလိုက်နိုင်သဖြင့် သူ့ အတွက် ဖိအားပိုဝင်လာသည်။ အင်္ဂလိပ်စကားပြော သင်တန်း နေ့ ရက်များကို သူပင်ပန်းကြီးစွာဖြင့် ဖြတ်ကျော်နေရ၏။ ထို့ ကြောင့် နောက်ဆုံးတွင် ဖိအားဒဏ်ကို သူမခံနိုင်တော့သဖြင့် သင်တန်းကာလ မပြီးဆုံးခင်မှာပင် ထိုသင်တန်းကို သူကျောခိုင်းခဲ့ပြန်သည်။ သူ့ အနေဖြင့် အင်္ဂလိပ်စာကို ဒုတိယ အကြိမ်မြောက် ကျောခိုင်းရှောင်ပြေးခဲ့ခြင်း ဖြစ်သည်။

ထို့ နောက် သူဘွဲ့ ရပြီးနောက် သူငယ်ချင်း တစ်ယောက်နှင့်အတူ စင်ကာပူနိုင်ငံတွင် အလုပ်လာရှာကြသည်။ ထိုအချိန်တွင် သူတသက်လုံး ရှောင်ပြေးလာခဲ့သည့် အင်္ဂလိပ်စာနှင့် သူထိပ်တိုက်တွေ့ တော့သည်။ ဒီတစ်ကြိမ်တွင် သူရှောင်ပြေးလို့ မရတော့သည့်အပြင် သူကိုယ်တိုင်က အင်္ဂလိပ်စာကို ထိပ်တိုက်လိုက်တွေ့ ရခြင်းဖြစ်၏။ အလုပ်အင်တာဗျူးများကို တစ်ခုပြီးတစ်ခု သူဖြေခဲ့သည်။ သို့ သော် အင်တာဗျူးများတွင် သူ၏ အင်္ဂလိပ်စကားပြော အားနည်းမှုက အဟန့် အတား တစ်ခုလို ဖြစ်နေခဲ့သည်။ သူနှင့်အတူတူ လာခဲ့သည့် သူ့ လောက်မှ လုပ်ငန်းအတွေ့ အကြုံမရှိသည့် သူငယ်ချင်းက အင်္ဂလိပ်စကားပြော အားသာချက် တစ်ခုတည်းဖြင့် အလုပ်ရသွားခဲ့သည်။ သူကတော့ စင်ကာပူနိုင်ငံတွင် လေးလတိုင်တိုင် အလုပ်ရှာခဲ့သော်လဲ အလုပ်မရသဖြင့် မြန်မာနိုင်ငံသို့ ပြန်လာခဲ့ရသည်။ ထိုအချိန်တွင် သူ၏ ငယ်ငယ်က အပျင်းထူ၊ အဆော့မက်ပြီး စာကို သေချာဂရုစိုက် မလုပ်ဘဲ လမ်းလွဲလိုက်ပြီး အလွယ် လိုက်ခဲ့ခြင်း၏ ဒဏ်ကို သူခံနေရပြီ ဖြစ်သည်။ တကယ်က မှားမှန်းသိလျှက်ဖြင့် ရေသာခို အချောင်လိုက်ပြီး အမှားကို မပြုပြင်နိုင်ခဲ့ခြင်းက ကိုယ့်ဘဝတက်လမ်းကို ကိုယ်ကိုယ်တိုင် ရိုက်ချိုးလိုက်သလို ဖြစ်ခဲ့ခြင်း ဖြစ်သည်။ နောက်ဆုံး သူဘာမှ မတတ်နိုင်ဘဲ စင်ကာပူနိုင်ငံမှ နောင်တများ တပွေ့ တပိုက်ဖြင့် သူပြန်လာခဲ့၏။ ခုချိန်တွင် သူတတ်နိုင်သည်က သူ့ ပတ်ဝန်းကျင်မှ လူများကို မိမိတို့ ကလေးများ၏ အားနည်းချက်၊ အားသာချက်များကို ငယ်စဉ်ကပင် ဂရုတစိုက်ဖြင့် ကြပ်မတ်စောင့်ကြည့်ရန် သူ့ အတ္ထုပ္ပတ္တိလေးကို ဖြေပြရမည်။ ကလေးငယ်များကိုလဲ သူ့ လို ရေသာခို အပျင်းထူပြီး လမ်းလွဲမလိုက်ဖို့ သူ့ အကြောင်းလေးကို ပြောပြပြီး ဆုံးမ စကားဆိုရန်သာ ရှိတော့သည်။ သူ့ လို အမှားမျိုး မည်သူ့ ကိုမှ မမှားစေလိုတော့သည်က သူ့ ရင်ထဲက စေတနာသာ ဖြစ်ပါတော့သည်။

Saturday, 3 March 2012

ငါးထောင်တန်ဖုန်းအပေါ် ဘလော့ဂ်ဂါတို့ အမြင် (တဂ်)



ဒီတဂ်ပို့ လေးကတော့ မဒိုးကန် ကျွန်တော့်ကို တဂ်လိုက်တဲ့ ပိုစ့်လေးပါ။ ခုချိန်လောက်ဆိုရင် ဘလော့ဂ်ဂါတော်တော် များများလဲ ရေးပြီးနေလောက်ပါပြီ။ ရည်ရွယ်ချက် ကောင်းကောင်း စိတ်ကူးကောင်းကောင်းနဲ့ ဖြစ်တည်လာခဲ့တဲ့ တဂ်ပိုစ့်လေး တစ်ပုဒ်ဖြစ်ပါတယ်။ ပြည်သူ့ အကျိုးကို ကိုယ်တတ်နိုင်တဲ့ ဘက်က စေတနာနဲ့ တတ်အားသရွေ့ လေး အားတက်သရော ပါဝင်ခဲ့ကြတဲ့ ဘလော့ဂ်ဂါမောင်နှမတွေကို မြင်ရတော့ တကယ်ဝမ်းသာ ကြည်နူးမိတယ်။ ဒီထဲမှာ ကျွန်တော်ကိုယ်တိုင်လဲ တစ်တပ်တစ်အား ပါဝင်ခွင့် ရအောင် သတိတရလေး တဂ်ပေးခဲ့တဲ့ မဒိုးကန်ကိုလဲ ကျေးဇူးတင်ပါတယ်။ ပြောရရင် ခုလို ငါးထောင်တန် ဘာညာ ဆိုတဲ့အထိတော့ မတွေးခဲ့ဘူးပေမဲ့လို့ ကျွန်တော်တို့ နိုင်ငံက ပြည်သူတွေ လူတိုင်း ဟမ်းဖုန်းကိုင်နိုင်ဖို့ ကို ဆန္ဒရှိခဲ့တာက ဟိုးအရင် ၂၀၀၃ခုနှစ် အစပိုင်းလောက်က မလေးရှာနိုင်ငံကို စရောက်ခဲ့တုန်းကတည်းကပါ။ အဲဒီအချိန်တုန်းက မြန်မာနိုင်ငံမှာ GSM ဖုန်းတွေ စပေါ်နေပြီ ဆိုပေမယ့်လို့ ကျွန်တော့် အနေနဲ့  မမြင်ဖူး၊ မထိတွေ့ ဖူးသေးတဲ့ အချိန်ပါ။ အဲဒီနေ့ က ကျွန်တော် မလေးရှားနိုင်ငံကို ရောက်ပြီး ပထမဆုံး အလုပ်စဆင်းမယ့်နေ့ ကပေါ့။ ကျွန်တော်တို့ အတူတူ လာခဲ့ကြသူတွေ တအုပ်အမကြီး စက်ရုံဝင်းထဲ ဝင်လာကြတယ်။ အဲဒီအချိန် စက်ရုံဝင်းထဲမှာ အမှိုက်ကြုံးနေတဲ့ ကုလားက အမှိုက်ကားဘောင်ပေါ်ကို ခြေတဖက်ကို တင်ပြီး ဟန်ပါပါနဲ့ ဖုန်းပြောနေတာကို တွေ့ လိုက်ရတယ်။ ကျွန်တော်တို့ ထဲက လူတစ်ယောက်ရဲ့  "ဟာ... ငါတို့ နိုင်ငံမှာ သိန်းသုံးဆယ်လောက် ပေးရတဲ့ ဟမ်းဖုန်းက ဒီနိုင်ငံမှာ အမှိုက်ကျုံးတဲ့ ကုလားတောင် ကိုင်နိုင်တယ်ကွ" လို့ ဆိုပြီး တအံတသြနဲ့  အော်လိုက်သံကို ကြားလိုက်ရတယ်။ ကျန်တဲ့သူတွေလဲ အထူးအဆန်း အနေနဲ့ ဝိုင်းကြည့်ကြတာပေါ့။ ကျွန်တော်တို့ အတူတူ လာခဲ့တဲ့ အယောက်နှစ်ဆယ်ထဲမှာ ဘယ်သူမှ ဖုန်းမကိုင်ဖူးသေးပါဘူး။ ဒါကြောင့်လဲ အမှိုက်ကားပေါ်က ဖုန်းပြောနေတဲ့ ကုလားကို ကျွန်တော်တို့ အထင်ကြီးပြီး ဝိုင်းကြည့်ခဲ့ကြရတာပေါ့။ အခုချိန်ထိလဲ မြန်မာနိုင်ငံမှာ ဟမ်းဖုန်းကိုင်ပြီး စကားပြောနေတဲ့  လူကို လူတချို့ က အထင်ကြီးစိတ်နဲ့ ငေးကြည့်နေကြတာကို မြင်တိုင်း ကျွန်တော် စိတ်မကောင်း ဖြစ်ရတယ်။ အဲဒီအချိန်ကတည်းက မြန်မာနိုင်ငံမှာလဲ လူတိုင်း ဟမ်းဖုန်းကိုင်နိုင်ရင် ကောင်းမယ်ဆိုတဲ့ စိတ်ကူးလေး ယဉ်ကြည့်ခဲ့ဖူးတာပါ။ အရင်က စိတ်ကူးယဉ်ခဲ့တာ ဆိုပေမယ့် ခုတော့ ဒါဟာ တကယ် ဖြစ်လာနိုင်တယ် ဆိုတာကို သိလိုက်တော့ ကျွန်တော် တကယ်အားတက် မိပါတယ်။ အဲဒီအတွက် ငါးထောင်တန် ဟမ်းဖုန်း ပေါ်လာဖို့ ကို ကြိုလဲကြိုဆိုပါတယ်ဗျာ။ ပြီးတော့ ကျွန်တော်တို့ တွေ ဟမ်းဖုန်း စဝယ်လာတော့ ဝမ်းသာပီတိ ဖြစ်ပြီး တစ်ညလုံး မအိပ်ဘဲ ဖုန်းထိုင်ကလိနေခဲ့တဲ့ ဝမ်းသာပီတိမျိုးလေးကိုလဲ ကျွန်တော်တို့ မြန်မာနိုင်ငံက ပြည်သူတွေကို ခံစားစေချင်ပါသေးတယ်။ ကဲ... ကျွန်တော် မေးခွန်းလေးတွေကို ဖြေကြည့်ပါဦးမယ်။ ကျွန်တော့် စိတ်ထဲ ရှိတာလေးတွေကို ဖြေမှာပါ။ အဲဒီအတွက် နိုင်ငံတော်ရဲ့  အခြေအနေ ဘာညာကို ထည့်မတွက်ဘဲ ကျွန်တော် ဖြေမှာပါ။ ဘာဖြစ်လို့ လဲ ဆိုတော့ ကုမ္ပဏီသေးသေးလေး တစ်ခုကတောင် မြန်မာ့ဆက်သွယ်ရေးကသာ ကူညီပါ သူတို့ ဖြစ်အောင်လုပ်မယ်လို့ ပြောခဲ့တဲ့နောက် နိုင်ငံတော်က ဖြစ်အောင် မလုပ်နိုင်ဘူး ဆိုတာကို ကျွန်တော် မယုံပါဘူး။ ဒါကြောင့်ပါ...

(၁)ယခု ဆက်သွယ်ရေးက ချထားပေးမယ့် နှစ်သိန်းဝန်းကျင် ဖုန်းကို တန်ဖိုးနည်းဖုန်းလို့ သင်မြင်ပါသလား?

ကျွန်တော်ကတော့ တန်ဖိုးနည်း ဖုန်းလို့ မမြင်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ကိုယ့်နိုင်ငံထက် ချမ်းသာတဲ့ နိုင်ငံတွေမှာတောင် ဒီဆင့်ကဒ်ကို ပေါပေါလောလော၊ တချို့ နိုင်ငံတွေမှာ အလကားတောင် ရနေတဲ့ အချိန်မှာ ဆင်းရဲတဲ့ ကျွန်တော်တို့ နိုင်ငံက ဆင်းရဲတဲ့ ပြည်သူတွေက တန်ဖိုးကြီးကြီး ပေးပြီး ဝယ်သုံးရမယ် ဆိုတာမျိုးက မဖြစ်သင့်ဘူးလို့ ထင်ပါတယ်။

(၂)ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စတေကာကပ်ခြင်းနဲ့ တီရှပ်များပြုလုပ်ခြင်းအပေါ် သင်ဘယ်လိုမြင် မိပါသလဲ?

ဒါတကယ် ကောင်းပါတယ်။ လုပ်နိုင်သူတွေ လုပ်ကြတာကို ကျွန်တော်တော့ အားပေးပါတယ်။ တခါတခါ သူ့ အလိုလို မရတဲ့ အရာတွေကို တောင်းယူရပါတယ်။ ကျွန်တော်တို့ တွေ တောင်းယူကြမယ်ဗျာ... ရတော့လဲ အမြတ် မရတော့လဲ အရင်းပေါ့။ ဒါပေမယ့် သူတို့ တွေ ပြဿနာ တစ်ခုခု မဖြစ်ဖို့ ကိုလဲ မျှော်လင့်ပါတယ်။

(၃)ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စုပေါင်းလက်မှတ်ထိုးပြီး လွှတ်တော်ကိုတင်ပြခြင်းအပေါ် သင်ဘယ်လိုမြင် မိပါသလဲ?

ခုဆိုရင် ကျွန်တော်တို့ နိုင်ငံက ဒီမိုကရေစီ နိုင်ငံဖြစ်နေပါပြီ။ ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရဆိုရင် ပြည်သူ့ အသံကို နားထောင်ရမှာပါ။ ငါးထောင်တန် ဖုန်းတွေ ထွက်ပေါ်လာစေချင်တာက ပြည်သူ့ ဆန္ဒပါ။ ပြည်သူ့ ဆန္ဒကို ပြည်သူက ထုတ်ဖော်ပြီး လွှတ်တော်ကို တင်ပြတာက သဘာဝကျပါတယ်။ ဒါကြောင့် ခုလို စုပေါင်းလက်မှတ်ထိုးပြီး လွှတ်တော်ကို တင်ပြခြင်းဟာ အင်မတန်မှ သင့်လျော် မှန်ကန်တယ်လို့ ထင်ပါတယ်။
   
(၄) ငါးထောင်တန်ဖုန်းများပေါ်ပေါက်လာစေဖို့ သင့်အနေနဲ့ ကြိုဆိုပါသလား?

ကျွန်တော် အထက်က ပြောခဲ့သလိုဘဲ ငါးထောင်တန် ဖုန်းတွေ ပေါ်ပေါက်လာဖို့ ကို ဝမ်းပန်းတသာနဲ့ ကို ကြိုဆိုပါတယ်။ ငါးထောင်တန် ဖုန်းတွေသာ ပေါ်လာမယ် ဆိုရင် ဖုန်းဈေးကွက်က လည်ပတ်လာမှာပါ။ အဲဒီလိုသာ ဖြစ်လာမယ် ဆိုရင် ပထမဆုံး အနေနဲ့ ဖုန်းဆိုင်တွေ၊ second hand ဆိုင်တွေနဲ့ ဖုန်းပြင်တဲ့ ဆိုင်တွေ ထွက်ပေါ်လာတော့မှာမို့ ပြည်သူတွေ ကြားမှာလဲ အလုပ်အကိုင်တွေ တိုးပွားလာတော့မှာပါ။ ဖုန်းတွေကိုလဲ အလွယ်တကူ ဝယ်ယူလို့ ရနိုင်လာတော့မယ်လို့ ယူဆရပါတယ်။ ပိုက်ဆံ ချမ်းသာတဲ့ လူတွေ ဖုန်းကို အမျိုးမျိုး လှည့်သုံးနိုင်တော့မှာ ဖြစ်သလို ချို့ တဲ့သူတွေလဲ အနည်းဆုံးတော့ second hand လောက်တော့ ကိုင်သုံးနိုင်လာတော့မှာပါ။ ဒီလိုသာ ဖုန်းဈေးကွက် လည်ပတ်လာတော့မယ် ဆိုရင် သုံးဦးသုံးဖက် အကျိုးရှိနိုင်တာမို့ ကျွန်တော်ကတော့ ငါးထောင်တန် ဖုန်းတွေ ပေါ်လာဖို့ ကို ကြိုဆိုပါတယ်ဗျာ။

(၅)ငါးထောင်တန်ဖုန်းအပေါ် သင့်အမြင်လေး ချရေးပေးပါ။

မြန်မာဆက်သွယ်ရေးရဲ့ လက်ရှိ ဖုန်းတွေ ချပေးနေတဲ့ စနစ်ကို ကြည့်ရင် ရှေ့လျှောက် ဖုန်းတန်ဖိုးတွေ ကျလာပြီး လူတိုင်း ကိုင်နိုင်လာတော့မှာပါ။ အချိန်တစ်ခုကို စောင့်နေရုံပါဘဲ။ ဟိုးအရင်က ဖုန်းတစ်လုံးကို သိန်းသုံးဆယ် ဝန်းကျင်၊ နောက်ဆယ့်ငါးသိန်းနဲ့ ချပေးပြီး အပြီးအစီး ဆယ့်ရှစ်သိန်းဝန်းကျင်၊ နောက်ပိုင်း ငါးသိန်းတန် အပြီးအစီး ငါးသိန်းခြောက်သောင်း တန်လောက်တွေကို တဆင့်ပြီးတဆင့် ဈေးချပေးလာတာပါ။ နှစ်စဉ် ဒီလို ဖုန်းတန်ဖိုးတွေ သိန်းဂဏန်းကနေ သောင်းဂဏန်း၊ နောက်ပိုင်းထောင်ဂဏန်းလောက်ထိ တဖြည်းဖြည်း ကျကျလာပြီး လူတိုင်း ဖုန်းကိုင်နိုင်လာရမယ်လို့ သတင်းတွေ ကြားနေရပါတယ်။ ဒါကို ကျွန်တော် နားမလည်တာပါ။ ဈေးချလို့ ရမယ် ဆိုရင်လဲ အနိမ့်ဆုံး ချလို့ ရနိုင်မယ့် ဈေးနှုန်းကို ချလိုက်ပါလားလို့ ဘာကြောင့် ခုလို တစ်နှစ်ချင်းစီမှာ တစ်ရစ်ချင်းစီ ချနေရမှာလဲ။ သူတို့ လုပ်ပုံက ပြည်သူကို ဈေးကစားနေသလိုဘဲ။ တန်ဖိုးနည်းဖုန်းတော့ လာမယ် ဒါပေမယ့် ကြာမယ်။ ပြည်သူဆီက ရသလောက် နှိုက်ယူဦးမယ် ဆိုတဲ့သဘောမျိုး ဖြစ်မနေဘူးလား။ ဒါဟာ ပြည်သူဆီက အနုနည်းနဲ့ ဒမြတိုက်ယူနေသလိုကို ကျွန်တော်တော့ ခံစားမိတယ်။ ဆင့်ကဒ်တိုင်းက ဖုန်းတိုင်းမှာ ထည့်သုံးမရဘူး ဆိုတာကလဲ မဖြစ်သင့်ပါဘူး။ ဒီအခြေအနေတွေက စီးပွားရေးသမားတွေနဲ့ ပေါင်းပြီး လုပ်စားနေသလို ဖြစ်မနေဘူးလား။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ လူတွေရဲ့ စိတ်ထဲမှာ အဲဒီလို ထင်နေကြတာပါ။ ဘာကြောင့်လဲ ဆိုတော့ ဘယ်နိုင်ငံမှာမှ ဒီလို အဖြစ်မျိုး မရှိဘူးလေ။ အဲဒီိလိုဘဲ ဘယ်နိုင်ငံမှာမှလဲ ဆင့်ကဒ်တစ်ကဒ်ကို ဒီလိုဈေးနဲ့ ဝယ်စရာ မလိုပါဘူး။ ဒီစကားတွေကို ကျွန်တော် ပြည်သူတစ်ယောက် အနေနဲ့ မြင်နေရတဲ့ အမြင်တွေကို ပြောပြနေတာပါ။ ဒီဘက်ခောတ်မှာ ဖုန်းက လူမှုဆက်သွယ်ရေးမှာ တော်တော်ကို အရေးပါလာနေပါပြီ။ လူတိုင်းသာ ဖုန်းကိုင်နိုင်လာမယ် ဆိုရင် သူငယ်ချင်း နှစ်ယောက် တွေ့ ပြီး လက်ဖက်ရည်ဆိုင် ထိုင်ဖို့ အရင်လို စက်ဘီးတစ်တန်၊ ဆိုင်ကယ်တတန်နဲ့ သွားခေါ်နေစရာ မလိုတော့ပါဘူး။ ဖုန်းခေါ်စရာမလိုဘဲ မက်ဆေ့လေး ပို့ လိုက်ရုံနဲ့ ရနေပါပြီ။ ခရီးတွေ ဘာတွေ သွားရင်လဲ လူကွဲမှာကို ကြောက်စရာ မလိုတော့ပါဘူး။ စီးပွားရေး လုပ်ရာမှာလဲ အစစ အရာရာ အဆင်ပြေလာမှာပါ။ ရွာတွေကနေ မြို့ ကို တကူးတက အချိန်ကုန်ခံ သွားစရာ မလိုတော့ပါဘူး။ ဖုန်းဆက်လိုက်ရုံနဲ့ ပဲဈေး၊ စပါးဈေးကို သိနိုင်လာတော့မှာပါ။ ဖုန်းရုံတွေမှာ တန်းစီနေရတဲ့ အဖြစ်မျိုးတွေကိုလဲ ရှောင်နိုင်လာတော့မှာပါ။ ဖုန်းပြောချင်လို့ ထိုင်စောင့်နေရတဲ့ အဖြစ်မျိုးတွေလဲ ဒီဘက်ခောတ်မှာ မရှိသင့်တော့ပါဘူး။  တကယ်က ငါးထောင်တန် ဖုန်းတွေ ပေါ်လာရင်တောင် လူတိုင်း ဖုန်းသုံးနိုင်ဖို့ မလွယ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ဖုန်းဝယ်ရမယ်၊ လစဉ်ဖုန်းထဲကို ပိုက်ဆံထည့်ရမယ်။ ဒါတွေကို လက်လုပ်လက်စားတွေ လုပ်နိုင်ဖို့ မလွယ်ပါဘူး။ ဒါပေမယ့် အရင်ထက်စာရင်တော့ လူတော်တော် များများက ဖုန်းကို သုံးနိုင်လာတော့မှာပါ။ နောက်ဆုံး ဖုန်းထဲပိုက်ဆံ မရှိလို့ ခေါ်မရရင်တောင် မက်ဆေ့ပို့ ပြီး ဆက်သွယ်လို့ ရပါတယ်။ ဒီိလိုဆိုရင် အရင်ထက် ဆက်သွယ်ရေးတွေ ပိုမိုလွယ်ကူ အဆင်ပြေလာနိုင်မှာပါ။ ဒါကြောင့် လူတိုင်း ဖုန်းကိုင်နိုင်လာဖို့ လိုင်းကောင်းကောင်းနဲ့  တန်ဖိုးနည်း ဖုန်းတွေကို ပြည်သူတွေနဲ့ အတူ ကျွန်တော်လဲ မျှော်နေမိပါတယ်။