Wednesday, 21 November 2012
အိမ်ပြန်ချိန်
 (၁)
ဖုန်းမြည်သံကို နားထဲမှာ ကြားနေရ၏။ သို့ သော် ကျိန်းစက်နေသည့် မျက်လုံးတို့ ကြောင့် ဖုန်းကို လက်ဖြင့်သာ လိုက်စမ်းနေမိသည်။
"အင်... အင်း... ဟ... လို..."
"... ဟလို... ညီညီလား... အိပ်နေတာလား"
"အင်း... ပြော... ရတယ်"
"ငါပါ မောင်မောင်းဝင်း"
"အင်း... သိတယ် ပြော... သယ်... ရင်း"
"အေး... ငါ... မနက်ဖြန် မနက် 7:55 နာရီ လေယောဉ်နဲ့  မြန်မာပြည်ကို ပြန်ဖြစ်မယ်"
"အင်... ဘယ်လိုဖြစ်တာလဲ ဗြုန်းစားကြီးပါလား။ ဟိုတလောကဘဲ တစ်ခါပြန်ထားသေးတယ် မဟုတ်လား"
"အေး... ဒီတစ်ခေါက်က အပြီးပြန်ဖြစ်မှာ"
"ဘာ... ဘယ်လို..."
အိပ်ချင်စိတ်တို့ ကြက်ပျောက်၊ ငှက်ပျောက် ပျောက်သွား၏။ အစစ အရာရာ အဆင်ပြေနေတဲ့ဟာကို ဒီိကောင် ဘယ်လို ဖြစ်ရတာလဲဟု တွေးလိုက်မိသည်။ ဟိုတရက်ကဘဲ ရာထူးတိုးလို့ ဆိုသဖြင့် East Code ကမ်းခြေတွင် ပါတီပွဲပေးသဖြင့် သွားစားသောက်ခဲ့ ကြသေးသည်။ ကိုယ်ဘဲ အိပ်ချင်မူးထူး ဖြစ်နေတာကြောင့်လားဟု သေချာအောင် နောက်တစ်ခေါက် ထပ်မေးမိ၏။
"အပြီးပြန်မှာ ဟုတ်လား... ဘာဖြစ်လို့ လဲ"
"အေးကွာ... ညက ဒက်ဒီ ဆုံးပြီလို့ အိမ်က ဖုန်းလှမ်းဆက်တယ်။ ဒါကြောင့် ငါအားချင်း ပြန်ရမှာ"
"ဟာ... ဟုတ်လား... ကျန်းကျန်းမာမာကြီးကနေ ဘယ်လို ဖြစ်ရတာလဲကွာ"
"ဦးနှောက်သွေးကြော ပြတ်တယ် ပြောတာဘဲကွာ။ နံနက်ပိုင်း breakfast စားတဲ့အချိန်ထိ အကောင်းကြီး ရှိနေသေးတယ်တဲ့"
"အေးကွာ... ငါလဲ စိတ်မကောင်းပါဘူး"
ညီညီ တကယ် စိတ်မကောင်း ဖြစ်သွားမိ၏။ မောင်မောင်ဝင်းနှင့် စင်ကာပူ ရောက်မှ ခင်သည် ဆိုသော်လဲ တကယ့် ငယ်ပေါင်းရင်းချာတွေလို ပေါင်းမိကြခြင်း ဖြစ်သည်။ ထို့ ပြင် မြန်မာပြည် ပြန်ရောက်တိုင်း ရန်ကုန်မြို့ ရှိ မောင်မောင်ဝင်းတို့ အိမ်ကို ဝင်ထွက်လေ့ ရှိသဖြင့် သူ့ အိမ်သားများနှင့်လဲ ရင်းနှီးနေ၏။ ပွင့်လင်းဖော်ရွေသည့် မောင်မောင်ဝင်း၏ ဒက်ဒီကို မြင်ယောင်မိလိုက်သည်။ ကျန်းကျန်းမာမာကြီးကနေ ဖြစ်သွားသည် ဆိုသဖြင့် ပို၍ နှမြောမိသည်။ သို့ သော် သေမင်းကို ဘယ်သူက တားနိုင်မှာလဲ။
"အေးကွာ ဗြုန်းစားကြီး ဖြစ်သွားတော့ ငါလဲ ယုံတောင် မယုံနိုင်ဘူး။ ဒါပေမယ့် ဘယ်တတ်နိုင်မလဲကွာ ကံတရားပေါ့။ အဲဒါကြောင့် ငါပြန်မယ့်အကြောင်း မင်းကို လှမ်းအသိပေးတာ"
"အေး... အေးပါ သူငယ်ချင်းရာ... ဒါနဲ့ မင်း တကယ်အပြီး ပြန်ဖို့ ဆုံးဖြတ်လိုက်ပြီလား။ ဆုံးတဲ့လူက ဆုံးသွားပြီးပြီဘဲ အလည်ခဏ ဖြစ်ဖြစ်ဘဲ ပြန်ပြီး နာရေးပြီးတော့ ပြန်လာပေါ့။ မင်းအလုပ်က ဒီအတိုင်းကြီး ပြန်သွားရရင် နှမြောစရာ"
ဘူမိဗေဒ ကျောင်းဆင်း မောင်မောင်ဝင်းက စင်ကာပူနိုင်ငံတွင် လစာတော်တော်လေး ကောင်းသည်။ တစ်လကို စင်ကာပူဒေါ်လာ ၄၀၀၀ ခန့် ရသည်။ ထို့ ကြောင့် ဖြစ်နိုင်လျှင် သူ့ ကို မပြန်စေချင်သေး။ ငယ်တုန်း ရှာလို့ ရနိုင်သလောက် ရှာစေချင်သေးသည်။
"တလောကမှ ပြန်ထားတဲ့အပြင် ရာထူးကလဲ တိုးပေးထားတာ မကြာသေးတော့ အလုပ်က ခွင့်မပေးဘူးကွ။ ငါလဲ သေချာရှင်းပြတာဘဲ မရဘူး။ ဒါကြောင့် မထူးဘူး ဆိုပြီး တခါတည်း အလုပ်ထွက်စာ တင်လိုက်တယ်"
"မင်းတို့ အလုပ်ကလဲကွာ... နာရေးကို"
"ခွင့်မရတာဘဲ ကောင်းပါတယ်ကွာ။ ဆုံးဖြတ်လို့ ပိုကောင်းသွားတာပေါ့။ မင်းလဲ သိတဲ့အတိုင်းလေ ဒက်ဒီမရှိတော့ဘူး ဆိုတော့ ဟိုမှာကလဲ မိန်းမသားတွေချည်း ကျန်ခဲ့တာလေ။ မြန်မာနိုင်ငံ မှာကလဲ ယောက်ကျားသား တစ်ယောက်တော့ ရှိမှဖြစ်မှာပေါ့။ ဒါကြောင့် ငါပြန်ဖြစ်တာလဲ ပါပါတယ်"
"အေးလေ ဒါလဲ ဟုတ်တာဘဲ။ အရေးအကြောင်းဆို ယောက်ကျားသား တစ်ယောက်တော့ ရှိသင့်တာဘဲ"
"ဒါပေါ့ကွာ ဘယ်တတ်နိုင်မလဲ  အိမ်ပြန်ချိန် ရောက်လာပြီလို့ ဘဲ ဆိုရမှာပေါ့။ အေး... ဒါဆိုလဲ ဒါဘဲ သူငယ်ချင်း... မင်းလဲ ဆက်အိပ်လိုက်ဦး... နောက်မှ ထပ်တွေ့ ကြတာပေါ့"
မောင်မောင်ဝင်းကတော့ ဖုန်းချသွားခဲ့ပြီ။ သို့ သော် ညီညီ ဆက်အိပ်မရတော့။ မောင်မောင်ဝင်း နောက်ဆုံး ပြောသွားသည့် အိမ်ပြန်ချိန် ရောက်လာပြီဟူသော စကားသံကို ပြန်ကြားယောင်နေမိ၏။ မောင်မောင်ဝင်းကတော့ အိမ်ပြန်ချိန်ရောက်ပြီ။ ကိုယ်တွေ အိမ်ပြန်ချိန်ကရော ဘယ်တော့လဲ။ မိဝေးဖဝေးဖြင့် ရေခြားမြေခြားမှာ ဘယ်လောက်ထိ နေနေရဦးမည်လဲ။ ထိုသို့  တွေးမိတော့ ရင်မောရသည်။ ထို့ ကြောင့် ဘာကိုမှ မတွေးတော့ဘဲ အိပ်ပျော်ဖို့ ကြိုးစားလိုက်သည်။
(၂)
Tea Break နားချိန်တိုင်း စက်ရုံဘေးဘက်တွင် ကော်ဖီသောက်ရင်း အမြဲထိုင်ဖြစ်လေ့ ရှိသည်။ စက်ရုံက လေယာဉ်ကွင်းဘေးတွင် တည်ရှိခြင်းကြောင့် ဒီနေရာလေးက မြင်ကွင်းကောင်းပြီး လေကောင်းလေသန့် ရ၏။ သို့ သော် အိမ်လွမ်းဝေဒနာကိုတော့ ပို၍ ခံစားရသည်။ တဝေါဝေါ ပျံတက်သွားသည့် လေယာဉ်ပျံကြီးများကို စိတ်က ခိုစီးပြီး အိမ်ကို ပြန်ပြန်ရောက်သွားတတ်၏။ ကိုယ့်အတွေးဖြင့်ကိုယ် ငြိမ့်ငြိမ့်ညောင်းညောင်းလေး စီးမျောနေစဉ် လှဌေးတစ်ယောက် အမောတကော ရောက်လာသည်။
"ညီညီ... ရေ... ညီညီ..."
"အေး... ပြော... ဘာကိစ္စလဲ"
"မင်းဖုန်းက လိုင်းဖုန်းဆိုတော့ Over Sea ခေါ်လို့ ရမှာပေါ့"
"အေး... ရတယ်လေ"
"ဒါဆို ငါ့ကို ကူညီပါဦးကွာ။ အိမ်ကို ဖုန်းဆက်ချင်လို့ ငါ့ဖုန်းထဲမှာကလဲ Over Sea ပိုက်ဆံက ကုန်နေပြီ။ ဖုန်းကဒ်ဝယ်ပြီးသားကလဲ မရှိလို့ ... အဲဒါ..."
"ဘယ်လိုကြောင့် ခုမှ အိမ်ကို အသဲအသန်ကြီး ဖုန်းခေါ်ချင်နေရတာလဲ။ ပြဿနာ ရှိလို့ လား"
"ပြဿနာရယ်တော့ မဟုတ်ပါဘူးကွာ။ ဒါပေမယ့် ငါ့စိတ်တွေ အရမ်းလေးနေလို့ ကွ။ မနေ့ ကတည်းက စိတ်တွေ လေးနေတာ။ ဒီနေ့ လဲ စိတ်တွေက အရမ်းလေးနေပြီး အလုပ်ထဲမှာလဲ ဘာလုပ်လုပ် အဆင်မပြေဘူး။ အလုပ်လုပ်ရင်း ဟိုဟာ လွတ်ကျ ဒီဟာ လွတ်ကျနဲ့ ။ အဲဒီလို ခံစားရတိုင်း အိမ်သားထဲက တစ်ယောက်ယောက် နေထိုင်မကောင်း ဖြစ်တတ်တယ်လေ။ ဒါကြောင့် အိမ်က လူကြီးတွေ နေထိုင်မှ ကောင်းရဲ့ လား စိတ်ပူမိလို့ ကွ။ ခဏပါကွာ ငါမိနစ်နဲ့ တွက်ပြီး ပိုက်ဆံပြန်ပေးပါ့မယ်"
"သတင်းမေးယုံ ခဏကတော့ ပြောလို့ ရပါတယ်ကွာ ပိုက်ဆံပြန်ပေးစရာ မလိုပါဘူး။ ရော့... ဒါပေမယ့် အကြာကြီးတော့ မပြောနဲ့ ပေါ့။ နို့ မို့ ဖုန်းဘေက တအားတက်သွားမှာကွ"
"အေး... ကျေးဇူးပါကွာ... ခဏဘဲ မကြာစေရဘူး သူငယ်ချင်း စိတ်ချ"
လှဌေးကို ဖုန်းပေးလိုက်ပြီး ညီညီလဲ လေယာဉ်ကွင်းဘက်သို့ ပြန်ငေးနေမိ၏။
"ဟင်... ဟုတ်လား... ခုရော ဘယ်လိုနေသေးလဲ"
ဘေးမှ ဖုန်းပြောနေသည့် လှဌေးအသံက ကျယ်လာသဖြင့် လှည့်ကြည့်မိ၏။ လှဌေးတစ်ယောက် ဖုန်းပြောရင်း မျက်စိမျက်နှာ ပျက်နေသည်။ ထို့ နောက် စက်ရုံရှေ့ဘက်သို့ လျှောက်သွားသည်။ အင်း... ပြဿနာ တစ်ခုခုတော့ ရှိနေပြီဟု တွေးလိုက်မိသည်။ ခဏကြာတော့ လှဌေးက ဖုန်းပြန်လာပေးသည်။ မျက်နှာကလဲ သိပ်မကောင်း။ မနေနိုင်လို့ စပ်စုကြည့်လိုက်မိသည်။
"ဘာဖြစ်လို့ လဲ လှဌေး"
"အမေလေဖြတ်လို့ တဲ့။ ထင်တော့ ထင်တယ် ဒီလောက် စိတ်တွေလေးနေတာ အိမ်မှာ တစ်ခုခုတော့ ဖြစ်နေပြီလို့ "
"ဟင်... လေဖြတ်တာ ဟုတ်လား။ ဘယ်အချိန်က ဖြစ်တာလဲ"
"မနေ့ က မနက်ပိုင်း အိပ်ယာထတော့ ကိုယ်တခြမ်းက လှုပ်မရတော့ဘူးတဲ့။ ဒါကြောင့် ပါရဂူနဲ့ ချက်ချင်း သွားပြရတယ်။ အခု နည်းနည်းတော့ သက်သာလာပြီမို့ စိတ်ပူစရာ မလိုတော့ဘူး ပြောတာဘဲ။ ဒါပေမယ့် သူတို့ က စိတ်မပူနဲ့ ဆိုပေမယ့် စိတ်ပူတာပေါ့"
"မနေ့ ကဆိုတော့ မင်းကို ဖုန်းဆက် အကြောင်း မကြဘူးလား"
"ငါ... အရမ်း စိုးရိမ်နေမှာစိုးလို့ အကြောင်းမကြားသေးတာတဲ့။ မြန်မာပြည်က လူတွေကလဲ ဘာကြောင့် ဒီလို ကိစ္စမျိုးတွေကို ဖုံးထားချင်ကြတာလဲ မသိဘူး"
"အစိုးရိမ် လွန်ပြီး ပြန်လာမှာ စိုးလို့ နေမှာပေါ့။ နိုင်ငံခြားက ပြန်ဖို့ က လွယ်ပေမယ့် တစ်ခေါက်ပြန်ထွက်ဖို့ ဆိုတာက လွယ်တာမှမဟုတ်တာ"
လှဌေး ခဏတော့ ငြိမ်ကျသွားသည်။ သူ့ အတွေးနဲ့ သူ နေပါစေ ဆိုပြီး လွှတ်ထားလိုက်သည်။ သူလဲ သူ့ အမေအတွက် စိတ်ပူနေမှာဘဲ။ ခဏနေတော့မှ ဟူးကနဲ သက်ပြင်း တစ်ချက်ကို မှုတ်ထုတ်ပြီး စကားဆိုလာသည်။
"ပြန်ပြီး အမေ့ကို အနီးကပ် ပြုစုချင်လိုက်တာကွာ။ တကယ်လို့ ခုလို လေဖြတ်တာ မဟုတ်ဘဲ မပြောကောင်း မဆိုကောင်း တိမ်းပါးသွားခဲ့ရင် အသက်တောင် မှီလိုက်မှာ မဟုတ်ဘူး"
လှဌေး စကားသံကို ကြားတော့ မောင်မောင်ဝင်း အဖြစ်က ခေါင်းထဲကို ဖြတ်ကနဲ တိုးဝင်လာသည်။ ဒါလဲ ဟုတ်သည် မောင်မောင်ဝင်း ဆိုလျှင် သူ့ ဒယ်ဒီ အသက်ကိုပင် မမှီလိုက်။
"အိမ်ပြန်ချင်ပြီကွာ။ မိဘတွေလဲ အသက်ကြီးပြီ။ သူတို့ ရဲ့ နောက်ဆုံး အချိန်လေး မရောက်မှီမှာ အနီးကပ် ပြုစုချင်သေးတယ်။ နောက်မှ ငါဘာမှတောင် လုပ်မပေး လိုက်ရပါလားလို့ တစ်သက်လုံး နောင်တရ မနေချင်ဘူးကွာ။ ဒီတခါ ပါမစ်သက်တမ်းကုန်ရင် ထပ်မတိုးဘဲ ပြန်နိုင်မလား ကြည့်ရမယ်"
လှဌေး၏ စကားက ကျွန်တော့် ရင်ထဲအထိ တာသွားသည်။ ငါရော ငါ့မိဘတွေအတွက် ဘာလုပ်ပေးပြီးပြီလဲ။ တစ်လတစ်ခါ ပိုက်ဆံပို့ ပေးနေယုံနဲ့ သား၊ သမီး တာဝန်ကျေပြီလားဟု ကိုယ့်ကိုယ်ကို ပြန်မေးကြည့်မိသည်။ အိမ်ပြန်ချင်ပြီ ဆိုသည့် လှဌေးစကားသံက ကျွန်တော့် စိတ်နှလုံးကို ဆွဲလှုပ်နှိုးသွားသည်။
(၃)
စနေနေ့ ပိတ်ရက် တစ်ရက် ငွေလွှဲရန်နှင့် ဝယ်စရာ ရှိတာတချို့ ဝယ်ရန် ပင်နီဆူလာ ပလာဇာသို့ ရောက်ဖြစ်ခဲ့သည်။  မြန်မာပြည်သို့ ပိုက်ဆံလွှဲနေစဉ် သန်းထွေးက သူတို့ 99ဆိုင်တွင် ရှိနေကြောင်း ဖုန်းဆက်လာသည်။ ထို့ ကြောင့် ငွေလွှဲပြီး ဝယ်စရာရှိတာ နဲနဲဝယ်ပြီး သူတို့ ရှိနေသည့် 99ဆိုင်သို့ ထွက်လာခဲ့လိုက်သည်။ 99ဆိုင်ကို ရောက်တော့ သန်းထွေးနှင့် ကိုသန်းအောင်တို့ က အရှိန်ပင် ရစပြုနေကြပြီ။
"ဟေး... ညီညီလာ... ဘာသောက်မလဲ"
"ရပါတယ် အဆင်ပြောတာဘဲ လုပ်လိုက်ပါ"
ညီညီလဲ ခုံတစ်လုံးဆွဲပြီး ဝင်ထိုင်လိုက်သည်။ သန်းထွေးက ညီညီကို စကားလှမ်းတောက်သည်။
"မောင်မောင်ဝင်း သတင်းကို ကြားပြီးပြီလား"
"အင်း... ဟိုနေ့ က ဖုန်းဆက်တယ်"
"အေးကွာ စိတ်တောင် မကောင်းဘူး။ သူ့ ခမျာ မပြန်ချင့် ပြန်ချင်နဲ့ ပြန်သွားရရှာတယ်"
"ဘယ်တတ်နိုင်မလဲ သူလဲ မပြန်မဖြစ် ပြန်ရတာဘဲ"
"ဒါပေါ့ သူကမှ သူ့ ဒယ်ဒီ မြေကျတာကို မှီဦးမယ်။ အောင်ကြီးတုန်းက ဆိုရင် အဖေ သေတာတောင် မသိလိုက်ရရှာဘူး"
"ဟုတ်လား ဘာကြောင့်လဲဗျ"
တချိန်လုံး ငြိမ်နားထောင် နေသည့် ကိုအောင်သန်းက ဝင်မေးလာခြင်း ဖြစ်သည်။ ကိုအောင်သန်းက သန်းထွေးနှင့် အလုပ်တူသည်။ ညီညီနှင့် သန်းထွေးတို့ ကတော့ တစ်ရွာတည်းနေ ငယ်သူငယ်ချင်းများ ဖြစ်ကြသည်။ ညီညီနှင့် ပတ်သက်ပြီး သန်းထွေးနှင့် မောင်မောင်ဝင်းတို့ ရင်နှီးခဲ့ကြသလို သန်းထွေးကြောင့်လဲ ကိုအောင်သန်းနှင့် ညီညီတို့ သိကြရခြင်း ဖြစ်သည်။
"ကျွန်တော်တို့ သူငယ်ချင်း အောင်ကြီး အဖေဆုံးတော့ သူက မလေးရှားနိုင်ငံမှာလေ။ ဖြစ်တာက ဆိုင်ကယ် အက်ဆီးဒင့် ဖြစ်တာ။ ကျွန်တော်တို့ ရွာမှာ မဟုတ်ဘဲ တခြားနေရာမှာ ဖြစ်တာဆိုတော့ အလောင်းသယ်တာတွေ ဘာတွေက ပြဿနာတွေ ရှိလာပြီ နောက်ပြီး အစိမ်းသေဆိုတော့ ကြာကြာထားလို့ ကလဲ မရဘူး။ ဒီတော့ ချက်ချင်းဘဲ သဂြို င်္လ်လိုက်ရတယ်။ အဲဒီအချိန်တုန်းက မလေးရှားနိုင်ငံကို ဆက်သွယ်ရတာကလဲ ခုလို မလွယ်ကူတော့ အောင်ကြီးကို မဆက်သွယ် ဖြစ်ကြဘူး။ သူ့ အဖေဆုံးပြီး တော်တော်ကြာမှ အောင်ကြီးက သိရတာ"
"ဒါဆို အစ်ကို့ အဖြစ်နဲ့ ခပ်ဆင်ဆင် တူတာပေါ့"
ညီညီရော သန်းထွေးရော ပြိုင်တူ ကိုအောင်သန်းကို လှည့်ကြည့်မိကြသည်။
"အစ်ကိုတို့ က ညီအစ်ကို သုံးယောက်ရှိတယ်။ ညီအငယ်ဆုံးက အစ်ကိုနဲ့  ရှစ်နှစ်ကွာတယ်။ အငယ်ကောင်က လိမ္မာတယ် စာလဲတော်တယ်။ ဒီတော့ သူက အိမ်မှာ အားလုံးရဲ့ အသဲကျော်ပေါ့။ သူဆယ်တန်းကို ဂုဏ်ထူးနှစ်ဘာသာနဲ့ အောင်တယ်။ သူဆယ်တန်း ဖြေပြီးကတည်းက ဒီမှာ ကျောင်းဆက်တက်ဖို့ အစ်ကိုက အားလုံးစီစဉ်ပြီးနေပြီ"
ကိုအောင်သန်းက ဘီယာခွက်ကို ဆွဲယူပြီး တစ်ချက်မော့ လိုက်သည်။ ထို့ နောက်မှ စကားကို ဆက်သည်။ ညီညီတို့ က အသာဘဲ နားစွင့်နေလိုက်ကြ၏။
"ဒီမှာ အားလုံး စီစဉ်ပြီးတော့ သူ့ ကို ဒီကို ခေါ်ဖို့ အစ်ကို မြန်မာနိုင်ငံကို ပြန်တယ်။ ပြန်ခါနီး နှစ်လလောက်ကတည်းက အငယ်ကောင်နဲ့ က အဆက်အသွယ် မရဘူး။ အဘိုးအဘွားတွေ ရွာကို အလည်သွားနေတာနဲ့ ဖုန်းဆက်တဲ့အချိန် အိမ်မှာ မရှိတာနဲ့ ဘဲ ကြုံနေတယ်။ ဖုန်းဆက်တိုင်း မတွေ့ တော့ အစ်ကိုလဲ စိတ်ဆိုးတာပေါ့။ ဒါကြောင့် အိမ်ကို ပြန်ရောက်တာနဲ့ အိတ်ကို ပစ်ချပြီးတာနဲ့ အငယ်ကောင် ဘယ်မှာလဲလို့ ချက်ချင်းမေးလိုက်တယ်။ အဲဒီမှာ အမေက ငိုပြီး အိမ်ထဲကို ဝင်သွားတယ်။ မျက်လုံးတွေကလဲ မို့ အစ်နေတာ။ တစ်နေ့ လုံး တစ်ညလုံး ငိုထားတာမှန်း သိတာနေတယ်။ ဘာများ ဖြစ်ပါလိမ့်လို့ အစ်ကို့ စိတ်ထဲ ထင့်သွားမိတယ်။ နောက်မှ သိရတာက လွန်ခဲ့တဲ့ နှစ်လလောက်ကတည်းက အငယ်ကောင်က ရေနစ်ပြီး ဆုံးသွားပြီ။ အစ်ကို အရမ်း စိတ်ထိခိုက်သွားမှာ စိုးလို့ ဖွင့်မပြောကြသေးတာ"
ဝိုင်းကလေးက တိတ်ဆိတ်သွားသဖြင့် ဆိုင်အတွင်းမှ ဇွန်းသံ၊ ခွက်သံ၊ လူသံတို့ က ပိုကျယ်လာသလား ထင်ရ၏။ ဘာဝင်ပြောရမှန်း မသိသဖြင့် ညီညီက ဘီယာခွက်ကို ကောက်ယူ သောက်လိုက်သည်။ ကိုအောင်သန်းက စကားကို ထပ်ဆက်သည်။
"နောက်တစ်နှစ်ခြားပြီး အမေဆုံးတယ်။ အမေဆုံးတော့ ချက်ခြင်းအကြောင်းကြားလို့ အသုဘကိုတော့ မှီလိုက်တယ်။ ဒါပေမယ့် ဘာမှ ပြုစုခွင့် မရလိုက်ဘူး။ ပိုက်ဆံရလို့ သာ တို့ တွေ ဒီမှာ အလုပ်လုပ်နေကြရတာ တကယ်ဆိုရင် ရေခြားမြေခြားမှာ မိသားစုကို ပစ်ပြီး အလုပ်လုပ်ရတာ မလွယ်ဘူး။ အစ်ကိုဆိုရင် ဒီမှာ အလုပ်လုပ်နေစဉ် အတွင်းမှာ မိသားစုဝင် နှစ်ယောက်ကို ဆုံးရှုံးခဲ့ရတယ်။ တကယ်တန်း တွေးကြည့်ရင် မတန်ဘူးကွာ။ သူတို့ ရဲ့ နောက်ဆုံးအချိန်တွေမှာ သူတို့ အနားကနေ ဘာမှ လုပ်မပေးနိုင်ခဲ့ဘူး။ ဒါပေမယ့် အပြီးပြန်ဖို့ ကလဲ မဖြစ်သေးဘူး။ ဒီတော့ အိမ်ပြန်ချိန်က ဝေးနေသေးတာပေါ့ကွာ"
ဝိုင်းကလေးက နောက်တစ်ကြိမ် ပြန်၍ တိတ်ဆိတ်သွားပြန်သည်။ ကိုအောင်သန်းကို ကြည့်ပြီး ညီညီတို့ စိတ်မကောင်း ဖြစ်ကြရ၏။ ပြောနေရင်း ဝေ့သီလာသည့် မျက်ဝန်းတို့ ကြောင့် ထိုစဉ်က ကိုအောင်သန်း တစ်ယောက် ဘယ်လောက် ထိခိုက်နာကျင်ခဲ့ရမလဲဟု ကိုယ်ချင်းစာမိသည်။
(၄)
ဒီဘက်ရက်များမှာ အလုပ်တွေ ရှုပ်နေသည်။ ဘာအလုပ်တွေ ရှုပ်နေလဲ မေးလျှင်လဲ အတိအကျ ပြောဖို့ က ခက်နေမည်။ ဟိုလုပ်ဒီလုပ်ဖြင့် လူက တစ်ချက်မှ မနားရပေမယ့် ဘာအလုပ် လုပ်နေလဲဟု လက်ဆုပ်လက်ကိုင် မယ်မယ်ရရ ပြလို့ မရ ဖြစ်နေ၏။ သို့ သော် အချိန်မရသဖြင့် အိမ်ကိုပင် ဖုန်းမဆက်နိုင်အောင် အလုပ်က ရှုပ်နေသည်။ ထို့ ကြောင့် အလုပ်ပါးချိန် အချိန်လေးရခိုက် ပိုက်ဆံရောက်မရောက် မေးရန် အိမ်ကို ဖုန်းဆက်လိုက်သည်။
"ဟလို..."
"..... ..... ..... "
"ဆေးရုံရောက်နေတာ ဟုတ်လား"
".... .... ...."
"ဘာဖြစ်လို့ လဲ"
".... .... ...."
ဖုန်းပြောပြီးနောက် ညီညီ တစ်ယောက် ငိုင်ပြီး ကျန်ရစ်ခဲ့သည်။ မသေကောင်း မပျောက်ကောင်း ကံကောင်းလို့ ပါလား။ ဖခင်ဖြစ်သူ ဆိုင်ကယ်မောင်းနေစဉ် ဆီးချိုနှင့် သွေးတိုးကြောင့် မူးပြီး ဆိုင်ကယ်ပေါ်မှ ပြုတ်ကျသဖြင့် ဆေးရုံ တင်လိုက်ရသည်။ ကံကောင်းသည်က ဆိုင်ကယ်ကို ဖြေးဖြေးလေး မောင်းလာခြင်းကြောင့် ကြီးကြီးကျယ်ကျယ် မထိခိုက်မိခြင်း ဖြစ်သည်။ အရင်က သွေးတိုးရှိကြောင်းကို သိသော်လဲ ဆီးချိုရှိခြင်းကို ခုမှသိ၏။ မင်းတို့ ညီအစ်ကိုလဲ ငွေရှာတာက ရှာတာပေါ့။ ဒါပေမယ့် မင်းတို့ အဖေနဲ့ အမေက အသက်ကြီးပြီ။ မင်းတို့ ညီအစ်ကို နှစ်ယောက်လုံး မဟုတ်တောင် တစ်ယောက်လောက်တော့ ပြန်လာပြီ အိမ်အလုပ်တွေကို ဦးစီးသင့်နေပြီဆိုသော ဦးလေး ဖြစ်သူ၏ စကားကို ပြန်ကြားယောင်မိလိုက်သည်။ လူကြီးတွေက အသက်ကြီးလာပြီ ဖြစ်သဖြင့် ကျန်းမာရေးက ယိုယွင်းလာကြပြီ။ အနီးကပ် ပြုစု စောင့်ရှောက်ပေးဖို့ လူလိုလာပြီ။ လူကြီးများကို အနားပေးပြီး ဘုရားသွား၊ ကျောင်းတက်ဖြင့် ကုသိုလ်ရေးကိုဘဲ လုပ်စေချင်မိပြီ။ ဒီကိစ္စကို အစ်ကိုနဲ့ တိုင်ပင်ဦးမှဟု တွေးလိုက်မိသည်။ ထိုစဉ် HRက ရုံးပေါ်ကို လာခဲ့ဖို့ ဖုန်းဆက်လာသည်။ HR မန်နေဂျာက ပါမစ်သက်တမ်းတိုးဖို့ အဆင်မပြေသည့် အကြောင်းကို ခေါ်ပြောခြင်း ဖြစ်သည်။ အိမ်ပြန်ချိန်ဆိုသည့် အချက်ပေးသံက မြည်လာခဲ့ပြီ။ ကံဇာတ်ဆရာက ကြိုတင် ဇာတ်တိုက်ထားသည့် အလား တစ်ကွက်ခြင်း၊ တလွှာခြင်းကို ချပြနေသည်လား ထင်ရ၏။ ညီညီရဲ့ အိမ်ပြန်ချိန်က ရောက်လာခဲ့ပြီ။ ညီညီလဲ အိမ်ပြန်ဖို့ ကို ဆုံးဖြတ်လိုက်ပြီ။ ဒီလိုဘဲ အိမ်ပြန်ချိန်တန်သူတွေ၊ အိမ်ပြန်ချင်သူတွေ အိမ်ကို ပြန်နေကြသလို၊ အိမ်ပြန်ချိန် မတန်သေးသူတွေ၊ အိမ်မပြန်ချင်သူတွေလဲ ရှိနေကြဦးမည်။ သို့ သော် အားလုံးဘဲ တစ်နေ့ တော့ အိမ်ကိုပြန်ကြရမည် မဟုတ်ပါလား။
Monday, 5 November 2012
မိုးညတစ်ည၏နောက်...
တိမ်မည်းတိမ်ရိပ်တို့ က လကို ထွေးငုံထားသဖြင့် ညရောင်က အနက်ရောင် အတိပြီးနေသည်။ တဝီဝီ အော်မြည် ပြေးလွှားနေသည့် လေတိုးသံကို နားထဲတွင် အတိုင်းသား ကြားနေရ၏။ မိုးရိပ်မိုးငွေ့ တို့ ကလဲ တရိပ်ရိပ် တလိပ်လိပ်ဖြင့် ဟန်ရေးတပြင်ပြင် ဖြစ်နေကြသည်။ ဖြတ်ကနဲ လက်သွားသည့် လျှပ်ရောင်နောက်မှ ကပ်ပါလာသည့် မိုးခြိမ်းသံက လူကို မကြောက်ကြောက်အောင် ခြောက်လှန့် နေသည့်အလား။ ပြောရမည် ဆိုလျှင် ရာသီဥတုက ကိုယ့်ဘက်ကို လုံးဝမပါ။ သူရပ်နေသည့် နေရာမှ အရှေ့ဘက် အမှောင်ထဲသို့  မှန်းမျှော်ကြည့်လိုက်မိသည်။ လမ်းကလေး တစ်လမ်းရဲ့  အလယ်ခေါင် တည့်တည့်ပေါ်မှာ သူရပ်နေတာပါ။ ဒီလမ်းလေးရဲ့ တဘက်အဆုံးမှာတော့ သူ့ အိမ်ရှိနေသည်။ ထိုအိမ်ထဲတွင် သူ့ မိဘနှစ်ပါးနှင့် အစ်ကို တစ်ယောက်တို့ ရှိနေကြသည်။ ယခုချိန်လောက်ဆိုလျှင် သူတို့  စိတ်ပူနေကြတော့မည်။ အိမ်ပြန်ရောက်ချိန် တန်နေပေမယ့် ပြန်ရောက်မလာသေးသည့်  သူ့ အတွက် သူတို့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေကြလိမ့်မည်။ ဒီလမ်းလေးကို ဖြတ်ပြီး ဘယ်လို ပြန်မလဲလို့ ဘယ်နှကြိမ်မြောက်မှန်းမသိ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်မိပြန်သည်။ ဤဒေသ၏ အလွန်သရဲခြောက်သည်ဟု နာမည်ကြီးနေသည့် ဒီလမ်းကလေးကို ဒီလိုအချိန်၊ ဒီလို အနေအထားမျိုးဖြင့် တစ်ယောက်တည်း ဖြတ်ပြန်ရလိမ့်မည်ဟု တွေးတောင် မတွေးကြည့်ဖူးခဲ့ပေ။ လမ်းလေးက သူ့ လို တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေရန် ဘော်ဒါတက်နေသည့် ၁၅နှစ် မပြည့်တပြည့် လူငယ်တစ်ယောက်ကို မဆိုထားဘိ အရွယ်ရောက်ပြီးသည့် လူကြီးတချို့ ပင် တစ်ယောက်တည်း ဖြတ်မသွားဝံသည့် လမ်းကလေးပေါ့။ သို့ သော် ယခု ဒီလမ်းလေးကို သူတစ်ယောက်တည်း ဖြတ်ပြန်ရဖို့ အကြောင်းက ဖန်လာပြီ။
ဒီအတွက် နဝဒေးတံတား ဒီဘက်ထိပ်ထိ လိုက်လာခဲ့ပြီးမှ ရာသီဥတု အခြေအနေကို အကြောင်းပြပြီး လှည့်ပြန်သွားသည့် သူငယ်ချင်းကိုဘဲ အပြစ်တင်ရမည်လား။ သို့ မဟုတ် မနက်ဖြန်မနက် အိမ်မှာ လုပ်မည့် အလှူကို သူငယ်ချင်းက အလည်လိုက်မည် ဆိုလာသဖြင့် ဘော်ဒါပိတ်ရက်တိုင်း အမြဲလာကြိုလေ့ရှိသည့် ဖခင်ကို ဒီတခေါက် လာမကြိုဖို့ ဖုန်းဆက်ခဲ့မိသည့် ကိုယ့်ကိုယ်ကိုဘဲ အပြစ်တင်ရမည်လား။ ဒီအခြေအနေထိ ရောက်လာပြီးမှတော့ ဘယ်သူ့ ကိုမှလဲ အပြစ်မတင်ချင်တော့ပါဘူး။ တကယ်က သူငယ်ချင်းဖြစ်သူ လမ်းလေးကို ကြည့်ပြီး ဆိုင်ကယ်ကို မမောင်းရဲလို့ လှည့်ပြန်သွားခြင်း ဆိုသည်ကို သူရိပ်မိနေသည်ဘဲ။ သူငယ်ချင်းဖြစ်သူ မမောင်းရဲလို့ ကိုယ်မောင်းမယ် ဆိုပြီး ပြောရအောင်ကလဲ ကိုယ်တိုင်လဲ မောင်းရဲသည့် အခြေအနေတွင် ရှိမနေ။ လမ်းကလေးက ဘယ်ဘက်ကချောက်၊ ညာဘက်က တောင်တန်းများကြားမှ ဖြတ်စီးဆင်းသွားသည့် တောင်ပတ်လမ်း အမျိုးအစားဖြစ်၏။ လမ်းအထာ မသိတဲ့ လူတစ်ယောက် လက်ရှိ အခြေအနေမှာ မောင်းဖို့ တော်တော်ကို မလွယ်သည့် အနေအထားမျိုးပေါ့။ သူနားလည်ပေးနိုင်ပါသည်။ သို့ သော် သူငယ်ချင်းက လှည့်ပြန်သွားလို့ ရပေမယ့် သူကလိုက်ပြန်ဖို့ တော့ မဖြစ်နိုင်ပါ။ မနက်ဖြန်မနက် အိမ်မှာ လုပ်မည့် အလှူတွင် မိသားစု စုံစုံလင်လင် ရှိမနေလျှင် မိခင်ဖြစ်သူက ထိုအကြောင်းကို ပြောလို့ ဆုံးမှာမဟုတ်တော့။ ထို့ ကြောင့် ယနေ့ ည အိမ်ကို မရောက်ရောက်အောင်ကို ပြန်ရမည်။ သို့ သော် ခုချိန်ထိ ခြေတစ်လှမ်းမျှ သူမလှမ်းဖြစ်သေး...။
ကား၊ ဆိုင်ကယ် ကြုံများ တွေ့ ရမလားလို့ ရပ်စောင့်နေတာ တစ်နာရီခန့် ပင် ရှိခဲ့ပြီ။ နဂိုကမှ လူသွားလူလာပြတ်သည့် လမ်းလေးက ရာသီဥတုကြောင့် ထင်သည် ပိုလို့ ပင် ခြောက်ကပ်သွေ့ ခြောက်နေ၏။ တစ်ယောက်တည်း လမ်းလျှောက်ပြန်ဖို့ အတွက်ကလဲ အကြောက်တရားက သူ့ ကို တုံဆွဲထားနေသည်။ လက်က နာရီကို ကြည့်လိုက်တော့ ည 8:00 နာရီကို ထိုးလုပြီ။ ဒီထက်ပိုစောင့်၍ မဖြစ်တော့ မိုးကလဲ ရွာတော့မည်။ မိုးရွာမှ ပြန်မည်ဆိုလျှင် အိမ်အပြန်ပို၍ ခက်ခဲပေတော့မည်။ မိုးရွာလျှင် တဘက်တောင်ပေါ်မှ မိုးရေများက လမ်းကလေးပေါ်သို့ အဆီးအတားမရှိ စီးဆင်းလာတော့မည်။ ထို့ နောက် လမ်းလေးပေါ်မှတဆင့် တဘက်မှ ချောက်ထဲကို ဆက်၍ စီးဆင်းသွားကြမည်။ ထိုအခါ ရွှံစေးဆန်သည့် လမ်းလေးပေါ်တွင် ရေအိုင်၊ ရေဗွက်များကြောင့် လမ်းလျှောက်ရန် ပို၍ ခက်ခဲလာတော့မည်။ ထို့ ကြောင့် ဆက်စောင့်ဖို့ မဖြစ်နိုင်တော့သဖြင့် ကိုယ့်အားကိုယ်ကိုးပြီး ပြန်ဖို့  ဆုံးဖြတ်လိုက်သည်။ အိမ်အပြန် ခြေလှမ်းတို့ ကို စဖို့ အကြောက်တရားကို အရင် ဖျောက်ရမည်။ ထိုသို့ တွေးမိလိုက်တော့ ဖခင် ဆိုဆုံးမခဲ့ဖူးသည့် စကားတို့ က နားအတွင်း စီးဝင်လာသည်။ ညဘက် သန်းခေါင်သန်းလွဲ နောက်ဖေးသွားလျှင် လိုက်ပို့ ရလေ့ရှိသည့် ဖခင်ဖြစ်သူက အိမ်သာအပြင်ဘက်မှ ထိုင်စောင့်ရင်း ဆိုဆုံးမလေ့ရှိသည်။ ထိုစဉ်ကတော့ ပြီးပြီးရော ထိုဆုံးမစကားတို့ က နားထဲမဝင်ခဲ့ချေ။
"ငါ့သား... ဒီလိုသာ ကြောက်တတ်နေရင် မင်းတော့ ကြီးလာရင် ခက်မယ်။ တကယ်တော့ ကြောက်တယ် မကြောက်ဘူး ဆိုတာ စိတ်က အဓိကဘဲ။ မင်းစိတ်ထဲက အကြောက်တရားကို မဖျောက်နိုင်သေးသရွေ့ ကတော့ အရာရာကို တွေးပြီး ကြောက်နေဦးမှာဘဲ။ အဲဒီလို ကြောက်တတ်ပြီး တပါးသူရဲ့ အကူအညီကို ယူနေရသရွေ့ တော့ လောကမှာ လူဖြစ်ရတာလဲ တပန်းရှုံးနေဦးမှာဘဲ။ တကယ်တော့ လောကမှာ ကြောက်စရာကောင်းတယ် ဆိုတဲ့အရာတိုင်းက ကြောက်ဖို့ ကောင်းတာ မဟုတ်ပါဘူး။ စိတ်က ခြောက်လို့ သာ လူက ကြောက်နေတတ်တာ။ တခါမှ သရဲမခြောက်ခံရဘူးဘဲနဲ့ သရဲကြောက်တယ်ဆိုတာက ဖြစ်သင့်ရဲ့ လား။ သရဲခြောက်ခံရတော့ရော ယောက်ကျားဘဲ ဘာကြောက်စရာ ရှိသလဲ။ သရဲခြောက်ခံရလို့ သေတဲ့လူ မရှိပါဘူး။ အကြောက်လွန်လို့ သေတဲ့လူဘဲရှိတယ်။ ဒီတော့ ဘာကို ကြောက်သင့်သလဲ ဆိုတာကို တွေးကြည့်ပေါ့ ငါ့သား"
ထိုစဉ်က ဖခင်၏ ဆုံးမစကားသံတို့ က ယခုမှ အသိဥာဏ်အတွင်းသို့ တစ်လုံးချင်း စီးဝင်လာသည်။ ထိုအခါ ငါဘာကို ကြောက်နေတာလဲဟု ကိုယ့်ကိုယ်ကို ပြန်မေးမိသည်။ သို့ သော် အဖြေကမရှိ။ သူတစ်ခုခုကို တွေးတွေးပြီး ကြောက်နေပေမယ့် ဘာဆိုသည်ကို လက်ဆုပ်လက်ကိုင် မပြနိုင်။ ဟုတ်တယ် ဘာကိုမှ ရင်ဆိုင်မတွေ့ ရသေးဘဲနဲ့ ငါဘာကို ကြောက်နေရမှာလဲ။ ထိုသို့ စဉ်းစားမိလိုက်သည့် ခဏမှာပင် အကြောက်တရားတို့ လွင့်ပြယ်ကာ ခန္ဓာကိုယ်အတွင်းမှ သွေးတို့ နွေးထွေး ဆူဝေလာသည်။ အိမ်အပြန်လမ်းအတွက် ခွန်အားသစ်တစ်ရပ်ကို မွေးဖွားနိုင်ခဲ့သည့်နောက် ခြေလှမ်းတို့ ကို စလိုက်သည်။ ထိုအခိုက်မှာပင် လေပွေတချက်က သစ်ရွက်တစ်အုပ်ကို စုပ်ဆွဲ သူ့ တည့်တည့်ကို ပစ်ပေါက်လာသည်။ သို့ သော် ထိုအရာက သူ၏ အိမ်အပြန် ခြေလှမ်းတို့ ကို ရပ်တန့် မပစ်နိုင်တော့ပေ။
တဟူးဟူးဖြင့် တိုက်ခတ်နေသည့် လေကို ဆန်တက်ပြီး တသွင်သွင် စီးဆင်းနေသည့် တောင်ပတ်လမ်းလေးအတိုင်း သူစီးမျောလာခဲ့လိုက်သည်။ သစ်ဆိမ့်ပင်ရွာလေး ရှေ့မှ ဖြတ်အလျှောက်တွင် ရာသီဥတု အခြေအနေကြောင့်ထင်သည် ရွာလေးက ပုံမှန်ထက် ပို၍ တိတ်ဆိတ်ငြိမ်ကုပ်နေ၏။ သစ်ဆိမ့်ပင် ရွာလေးကို ကျော်လာခဲ့ပြီးနောက် ရွှေဂူ(ငွေဘုံသာဘုရား)ကုန်း အတက်နား အရောက်တွင် ကြိုးစား၍ မေ့ထားသည့် အကြောင်းအရာတချို့ က ရုန်းကြွနိုးထလာခဲ့သည်။ ဒီကုန်းအတက်မှာ သူငယ်ချင်း ဖိုးကျော်၏ အဖေ သရဲအခြောက်ခံရတာပါလား ဆိုသည့် အတွေးက ကိုယ်ခန္ဓာအနှံ ကြက်သီးမွေးညင်းတို့ ကို တဖြန်းဖြန်းဖြင့်  လှိုင်းထသွားစေ၏။ တစ်ချက်ဝေ့တိုက်လာသည့် လေကြောင့် လူလဲ ချမ်းစိမ့်စိမ့် ဖြစ်သွားသည်။ ဘာမှမဟုတ်ပါဘူးဟု ကိုယ့်ကိုယ်ကို အားပေးပြီး ခရီးဆက် လာခဲ့လိုက်၏။ သို့ ဖြင့် ရွှေဂူ(ငွေဘုံသာဘုရား)ကုန်း အလယ်လောက်ကို ရောက်လာခဲ့သည်။ ထိုအခိုက် ဖျက်ကနဲ လက်သွားသည့် လျှပ်ရောင်အောက်တွင် ကုန်းထိပ်မှ မဲမဲရှည်ရှည် အရိပ်ကြီးနှစ်ရိပ်ကို တွေ့ လိုက်ရသည်။ ထိုခဏတွင် အကြောက်တရားက ဒိန်းကနဲ့ နှလုံးအိမ်ကို ထိုးဆောင့်လာသည်။ လူတကိုယ်လုံး ထူပူသွားပြီး ဦးခေါင်းလဲ နှစ်ဆခန့် ကြီးသွား၏။ ထို့ နောက် အကြောက်တရားက သူ့ တကိုယ်လုံးကို ဖုံးလွှမ်းသွားပြီး တဒင်္ဂ ကိုယ်ခန္ဓာအတွင်းမှ သွေးများ အေးခဲသွားသလား ထင်ရအောင် ထိုနေရာတွင် တောင့်တောင့်ကြီး ရပ်နေမိသည်။ ဘယ်လောက် အချိန်ကြာကြာ သူရပ်နေမိလိုက်သည်မသိ...။
"ရှင်မ သွက်သွက်ကလေးလျှောက် မိုးက ရွာတော့မယ်"
"ကျုပ်လဲ ကြိုးစားလျှောက်နေတာဘဲ... ခေါင်းပေါ်က အထုပ်ကြီးက နဲနဲလေးတော့ လျှောက်ရတာ အဆင်မပြေဘူးတော့်"
တောင်ယာတဲတွင် ညစောင့်အိပ်သည့် သစ်ဆိပ့်ပင်ရွာမှ လင်မယားနှစ်ယောက် လေကြီးမိုးကြီး ကျတော့မည်မို့ ရွာထဲသို့ ပြန်အိပ်ကြခြင်း ဖြစ်သည်။ အထုတ်အပိုးများ ထိုးထိုးထောင်ထောင်ကို ထမ်းပိုးလာခြင်းမို့ ရုတ်တရက် သူလန့် သွားမိခြင်းဖြစ်၏။ ထိုလင်မယားကလဲ လမ်းလယ်ခေါင်တွင် ငူငူကြီးရပ်နေသည့် သူ့ ကို စူးစမ်းဟန် တစ်ချက်ကြည့်ပြီး ကွေ့ ပတ်လျှောက်သွားကြ၏။ ထိုစဉ် မိုးစက်မိုးပေါက်များက တဖောက်ဖောက်ဖြင့် ကျလာသည်။ မျက်နှာပေါ်မှ မိုးရေစက်တို့ ကို သပ်ချပြီး သက်ပြင်းမောတစ်ချက်ကို မှုတ်ထုတ်လိုက်မိသည်။ ထို့ နောက် အိမ်အပြန် ခြေလှမ်းတို့ ကို ပြန်စလိုက်၏။
မိုးက စရွာကတည်းက ရေကို သွန်ချလိုက်သကဲ့သို့ တဝုန်းဝုန်း တဒိုင်းဒိုင်းဖြင့် ရွာချသည်။ မိုးစရွာပြီး ခဏမှာပင် လမ်းညာဘက် တောင်ပေါ်မှ ရေများက တဝေါဝေါဖြင့် လမ်းလေးပေါ်သို့ စီးကျလာသည်။ စောစောက သွေ့ ခြောက်နေသည့် လမ်းလေးပေါ်တွင် ရေအိုင်ငယ်များ၊ ရေစီးကြောင်းငယ်များ၊ ဗွက်အိုင်များ ဖြစ်ပေါ်လာသည်။ ထို့ ကြောင့် လမ်းလျှောက်ရတာ သူ့ အတွက် ပို၍ ခက်ခဲလာခဲ့၏။ ထို့ နောက် သရဲအခြောက်ဆုံး နေရာဟု နာမည်ကြီးနေသည့် သရက်ပင်နှင့် ထန်းပင် ရှိသည့် နေရာသို့ ရောက်လာခဲ့သည်။ ကြားရသည့် သတင်းများ အရဆိုလျှင် တခါတခါ သရက်ပင်အောက်မှ ထွက်ထွက်လာလေ့ ရှိသကဲ့သို့ ၊ တခါတခါတွင် ထန်းပင်ပေါ်မှ မဲမဲအကောင်ကြီး ဆင်းလာလေ့ ရှိသည်ဟု ကြားဖူးခဲ့သည်။ သို့ သော် တဆင့်စကား တဆင့်နားဖြင့် ကြားဖူးခဲ့ခြင်းသာ ဖြစ်၏။ တေ့တေ့ဆိုင်ဆိုင် အခြောက်ခံရဖူးသည့် လူကိုယ်တိုင် ပြောသေည့် သတင်းကိုတော့ မကြားဖူးသေး။ မိုးက ဘယ်အငြိုးကြောင့်မသိ ဝုန်းဒိုင်းကြဲနေသည်။ တဖောင်းဖောင်း လာမှန်သည့် မိုးရေစက်တို့ ကြောင့် လူလဲ အေးစက်ကာ ထုံကျင်နေပြီ။ ရွှေဂူကုန်းတက်တုန်းက အတွေ့ အကြုံရှိထားပြီ ဖြစ်သဖြင့် စောစောကလောက် မကြောက်တော့သော်လဲ စိတ်ထဲ စိုးရွံစိတ်ကတော့ ရှိနေဆဲဖြစ်၏။ ဘယ်ကိုမှ မကြည့်ဘဲ မိမိရှေ့မှ မြေကြီးကိုသာ ငုံကြည့်ပြီး ငိုက်စိုက်ငိုက်စိုက်ဖြင့် လျှောက်လာခဲ့ခြင်းဖြစ်သော်လဲ သရက်ပင်နှင့် ထန်းပင်ရှေ့အရောက်တွင် မျက်လုံးတချက်ဝေ့ကာ ကြည့်မိလိုက်သေးသည်။ ဘာမှတော့ ထူးထူးခြားခြား မမြင်ရ။ ထိုစဉ် ညာဘက်တောင် တောင်ကုန်းပေါ်မှ တဝုန်းဝုန်းဖြင့် ပြေးဆင်းလာသံကို ကြားလိုက်ရသည်။ လူတကိုယ်လုံး ထူပူသွားကာ အကြောက်တရားကြောင့် ကြိမ်အတို့ ခံလိုက်ရသည့် နွားကဲ့သို့ ထိုနေရာမှ တဟုန်ထိုး ပြေးထွက်လိုက်သည်။ အသံက ခဏနှင့် တိတ်သွားသည်။ ခပ်လှမ်းလှမ်း ရောက်သည်အထိ ဘာသံမှ ဆက်မကြားရ။ ထိုအခိုက် ဖခင်၏ ဆုံးမစကားတို့ က နားထဲတိုးဝင်လာသည်။ ငါဘာကို ကြောက်တာလဲဟုလဲ ကိုယ့်ဘာသာကိုယ် ပြန်မေးမိပြန်၏။ ထို့ နောက် စောစောက အသံကြားရသည့် နေရာသို့ ပြန်လျှောက်လာခဲ့ပြီး စူးစမ်းကြည့်လိုက်သည်။ မိမိ ဘာကို ကြောက်တာလဲ ဆိုသည့် အဖြေကို ရှာရန်ဖြစ်သည်။ သူထိုရှေ့ကို အရောက်မှာပင် တဝုန်းဝုန်းဖြင့် တောင်ပေါ်မှ မြေများ ထပ်မံ၍ ပြိုကျလာပြန်သည်။ ထိုခဏမှာပင် သူ့ အသိအာရုံအတွင်းတွင် အကြောက်တရားတို့ ကင်းစင်လွင့်ပါးသွားခဲ့သည်။ ထိုနေ့ က အိမ်အပြန်လမ်းတွင် တန့် ကြည့်တောင်ကွေ့ မရောက်မှီ ကုန်းထိပ်တွင် မည်းမည်း လူရိပ်များကို တွေ့ ခဲ့သေးသည်။ သို့ သော် သူမကြောက်တော့။ ယခုလို သရဲခြောက်သည်ဟုလဲ သူမကြားဖူးခဲ့ပါ။ ထို့ ကြောင့် သူအကြောက်အလန့် မရှိ ကိုယ့်လမ်းကိုယ် ဆက်လှမ်း လာခဲ့လိုက်သည်။
"ဟေ့ကောင်လေး... ဘယ်က ပြန်လာတာလဲ"
တန့် ကြည့်တောင်ဘုရားတွင် လုံခြုံရေး တာဝန်ယူထားသည့် ကပစ(၃) စစ်တပ်မှ ရဲဘော်များဖြစ်သည်။ နယ်မြေ အေးချမ်းသာယာရေးအတွက် ကင်းလှည့် လာကြဟန်တူသည်။
"ဘော်ဒါပိတ်ရက် အိမ်ပြန်လာတာပါ"
"တစ်ယောက်တည်းလား"
"ဟုတ်ကဲ့ တစ်ယောက်တည်းပါဘဲ။ သူငယ်ချင်းတစ်ယောက်က နဝဒေးတံတား ဒီဘက်ထိပ်ထိတော့ လိုက်ပို့ ပေးပါတယ်"
"သြော်... ခုရော တစ်ယောက်တည်း ပြန်ရဲရဲ့ လား။ ရွာထဲထိ ရဲဘော် တစ်ယောက်ယောက်ကို လိုက်ပို့ ခိုင်းပေးရမလား"
"နေပါစေတော့ဦး ကျေးဇူးတင်ပါတယ်။ အရှေ့က တန့် ကြည့်တောင်ကွေ့ တစ်ကွေ့ ကျော်ပြီး ကုန်းဆင်းလိုက်ရင် ရွာထဲကို ရောက်ပြီဘဲ။ ကျွန်တော် တစ်ယောက်တည်း ပြန်ရဲပါတယ်"
"အေး... အေး... ဒါဆိုလဲ ဂရုစိုက်သွား လမ်းတွေက ချောနေတော့ ချော်လဲမှာ စိုးရိမ်ရတယ်"
"ဟုတ်ကဲ့ဦး"
တစ်ယောက်တည်း သရဲခြောက်သည်ဟု နာမည်ကြီးသည့် နေရာတွေကို ဖြတ်ခဲ့ပြီး ဒီနေရာထိတောင် ရောက်ခဲ့ပြီဘဲ သူဘာကို ကြောက်နေရဦးမှာလဲ။
"ဒီကောင်လေး မဆိုးဘူးဘဲ။ ဒီအချိန်၊ ဒီလမ်း၊ ဒီခရီးကို ဒီရာသီဥတုနဲ့ တစ်ယောက်တည်း ဖြတ်ပြန်ရဲတာ နဲတဲ့ သတ္တိမဟုတ်ဘူး"
နောက်ကျောဘက်မှ ပျံလွင့်လာသည့် ချီးမွမ်းစကားသံ ဖြစ်၏။ တိတိကျကျ ပြောရလျှင် သူစိုက်ပျိုးခဲ့သည့် အသီးအပွင့်တို့ ၏ ရနံကို ရှူရှိုက်ခွင့် ရခဲ့ခြင်း ဖြစ်သည်။ ထိုနေ့ က အိမ်ကို ပြန်ရောက်တော့ ရွှံတွေ၊ ဗွက်တွေနဲ့ မိုးရေတွေ ရွှဲရွှဲစိုနေသည့်သူ ကြွက်စုတ် တစ်ကောင်လို ဖြစ်နေသည်။ ဖြစ်ပျက်ခဲ့သမျှ အကြောင်းစုံကို ဇာတ်စုံခင်းပြတော့ မိခင်ဖြစ်သူက နားထောင်နေရင်း မျက်ရည်များကြားမှ ကြိုးစားပြုံးကာ ငါ့သားလေးကို သနားလိုက်တာဟု ညည်းသည်။ ဖခင်ကတော့ ဘာမှမပြော။ သို့ သော် သားဖြစ်သူအတွက် ကျေနပ်အားရနေဟန်ကို မျက်ဝန်းများမှ တဆင့် သူမြင်နေရ၏။ အစ်ကိုကတော့ ငါ့ညီလေး တော်လိုက်တာဟု အစချီကာ ချီးမွမ်းစကားတို့ ကို တဖွဖွဆိုသည်။ အကယ်၍ ထိုနေ့ က သူသာ ထိုလမ်းကို တစ်ယောက်တည်း ဖြတ်ပြန်ဖို့ ကို စိုးရွံမိသဖြင့် သူငယ်ချင်းနှင့် ပြန်လိုက်သွားခဲ့လျှင်၊ ရွှေဂူကုန်းတက်တွင် ကြောက်၍ နောက်ပြန်လှည့်ပြေးခဲ့လျှင်၊ မြေပြိုကျသည့် နေရာတွင်မစူးစမ်းမလေ့လာဘဲ ရှေ့သို့ သာ ဂမူးရှူးထိုး ထွက်ပြေးခဲ့မိလျှင် သူသည် ခုချိန်ထိ အရင်အတိုင်း ကြောက်တတ် နေဦးမည်။ ခုချိန်မှာတော့ လောကမှာ ကြောက်စရာကောင်းသည် ဆိုသည့် အဖြစ်အပျက်တိုင်းက ကြောက်စရာကောင်းတာ မဟုတ်ကြောင်းကို သူကောင်းကောင်း နားလည်ခဲ့ပြီ ဖြစ်သည်။ မိုးညတစ်ည၏ နောက်နေ့ မှစ၍ လူငယ်လေး တစ်ယောက်သည် အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီ။ ကိုယ့်ကိုယ်ကို ယုံကြည်စိတ် ပိုလာကာ ကိုယ့်အားကိုယ် ကိုးတတ်လာခဲ့ပြီ။ ကြောက်စရာ ကောင်းသည်ဟု ထင်ရသည့် ပြဿနာတို့ ကို ရင်ဆိုင်ဖြေရှင်းရဲသည့် သတ္တိရှိလာခဲ့ပြီး အရင်ထက် ပို၍ ရင့်ကျက်တည်ငြိမ်လာခဲ့ပါတော့သည်။
Friday, 5 October 2012
သမီးလေး၏စေရာ
"တောက်"
ထွန်းကျော် တောက်တစ်ချက်ကို ခပ်ပြင်းပြင်း ခေါက်လိုက်သည်။ ထို့ နောက် အိမ်ထဲမှ လှမ်းထွက်ခဲ့လိုက်၏။ ခြေလှမ်းတို့ ဦးတည်ရာက ကိုဇော်ဝင်း၏ အရက်ဆိုင်သို့ ဖြစ်သည်။ ဒီလောက်တောင် ဖြစ်လှတာ တမင်တကာကို ရွဲ့ ပြီး သောက်ပြလိုက်ဦးမည်ဟုလဲ တွေးလိုက်၏။ ပါးစပ်က ပွစိပွစိဖြင့် ပူညံပူညံ လုပ်တာလောက် စိတ်ပျက်တာ မရှိတော့။ ဒီမိန်းမ ကိုယ်ဝန်ရှိလာမှ ပိုစကားများလာသည်။ ဟိုဟာ ချုပ်ချယ်၊ ဒီဟာ ချုပ်ချယ်ချင်ဖြင့် သူ့ ကို လွှမ်းမိုးဖို့ ကြိုးစားလာသည်ဟုလဲ ထင်မိသည်။ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး နေတတ်သည့် သူကလဲ ကိုယ့်ကို ချုပ်ချယ်လာလျှင် နဲနဲမှ သဘောမတွေ့ ပြန်ကန့် လန့် တိုက်လိုက်ရမှ ကျေနပ်တတ်၏။ ခုလဲ သူတို့ ဘော်လုံးအသင်း နိုင်လာသောကြောင့် ရပ်ကွက်က ကိုဇော်ဝင်းဆိုင်တွင် ဂုဏ်ပြုပွဲလေး လုပ်ပေးသည်။ ပုံမှန်ဆိုလျှင် သူသောက်လေ့ သောက်ထမရှိသော်လဲ ခုလို အထိမ်းအမှတ်ပွဲမျိုးတွင် တစ်ခွက်တလေတော့ သောက်ဖြစ်သည်။ လူမှုရေးက ရှိသေးသည် မဟုတ်လား။ ခုတော့ မကောင်းတတ်လို့ တစ်ခွက်လောက် သောက်ဖြစ်လာခဲ့သည်ကို ဇာချဲ့ ကာ တဗျစ်တောက်တောက် ပြောလာတော့ ကန့် လန့် တိုက်ချင်စိတ်က ခေါင်းထောင်ထလာသည်။ ထို့ ကြောင့် စောစောကမှ ပြန်လာခဲ့သည့် ကိုဇော်ဝင်း အရက်ဆိုင်သို့ နောက်တစ်ခေါက် ပြန်ထွက်လာခဲ့ခြင်း ဖြစ်သည်။ ယောက်ကျားများ ခုလို အရွှဲ့ တိုက်တတ်အောင် မိန်းမများက တဗျစ်တောက်တောက်ဖြင့် တွန်းအားပေးနေခြင်းလားဟုလဲ တွေးလိုက်မိသည်။
ထွန်းကျော်က လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးနေတတ်သည်။ သူ့ မိဘများက ကျိကျိတက် ချမ်းသာကြသူများ မဟုတ်သော်လဲ သူတို့ ဒေသတွင်တော့ သူဌေးစာရင်းဝင်ပင် ဖြစ်၏။ တစ်ဦးတည်းသောသား ထွန်းကျော်ကိုလဲ အလိုလိုက်ထားကြသည်။ ထွန်းကျော်က လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးဖြင့် ပျော်ပျော်နေတတ်သော်လဲ ပျက်စီးနေသည့် လူငယ်တစ်ယောက်တော့မဟုတ်။ သူ့ တွင် အသိစိတ်တော့ ရှိသည်။ ယောက်ကျားလေး ဖြစ်သဖြင့် အသောက်အစား အနည်းအကျဉ်း ရှိသော်လဲ အကောင်းအဆိုးကို ခွဲခြားတတ်၏။ ဘယ်အရာကိုမှ အလွန်အကျွံ မလုပ်။ အမြဲ သောက်စားရမ်းကား နေတတ်သည့် ဆိုးသွမ်းလူငယ် တစ်ယောက်မဟုတ်။ သို့ သော် မိဘကို ကူညီရကောင်းမှန်းမသိ မိုးလင်းမိုးချုပ် အိမ်မကပ်ဘဲ လျှောက်လည်နေတတ်သည်။ လက်ဖက်ရည်ဆိုင်၊ ဘိလိယက်ခုံ၊ ဂိမ်းဆိုင်၊ ဘော်လုံးကွင်းနှင့် ပိုက်ကျော်ခြင်းကွင်းများတွင် အချိန်ကုန်နေတတ်သည်။ ညနေဘက် ဘော်လုံးကန် (သို့ မဟုတ်)၊ ခြင်းခတ်ရာမှ ပြန်လာလျှင်လဲ အိမ်သို့ တန်းပြန်လေ့မရှိဘဲ လက်ဖက်ရည်ဆိုင်၊ အကြော်ဆိုင်တို့ တွင် တမေ့တမော ထိုင်ပြီး သူငယ်ချင်းများနှင့် စကားဝိုင်းဖွဲ့ နေတတ်၏။ ထွန်းကျော်က အပေါင်းအသင်းကိုတော့ တော်တော်မင်သည်။ ထို့ ကြောင့် မိဘများက ထွန်းကျော်ကို ခြေငြိမ်အောင်ဟု ဆိုကာ မိန်းမပေးစားလိုက်ကြ၏။ မိန်းမရပြီးနောက် ထွန်းကျော် အနည်းငယ် ပြောင်းလဲသွား၏။ နေ့ လည်ဘက် အလည်အပတ် သွားခြင်းများ လျော့နည်းသွားသည်။ မိဘလုပ်ငန်းများကို ဦးစီးပြီး လုပ်ကိုင်လာသည်။ သို့ သော် ညနေဘက် ဘော်လုံးကန်၊ ခြင်းခတ်ပြီး လက်ဖက်ရည်ဆိုင်မှာ တမေ့တမောဖြင့် စကားဝိုင်းဖွဲ့ ပြီးမှ ပြန်တတ်သည့် အကျင့်ကတော့ ပျောက်မသွားသေးချေ။ တနေကုန် အလုပ်လုပ်ခြင်းက မိသားစုအတွက် အချိန်ပေးခြင်း ဖြစ်ပြီး ညနေဘက်က သူ့ အတွက် ကိုယ်ပိုင်အပန်းဖြေခြင်းဟု သူက တွေးထားသည်။ သို့ သော် မိန်းမနှင့် မိဘများက ညနေဘက် ဘော်လုံးကန်ပြီး အိမ်ကို စောစောပြန်လာပြီး မိသားစု ထမင်းဝိုင်းလေးကို လူစုံစုံညီညီဖြင့် စိုစိုပြေပြေလေး စားချင်ကြသည်။ သို့ သော် ထွန်းကျော်က ဘယ်တော့မှ စောမပြန် အမြဲနောက်ကျ၏။ သူတို့ လင်မယားနှစ်ယောက် ထိုကိစ္စကြောင့် အမြဲ စကားများကြသည်။ ခုလဲ ထုံးစံအတိုင်း မိန်းမက ပွစိပွစိ လုပ်သဖြင့် အရွဲ့ တိုက်ကာ အရက်ဆိုင်သို့ နောက်တစ်ခေါက် ထပ်ထွက်လာခဲ့ခြင်း ဖြစ်သည်။
သို့ ဖြင့် ထွန်းကျော်တွင် သမီးလေး တစ်ယောက် ရလာခဲ့ပြီ။ သို့ သော် သူ့ အကျင့်တို့ က ပြောင်းမသွားသည့်အပြင် ပို၍ပင် ဆိုးလာသေးသည်။ ယခင်က တစ်ခါတစ်ရံသာ သောက်လေ့ရှိသော်လဲ ခုနောက်ပိုင်းတွင် မိန်းမကို အရွဲ့ တိုက်ရင်း အရက်စွဲသလိုပင် ဖြစ်ပြီး ညနေတိုင်းလိုလို သောက်ဖြစ်နေသည်။ မိန်းမကလဲ နောက်ပိုင်း ပြောမနိုင်တော့ သဖြင့် လွှတ်ထားလိုက်သည်။ ညမှောင်မှ ထွန်းကျော်တစ်ယောက် ခပ်ထွေထွေလေးဖြင့် ပြန်လာတတ်စမြဲ ဖြစ်သည်။ ထွန်းကျော် သူ့ သမီးလေးကိုတော့ အလွန်ချစ်သည်။ တနေကုန် သမီးလေး... သမီးလေး... ဖြင့်လက်ကမချ။ သူအိမ်ပြန်ရောက်လာလျှင်လဲ သမီးကို အရင်ဆုံး ရှာသည်။ သို့ သော် ညဘက် သူပြန်လာလျှင် သမီးလေးက အိပ်နေပြီ။ ထိုအခါ အိပ်ပျော်နေသည့် သမီးလေးကို ခပ်ဖွဖွလေးနမ်းပြီး နှုတ်ဆက်လေ့ ရှိသည်။ ဒါကညစဉ် အိမ်ပြန်လာတိုင်း သူပြုလုပ်လေ့ရှိသည့် ကိစ္စတစ်ခု ဖြစ်၏။ ထို့ နောက်တွင်မှ ရေမိုးချိုး၊ စားသောက်ပြီး အိပ်ယာဝင်သည်။ တစ်ရက်တွင် ထွန်းကျော် တစ်ယောက် အိမ်ကို အပြန်စောခဲ့သည်။ ထုံးစံအတိုင်း ခပ်ထွေထွေလေးဖြင့် ပြန်လာခဲ့ခြင်း ဖြစ်သည်။ အိမ်ကို ပြန်ရောက်တော့ စောနေသေးသဖြင့် သမီးလေးက မအိပ်သေး။ ထို့ ကြောင့် သူ့ မိန်းမ လက်ထဲတွင် ချီထားသည့် သမီးလေးကို ဆွဲယူပြီး နမ်းလိုက်သည်။ ထိုအချိန်မှာပင် သူ့ ရင်ဘတ် တစ်ခုလုံး ပေါက်ကွဲထွက်သွားသလို ခံစားလိုက်ရသည်။ ဂမူးရှူးထိုး ပြေးဝင်လာသည့် သူ့ ရင်ဝကို စောင့်အကန် ခံလိုက်ရသလို ခံစားလိုက်ရ၏။ သူ့ အနမ်းက သမီးလေး၏ ပါးမို့ မို့ လေးကို ထိလုထိခင်မှာပင် သမီးလေးက ခေါင်းကို ဆတ်ကနဲ တဘက်သို့ လှည့်သွားပြီး စူးစူးဝါးဝါး အော်ငိုလေ၏။ သူဘယ်လိုမှ မျှော်လင့်မထားသည့် တုံပြန်မှု ဖြစ်သည်။ သူ့ ရင်ထဲ လစ်ဟာဆို့ နင့်သွားသည်။
"ဟဲ့... ထွန်းကျော် နင့်တစ်ကိုယ်လုံး အရက်စော်တွေ ဒီလောက် နံစော်နေတာကို ကလေးက ဘယ်လိုခံနိုင်မှာလဲ... ပေး... ပေး ကလေးကို"
မိခင်ဖြစ်သူ၏ အော်ငေါက်သံနှင်အတူ သူ့ လက်ထဲမှာ သမီးလေးကို ဆတ်ကနဲ ဆွဲယူသွားခြင်း ခံလိုက်ရ၏။ သူ့ ရင်ထဲတွင် ဝမ်းနည်းမှုက လှိုက်ကနဲ တက်လာသည်။ ထို့ နောက် သူအိမ်ထဲမှ ပြေးထွက်ခဲ့သည်။ သူဘာကိုမှ မမြင်မကြားတော့။ သူ့ မျက်လုံးထဲတွင် ခေါင်းကို ဆတ်ကနဲ လှည့်သွားကာ စူးစူးဝါးဝါး အော်ငိုနေသည့် သမီးလေး၏ ပုံရိပ်နှင့် မိခင်၏ စကားသံတို့ ကိုသာ ထပ်ခါထပ်ခါ ပြန်မြင်ယောင် ကြားယောင်နေမိ၏။ ကိုယ့်ကိုယ်ကို ပြန်သတိထားမိချိန်တွင်တော့ သူဧရာဝတီမြစ်ကမ်းဘေးသို့ ရောက်နေပြီ။ မြစ်ကမ်းဘေး သဲသောင်ပြင်ပေါ်တွင် ပလက်လှန်ကာ ဖြစ်ခဲ့သမျှကို နဖူးပေါ် လက်တင် စဉ်းစားကြည့်တော့ ဘယ်သူမပြု မိမိမှု ဆိုသကဲ့သို့ ပင် မိမိ အပြစ်သာ ဖြစ်သည်။ ဒီအရက်ကို သောက်ထားလို့ သမီးလေး၏ ငြင်းပယ်မှုကို ခံခဲ့ရသလို မိမိ၏ သွေးသားရင်သွေးကို တခြားသူ တစ်ဦးက မိမိရင်ခွင်ထဲမှ ဆွဲယူသွားခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။ ထို့ ကြောင့် အရင်းစစ်တော့ အမြစ်မြေက ဆိုသလိုပင် အရက်သောက်ထားသည့် သူ့ အပြစ်သာ ဖြစ်သည်။ ထိုနေ့ က စ၍ ထွန်းကျော် တစ်ယောက် အရက်ပြတ်သွားသည်။ ယခုဆိုလျှင် သူ့ သူငယ်ချင်းများ အိမ်လာလည်လျှင်ပင်-
"ဟေ့ကောင် ပေး... ပေး ငါ့သမီးကို... သမီးက ဆေးလိပ်နံ၊ အရက်နံတို့ ဆိုရင် ခံနိုင်တာ မဟုတ်ဘူး"
ထိုသို့ သော စကားကို ဆိုကာ သမီးလေးကို တခြားလူ လက်ထဲမှ ဆတ်ကနဲ ဆွဲယူနိုင်ခဲ့ပြီ။ ထို့ အတူ သူ့ လက်ထဲမှ သမီးလေးကိုလဲ ဘယ်သူမှ ထိုကဲ့သို့ ဆွဲမယူနိုင်တော့။ သမီးဖြစ်သူကြောင့် ထွန်းကျော် အရက်ပြတ်သွားသည်။ ထို့ ကြောင့် သူ့ မိဘများနှင့် မိန်းမဖြစ်သူပါ စိတ်ချမ်းသာ ကြရသည်။ ဒီလိုဖြင့် သူ့ သမီးလေးလဲ လေးနှစ်ကျော်လို့ ငါးနှစ်ထဲရောက်ကာ ကျောင်းပင်နေတော့မည်။ တီတီတာတာ ချွဲနွဲ့ တတ်သည့် သမီးလေးက ထွန်းကျော်၏ အသဲကျော်လေး ဖြစ်လာသည်။ ထွန်းကျော် အရက်ပြတ်သွားသဖြင့် ညနေဘက် ဘော်လုံးကန်၊ ခြင်းခတ်ရာမှ ပြန်လာလျှင် အရက်ဆိုင်မထိုင်ဖြစ်တော့။ သို့ သော် လက်ဖက်ရည်ဆိုင် (သို့ ) အကြော်ဆိုင် တစ်ဆိုင်ဆိုင်တွင် ထိုင်ကာ လေကန်သည့် အကျင့်က မပျောက်သေး။ ဒီနေ့ လဲ လက်ဖက်ရည်ဆိုင်တွင် ထိုင်ကာ စောစောက ကန်ခဲ့သည့် ဘော်လုံးပွဲအကြောင်းကို သူငယ်ချင်းများနှင့် ပြန်စမြုံပြန်နေကြ၏။ စကားကောင်းနေသဖြင့် ထိုနေ့ က ပုံမှန်ပြန်ချိန်ထက် ပို၍ အိမ်ပြန်နောက်ကျခဲ့သည်။ အိမ်အနီးကို ရောက်တော့ ခြံပေါက်ဝမှ ထွက်ကြိုနေသည့် သမီးလေးကို တွေ့ ရသည်။ သမီးလေးက အလွန်ချစ်ဖို့ ကောင်းသည်။ သူပြန်လာတိုင်း ထိုကဲ့သို့ ခြံပေါက်ဝမှ အမြဲထွက်ကြိုနေတတ်သည်။
"ဖေဖေ ရေမြန်မြန်ချိုး ထမင်းစားရအောင်"
"ဟင်... သမီး ထမင်းမစားရသေးဘူးလား။ စားနှင့်တာ မဟုတ်ဘူး သမီးရယ် ဘယ်အချိန် ရှိနေပြီလဲ"
" ဖေဖေနဲ့ အတူတူ စားချင်လို့ စောင့်နေတာပေါ့"
"သမီးမေမေတို့ နဲ့ ဝင်စားလိုက်တာ မဟုတ်ဘူး။ မင်းကွာ သမီးကိုပါ တခါတည်း ထမင်းစား ခေါ်တာမဟုတ်ဘူး"
"ခေါ်ပါ့တော် ခေါ်တာမှ ဒီနေ့ တစ်ရက်တည်း မဟုတ်ဘူး။ နေ့ တိုင်းကို ခေါ်တာ... ဘယ်အချိန် ပြန်လာမယ်မှန်း မသိတဲ့ နင့်အဖေကို စောင့်မနေနဲ့ တခါတည်း ဝင်စားဆိုတာကို သူ့ ဖေဖေနဲ့ မှ စားမယ်တဲ့လေ... သူမို့ ဗိုက်အဆာခံပြီးစောင့်တယ်"
ရေချိုးပြီး ထမင်းစားပွဲကို ရောက်တော့ ည 9:00 ပင်ကျော်နေပြီ။ ထမင်းစားပွဲတွင် မစားသေးဘဲ ထိုင်စောင့်နေသည့် သမီးလေးကို တွေ့ ရတော့ သူစိတ်မကောင်း ဖြစ်သွား၏။
"စားနှင့်တာ မဟုတ်ဘူး သမီးရယ်"
"ဖေဖေနဲ့ စားချင်လို့ စောင့်နေပါတယ် ဆိုမှ"
"ကဲ... ဒါဆိုလဲ စားကြမယ်"
စားကြမယ်သာ ပြောပြီး သူမစားဖြစ်သေး။ ထမင်းကို အားရပါးရစားနေသည့် သမီးလေးကိုသာ ဂရုဏာသက်စွာဖြင့် ငေးကြည့်နေမိ၏။ သမီးလေး ဟန်မဆောင်နိုင်လောက်အောင်ကို ဆာလောင်နေသည်။ ခေါင်းကို ငုံပြီး တစ်လုတ်ပြီး တစ်လုတ်ကို အားရပါးရ စားနေသည်။ ဟိုးအရင် ရက်တွေကတည်းက သူပြန်အလာကို ခုလို ဗိုက်ဆာခံပြီး စောင့်ခဲ့သည်ကို သတိထားမထားမိတာကိုက သူ့ အမှား ဖြစ်သည်။
"ဖြေးဖြေးစားပါ သမီးရယ်... နင်နေပါဦးမယ်"
"သမီး ဗိုက်အရမ်းဆာနေလို့ ပါ ဖေဖေ"
ငိုမဲ့မဲ့ မျက်နှာလေးဖြင့် ဆိုလာသည့် သမီးလေးကို ကြည့်ပြီး သူ့ ရင်ထဲ ဆို့ နင့်သွားမိ၏။
"အင်းပါ သမီးရယ်... ဖေဖေက မာန်တာမဟုတ်ပါဘူး။ သမီးအတွက် စိုးရိမ်လို့ သတိပေးတာပါ"
"ဟုတ်ကဲ့... ဖေဖေလဲ စားလေ"
"အင်း... အင်း... သမီးလဲစား..."
ထိုနေ့ က ထွန်းကျော် ရင်ထဲ မကောင်းသဖြင့် ထမင်းပင် ကောင်းကောင်း စားလို့ မဝင်။ ဗိုက်ဆာလွန်းသဖြင့် ဟန်မဆောင်နိုင်အောင်  ဖြစ်နေသည့် သမီးလေးပုံကို ပြန်မြင်ယောင်မိတိုင်း သူ့ ရင်ထဲက တစစ်စစ်ဖြင့် နာသည်။ သမီးလေး... ငါ့သမီးလေးဖြင့် ချစ်လိုက်တာ ဘာချစ်တာလဲ။ သမီးလေးက သူ၏ အချစ်ကို သက်သေပြသွားခဲ့ပြီ။ သူကတော့ သမီးလေး၏ အတွင်းစိတ်ကို သိဖို့ ဆိုတာဝေးလို့  အပြင်ဘက် ဟန်အမူအရာကိုပင် သေချာဂရုမပြုမိခဲ့။ ခုဘဲကြည့် ရက်တွေ ဘယ်လောက်တောင် ကြာခဲ့ပြီလဲ ဒီနေ့ မှ သူသတိပြုမိသည်။ သူ့ ရဲ့ ပေါ့ပျက်ပျက်နေမှုတို့ က သမီးလေးကို ထိခိုက်စေခဲ့ပြီ။ မရည်ရွယ်ခဲ့ပေမယ့် သူ့ ကြောင့် သမီးလေးမှာ ထိခိုက်ခဲ့ရပြီ။ သူဟာ အသုံးမကျတဲ့ ဖခင်တစ်ယောက်ဆိုသည်ကို ဒီနေ့  သိလိုက်ရပြီ။ ထို့ ကြောင့် ဒီနေ့ မှ စ၍ သမီးလေးကို မထိခိုက် မနာကျင်ရအောင် ဂရုစိုက်ရမည်။ သမီးလေး အနားတွင် တတ်နိုင်သမျှ အနီးကပ်နေပြီး သမီးလေးကို ဒီထပ်ပို၍ နားလည်နိုင်အောင် ကြိုးစားရမည်။ နောက်နေ့ မှ စ၍ ဘော်လုံးကန်မှ ပြန်လာတိုင်း ဘယ်မှ မဝင်တော့ဘဲ အိမ်ကို စောစောပြန်ကာ မိသားစု ထမင်းဝိုင်းလေးကို ပိုမိုနွေးထွေး စည်ကားစေမည်။ သမီးလေးအတွက် ပို၍ အချိန်ပေးပြီး သမီးလေးစေရာအတိုင်း နေထိုင်တော့မည်။ အဘယ်ကြောင့်ဆိုသော် သမီးလေးကသာ သူ၏အသဲ၊ သူ၏အသက်၊ သူ၏ဘဝ မဟုတ်ပါလား။
Monday, 24 September 2012
ကျွန်ုပ်တို့ သတိပြုသင့်သောအရာ
ရန်ကုန်မြို့ ရဲ့  အထင်ကရ နေရာတစ်ခုဖြစ်တဲ့ SSC ဆေးရုံမှာပါ။ ခန်းမထဲမှာ ဒေါက်တာနဲ့ တွေ့ ဖို့ လူနာနဲ့ လူနာရှင်တွေ တုံကင်နံပါတ် ယူပြီး စောင့်နေကြတယ်။ လင်မယား စုံတွဲတစ်တွဲလဲ နေမကောင်း ဖြစ်နေတဲ့ သူတို့ ရဲ့ သားလေးကို ဒေါက်တာနဲ့ ပြဖို့ တုံကင်နံပါတ်ယူပြီး စောင့်နေကြတယ်။ အဲဒီအချိန်မှာဘဲ ဒေါက်တာရဲ့ စမ်းသပ်ခန်းထဲက သူနာပြု ဆရာမလေး တစ်ယောက် ထွက်လာတယ်။ တုံကင်နံပါတ် အလှည့်ကျတဲ့ လူနာနဲ့ လူနာရှင်တို့ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြတယ်။ ဒီတခါက သူတို့ အလှည့်ရောက်ပြီကိုး။ ဒါပေမယ့် အားလုံး မျှော်လင့်မထားတဲ့ စကားတစ်ခွန်းကို သူနာပြု ဆရာမလေးက ပြောလိုက်တယ်။
"'ဒီထဲမှာ တရုတ်စကား ပြောတတ်သူများ ပါသလားရှင်"
ဘယ်သူမှ မျှော်လင့်မထားတဲ့ မေးခွန်းပါ။ အခန်းထဲက လူတွေ အားလုံး တိတ်ဆိတ်သွားကြတယ်။ တစ်ယောက်မျက်နှာကို တစ်ယောက် စူးစမ်းဟန်နဲ့ ကြည့်ကြတယ်။ ဘယ်သူများ တရုတ်စကား ပြောတတ်သလဲပေါ့။ ကမ္ဘာလှည့် ခရီးသည်တွေ လာလေ့လာထ ရှိတဲ့ နေရာဆိုလဲထားဦး။ SSC ဆေးရုံလို နေရာမျိုးမှာ ခုလို လာမေးတော့ အားလုံး အထူးအဆန်း ဖြစ်သွားကြတာပေါ့။
"ကျွန်မ တရုတ်စကား ပြောတတ်ပါတယ်"
ကလေး နေမကောင်းလို့ လာပြတဲ့ လင်မယား နှစ်ယောက်ထဲက အမျိုးသမီး ဖြစ်သူက ပြောလိုက်ခြင်း ဖြစ်တယ်။
"ဒါဆို အထဲကို ခဏလောက် လိုက်ခဲ့ပေးပါရှင်"
အခန်းထဲမှာတော့ သားအမိ နှစ်ယောက်နှင့် စိတ်ညစ်ညူး နေသည့်ဟန်ပေါက်နေတဲ့ ဒေါက်တာမ တစ်ယောက်တို့ ရှိနေကြတယ်။ ဒေါက်တာမက အခန်းထဲကို ဝင်လာသည့် သူနာပြု ဆရာမလေးနဲ့ အမျိုးသမီးကို အကဲခတ်ဟန် တချက် လှမ်းကြည့်လိုက်တယ်။ သူနာပြု ဆရာမလေးက ခေါင်းတစ်ချက် ညိတ်ပြလိုက်ပြီး...
"တရုတ်စကား ပြောတတ်တဲ့လူကို ခေါ်လာပါပြီ ဒေါက်တာ"
"ညီမက တရုတ်စကားကို ကောင်းကောင်း ပြောတတ်တယ်လား"
"ဟုတ်ကဲ့ ပြောတတ်ပါတယ် ဒေါက်တာ"
"ဒါဆို ကူညီပါဦး ညီမရယ်... သူ့ ကို တစ်ချက်လောက် မေးပေးပါဦး။ သူ့ နာမည်တောင် မြန်မာလို ပီပီသသ မပြောနိုင်ဘူး။ မေးလိုက်တိုင်း တရုတ်လိုတွေချည်း ပြောနေတော့ အစ်မလဲ စိတ်ညစ်နေပြီ။ ပြီးတော့ ကလေး ဘယ်လို နေမကောင်း ဖြစ်တယ် ခုလို နေမကောင်း ဖြစ်တာ ဘယ်လောက် ကြာနေပြီလဲ ဆိုတာကိုပါ သေသေချာချာလေး မေးပေးပါဦးကွယ်"
ဒေါက်တာမ စိတ်ညစ်မယ် ဆိုလဲ စိတ်ညစ်စရာပင်။ အမျိုးသမီးက တရုတ်နိုင်ငံ ပြည်မကြီး တရုတ်ဖြစ်ပြီး မြန်မာစကား မပြောတတ်သလို အင်္ဂလိပ် စကားကိုလဲ တစ်လုံးမှ မပြောတတ်ပါဘူး။ ဒါပေမယ့် အလွန် အံသြဖို့  ကောင်းတဲ့ အချက်တစ်ချက်က မြန်မာစကား တစ်လုံးမှ မပြောတတ်သလို တခြား မြန်မာနိုင်ငံက တိုင်းရင်းသား တို့ ရဲ့  ဘယ်ဘာသာစကားကိုမှလဲ မပြောတတ်တဲ့ ထိုပြည်ကြီး တရုတ်မ လက်ထဲမှာ နိုင်ငံသား စိစစ်ရေး ကဒ်ပြား (အမျိုးသား မှတ်ပုံတင်)ကို ကိုင်ထားတယ်။ နိုင်ငံသား စိစစ်ရေး ကဒ်ပြားကိုမှ FRC အစိမ်းကဒ်ပင် မဟုတ်ဘဲ အမျိုးသား မှတ်ပုံတင် အနီကဒ် အသစ်စက်စက်ကို ကိုင်ထားတာပါ။ ကိုယ့်နာမည်ကို မြန်မာလို ပီအောင် မပြောနိုင်တဲ့ တခြား ဘယ်တိုင်းရင်းသားတို့ ရဲ့ ဘာသာစကားကိုမှ မပြောတတ်သလို အင်္ဂလိပ်လိုလဲ တစ်လုံးမှ မပြောတတ်တဲ့ ဒီအမျိုးသမီးရဲ့ လက်ထဲကို ကျွန်တော်တို့ မြန်မာနိုင်ငံသား အသိအမှတ်ပြု နိုင်ငံသား စိစစ်ရေး ကဒ်ပြား (အမျိုးသား မှတ်ပုံတင် အနီ)က ဘယ်လိုများ ရောက်နေရသလဲ။ ဒါက ရန်ကုန်မြို့ ရဲ့ SSC ဆေးရုံမှာ ကျွန်တော့် မိတ်ဆွေ ကိုယ်တိုင် ကြုံတွေ့ ခဲ့တဲ့ တကယ့် အဖြစ်အပျက်လေးပါ။ ရန်ကုန်မြို့ လို နေရာမှာတောင် ဒီလို အဖြစ်မျိုးတွေ ရှိနေပြီဆိုရင် တရုတ်လူမျိုးတွေ ပိုစိမ့်ဝင်နေတဲ့ မန္တလေးမြို့ မှာဆိုရင် ဘယ်လောက်တောင် အခြေအနေ ဆိုးနေပြီလဲလို့ တွေးကြည့်မိတယ်။ ဒီအဖြစ်အပျက် အကြောင်းကို သူငယ်ချင်းတွေနဲ့ စကားစပ်မိလို့ ပြောဖြစ်ကြတော့ မန္တလေးမြို့ အကြောင်းကို သိချင်ရင် အဆိုတော် လင်းလင်းရဲ့ "မန္တလေးမြို့ သေဆုံးခြင်း" ဆိုတဲ့ သီချင်းကို နားထောင်ကြည့် ဆိုပြီး လင့်ပေးလို့ နားထောင်ကြည့်မိတယ်။ အဲဒီမှာ မန္တလေးမြို့ ကလဲ သီချင်းရေးဖွဲ့ ဆိုရလောက်အောင်ကို ဖြစ်နေပါလားလို့ တွေ့ လိုက်ရတယ်။ သီချင်းကို နားထောင်ချင်တယ် ဆိုရင်တော့ you tube မှာ လင်းလင်း "မန္တလေးမြို့ သေဆုံးခြင်း" ဆိုပြီး ရိုက်ရှာလို့ ရပါတယ်။ 
နောက်ထပ် သူငယ်ချင်း တစ်ယောက် ပြောပြတဲ့ အကြောင်းအရာလေးကလဲ ကျွန်တော့်ကို ပိုရင်မောစေပါတယ်။ သူက တရုတ်-မြန်မာ ကပြားတစ်ယောက်ပါ။ သူ့ အဖေဘက်က အမျိုးတွေက တရုတ်လူမျိုးတွေပေါ့။ ဒါပေမယ့် သူတို့ တွေက မြန်မာနိုင်ငံကို ရောက်တာ ကြာပါပြီ။ သူတို့ တွေကိုလဲ ဒီနိုင်ငံမှာမွေး၊ ဒီနိုင်ငံမှာ ကြီးလို့ ဒီနိုင်ငံသားတွေ ဖြစ်နေပါပြီ။ သူတို့ ရဲ့ ဆွေမျိုးတော်တော်များများက တရုတ်နိုင်ငံက ယူနန်၊ ရွှေလီတို့ မှာ ရှိကြတယ်။ သူ့ ရဲ့  ဝမ်းကွဲမောင်နှမ တော်တော်များများက ဟိုဘက်နိုင်ငံ ဒီဘက်နိုင်ငံကို ဒီလိုဘဲ ကူးသန်းသွားလာနေကြတာ။ ဟိုဘက်မှာ နေလိုက်၊ ဒီဘက်မှာ နေလိုက်ပေါ့။ အဆင်ပြေတဲ့ နိုင်ငံမှာ နေမယ် ဆိုတဲ့ အတွေးနဲ့ ဘယ်နိုင်ငံသား ရယ်လို့ တရားဝင် မရှိသေးဘူး။ အဲဒီအချိန်မှာဘဲ တရုတ်နိုင်ငံက တစ်အိမ်ထောင်ကို သားသမီး တစ်ယောက်ဘဲ မှတ်ပုံတင်ခွင့် ရှိတယ်လို့ ဥပဒေထုတ်လိုက်တယ်။ အဲဒီမှာ သူ့ ဝမ်းကွဲ မောင်နှမတွေ ဒုက္ခရောက်ကြတာဘဲ။ တရုတ်နိုင်ငံသားလဲ လျှောက်လို့ မရ၊ မြန်မာနိုင်ငံမှာကလဲ မှတ်ပုံတင် တစ်ခုကို (သူငယ်ချင်းအပြော) သိန်းနှစ်ဆယ်၊ သိန်းသုံးဆယ်လောက်ကို  ဈေးပေါက်နေတယ်။ ခုဆိုရင် နိုင်ငံလက်မဲ့နဲ့ မှတ်ပုံတင် လုပ်ဖို့ ပိုက်ဆံစုနေရတယ်လို့ ပြောတယ်။ သူ... ဒီလို ပြောပြမှ ကျွန်တော့်မှာ ကိုယ့်နိုင်ငံအတွက် ပိုရင်မောရတယ်။ မြန်မာနိုင်ငံမှာ ဟိုးအရင် ကတည်းက နေလာကြတဲ့ တရုတ်လူမျိုးတွေကို မပြောလိုပါဘူး။ သူတို့ က မြန်မာပြည်မှာမွေး မြန်မာပြည်မှာ ကြီးလာကြပြီး မြန်မာ့ ယဉ်ကျေးမှုဓလေ့ ထုံးတမ်းစဉ်လာ၊ ဘာသာရေးနဲ့ ဘာသာစကားကို ကောင်းကောင်း နားလည်ကြ အသုံးပြုနိုင်ကြပါတယ်။ ဒါပေမယ့် မြန်မာစကားလဲ တစ်လုံးမှ မပြောတတ်၊ မြန်မာ့ ယဉ်ကျေးမှုဓလေ့ ထုံးတမ်းစဉ်လာတွေ တစ်ခုကိုမှလဲ နားမလည်ဘဲ နိုင်ငံသား အသိအမှတ်ပြု အမျိုးသားမှတ်ပုံတင်ကဒ်ကို ကိုင်ထားတိုင်း ကျွန်တော်တို့ နိုင်ငံသားအဖြစ် အသိအမှတ်ပြုလို့ ရနိုင်ပါ့မလား။
ခုဆိုရင် ကမ္ဘာပေါ်မှာ လူဦးရေ အများဆုံး ဖြစ်တဲ့ တရုတ်နိုင်ငံမှာ သူတို့ နိုင်ငံရဲ့ ဥပဒေနဲ့ ညိပြီး နိုင်ငံလက်မဲ့ဦးရေ ဘယ်လောက်တောင် ရှိနေပြီလဲ။ သူတို့ ကလဲ နိုင်ငံလက်မဲ့ ဘဝနဲ့ တစ်သက်လုံး နေသွားနိုင်ကြမှာလား။ ဒါဆိုရင် သူတို့ ရဲ့ ပစ်မှတ်က အစစ အရာရာ အဆင်ပြေနိုင်မဲ့ မြန်မာနိုင်ငံ ဖြစ်လာမှာလား။ ဒါတွေက ကျွန်တော် တွေးကြည့်မိတာပါ။ ခုလဲ တရုတ်လူမျိုးတွေ မြန်မာနိုင်ငံကို စိမ့်ဝင်လာနေကြပါတယ်။ မန္တလေးမြို့ ကို တရုတ်က သိမ်းသွားပြီလို့ မန္တလေးသား သူငယ်ချင်း တစ်ယောက်က စသလို နောက်သလို ပြောဘူးတယ်။ ကြားရတဲ့ သတင်း စကားတွေ အရတော့ မန္တလေးမြို့ မှာ တရုတ်စကားက တွင်ကျယ်နေတယ်ဆိုဘဲ။ ဟိုတလောက တရုတ်ဘာသာနဲ့ ဆိုင်းဘုတ်တွေ မတင်ဖို့ ဥပဒေထုတ်ရတယ်လို့ လဲဖတ်လိုက်ရတယ်။ မန္တလေးမြို့ မှာ လုပ်ငန်း နဲနဲကြီးကြီး လုပ်မယ်ဆိုရင် တရုတ်စကားတတ်မှ ပိုအဆင်ပြေမယ်လို့ သူငယ်ချင်းက ပြောတယ်။ ဘာဖြစ်လို့ လဲ ဆိုတော့ လုပ်ငန်းရှင်နဲ့ ကုန်သည် တော်တော်များများက တရုတ်တွေမို့ တဲ့။ ပြီးတော့ တချို့ လုပ်ငန်းရှင်တွေက မြန်မာစကားကို လည်လည်ဝယ်ဝယ် မပြောတတ်ကြဘူးတဲ့။ မန္တလေးမြို့ က နယ်စပ်မြို့ လဲ မဟုတ်၊ နယ်စပ် ကုန်သွားရေးစခန်းလဲ မဟုတ်ပါဘဲ တရုတ်စကားက ဘာကြောင့် ဒီလောက်ထိ အသုံးဝင်နေရတာလဲ။ ကျွန်တော်တို့ တွေကိုယ်တိုင် မြန်မာနိုင်ငံမှာ ရပ်တည်ဖို့ တရုတ်စကားကို သင်ရတော့မှာလား။ တရုတ်စကား ပြောတတ်မှ မြန်မာနိုင်ငံမှာ လူရာဝင်တော့မှာလား။ ဒါတွေက တွေးကြည့်ရင် ရင်မောစရာပါ။ အမေရိကန် နိုင်ငံက စစ်ပွဲတွေ တစ်ပွဲပြီး တစ်ပွဲနွှဲပြီး ကမ္ဘာမှာ နယ်ချဲ့ နေတာကို အားလုံးလိုလို သိကြပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံက သေနတ်တစ်ချက် မဖောက်ဘဲ ကမ္ဘာပေါ်မှာ နယ်ချဲ့ နေတာကိုတော့ သတိမပြုမိကြဘူး။ ကမ္ဘာပေါ်မှာ တရုတ်လူမျိုး မရှိတဲ့နိုင်ငံ၊ China Town မရှိတဲ့ နိုင်ငံဆိုတာက အလွန်ကို ရှားပါတယ်။ ဟိုးဘိုးစဉ်ဘောင်ဆက် ခေတ်အဆက်ဆက် ကတည်းက နေထိုင်လာတဲ့ မြန်မာနိုင်ငံဖွား တရုတ်လူမျိုးတွေကို မဆိုလိုပါဘူး။ သူတို့ က မြန်မာလိုပြောပြီး မြန်မာယဉ်ကျေးမှုဓလေ့ ထုံးတမ်းစဉ်လာတွေနဲ့ အသားကျနေပြီးသားပါ။ မြန်မာပြည်ဖွား တရုတ်တော်တော်များများကလဲ တရုတ်စကားကို ကောင်းကောင်း မပြောတတ်ကြပါဘူး။ ဒီတော့ သူတို့ မြန်မာလိုဘဲ ပြောကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဘာသာစကားကိုလဲ မပြောတတ်၊ ကျွန်တ်ေတို့ ယဉ်ကျေးမှုဓလေ့ ထုံးတမ်းစဉ်လာတွေနဲ့ လဲ မရင်နှီးတဲ့ ပြည်မကြီး တရုတ်တွေ စိမ့်ဝင်လာနေတာကိုတော့ ဘယ်လိုမှ မုဒိတာမပွားနိုင်ပါဘူး။
Wednesday, 19 September 2012
ရန်ကုန်မြို့ က ရွာမဟုတ်ဘူး
အလုပ်နားရက် တနင်္ဂနွေ တစ်ရက်တွင် ပျင်းပျင်း ရှိသဖြင့် စင်ကာပူနိုင်ငံရှိ ရွှေမြန်မာတို့ ဆုံဆည်းရာ ပင်နီဆူလာ ပလာဇာသို့ တစ်ခေါက် ရောက်လာခဲ့၏။ ဟိုယောင်ယောင် ဒီယောင်ယောင် ဟိုတွေးဒီငေးဖြင့် ပင်နီဆူလာ၏ လူစီးကြောင်းကြီးထဲ မျောလွင့်နေခဲ့၏။ ပင်နီဆူလာ၏ လူစီးကြောင်းထဲတွင် ရွှေမြန်မာတို့ ကို လူမျိုးစုံ၊ စရိုက်မျိုးစုံဖြင့် တွေ့ ရ၏။ မြန်မာလူမျိုးများ၊ မြန်မာ တိုင်းရင်းသား လူမျိုးစုများ၊ မြန်မာစကားပြောကြသည့် တရုတ်လူမျိုးနှင့် ကုလားလူမျိုးများကို အမျိုးအစား စုံလင်စွာ တွေ့ ရသည်။ တချို့ ယဉ်ကျေးသိမ်မွေ့ ပြီး အချိုးအနား ကျနစွာ စမတ်ကျကျ ဝတ်ဆင်ထားကြသည်။ တချို့ လဲ ကိုယ်နှင့်လိုက်၏ မလိုက်၏ကို မှန်ထဲ ပြန်မှ ကြည့်ခဲ့ရဲ့ လား တွေးယူရလောက်အောင် ဝတ်စားထားကြသည်။ တိုမှ ပြတ်မှ မတို၊ မပြတ်၊ မဟိုက်ရင်ဖြင့် လူရာမဝင်ဟု တွေးထားသလား မသိရသည့် ရွှေမလေးများကိုလဲ တွေ့ ရ၏။ ကွမ်းတပျစ်ပျစ် ဝါးနေသူများ၊ ဘီယာဗူးလေး ကိုင်ကာကိုင်ကာဖြင့် ပင်နီဆူလာ ပလာဇာထဲ လမ်းသလားရင်း အတိုအပြတ်လေးများကို မျက်စိအစာကျွေးနေသည့် ငတိများကိုလဲ တွေ့ ရ၏။ ဒါတွေကို မြင်လိုက်တော့ ဘာရယ်မဟုတ် ဘာကိုမှန်းမသိဘဲ သက်ပြင်းမော တစ်ချက် လွင့်ကျသွားသည်။ ထိုစဉ် နောက်ကျောဘက်မှ လှမ်းဆွဲပြီး နှုတ်ဆက်ခြင်းကို ခံလိုက်ရသည်။ ကြည့်လိုက်တော့ ဘယ်အချိန် ဘယ်ကာလက ဆိုသည်ကို စဉ်းစားမရတော့သည့် ကျွမ်းဝင်ဖူးသည့် မျက်နှာဟောင်း တစ်ခုကို တွေ့ လိုက်ရ၏။ ဒါကလဲ စကားကြီး စကားကျယ် ပြောတတ်လွန်းသည့် ရန်ကုန်သား တစ်ယောက် ဆိုသည့် အသိဖြင့် မှတ်မိနေခြင်း ဖြစ်သည်။
"တစ်ယောက်တည်းလား... မတွေ့ တာတောင် ကြာပြီနော်"
"ဟုတ်... တစ်ယောက်တည်းပါဘဲ"
"ဘယ်လိုလဲ အဆင်ပြေရဲ့ လား"
"ပြေပါတယ် ပုံမှန် အတိုင်းပါဘဲ"
"အင်းလေ ဘာဖြစ်ဖြစ် ရွာမှာနေတာထက်တော့ သာပါတယ်"
"ဒါပေါ့ ဒါပေါ့"
"ရွာကို အလည် ပြန်ဖြစ်သေးလား"
"သင်္ကြန်တုန်းကတော့ တစ်ခေါက် ပြန်ဖြစ်သေးတယ်"
"ရွာမှာလဲ ခုရေတွေ ကြီးနေတယ်နော်"
ကျွန်တော့် ရင်ထဲ ထိတ်ကနဲ ဖြစ်သွားသည်။ ဧရာဝတီ မြစ်ကမ်းဘေး နေသည့် ကျွန်တော်တို့ အတွက် ရေကြီးသည်က နဲနဲတော့ ရင်ထိတ်စရာ ဖြစ်သည် မဟုတ်လား။ ရွာမှာ ကျန်ခဲ့သည့် မိဘနှစ်ပါးအတွက် စိတ်မအေး ဖြစ်သွားမိသည်။
"ဟုတ်လား ဒီရက်ထဲ ကျွန်တော်လဲ ဖုန်းမဆက်ဖြစ်တော့ မသိသေးဘူး။ ဒါနဲ့ ရွာမှာ ရေကြီးတာ ဘယ်လို သိသလဲဗျ"
"ဟာ... ကိုယ့်လူကလဲ ဖုန်းဆက်မှလား ရန်ကုန်မှာ ရေကြီးတာ လူတိုင်းသိနေတာဘဲ"
 အိုး... ကိုယ့်ရွာအကြောင်းကို ပြောနေတယ်မှတ်တာ...။ သူက ရန်ကုန်မြို့ အကြောင်းကို ပြောနေတာကိုး။
"ကျွန်တော် ရန်ကုန်မြို့ က မဟုတ်ဘူးဗျ နယ်က..."
"ဟုတ်ပါရဲ့ ... ရန်ကုန်ကမှ မဟုတ်ဘဲ။ ဒါနဲ့ ပြည်ဘက်က ထင်တယ်..."
"ဟုတ်တယ် ကျွန်တော်က ပြည်မြို့ တဖက်ကမ်း ဆင်တဲက...။ ဒါနဲ့ ရန်ကုန်မြို့ က ဘယ်တုန်းက ရွာဖြစ်သွားတာလဲ။ ဘယ်သူတွေကများ ရန်ကုန်မြို့ ကို ရွာလို့ သတ်မှတ်လိုက်ကြတာလဲဗျ..."
"ဒီလိုဘဲ လူတွေ ပြောနေကြတာဘဲလေ"
"ဟုတ်လား... ဘယ်လို လူတွေများ ပြောနေကြတာလဲ။ ပြုပြင်ပြောင်းလဲမှုတွေကို အရှိန်အဟုန်နဲ့ လုပ်နေတဲ့ ကျွန်တော်တို့ ရဲ့ သမ္မတကြီးများ မိန့် ခွန်းတွေထဲမှာ ထည့်ပြောမိလို့ လား။ ဒါမှမဟုတ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်များ ပြောမိလိုက်လား"
"ဟာ... အဲဒီလိုတော့ မပြောပါဘူး"
"ဒါဆို စတုတ္ထမဏ္ဍိုင်လို့ ခေါ်တဲ့ မီဒီယာသမားတွေများ ဂျာနယ်တွေထဲမှာ ထည့်ဖော်ပြကြလို့ လား"
"ဂျာနယ်တွေထဲလဲ မဖော်ပြကြပါဘူး"
"ကျွန်တော်တို့ လေးစားရတဲ့ သမိုင်းသုတေသီတွေရဲ့ နှုတ်ထွက်စကားထဲမှာ၊ ဒါမှမဟုတ် စာရေးဆရာကြီးတွေရဲ့ စာပေဟောပြောပွဲတွေမှာများ သူတို့ ထည့်ဟောပြောခဲ့ကြလို့ များလားဗျာ"
"အဲဒီလိုလဲ မပြော၊ မဟောခဲ့ကြပါဘူး"
"သင်ရိုးညွှန်းတန်းတွေများ ပြောင်းသွားသလားဗျာ"
"သင်ရိုးညွှန်းတန်းတွေလဲ မပြောင်းပါဘူး"
သေသေချာချာ စေ့စေ့ကြည့်ပြီး အမေးခံနေရသဖြင့် ထိုသူ နဲနဲတော့ အိုးတိုးအမ်းတမ်း ဖြစ်နေပြီ။ သူ့ ပုံက ကယောင်ကတန်းဖြင့် ဖြေနေဟန် ဖြစ်လာ၏။
"ရန်ကုန်မြို့ ကြောင့်ခင်ဗျားမှာ ထိခိုက်နစ်နာစရာတွေများ ရှိခဲ့ဖူးလို့ လား"
"အဲဒီလိုလဲ မရှိပါဘူး"
"ဒါနဲ့ များဗျာ ဘာကြောင့် ကိုယ်နေနေတဲ့ ရန်ကုန်မြို့ ကို ရွာလို့ နှိမ်ချ သုံးနှုန်းနေရတာလဲ"
"ဟာ... ဟို... ကိုယ်က အဲဒီသဘောနဲ့ မဟုတ်ပါဘူး။ ကိုယ်ဆိုလိုချင်တာက အဲဒီလို အဓိပ္ပါယ် မဟုတ်... ဘယ်လို ပြောမလဲ တခြားလူတွေလဲ ဒီလိုဘဲ ပြောနေကြတာ ဆိုတော့... ဟိုလေ... အင်း..."
ဘာမှ ဆက်မပြောချင်တော့ သဖြင့် ကိုယ့်စကားလုံးများနှင့်ကိုယ် လုံးထွေးနေသည့် ထိုလူကို ထားခဲ့ပြီး လှည့်ထွက်လာခဲ့လိုက်သည်။ ထို့ နောက် ပင်နီဆူလာရဲ့ လူစီးကြောင်းကြီးထဲ ထပ်မံ မျောပါသွားပြန်သည်။ ဒီတကြိမ်တော့ ဟိုတွေးဒီတွေး မဟုတ်တော့။ ဒီလူတွေ ဘာကြောင့်များ ရန်ကုန်မြို့ ကို ရွာလို့ နှိမ်ချ သုံးနှုန်း ပြောဆိုနေကြတာလဲဟု တွေးကြည့်နေမိ၏။ ယခင်ကတည်းက ခုလို သုံးနှုန်းပြောဆိုနေသံများကို တဆင့်စကားများဖြင့် ကြားဖူးနေခဲ့သည်။ သို့ သော် တေ့တေ့ဆိုင်ဆိုင် ကတော့ ခုမှ ကြုံဖူးခြင်း ဖြစ်သည်။ ယခုကဲ့သို့ ကြုံလာတော့လဲ ဒီပါးစပ်က မနေနိုင်တော့ ပြောမိဆိုမိ ရပြန်သည်။ ထိုသူတို့ ပြောသလို ရန်ကုန်မြို့ က တကယ်ဘဲ ရွာဖြစ်သွားပြီလား တွေးကြည့်မိသည်။ ကိုယ်တွေ ငယ်ငယ်တုန်းက စာထဲမှာ သင်ခဲ့ရသလို ရန်ကုန်မြို့ က မြန်မာနိုင်ငံ၏ မြို့ တော် မဟုတ်တော့လို့ လား။ သို့ မဟုတ် သူပြောခဲ့သလို ရန်ကုန်မြို့ တွင် ရေတွေကြီးနေသောကြောင့်လား။ သို့ မဟုတ် အစိုးရ ရုံးကြီးတော်တော်များများ ရန်ကုန်မြို့ တွင် ရုံးမစိုက်ကြတော့လို့ လား။ သို့ မဟုတ် ရန်ကုန်မြို့ တွင် မီးမမှန် သောကြောင့်လား။ သို့ မဟုတ် ရေမမှန် သောကြောင့်လား။ သို့ မဟုတ် တိုးကြိတ် စီးနေရသည့် ဘက်စ်ကားများနှင့် ပျက်စီးနေသည့် လမ်းများကြောင့်လား။ သို့ မဟုတ်.......... လား... ပေါင်းများစွာဖြင့် အတွေးများပွားသွားရ၏။ ဟိုတချိန် လွန်ခဲ့သော နှစ်ပေါင်း ငါးဆယ်ကျော်က အရှေ့တောင်အာရှ၏ အကြီးဆုံး ဘော်လုံးကွင်း ဖြစ်ခဲ့သည့် အောင်ဆန်းကွင်း၊ အရှေ့တောင်အာရှ၏ အကြီးဆုံး ရုပ်ရှင်ရုံဖြစ်ခဲ့သည့် သမ္မတရုပ်ရှင်ရုံ၊ အရှေ့တောင်အာရှ၏ နာမည်အကြီးဆုံး တက္ကသိုလ် ဖြစ်ခဲ့သည့် ရန်ကုန်တက္ကသိုလ်၊ အရှေ့တောင်အာရှ၏ အကောင်းဆုံး ဆေးရုံဖြစ်ခဲ့သည့် ရန်ကုန်ဆေးရုံကြီးနှင့် အရှေ့တောင်အာရှ၏ အကောင်းဆုံး ဖြစ်ခဲ့သည့် မင်္ဂလာဒုံ လေဆိပ်တို့  တည်ရှိနေသည့် ရန်ကုန်မြို့ ကြီးသည် ယခု သူတို့ ပြောသကဲ့သို့ ရွာအဆင့်သို့ နိမ့်ကျ သွားပြီလားဟု တွေးကြည့်မိသည်။ ယခင်ကဲ့သို့ မဟုတ်ဘဲ ရန်ကုန်မြို့ ကြီးသည် ယခုအချိန်တွင် အများကြီး ခေတ်နောက်ကျ ကျန်ခဲ့ပြီ ဆိုသည်ကို လက်ခံပါသည်။ သို့ သော် သူတို့ နှိမ်ချ ပြောဆိုကြသလို ရွာတစ်ရွာ အဆင့်ထိတော့ ဘယ်တော့မှ နိမ့်ပါးသွားမည် မဟုတ်ဟု အသွေးအသားထဲမှ ယုံကြည်နေမိသည်။ တချို့ လဲ ဘာရယ်မဟုတ် အလွမ်းပြေ သူများခေါ်သလို လိုက်ခေါ်ဖြစ်ကြသည်။ တချို့ လဲ အဓိပ္ပါယ် တစ်မျိုးဖြင့် ခေါ်ကြသည်။ သို့ သော် ကျွန်တော်ကတော့ ထိုကဲ့သို့ ဘယ်တော့မှ ခေါ်ဖြစ်လိမ့်မည် မဟုတ်။ ထို့ ကြောင့် ရန်ကုန်မြို့ က ရွာမဟုတ်ဘူး ဆိုသည့် အကြောင်းကို အခါအခွင့်သင့်တိုင်း ကျွန်တော် ပြောဖြစ်နေပါဦးမည်။
Wednesday, 5 September 2012
ကဆုန်လမှာရေးတဲ့ဖူးစာ
ပြည်မြို့ ရွှေဆံတော်ဘုရားပေါ်တွင် နှစ်စဉ်ကျင်းပလေ့ရှိသည့် ညောင်ရေသွန်းလောင်းပွဲက ထုံးစံအတိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပနေသည်။ ဘုရားရင်ပြင်တော်ပေါ်တွင် ဘုရားဖူးများဖြင့် ကျိတ်ကျိတ်တိုး နေသကဲ့သို့  ဗောဓိညောင်ပင်နားတွင်လဲ ညောင်ရေသွန်းလောင်းနေသူများကြောင့် တိုးမပေါက်အောင် ဖြစ်နေ၏။ ညီညီလဲ သူငယ်ချင်းများနှင့် ရွှေဆံတော်ဘုရားပေါ်သို့  ရောက်နေသည်။ သူငယ်ချင်းများ အတင်းခေါ်သဖြင့် မကောင်းတတ်၍ လိုက်လာခဲ့ရသော်လဲ ဒီလို လူအများ စုစု စုစုဖြင့် ရှုတ်ထွေးနေတတ်သည့် နေရာမျိုးကို သူမလာချင်။ ဒီကောင်တွေက ညောင်ရေသွန်းလောင်းချင်ယုံ သက်သက် လာခြင်းမဟုတ်ဘူး ဆိုတာကိုလဲ သူသိသည်။ ဘုရားလဲ ဖူးရင်း လိပ်ဥလဲ တူးရင်း လာကြသူများ ဖြစ်ကြ၏။ ခုလဲ သူရေပုံးဆွဲပြီး ဗောဓိညောင်ပင်နားကို ရောက်တော့ သူ့ အနားတွင် တစ်ယောက်မှ မရှိကြတော့။ ဘုရားအရင် မဖူးဘဲ ကောင်မလေးတွေ အုပ်စုနားကို သွားပြီး လိပ်ဥ အရင် တူးနေကြဟန် တူသည်။ ဗောဓိညောင်ပင်နားတွင် လူငယ်များက ပိုများသည်။ စရင်းနောက်ရင်း ပျော်ပျော်ရွှင်ရွှင်ဖြင့် ညောင်ရေသွန်းလောင်း နေကြသည်ကို မြင်ရ တွေ့ ရသည်မှာ အလွန် ကြည်နူးဖွယ် ကောင်းလှသည်။ သူလဲ စိတ်လိုလက်ရဖြင့် ညောင်ရေ သွန်းလောင်းနေစဉ်-
"ဗွမ်း..."
"ဟာ..."
ညောင်ပင်၏ တဖက်မှ ပက်လိုက်သည့် ရေကြောင့် သူ့ ခါးအောက်ပိုင်း တစ်ခုလုံး စိုရွှဲသွားသည်။ သူ့ အော်သံကို ကြားသဖြင့် ခပ်လှမ်းလှမ်းတွင် ကောင်မလေး တချို့ နှင့် အဖွဲ့ ကျနေသည့် သူငယ်ချင်းများ အနားသို့ ရောက်လာကြသည်။ 
"ညီညီ... ဘာဖြစ်လို့ လဲ"
"ရေကို ဘယ်လို ပက်လဲ မသိဘူးကွာ... ဒီမှာစိုကုန်ပြီ..."
"အေးကွာ ဒီဘက်မှာလဲ လူတွေရှိနေတာကို ထိန်းထိန်းသိမ်းသိမ်းလေးတော့ ပက်မှပေါ့"
"လူရှိမှန်း သိသိကြီးကို တမင်ပက်တာ ဖြစ်မယ်... ငါသွားရှင်းမယ်"
ပြောပြောဆိုဆိုဖြင့် ထွက်သွားသည့် သန်းဦးကို ညီညီနှင့် လှိုင်မြင့်တို့ တားထားလိုက်ရသည်။ ဒီကောင်က သူတို့ အဖွဲ့ ထဲတွင် ငပွကြီး... ထစ်ခနဲရှိလျှင် ရိုက်ချင်ပုတ်ချင်စိတ်ဖြင့် အမြဲလက်ယားနေတတ်သည့်ကောင် ဖြစ်၏။ 
"နေ... နေ... သန်းဦး  ပြဿနာ သွားရှာမနေနဲ့ ထားလိုက် ဘုရားပေါ်မှာ ပြဿနာဖြစ်ရင် မကောင်းဘူး"
တဖက်လူက မတော်တစ ရေဖြင့် ပက်မိသလို ဖြစ်သွားသည်ကို အထင်မှားပြီး ပြဿနာ သွားရှာမိလျှင် မကောင်း...။  ပြဿနာက အကျယ်ကျယ် ဖြစ်လာပြန်လျှင်လဲ ဘုရားပေါ်ကြီးမှာ...။ ထို့ ကြောင့် သန်းဦးကို တားထားလိုက်ရသည်။ ခန္ဓာကိုယ်အောက်ပိုင်း တစ်ခုလုံး စိုရွှဲသွားသဖြင့် သူစိတ်တော့ နဲနဲ ညစ်သွားသည်။ ရေစိုနေသည့် ပုဆိုးက သူ့ အောက်ပိုင်း တစ်ခုလုံးကို တုတ်နှောင်ထားသလို ခံစားနေရ၏။ လမ်းလျှောက်လျှင်လဲ တုန့် ဆိုင်းပြီး လျှောက်ရတာမလွယ်။ ပိုဆိုးသည်က ဒီနေ့ မှ ဝတ်လာမိသည့် ပလေကပ်ပုဆိုးက ရေစိုသည့်အခါ အသားကပ်ပမာ ဖြစ်နေပြီး အောက်ခံဘောင်းဘီ အရောင်ကိုပင် အတိုင်းသား မြင်နေရ၏။ ထို့ ကြောင့် ညီညီ့မှာ ပို၍ အနေရခက်လာသဖြင့် ထိုနေရာမှ မြန်မြန်ပြန်ထွက်ရန် ရေပုံးထဲမှ ရေကို မြန်မြန်ကုန်အောင် ခပ်သွက်သွက်ကလေး လောင်းလိုက်သည်။ ထိုစဉ်...
"ဗွမ်း..."
"ဖလူး... ဖူး... ဟူး..."
ဒီတစ်ကြိမ်တော့ ဒေါသက ထောင်းခနဲ ထွက်သွား၏။ မျက်နှာတည့်တည့်ကို ရေပုံးဖြင့် ချိန်ပက်လိုက်ခြင်းက မတော်တဆ မဖြစ်နိုင်တော့။ တမင်သက်သက် လူကို လှမ်းပက်ခြင်း ဖြစ်မည်။ လူတကိုယ်လုံးလဲ စိုရွှဲသွားသည်။ ရေလဲ မွန်းသွားခြင်းကြောင့် မွှန်ထူသွားပြီး စိတ်လဲ တော်တော်လေး တိုသွားမိ၏။ တမင်လုပ်ကြောင်းကို ပိုမိုခိုင်လုံစေသည့် ရယ်သံသဲ့သဲ့ကလဲ ညောင်ပင် တဖက်မှ ပျံ့ လွင့်လာသည်။
"တောက်"
တောက်တစ်ချက်ကို ခပ်ပြင်းပြင်း ခေါက်မိရင်း ဒေါသစိတ်ကြောင့် ညောင်ပင်တစ်ဘက်ကို ညီညီ တစ်ယောက် ဘယ်လိုရောက်သွားမှန်းပင် မသိလိုက်။ ညောင်ပင် တဖက်ကို ရောက်တော့ ပြုံးစစ မျက်နှာပေးများဖြင့် သူ့ ကို ဝိုင်းကြည့်နေကြသည့် မိန်းမပျိုတစ်သိုက်ကို တွေ့ လိုက်ရ၏။ သူမတို့ ရယ်ပြုံးချင်လောက်အောင် သူ့ တစ်ကိုယ်လုံးလဲ စိုရွှဲနေပြီး ကြွက်စုတ်ပမာ ဖြစ်နေပြီ။
"ဘယ်သူ ရေနဲ့ ပက်လိုက်တာလဲ"
ဒေါသကြောင့် သူ့ အသံတို့ မာထန်နေသည်။ ကောင်မလေးများက ပြန်မဖြေကြ။ ရယ်ချင်စိတ်ကို အတင်းထိန်းထားကြရသည့် မျက်နှာပေးများဖြင့် ပြန်ကြည့်နေကြ၏။ ဘာစကားပြန်မှ ပြန်မရ။ ကောင်မလေး တစ်သိုက်၏ မထီမဲ့မြင် အမူအရာကြောင့် သူ့ ဒေါသတို ပို၍ ပေါက်ကွဲသွားရသည်။
" မေးနေတာ မကြားဘူးလား။ မင်းတို့ မှာ နားမပါဘူးလား"
"အမလေး... လေး... လေး... ယောက်ကျားကြီးတန်မဲ့နဲ့ နှုတ်သီးကောင်း လျှာပါး ဖြစ်နေလိုက်ပုံများ၊ စွာလှချည်လား"
အနက်ရောင် ဝမ်းဆက်ကို ထက်အောက် ဆင်တူဝတ်ဆင်ထားသည့် ကောင်မလေး တစ်ယောက်က ရှေ့ကို ထွက်လာပြီး ရန်တွေ့ သည်။
"မင်းလား... ငါ့ကို ရေနဲ့ ပက်လိုက်တာ"
"ဟုတ်တယ် ဘာဖြစ်လဲ.... ညောင်ရေသွန်းရင်း မတော်တဆ ပက်မိသွားတာ ဘာဖြစ်လဲ... ဒါမတော်တဆ ဖြစ်တာဘဲ"
"ဒါမတော်တဆ မဟုတ်ဘူး... မင်း...တမင်လုပ်တာ"
"ဟေ့... ညီညီ... ဘာလဲ... ဘာဖြစ်တာလဲ"
အသံနှင့်အတူ သူတို့ စကားများနေသည့် နေရာသို့ သူငယ်ချင်းများ ရောက်လာကြသည်။
"ဒီမှာကွာ မိန်းမတန်မဲ့ လူကို ရေနဲ့ ခိုးပက်တယ်"
"ဘာရှင့်... ဘယ်သူက ခိုးပက်လို့ လဲ။ ရှင်စကားပြောတာ ကြည့်ပြောနော်"
အနားရောက်လာသည့် သန်းဦးက ဒေါသပေါက်ကွဲနေသည့် သူ့ နားကပ်ပြီး တိုးတိုးလေးကပ် ပြောသည်။
"ညီညီ... အဲဒါ ဖိဆစ်ကကွင်း ပိုးသားဖြူလေ မင်းမသိဘူးလား"
"သူ့ ဘာသာသူ ကွင်းမကလို့ ကင်းဖြစ်ဖြစ်ကွာ... ဂရုစိုက်စရာလား"
"ဘယ်သူကလဲ ဂရုစိုက်ခိုင်းနေလို့ လဲ။ ရေနဲ့ မတော်တဆလေး ပက်မိသွားတာကို ဖြစ်နေလိုက်တာများ ယောက်ကျားမဟုတ်တဲ့ အတိုင်းဘဲ"
"ဘာကွ... မင်းဘာပြောလိုက်တယ်"
ကောင်မလေးက တစ်ခွန်းမခံ ဇတ်ဇတ်ကြဲလေး ဖြစ်နေသည်။ သူတို့ က ရန်လာစပြီး၊ သူတို့ ကဘဲ ရန်လာထောင်နေပြန်တော့ ညီညီ့ ဒေါသတို့ ပို၍ ပေါက်ကွဲသွားရ၏။ ဒေါသကြောင့် အသားတို့ ပင် တဆတ်ဆတ် တုန်လာသည်။ သို့ သော် တဖက်က မိန်းကလေး ဆိုသည့် အသိဖြင့် ကိုယ့်ဒေါသကို ပြန်ထိန်းနေရ၏။
"ဘာလဲ မကြားလိုက်ဘူးလား... နားလေးနေလား... သူများတွေလဲ ဒီလိုဘဲ တမင်တကာတောင် ရေလိုက် ပက်နေကြသေးတာ သူ့ ကျမှ လာအဖြစ်သည်းပြနေတယ်"
"သြော... ဒါဆို မင်းဝန်ခံပြီပေါ့ ဟုတ်လား"
"ဟုတ်တယ် ဟုတ်တယ်... အမြင်ကပ်လို့ ကြည့်မရလို့ တမင်ပက်လိုက်တာ ဘာဖြစ်လဲ ဘာလုပ်ချင်လဲ..."
ခြေဖျားလေးထောက် ခေါင်းလေး မော့ကာ မော့ကာဖြင့် ရန်တွေ့ နေသည့် ကောင်မလေးကို ကြည့်ပြီး သူအသဲယားသွားသည်။ သူမ ကိုယ်တိုင်လဲ တော်တော်လေး ဒေါသ ထွက်နေဟန်တူသည် နှာသီးထိပ်လေးပင် ရဲနေသည်။
"ဘာလုပ်ချင်လဲ ဟုတ်လား။ အေး... ကဲ... ဒီလို လုပ်ချင်တယ်ကွာ"
"...ဗွမ်း..."
လှိုင်မြင့် လက်ထဲမှ ရေပုံးကို ဆွဲယူပြီး ကောင်မလေးကို ခေါင်းပေါ်မှ လောင်းချလိုက်သည်။
"ဟင်... နင်... နင်..."
"ဘာလဲ မကျေနပ်ဘူးလား... နင်ဘဲ ဘာလုပ်ချင်လဲဆို... ခု... မှတ်ပြီလား"
"နင်က ဒီလိုလား... ရတယ်လေ... "
ဟုဆိုကာ ကောင်မလေးက သူ့ သူငယ်ချင်းများ လက်ထဲမှ ရေပုံးများကို ဆွဲယူပြီး ညီညီ့ကို ပြန်လောင်းသည်။ ညီညီကလဲ သူမကို ပြန်လောင်းသည်။ ထို့ နောက် သူတပြန် ကိုယ်တပြန် လောင်းကြရင်း ရေပုံးများ ထားသည့် နေရာသို့ ရောက်သွားကြသည်။ ထို့ နောက် ရေပုံးတွေ တစ်ပုံးပြီး တစ်ပုံးဆွဲက ဆက်လောင်းကြသည်။ ပတ်ဝန်းကျင်ကို သတိထား မိတော့ သူတို့ နှစ်ယောက်ကို အထူးအဆန်းသဖွယ် ဝိုင်းကြည့်နေသည့် လူများကို တွေ့ လိုက်ရသည်။ နှစ်ယောက်စလုံးလဲ ရေများ စိုရွှဲပြီး ကြွက်စုတ်လေးတွေ ဖြစ်နေကြပြီ။ ထို့ နောက် နှစ်ယောက်သား အကြည့်ချင်းဆုံသွားကြပြီး တစ်ယောက်ကို တစ်ယောက် ကြည့်ကာ မရည်ရွယ်ပါဘဲ ပြိုင်တူ ပြုံးမိလိုက်ကြသည်။ ထိုနေ့ က ပိုးသားဖြူ ဆိုသည့် ကောင်မလေးနှင့်သူ ရင်နှီးခွင့် ရလိုက်သည်။ ထိုမှ နောက်တဆင့်တက်ကာ သူတို့ နှစ်ယောက် ချစ်သူတွေ ဖြစ်ခဲ့ကြပြီး ခုဆိုလျှင် သားလေးတစ်ယောက်ပင် ရနေကြပြီ။
"မောင်... အဝတ်အစားမလဲသေးဘဲနဲ့ ဘာလုပ်နေတာလဲ"
"သြော်... ဘာမှ မဟုတ်ပါဘူး... မောင်တို့ နှစ်ယောက် စတွေ့ တုန်းက အကြောင်းလေးကို ပြန်စဉ်းစားနေမိတာ"
"ကဲပါ သွား... အဝတ်အစား အမြန်သွားလဲ... ဘုရားပေါ်တက်ဖို့ နောက်ကျနေမယ်"
"အင်းပါ... အင်း... ခဏလေး... မောင်က မြန်ပါတယ်"
ပြောပြောဆိုဆိုဖြင့် လှေကားပေါ် ပြေးတက်သွားသည့် မောင့်နောက်ကျောကို ကြည့်ရင်း ထိုနေ့ က အဖြစ်အပျက်လေးများကို ပြန်မြင်ယောင်မိပြီး သူမ ပြုံးမိသွားရသည်။ ထိုနေ့ က ပလေကပ်ပုဆိုး၊ လည်ကတုံး လက်ရှည် အဖြူရောင်ကို စမတ်ကျကျ ဝတ်လာပြီး ကလေးလူကြီးလေး ဂိုက်ဖမ်းလာသည့် မောင့်ကို ကြည့်ပြီး အသဲယားလာသဖြင့် စလိုက်ခြင်း ဖြစ်သည်။ တရှူးရှူးဖြင့် ဒေါသတွေ ထွက်နေသည့် မောင့်ကို ကြည့်ပြီး သူမ ရယ်ချင်နေ ခဲ့မိသည်။ မောင်... စိတ်ဆိုးနေသည့် ပုံကအလွန် ရယ်ဖို့ ကောင်းပြီး ချစ်စရာလေး ဖြစ်သည်။ ထိုစိတ်ဆိုးနေဟန်လေးကို ကြည့်ပြီး မောင့်ကို မြင်မြင်ချင်းဘဲ ချစ်မိသွားဟန် တူသည်။ ထို့ နောက် သူမတို့ ကျောင်းအပြီးတွင် လက်ထပ်လိုက်ကြပြီး ခုဆိုလျှင် သားလေး တစ်ယောက်ပင် ရနေပြီ။ သားလေးကို ထိုနေ့ က အဖြစ်အပျက်လေးကို ပြန်ပြောပြမိတော့ သားလေးက ဘုရားပေါ်သို့ လိုက်ပို့ ပေးရန် ပူဆာလာသဖြင့် ခုဘုရားသို့ သွားရန် ပြင်ဆင်နေကြခြင်း ဖြစ်သည်။ တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ ကလဲ ကဆုန်ညောင်ရေသွန်းပွဲနေ့ ဖြစ်နေသည်။ သူမတို့ နှစ်ဦးအတွက် ဖူးစာရေးနတ်က လက်ဆောင်ပေးခဲ့သည့် အမှတ်တရ နေ့ ရက်လေး ဖြစ်ပါတော့သည်။
Monday, 3 September 2012
ညလူ
အနက်ရောင်
တဖျပ်ဖျပ် လူးလွန့် နေတဲ့
ည...
လရောင်
ခပ်ဖျော့ဖျော့ ဖြန့် ခင်းထားတဲ့
ည...
ကြယ်ရောင်
တလက်လက် ယှက်ဖြာကျနေတဲ့
ည...
အဲဒီ"ည"ကို
ကော်ဖီတစ်ခွက်နဲ့ ဆွဲဖွင့်
အလုပ်သွားဖို့ 
အထုပ်အပိုး ပြင်လိုက်တယ်...။
ပုံကို google.com မှ ယူသုံးထားပါသည်။
Wednesday, 25 July 2012
အမှောင်ထဲက သူစိမ်းတစ်ယောက်
မြန်မာနိုင်ငံကို ခွင့်ပြန်ရောက်ခိုက် အိပ်ရေးဝဝ အိပ်လိုက်မည်ဟူသော အတွေးဖြင့် ညက အိပ်ယာဝင်ခဲ့ခြင်း ဖြစ်သည်။ သို့ သော် ပုံမှန်ထက် လွန်ကဲသည့် ဆူညံသံ တချို့ ကြောင့် နံနက် စောစောဘဲ နိုးလာခဲ့၏။ အတင်းကြိတ်မှိတ်ပြီး ပြန်အိပ်ရန် ကြိုးစားသော်လဲ နားထဲတိုးဝင်လာသည့် ဆူညံသံတို့ ကြောင့် ဆက်အိပ်မရတော့။ ထို့ ကြောင့် "ကဲမထူးပါဘူး" ဟု ဆိုကာ စောစောဘဲ အိပ်ယာထဖြစ်လိုက်သည်။ မျက်နှာသစ်၊ သွားတိုက်ရန် အိမ်နောက်ဖေးကို ထွက်လာစဉ် မီးဖိုခန်းထဲတွင် နံနက်စာအတွက် ပြင်ဆင်နေသည့် မိခင်ကို တွေ့ ရ၏။
"သား... အစောကြီး ရှိသေးတယ် နိုးလာပြီလား"
"ဟုတ်... အမေ... ဒါနဲ့  စောစောစီးစီး ဘယ်သူတွေ ဆူညံနေကြတာလဲ"
"အိမ်ရှေ့အိမ်က လူတွေလေ... နိုင်လာကြပြန်ပြီ ထင်တယ်။ ဒါကြောင့် ဒီလောက် ဆူညံနေကြတာနေမှာပေါ့"
ရေချိုးခန်းဝင်ကာ သွားတိုက်ရင်း ဒီလူတွေ ခုထိ ဒီနွံထဲက ရုန်းမထွက်နိုင် ကြသေးပါလားဟု တွေးလိုက်မိသည်။ အိမ်ရှေ့အိမ်မှ လူများသည် အရပ်တကာ၊ နယ်တကာ လှည့်ပြီး အာဝါဒေးပွဲများ၊ ကျိတ်ဝိုင်း၊ ချိန်းဝိုင်းများတွင် စီးပွားဖြစ် လောင်းကစားကြသူများ ဖြစ်သည်။ သူတို့ ကို ကြည့်ပြီး အသိ သံဝေဂလဲ ရမိ၏။ လောင်းကစားသမားများ နှဲသမားလိုဘဲ ပိန်လိုက် ဖောင်းလိုက်ဆိုသည်မှာ တကယ်မှန်သည်။ ယနေ့ လို နိုင်လာလျှင် တီဗီ၊ ဗီဒီယိုစက်၊ ရေခဲသေတ္တာ၊ ကက်ဆက်နှင့် စောင်းဘောက်များကို ဝယ်လာပြီး ရပ်ကွက်ထဲတွင် တဝုန်းဝုန်းဖြင့် ဆူညံ ပွက်လောရိုက် နေတတ်သလောက် ရှုံးလာပြန်လျှင်လဲ ထိုပစ္စည်းများ နေ့ မြင်ညပျောက် ဆိုသလိုဘဲ ရှိတာကို အကုန် ရောင်းချပစ်လိုက်ကြရပြီး စားစရာပင် မရှိ  ဖြစ်နေတတ်ကြ၏။ ရပ်ကွက်ထဲမှ လူများအတွက် ကတော့ ဒီမြင်ကွင်းမျိုးက ရိုးအီနေပြီ ဘာမှ မထူးဆန်းတော့။ မိမိတို့ ကသာ သူတို့ ကို ကြည့်ပြီး အသိသံဝေဂ ရမိပေမယ့် သူတို့ ကတော့ ထိုလောကထဲတွင် ပျော်မွေ့ နေကြ၏။ ရေချိုးခန်း တံခါးခေါက်သံကြောင့် အတွေးစတို့ ပျက်သွားသည်။
"သားရေ... အိမ်ရှေ့မှာ မောင်မောင် ရောက်နေတယ်နော်"
"ဟုတ် အမေ... ပြီးပြီ ခဏလေး... မောင်မောင့်ကို ခဏစောင့်ခိုင်း ထားလိုက်ပါဦး..."
မောင်မောင် စောင့်နေသည် ဆိုသောကြောင့် ကျွန်တော် ခပ်မြန်မြန် သွားတိုက်၊ မျက်နှာသစ်ကာ ရေကို အမြန်ချိုးလိုက်သည်။ မောင်မောင် ဆိုသည်က ကျွန်တော့်၏ အချစ်ဆုံး ငယ်သူငယ်ချင်း ဖြစ်သည်။ ကျွန်တော်တို့ နှစ်ယောက် မတွေ့ ဖြစ်ကြတာပင် တော်တော်လေး ကြာပြီ။
"အမေ... မောင်မောင် ဘယ်မှာလဲ"
"ဧည့်ခန်းထဲမှာ စောင့်နေတယ်"
".... သား...."
ခေါ်သံကြောင့် လှမ်းလက်စ ခြေလှမ်းတို့ ကို ရပ်၍ လှည့်ကြည့်လိုက်၏။ မိမိကို တစုံတခု ပြောဟန်ပြင်နေသည့် မိခင်ကို တွေ့ ရ၏။ ထိုစကားကို ပြောသင့် မပြောသင့် အတွက်လဲ ချိန်ဆဟန် ပြုနေသည့် မိခင် အမူအယာကြောင့် ဘာများလဲဟု စိတ်ဝင်စားသွားမိသည်။
"သား... မောင်မောင့်ကို သတိထားပေါင်းနော်... အဲဒီကောင်လေး အရင်လို မဟုတ်ဘူး"
ကျွန်တော် ဘယ်လိုမှ ထင်မှတ် မထားသည့် စကားဖြစ်သည်။ မိမိ သူငယ်ချင်းများနှင့် ပတ်သက်ပြီး တစ်ခါမှ ကောင်းသည် ဆိုးသည်ကို ဝေဖန်ဖူးလေ့ မရှိသည့် မိခင်က ခုလို ပြောလာသည့် အတွက် အံသြသွားမိသည်။ ထို့ ကြောင့် မိခင်ဖြစ်သူကို ဘာကြောင့်ဆိုသည်ကို ပြန်မေးရန် ဟန်ပြင်လိုက်စဉ်-
"ဟေ့ကောင်ကြီး.... ချောလို့ ခန့် လို့ ပါလားဟ... မင်း... အရင်တစ်ခေါက် ပြန်လာတုန်းကထက် ပိုချောလာတယ်။ မင်းဟာက စင်ကာပူနိုင်ငံမှာ အလုပ်သွားလုပ်တာရော ဟုတ်ရဲ့ လား... ပျော်ပွဲစား ထွက်သွားတာများလား"
ဆိုသည့် အော်သံနှင့်အတူ အနားရောက်လာသည့် မောင်မောင်ကြောင့် ကျွန်တော်လဲ မိခင်ဖြစ်သူကို ဆက်မမေး ဖြစ်တော့။ မတွေ့ တာ ကြာပြီဖြစ်သည့် သူငယ်ချင်း နှစ်ယောက် စကားတွေ ဖောင်ဖွဲ့ ရင်း အပေါ်ထပ်ရှိ ကျွန်တော့်အခန်းသို့ တက်လာခဲ့ကြ၏။ ထို့ နောက် အဝတ်အစားလဲပြီး ကျွန်တော်တို့ နှစ်ယောက် ထိုင်နေကျ လမ်းထိပ်မှ လက်ဖက်ရည်ဆိုင်သို့ ထွက်လာခဲ့ကြသည်။
လက်ဖက်ရည် သောက်ရင်း ရှေးဖြစ်နှောင်းဟောင်း များကို ပြန်ပြောဖြစ်ကြသည်။ ကျွန်တော်တို့  စကားကောင်းနေစဉ် ကောင်လေး တစ်ယောက် လာခေါ်သဖြင့် မောင်မောင် လိုက်သွား၏။ ကျွန်တော် တစ်ယောက်တည်း သီချင်းနားထောင်ရင်း လက်ဖက်ရည် သောက်နေစဉ် ဆိုင်ရှင် ဦးကျော်က နှုတ်ဆက်ရင်း ဝိုင်းတွင် ဝင်ထိုင်လာသည်။
"အောင်တိုး... ညက ဘယ်အချိန်ပြန်ရောက်လဲ။  အခုတခေါက်လဲ ခွင့်နဲ့ ပြန်လာတာဘဲလား။"
"ဟုတ်ကဲ့  ဦးကျော်... ခုတစ်ခေါက်လဲ ခွင့်နဲ့ ဘဲ ပြန်လာတာပါ"
"အလုပ်အကိုင်ရော ကောင်းရဲ့ လား"
"ကောင်းပါတယ် အလုပ်ကလဲ အဆင်ပြေပါတယ်"
"အေးကွာ ခုလို ကြားရတာ ဝမ်းသာပါတယ်"
"ဟုတ်... ကျေးဇူးပါဘဲ ဦးကျော်"
"မင်းပြန်လာမယ် ဆိုလို့ မင်းသူငယ်ချင်းတွေလဲ မျှော်နေကြတာ... ဒါနဲ အောင်တိုး... ဦးကျော်တစ်ခု ပြောဦးမယ်။ မောင်မောင်နဲ့ ပေါင်းတာ ကြည့်ပေါင်းနော်။ မောင်မောင် အရင်လို မဟုတ်တော့ဘူး။ ဒီကောင်လေး ခြေလှမ်းတွေ ပျက်နေပြီ"
မောင်မောင် အရင်လို မဟုတ်တော့ဘူး ဆိုသည့် စကားကို ဒီနေ့ မနက်မှာဘဲ ကြားရတာ နှစ်ခါရှိသွားပြီ။ ပြောကြသူများကလဲ မိခင်ဖြစ်သူနှင့် မိမိတို့ အကြောင်းကို အူမချေးခါးကအစ သိသည့် ဦးကျော်ဖြစ်နေခြင်းကြောင့် နဲနဲတော့ တွေဝေသွားမိ၏။ ဒီလူတွေကတော့ အပိုလုပ်က အတင်းတုတ်မည့် သူများ မဟုတ်နိုင်...။ မောင်မောင် ဘာတွေ လုပ်နေလဲ ဆိုသည့် အတွေးက ခေါင်းထဲ ဝင်လာသည်။
"မောင်မောင် ဘာတွေ ပြောင်းလဲသွားလို့ လဲ ဦးကျော်"
"ပြောင်းလဲသွားတာ ဆိုတာထက် ခုက မောင်မောင် အောင်မြင်နေတယ်လို့ ပြောရင်လဲ ရတယ်။ ဒါပေမယ့် သူအောင်မြင်တာက နည်းလမ်းမကျဘူး"
"မောင်မောင်က ခုဘာတွေ လုပ်နေလို့ သူအောင်မြင်တာ နည်းလမ်းမကျဘူး ဖြစ်ရတာလဲ"
"ဒီနယ်က တစ်လုံး၊ နှစ်လုံးနဲ့ သုံးလုံး ဇယားကို မောင်မောင်က ချုပ်ထားတာလေ။ တခြားနယ်က လူတွေတောင် သူ့ ဆီကို လာအပ်ကြရတယ်"
"မောင်မောင်က အဲဒီလောက်တောင် အောင်မြင်နေတယ်လား။ လက်ရှိ ဒီအလုပ်က ခေတ်စားနေတဲ့ ပေါ်ပင် အလုပ်လို ဖြစ်နေတာဘဲ။ ဒါကြောင့် ဒီအလုပ်ကို လုပ်ရုံနဲ့ တော့ ပျက်စီးတယ် မခေါ်နိုင်ပါဘူး ဦးကျော်ရယ်... ဒီဘက်ခေတ်မှာ လူတော်တော် များများ ဒီလုပ်ငန်းနဲ့ ဘဲ ကြီးပွားနေကြတာဘဲလေ"
"အေး... အဲဒါ တစ်ခုတည်းကြောင့် မဟုတ်လို့ ပြောနေရတာပေါ့။ အရင်က မောင်မောင့် အခြေအနေကိုလဲ မင်းလဲ သိတာဘဲလေ"
ဒါတော့ ဟုတ်သည်။ ပြောရမည်ဆိုလျှင် မောင်မောင့် အကြောင်းကို ကျွန်တော်က ပိုအသိဆုံး ဖြစ်မည်။ မောင်မောင်တို့ မိသားစုက နွမ်းပါးသည်။ ထို့ ကြောင့် ကျွန်တော်တို့ သူငယ်ချင်းများက မောင်မောင့်ကို ဆိုလျှင် ညှာကြသည်။ မောင်မောင့် အနေအထားဖြင့် ချက်ချင်းကြီး ကြီးပွားချမ်းသာ သွားဖို့ က လွယ်တော့မလွယ်။ အကြောင်း တစ်ခုခုတော့ ရှိရမည်။
"ဒီလိုကွ အောင်တိုးရ။ ပထမတော့ မောင်မောင်က မမြင့်ဆီမှာ နေ့ စားနဲ့ နှစ်လုံး၊ သုံးလုံးကို ကူရောင်းပေးတယ်"
"မမြင့်ဆိုတာ ဟို... နှစ်လုံး၊ သုံးလုံး ဒိုင်ကိုင်တဲ့ ဒေါ်မြင့်လား"
"အေး... ဟုတ်တယ်... အဲဒီ မင်းပြောတဲ့ ဒေါ်မြင့်ဘဲ။ အဲဒီနောက် မမြင့်နဲ့ မောင်မောင်တို့ ငြိကြတယ်"
"ဟင်... သူ့ မှာ ယောက်ကျားရှိတယ် မဟုတ်လား။ သူ့ ကလေးတွေတောင် တော်တော်လေး ကြီးနေပြီ ထင်တယ်"
"အေး... ရှိတယ်... ဒါပေမယ့် မောင်မောင့် ကြောင့်ဘဲ သူတို့ လင်မယားလဲ ကွာရှင်းလိုက်ကြပြီ။ ခုလဲ တရားဝင် မယူကြရသေးပေမယ့် မောင်မောင်ကတော့ အိမ်ကို ဝင်ထွက်နေပြီ။ တချို့ ညတွေဆိုရင် မောင်မောင် အိမ်ကိုတောင် မပြန်တော့ဘဲ မမြင့်တို့ အိမ်မှာဘဲ အိပ်တယ်"
"အိုး..."
ကျွန်တော် ဘယ်လိုမှ မျှော်လင့်မထားသည့် သတင်းဖြစ်သည်။ ကြားရသည့် သတင်းစကားများ အရဆိုလျှင် ကျွန်တော့် သူငယ်ချင်း မောင်မောင်သည် သူများ အသိုက်အမြုံကို ဖျက်စီးသည့် ကြာကူလီ တစ်ယောက် ဖြစ်နေပြီ။ ကိုယ့်အတွေးဖြင့်ကိုယ် ငိုင်ကျသွားသည့် ကျွန်တော် ဦးကျော် ဘယ်အချိန် ဝိုင်းမှ ထွက်သွားသည်ကိုပင် မသိလိုက်မိ။ "အဲဒီကောင်လေး အရင်လို မဟုတ်ဘူး" ဆိုသည့် မိခင် ဖြစ်သူ၏ စကားသံကိုလဲ ပြန်ကြားယောင် မိလိုက်သည်။ ကျွန်တော့် စိတ်တို့ မှုန်မှိုင်းလေးလံသွားသည်။ မောင်မောင် ဘာတွေ ဘယ်လို ပြောင်းလဲသွားပြီလဲ ဆိုသည့် အတွေးကိုသာ အဖြေရှာနေမိတော့၏။
ညနေဘက် မောင်မောင် လာခေါ်သဖြင့် ဘီယာဆိုင်ကို ရောက်ဖြစ်ကြသည်။
"အောင်တိုး... ဘာသောက်မလဲ"
"ဘီယာဘဲ သောက်မယ် မောင်မောင်"
"ဘီယာဘဲလား မရောတော့ဘူးလား"
"ဟင့်အင်း... မရောတော့ဘူး"
"ငါက ဘီယာဘဲတော့ မရဘူးကွ... အပြင်းရောမှ ရမှာ"
ဟုဆိုကာ မောင်မောင်က ဘီယာတစ်ဂျားနှင့် ရမ်လေးပက်ပြား တစ်ပြားကို မှာလိုက်သည်။ "အဲဒီကောင်လေး အရင်လို မဟုတ်ဘူး" ဆိုသည့် မိခင် ဖြစ်သူ၏ စကားကို ပြန်လည် ကြားယောင်မိလိုက်ပြန်သည်။ သေချာသည် မောင်မောင် အရင်လို မဟုတ်တော့။ ကျွန်တော်တို့ သူငယ်ချင်း နှစ်ယောက် အရင်က ဘီယာ၊ အရက်ဆိုတာဝေးလို့ ကွမ်း၊ ဆေးလိပ်ပင် မသောက်မစားကြ။ ကျွန်တော် စင်ကာပူနိုင်ငံမှ ပထမဆုံးတစ်ခေါက် ပြန်လာစဉ်က အကြောင်းကို ပြန်သတိရမိသည်။ သူငယ်ချင်းများကို လိုက်ပြုစုရင်း ဘီယာသောက်တတ်လာတော့ ကျွန်တော့်ကို ပျက်ဆီးနေပါပြီ ဆိုပြီး ဖက်ငိုသည့် မောင်မောင်က ခုတော့ အပြင်းရောမှ ရတော့မည် ဆိုတော့ ကျွန်တော် အတွေးများသွားပြီး စကားနည်းသွားရသည်။ မောင်မောင်ကတော့ သောက်လိုက်၊ စားလိုက်၊ အလုပ်ကိစ္စဖြင့် ဖုန်းဆက်လိုက်၊ သူ့ ကို လာအပ်သည့် ဘော်လုံးပွဲ ဇယားများကို လက်ခံလိုက်ဖြင့် အလုပ်ရှုပ်နေသည်။
"အောင်တိုး... ပျင်းနေပြီလား... အေးကွာ ငါကလဲ ဒီအချိန်ဆိုရင် အလုပ်ရှုပ်တယ်ကွ။ ဒါပေမယ့် ခုတစ်ယောက် လာပြီးရင် ပြီးပါပြီ"
"ရပါတယ်ကွာ မင်းလုပ်စရာ ရှိတာကိုသာ လုပ်ပါ ငါနေတတ်ပါတယ်"
"အေး... ကျေးဇူးဘဲ သူငယ်ချင်း... ပြီးမှ မင်းကို ငါရှယ်ပြုစုမယ်"
ခဏနေတော့ မောင်မောင် ပြောသည့်လူ ရောက်လာသည်။ မောင်မောင် ပြောသလို တစ်ယောက်တည်းတော့ မဟုတ် နှစ်ယောက်ဖြစ်၏။
"ကိုမောင် ကျွန်တော်တို့ ကို ဟိုကို တစ်ခေါက်လောက် လိုက်ပို့ ပါဦး"
"ဟာ... ငါလိုက်လို့ မဖြစ်ဘူး။ ဒီမှာ ဧည့်သည် ပါလာတယ်"
"ကိုမောင့် ဧည့်သည်ကိုပါ တခါတည်း ခေါ်လာခဲ့လိုက်ပေါ့။ ကျွန်တော်လဲ ဧည့်သည်ပါလာလို့ လိုက်ပို့ ချင်တာ။ ဒါပေမယ့် အချိန်က နောက်ကျနေပြီမို့ ကိုမောင့်ကို အကူအညီ တောင်းရတာ။ ကိုမောင်က အဲဒီနေရာကို ပိုင်တယ် မဟုတ်လား"
မောင်မောင်က တချက် စဉ်းစားဟန် ပြုလိုက်သည်။ ထို့ နောက်-
"ကဲ... ဒါဆိုလဲ သွားကြတာပေါ့"
ကျွန်တော် သူတို့ ပြောနေကြသည်များကို နားမလည်ပါ။ ထို့ ကြောင့် မောင်မောင့် ဆိုင်ကယ်နောက်မှဘဲ တိုးတိတ်ငြိမ်သက်စွာ လိုက်လာခဲ့လိုက်၏။ မောင်မောင် ဘာတွေ၊ ဘယ်လောက် ပြောင်းလဲသွားပြီလဲ ဆိုသည်ကို ကျွန်တော် စူးစမ်းကြည့်ချင် ပါသေးသည်။ ထို့ နောက် ကျွန်တော်တို့ သစ်ပင်များ အုပ်ဆိုင်းပြီး မှောင်ရိပ်ကျနေသည့် အိမ်ကြီး တစ်အိမ်ရှေ့သို့ ရောက်သွားကြ၏။ ဆိုင်ကယ်သံ ကြားသဖြင့် လူတစ်ယောက် ပြေးထွက်လာသည်။
"ပိတ်သွားပြီ ညီလေးတို့ ... ည 9:00 နာရီ ဆိုရင် ပိတ်တာလေ။ ခုအထဲက လူတွေ ရှင်းထုတ်ပြီး သွားရင် ပိတ်တော့မှာ နောက်နေ့ မှ လာခဲ့တော့ကွာ"
"ကိုတင့် ကျွန်တော် မောင်မောင်ပါဗျ... ဒီမှာ ဧည့်သည့်တွေ ပါလာလို့ တံခါးဖွင့်ပါဦး"
"ဟာ... မောင်မောင်... နောက်ကျနေပြီကွ"
"ဟုတ်တယ်ဗျာ... အလုပ်က ခုမှ ပြီးသွားလို့ ။ ဧည့်သည်တွေက သွားချင်တယ် ဆိုလို့ လိုက်ပို့ ပေးရတာ"
ခုထိ သူတို့ ပြောနေသည်များကို ကျွန်တော် နားမလည်နိုင်သေး။ ထို့ နောက် ကျွန်တော်တို့ အိမ်ကြီးပေါ်သို့ တက်လာခဲ့ကြသည်။ ထို့ နောက် ဝါကျင့်ကျင့် မီးရောင်ဖျော့ဖျော့ ဖြာကျနေသည့် အခန်းများရှေ့တွင် ရပ်နေသည့် ကောင်မလေးများကို တွေ့ လိုက်ရ၏။ အိုး... ထိုအခါမှ ကျွန်တော်တို့ မကောင်းသည့် မိန်းမများ လုပ်စားနေသည့် အိမ်သို့ ရောက်လာမှန်း သိလိုက်ရ၏။ ဧည့်သည် နှစ်ယောက်ကတော့ အခန်းအတွင်းသို့ ကိုယ်စီကိုယ်စီ ဝင်သွားကြသည်။ မောင်မောင်ကတော့ ကောင်မလေးများနှင့် ထိပ်ပုတ်ခေါင်းပုတ်ဖြင့် ကျီစယ်နေသည်ကို တွေ့ ရ၏။ သူ့ ကို ကြည့်ရသည်မှာ အားလုံးနှင့် ရင်းနှီးကျွမ်းဝင်နေဟန်ရှိ၏။ မောင်မောင်သည် ဒီနေရာသို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်း မဖြစ်နိုင်။ သူ့ ပုံစံက ဒီနေရာသို့ မကြာမကြာ ရောက်ဖြစ်လေ့ရှိသည့် ဖောက်သည် တစ်ယောက် ဖြစ်ဟန်တူသည်။
"အောင်တိုး... စိတ်ပါရင် ဝင်လေ"
ခပ်တိုးတိုး စကားဆိုလာသည့် မောင်မောင့်ကို ခေါင်းကိုသာ ခါပြလိုက်သည်။ ထို့ နောက် အောက်သို့ ပြန်ဆင်းလာခဲ့ပြီး ဆိုင်ကယ်ရပ်ထားသည့် နေရာတွင် ထိုင်စောင့်နေလိုက်သည်။ မောင်မောင် ဒီလိုနေရာကို ဒီလောက်ပိုင်တာကို မြင်တော့ အံသြမိသည်။ ထို့ နောက် ဧည့်သည် နှစ်ယောက်က KTV ကာရာအိုကေဆိုင်ကို သွားချင်သည် ဆိုသဖြင့် မောင်မောင်က လိုက်ပို့ ရပြန်သည်။ ထို KTV ကာရာအိုကေဆိုင်တွင်လဲ မောင်မောင်၏ အစွမ်းအစ တချို့ ကို မြင်တွေ့ ခဲ့ရပြန်၏။ မောင်မောင်ကတော့ သူမန်နေဂျာကို ဘယ်လောက်ပိုင်သည် ဆိုပြီး သူ့ အစွမ်းအစကို ထုတ်ပြခြင်း ဖြစ်သော်လဲ ကျွန်တော့် အတွက်ကတော့ ပို၍ စိတ်ပျက်စရာသာ ဖြစ်လာခဲ့သည်။ မောင်မောင်၏ ပြောင်းလဲမှုများက ကျွန်တော့်ကို အံသြထိတ်လန့် စေသည်။ ထို့ နောက် ဧည့်သည် နှစ်ယောက်ကို KTV တွင် ထားခဲ့ပြီး မောင်မောင် ခေါ်ရာသို့ လိုက်ခဲ့ရပြန်သည်။ ဒီလိုဖြင့် မြို့ အပြင်ဘက် ရေကန်ဘောင်ပေါ်တွင် ဘန်ဂလို ဆန်ဆန် လုံးချင်း အိမ်လေးများ ရှိရာသို့ ရောက်လာကြ၏။ အအေးခန်း မာဆတ် (အနှိပ်ခန်း) အခန်းများ ဖြစ်သည်။ မောင်မောင်၏ စီစဉ်ပေးမှုဖြင့် အခန်းအတွင်းသို့  ရောက်ဖြစ်ခဲ့ပြီး အနှိပ်ခံခဲ့သော်လဲ မိမိအတွက်တော့ အဆင်မပြေ။ ကောင်မလေးတွေ မနှိပ်တတ် နှိပ်တတ်ဖြင့် နှိပ်ခြင်းကြောင့် အကြောမပြေသည့် အပြင် အသားတွေ နာသည်သာ အဖတ်တင်ခဲ့၏။ ကျွန်တော့်အတွက် အဆင်မပြေ သော်လည်း မောင်မောင့် အတွက်တော့ အဆင်ပြေဟန် တူသည်။ ကျွန်တော် အခန်းအပြင် ထွက်ထိုင်နေပြီး တော်တော်လေးကြာမှ မောင်မောင် ရောက်လာသည်။
"အောင်တိုး... ဘာဖြစ်လို့ လဲ အဆင်မပြေဘူးလား... အဆင်မပြေတာရှိရင် ပြောလေ ငါပြောပေးမယ်"
"မဟုတ်ပါဘူး ပြေပါတယ်... ပြန်ကြရအောင်လေကွာ... အိမ်ပြန် အရမ်းနောက်ကျနေမယ်"
"အာ... ပြန်လို့ မဖြစ်သေးဘူးလေ။ အခန်းက မနက် ငါးနာရီအထိ ယူထားတာကွ... ဘာလဲ အခန်းထဲက ကောင်မလေးနဲ့ က အဆင်မပြေလို့ လား ညှိလို့ မရဘူးလား။ ငါနောက်တစ်ယောက် ချိန်းခိုင်းပေးရမလား"
"ဟာ... မဟုတ်ပါဘူး။ ရတယ် ရတယ်... မင်းဘာသာမင်း အဆင်ပြေသလိုနေ"
ဆက်ပြောနေလို့ ဘာမှ ထူးလာမည် မဟုတ်မှန်းသိသဖြင့် အပိုတွေ ပြောမနေတော့ဘဲ နှုတ်ဆိတ်နေလိုက်သည်။ မောင်မောင် အခန်းအတွင်း ပြန်ဝင်သွားချိန်တွင် ထိုနေရာမှအသာ လှည့်ထွက်လာခဲ့လိုက်၏။ မောင်မောင်ကတော့ သူနှင့် ဇယားညပ်နေသည့် မာဆတ်မှ ကောင်မလေးနှင့် ကျန်ခဲ့သည်။ ထိုညက မောင်မောင့်ကို ထားခဲ့ပြီး ကျွန်တော် တစ်ယောက်တည်း မြို့ အတွင်းသို့ လမ်းလျှောက် ပြန်လာခဲ့လိုက်သည်။ အိမ်အပြန် လမ်းမထက်တွင် စိတ်ထဲ အတွေးတို့ ဖြင့် ရှုတ်ထွေးနောက်ကျိ နေ၏။ မိခင် ဖြစ်သူ၏ ဒီကောင်လေး "အရင်လို မဟုတ်တော့ဘူး" ဆိုသည့် စကားသံကို ပြန်ပြန် ကြားယောင်နေမိသည်။ ထို့ ပြင် ဦးကျော်ပြောပြသည့် မောင်မောင်၏ အကြောင်းအရာများနှင့် ကိုယ်တွေ့ ကြုံတွေ့ ခဲ့ရသည့် မောင်မောင်၏ လက်ရှိ ကျင်လည်နေသည့် စရိုက်တို့ ကို ပြန်လှန် ဆန်းစစ်သုံးသပ်နေမိ၏။
မောင်မောင် အရင်လို မဟုတ်တော့ဘဲ ပြောင်းလဲသွားပြီ ဆိုသည်ကတော့ အသေအချာ ဖြစ်သည်။ မောင်မောင်သည် ကျွန်တော်၏ အချစ်ဆုံး သူငယ်ချင်း ဖြစ်၏။ သို့ သော် စိတ်တူကိုယ်တူ ခံစားချက်တို့ ထပ်တူကျခဲ့သည့် အချစ်ဆုံး သူငယ်ချင်း မောင်မောင်ကတော့ အတိတ်တွင် ကျန်ခဲ့ပြီ။ ယခု လက်ရှိ မောင်မောင်က မကောင်းမှုတွင် ပျော်မွေ့ နေပြီး သူကျင်လည်ရသည့် ပတ်ဝန်းကျင် အနေအထားကို လိုက်ပြီး ပြောင်းလဲသွားပြီ။ ပြောင်းလဲတတ်သည့် လူ့ သဘောကို လက်ခံနိုင်ပေမယ့် ကောင်းသော ပြောင်းလဲခြင်း မဖြစ်ခဲ့သည့် သူငယ်ချင်း အတွက်တော့ ထိခိုက် နာကျင်ရ၏။ အသိုက်အမြုံတစ်ခုကို ဖျက်ဆီးဖူးသည့် လူတစ်ယောက် နောက်အသိုက်အမြုံတစ်ခုကို ဖျက်ဆီးဖို့ ကို ဝန်လေးနေမည် မဟုတ်ပေ။ အချစ်ဆုံး သူငယ်ချင်းမို့ မောင်မောင့်ကို ကျွန်တော် ယုံကြည်ချင်ပါသည်။ သို့ သော် မကောင်းသည့် နေရာ မကောင်းသည့် မိန်းမတို့ နှင့် ကျွမ်းဝင်နေသည့် လူတစ်ယောက်ကို ဘယ်လောက် အတိုင်းအတာထိ စိတ်ချ ယုံကြည်၍ ရနိုင်ပါမည်လဲ။ သံသယတို့ ဖြင့် စောင့်ကြည့်နေရမည့် အချစ်ဆုံး သူငယယ်ချင်း တစ်ယောက်တော့ မပိုင်ဆိုင်ချင်ပါ။ မောင်မောင်သည် ကျွန်တော့် သူငယ်ချင်း အနေဖြင့် ဆက်ရှိနေဦးမည်သာ ဖြစ်ပါသည်။ သို့ သော် စိတ်တူကိုယ်တူ ခံစားချက်တို့ ထပ်တူညီခဲ့သည့် အချစ်ဆုံး သူငယ်ချင်း အနေဖြစ်တော့ မဟုတ်တော့။ ဖြစ်ချင်းဖြစ်လျှင် ရင်းနှီးသည့် အမှောင်ထဲမှ သူစိမ်းတစ်ယောက်သာ ဖြစ်ပေလိမ့်မည်။ ထိုညက အိမ်အပြန်လမ်းတွင်  အချစ်ဆုံး သူငယ်ချင်း တစ်ယောက် ကျပျောက် ကျန်ခဲ့သည်။
Thursday, 24 May 2012
ဝါဆိုပန်းခူးတစ္ဆေ
ရာသီတကျော့ ပြန်လည်လာပြီး ဒီနေ့ ဒီရက်သို့  တကျော့ ပြန်ရောက်လာတိုင်း သူ့ မှာ ဝမ်းနည်းနာကျင်ရ၏။ ဒီအချိန်ကို ရောက်လာတိုင်း အတိတ်ဆိုး၊ အိပ်မက်ဆိုးတို့ က ရုန်းကြွ အသက်ဝင် လာတတ်စမြဲ... ဘယ်လိုပင် မေ့ပျောက်ထား၊ မေ့ပျောက်ထား မမြင်ချင် မတွေ့ ချင်သည့် ပုံရိပ်တို့ က အချိန်တန်လျှင် အလိုလို အာရုံတွင် တရစ်ဝဲဝဲဖြင့် ပြန်ပေါ် လာတတ်စမြဲ ဖြစ်၏။ ထိုနေ့ က အဖြစ်အပျက်များကို ဖိုးလုံးတစ်ယောက် ယနေ့ ထက်ထိ မမေ့နိုင်သေးပါ။ ဘယ်တော့မှလဲ မေ့ပျောက်နိုင်တော့မှာ မဟုတ်သည့် အဖြစ်အပျက်၊ အကြောင်းအရာများသာ ဖြစ်ပါတော့သည်။ ထိုနေ့ က ဝါဆိုလပြည့်ကျော်တစ်ရက်နေ့ ဝါဆိုပန်းခူးပွဲတော်နေ့ ဖြစ်သည်။ အတိတ်စာမျက်နှာထက်မှ ထိုနေ့ ရက်ကို စုတ်ဖြဲပစ်လို့ ရနိုင်မည်ဆိုလျှင် ဆွဲစုတ်ဖြဲပစ် လိုက်ချင်မိ၏။ ဒါဆိုလျှင် ခုလို သူနာကျင် ခံစားနေရတော့မည် မဟုတ်။ သို့ သော် ခုချိန်တွင်တော့ အရာရာက နောက်ကျခဲ့ပြီ။ အဖြစ်အပျက် အကြောင်းအရာ တို့ က ဖြစ်ပျက်ခဲ့ပြီးပြီ။ ခုချိန်မှ ပြန်ပြင်၍ မရနိုင်တော့။
ဝါဆိုလပြည့်ကျော် တစ်ရက်နေ့ ....။
ဝါဆိုပန်းခူးနေ့ မို့ ယနေ့ ပုံမှန် ခရီးသွားများ အပြင် ဘုရားဖူး ခရီးသွား များကြောင့်ပါ ခရီးသည် ပိုကျ၏။ ပြည်မြို့  နိဗ္ဗိန်န အင်ကြင်းမြောင် တောရကျောင်းရှိ ဝါဆိုပန်းခူးပွဲတော်သို့ အနီးအနားရှိ မြို့ ရွာများမှ ဘုရားဖူးများ လာရောက် ကြလေ့ရှိသည်။ ပြည်မြို့ နှင့် မနီးလွန်း မဝေးလွန်းသည့် အရပ်တွင် တည်ရှိသည့် သူတို့ မြို့ လေးမှ မြို့ သူ၊ မြို့ သားများလဲ တစ်နှစ်တစ်ကြိမ် ကျင်းပလေ့ရှိသည့် ထိုဝါဆိုပန်းခူးပွဲတော်သို့ လာရောက် လည်ပတ်ကြလေ့ ရှိသည်။ မနက်ပိုင်းတွင် နိဗ္ဗိန်န အင်ကြင်းမြောင် တောရကျောင်းတွင် ဝါဆိုပန်းခူးပွဲ ဆင်နွဲပြီးနောက် အပြန်တွင် ရွှေဆံတော်ဘုရားကို ဝင်၍ ဖူးမျှော်ကြလေ့ရှိသည်။ ကဆုန်ညောင်ရေသွန်းလောင်းပွဲနေ့ ၊ ဝါဆိုပန်းခူးပွဲတော်နေ့ ၊ တန်ဆောင်တိုင် ဘုရားပွဲတော်နေ့ များသည် သူတို့ စက်လှေသမားများကို ဝင်ငွေ အထူး ကောင်းမွန်စေသည့် မင်္ဂလာနေ့ ရက်များ ဖြစ်၏။ ယနေ့ လဲ စက်လှေထွက်ဖို့ အချိန်မပြည့်မှီမှာပင် ခရီးသည်များဖြင့် ပြည့်လုခမန်း ဖြစ်နေပြီ။ ဒါတောင် သူတို့ စက်လှေက အင်ဂျင်နှစ်လုံးတပ် စက်လှေ အကြီးစား ဖြစ်သည်။ သူတို့ ဒေသအခေါ် စက်လှေဟု ခေါ်နေသော်လဲ မော်တော် အသေးအရွယ်ပမာဏခန့် ရှိသဖြင့် လူလေးရာခန့် အထိဆန့် သည်။
"ကဲ... ဦးဦး၊ ဒေါ်ဒေါ်၊ ကိုကို၊ မမတို့ တစ်ဖက်တည်းမှာဘဲ စုထိုင်မနေကြပါနဲ့ နှစ်ဖက်မျှထိုင်ပေးကြပါ။ ကားမဟုတ်ဘူးနော် စက်လှေက တစ်ခြမ်းစောင်းနေရင် မောင်းဖို့ မလွယ်ဘူး။ ဒီတော့ ဟိုဖက်ဒီဖက်ကို မျှထိုင်ပေးကြပါ"
ဖိုးလုံး စက်လှေ အောက်ဘက်ထဲတွင် ခရီးသည်များကို နေရာချထားပေးနေသည်။  စက်လှေ ပေါ်တွင် ဖိုးလုံး အသံက တစာစာဖြင့် ညံနေ၏။ ခရီးသည်တွေကလဲ ခရီးသည်တွေ ဖြစ်၏။ တချို့ အလိုက်ကန်းဆိုး မသိကြ၊ ကိုယ့်အိမ်ကိုယ့်ယာလို ဖြဲကားထိုင်နေ တတ်ကြ၏။
"ဒီဘက်က မမ ဟိုဘက်ကို နဲနဲလောက် ကပ်ထိုင်ပေးပါ။ ဟိုဘက်က ဒေါ်ဒေါ်တို့ ကလဲ ကိုယ့်အိမ်ကိုယ့်ယာလို ဖြစ်သလို ထိုင်မနေကြပါနဲ့ နဲနဲလောက် ကျုံ့ ထိုင်ပေးကြပါ နောက်လူတွေ လာဦးမှာမို့ ပါ။ ဟုတ်ပြီ ဟုတ်ပြီ... ညီမလေးက ဒီဘက်ကို နဲနဲလောက် ကပ်ပေးပါ။ ကိုယ့်မောင်နှမတွေ ချည်းဘဲ ဘာမှမဖြစ်ဘူး... ဟုတ်ပြီ ဒီအစ်ကိုက အဲဒီလွတ်သွားတဲ့ နေရာမှာ ဝင်ထိုင်လိုက်... ဟုတ်ပြီ... အားလုံးဘဲ အခုလို ကူညီပေးတာကို ကျေးဇူးပါဗျာ..."
"ဖိုးလုံး... မိုးရွာမယ်နဲ့ တူတယ်ကွ။ မိုးသားတွေ တက်လာနေပြီ။ နောက်ပြီး မင်း... ကိုမိုးကြီးကို ကြည့်ပြောဦး... ကိုမိုးကြီး တော်တော်များနေပြီ..."
အနားကပ်လာပြီး ခပ်တိုးတိုး ဆိုလာသည့် ဗလစကားကို နားထောင်ရင်း ကောင်းကင်ကို မော့ကြည့် လိုက်တော့ မိုးသားများ တလိပ်လိပ် တက်လာသည်ကို တွေ့ လိုက်ရ၏။
"ဗလ... အောက်မှာ ခရီးသည်တွေကို မင်း... နေရာ ကြည့်... စီစဉ်ပေးထားလိုက်ဦး... ငါအမိုးပေါ်က ကုန်တွေကို တက်ကြည့် လိုက်ဦးမယ်"
ဗလကို မှာပြီး စက်လှေ အမိုးပေါ်သို့ တက်လာခဲ့လိုက်သည်။ တသုန်သုန် တိုက်ခတ်နေသည့် လေတွင် မိုးရိပ်မိုးငွေ့ တို့ ပါလာသည်။ စက်လှေအမိုးပေါ်မှ ကုန်များကို စနစ်တကျ နေရာချထားလိုက်၏။ ကုန်ပစ္စည်းများ ရေထဲ လွင့်မကျအောင် ချည်သင့်သည်ကိုချည်၊ ဖိသင့်သည်ကိုဖိပြီး အပေါ်မှ ပလပ်စတစ် မိုးကာဖြင့် ထပ်အုပ်လိုက်သည်။ ထို့ နောက် မိုးလုံနိုင် မလုံနိုင်ကို တချက်ပြန်စစ် ကြည့်လိုက်၏။
"ဟေ့... ဖိုးလုံး ဒီနေ့ ခရီးသည် အခြေအနေ ဘယ်လိုရှိလဲကွ"
စက်လှေခေါင်မိုး အနောက်ဘက် တက်မကိုင် နေရာတွင် သူတို့ မြို့ လေးမှ ကာလသား လူငယ်တချို့ နှင့် အဖွဲ့ ကျနေသည့် တက်မကိုင် ကိုမိုးကြီးက လှမ်းမေးလာခြင်း ဖြစ်၏။
"အောက်ထဲမှာတော့ လူကပြည့်သလောက် ဖြစ်နေပြီ ကိုမိုးကြီး... ထွက်မယ်ဆိုရင်တောင် ထွက်လို့ ရနေပြီ"
"ဟာ... ဘာလို့ ထွက်ရဦးမှာလဲကွ။ စက်လှေ အောက်ထဲမှာ ပြည့်သွားရင် ခေါင်မိုးပေါ်ထပ်တင်ပေါ့။ ဒီလိုနေ့ လေးဘဲ ငွေရှာရတာ... ရသလောက်သာတင်..."
"မိုးနဲ့ လေနဲ့ ခရီးသည်တွေ အဆမတန်ကြီး တင်လို့ ဖြစ်ပါ့မလား... ဒီတစ်ခေါက် ကုန်တွေကလဲ များတယ်နော်  ကိုမိုးကြီး"
"ငါပြောသလိုသာ လုပ်ပါကွာ။ ဒီဧရာဝတီမြစ်ထဲမှာ စက်လှေက ကားလို တိုက်စရာ ဘာမှ ရှိတာမဟုတ်ပါဘူး။ ပြီးတော့ တက်မကိုင်က ငါပါကွ... ငါမောင်းရမှာပါ ဒီတော့ ငါပြောသလိုသာ လုပ်စမ်းပါ"
"အင်းပါ... ဒါဆိုလဲ ကိုမိုးကြီး သဘောပဲ... ကိုမိုးကြီးလဲ စွတ်သောက်မနေနဲ့ ဦးဗျ... အာတွေလျှာတွေ လေးနေပြီ။ လူဝိတ်အရမ်းများရင် ကျွန်တော်လဲ ဝင်ကူမောင်းပေးနိုင်မှာ မဟုတ်ဘူး... ကိုမိုးကြီး တစ်ယောက်တည်း မောင်းရမှာ... ဟာ... ကိုမိုးကြီးတို့ က လုပ်ပြန်ပြီဗျာ... ဝက်သားတွေနဲ့ မြည်းနေပြန်ပြီ မောင်းရမှာက စက်လှေ သွားရမှာက ရေလမ်းခရီးဗျ... မသိတာလဲ မဟုတ်ဘဲနဲ့ ... အဲဒါတွေ ခက်တာပေါ့"
"ဟေ့ကောင် ဖိုးလုံး... ဒီလမ်းဒီခရီးက မင်းနို့ နံ့ မစင်ခင်ကတည်းက ငါမောင်းလာတာပါကွ... မင်းငါ့ကို ပြန်ဆရာ လုပ်စရာ မလိုပါဘူး။ သွားကိုယ့်အလုပ် ကိုယ်သွားလုပ်ချည်"
ကိုမိုးကြီးက အုံနာလဲ အုံနာ တက်မကိုင်လဲ တက်မကိုင်မို့ သူဘာမှ မပြောနိုင်သော်လဲ ဒီလို စည်းဖောက်တာမျိုးကိုတော့ သူမကြိုက်... ကိုမိုးကြီးနှင့် ဝိုင်းဖွဲ့ နေသည့် လူငယ်များကလဲ သူတို့ မြို့ လေးမှ စရိုက်ကျသည့် လူငယ်အုပ်စု ဖြစ်သည်။ ထိုအထဲမှ တင်သောင်းဆိုသည့် တစ်ယောက်နှင့် သူနဲ့ က သိပ်မျက်နှာကြော မတည့်ကြ။ ခုလဲ သူက ကိုမိုးကြီးကို အပိုင်ကပ်ထားပြီး သူ့ ကိုတော့ ဂရုစိုက်စရာ မလိုဘူး ဆိုသည့် အချိုးမျိုးချိုးထားသည်။ သူကလဲ ဒီလို အချိုးမျိုးကို လုံးဝမကြိုက်။ သွားရမည့် ခရီးက ရေလမ်းခရီးမို့ မိမိ စက်လှေပေါ် လိုက်သည့် ခရီးသည်က မိမိတို့ စက်လှေသမားများ စကားကို နားထောင်ရမည်။ ဒါမှ အားလုံး ဘေးအန္တရာယ် ကင်းမည်ဖြစ်၏။
"တင်သောင်း... မင်းတို့ ကလဲ သောက်စားထားပြီး ခုလို သီချင်းတွေ အော်ဆို ကခုန်နေတာ မလွန်ဘူးလား။ ဒီစက်လှေက မင်းတို့ စင်းလုံးငှားလာတဲ့ ပျော်ပွဲစားထွက်တဲ့ စက်လှေ မဟုတ်ဘူးလေ။ တခြား ခရီးသည်တွေကိုလဲ နဲနဲတော့ အားနာဦးမှပေါ့"
"ကိုမိုးကြီးကတောင် ဘာမှ မပြောတာကို မင်းက ဘာဖြစ်နေတာလဲ"
 ဖိုးလုံး စိတ်ထဲ တင်းခနဲ ဖြစ်သွားပြီး လက်သီးနှစ်ဘက်ကို ဆုပ်လိုက်မိသည်။ ကိုမိုးကြီးကို ကြည့်လိုက်တော့ ကိုမိုးကြီးက ထားလိုက်ပါကွာ ဆိုသည့် သဘောမျိုး လုပ်ပြသည်။ သူတို့ ကျွေးတာ၊ မွေးတာကို သောက်စားထားပြီး ကိုမိုးကြီးလဲ ပြောဖို့ ခက်နေဟန်တူသည်။ ကိုမိုးကြီးကမှ ဘာမှ မပြောသည့်နောက် သူကရော ဘာဆက်ပြောရမလဲ။ ထို့ နောက် သူမကျေမနပ်ဖြင့် အောက်ဘက်သို့ ပြန်ဆင်းလာခဲ့လိုက်သည်။ သူ့ စိတ်ထဲတွင် နဲနဲလေးသွားသည်။ ဒီလိုဖြင့် သူတို့ စက်လှေ ပြည်မြို့ ဆိပ်ကမ်းမှ မိမိတို့ မြို့ လေးသို့  ပြန်ထွက်လာခဲ့ကြသည်။ စက်လှေပေါ်တွင်  ခရီးသည်နှင့် ကုန်က အပြည့်မို့ စက်လှေဖောင်းကိုပင် ထိလုထိခင် ဖြစ်နေပြီ။ ဒီကြားထဲ လေထန်နေသဖြင့် စက်လှေကို ကမ်းမှ မနည်းခွာရသည်။ ဖိုးလုံးတို့ စက်လှေသမား ငါးယောက်စလုံး အလုပ်ရှုပ် သွားကြ၏။ ဒီလိုဖြင့် ကျောင်းကြီးအိုးတန်းဝဲကို ဖြတ်ကျော်ပြီး ပြည်မြို့ ပန်းခြံကို ကျော်လာသည့်နောက် မိုးက စတင် ရွာလာသည်။ မိုးနှင့်အတူ လေကလဲ ပိုထန်လာသည်။ လေရောမိုးပါ ချလာသည့်နောက် လှိုင်းကပါ ကြီးလာသည်။ စက်လှေက မိုးထဲလေထဲ လှိုင်းထဲတွင် လူးလွန့် နေသည်။ ဖိုးလုံး ကုန်ပစ္စည်းများ ရေထဲ ပြုတ်မကျအောင်၊ မိုးမစိုအောင် လိုက်စစ်နေရ၏။ ခုမှ ပြဿနာက စလာပြီ။ မိုးရွာလာသဖြင့် စက်လှေ အမိုးပေါ်မှ လူတချို့ ထီးများထုတ်ဆောင်း ကြသဖြင့် တက်မကိုင် ကိုမိုးကြီး ရှေ့ကို ကောင်းကောင်း မမြင်ရတော့။ နဂိုကမှ မူးနေတော့ ပိုမောင်းရခက်လာသည်။ ဒီကြားထဲ ဟိုကောင်တွေ အဖွဲ့ ကလဲ အလိုက်ကမ်းဆိုး မသိ၊ ငြိမ်ငြိမ်မနေကြပေ။
"ဖိုးလုံးရေ... ထီးတွေ ပိတ်ခိုင်းပါဦးဟ... ဒီမှာ ရှေ့ကို ကောင်းကောင်း မမြင်ရတော့ဘူး"
မိုးသံလေသံကို ဖောက်၍ ထွက်လာသည့် ကိုမိုးကြီး၏ အော်ပြောသံကို ကြားလိုက်ရသည်။
"ဒါကြောင့် ကိုမိုးကြီးကို စက်လှေအမိုးပေါ် လူမတင်ဖို့ ပြောတာပေါ့။ ကဲ... ခရီးသည်တို့ ထီးတွေ မပိတ်ချင်ရင် စက်လှေ ဟိုဘက်ဒီဘက်ကို မျှထိုင်ပြီး အလည်လမ်းကြောင်းလေး ဖွင့်ပေးပါဦး။ ဒီမှာ တက်မကိုင်က ရှေ့ကို မမြင်ရလို့ ကူညီပါဦးဗျာ... ကူညီပေးကြပါဦး... ရပြီလား ကိုမိုးကြီး"
"အေး... ရပြီ ဖိုးလုံး..."
ဝါဆိုဝါခေါင် ရေဖောင်ဖောင် ဆိုသည့် စကားအတိုင်း ကမ်းနှစ်ဘက်သို့ ရေပြည့်နေပြီဖြစ်သည်။ ပြည်မြို့ နဝဒေး တံတားတိုင် အောက်ခြေခုံများပင် ရေမြုပ်နေပြီ ဖြစ်၏။
"ကိုမိုးကြီး တံတားတိုင်ခုံတွေ မြုပ်နေတယ်နော် တိုင်နှစ်တိုင် အလည်ကနေမောင်း ကပ်မဆွဲနဲ့ လူဝိတ်က များတယ်"
ကိုမိုးကြီးက စက်လှေကို တံတားတိုင်နားက ကပ်ကပ်မောင်းတတ်သဖြင့် လှမ်းသတိပေးရသေးသည်။ ဒီလို သတိပေးတော့ ကိုမိုးကြီးက မင်းဆရာ မလုပ်ပါနဲ့ ဆိုသည့် အကြည့်မျိုးဖြင့် လှမ်းကြည့်သည်။ မကြည်လဲ မတတ်နိုင် ကိုယ့်တာဝန် ကိုယ်ကျေအောင်တော့ သတိပေးရမည်သာ...
"ကိုမိုးကြီး ပြောနေရဲ့ နဲ့ တံတားတိုင်နားကို ကပ်ဆွဲရလား... ဟာ..."
"ဒုန်း...."
အော်သံတွေ ဆူညံ ပွက်လောရိုက်သွားသည်။ သူ့ အော်သံပင် မဆုံးလိုက် စက်လှေက တံတားတိုင်နားမှ ဖြတ်မောင်းစဉ် ရေဆွဲအားကြောင့် ရေစီးနောက် ပါသွားပြီး ရေမြုပ်နေသည့် တံတားတိုင် အောက်ခြေခုံကို ဝင်ဆောင့်သည်။ တံတားတိုင် အောက်ခြေခုံကို တိုက်ပြီး စက်လှေ မှောက်သွားချိန်၊ ဖိုးလုံး တစ်ယောက်လည်း ရေထဲသို့ ပြုတ်ကျသွားသည်။ ဖိုးလုံး ရေမျက်နှာပြင် ပေါ်သို့ ပြန်ပေါ်လာပြီးနောက် အသက် ခပ်ပြင်းပြင်း ရှူလိုက်စဉ် လှိုင်းလုံးတစ်လုံးက ဝင်ဆောင့်သဖြင့် အသက်ရှူမှားသွား ပြန်၏။ မိုးတွင်း ရေစီးက တံတားတိုင်ကို ဦးတိုက်စီးပြီးနောက် ရေစီးကြောင်း နှစ်ကြောင်းခွဲပြီး ဆက်စီးသည်။ ဖိုးလုံးက မြစ်လယ်ဘက်သို့ စီးသည့် ရေစီးကြောင်းထဲသို့ ပါသွားသည်။ နဂိုကမှ မိုးတွင်းမို့ ရေစီးက သန်သည့်အပြင် တံတားတိုင်ကို ဦးတိုက်စီးပြီး ပြန်ခွဲထွက်လာသည့် ရေစီးက ပုံမှန်ထက် နှစ်ဆလောက် မြန်သည်။ ဖိုးလုံးလဲ မိုးထဲ၊ လေထဲ လှိုင်းကြားတွင် ဆက်ကူးဖို့ မကြိုးစားတော့ဘဲ ရေစီးနောက်သို့ သာ မျှောလိုက်သွားလိုက်၏။ ရေစီးကြောင်းအတိုင်း ဖိုးလုံး မြစ်လယ်သို့ တရွေ့ ရွေ့ မျောပါသွားသည်။ ပတ်ဝန်းကျင် တစ်ခုလုံး ကမ္ဘာပျက်သလား အထင်မှားရ၏။ ယူပါကယ်ပါ တစာစာဖြင့် အော်ဟစ်ငိုကြွှေးနေသံများကို စိတ်မချမ်းမြေ့ ဖွယ် ကြားနေရသည်။ မိုးထဲလေထဲ မြစ်ရေပြင်ထက်တွင် အသက်လု ကူးခတ်နေကြသည့် ခရီးသည်များ၊ ပြန့် ကျဲနေသည့် ကုန်ပစ္စည်းများကို မြင်တွေ့ နေရ၏။ တံတားတိုင်မှ ကမ်းခြေဘက်သို့ ခွဲထွက် စီးသွားသည့် ရေစီးကြောင်းအတိုင်း စက်လှေက မှောက်ခုံကြီး မျောပါသွားသည်။ ကမ်းခြေဘက်သို့ ခွဲထွက် စီးသွားသည့် ရေစီးက ကမ်းစပ်ဘေးတွင် ဘေးတိုက်ကပ်ထားသည့် ရေနံတင် စည်တွဲကြီး အောက်သို့ တည့်တည့် စီးဝင်သဖြင့် ခရီးသည်များ ကံဆိုးကြသည်။
ထိုနေ့ က ခရီးသည်တို့ ကို လိုရာ ခရီးဆုံးသို့ လိုက်မပို့ နိုင်သည့်အတွက် သူတို့ တာဝန်မကျေခဲ့ကြ။ ထိုအဖြစ်အပျက်တွင် ခရီးသည်ပေါင်း တစ်ရာကျော်လောက် သေကြေပျက်စီး ခဲ့ကြရပြီး နောက်နေ့ အကောက်တောင် ဝဲပြန်အတွင်းတွင် အလောင်းများ ထပ်နေခဲ့သည်။ ခရီးသည်များ ကံဆိုးစွာဖြင့် ရေနံတင် စည်တွဲကြီးအောက် ရေစီးအတိုင်း မျောပါသွားခြင်းကြောင့်လဲ ပို၍ အသေအပျောက် များရခြင်း ဖြစ်သည်။ ထိုအတိတ်ဆိုးက ပြန်စဉ်းစားမိတိုင်း သူ့ ကို အမြဲခြောက်လှန့် နှိပ်စက်နေ၏။ ဝါဆိုပန်းခူးပွဲနေ့ နီးလာတိုင်း မေ့ပျောက်ထားသည့် အကြောင်းအရာတို့  အာရုံတွင် ပြန်ပြန်ပေါ်လာတိုင်း မိမိကိုယ်ကို ခွင့်မလွှတ်နိုင်အောင် ဖြစ်ရသည်။ သူသာ ကိုမိုးကြီးနှင့် အတိုက်အခံလုပ်ပြီး စက်လှေ အမိုးပေါ်သို့ လူမတင်ဖြစ်ခဲ့လျှင်၊ အမုန်းခံပြီး ကိုမိုးကြီးကို အရက်မသောက်အောင် တားနိုင်ခဲ့လျှင်၊ ကိုမိုးကြီး မျက်နှာကို မထောက်ဘဲ စည်းကမ်းမဲ့ လူငယ်တစ်စုကို ထိန်းသိမ်းနိုင်ခဲ့လျှင်၊ တံတားတိုင်နားမှ ကပ်မမောင်းဖို့ ကိုမိုးကြီးကို စောစောကတည်းကသာ တားနိုင်ခဲ့မည် ဆိုလျှင် ဒီအဖြစ်အပျက်တို့  ဖြစ်ချင်မှ ဖြစ်မည်ဖြစ်သည်။ ခုတော့ မိမိ အတွေ့ အကြုံအရ ဒါမျိုးတွေ ဖြစ်နိုင်တာကို သိသော်လဲ အလုပ်ရှင်နှင့် အတိုက်အခံ မလုပ်ချင် စိတ်ကြောင့် ပြန်ပြင်၍ မရနိုင်တော့သည့် အဖြစ်အပျက်တို့ ဖြစ်ပျက်ခဲ့ရပြီ။ ထိုနေ့ က အဖြစ်အပျက်က နှစ်တွေ ဘယ်လောက် ကြာကြာ သူ့ အတွက်တော့ ပြန်စဉ်းစားမိတိုင်း မနေ့ တနေ့ က ဖြစ်ပျက်ခဲ့သလို နာကျင်ခံစား နေရတုန်း ဖြစ်သည်။ သေချာသည်ကတော့ ရာသီတစ်ပတ် ပြန်လည်လာပြီး ဝါဆိုပန်းခူးနေ့ ရက်သို့ ပြန်ရောက်တိုင်း ထိုအဖြစ်အပျက်က သူ့ ကို တစ္ဆေတစ်ကောင်လို ခြောက်လှန့် နေဦးမည်သာ ဖြစ်ပါတော့သည်။
Monday, 9 April 2012
အိမ်မဟုတ်သောအိမ်
“ကလင်... လင်...  လင်... ကလင်...”
နှိုးစက်မြည်သံ ထွက်လာသည်နှင့် ကျင့်သားရနေသည့် လက်တို့ က နှိုးစက်ကို ပိတ်ပြီးသား ဖြစ်နေ၏။ ထို့ နောက် တဘက်ကုတင်တွင် အိပ်နေသည့် အခန်းဖော် သူငယ်ချင်းကို လှမ်းကြည့်လိုက်တော့... တရှူးရှူးဖြင့် အိပ်မောကျနေသည်ကို တွေ့ လိုက်ရမှ စိတ်သက်သာရာ ရမိ၏။ သူငယ်ချင်းက မနက် 8:30 နာရီမှ အလုပ်သွားရမည်မို့ အိပ်ကောင်းတုန်း ဖြစ်သည်။ အလုပ်ပင်ပန်းကြသူ အချင်းချင်း မိမိကြောင့် တပါးသူကို နှောင့်ယှက်မိသလို ဖြစ်မည်ကိုတော့ စိုးရိမ်မိသည်။ နာရီကို ကြည့်လိုက်တော့ ၅း၂၀ နာရီ သာရှိသေးသည်။ ဟိုးအရင် Morning Shift ဆင်းချိန်တွေက ပုံမှန် ၅း၃၀ မှ ထလေ့ရှိသော်လဲ ဒီနေ့ တော့ မနိုးမှာ စိုးရိမ်သောကြောင့် နှိုးစက်ကို စောပေးထားခြင်း ဖြစ်၏။ ပုံမှန်ထက် နဲနဲစောနေသေးသည့် အပြင် ကျိန်းစပ်နေသည့် မျက်လုံးတို့ ကြောင့် မျက်လုံးမှိတ်ပြီး ခဏပြန်မှိန်းလိုက်သည်။ မှေးခနဲ ဖြစ်သွားပြီး ဖျတ်ကနဲ လန့် နိုးလာချိန် နာရီကို ကြည့်လိုက်တော့ ၅း၄၅ ရှိနေပြီ ဖြစ်၏။ နောက်ကျနေပြီမို့ ကဗျာကယာ အိပ်ယာမှထ သွားတိုက်၊ မျက်နှာသစ်၊ ရေချိုးသန့် စင်ကာ အဝတ်အစားလဲပြီးနောက် အိမ်ပြင်ဘက် လမ်ပေါ်ကိုရောက်တော့ ၆နာရီကိုပင် စွန်းစွန်းကျော်နေပြီဖြစ်၏။ ဖယ်ရီစီးရန် Tampines MRT ကို အပြေးတပိုင်းဖြင့် လမ်းလျှောက်လာရင်း သူငယ်ချင်း ဖြစ်သူကို ဖုန်းခေါ်လိုက်သည်။
“ဟလို... အေး... နေသူ... မင်း... အခုဘယ်မှာလဲ...”
“.......     ...........      ...........”
“ဒါဆို အတော်ဘဲ... ငါ့အတွက်လဲ ထမင်းကြော် ဖြစ်ဖြစ် ခေါက်ဆွဲကြော် ဖြစ်ဖြစ် တစ်ပွဲလောက် ဝယ်ခဲ့ပေးပါဦး”
“.........  ..........  .........”
“အေး... အေး... ကျေးဇူး သယ်ရင်း...”
ကျွန်တော် ဖယ်ရီပေါ်ကို ရောက်တော့ ထိုင်ခုံပေါ် မထိုင်ရသေးခင်မှာပင် ကျွန်တော့်ကို စောင့်နေဟန် တူသည့် ကားက ချက်ချင်းမောင်းထွက်သည်။ ကျွန်တော် ထိုင်ခုံတွင် ဝင်ထိုင်လိုက်တော့ သူငယ်ချင်း ဖြစ်သူ နေသူက-
“မင်း... ဒီနေ့ နောက်ကျတယ်။ ကားသမားက ထွက်မယ် တကဲကဲ လုပ်နေလို့ ခဏနေပါဦးလို့ ပြောထားရတယ်”
“အေး... ကျေးဇူးတင်ပါတယ်ကွာ။ ပြန်အိပ်ပျော်သွားလို့ မင်းလဲ သိတဲ့အတိုင်းဘဲလေ။ ခုတလော အရမ်းပင်ပန်းနေပြီ”
“အေးပါ ငါသိပါတယ်... ဒါနဲ့ မင်းတရုတ် နှစ်ကောင်က ဘယ်တော့ ပြန်လာမှာလဲ”
“မနက်ဖြန် ပြန်လာမယ်... ဒီနေ့ ပြီးရင်တော့ ဝဋ်ကျွတ်ပါပြီ။ ပြန်လာဦးမှဘဲ ငါလဲ တော်တော်လေး ပြိုင်းနေပြီ။ ငါ... ခဏမှေးလိုက်ဦးမယ်ကွာ”
ဟုတ်သည်။ ခုတလော အလုပ်တွေက တောက်လျှောက်ကျနေသည့်အပြင် စက်ရုံမှ တရုတ်တချို့ Christmas နှင့် New Year ပိတ်ရက်ရှည်တို့ တွင် ခွင့်ယူပြီး အိမ်ပြန်သွားကြ၏။ လူမရှိသောကြောင့် ရှိသည့်လူများ တရက်မှ မနားရဘဲ ပိတ်ရက်မရှိ အလုပ်ကို တောက်လျှောက်ဆင်းရသဖြင့် တော်တော်လေး ပင်ပန်းနေကြပြီ။ ဒီတပတ်ထဲဆိုလျှင် ကျွန်တော် ပိုပင်ပန်းသည်။ ကျွန်တော်တို့ အလုပ်က ပုံမှန်ဆိုလျှင်  Morning Shift, Afternoon Shift, Night Shift ဆိုပြီး Three Shift ကို တစ်လတစ်ကြိမ် Rotate လှည့်ခြင်းဖြစ်သည်။ ထိုသို့ Shift ချိန်းသည့် လကုန်ရက်တွင် တနင်္ဂနွေနေ့ ကို ပုံမှန်ဆိုလျှင် ပိတ်လေ့ရှိ၏။ သို့ သော် ဒီရက်ပိုင်း အလုပ်တွေ ကျနေသဖြင့် တနင်္ဂနွေနေ့ ကိုပါ အလုပ်ဆင်းရသည်။ တနင်္ဂနွေနေ့ အလုပ်ဆင်းရမည် ဆိုလျှင်ပင် များသောအားဖြင့် Morning Shit နှင့် Afternoon Shift တို့ ကိုသာ ဆင်းခိုင်းလေ့ ရှိပြီး Night Shift လူများကိုတော့ အနားပေးလေ့ ရှိသည်။ သို့ သော် ဒီတပတ်တွင်တော့ အလုပ်များကျနေသည့် အပြင် လူကလဲ မရှိသဖြင့် တစ်လလုံး Night Shift ဆင်းခဲ့ရသည့် ကျွန်တော် Shift ချိန်းသည့် ခုတပတ် စနေနေ့ က Night Shift ဆင်းပြီး တနင်္ဂနွေနေ့ မနက် 7:00 နာရီပြန်၊ Afternoon Shift 3:00 နာရီအလုပ်ပြန်ဝင်၊ 11:00 နာရီအလုပ်ပြန်ထွက်ပြီး တနင်္လာနေ့ Morning Shift 7:00 နာရီ အလုပ်ပြန်ဝင်ရသဖြင့် လူလဲ အိပ်ချိန်နဲရသည့် အထဲ နေ့ တွေ၊ ညတွေမှား အိပ်မရဖြစ်ကာ အိပ်ရေးပါပျက်ပြီး တော်တော်လေး ပင်ပန်းသွားခြင်း ဖြစ်သည်။
ဒါတွေကို မြန်မာပြည်က လူတွေကို ပြန်ပြောပြလျှင် အပိုပြောသည် ထင်ကြသည်။ သူတို့ ထင်သည်က နိုင်ငံခြားတွင် အေးအေးဆေးဆေး ကောင်းကောင်းနေ ကောင်းကောင်းစားပြီး ငွေကို သက်တောင့်သက်သာဖြင့် ရသည်ဟု ထင်နေကြ၏။ ဒီကလူတွေ ဘယ်လိုနေ ဘယ်လိုစားဖြင့် အနေဆင်းရဲ၊ အစားဆင်းရဲဖြင့် နေကြရသည်ကို သူတို့ မသိကြချေ။ ပြောပြလျှင်လဲ မယုံကြသည့်နောက် ကျွန်တော်လဲ ဘာမှ ထပ်မရှင်းပြချင်တော့။ ကိုယ်ပင်ပန်းတာ ကိုယ်သာသိ၊ ကိုယ့်ဝမ်းထဲသာ ထားလိုက်တော့သည်။ ထို့ ကြောင့် ခုနောက်ပိုင်း မေးလာလျှင် စကားအများကြီး မပြောချင်တော့သဖြင့် အစစ အရာရာ အဆင်ပြေသည်ဟုသာ ပြီးပြီးရော ဖြေလိုက်သည်။ ဒီနေ့ လဲ ညနေ 3:00 နာရီ ပြန်ရန် စိတ်ကူးထားသော်လဲ အလုပ်တွေ မပြတ်သဖြင့် ည 7:00 နာရီထိ ဆင်းပေးခဲ့ရပြန်သည်။ လူကတော့ အရမ်းပင်ပန်းပြီး နုန်းချိနေပြီ ဖြစ်သည်။ အိမ်အပြန်လမ်းတွင် Tampines MRT မှ တဖွဲဖွဲကျနေသည့် မိုးဖွဲများအောက်မှ လမ်းလျှောက်ပြန်လာခဲ့သည်။
"ပြန်လာပြီလားဗျ..."
"ဟုတ်ကဲ့ ပြန်လာပြီ အစ်ကို"
မီးဖိုခန်းမှ ထမင်းစားပြီး ထွက်လာဟန်တူသည့် အိမ်ရှင်အစ်ကိုက နှုတ်ဆက်လာခြင်း ဖြစ်သည်။ ထို့ နောက် သူလဲ သူ့ အခန်းဝင်သွားသည်။ ကျွန်တော်လဲ ကိုယ့်အခန်းကိုယ်ဝင်လာခဲ့လိုက်သည်။ ဒီနိုင်ငံတွင် တစ်အိမ်ထဲ နေကြသော်လဲ အလာသ ပလာသ ပြောဖို့ အချိန်သိပ်မရှိကြ။ အားလပ်ချိန် ခဏကို ကိုယ့်ဘာသာကိုယ် အဆင်ပြေသလိုလေး အပန်းဖြေဖြစ်ကြ၏။ တစ်အိမ်ထဲ နေကြသူများ မပြောနှင့် တစ်ခန်းထဲ နေသူခြင်းပင် သိပ်မတွေ့ ဖြစ်၊ စကားမပြောဖြစ်ကြပေ။ ရေစိုအဝတ်များနှင့် ဝတ်ပြီးသား အဝတ်ဟောင်းများကို အဝတ်လျှော်စက်ထဲထည့် လျှော်လိုက်သည်။ ထို့ နောက် ရေချိုးခန်းတွင်းဝင်ကာ ရေကို စိမ်ချိုးနေလိုက်သည်။ အိမ်တွင် ဒီလိုသာ ရေကို စိမ်ချိုးနေလျှင် မိခင်ဖြစ်သူ အော်ပေလိမ့်မည်။ ဒီနိုင်ငံမှာတော့ မိခင်ဖြစ်သူလို စိုးရိမ်ပြီး အော်မည့်သူမရှိဟု ဘာရယ်မဟုတ် တွေးမိလိုက်သေးသည်။ ရေချိုးလိုက်သဖြင့် နဲနဲလန်းသွားသည်။ ထို့ နောက် ပင်ပန်းနေပြီ ဖြစ်သဖြင့် ညစာကို ဖြစ်သလိုဘဲ  ပြင်ဆင်ချက်ပြုတ်ရင်း အဆင်သင့် လက်ဆေး စားသောက်ခဲ့ရသည့် ထမင်းဝိုင်းလေးကို လွမ်းဆွေးမိသည်။
"ညီရဲ... ညီ ရဲ... ထတော့လေ... မင်း... အလုပ်မသွားဘူးလား... "
"ဟင်း... ဟင်း... အင်း..."
"ဟာ... ကိုယ်တွေပူနေပါလား... မင်းဖျားနေပြီ... "
"အင်း... ဟုတ်တယ် ငါနေမကောင်းလို့ ဒီနေ့ အလုပ်မသွားတော့ဘူး"
"မင်း... အရမ်းဖျားနေတယ်... တစ်ယောက်တည်း ဆေးခန်းသွားလို့ ဖြစ်ပါ့မလား"
"ဖြစ်ပါတယ်... မင်းလဲ အလုပ်သွားရမှာဘဲ။ စိတ်မပူပါနဲ့ သွားပါ"
"အေး... တစ်ခုခုဖြစ်ရင် ငါ့ကို ဖုန်းဆက်လိုက်နော်"
အဖျားရှိန်က တရှိန်ရှိန်ဖြင့် တက်နေပြီး ခေါင်းထဲတွင် မူးနောက်နေ၏။ အလုပ်ပင်ပန်းသည့်ဒဏ်၊ အိပ်ရေးပျက်သည့်ဒဏ်တို့ ကို စုခံရခြင်းကြောင့် ကိုင်ရိုက်ထားသလို တကိုယ်လုံးကိုက်ခဲနေသည်။ အိမ်ရှိ လူအားလုံး အလုပ်သွားနေကြ သဖြင့် ဆေးခန်းသို့  အဖော်လိုက်ပေးမည့်သူမရှိ။ ရွာမှာဆိုလျှင်တော့ နေမကောင်းဖြစ်၍ ဆေးခန်းသွားတိုင်း ဖခင်ဖြစ်သူက အမြဲလိုက်ပို့ လေ့ရှိသည်။ ဆေးခန်းသို့  အားတင်းပြီး ကိုယ့်ဘာသာကိုယ် မနည်းလျှောက်လာခဲ့ရသည်။ ဆေးခန်းကို ရောက်၍ အဖျားတိုင်းတော့ အပူချိန်က ၁၀၃တောင်ရှိ၏။ အဖျားရှိန်ဖြင့် ဆေးခန်းတွင် ထိုင်စောင့်ရင်း အိပ်ပျော်နေသဖြင့် ဆေးခန်းမှ အန်တီကြီးက လာနှိုးရသည်။ ရေခြားမြေခြားကို ရောက်တာကြာပြီ ဖြစ်သဖြင့် နေသားကျနေပြီ ဆိုသော်လဲ ခုလို ဖျားတော့ အားငယ်မိသည်။ အိမ်၏ အငွေ့ အသက်ကို ပို၍ လွမ်းဆွေးမိသလို ဖခင်နှင့် မိခင်တို့ ကို ပို၍ တမ်းတမိသည်။ ထို့ ကြောင့် အားငယ်စိတ်ဖြင့် အိမ်ကို ဖုန်းခေါ်မိ၏။
"ဟလို... အမေလား... သားပါ"
"အငယ်လေးလား... သားနေကောင်းရဲ့ လား... ညက အိပ်မက်တွေ မကောင်းလို့ အမေ စိတ်ပူနေတာ"
ရှေ့ဆက်ပြောမည့် ကျွန်တော့် နှုတ်တို့ ဆွံအသွား၏။ ဖြစ်နိုင်လျှင် အမေ သားအရမ်း နေမကောင်း ဖြစ်နေတယ်ဟု အမေ့ရင်ခွင်ထဲ ခေါင်းတိုးပြီး အော်ဟစ်ငိုကြွေးလိုက်ချင်မိသည်။ သို့ သော် အဝေးရောက်နေသည့် သားဖြစ်သူအတွက် အမြဲစိတ်ပူနေတတ်သည့် မိခင်ကို ထပ်၍ စိတ်သောက မရောက်စေလိုတော့။ မိမိ နေမကောင်း ဖြစ်နေကြောင်း သိလျှင် ပို၍ စိတ်ပူနေလိမ့်မည်။ ထို့ ကြောင့် သာကြောင်းမာကြောင်း ပြောဆိုပြီး ဖုန်းချလိုက်သည်။ ဖုန်းချခါနီး-
"ကျန်းမာရေးကိုတော့ ဂရုစိုက်နော်သား"
ဟူသော မိခင်ဖြစ်သူ၏ အမှာစကား အဆုံးတွင် ယောင်္ကျားတန်မဲ့ မျက်ရည်တို့ က ဝဲတက်လာသည်။ ဆေးခန်းမှ ပြန်လာပြီးနောက် ဆေးသောက်ရန်အတွက် ကိုယ့်အားကိုယ်ကိုးပြီး ဆန်ပြုတ်ပြုတ်ရပြန်သည်။ ရင်တွေ တလှပ်လှပ်တုန်ပြီး မျက်လုံးတို့ ပြာဝေနေသဖြင့် ဖြစ်နိုင်လျှင် အိပ်ယာထဲမှာဘဲ ခွေနေချင်သည်။ သို့ သော် ဆေးသောက်ဖို့ အတွက် ဗိုက်ထဲတွင် အစာရှိဖို့ လိုသည်။ အိမ်တွင် နေမကောင်းဖြစ်လျှင် ဗိုလ်လုပ်ပြီး ဆန်ပြုတ်မသောက်ချင်ဘူး မြူစွမ်မှ သောက်မယ်။ အမေ ဆရာဝန်က ကြက်သားကြော် စားလို့ ရပြီတဲ့ ကြက်သားကြော်ပေးပါဦး ဆိုသည့်ခောတ်က ကျန်ခဲ့ပြီ။ ခုတော့ ကိုယ့်အားကိုယ်ကိုးထားသည့် ခနောဆန်ပြုတ် နွေးနွေးလေးကို သောက်ရင်း နေကောင်းသွားပြီလားဟု နဖူးကို စမ်းရင်း အေးကွာ ငါလဲ အလုပ်မအားတာနဲ့ မင်းကို ဘာမှတောင် လုပ်မပေးနိုင်ဘူး ဟု ဆိုလာသည့် သူငယ်ချင်းကို လည်းကောင်း၊ နေမကောင်းဟု ကြားသဖြင့် ဖုန်းဆက်မေးလာကြသည့် သူငယ်ချင်းများကို လည်းကောင်း ကျေးဇူးတင်မိသည်။ အလုပ်နှင့်အိမ်ကြား ပြေးလွှားရင်း အချိန်လုနေရသည့် သူတို့ ဘဝတွေကို ကျွန်တော် စာနာကိုယ်ချင်းစာပါသည်။ ရေခြားမြေခြားတွင် နွေးထွေးမှု တချို့ ပျောက်ဆုံးနေသည့် အိမ်ဆိုသည်က ကျွန်တော်တို့ အတွက် အလုပ်ချိန်ပြီး၍ ခေတ္တခဏ ကွန်းခိုရာ၊ ကျောချညအိပ်စရာ နေရာထက်မပိုဟု ထင်မိသည်။ ကျွန်တော်တို့ တွေ လက်ရှိနေနေသည့် အိမ်ကလဲ အိမ်ဘဲ ဖြစ်ပါသည်။ သို့ သော်... သို့ သော်...
Friday, 30 March 2012
ဧပရယ်ဖူးလ်
ကြေးမုံရိပ်အတွင်းတွင် ပြေပြစ်ချောမွေ့ သည့် ရုပ်သွင်တစ်ခု...။ စိတ်တိုင်းကျ ခြယ်မှုန်းမွန်းမံ ပြီးသည့်တိုင်အောင် စိတ်တိုင်းမကျနိုင်သလို ခံစားရသည်။ ထို့ ကြောင့် မိတ်ကပ်နဲနဲ ထပ်ဖို့ လိုက်သည်။ မျက်တောင်ကို နဲနဲထပ်ကော့လိုက်သည်။ နှုတ်ခမ်းနှစ်လွှာကို ကာလာ ထပ်တင်လိုက်သည်။ ထပ်မံ၍ စိတ်တိုင်းကျ နောက်တစ်ကြိမ် ခြယ်မှုန်း ဖြစ်ပြန်ပြီ။ မိမိချစ်သူ ရှေ့တွင် အလှဆုံး ဖြစ်နေချင်သည် ကတော့ မိန်းကလေးတို့  သဘာဝဖြစ်မည်။ မောင့်ကို စိတ်မပျက်စေချင်... မောင့်မျက်လုံးထဲတွင် သူမ အလှဆုံး ဖြစ်နေချင်သည်။ ခုလို ပြင်ဆင်ခြယ်သ ထားခြင်းတို့ က မောင့်အတွက်သာ ဖြစ်သည်။ မောင်နှင့် သူမတို့ အတွက် ပထမဆုံးသော အထိမ်းအမှတ်နေ့ လေးကို မောင်နှင့်အတူ ကြည်ကြည်နူးနူးလေး ဖြတ်သန်းသွားချင်သည်။ မောင်နှင့် ချစ်သူတွေ ဖြစ်တာ ဒီနေ့ တစ်လပြည့်သည့်နေ့ ....။ ချစ်သူသက်တမ်း တိုတောင်းလှသော်လဲ မောင့်ကို အလွန်ချစ်သည်။ မောင်လဲ သူမကို ထပ်တူချစ်မြတ်နိုးသည်ကို သိပါသည်။ ထို့ ကြောင့် မောင့်ကို ပို၍ မြတ်နိုးမိရခြင်းလဲ ဖြစ်သည်။ မှန်တင်ခုံပေါ်မှ နာရီကို ကြည့်လိုက်တော့ နာရီလက်တံက နံနက် ၉နာရီ ၅၅မိနစ်ကို ညွှန်ပြနေသည်။ ဆယ်နာရီတောင် ထိုးတော့မှာပါလား။ ဆယ်နာရီ လာခေါ်မယ် ပြောထားပြီး ခုထက်ထိ မရောက်သေးဘူး။ နောက်ကျလို့ ကတော့ စိတ်ကောက်ပစ်လိုက်မည်ဟု စိတ်ထဲမှ တေးထားလိုက်သည်။ ထိုစဉ် ရှေ့ဧည့်ခန်းဘက်မှ စကားသံကြားရသဖြင့် ပြေးထွက် ကြည့်လိုက်တော့ အဆောင်ပိုင်ရှင်နှင့် စကားလက်ဆုံကျနေသည့် မောင့်ကို တွေ့ လိုက်ရသည်။
"မောင်... ရောက်နေရင်လဲ ခေါ်ခိုင်းလိုက်ရောပေါ့"
"ခေါ်ခိုင်းမလို့ ပါဘဲ... ဒါပေမယ့် မေဇင်တို့ အဆောင်ပိုင်ရှင် အကြောင်းလဲ သိတဲ့အတိုင်းဘဲလေ စကားကို ရေပက်လို့ မဝင်အောင်ကို ပြောတာ... မောင်... စကားစလို့ ကို မရဘူး... ပြီးတော့ မောင့်ကောင်မလေး အလှပြင်နေတာကို နှောင့်ယှက်မိလို့ အလှတွေ လျော့ကုန်မှာလဲ စိုးလို့ မခေါ်ဖြစ်တာ"
"ဟင်း... စကားတွေ သိပ်တတ်နေနော်... နောက်ပြီး အားနာနော် အားနာနေ... ဘယ်တော့ ခါးပါမယ် မသိဘူး"
"ဟာ... မေဇင်ကလဲ လူကြီးကို မဟုတ်တာ..."
"လူကြီးကို ပြောတာ မဟုတ်ပါဘူး။ ကျောင်းကဟာတွေနဲ့ ကို ပြောတာပါ။ မပြောလိုက်ချင်ဘူး တရုန်းရုန်းနဲ့ မျက်စိကို နောက်နေတာဘဲ"
"သြော... စကားတွေက ဘယ်ရောက် သွားပြန်တာတုန်း"
"ဘာလဲ တည့်တည့်ထိသွားလို့ လား"
မချိုမချဉ်အပြုံး၊ ချစ်စဖွယ် မျက်နှာပေးလေးဖြင့် ပြောလာသည့် သူမကို ကြည့်ပြီး အသည်းယားသွားမိသည်။ ဒီလို မျက်နှာပေး၊ ဒီလို အပြုံးမျိုးနှင့် အမူအယာများကြောင့်လဲ သူမကို မြတ်နိုးစွဲလန်း ရခြင်းဖြစ်၏။ ဒီလို ချစ်သူတစ်ယောက်ကို ပိုင်ဆိုင်ခွင့်ရခြင်းက သူ့ အတွက်တော့ ကံကောင်းခြင်း လက်ဆောင် တစ်ခုဖြစ်သည်။
"ကဲ... အပိုတွေ ပြောမနေနဲ့  ဒေါ်မေဇင် သွားစို့ ..."
"ဟင်း... ကံကောင်းတယ် မှတ်ပါနော်... ဒီက နောက်ကျနေပြီ မှတ်လို့ စိတ်ကောက်ဖို့ ပြင်ထားတာ"
"သိပါတယ်... ဒါကြောင့် နောက်မကျအောင်ကို သတိထားပြီး လာခဲ့တာ... ဒါနဲ့ နေပါဦး ချစ်သူတွေ ဖြစ်ပြီးကတည်းက စိတ်ကောက်ဖို့ ဘဲ ချောင်းနေတာလား။ နဲနဲလေး ထစ်ကနဲရှိ စိတ်ကောက်မယ် ဆိုတာချည်းဘဲ... ဒီဘက်ကိုလဲ နဲနဲလောက်ဖြစ်ဖြစ် ဖြည့်တွေးပေးပါဦးလား"
"မတွေးပေးပါဘူး ဘာလို့ တွေးပေးရမှာလဲ စိတ်ကောက်စရာ ပေါ်လာရင်တော့ စိတ်ကောက်မှာဘဲ။ မောင်လဲ ချော့စရာ ရှိတာကို ချော့ပေါ့"
ခေါင်းတခါခါဖြင့် ရှေ့မှ ထွက်သွားသည့် မောင့်နောက်မှ လိုက်လာရင်း ပြုံးလိုက်မိသေးသည်။ နွဲ့ ဆိုးဆိုးတတ်သည့် သူမကို ခုလို ဂရုစိုက်ခြင်းကြောင့်လဲ မောင့်ကို အချစ်ပိုရခြင်း ဖြစ်၏။
"ဘယ်သွားကြမလဲမောင်..."
"ရွှေတောင်မြို့ မှာ အိုဆာဂါခေါက်ဆွဲ သွားစားကြမယ်။ ပြီးအပြန်မှာ ရှင်လှိုဏ်ဂူဘုရားကို ဝင်ကြမယ်"
"အဝေးကြီးဘဲ မောင်ရယ်.... ပြည်မြို့ ထဲမှာဘဲ တစ်ခုခုစားပြီး ရွှေဆံတော်ဘုရား တက်ကြအောင်"
"မဝေးပါဘူး မေဇင်ရယ်... ဒီလိုပြောမှာကို သိလို့  ဆိုင်ကယ်ထားခဲ့ပြီး မောင်... ကားယူလာခဲ့တယ်။ ညနေဘက် နေအေးမှ ရွှေဆံတော်ဘုရားပေါ် တက်ကြတာပေါ့ ဟုတ်ပြီလား"
"ဒါနဲ့ သူငယ်ချင်းတွေကို ဒီနေ့ မှာ တစ်လပြည့် အမှတ်တရ ထမင်းကျွေးမယ်ဆို"
"အင်းပါ မောင်စီစဉ်ထားပါတယ်။ သွားကြမယ်လာ... ကားပေါ်တက်"
ကားလေးက ရန်ကုန်-ပြည်လမ်းပေါ်တွင် တရိပ်ရိပ်ဖြင့် ပြေးနေသည်။ နဝဒေးတံတားအောက်မှ အဖြတ်တွင် ဧရာဝတီမြစ်ကြီး တဖက်ကမ်းကို ကြည့်ပြီး ဘာရယ်မဟုတ် အိမ်ကို သတိရလိုက်မိသည်။ ခုလို လျှောက်သွားနေသည့် အဖြစ်ကို မေမေသာသိလျှင် သတ်မည်ဟုလဲ တွေးလိုက်မိသည်။ မောင့်အလိုကျသာ လိုက်လာခဲ့ရပေမယ့် အိုဆာဂါခေါက်ဆွဲကို သူမ သိပ်မကြိုက်လှပါ။ သို့ သော် မောင်ကတော့ ရွှေတောင်ခေါက်ဆွဲ၊ အိုဆာဂါခေါက်ဆွဲတို့ ကို အလွန်ကြိုက်သည်။ ပြည်မြို့ မှ ရွှေတောင်မြို့ သို့ မကြာမကြာ သွားစားလေ့ရှိသည်။ မောင်နှင့် ခုလိုတွေ လျှောက်လည်ရသည်ကို ပျော်ပါသည်။ သို့ သော် သူမ ပြည်မြို့ တွင် ကျောင်းတက်ရင်း ချစ်သူရနေသည်ကို မေမေ မသိသေး။ မေမေသာ သိသွားလျှင် မည်သို့ တုန့် ပြန်လာမည်ကို သူမ မသိပေ။ ဒီတခေါက် အိမ်ပြန်လျှင်တော့ မေမေ့ကို ဖွင့်ပြောလိုက်တော့မည်ဟု စဉ်းစားထားသည်။ နို့ မို့ သူများ ပြန်ပြောမှ သိရလျှင် မေမေ အလွန်စိတ်ဆိုး ပေလိမ့်မည်။ ဖွင့်ပြောဖို့ အတွက်ကိုလဲ သူမ စိတ်က စိုးရွံနေမိပြန်သည်။ ငယ်စဉ်ကတည်းက ဒီအရွယ်ထိ သူမ ဘာလုပ်လုပ် မေမေကို အရင်အမြဲ တိုင်ပင်လေ့ရှိ၏။ သို့ သော် ဒီတစ်ကြိမ်တွင် သူမ သဘောဖြင့် သူမ ဆုံးဖြတ်ခဲ့မိသည့် အတွက် မေမေ အပြစ်များ ပြေမည်လားဟု စိုးထိတ်နေမိသည်။ ဘာဖြစ်ဖြစ် ဒီတစ်ခေါက် ပြန်လျှင် မေမေကို ဖွင့်ပြောလိုက်တော့မည်။
"ဘာတွေ ဒီလောက် စဉ်းစားနေတာလဲ မေဇင်"
မောင့်... စကားသံကြားမှ သတိပြန်ဝင်လာမိသည်။
"မောင်... ခေါက်ဆွဲဆိုင်ကို ကျော်လာပြီလေ။ ဘယ်ကို ဝင်စရာ ရှိသေးလို့ လဲ"
အပေါင်းအသင်းများသည့် မောင့်အကြောင်းကို သိသဖြင့် မေးကြည့်လိုက်သည်။ မောင်က ဘာမှ ပြန်မပြော ကားကိုသာ ဂရုစိုက် မောင်းနေသည်။ ကားလေးက ရွှေတောင်မြို့ ကိုပင် ကျော်လွန်လာသည်။ ရန်ကုန်-ပြည်လမ်း ပေါ်တွင် ကားလေးက တရိပ်ရိပ်ဖြင့် ပြေးနေသည်။ ကားကြီး၊ ကားငယ်များ တဝှီးဝှီးဖြင့် အနားမှ ဖြတ်ဖြတ်သွားသည်။ လယ်ကွင်းစိမ်းစိမ်းမျာ၊ သစ်ပင်တန်းများ နောက်ဘက်တွင် ကျန်ရစ်ခဲ့သည်။ တိတ်ဆိတ်နေသည့် မောင့်ကို ကြည့်ရင်း ထူးခြားမှု တစ်ခုကို ခံစားလိုက်ရ၏။ မောင်ခုလို တိတ်ဆိတ်နေခြင်းက ပုံမှန်မဟုတ်...
"မောင်... ခေါက်ဆွဲစားမယ် ဆိုပြီး ဘယ်ကို မောင်းလာတာလဲ။ ဘယ်ထိ သွားမလို့ လဲ..."
စကားမပြန်ဘဲ ကားကိုသာ ဂရုတစိုက် မောင်းနေသည့် မောင့်ကိုကြည့်ရင်း သူမ တုန်လှုပ်လာမိသည်။ ခေါင်းထဲ အတွေးတစ်ခုက ဖြတ်ကနဲ ဝင်လာသည်။ သူမ ယုံကြည်မြတ်နိုးရသည့်မောင် ဒီလို လုပ်မည်ဟု မယုံကြည်ပါ။ ထို့ ကြောင့် မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူးဟု တွေးလိုက်ပြီး အတွေးတို့ ကို မောင်းထုတ်လိုက်သည်။
"ဘယ်သွားမယ် ဆိုတာ မေဇင့်ကို ပြောဦးလေ။ မောင်... မေးနေတာဖြေဦးလေ"
ဘာစကားပြန်မှ မရသဖြင့် သူမ နဲနဲဒေါပွသွားပြီး မောင့်ပုခုံးကို ဆွဲလှုပ်ပြီး မေးလိုက်သည်။ မောင်... သူမကို ဘာကြောင့် ဒီလိုဆက်ဆံတာလဲဟု တွေးရင်း ဝမ်းနည်းဆို့ နင့်လာမိသည်။
"မေဇင့်ကို မောင်... ခိုးလာတာ... လက်ပံတန်းမြို့ မှာ မောင့်အဘိုးအဘွားတွေ ပိုင်တဲ့ခြံတစ်ခြံ ရှိတယ်။ ခုအဲဒီကို သွားနေတာ"
"ဘာ... မောင် ... ဘာပြောလိုက်တယ်"
မဖြစ်နိုင်ပါဘူးဟု သူမ တွေးမိသည့် အရာက တကယ် ဖြစ်လာသည်။ သူမ အံသြတုန်လှုပ် သွားမိသည်။ ဝမ်းနည်းဆို့ နင့်သွားပြီး ရင်ထဲနာကျင်သွားသည်။ မောင့်ကိုလဲ လုပ်ရက်လေခြင်းဟု စိတ်နာချင်မိသည်။ ဒီိလိုတော့ လုပ်လို့ မဖြစ်....
"မောင်... မလုပ်ပါနဲ့ ဒီလို မလုပ်ပါနဲ့ ... မေဇင်တို့ ကျောင်းမပြီးသေးဘူးလေ။ ကျောင်းပြီးရင် လက်ထပ်ဖို့ ကိုလဲ ပြောထားပြီးသားလေ။ ဘာကြောင့် ဒီလိုလုပ်ရတာလဲ... ပြီးတော့ မေဇင်တို့ ချစ်သူတွေ ဖြစ်ကြတာလဲ ဘာမှ မကြာသေးဘူး။ ခုလို ခိုးရာလိုက်သွားတာကို မေမေတို့ သိရင် မေဇင့်ကို သတ်လိမ့်မယ်။ မေဇင့်ကို သနားပါဦး မောင်ရယ်..."
"မောင်... ဘာမှ မသိချင်ဘူး။ မေဇင့်ကို ချစ်တယ်။ မေဇင်နဲ့ မခွဲနိုင်ဘူး။ မေဇင်နဲ့ ဝေးရင် မောင်... ရူးလိမ့်မယ်။ ဒါကြောင့် မေဇင့်ကို ပိုင်ဆိုင်ခွင့်ရဖို့ ခုလို လုပ်ရတာဘဲ"
"ဒီလို မေဇင့်ကို ပိုင်ဆိုင်လိုက်လို့ မောင်နဲ့ မေဇင်တို့ ပျော်ရမယ်လို့ ထင်လား။ မေဇင့်ကို မောင် တန်ဖိုးမထားဘူး။ မေဇင့်ဘက်ကို ထည့်မတွေးပေးဘူး။ ချစ်သူတွေ့ ရင် မေမေ့ကို ဖွင့်ပြော ခိုးရာလိုက်သွားတာတို့ ဘာတို့ ဆိုရင်တော့ ခွင့်မလွှတ်ဘူးလို့ မေမေက အပြတ်ပြောပြီးသား။ ခိုးရာလိုက်သွားတယ် ဆိုတာကို သိတာနဲ့  မေဇင့်ကို သမီးအဖြစ် အသိအမှတ်ပြုတော့မှာ မဟုတ်ဘူး။ မေဇင် သမီဆိုး တစ်ယောက် ဖြစ်သွားလိမ့်မယ်။ ဒီလို မလုပ်ပါနဲ့ မောင်ရယ် တောင်းပန်ပါတယ်"
ပထမဆုံးသော ချစ်သူများ အထိမ်းအမှတ်နေ့ လေးက ရုပ်ဆိုးအကျည်းတန် သွားသလို ခံစားလိုက်ရသည်။ မောင်သူမကို တန်ဖိုးမထားသည့် အတွက်လဲ ဝမ်းနည်းတုန်လှုပ်မိသည်။ ရှေ့ဆက် ဖြစ်လာမည့် အကြောင်းအရာတို့ ကို သူမ  ဆက်မတွေးရဲတော့။ ရင်ထဲတွင် ဝမ်းနည်းရိပ်တို့ က ရစ်သိုင်းဖွဲ့ လာသည်။ ရှေ့မှ ကားဒက်ဘုတ်ပေါ် ခေါင်းတင်ပြီ တရှုတ်ရှုတ်ဖြင့် ငိုရှိုက်နေမိသည်။ ဟိုအရင်က ဆိုလျှင် သူမ ဝမ်းနည်ဆို့ နင့်ဟန်ကို မြင်လျှင်ပင် ပြာပြာသလဲ ချော့တတ်သည့်မောင် ခုချိန်ထိ စကားတစ်ခွန်းပင် မဆိုသည့် အတွက် ပို၍ ကြေကွဲ ဝမ်းနည်းမိသည်။ မောင်... သူမကို တကယ်မချစ်ဟုလဲ ခံစားလိုက်မိသည်။ ဝမ်းနည်းစိတ်ဖြင့် သူမ ရှိုက်ကာရှိုက်ကာ ငိုနေမိ၏။ ထိုစဉ် ကားရပ်သွားသည်။ သူမကတော့ အငိုမရပ်သေး... ကားတံခါးဖွင့်သံ ထို့ နောက် ရယ်သံတို့ နှင့်အတူ ဧပရယ်ဖူး ဆိုသည့် အော်သံကြီးကို ကြားလိုက်ရသည်။ သူမ မျက်လုံးဖွင့်ကြည့်လိုက်တော့ ကျောင်းမှ သူငယ်ချင်းများကို တွေ့ လိုက်ရသည်။ သူမ အံသြသွားပြီး မောင့်ကို လှည့်ကြည့်လိုက်တော့ ပြုံး၍ ကြည့်နေသည့် မောင့်ကို တွေ့ လိုက်ရသည်။
"ဧပရယ်ဖူးပါ မေဇင်... မောင်မလုပ်ချင်ပေမယ့် သူတို့ တွေ အတင်းအကျပ်ကိုင်ပြီး ခိုင်းလို့ လုပ်ခဲ့ရတယ်။ ဒီနေ့ တစ်လပြည့် အထိမ်းအမှတ်ပွဲမှာ စားပွဲတစ်ခုနဲ့ ဧပရယ်ဖူး မလုပ်ပေးဘူး ဆိုရင် ရှေ့လျှောက် မောင်တို့ နှစ်ယောက် ကောင်းကောင်း မနေရအောင် နှောင့်ယှက်မယ် ဆိုလို့ လုပ်ခဲ့ရတာပါ။ မောင်... တောင်းပန်ပါတယ်။ မေဇင့်ကို အရမ်းချစ်တယ်။ တန်ဖိုးလဲ ထားပါတယ်။ ဒါတွေက ဧပရယ်ဖူးပါ မေဇင်ရယ်"
"မောင်ရယ်...."
မောင့်ကို မယုံကြည်မိသည့် အတွေးဝင်မိသည့် အတွက်အားနာ သွားမိသည်။ မောင့်... ရင်ခွင်ထဲသို့ တိုးဝင်လိုက်သည်။ မောင်က သူမကို အလိုက်သင့် ထွေးပွေ့လိုက်ရင်း
"အမှတ်တရ ဧပရယ်ဖူးပါ မေဇင်... အဲဒီအတွက်လဲ တောင်းပန်ပါတယ်။ နောက်ဆိုရင် မေဇင့်ကို မောင်... ခုထက်ပို ဂရုစိုက်ပါ့မယ်။ ကဲသွားရအောင် ဒီပြည်တောင်တန်း ရေနံမြေက ရွှေကုက္ကိုလ် ထမင်းဆိုင်မှာ နေ့ လည်စာစားဖို့ မောင်စီစဉ်ထားတယ်"
ခုတော့ မျက်ရည်တွေ ကြားမှ သူမ ပြုံးနိုင်ပါပြီ။ ချစ်သူသက်တမ်းတစ်လပြည့် အထိမ်းအမှတ်ပွဲနဲ့ တိုက်တိုက်ဆိုင်ဆိုင် လာဆုံသည့် ဧပရယ်ဖူးနေ့ ကတော့ သူမတို့ အတွက် အမှတ်တရ
 ဖြစ်နေတော့မည်။ ဒီလို အမှတ်တရနေ့ လေးတွေက ချစ်သူတွေကို ပိုကြည်နူး ပျော်ရွှင်စေသည်လားဟုလဲ တွေးကြည့်မိလိုက်သည်။ သူငယ်ချင်းများ စောင့်နေသည့် ရွှေကုက္ကိုလ် ထမင်းဆိုင်လေးထဲသို့ မောင့်လက်ကိုဆွဲရင်း ဝင်သွားလိုက်သည်။ ခုတော့ သူမလဲ သူငယ်ချင်းများနှင့် ရောပြီး ရယ်မော ပျော်ရွှင်နိုင်ပါပြီ... ကဲ... အားလုံးဘဲ ပျော်ရွှင်ဖွယ် ဧပရယ်ဖူးလေးပါနော်...