Saturday 12 November 2011
သူခိုးကြီးည တစ်ည (၂)
ကျွန်တော်တို့ လက်ဖက်ရည်ဆိုင် ရောက်ပြီး မကြာခင်မှာပင် ကိုရန်နိုင် တစ်ယောက် တရှူးရှူးဖြင့် လက်ဖက်ရည်ဆိုင်သို့ ရောက်လာ၏။ ကျွန်တော်တို့ ဝိုင်းဆီသို့ ဦးတည် လာနေခြင်း ဖြစ်သည်။
“ကိုရန်နိုင်ကြီး လိုက်လာနေပြီ ကိုရဲ...”
တရားခံ နှစ်ယောက်ဖြစ်သည့် ဂီရိနှင့် ကိုသက်တို့ ကြောက်နေကြပြီ ဖြစ်သည်။ 
“မင်းတို့ အသာနေ ဘာမှ ဝင်မပြောနဲ့ ငါ့ဘာသာ ငါကြည့်ပြောမယ် ကြားလား... မင်းတို့ ဖော်လိုဘဲလိုက်”
“ဟေ့ကောင် ညီရဲ... ခုနက မင်းတို့ အဖွဲ့ မဟုတ်လား”
ကိုရန်နိုင် တစ်ယောက် လူက ဝိုင်းကို မရောက်သေးခင် မေးခွန်းက အရင် ရောက်လာသည်။
“ဘာကိုလဲ ကိုရန်နိုင်... ခင်ဗျားဘာကိုမေးတာလဲ။ ကျွန်တော်တို့ လဲ ဘာမှ မသိရပါလား”
“ဘူးမခံနဲ့ ညီရဲ... မင်းတို့ ဆိုတာ ငါသိတယ်”
“ခင်ဗျား ဘာသိတာလဲ။ ကျွန်တော်တို့ ဒီမှာ ထိုင်နေတာ ကြာလှပြီ။ မယုံရင် ဒီဆိုင်က စားပွဲထိုး ကောင်လေးတွေကို ခေါ်မေးလို့ ရတယ်”
ကျွန်တော့် စကားကို ကြားတော့ ကိုရန်နိုင် တချက်တွေကနဲ ဖြစ်သွားသည်။ ကျွန်တော်က ခပ်တည်တည် ပြောလိုက်တော့ သူ့ ဘာသာ သူလဲ ဇဝေဇဝါ ဖြစ်သွားဟန်တူသည်။ ကျွန်တော်ပြောသလိုပင် စားပွဲထိုးဘဲ ခေါ်မေးရမလိုလို ဖြစ်နေ၏။ စားပွဲထိုး ခေါ်မေးလဲ ကျွန်တော့် အတွက်က အကြောင်းမဟုတ် ဒီဆိုင်က ကောင်လေးတွေက ကျွန်တော့် ကောင်လေးတွေ ဖြစ်သည်။ ပြီးမှ ဇဝေဇဝါ လေသံဖြင့်-
“မင်းတို့ ... မင်းတို့ ... ခုနက ငါတို့ လင်မယားကို လာ....”
ကိုရန်နိုင် တစ်ယောက် သူတို့ လင်မယားကို လာချောင်းသည့် ကိစ္စကို ပြောရလဲ ခက်နေသည်။ ကျွန်တော်ကလဲ ခပ်တည်တည်ဖြင့် သူ့ စကားကိုပင် ထောက်ပေးလိုက်သေးသည်။ 
“ခင်ဗျားတို့ လင်မယားကို ဘာဖြစ်လဲ ကိုရန်နိုင်”
“မင်းတို့ ... မင်းတို့ ကွာ...”
ကိုရန်နိုင်တစ်ယောက် လက်ပူးလက်ကြပ် မိခြင်း မဟုတ်သောကြောင့် စွပ်စွဲ မရသဖြင့် ကြိတ်မနိုင် ခဲမရ ဖြစ်နေသည်။ နောက်မှ ပြောစရာ စကားရသွားဟန်ဖြင့်-
“ခုနက ကြက်ခိုးတာ မင်းတို့ အဖွဲ့ မဟုတ်လား။ အိမ်မှာ ယောက်ခမကြီး ပေါက်ကွဲနေတယ်။ စောစောစီးစီး သူ့ ကြက်ပါသွားလို့ တဲ့”
“ကြက်ခိုးတာ ဟုတ်လား။ စောစောစီးစီး ကိုရန်နိုင်ရယ်...။ ဘယ်သူတွေက ဒီလောက် လက်သွက်ကြတာလဲ။ ကျွန်တော်တို့ တောင် ခဏနေမှ လက်ဖက်ရည်ဆိုင်က ထပြီး လုပ်ငန်းစဖို့ လုပ်နေတာ။ ဒါဆို ကျွန်တော်တို့  တောင် နောက်ကျနေပြီ ထင်တယ်”
ကျွန်တော့် စကားကြောင့် ကိုရန်နိုင် ဝေခွဲမရ ဖြစ်သွားဟန်တူသည်။ သူ့ စိတ်ထဲတွင် ကျွန်တော်တို့ အဖွဲ့ မှန်း သိနေသော်လဲ လက်ပူးလက်ကြပ် မမိခြင်းကြောင့် စွပ်စွဲရခက်နေ၏။ နောက်မှ ကြိတ်မနိုင် ခဲမရ အသံဖြင့် ပြောလာသည်။
“ညီရဲ... မင်းတို့ ကွာ။ ကြက်ခိုးရင်လဲ ခိုးပေါ့ ဘာကြောင့် ငါတို့ လင်မယားကို လာချောင်းရတာလဲ”
ကိုရန်နိုင့် စကားအဆုံးတွင် ကျွန်တော်တို့ လဲ မထိန်းနိုင်တော့ဘဲ တခိခိ ရယ်ရင်း သူ့ စကားအတိုင်း ပြန်ပြောလိုက်သည်။
“ကိုရန်နိုင် ခင်ဗျားတို့ လင်မယားကလဲဗျာ။ စောစောစီးစီးကြီး”
ကျွန်တော့် စကားအဆုံးတွင် ကိုရန်နိုင်လဲ မျက်နှာကြီး နီမြန်းသွားပြီး ဘာမှ ပြန်မပြောတော့ဘဲ လှည့်ထွက်သွားတော့၏။ ကျွန်တော်တို့ လက်ဖက်ရည်ဆိုင် ဆက်ထိုင်နေဆဲမှာပင် တာတီးတစ်ယောက် လက်ဖက်ရည်ဆိုင် လိုက်လာသည်။ 
“ကိုရဲ... ကိုကျော်ကြီးက ခေါ်ခိုင်းလိုက်လို့ ။ လုပ်စရာတွေ အများကြီးမို့ လာကူပါဦးတဲ့”
“အေး... အေး... ဟေ့ကောင်တွေ အမြန်သောက် သွားကြမယ်”
ကျွန်တော်တို့ စုရပ်ကို ရောက်တော့ ထမင်းအိုးတွေပင် ကျက်နေပြီ ဖြစ်သည်။ ကျွန်တော့်ကို တွေ့ တော့ ကြက်ကိုင်နေသည့် ကိုကျော်ကြီးက ထလာပြီး ပြေသည်။
“ညီရဲရေ ချက်တဲ့ပြုတ်တဲ့ နေရာမှာ ကူလိုက်ပါဦး။ ကိုအောင်ထူးကြီးတို့ မနိုင်မနင်းတွေ ဖြစ်နေတယ်။ ပြီးရင် မင်းကောင်လေး သုံးယောက်ကို ငှက်ပျောရွက် သွားခူးခိုင်းလိုက်ဦး”
“ဟေ့ကောင်တွေ ကိုကျော်ကြီး ပြောတာ ကြားတယ် မဟုတ်လား။ သွား... ငှက်ပျောရွက် သွားခူးကြ”
“ဟုတ်... ကိုရဲ ကျွန်တော်တို့ ငှက်ပျောရွက်ခူးရင်း ထမင်းစားပြီး အချိုတည်းဖို့ အသီးအနှံလေး နဲနဲ ရှာလာခဲ့မယ်”
“အေး... ပြဿနာတော့ ရှာမလာခဲ့ကြနဲ့ နော်...”
ဂီရိတို့ အဖွဲ့ ထွက်သွားပြီးနောက် ကျွန်တော်တို့ လဲ ကိုအောင်ထူးကြီးကို ကူညီချက်ပြုတ်ပေးနေကြသည်။ ထိုစဉ် အရက်သမား ပိစိတစ်ယောက် ကြက်ကြီး ပိုက်ပြီး ရောက်လာသည်။ 
“ဟေ့ကောင် ကျော်ကြီး မင်းတို့ အဖွဲ့ ထဲ ငါလဲ ပါမယ်။ ငါ့မှာ ကြက်တစ်ကောင်ပါလာတယ်”
“ပိစိရာ... ဟုတ်မှလဲ လုပ်ပါ မင်းဘယ်က ကြက်ကြီး မလာပြန်ပြီလဲ”
“ငါ့အိမ်က ငါ့အစ်မကြက် ငါခိုးလာတာကွ”
ခုမှ  ကြက်လေးကောင်၊ ဘူးသီးနှစ်လုံးနှင့် ကိုငြိမ်းတို့ ခူးလာသည့် ကန်စွန်းရွက်ကြော်တို့ ဖြင့်ကျွန်တော်တို့  အဖွဲ့ အစီအစဉ်လေးက ပိုမြိုင်သွားသည်။ ကျွန်တော်တို့ ချက်ပြုတ်နေဆဲမှာပင် ငှက်ပျောရွက် သွားခူးသည့် ဂီရိတို့ အဖွဲ့  ပြန်ရောက်လာသည်။
“ကိုရဲ ကျွန်တော်တို့ မာလကာသီး ကီလိုသီးတွေနဲ့ တောင်သလဲသီးတွေ ရလာခဲ့တယ်”
“အေး... ကောင်းတာပေါ့ကွ။ ထမင်းစားပြီး အချိုတည်းလို့ ရတာပေါ့”
“ပြီးတော့ ကျွန်တော်တို့ အုန်းသီးတွေလဲ ခူးလာသေးတယ် ကိုရဲ...”
“ဘာ... အုန်းသီး ဟုတ်လား။ မင်းတို့ အုန်းသီး ဘယ်က ရလဲ”
“ဟီး... ဟုတ်တယ် ကိုရဲ ကျွန်တော်တို့ ကိုရဲတို့ အိမ်က အုန်းပင်ကနေ ခူးလာတာ”
“သြော... မင်းတို့ က ငါ့အိမ်ကိုတောင် မထားဘူးပေါ့ ဟုတ်လား”
“မဟုတ်ပါဘူး ကိုရဲရာ ကျွန်တော်တို့ လဲ အုန်းရေ သောက်ချင်လို့ ပါ။ အုန်းသီးက ဇွန်းခြစ်လေးတွေဗျ တော်တော်ကောင်းမယ်”
“အေးပါ... ငါတော့ တပည့်မွေး မှားပြီ ထင်ပါတယ်ကွာ”
ကျွန်တော့် ငြီးငြူသံကြောင့် အားလုံးက ဝိုင်းရယ် ကြသည်။ ဒီတော့ ကျွန်တော်လဲ ရောယောင် ရယ်မိသည်ပေါ့။ ဂီရိက ကျွန်တော့်နား ကပ်လာပြီး တိုးတိုးလေး ကပ်ပြောလာသည်။
“ကိုရဲ... ကျွန်တော်တို့ နဲ့ ခဏလောက် လိုက်ခဲ့ပါဦး”
“ဘာဖြစ်လို့ လဲ”
ဒီကောင်တွေ ဘာပြဿနာ ရှာလာပြန်ပြီလဲ မသိဘူးဟု စိတ်ထဲက တွေးလိုက်မိသည်။ ထို့ ကြောင့် ဂီရိတို့ ကို မျက်မှောင်တချက် ကြုတ်ရင်း ကြည့်လိုက်တော့ သူတို့ ကလဲ ကျွန်တော့် အကြည့်ကို သိသည်။
“ကျွန်တော်တို့ ဘာပြဿနာမှ မရှာပါဘူး ကိုရဲ...။ ကြံခိုးတာ ခိုးမရလို့ ကိုရဲကို လာခေါ်တာပါ”
“ဘာလို့ ခိုးမရရတာလဲ”
“အဲဒီခြံရှင်ကြီး ဦးညိုဘက မအိပ်ဘဲ ကင်းစောင့်နေတာ။ ကျွန်တော်တို့ ကြံချိုးပြီး ပြေးရင် နောက်ကနေ လေးခွနဲ့ လိုက်ပစ်တာဗျ။ ဒီတော့ ကြံတွေဆွဲပြီး လယ်ကွင်းထဲမှာ ပြေးရတာ မလွယ်ဘူး။ လယ်ကန်သင်းနား ရောက်ရင် ကြံတွေ ဆွဲမရလို့ ပစ်ချပြီး လူလွတ်ထွက်ပြေး ရတော့ မသိရင် သူ့ ကိုဘဲ ကြံတွေ ချိုးပေးနေသလို ဖြစ်နေတယ်။ အဲဒါကြောင့် ကိုရဲကို လာခေါ်တာ”
“မင်းတို့ လုပ်မှ ငါက တကယ့် သူခိုးကြီး ကျနေတာဘဲ။ ကိုကျော်ကြီး ကျွန်တော် ဒီကောင်တွေနဲ့ ခဏ လိုက်သွားလိုက်ဦးမယ်”
“အေး... အေး... သိပ်မကြာနဲ့ နော် ဒီမှာ ပြီးတော့မယ်”
ကျွန်တော်လဲ ဂီရိတို့ နှင့် ကြံခြံ ရှိရာဘက်သို့ လိုက်လာခဲ့လိုက်သည်။ ကြံခြံနေရာက ရပ်ကွက်နှစ်ခုကြား ရွာပြင်ဘက်တွင် ဖြစ်သည်။ ကြံခြံကို ရောက်တော့ ဟိုဘက်ရက်ကွက်က မျိုးသူတို့ အဖွဲ့ ကိုပါ တွေ့ ရသည်။
“မျိုးသူ အခြေအနေ ဘယ်လိုလဲ”
“ခုထိတော့ မရသေးဘူးကွ။ အဘိုးကြီးက တော်တော်ဆိုးတယ်”
“မင်းတို့ က ဘယ်လိုတွေ ဝင်နေလို့ လဲ”
မျိုးသူက ကျွန်တော့်ကို သူတို့ ဘယ်လိုတွေ ဝင်သည့် အကြောင်းကို ရှင်းပြသည်။ သူ့ စကားကို နားထောင်ပြီး ကျွန်တော်က မျိုးသူကို ဆက်မေးလိုက်သည်။
“မင်းတို့ အဖွဲ့ က ကြံဘယ်နှချောင်းလောက် လိုချင်လို့ လဲ”
“ငါးချောင်းလောက် ဆိုရင် တော်ပါပြီ”
“အေး... ငါတို့ လဲ ငါးချောင်းလောက်ဆိုတော့... မင်းအပါအဝင် မင်းအဖွဲ့ က လူငါးယောက် ထုတ်လိုက်။ ပြီးရင် ငါ့နောက်က လိုက်ခဲ့။ ငါပြောသလို လုပ်နော်။ ဂီရိ မင်းတို့ ထဲက လေးယောက်လိုက်ခဲ့”
ဂီရိနှင့် နောက်သုံးယောက် ထွက်လာသည်။ လူရွေးပြီးတော့ ကျွန်တော်က သူတို့ ကို ခြံထဲသို့ မည်သို့  ဝင်မည်ကို ရှင်းပြသည်။
“ငါတို့ ကြံတွေကို တစ်ယောက်ကို နှစ်ချောင်း၊ သုံးချောင်း ဆွဲပြီး ပြေးရင် လယ်ကန်သင်း နေရာရောက်ရင် ဆွဲပြေးဖို့ မလွယ်ဘူး။ ဒီတော့ ငါတို့ ခြံထဲကို လူငါးယောက် ဝင်မယ်။  ငါးယောက်က ကန်သင်းနားက စောင့်မယ်။ ပြီးရင် တစ်ယောက်ကို ကြံနှစ်ချောင်းကို ပူးကိုင်ပြီး ငါက တစ်၊ နှစ်၊ သုံးချိုးလို့ အော်တာနဲ့ ချိုးပြီး တခါတည်း ပြေးမယ်။ ကန်သင်းနား ရောက်ရင် စောင့်နေတဲ့ ငါးယောက်က ကြံတစ်ယောက် တစ်ချောင်းကို ခွဲယူပြီး ငါတို့  တာလမ်းပေါ်ကို ရောက်အောင် ဆက်ပြေးကြမယ်။ တာလမ်းပေါ်ကို ရောက်ရင် ငါတို့ လွတ်ပြီ။ ငါပြောတာ သဘောပေါက်လား”
“အင်း... သဘောပေါက်တယ်”
“ဒါဆို ငါတို့ လုပ်ငန်း စကြမယ်”
ဒီလိုနဲ့ ကျွန်တော်တို့ ကြံငါးချောင်း ရလာခဲ့၏။ ကျွန်တော်တို့ စုရပ်ကို ရောက်တော့ အားလုံး ချက်ပြုတ် ပြီးစီးလို့ စားဖို့ သောက်ဖို့ ပင် ပြင်ဆင်နေပြီ ဖြစ်သည်။ ကိုကျော်ကြီးလဲ ဟိုလူ့ ကို ဟိုဟာလုပ်၊ ဒီလူကို ဒီဟာလုပ်လိုက်ဟု စီမံခန့် ခွဲ ပေးနေရင်း  အလုပ်ရှုပ်နေလေသည်။
“ညီရဲ ပြန်လာပြီလား။ အတော်ဘဲ မင်းတို့ အဖွဲ့ စက်လှေနှစ်စင်းကို တွဲချည်ပြီး စက်လှေ ခေါင်မိုးပေါ်မှာ ထမင်းစားဖို့ ငှက်ပျောရွက်တွေ ခင်းထားလိုက်။ ကျန်တဲ့သူတွေက ထမင်းအိုး၊ ဟင်းအိုးတွေကို စက်လှေတွေပေါ်ကို အကုန်တင်မယ်။ အားလုံး စက်လှေပေါ်ရောက်ပြီ ဆိုရင် ညီရဲ... လူဘယ်နှစ်ယောက်လဲ တွက်ချက်ပြီး ထမင်းခူးထားလိုက်”
“ဟုတ်ကဲ့ ကိုကျော်ကြီး... ဒါနဲ့ ထမင်းဘဲ ခူးထားလိုက်ရမှာလား”
“အေး... ထမင်းဘဲ အရင် ခူးထားနှင့် ဟင်းက အားလုံး နေရာယူပြီးမှ ငါ၊ မင်းနဲ့ ကိုအောင်ထူး လိုက်ထည့်ပေးမယ်”
အားလုံးချက်ပြုတ် ပြင်ဆင်ပြီးနောက် စက်လှေနှစ်စင်း ပေါ်တွင် ငှက်ပျောရွက်ခင်းကာ ထမင်းဟင်းများ ထည့်ပြီး ကာလသား လူငယ်များအားလုံး လက်ရည်တပြင်တည်း ပျော်ပျော်ပါးပါး စားသောက် ကြလေတော့သည်။ အားလုံးစားသောက် ပြီးစီးသည့်နောက် တချို့ လူငယ်များ ရွာထဲသို့ ပြန်သွားကာ သူခိုးကြီးညကို ဆက်လက် ဆင်နွဲကြသလို၊ တချို့ လဲ အိမ်ပြန်အိပ်ကြသည်။ ကျွန်တော်နှင့် တချို့  လူငယ်များကတော့ ငွေလရောင် ဆမ်းထားသည့် မြစ်ထဲမှ စက်လှေပေါ်မှာပင် ညအိပ်ဖြစ်ကြသည်။ မြစ်ပြင်ကို ဖြတ်၍ တသုန်သုန် တိုက်ခတ်နေသော လေပြည်လေညင်းအောက် စက်လှေပေါ်တွင် အိပ်မပျော်ခင် ပက်လက်လှန်ပြီး ထိန်ထိန်သာနေသည့် လမင်းကြီးနှင့် ကြယ်ရောင်စုံ ကောင်းကင်ကြီးကို ကြည့်ရသည်မှာ အလွန်ပင် မျက်စိပသာဒ ရှိလှ၏။
“ကိုရဲ... ဟိုးက ကြယ်က ဓူဝံကြယ်၊ ဟိုကြယ်တွေက ခုနစ်စင်ကြယ်၊ ဟိုကြယ်က ဘာကြယ်လဲ”
“အဲဒါက မောင်ရင် ဆိုင်းထမ်းကြယ်လို့ ခေါ်တယ်”
“ဟုတ်လား... ဒါဆို ဟိုကြယ်က ဘာကြယ်လဲ”
“ဟေ့ကောင် ဂီရိ ကြယ်မြင်တိုင်း လက်ညှိုးထိုး မေးမနေနဲ့ ။ ငါလဲ အကုန်တော့ ဘယ်သိမလဲဟ။ ကဲ... ကဲ... စကားများမနေနဲ့ အိပ်ကြတော့။ ခုနစ်စင်ကြယ်က အမြီးထောင်ရုံမကလို့ ကျွမ်းတောင်ပစ်နေပြီ အချိန်မနည်းတော့ဘူး အိပ်ကြတော့”
“ဟယ်... ကြည့်စမ်း ဘယ်သေချင်းဆိုးလေးတွေ လာလက်ကမြင်းသွားလဲ မသိဘူး”
ကျွန်တော် ကြည့်လိုက်တော့ အပျိုကြီးတွေ အိမ်ရှေ့မှာ ဘယ်သူ လာကပ်သွားမှန်း မသိသည့် ဘော်ဒါဆောင် ဆိုသည့် ဆိုင်းဘုတ်ကြီးကို တွေ့ လိုက်ရသည်။ အော်ဒါလိုက်သည် ဆိုသည့် စက်လှေ အငှားလိုက်သည့် ဦးကျော်တို့ အိမ်မှ ဆိုင်းဘုတ်ကလဲ အပျိုကြီးတွေ အိမ်ရှေ့ရောက်နေသည်။ ဒါကြောင့်လဲ အပျိုကြီးတွေ ကျွတ်ကျွတ်ညံနေခြင်း ဖြစ်မည်။ ရေရောင်းသည် ဆိုသည့် ဆိုင်းဘုတ်က ဆေးခန်းကို ရောက်နေသလို တခြားတခြားသော ဆိုင်းဘုတ်တွေလဲ ဟိုရောက် ဒီရောက်တွေ ဖြစ်နေသည်။ ကျွန်တော်လဲ အိမ်ပြန်ရောက်၍ မိမိ အိပ်ခန်းဝင်ပြီး အိပ်မည်လုပ်တော့-
“ဟိုကောင်လေး တစ်ညလုံး သွားချင်ရာ သွားပြီး အိပ်တော့မယ်ပေါ့ ဟုတ်လား”
“အင်း... အိပ်တော့မယ် အမေ... သားအိပ်ရေး မဝသေးဘူး”
“ကိုယ့်အိမ်ကိုယ် မစောင့်ဘဲ ပစ်ထား၊ တစ်ညလုံး သောင်းကျန်းနေပြီး ခုမှ အိပ်ဖို့ မစဉ်းစားနဲ့ ။ သွား... အိမ်က ပန်းအိုးတွေ မရှိတော့ဘူး။ ရွာထဲက ပြန်ရှာပြီး သယ်လာခဲ့...ပန်းအိုးတွေ ရှာပြီးမှ အိပ်”
မိခင်ဖြစ်သူ၏ တချက်လွှတ် အမိန့် သံ အဆုံးတွင် ကျွန်တော်လဲ ပန်းအိုးများ ပြန်ရှာရန် ရွာထဲသို့ ပြန်ထွက်လာခဲ့ရသည်။ အိပ်ချင်မူးတူးဖြင့် ပန်းအိုးများကို ရှာရင်း တွေးမိသည်က သြော်... ဒီကောင်တွေ ငါ့အိမ်လဲ လက်မရှောင်ပါလား ဟူသတည်း။ ဒီလိုနဲ့ သူခိုးကြီးည တစ်ညကို ဖြတ်ကျော်လွန်မြောက်ခဲ့တော့သည်။
14 comments:
  1. အတော်ဆိုးတဲ့.သာခိုးလေးတွေပဲး)
    တော်သေးရဲ့..အိမ်ဖက်မလာလို့းP
    လေးစားလျှက်
    သမီးစံ
    ReplyDelete
  2. ဌက်ပျောရွက်နဲ့ဆိုတော့ အဆင်ပြေတာပေါ့
    ပန်ဂံမဆေးရတော့ဘူးလေ
    တော်လိုက်တဲ့ သာခို တွေပါလား
    နာတို့အိမ်ကို မသွားနဲ့နော်...
    ခင်မင်တဲ့ jasmine(မုန်လာထုပ်)
    ReplyDelete
  3. ဟဟဟ ဆရာအိမ်လည်းမထား အကုန်မ တာပါပဲလား........၊စက်လှေပေါ်
    အိပ်ရတာတော့ အတော်ဇိမ်ကျမယ်..၊သူငယ်ချင်းတွေနဲ့ စားသောက်၊စကား
    ပြော...၊ဟော...ဝတော့ အိပ်....ဘယ်လောက်ကောင်းသလဲဟနော်...၊အဲ..
    မနက်ကျတော့ ပန်းအိုးတွေလိုက်ရှာရရော.........:P
    ReplyDelete
  4. လှေပေါ်မှာ အိပ်တာ ခြင်မကိုက်ဘူးလား..
    ပျော်စရာကြီးနော်... :D :D
    ReplyDelete
  5. ဒီည ထိုင်ဝမ်မှာ တန်ဆောင်တိုင်ပွဲလုပ်တယ်
    ရန်ကုန်ကိုလွမ်းလိုက်တာ
    ReplyDelete
  6. ညီရဲတို့ သူခိုးကြီးညက ပျော်စရာကြီးပါလား..
    တို့ငယ်ငယ်ဘဝကိုပြန်သတိရမိတယ်..
    ဒါနဲ့ ခိုးစားရတဲ့ကြက်က ပိုချိုတယ်နော် ဟုတ်တယ် မဟုတ်လား..
    ပျော်ပျော်ပါးပါး ဖတ်သွားတယ်.. ဖက်ရွက်လေးခင်းပြီး ထမင်းစားတာ သဘောကျတယ်..
    ReplyDelete
  7. ပျော်စရာကြီး..အဲဒါနိုင်ငံခြားရောက်နေတဲ့လူတွေခံစားလို့မရတဲ့အရသာတွေလေနော်
    ReplyDelete
  8. ဟဟဟဟ နောက်ဆုံးတော့ ဂိုဏ်းချုပ်ကြီးလဲထိတာပဲ ..
    အဲလိုခံစားမှုတွေက ဒီမြေဒီရေမှာမရနိုင်တဲ့ဘဝ
    ReplyDelete
  9. အမှတ်တရ ပျော်စရာတွေထဲက တစ်ခုပေါ့နော်...အကို
    ခုတော့ တွေးရင်း လွမ်းမောစရာ ညလေးတစ်ည အဖြစ်နဲ့ပေါ့..
    ReplyDelete
  10. မျက်လုံးထဲမှာ ပေါ်နေပါရဲ့. စားနေပုံလေးတွေ၊ ခုပြန်စဉ်းစားရင် လွမ်းစရာဓလေ့ စရိုက်လေးတွေပေါ့ ညီရဲ.။ အင်းးးလွမ်းပါရဲ့ သူခိုးကြီးညရေ။
    ခင်တဲ့
    သဒ္ဓါ
    ReplyDelete
  11. ပျော်စရာကြီးပါလား ညီရဲရေ..။
    မမြသွေးကြုံဘူးတဲ့ ညီမတစ်ယောက်ရဲ့ အဖြစ်ကတော့ မင်္ဂလာဦး အာရုံဆွမ်းကပ်ဖို့ ဘုန်းကြီးသွားပင့်မလို့လုပ်တုန်း သူတို့ ဘောက်စ်ဝက်ဂွန်ကားလေး ၄လမ်းကျော်လောက်ကို မ-ယူသွားလို့ ဗျာများတာ ကြုံရဘူးတယ်။
    ReplyDelete
  12. ဟဟဟဟ အဲ့လိုကိုး။ ကျနော်ဖြင့် အပေါင်း အသင်းရှားလေတော့ ဘာမှကို မလုပ်ဖြစ်ပါဘူး။ ကိုယ့်အိမ်ကလည်း ခွေးအလေ အလွင့်ပေါင်း မနည်းမနောက (မွေးတာ မဟုတ် ကျွေးထားတာ) တာဝန်ယူ ကာကွယ်နေကြတာ ဆိုတော့ အိမ်ကလည်း ဘာမှ မပျောက်ဘူးဗျ။ မနက်ဆို သူတို့  အတွက် အစာ ကျိုချိန်ကျ ဂျူတီ အထွက် ပင်ပန်းနေသလို လာလာ ငြီးပြကြတဲ့ ကောင်တွေ တစ်ခါ တစ်ခါ သိပ် အမြင်ကပ်သလို အဲ့လိုမျိုးကျ သိပ်ချစ်ဖို့  ကောင်းတယ်ရယ်။
    အဲ့သာနဲ့  အိမ်က ပန်းအိုးတွေ ပြန်ရလိုက်လား။ သဘောကျတယ်။ စိတ်ရှည်လက်ရှည်ရေးထားတာပဲ။
    ReplyDelete
  13. နောက်တစ်နှစ်ကျရင် ကျွန်တော်လည်း ပါမယ် ပျော်စရာကြိး :D
    ReplyDelete
  14. ပျော်စရာကြီး . . .
    တစ်ခါလောက် စုပြီးတော့ ဆွဲကြရအောင် . . .။
    ReplyDelete