Thursday 27 October 2011

လွဲနေသော အလွဲများ

ကျွန်တော် ထုံးစံအတိုင်း သူငယ်ချင်းများနှင့် လေကန်ရန် ထိုင်နေကြ ဈေးထိပ်က ဘိုကျောက် လက်ဖက်ရည်ဆိုင် လေးသို့  ထွက်လာခဲ့သည်။ ထိုလက်ဖက်ရည်ဆိုင် ကလေးသည် ကျွန်တော်တို့  သူငယ်ချင်းများ၏ စုရပ်ဖြစ်သည်။ ထိုဆိုင်လေးတွင် ထိုင်ရင်း ကျွန်တော်တို့ သူငယ်ချင်းများ ကျားထိုးသူကထိုး၊ စစ်တုရင် ကစားသူက ကစားနှင့် သူငယ်ချင်းများ သူ့ အယူအဆ ကိုယ့်အယူအဆများကို ဆွေးနွေးကြလေ့ ရှိသည်။ ဆွေးနွေးကြသည်ထက် တစ်ဦးနဲ့ တစ်ဦး ငြင်းခုန်ကြသည်ဟု ဆိုလျှင် ပိုမှန်ပေမည်။ လူတိုင်းတွင် သူ့  အယူအဆ၊ ကိုယ့်အယူအဆနှင့် မူကလေးများ ကွဲပြားခြားနား သွားလေ့ရှိကြသည်။ ဥပမာ။  ။ ကမ္ဘာကျော် ဘော်လုံးအသင်း ဖြစ်သည့် ရီးရဲမက်ဒရစ် အသင်း၏ နာမည်ကြီး နည်းပြ ဖြစ်သူ မော်ရင်ဟိုကို သူ၏ စရိုက်၊ ပြောဟန် ဆိုဟန်များကို ကြည့်၍ ဆွဲဆောင်မှုရှိသည် ဟုဆိုကာ နှစ်သက်သဘောကျသူများ ရှိသကဲ့သို့ သူ၏ စရိုက်၊ ပြောဟန် ဆိုဟန်များကို ကြည့်ကာ မောက်မာ၍ လူကြီး လူကောင်း မဆန်သောသူဟု ဆိုကာ မျက်မုန်း ကျိုးသူများလဲ ရှိကြသည်။ ဘိုကျောက်၏ လက်ဖက်ရည် ဆိုင်လေးတွင် မိမိတို့ နှစ်သက်သော လက်ဖက်ရည်ကို တစိမ့်စိမ့် သောက်ရင်း မတူညီသော အယူအဆ လေးများကို ငြင်းခုန်ကြရင်းဖြင့် ထိုလက်ဖက်ရည် ဆိုင်ကလေးသည် ကျွန်တော်တို့ သူငယ်ချင်းများ ဆုံတွေ့ ရာ ဘူမိနက်သန် နေရာလေး ဖြစ်လာပါတော့သည်။

ရွာလယ်လမ်းမကြီးက လူရှုပ်သောကြောင့် ကျွန်တော် ရွာအပြင်ဘက်လမ်းမှ လေကောင်းလေသန့် ရှူရင်း အေးအေးဆေးဆေး လမ်းလျှောက်လာခဲ့လိုက်သည်။ ထိုသို့ လျှောက်လာရင်း ရွာထိပ်ရှိ ကန်ကြီးနား အရောက်တွင် လူတစ်ယောက် ငါးမျှားနေသည်ကို တွေ့ ရသဖြင့် နဲနဲစိတ်ဝင်စားသွားသည်။  ပုံမှန်ဆိုလျှင်တော့ လူတစ်ယောက် ငါးမျှားနေသည်က ဘာစိတ်ဝင်စားစရာမှ မဟုတ်သော်လဲ ဒီလူ ငါးမျှားနေပုံက ပုံမှန် မဟုတ်သောကြောင့် စိတ်ဝင်စား သွားမိခြင်း ဖြစ်သည်။ ရေကန်ထဲမှ ရေများက ကြည်လင် စိမ်းမြနေသဖြင့် ရေထဲ၌ ငါးများအုပ်စုဖွဲ့  ကူးနေသည်ကိုပင် မြင်နေရသည်။ ရေထဲတွင် ငါးပြေမလား၊ ဆလားဗီးယားလား မသိသည့် ငါးတစ်အုပ် ကူးနေသည်ကို မြင်နေရသည်။ ထိုငါးအုပ် ရှိနေသည့် နေရာသို့ ထိုသူက ငါးစာတပ်ထားသော ငါးမျှားချိတ်ကို ပစ်ပစ်ချပြီး မျှားနေခြင်း ဖြစ်သည်။ ငါးအုပ်ရှိရာသို့ ငါးမျှားချိတ်ကို ပစ်ချလိုက်လျှင် ငါးအုပ်က တခြားဘက်သို့ ကူးသွားသဖြင့် ငါးမျှားချိတ်ကို ပြန်ဆွဲပြီး ငါးအုပ်ရှိသည့် ဘက်ကို လိုက်ပစ်ချလိုက်ဖြင့် လုံးလည်ချာလည် လိုက်နေသည်။ ငါးများကတော့ သူ့  ငါးစာကို စိတ်ပင်မဝင်စားချေ။ တခါတရံသာ ငါးသားပေါက်ကလေး တစ်ကောင်စ၊ နှစ်ကောင်စ လောက်က ငါးစာကို လာလာတွတ်သည်။ ငါးစာကို မမြိုနိုင်သောကြောင့် ဘေးကနေသာ တွတ်တွတ် သွားသဖြင့် တဖြည်းဖြည်း ငါးစာက ပါးပါးပြီး ကုန်ကုန် သွားသဖြင့် ငါးစာ အသစ်ကို ခဏခဏသာ ပြန်ပြန်လဲနေရပြီး ငါးကတော့ တစ်ကောင်မှ မမိသေးပေ။ ထိုသူလဲ ငါးစာသာ ကုန်ကုန်သွားပြီး ငါးတစ်ကောင်မှ မမိသေးသဖြင့် စိတ်တိုလာဟန်ဖြင့် ကလေးဆိုးကြီးလို မျက်နှာကြီးက စူပုပ်လာသည်။ ဘေးနားက ကြည့်နေရင်း ကျွန်တော်လဲ မနေနိုင်တော့သဖြင့် ထိုသူကို မေးလိုက်သည်။

“ဒီမှာ ခင်ဗျား ဘာလုပ်နေတာလဲဗျ...”

ငါးမျှားနေတာကို မြင်ရဲ့ သားနဲ့ ဘာလုပ်နေတာလဲဗျလို့ မေးလိုက်သောကြောင့် ထိုသူ ကျွဲမီးတိုသွားဟန်တူသည်။ ဒေါသ ထွက်နေသည့် မြွေတစ်ကောင် အမြီးကို ထပ်အပုတ် ခံလိုက်ရသလို တရှူးရှူးဖြင့် ထလာပြီး ဒေါသများ စွန်းထင်းနေသည့် စကားလုံးတို့ သူ့ ဆီမှ ထွက်ကျလာသည်။

“ငါးမျှားနေတာကို မြင်ရဲ့ သားနဲ့ ဘာလုပ်နေတာလဲ ဆိုတော့ မင်းမျက်စိကန်း နေလားကွ”
“ကျွန်တော့် မျက်စိက ကောင်းပါတယ်။ ဒါပေမယ့် ခင်ဗျား ငါးမျှားနေပုံက မဟုတ်လို့ ကျွန်တော်က မေးရတာပါ”

ကျွန်တော်က ထိုသို့ ပြန်ပြောလိုက်တော့ ထိုသူ ပိုဒေါသထွက်သွားသည်။

“ငါ... ငါးမျှားနေပုံက မဟုတ်ဘူး ပြောရအောင် မင်းက ငါးမျှားတာ ဆရာကြီးလား”
“ကျွန်တော်က ဆရာကြီးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ခင်ဗျား လုပ်နေပုံ မဟုတ်တာတော့ သိတယ်ဗျ”
“ဒါဆို ဘာမဟုတ်တာလဲ ပြောစမ်းပါဦး”
“ခင်ဗျား... ငါးမျှားနေပုံကို ခင်ဗျား ပြန်စမ်းစစ်ကြည့်လေ။ ဒါနဲ့ ကျွန်တော် မေးပါဦးမယ်။ ခုက ခင်ဗျားက ငါးမျှားနေတာလား။ ငါးတွေက ခင်ဗျားကို ပြန်မျှားနေတာလား”

ကျွန်တော့် အမေးစကားကြောင့် ထိုသူ “အဲ” ဟုဆိုကာ ပါးစပ်ကြီး ပြဲကနဲ ဖြစ်သွားပြီး  ခေါင်းကုတ် သွားသည်။ ထို့ နောက် ကျွန်တော့်ကို တခုခု ပြန်ပြောရန် ခေါင်းမော့ ကြည့်လိုက်တော့ ကျွန်တော်က အဝေးကို ရောက်နေပြီ ဖြစ်သည်။ ထိုသူကတော့ တခုခုကို စဉ်းစားနေဟန်ဖြင့် ထိုနေရာတွင်ပင် ငူငူကြီး ရပ်ကျန်ခဲ့သည်။

ဒီလိုနဲ့  ကျွန်တော် ဆက်လျှောက်လာတော့ ရပ်ကွက်ထဲမှ ကောင်လေးတစ်ယောက် နွားကျောင်းနေသည်ကို တွေ့  လိုက်ရသည်။ ကောင်လေးက ကျွန်တော့်ကို တွေ့ တော့ ဝမ်းသာအားရ နှုတ်ဆက်သည်။ နှုတ်ဆက်ရမည်ပေါ့ ကျွန်တော်က သူ့ တို့ ၏ ချစ်ရေး ချစ်ရာတွေမှာ အခါတော်ပေး မဟုတ်လား။ ရည်းစားစာ တစ်စောင်ကို လက်ဖက်ရည် တခွက်နှုန်းနဲ့ ဒိုင်ခံရေးပေးနေခြင်း ဖြစ်သည်။ ကျွန်တော်က လက်ပေါက်သည် ပြောရမလားဘဲ ကျွန်တော် ရေးပေးလိုက်သည့် ရည်းစားစာဖြင့် အဆင်ပြေကြသဖြင့် သူတို့ က ကျွန်တော့်ကို ချစ်ခင် အားကိုးကြသည်။

“ကိုရဲ... ဘယ်လဲဗျ”
“ဘိုကျောက် ဆိုင်ကို လက်ဖက်ရည် သွားသောက်မလို့ ကွ”
“ကိုရဲတို့ ဘဲ ဇိမ်ကျတယ်နော်... အေးအေးဆေးဆေးဘဲ”

သူ့ စကားကို ကြားမှ ကျွန်တော်လဲ မျက်မှောင်ကြုတ်ရင်း တစုံတခုကို စဉ်းစားမိပြီး ကောင်လေးကို မေးလိုက်သည်။

“ဒါနဲ့ ဒီနေ့ က ကျောင်းဖွင့်ရက် မဟုတ်လား။ မင်းကျောင်းမသွားဘူးလား”
“ကြီးတော်ပေါ့ ကိုရဲရာ...ဒီနေ့ ချဲထွက်မှာမို့ ကျောင်းမသွားနဲ့ နွားသွားကျောင်းချည် ဆိုလို့ ကျွန်တော်လဲ ကျောင်းပြေးပြီး နွားကျောင်းနေရတယ်။ ဘာဖြစ်ဖြစ် ကျောင်းချင်းတော့ တူတယ်ဗျ...”

ကောင်လေးက ရယ်ရယ်မောမောဖြင့် ပြန်ပြောသည်။ သူရယ်နိုင်ပေမယ့် ကျွန်တော် မရယ်နိုင် ဒါက ကလေးတွေကို ကျောင်းပြေးတတ်အောင် လမ်းစပေးခြင်း ဖြစ်သည်။ ကလေးတွေ ကျောင်းမပြေးအောင် လူကြီးတွေက ကြပ်ကြပ်မတ်မတ် ထိန်းသိမ်းရမည့် အစား ခုလို ပြုမူနေတော့ ကျွန်တော် စိတ်ပျက်သွားသည်။

“မင်း... ကြီးတော်ကလဲကွာ... မဟုတ်သေးပါဘူး”
“ဟုတ်ပါတယ်ဗျ... ကျွန်တော့် ကြီးတော်ပါ။ ကျွန်တော့်ဘကြီးမိန်းမ ဆိုတော့ ကြီးတော် တော်တာပေါ့”
“အာ... မင်းက တမှောင့်... ကဲ.. ကဲ.. ငါသွားတော့မယ်။ မင်းလဲ ဆက်အကျောင်း ခံလိုက်ဦး”
“ကိုရဲကလဲ လုပ်ပြီ... ကျွန်တော်က ကျောင်းရမှာပါဗျ”
“မထူးပါဘူးကွာ မင်းလဲ အကျောင်းခံ နေရတာဘဲ”

သြော်... လူတွေလဲ တယ်ခက်ပါလားလို့ အလုပ်မရှိလို့ ကြီးတော်နွားကျောင်းတယ် ဆိုလဲ ထားပါတော့။ ခုတော့ အလုပ်ရှိရဲ့ သားနဲ့ ကြီးတော်နွား ကျောင်းချင်နေကြတယ်။ နွားကျောင်းရမဲ့သူက နွားမကျောင်းဘဲ နှစ်လုံး၊ သုံးလုံးနောက် လိုက်နေပြီး ကျောင်းတက်ရမဲ့သူက ကျောင်းမတက်ဘဲ နွားကျောင်းနေတယ်။ ကျွန်တော်လဲ တွေးရင်း လျှောက်ရင်း လျှောက်ရင်း တွေးရင်းဖြင့် ဈေးထိပ်သို့  ရောက်လာခဲ့သည်။

လက်ဖက်ရည်ဆိုင် ရှိတဲ့ဘက်လမ်းကို ချိုးဝင်မယ် အလုပ်မှာ ကွမ်းယာဆိုင်ထဲမှ လူတစ်ယောက်က လှမ်းနှုတ်ဆက်သည်။  သူ့  ကိုယ်သူ အလှဆုံး ပြင်ဆင်ထားတဲ့ လှတပတ ကောင်မလေး တစ်ယောက် ကျွန်တော့်ကို ပြုံးပြရင်း နှုတ်ဆက်လာသည်။  ကျွန်တော့် အမေ၏ အလှပြင်ဆိုင်တွင် ဆံပင်လာလာ ပြင်လေ့ ရှိသလို ဖခင်ဖြစ်သူ၏ ဓာတ်ပုံဆိုင် မှာလဲ ဓာတ်ပုံ လာလာရိုက်လေ့ ရှိသည့် ကောင်မလေး ဖြစ်၏။ ကျွန်တော်နဲ့ မျက်မှန်း တန်းမိနေတော့ လမ်းတွေ့ ရင် ပြုံးပြ နှုတ်ဆက်လေ့ ရှိသည့် ကောင်မလေး ဖြစ်သည်။ ကျွန်တော်လဲ ကောင်မလေးကို ပြန်နှုတ်ဆက် လိုက်သည်။ ထိုကောင်မလေးသည် လူတော်တော် များများ ပြောကြသလိုပင်  အလွန်လှပါသည်။ ဒါပေမယ့် ကောက်ညှင်းထုပ် ထုပ်သလို တကိုယ်လုံး ကြပ်ထုပ်နေပြီး မိတ်ကပ် နှုတ်ခမ်းနီများကိုလဲ လိုတာထက် လွန်ကဲစွာ သုံးထားသည့် ကောင်မလေးက ကျွန်တော့် မျက်စိထဲတွင်တော့  ကိုးလို့ ကန့် လန့် ကြီး လှနေသည်ဟု ထင်မိ၏။

“အစ်ကို...ဘယ်လဲ”
“လက်ဖက်ရည်ဆိုင်ကို သွားမလို့ ညီမ...”
“ဟွန့် ... အစ်ကိုက ညီမ ဆိုင်ကျ အားမပေးဘူး။ အစ်ကိုတို့ ဆိုင်ကျ ညီမက အားပေးရတယ်”
“သြော်... ညီမကလဲ... အစ်ကိုက ကွမ်းမစား ဆေးလိပ် မသောက်ဆိုတော့ ညီမဆိုင်ကို အားပေးချင်တယ် ဆိုရင်တောင် ဘယ်လို အားပေးမလဲ”
“ဒါဆိုလဲ ဒီမှာ မုန့် တွေ ရှိတာဘဲ။ မုန့် ဝယ်စားပြီး အားပေးလို့ ရတာဘဲ”
“အာ... ညီမကလဲ နေကြာစေ့၊ ကွာစေ့၊ ဇီးထုပ်တို့ ချိုချဉ်တို့ စားရအောင် အစ်ကိုက ကလေးမှ မဟုတ်တာ။ ပြီးတော့ အဲဒီလိုမျိုတွေကိုလဲ အစ်ကိုက ဟိုစပ်စပ် ဒီစပ်စပ် မစားတတ်ဘူးလေ”

ကျွန်တော်တို့ နှစ်ယောက် စကား ရပ်ပြောနေစဉ်မှာပင် ဆင်တဲ-ပြည်ကို ဆွဲနေသည့် လိုင်းကားလေး တစ်စီး ထိုးရပ်လာသည်။

“ပန်းလေးရေ... စောစောက မှာထားတဲ့ကွမ်း ရပြီလား... ဟေ့...”
“ရပြီ ကိုဖိုးကျော်ကြီး နှစ်ထုပ်ထုပ်လိုက်တယ်နော်...”
“အာ... ငါမှာတာ တစ်ထုပ်တည်းလေ”
“ကိုဖိုးကျော်ကြီးကလဲ ခုပဲ ကားထွက်တော့မယ့်ဟာကို တစ်ထုပ်တည်း ဘယ်လောက်မလဲ နှစ်ထုပ်တော့ ယူမှပေါ့”
“အေး... ပေးဟာပေး နင်က ဇွတ်ကို ရောင်းနေတော့တာဘဲ”
“ကိုထွန်းကျော်ကြီး ဘယ်လဲ ကွမ်းမယူတော့ ဘူးလား”
“အေး... နိုင်တီတူးနဲ့ တစ်ထုပ် ထုပ်ထားလိုက် အပြန် ဝင်ယူမယ်”

ကားဆရာ ဖိုးကျော်နှင့် စကားပြောနေရင်း ဘေးနားက ဖြတ်သွားသော ကိုထွန်းကျော်ကြီးကို ကောင်မလေးက လှမ်းအော်လိုက်ခြင်း ဖြစ်သည်။ သူတို့ ကို ကြည့်ရင်း သြော်.... ဒီလူတွေ ကောင်မလေး စကားကို တချက်မှ မငြင်းပါလားဟု တွေးလိုက်မိသည်။ ထိုစဉ် ဆိုင်ထဲကို လူနှစ်ယောက် ဝင်လာသည်။

“ညီမ ဗမာဆေးနဲ့ နှစ်ထုပ်လောက် လုပ်ပါ။ လန်ဒန် နှစ်လိပ်ပါပေး...”

ကောင်မလေး ဆိုင်ပေါ်ကို အပြေးအလွှားလေး တက်သွားသည်။ ကောင်မလေး ကွမ်းယာနေစဉ် မှာပင် ကောင်လေး တစ်သိုက် ထပ်ရောက်လာပြန်သည်။ ကောင်မလေး ကျွန်တော့်ကို ဂရုမစိုက်နိုင်တော့ ဒီတော့ ကျွန်တော်လဲ ကိုယ့်လမ်းကိုယ် လှည့်ထွက် လာခဲ့လိုက်သည်။ ကွမ်းစားသည့် သူငယ်ချင်းတွေ ပြောတော့ ဒီကောင်မလေးဆိုင်က ကွမ်းက စားမကောင်း ထုံးလဲ ပေါက်သည်ဟု ပြောသည်။ ဒါပေမယ့် ကျွန်တော် မြင်ရသည်ကတော့ ကောင်မလေး ဆိုင်က တော်တော်လေး ရောင်းကောင်းနေသည်။ ကျွန်တော် ထွက်လာပြီး ရှေ့နားနဲနဲ အရောက်တွင် နောက်ဘက်မှ ရုတ်ရုတ်သဲသဲ အသံများကို ကြားလိုက်ရ၏။ လှည့်ကြည့်လိုက်တော့ ပထမ ရောက်လာသော လူနှစ်ယောက်နှင့် နောက်ရောက်လာသော လူငယ်တစ်သိုက်တို့ ရုန်းရင်းဆန်ခတ် ဖြစ်နေကြသည်။ ဒါတွေကို မြင်ရ၊ ကြားရတော့ ကောင်မလေးကို ကိုယ့်ကိုယ်ကို ငါးစာလုပ်ကာ ဆိုင်ပေါ်တွင် ထိုင်မျှားနေသူ တစ်ယောက်ကဲ့သို့ မြင်လာ၏။ ဒါပေမယ့် ဒီမှာက ငါးတွေက ရှောင်ပြေးနေသည် မဟုတ် ငါးစာကို ဟပ်ဖို့ ချောင်းနေကြခြင်း ဖြစ်သည်။ အဲဒီအချိန်မှာပင် ကျွန်တော်ရပ်နေသည့် နားရှိ အိမ်ထဲမှ ဒေါ်ကြီး တစ်ယောက် ပြေးထွက်လာသည်။ ထမင်းချက်ရင်း ပြေးထွက် လာဟန်တူသည် လက်ထဲမှ ယောင်းမကြီးတွင် ထမင်းလုံးများနှင့် အငွေ့ တထောင်းထောင်း ထနေ၏။

“ကိုရဲ... ဘာဖြစ်တာလဲ... ချကုန်ကြပြီလား... ဟိုကောင်မကြောင့်ဘဲ ဖြစ်တာ မဟုတ်လား”
“မချကြပါဘူး... စကားများကြရုံပါ... ဒေါ်စိန်ရယ်... ကိုယ့်ထမင်းအိုးသာ ကိုယ်ဂရုစိုက်ပါ...”

ဒေါ်စိန်ကို ပြောရင်း ကျွန်တော်လဲ ရှေ့ဆက် လျှောက်လာခဲ့လိုက်သည်။ သြော်... ကိုယ့်အလုပ်ပစ်ပြီး ကြီးတော်နွား ကျောင်းချင်သည့် လူတွေကလဲ နေရာအနှံ ရှိနေပါလားဟု တွေးမိ၏။ လမ်းဆက် လျှောက်လာရင်း တွေးမိသည်က ယခုခောတ် ပေါ်ပင် ဈေးကွက်များ အကြောင်းဖြစ်သည်။ ခုနောက်ပိုင်းတွေ့  ရသည့် တချို့ ကြော်ငြာများတွင် ဘာကို ကြော်ငြာလို့ ကြော်ငြာမှန်းပင် မသိလိုက်ပေ။ ပစ္စည်းထက် လူကို ကြော်ငြာသည်များကို ပိုတွေ့ လာရ၏။ အခုအဖြစ်ကိုဘဲကြည့် လက်ရာ မကောင်းသည့် လမ်းဘေး ကွမ်ယာဆိုင်လေး ဖြစ်ပေမယ့် ကောင်မလေး အနေနဲ့ သူ့ ဈေးကွက်ကို အကောင်းဆုံး ထိန်းထားနိုင်သည်ကို တွေ့ ရသည်။ ထိုကဲ့သို့ သော ကွမ်းယာဆိုင်၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်နှင့် အခြားအခြားသော ဆိုင်များကို ခုနောက်ပိုင်းတွင် ပိုမိုတွေ့ လာရသည်။

ဟိုအရင်က  အလယ်ပိုင်း ရပ်ကွက်တွင် ထိုကဲ့သို့  လက်ဖက်ရည်ဆိုင်လေး တစ်ဆိုင်ရှိသည်။ လက်ဖက်ရည် မကောင်းပေမယ့် ဆိုင်ရှင်၏ သမီးနှစ်ယောက် ကောင်တာ ထိုင်သဖြင့် ထိုဆိုင်တွင် လူပြတ်သည် ဟူ၍ မရှိ၊ ဒါပေမယ့် သမီးများ လင်နောက်လိုက်သွားပြီး နောက်တွင်တော့ ဆိုင်ပါပိတ်လိုက်ရသည်ကို တွေ့ ဖူး၏။ အခုလဲ ကျွန်တော်တို့ ရွာလေးတွင် ဘိုကျောက်၏ လက်ဖက်ရည်ဆိုင်သည် လက်ဖက်ရည် အကောင်းဆုံးဖြစ်သော်လဲ၊ ကောင်မလေး ဆိုင်တွင် တကယ့် ကွမ်းသမားများ ကွမ်းမစား သကဲ့သို့ တကယ့် လက်ဖက်ရည် သမားတချို့ သာ လာထိုင်လေ့ ရှိသည်။ များသောအားဖြင့် လမ်းဆုံ လမ်းခွကျပြီး ရှုခင်းကောင်းသည့် ညီအစ်မ သုံးယောက် အလှည့်ကျ ကောင်တာထိုင်သည့် ကျွန်တော်တို့ လမ်းထိပ်ရှိ လက်ဖက်ရည်ဆိုင်တွင်သာ လူစည်ကားနေလေ့ ရှိသည်။ ဒါကဘဲ ခုခောတ် ပေါ်ပင် ဈေးကွက် အခြေအနေ ဖြစ်ဟန်တူသည်။ ဒီလိုနဲ့ ကျွန်တော် လက်ဖက်ရည်ဆိုင်ကို ရောက်တော့ သူငယ်ချင်းတွေပင် စုံနေပြီကို တွေ့ ရသည်။

“ငရဲ... နောက်ကျလှချည်လား...”
“အေးကွ... ဘိုကျောက် ကျွန်တော့် အတွက် တစ်ခွက်လောက် လုပ်ပါဦး...”

ဘိုကျောက်ကို လက်ဖက်ရည်မှာရင်း သူငယ်ချင်းများအား အကြောင်းစုံကို ပြန်ပြောပြလိုက်သည်။ ကျွန်တော့်  စကားကို နားထောင်ပြီး သူတို့ လဲ တွေးစရာ တစ်ခုရသွားသလို တိတ်ဆိတ်သွားသည်။ အဲဒီအချိန်မှာပင် ကျွန်တော်တို့ စားပွဲဘေးရှိ စားပွဲတွင် မုန့် စားနေသည့် ဒီနှစ်မှ သူငယ်တန်းတက်သည့် ဘိုကျောက်သမီး အငယ်မလေးက ပြောလိုက်သည့် စကားကြောင့် ကျွန်တော်လဲ “အဲ...” ဟုဆိုကာ ပါးစပ်ကြီး ပြဲကနဲ ဖြစ်သွားသည်။ ကောင်မလေး ပြောလိုက်သည်က-

“ကိုကြီးရဲရဲ ကလဲ အလုပ်မရှိ ကိုယ့်ထမင်း ကိုယ်စားပြီး ကြီးတော်နွား ကျောင်းနေပြန်ပြီ”

ကျွန်တော့်၏ ဖြစ်အင်ကို ကြည့်ပြီး လက်ဖက်ရည် ဆိုင်ကလေးထဲတွင် ရယ်မောသံတို့ စီဝေသွားသည်။ သြော်... ဒီဘက်ခောတ် ကလေးတွေလဲ မလွယ်ပါလား အားလုံးက ဇကွဲ လေးတွေနဲ့ ချည်းပါလားဟု ထပ်တွေးလိုက်မိတော့သည်။

13 comments:

  1. အင်းဖြစ်ရမယ်လေ
    လွဲနေတဲ့ အလွဲ ဆိုမှတော့
    ဒီလိုတွေနေမှာနော်...

    ReplyDelete
  2. ဟီးဟီး... ရီလည်း ရီရတယ်.. သူ့ဟာနဲ့သူတော့ ဟုတ်နေတာပဲ... :D :D

    ReplyDelete
  3. အေးဟ....သူရို့က လက်ဖက်ရည်သောက်၊ကွမ်းစားတာမှမဟုတ်တာ..၊အာရုံ
    လာခံစားကြတာကိုးဟ....၊ဒါနဲ့ ဆင်တဲဘက်ရောက်ရင် ညီအစ်မသုံးဖော်ထိုင်တဲ့
    လက်ဖက်ရည်ဆိုင်ဝင်ထိုင်ဦးမှ...၊ဆိုင်နာမည်လေး လုပ်ပါဦးဟ...:)))

    ReplyDelete
  4. ထူးအိမ်သင်သီချင်းကို ညည်းသါားတယ်ဟေ့..လွဲလွဲလေးလည်း ကောင်းပါတယ်..စိတ်ကျေနပ်၇င်ပြီးတာပဲ
    နေတတ်၇င် အေးဆေးလေးးးးးးးးးးးးးးး

    ReplyDelete
  5. ဟုတ်တယ်...
    တစ်ခါတစ်ခါ ဂျီးတော်နွား သွား သွား ကျောင်းမိတယ်..။
    သတိထားမှ...။

    ReplyDelete
  6. ကြီးတော်နွားကျောင်းချင်တဲ့သူတွေ များပေမပေါ့
    နွားမလေးတွေက ချောချောလှလှပေကိုး
    မချောမလှရင် ဘယ်သူက ကျောင်းချင်ပါ့မလဲနော်...
    ဒါနဲ့ ညီရဲလည်း နွားကျောင်းချင်လို့လား မသိ ဟိဟိး)

    ReplyDelete
  7. ဘာလို့ ကိုကြီးရဲရဲက နွားကျောင်းရတာလဲ..
    ရှင်းပြပါအုံး..:p

    ReplyDelete
  8. ဟုတ်တယ် ဟုတ်တယ်.....သာမီးတို့ ခုခေတ်ကလေးတွေက ဇကွဲလေးတွေနဲ့ချည်းပဲ...... ကိုကြီးရဲရဲက အခုမှသိတာဆိုတော့ ဒိတ်အောက်နေပီ..... :P :P

    ReplyDelete
  9. တခါတလေ ကိုယ့်ထမင်းကိုယ်စားပြီးကြီးတော်နွားကျောင်းတာလည်း
    အလုပ်တခုပါဘဲ. black ရေ

    ReplyDelete
  10. ကိုအောင်(ပျူနိုင်ငံ)28 October 2011 at 03:20

    လက်ရာ ကောင်းသထက် ကောင်းလာတယ် ...

    ReplyDelete
  11. ငါးပွက်ရာ ငါးစာသာ ချရမယ်ဆိုရင် ကြီးတော်နွား ကျောင်းချင်တဲ့သူတွေ ပိုပိုပြီး များလာသလိုပဲဗျ..၊း)အခုခေတ်ကြီးထဲမှာတော့ ငါး အကျောင်းခံရတဲ့ အဖြစ်တွေကော၊ နွား အမျှားခံရတဲ့ အဖြစ်တွေကော ဒုနဲ့ဒေး ပါပဲလေ..၊ ဝတ္ထုလေးက စီးမျောမှု ကောင်းတယ်..။

    ReplyDelete
  12. အင်း ဈေးကွက်စီးပွားရေးစံနစ်ပေါ့လေ... တစ်ခါတစ်ရံ မုဆိုးက သားကောင်ပြန်ဖြစ်တတ်သေးတာပဲ။

    ကလေးပြောလည်း ပြောချင်စရာ... ခိခိ။

    ခင်တဲ့
    မေသိမ့်

    ReplyDelete
  13. ရွာမှာတုန်းကလည်း အဲ့သည်လိုပဲ စဉ်းစားမိလို့  ကြီးတော်နွား အတော်ကျောင်းတဲ့ ကောင်ပဲလို့  ပြောတာ ခံရဘူးတယ်။

    ဇကွဲ ဆိုတာလေး သိပ်မရင်းနှီးဖူးဗျာ။

    ReplyDelete