Wednesday 21 November 2012

အိမ်ပြန်ချိန်

 (၁)
ဖုန်းမြည်သံကို နားထဲမှာ ကြားနေရ၏။ သို့ သော် ကျိန်းစက်နေသည့် မျက်လုံးတို့ ကြောင့် ဖုန်းကို လက်ဖြင့်သာ လိုက်စမ်းနေမိသည်။

"အင်... အင်း... ဟ... လို..."
"... ဟလို... ညီညီလား... အိပ်နေတာလား"
"အင်း... ပြော... ရတယ်"
"ငါပါ မောင်မောင်းဝင်း"
"အင်း... သိတယ် ပြော... သယ်... ရင်း"
"အေး... ငါ... မနက်ဖြန် မနက် 7:55 နာရီ လေယောဉ်နဲ့  မြန်မာပြည်ကို ပြန်ဖြစ်မယ်"
"အင်... ဘယ်လိုဖြစ်တာလဲ ဗြုန်းစားကြီးပါလား။ ဟိုတလောကဘဲ တစ်ခါပြန်ထားသေးတယ် မဟုတ်လား"
"အေး... ဒီတစ်ခေါက်က အပြီးပြန်ဖြစ်မှာ"
"ဘာ... ဘယ်လို..."

အိပ်ချင်စိတ်တို့ ကြက်ပျောက်၊ ငှက်ပျောက် ပျောက်သွား၏။ အစစ အရာရာ အဆင်ပြေနေတဲ့ဟာကို ဒီိကောင် ဘယ်လို ဖြစ်ရတာလဲဟု တွေးလိုက်မိသည်။ ဟိုတရက်ကဘဲ ရာထူးတိုးလို့ ဆိုသဖြင့် East Code ကမ်းခြေတွင် ပါတီပွဲပေးသဖြင့် သွားစားသောက်ခဲ့ ကြသေးသည်။ ကိုယ်ဘဲ အိပ်ချင်မူးထူး ဖြစ်နေတာကြောင့်လားဟု သေချာအောင် နောက်တစ်ခေါက် ထပ်မေးမိ၏။

"အပြီးပြန်မှာ ဟုတ်လား... ဘာဖြစ်လို့ လဲ"
"အေးကွာ... ညက ဒက်ဒီ ဆုံးပြီလို့ အိမ်က ဖုန်းလှမ်းဆက်တယ်။ ဒါကြောင့် ငါအားချင်း ပြန်ရမှာ"
"ဟာ... ဟုတ်လား... ကျန်းကျန်းမာမာကြီးကနေ ဘယ်လို ဖြစ်ရတာလဲကွာ"
"ဦးနှောက်သွေးကြော ပြတ်တယ် ပြောတာဘဲကွာ။ နံနက်ပိုင်း breakfast စားတဲ့အချိန်ထိ အကောင်းကြီး ရှိနေသေးတယ်တဲ့"
"အေးကွာ... ငါလဲ စိတ်မကောင်းပါဘူး"

ညီညီ တကယ် စိတ်မကောင်း ဖြစ်သွားမိ၏။ မောင်မောင်ဝင်းနှင့် စင်ကာပူ ရောက်မှ ခင်သည် ဆိုသော်လဲ တကယ့် ငယ်ပေါင်းရင်းချာတွေလို ပေါင်းမိကြခြင်း ဖြစ်သည်။ ထို့ ပြင် မြန်မာပြည် ပြန်ရောက်တိုင်း ရန်ကုန်မြို့ ရှိ မောင်မောင်ဝင်းတို့ အိမ်ကို ဝင်ထွက်လေ့ ရှိသဖြင့် သူ့ အိမ်သားများနှင့်လဲ ရင်းနှီးနေ၏။ ပွင့်လင်းဖော်ရွေသည့် မောင်မောင်ဝင်း၏ ဒက်ဒီကို မြင်ယောင်မိလိုက်သည်။ ကျန်းကျန်းမာမာကြီးကနေ ဖြစ်သွားသည် ဆိုသဖြင့် ပို၍ နှမြောမိသည်။ သို့ သော် သေမင်းကို ဘယ်သူက တားနိုင်မှာလဲ။

"အေးကွာ ဗြုန်းစားကြီး ဖြစ်သွားတော့ ငါလဲ ယုံတောင် မယုံနိုင်ဘူး။ ဒါပေမယ့် ဘယ်တတ်နိုင်မလဲကွာ ကံတရားပေါ့။ အဲဒါကြောင့် ငါပြန်မယ့်အကြောင်း မင်းကို လှမ်းအသိပေးတာ"
"အေး... အေးပါ သူငယ်ချင်းရာ... ဒါနဲ့ မင်း တကယ်အပြီး ပြန်ဖို့ ဆုံးဖြတ်လိုက်ပြီလား။ ဆုံးတဲ့လူက ဆုံးသွားပြီးပြီဘဲ အလည်ခဏ ဖြစ်ဖြစ်ဘဲ ပြန်ပြီး နာရေးပြီးတော့ ပြန်လာပေါ့။ မင်းအလုပ်က ဒီအတိုင်းကြီး ပြန်သွားရရင် နှမြောစရာ"

ဘူမိဗေဒ ကျောင်းဆင်း မောင်မောင်ဝင်းက စင်ကာပူနိုင်ငံတွင် လစာတော်တော်လေး ကောင်းသည်။ တစ်လကို စင်ကာပူဒေါ်လာ ၄၀၀၀ ခန့် ရသည်။ ထို့ ကြောင့် ဖြစ်နိုင်လျှင် သူ့ ကို မပြန်စေချင်သေး။ ငယ်တုန်း ရှာလို့ ရနိုင်သလောက် ရှာစေချင်သေးသည်။

"တလောကမှ ပြန်ထားတဲ့အပြင် ရာထူးကလဲ တိုးပေးထားတာ မကြာသေးတော့ အလုပ်က ခွင့်မပေးဘူးကွ။ ငါလဲ သေချာရှင်းပြတာဘဲ မရဘူး။ ဒါကြောင့် မထူးဘူး ဆိုပြီး တခါတည်း အလုပ်ထွက်စာ တင်လိုက်တယ်"
"မင်းတို့ အလုပ်ကလဲကွာ... နာရေးကို"
"ခွင့်မရတာဘဲ ကောင်းပါတယ်ကွာ။ ဆုံးဖြတ်လို့ ပိုကောင်းသွားတာပေါ့။ မင်းလဲ သိတဲ့အတိုင်းလေ ဒက်ဒီမရှိတော့ဘူး ဆိုတော့ ဟိုမှာကလဲ မိန်းမသားတွေချည်း ကျန်ခဲ့တာလေ။ မြန်မာနိုင်ငံ မှာကလဲ ယောက်ကျားသား တစ်ယောက်တော့ ရှိမှဖြစ်မှာပေါ့။ ဒါကြောင့် ငါပြန်ဖြစ်တာလဲ ပါပါတယ်"
"အေးလေ ဒါလဲ ဟုတ်တာဘဲ။ အရေးအကြောင်းဆို ယောက်ကျားသား တစ်ယောက်တော့ ရှိသင့်တာဘဲ"
"ဒါပေါ့ကွာ ဘယ်တတ်နိုင်မလဲ  အိမ်ပြန်ချိန် ရောက်လာပြီလို့ ဘဲ ဆိုရမှာပေါ့။ အေး... ဒါဆိုလဲ ဒါဘဲ သူငယ်ချင်း... မင်းလဲ ဆက်အိပ်လိုက်ဦး... နောက်မှ ထပ်တွေ့ ကြတာပေါ့"

မောင်မောင်ဝင်းကတော့ ဖုန်းချသွားခဲ့ပြီ။ သို့ သော် ညီညီ ဆက်အိပ်မရတော့။ မောင်မောင်ဝင်း နောက်ဆုံး ပြောသွားသည့် အိမ်ပြန်ချိန် ရောက်လာပြီဟူသော စကားသံကို ပြန်ကြားယောင်နေမိ၏။ မောင်မောင်ဝင်းကတော့ အိမ်ပြန်ချိန်ရောက်ပြီ။ ကိုယ်တွေ အိမ်ပြန်ချိန်ကရော ဘယ်တော့လဲ။ မိဝေးဖဝေးဖြင့် ရေခြားမြေခြားမှာ ဘယ်လောက်ထိ နေနေရဦးမည်လဲ။ ထိုသို့  တွေးမိတော့ ရင်မောရသည်။ ထို့ ကြောင့် ဘာကိုမှ မတွေးတော့ဘဲ အိပ်ပျော်ဖို့ ကြိုးစားလိုက်သည်။

(၂)
Tea Break နားချိန်တိုင်း စက်ရုံဘေးဘက်တွင် ကော်ဖီသောက်ရင်း အမြဲထိုင်ဖြစ်လေ့ ရှိသည်။ စက်ရုံက လေယာဉ်ကွင်းဘေးတွင် တည်ရှိခြင်းကြောင့် ဒီနေရာလေးက မြင်ကွင်းကောင်းပြီး လေကောင်းလေသန့် ရ၏။ သို့ သော် အိမ်လွမ်းဝေဒနာကိုတော့ ပို၍ ခံစားရသည်။ တဝေါဝေါ ပျံတက်သွားသည့် လေယာဉ်ပျံကြီးများကို စိတ်က ခိုစီးပြီး အိမ်ကို ပြန်ပြန်ရောက်သွားတတ်၏။ ကိုယ့်အတွေးဖြင့်ကိုယ် ငြိမ့်ငြိမ့်ညောင်းညောင်းလေး စီးမျောနေစဉ် လှဌေးတစ်ယောက် အမောတကော ရောက်လာသည်။

"ညီညီ... ရေ... ညီညီ..."
"အေး... ပြော... ဘာကိစ္စလဲ"
"မင်းဖုန်းက လိုင်းဖုန်းဆိုတော့ Over Sea ခေါ်လို့ ရမှာပေါ့"
"အေး... ရတယ်လေ"
"ဒါဆို ငါ့ကို ကူညီပါဦးကွာ။ အိမ်ကို ဖုန်းဆက်ချင်လို့ ငါ့ဖုန်းထဲမှာကလဲ Over Sea ပိုက်ဆံက ကုန်နေပြီ။ ဖုန်းကဒ်ဝယ်ပြီးသားကလဲ မရှိလို့ ... အဲဒါ..."
"ဘယ်လိုကြောင့် ခုမှ အိမ်ကို အသဲအသန်ကြီး ဖုန်းခေါ်ချင်နေရတာလဲ။ ပြဿနာ ရှိလို့ လား"
"ပြဿနာရယ်တော့ မဟုတ်ပါဘူးကွာ။ ဒါပေမယ့် ငါ့စိတ်တွေ အရမ်းလေးနေလို့ ကွ။ မနေ့ ကတည်းက စိတ်တွေ လေးနေတာ။ ဒီနေ့ လဲ စိတ်တွေက အရမ်းလေးနေပြီး အလုပ်ထဲမှာလဲ ဘာလုပ်လုပ် အဆင်မပြေဘူး။ အလုပ်လုပ်ရင်း ဟိုဟာ လွတ်ကျ ဒီဟာ လွတ်ကျနဲ့ ။ အဲဒီလို ခံစားရတိုင်း အိမ်သားထဲက တစ်ယောက်ယောက် နေထိုင်မကောင်း ဖြစ်တတ်တယ်လေ။ ဒါကြောင့် အိမ်က လူကြီးတွေ နေထိုင်မှ ကောင်းရဲ့ လား စိတ်ပူမိလို့ ကွ။ ခဏပါကွာ ငါမိနစ်နဲ့ တွက်ပြီး ပိုက်ဆံပြန်ပေးပါ့မယ်"
"သတင်းမေးယုံ ခဏကတော့ ပြောလို့ ရပါတယ်ကွာ ပိုက်ဆံပြန်ပေးစရာ မလိုပါဘူး။ ရော့... ဒါပေမယ့် အကြာကြီးတော့ မပြောနဲ့ ပေါ့။ နို့ မို့ ဖုန်းဘေက တအားတက်သွားမှာကွ"
"အေး... ကျေးဇူးပါကွာ... ခဏဘဲ မကြာစေရဘူး သူငယ်ချင်း စိတ်ချ"

လှဌေးကို ဖုန်းပေးလိုက်ပြီး ညီညီလဲ လေယာဉ်ကွင်းဘက်သို့ ပြန်ငေးနေမိ၏။

"ဟင်... ဟုတ်လား... ခုရော ဘယ်လိုနေသေးလဲ"

ဘေးမှ ဖုန်းပြောနေသည့် လှဌေးအသံက ကျယ်လာသဖြင့် လှည့်ကြည့်မိ၏။ လှဌေးတစ်ယောက် ဖုန်းပြောရင်း မျက်စိမျက်နှာ ပျက်နေသည်။ ထို့ နောက် စက်ရုံရှေ့ဘက်သို့ လျှောက်သွားသည်။ အင်း... ပြဿနာ တစ်ခုခုတော့ ရှိနေပြီဟု တွေးလိုက်မိသည်။ ခဏကြာတော့ လှဌေးက ဖုန်းပြန်လာပေးသည်။ မျက်နှာကလဲ သိပ်မကောင်း။ မနေနိုင်လို့ စပ်စုကြည့်လိုက်မိသည်။

"ဘာဖြစ်လို့ လဲ လှဌေး"
"အမေလေဖြတ်လို့ တဲ့။ ထင်တော့ ထင်တယ် ဒီလောက် စိတ်တွေလေးနေတာ အိမ်မှာ တစ်ခုခုတော့ ဖြစ်နေပြီလို့ "
"ဟင်... လေဖြတ်တာ ဟုတ်လား။ ဘယ်အချိန်က ဖြစ်တာလဲ"
"မနေ့ က မနက်ပိုင်း အိပ်ယာထတော့ ကိုယ်တခြမ်းက လှုပ်မရတော့ဘူးတဲ့။ ဒါကြောင့် ပါရဂူနဲ့ ချက်ချင်း သွားပြရတယ်။ အခု နည်းနည်းတော့ သက်သာလာပြီမို့ စိတ်ပူစရာ မလိုတော့ဘူး ပြောတာဘဲ။ ဒါပေမယ့် သူတို့ က စိတ်မပူနဲ့ ဆိုပေမယ့် စိတ်ပူတာပေါ့"
"မနေ့ ကဆိုတော့ မင်းကို ဖုန်းဆက် အကြောင်း မကြဘူးလား"
"ငါ... အရမ်း စိုးရိမ်နေမှာစိုးလို့ အကြောင်းမကြားသေးတာတဲ့။ မြန်မာပြည်က လူတွေကလဲ ဘာကြောင့် ဒီလို ကိစ္စမျိုးတွေကို ဖုံးထားချင်ကြတာလဲ မသိဘူး"
"အစိုးရိမ် လွန်ပြီး ပြန်လာမှာ စိုးလို့ နေမှာပေါ့။ နိုင်ငံခြားက ပြန်ဖို့ က လွယ်ပေမယ့် တစ်ခေါက်ပြန်ထွက်ဖို့ ဆိုတာက လွယ်တာမှမဟုတ်တာ"

လှဌေး ခဏတော့ ငြိမ်ကျသွားသည်။ သူ့ အတွေးနဲ့ သူ နေပါစေ ဆိုပြီး လွှတ်ထားလိုက်သည်။ သူလဲ သူ့ အမေအတွက် စိတ်ပူနေမှာဘဲ။ ခဏနေတော့မှ ဟူးကနဲ သက်ပြင်း တစ်ချက်ကို မှုတ်ထုတ်ပြီး စကားဆိုလာသည်။

"ပြန်ပြီး အမေ့ကို အနီးကပ် ပြုစုချင်လိုက်တာကွာ။ တကယ်လို့ ခုလို လေဖြတ်တာ မဟုတ်ဘဲ မပြောကောင်း မဆိုကောင်း တိမ်းပါးသွားခဲ့ရင် အသက်တောင် မှီလိုက်မှာ မဟုတ်ဘူး"

လှဌေး စကားသံကို ကြားတော့ မောင်မောင်ဝင်း အဖြစ်က ခေါင်းထဲကို ဖြတ်ကနဲ တိုးဝင်လာသည်။ ဒါလဲ ဟုတ်သည် မောင်မောင်ဝင်း ဆိုလျှင် သူ့ ဒယ်ဒီ အသက်ကိုပင် မမှီလိုက်။

"အိမ်ပြန်ချင်ပြီကွာ။ မိဘတွေလဲ အသက်ကြီးပြီ။ သူတို့ ရဲ့ နောက်ဆုံး အချိန်လေး မရောက်မှီမှာ အနီးကပ် ပြုစုချင်သေးတယ်။ နောက်မှ ငါဘာမှတောင် လုပ်မပေး လိုက်ရပါလားလို့ တစ်သက်လုံး နောင်တရ မနေချင်ဘူးကွာ။ ဒီတခါ ပါမစ်သက်တမ်းကုန်ရင် ထပ်မတိုးဘဲ ပြန်နိုင်မလား ကြည့်ရမယ်"

လှဌေး၏ စကားက ကျွန်တော့် ရင်ထဲအထိ တာသွားသည်။ ငါရော ငါ့မိဘတွေအတွက် ဘာလုပ်ပေးပြီးပြီလဲ။ တစ်လတစ်ခါ ပိုက်ဆံပို့ ပေးနေယုံနဲ့ သား၊ သမီး တာဝန်ကျေပြီလားဟု ကိုယ့်ကိုယ်ကို ပြန်မေးကြည့်မိသည်။ အိမ်ပြန်ချင်ပြီ ဆိုသည့် လှဌေးစကားသံက ကျွန်တော့် စိတ်နှလုံးကို ဆွဲလှုပ်နှိုးသွားသည်။

(၃)
စနေနေ့ ပိတ်ရက် တစ်ရက် ငွေလွှဲရန်နှင့် ဝယ်စရာ ရှိတာတချို့ ဝယ်ရန် ပင်နီဆူလာ ပလာဇာသို့ ရောက်ဖြစ်ခဲ့သည်။  မြန်မာပြည်သို့ ပိုက်ဆံလွှဲနေစဉ် သန်းထွေးက သူတို့ 99ဆိုင်တွင် ရှိနေကြောင်း ဖုန်းဆက်လာသည်။ ထို့ ကြောင့် ငွေလွှဲပြီး ဝယ်စရာရှိတာ နဲနဲဝယ်ပြီး သူတို့ ရှိနေသည့် 99ဆိုင်သို့ ထွက်လာခဲ့လိုက်သည်။ 99ဆိုင်ကို ရောက်တော့ သန်းထွေးနှင့် ကိုသန်းအောင်တို့ က အရှိန်ပင် ရစပြုနေကြပြီ။

"ဟေး... ညီညီလာ... ဘာသောက်မလဲ"
"ရပါတယ် အဆင်ပြောတာဘဲ လုပ်လိုက်ပါ"

ညီညီလဲ ခုံတစ်လုံးဆွဲပြီး ဝင်ထိုင်လိုက်သည်။ သန်းထွေးက ညီညီကို စကားလှမ်းတောက်သည်။

"မောင်မောင်ဝင်း သတင်းကို ကြားပြီးပြီလား"
"အင်း... ဟိုနေ့ က ဖုန်းဆက်တယ်"
"အေးကွာ စိတ်တောင် မကောင်းဘူး။ သူ့ ခမျာ မပြန်ချင့် ပြန်ချင်နဲ့ ပြန်သွားရရှာတယ်"
"ဘယ်တတ်နိုင်မလဲ သူလဲ မပြန်မဖြစ် ပြန်ရတာဘဲ"
"ဒါပေါ့ သူကမှ သူ့ ဒယ်ဒီ မြေကျတာကို မှီဦးမယ်။ အောင်ကြီးတုန်းက ဆိုရင် အဖေ သေတာတောင် မသိလိုက်ရရှာဘူး"
"ဟုတ်လား ဘာကြောင့်လဲဗျ"

တချိန်လုံး ငြိမ်နားထောင် နေသည့် ကိုအောင်သန်းက ဝင်မေးလာခြင်း ဖြစ်သည်။ ကိုအောင်သန်းက သန်းထွေးနှင့် အလုပ်တူသည်။ ညီညီနှင့် သန်းထွေးတို့ ကတော့ တစ်ရွာတည်းနေ ငယ်သူငယ်ချင်းများ ဖြစ်ကြသည်။ ညီညီနှင့် ပတ်သက်ပြီး သန်းထွေးနှင့် မောင်မောင်ဝင်းတို့ ရင်နှီးခဲ့ကြသလို သန်းထွေးကြောင့်လဲ ကိုအောင်သန်းနှင့် ညီညီတို့ သိကြရခြင်း ဖြစ်သည်။

"ကျွန်တော်တို့ သူငယ်ချင်း အောင်ကြီး အဖေဆုံးတော့ သူက မလေးရှားနိုင်ငံမှာလေ။ ဖြစ်တာက ဆိုင်ကယ် အက်ဆီးဒင့် ဖြစ်တာ။ ကျွန်တော်တို့ ရွာမှာ မဟုတ်ဘဲ တခြားနေရာမှာ ဖြစ်တာဆိုတော့ အလောင်းသယ်တာတွေ ဘာတွေက ပြဿနာတွေ ရှိလာပြီ နောက်ပြီး အစိမ်းသေဆိုတော့ ကြာကြာထားလို့ ကလဲ မရဘူး။ ဒီတော့ ချက်ချင်းဘဲ သဂြို င်္လ်လိုက်ရတယ်။ အဲဒီအချိန်တုန်းက မလေးရှားနိုင်ငံကို ဆက်သွယ်ရတာကလဲ ခုလို မလွယ်ကူတော့ အောင်ကြီးကို မဆက်သွယ် ဖြစ်ကြဘူး။ သူ့ အဖေဆုံးပြီး တော်တော်ကြာမှ အောင်ကြီးက သိရတာ"
"ဒါဆို အစ်ကို့ အဖြစ်နဲ့ ခပ်ဆင်ဆင် တူတာပေါ့"

ညီညီရော သန်းထွေးရော ပြိုင်တူ ကိုအောင်သန်းကို လှည့်ကြည့်မိကြသည်။

"အစ်ကိုတို့ က ညီအစ်ကို သုံးယောက်ရှိတယ်။ ညီအငယ်ဆုံးက အစ်ကိုနဲ့  ရှစ်နှစ်ကွာတယ်။ အငယ်ကောင်က လိမ္မာတယ် စာလဲတော်တယ်။ ဒီတော့ သူက အိမ်မှာ အားလုံးရဲ့ အသဲကျော်ပေါ့။ သူဆယ်တန်းကို ဂုဏ်ထူးနှစ်ဘာသာနဲ့ အောင်တယ်။ သူဆယ်တန်း ဖြေပြီးကတည်းက ဒီမှာ ကျောင်းဆက်တက်ဖို့ အစ်ကိုက အားလုံးစီစဉ်ပြီးနေပြီ"

ကိုအောင်သန်းက ဘီယာခွက်ကို ဆွဲယူပြီး တစ်ချက်မော့ လိုက်သည်။ ထို့ နောက်မှ စကားကို ဆက်သည်။ ညီညီတို့ က အသာဘဲ နားစွင့်နေလိုက်ကြ၏။

"ဒီမှာ အားလုံး စီစဉ်ပြီးတော့ သူ့ ကို ဒီကို ခေါ်ဖို့ အစ်ကို မြန်မာနိုင်ငံကို ပြန်တယ်။ ပြန်ခါနီး နှစ်လလောက်ကတည်းက အငယ်ကောင်နဲ့ က အဆက်အသွယ် မရဘူး။ အဘိုးအဘွားတွေ ရွာကို အလည်သွားနေတာနဲ့ ဖုန်းဆက်တဲ့အချိန် အိမ်မှာ မရှိတာနဲ့ ဘဲ ကြုံနေတယ်။ ဖုန်းဆက်တိုင်း မတွေ့ တော့ အစ်ကိုလဲ စိတ်ဆိုးတာပေါ့။ ဒါကြောင့် အိမ်ကို ပြန်ရောက်တာနဲ့ အိတ်ကို ပစ်ချပြီးတာနဲ့ အငယ်ကောင် ဘယ်မှာလဲလို့ ချက်ချင်းမေးလိုက်တယ်။ အဲဒီမှာ အမေက ငိုပြီး အိမ်ထဲကို ဝင်သွားတယ်။ မျက်လုံးတွေကလဲ မို့ အစ်နေတာ။ တစ်နေ့ လုံး တစ်ညလုံး ငိုထားတာမှန်း သိတာနေတယ်။ ဘာများ ဖြစ်ပါလိမ့်လို့ အစ်ကို့ စိတ်ထဲ ထင့်သွားမိတယ်။ နောက်မှ သိရတာက လွန်ခဲ့တဲ့ နှစ်လလောက်ကတည်းက အငယ်ကောင်က ရေနစ်ပြီး ဆုံးသွားပြီ။ အစ်ကို အရမ်း စိတ်ထိခိုက်သွားမှာ စိုးလို့ ဖွင့်မပြောကြသေးတာ"

ဝိုင်းကလေးက တိတ်ဆိတ်သွားသဖြင့် ဆိုင်အတွင်းမှ ဇွန်းသံ၊ ခွက်သံ၊ လူသံတို့ က ပိုကျယ်လာသလား ထင်ရ၏။ ဘာဝင်ပြောရမှန်း မသိသဖြင့် ညီညီက ဘီယာခွက်ကို ကောက်ယူ သောက်လိုက်သည်။ ကိုအောင်သန်းက စကားကို ထပ်ဆက်သည်။

"နောက်တစ်နှစ်ခြားပြီး အမေဆုံးတယ်။ အမေဆုံးတော့ ချက်ခြင်းအကြောင်းကြားလို့ အသုဘကိုတော့ မှီလိုက်တယ်။ ဒါပေမယ့် ဘာမှ ပြုစုခွင့် မရလိုက်ဘူး။ ပိုက်ဆံရလို့ သာ တို့ တွေ ဒီမှာ အလုပ်လုပ်နေကြရတာ တကယ်ဆိုရင် ရေခြားမြေခြားမှာ မိသားစုကို ပစ်ပြီး အလုပ်လုပ်ရတာ မလွယ်ဘူး။ အစ်ကိုဆိုရင် ဒီမှာ အလုပ်လုပ်နေစဉ် အတွင်းမှာ မိသားစုဝင် နှစ်ယောက်ကို ဆုံးရှုံးခဲ့ရတယ်။ တကယ်တန်း တွေးကြည့်ရင် မတန်ဘူးကွာ။ သူတို့ ရဲ့ နောက်ဆုံးအချိန်တွေမှာ သူတို့ အနားကနေ ဘာမှ လုပ်မပေးနိုင်ခဲ့ဘူး။ ဒါပေမယ့် အပြီးပြန်ဖို့ ကလဲ မဖြစ်သေးဘူး။ ဒီတော့ အိမ်ပြန်ချိန်က ဝေးနေသေးတာပေါ့ကွာ"

ဝိုင်းကလေးက နောက်တစ်ကြိမ် ပြန်၍ တိတ်ဆိတ်သွားပြန်သည်။ ကိုအောင်သန်းကို ကြည့်ပြီး ညီညီတို့ စိတ်မကောင်း ဖြစ်ကြရ၏။ ပြောနေရင်း ဝေ့သီလာသည့် မျက်ဝန်းတို့ ကြောင့် ထိုစဉ်က ကိုအောင်သန်း တစ်ယောက် ဘယ်လောက် ထိခိုက်နာကျင်ခဲ့ရမလဲဟု ကိုယ်ချင်းစာမိသည်။

(၄)
ဒီဘက်ရက်များမှာ အလုပ်တွေ ရှုပ်နေသည်။ ဘာအလုပ်တွေ ရှုပ်နေလဲ မေးလျှင်လဲ အတိအကျ ပြောဖို့ က ခက်နေမည်။ ဟိုလုပ်ဒီလုပ်ဖြင့် လူက တစ်ချက်မှ မနားရပေမယ့် ဘာအလုပ် လုပ်နေလဲဟု လက်ဆုပ်လက်ကိုင် မယ်မယ်ရရ ပြလို့ မရ ဖြစ်နေ၏။ သို့ သော် အချိန်မရသဖြင့် အိမ်ကိုပင် ဖုန်းမဆက်နိုင်အောင် အလုပ်က ရှုပ်နေသည်။ ထို့ ကြောင့် အလုပ်ပါးချိန် အချိန်လေးရခိုက် ပိုက်ဆံရောက်မရောက် မေးရန် အိမ်ကို ဖုန်းဆက်လိုက်သည်။

"ဟလို..."
"..... ..... ..... "
"ဆေးရုံရောက်နေတာ ဟုတ်လား"
".... .... ...."
"ဘာဖြစ်လို့ လဲ"
".... .... ...."

ဖုန်းပြောပြီးနောက် ညီညီ တစ်ယောက် ငိုင်ပြီး ကျန်ရစ်ခဲ့သည်။ မသေကောင်း မပျောက်ကောင်း ကံကောင်းလို့ ပါလား။ ဖခင်ဖြစ်သူ ဆိုင်ကယ်မောင်းနေစဉ် ဆီးချိုနှင့် သွေးတိုးကြောင့် မူးပြီး ဆိုင်ကယ်ပေါ်မှ ပြုတ်ကျသဖြင့် ဆေးရုံ တင်လိုက်ရသည်။ ကံကောင်းသည်က ဆိုင်ကယ်ကို ဖြေးဖြေးလေး မောင်းလာခြင်းကြောင့် ကြီးကြီးကျယ်ကျယ် မထိခိုက်မိခြင်း ဖြစ်သည်။ အရင်က သွေးတိုးရှိကြောင်းကို သိသော်လဲ ဆီးချိုရှိခြင်းကို ခုမှသိ၏။ မင်းတို့ ညီအစ်ကိုလဲ ငွေရှာတာက ရှာတာပေါ့။ ဒါပေမယ့် မင်းတို့ အဖေနဲ့ အမေက အသက်ကြီးပြီ။ မင်းတို့ ညီအစ်ကို နှစ်ယောက်လုံး မဟုတ်တောင် တစ်ယောက်လောက်တော့ ပြန်လာပြီ အိမ်အလုပ်တွေကို ဦးစီးသင့်နေပြီဆိုသော ဦးလေး ဖြစ်သူ၏ စကားကို ပြန်ကြားယောင်မိလိုက်သည်။ လူကြီးတွေက အသက်ကြီးလာပြီ ဖြစ်သဖြင့် ကျန်းမာရေးက ယိုယွင်းလာကြပြီ။ အနီးကပ် ပြုစု စောင့်ရှောက်ပေးဖို့ လူလိုလာပြီ။ လူကြီးများကို အနားပေးပြီး ဘုရားသွား၊ ကျောင်းတက်ဖြင့် ကုသိုလ်ရေးကိုဘဲ လုပ်စေချင်မိပြီ။ ဒီကိစ္စကို အစ်ကိုနဲ့ တိုင်ပင်ဦးမှဟု တွေးလိုက်မိသည်။ ထိုစဉ် HRက ရုံးပေါ်ကို လာခဲ့ဖို့ ဖုန်းဆက်လာသည်။ HR မန်နေဂျာက ပါမစ်သက်တမ်းတိုးဖို့ အဆင်မပြေသည့် အကြောင်းကို ခေါ်ပြောခြင်း ဖြစ်သည်။ အိမ်ပြန်ချိန်ဆိုသည့် အချက်ပေးသံက မြည်လာခဲ့ပြီ။ ကံဇာတ်ဆရာက ကြိုတင် ဇာတ်တိုက်ထားသည့် အလား တစ်ကွက်ခြင်း၊ တလွှာခြင်းကို ချပြနေသည်လား ထင်ရ၏။ ညီညီရဲ့ အိမ်ပြန်ချိန်က ရောက်လာခဲ့ပြီ။ ညီညီလဲ အိမ်ပြန်ဖို့ ကို ဆုံးဖြတ်လိုက်ပြီ။ ဒီလိုဘဲ အိမ်ပြန်ချိန်တန်သူတွေ၊ အိမ်ပြန်ချင်သူတွေ အိမ်ကို ပြန်နေကြသလို၊ အိမ်ပြန်ချိန် မတန်သေးသူတွေ၊ အိမ်မပြန်ချင်သူတွေလဲ ရှိနေကြဦးမည်။ သို့ သော် အားလုံးဘဲ တစ်နေ့ တော့ အိမ်ကိုပြန်ကြရမည် မဟုတ်ပါလား။

21 comments:

  1. မောင်မျိုး21 November 2012 at 14:18

    အိမ်ပြန်ချိန်တွေ နောက်မကျတော့ဘူးပေါ့ ညီကတော့ ၀မ်းသာတယ် ငွေနောက်လိုက်ရင်း အဝေးဆုံးပျံတဲ့ ငှက်တွေလို အစားထိုးမရတဲ့ အရာတွေ မဆုံးရှုံးချင်တော့ဘူးဗျာ ။ ဆုံးဖြတ်ချက်မှန်တယ် တစ်နေ့နေ့ပေါ့ ဧရာဝတီ မြစ်ကမ်းဘေး ကျနော်တို့ အိမ်ပြန်ချိန်တွေအကြောင်း စကားဝိုင်းဖွဲ့ချင် ဖွဲ့နိုင်တာပဲး)

    ReplyDelete
  2. မှန်တာပေါ့ အားလုံးပဲတနေ့ အိမ်ပြန်ချိန်ရှိလာမှာပေါ့

    ReplyDelete
  3. မိဘအနားမှာ နေရတဲ့ ကံကောင်းတဲ့ ဘ၀ ကို ပြန်ရတော့မယ်နော်။ ၀မ်းသာပါတယ်။ အားလုံး အစစအရာရာ အဆင်ပြေပါစေ။


    မေဇင်

    ReplyDelete
  4. အေးဗျာ... ပို့စ်လေး ဖတ်ပြီး မေမေ့ကို သတိရလိုက်တာ... ရေခြား၊ မြေခြား မဟုတ်ခဲ့ပေမယ့် ကြေးနန်းဝင်လာမှ မေမေဆုံးကြောင်း သိလိုက်ရပြီး... (၇)ရက်ဆိုတဲ့ ခွင့်နဲ့ မြေချနှုတ်ဆက်ခဲ့ရဖူးတယ်... ဘာပဲပြောပြော အစားထိုးမရနိုင်တဲ့ အရာတွေကို အရာရာထက် တန်ဖိုးထားနိုင်ဖို့ အိမ်ပြန်ချိန်တွေ အမြန်ဆုံး ရောက်ရှိလာနိုင်ပါစေဗျာ.....

    ReplyDelete
  5. ဟိုအရင်ငယ်ငယ်တုန်းက အိမ်လွမ်းခဲ့ဖူးတာကို အမှတ်ရသွားမိတယ် ပြီးတော့ ဖေဖေဆုံးတုန်းကအကြောင်းကိုရောပဲ

    ReplyDelete
  6. ဟုတ်တာပေါ့ ရေခြားမြေခြားအလုပ်လုပ်တဲ့သူတွေ
    အမြဲခံစားကြရတယ်လေ...
    အန္တရယ်ကင်းပြီး ကျန်းမာစွာနဲ့ အမြန်ဆုံး မိမိ မိသားစုနဲ့တွေ့ရပါစေလို့
    ဆုတောင်းရင်း

    ReplyDelete
  7. ...အိမ်ပြန်ချင်တယ် ဟူး ဟူး အနွေးထွေးဆုံးပဲ အိပ်မရတဲ့ ညများစွာထဲ...

    ဇာတ်ဆရာအလိုကျ မီးစဉ်ကြည့်ပြီး ကနေရတဲ့ဘ၀မှာ ပြန်မရနိုင်တော့တဲ့ ဆုံးရှုံးမှုတွေ မဆုံးရှုံးမိပါစေနဲ့လို့

    ခင်မင်တဲ့

    ReplyDelete
  8. အိမ်ပြန်ချိန်တွေက အနှေးနဲ့အမြန် ရောက်လာတော့တာပဲနော်....၊
    အကိုလည်း ဒီရောက်နေတဲ့အချိန်တွေမှာ မိအိုဘအိုတွေ ဘုရားသိကြားမလို့
    ဘာမှမဖြစ်ပါစေနဲ့ လို့ပဲ ဆုတောင်းနေရတယ်....၊သက်တမ်းမကုန်ခင် ပြန်ဖို့
    ဆုံးဖြတ်ထားတာကလည်း အဲ့ဒါကအဓိကပဲလေ....

    ReplyDelete
  9. ကိုကြီးရဲရဲကတော့ အိမ်ကိုပြန်နိုင်ပြီပေါ့....အစစအရာရာ အဆင်ပြေပါစေ....မြန်မာပြည်မှာ ပြန်ဆုံကြမယ်။

    ReplyDelete
  10. ဆုံးဖြတ်ချက်အတွက် ဝမ်းသာတယ်ဗျာ... ကိုညီရဲ..၊ ဘဝမှာက ဒီလိုပဲ ရွေးချယ်မှုတွေ၊ အပေးအယူတွေ တချိန်လုံး လုပ်နေရတာပဲ မဟုတ်လား၊ ဝန်းကျင်က အဖြစ်အပျက်တွေ တစ်ခုပြီိးတစ်ခု မြင်နေခဲ့ပြီး နောက်ဆုံးမှာ ကိုယ့်အလှည့် ရောက်လာတော့ အချိန်မနှောင်းခင် အိမ်ပြန်နိုင်မှာမို့ ညီ ကံကောင်းပါတယ်..၊ ကျနော်လည်း မိဘတွေအတွက် နောက်ဆံငင်တဲ့ စိတ်နဲ့ပဲ ဆုတောင်းနေခဲ့ ရတာပါပဲ..၊

    လတ်တလောမှာ ကျနော်တို့ ဆုံဖြစ်တော့မှာ မဟုတ်ပေမယ့် ဦးစားပေးသင့်တာ တစ်ခုကို ဦးစားပေးခွင့် ရတဲ့ ညီ့အတွက် တကယ်ပဲ ဝမ်းမြောက်ပါတယ်၊ တစ်ချိန်ချိန်တော့ ကျနော်တို့တွေ ဆုံကြအုံးမှာပါဗျာ...။

    ReplyDelete
  11. အိမ်ပြန်ချိန်ကိုလမင်းလည်းအမြန်ရောက်ချင်ပါပြီး.. ၀ထ္ထုတိုလေးအားပေးခဲ့ပါတယ်

    ReplyDelete
  12. လမ်းလျှောက်ရင်းလမ်းမပျောက်ရင် အိမ်ပြန်ချိန်ကို တွက်ဆနိုင်မယ်ထင် ...

    ReplyDelete
  13. အိမ်ပြန်ချိန်ကိုတော့အမြန်ဆုံးရောက်စေချင်တယ်ဗျာ ။ ရေမြေခြားမှာနေရတဲ့ ဘ၀ ကအမြန်ဆုံးလွှတ်ချင်ပြီး ။ဝတ္တုကိုဖတ်ပြီး တကယ့်ကိုခံစားရတယ်ဗျာ။

    ReplyDelete
  14. အိမ်ပြန်ချိန်ရောက်လာတဲ့ အတွက် အကို့အစား ပျော်မိပါတယ်အကိုရေ.. ညီမလေးတို့လည်း အိမ်ပြန်ချိန်ရောက်ဖို့ ..မျှော်လင့်ကြိုးစားနေရဆဲမို့.. တစ်နေ့တော့ အိမ်ပြန်ကြရမှာပါ...အကို..

    ReplyDelete
  15. အိမ်ပြန်ရတော့မယ်ဆိုတော့ ရေးအားရှိပြီပေါ့ မောင်ညီရဲရေ။ တိုင်းတစ်ပါးမှာ မပျော်ပိုက်ပေမယ့် ဘဝတစ်ဝမ်းတစ်ခါးအတွက် အချိန်တွေပေးဆပ်ရင်း အိမ်ပြန်ချိန်လေးတွေကို မျှော်တလင့်လင့်ဖြစ်နေကြသူများ ရင်ထဲက ဆန္ဒအတိုင်း အမြန်ဆုံး အကောင်အထည်ဖော်နိုင်ကြပါစေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  16. ခဏတာလေး ပြန်မိတာတောင် အလွမ်းတွေက ထွေးပွေ့ဆဲ ......... :(

    ReplyDelete
  17. စာအရေးအသား တကယ်ဆွဲဆောင်မှုရှိတယ်။ ဖတ်ပြီး အတော်လေး စိတ်မကောင်းဖြစ်မိရတယ်။ ကိုယ်ကလဲ အိမ်ပြန်ချင်တဲ့သူဆိုတော့။ ရဲရဲ တကယ်ပဲ အိမ်ပြန်ခွင့်ရရင် ဝမ်းသာပါတယ်။ တစ်နေ့တော့ အားလုံးအိမ်ပြန်ကြရမှာ။

    ReplyDelete
  18. 'အိမ်ပြန်ချိန်...လေးကိုဖတ်ပြီမျက်ရည်ကျ၇ပါတယ်
    ........အကိုညီရဲသစ်.......

    ReplyDelete
  19. ဟုတ်တယ် တစ်နေ့တော့ ကျွန်တော်တို့ အိမ်ကို ပြန်ရမှာပေါ့ဗျာ ပြန်ကို ပြန်ရမှာပေါ့ဗျာ

    ReplyDelete
  20. အိမ်ပြန်ချိန်ဆိုတာ အိမ်နဲ့ ခွဲနေတယ့်သူတိုင်း တောင့်တကြတယ့် အရာတခု..

    ReplyDelete