Monday 5 November 2012

မိုးညတစ်ည၏နောက်...

တိမ်မည်းတိမ်ရိပ်တို့ က လကို ထွေးငုံထားသဖြင့် ညရောင်က အနက်ရောင် အတိပြီးနေသည်။ တဝီဝီ အော်မြည် ပြေးလွှားနေသည့် လေတိုးသံကို နားထဲတွင် အတိုင်းသား ကြားနေရ၏။ မိုးရိပ်မိုးငွေ့ တို့ ကလဲ တရိပ်ရိပ် တလိပ်လိပ်ဖြင့် ဟန်ရေးတပြင်ပြင် ဖြစ်နေကြသည်။ ဖြတ်ကနဲ လက်သွားသည့် လျှပ်ရောင်နောက်မှ ကပ်ပါလာသည့် မိုးခြိမ်းသံက လူကို မကြောက်ကြောက်အောင် ခြောက်လှန့် နေသည့်အလား။ ပြောရမည် ဆိုလျှင် ရာသီဥတုက ကိုယ့်ဘက်ကို လုံးဝမပါ။ သူရပ်နေသည့် နေရာမှ အရှေ့ဘက် အမှောင်ထဲသို့  မှန်းမျှော်ကြည့်လိုက်မိသည်။ လမ်းကလေး တစ်လမ်းရဲ့  အလယ်ခေါင် တည့်တည့်ပေါ်မှာ သူရပ်နေတာပါ။ ဒီလမ်းလေးရဲ့ တဘက်အဆုံးမှာတော့ သူ့ အိမ်ရှိနေသည်။ ထိုအိမ်ထဲတွင် သူ့ မိဘနှစ်ပါးနှင့် အစ်ကို တစ်ယောက်တို့ ရှိနေကြသည်။ ယခုချိန်လောက်ဆိုလျှင် သူတို့  စိတ်ပူနေကြတော့မည်။ အိမ်ပြန်ရောက်ချိန် တန်နေပေမယ့် ပြန်ရောက်မလာသေးသည့်  သူ့ အတွက် သူတို့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေကြလိမ့်မည်။ ဒီလမ်းလေးကို ဖြတ်ပြီး ဘယ်လို ပြန်မလဲလို့ ဘယ်နှကြိမ်မြောက်မှန်းမသိ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်မိပြန်သည်။ ဤဒေသ၏ အလွန်သရဲခြောက်သည်ဟု နာမည်ကြီးနေသည့် ဒီလမ်းကလေးကို ဒီလိုအချိန်၊ ဒီလို အနေအထားမျိုးဖြင့် တစ်ယောက်တည်း ဖြတ်ပြန်ရလိမ့်မည်ဟု တွေးတောင် မတွေးကြည့်ဖူးခဲ့ပေ။ လမ်းလေးက သူ့ လို တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေရန် ဘော်ဒါတက်နေသည့် ၁၅နှစ် မပြည့်တပြည့် လူငယ်တစ်ယောက်ကို မဆိုထားဘိ အရွယ်ရောက်ပြီးသည့် လူကြီးတချို့ ပင် တစ်ယောက်တည်း ဖြတ်မသွားဝံသည့် လမ်းကလေးပေါ့။ သို့ သော် ယခု ဒီလမ်းလေးကို သူတစ်ယောက်တည်း ဖြတ်ပြန်ရဖို့ အကြောင်းက ဖန်လာပြီ။

ဒီအတွက် နဝဒေးတံတား ဒီဘက်ထိပ်ထိ လိုက်လာခဲ့ပြီးမှ ရာသီဥတု အခြေအနေကို အကြောင်းပြပြီး လှည့်ပြန်သွားသည့် သူငယ်ချင်းကိုဘဲ အပြစ်တင်ရမည်လား။ သို့ မဟုတ် မနက်ဖြန်မနက် အိမ်မှာ လုပ်မည့် အလှူကို သူငယ်ချင်းက အလည်လိုက်မည် ဆိုလာသဖြင့် ဘော်ဒါပိတ်ရက်တိုင်း အမြဲလာကြိုလေ့ရှိသည့် ဖခင်ကို ဒီတခေါက် လာမကြိုဖို့ ဖုန်းဆက်ခဲ့မိသည့် ကိုယ့်ကိုယ်ကိုဘဲ အပြစ်တင်ရမည်လား။ ဒီအခြေအနေထိ ရောက်လာပြီးမှတော့ ဘယ်သူ့ ကိုမှလဲ အပြစ်မတင်ချင်တော့ပါဘူး။ တကယ်က သူငယ်ချင်းဖြစ်သူ လမ်းလေးကို ကြည့်ပြီး ဆိုင်ကယ်ကို မမောင်းရဲလို့ လှည့်ပြန်သွားခြင်း ဆိုသည်ကို သူရိပ်မိနေသည်ဘဲ။ သူငယ်ချင်းဖြစ်သူ မမောင်းရဲလို့ ကိုယ်မောင်းမယ် ဆိုပြီး ပြောရအောင်ကလဲ ကိုယ်တိုင်လဲ မောင်းရဲသည့် အခြေအနေတွင် ရှိမနေ။ လမ်းကလေးက ဘယ်ဘက်ကချောက်၊ ညာဘက်က တောင်တန်းများကြားမှ ဖြတ်စီးဆင်းသွားသည့် တောင်ပတ်လမ်း အမျိုးအစားဖြစ်၏။ လမ်းအထာ မသိတဲ့ လူတစ်ယောက် လက်ရှိ အခြေအနေမှာ မောင်းဖို့ တော်တော်ကို မလွယ်သည့် အနေအထားမျိုးပေါ့။ သူနားလည်ပေးနိုင်ပါသည်။ သို့ သော် သူငယ်ချင်းက လှည့်ပြန်သွားလို့ ရပေမယ့် သူကလိုက်ပြန်ဖို့ တော့ မဖြစ်နိုင်ပါ။ မနက်ဖြန်မနက် အိမ်မှာ လုပ်မည့် အလှူတွင် မိသားစု စုံစုံလင်လင် ရှိမနေလျှင် မိခင်ဖြစ်သူက ထိုအကြောင်းကို ပြောလို့ ဆုံးမှာမဟုတ်တော့။ ထို့ ကြောင့် ယနေ့ ည အိမ်ကို မရောက်ရောက်အောင်ကို ပြန်ရမည်။ သို့ သော် ခုချိန်ထိ ခြေတစ်လှမ်းမျှ သူမလှမ်းဖြစ်သေး...။

ကား၊ ဆိုင်ကယ် ကြုံများ တွေ့ ရမလားလို့ ရပ်စောင့်နေတာ တစ်နာရီခန့် ပင် ရှိခဲ့ပြီ။ နဂိုကမှ လူသွားလူလာပြတ်သည့် လမ်းလေးက ရာသီဥတုကြောင့် ထင်သည် ပိုလို့ ပင် ခြောက်ကပ်သွေ့ ခြောက်နေ၏။ တစ်ယောက်တည်း လမ်းလျှောက်ပြန်ဖို့ အတွက်ကလဲ အကြောက်တရားက သူ့ ကို တုံဆွဲထားနေသည်။ လက်က နာရီကို ကြည့်လိုက်တော့ ည 8:00 နာရီကို ထိုးလုပြီ။ ဒီထက်ပိုစောင့်၍ မဖြစ်တော့ မိုးကလဲ ရွာတော့မည်။ မိုးရွာမှ ပြန်မည်ဆိုလျှင် အိမ်အပြန်ပို၍ ခက်ခဲပေတော့မည်။ မိုးရွာလျှင် တဘက်တောင်ပေါ်မှ မိုးရေများက လမ်းကလေးပေါ်သို့ အဆီးအတားမရှိ စီးဆင်းလာတော့မည်။ ထို့ နောက် လမ်းလေးပေါ်မှတဆင့် တဘက်မှ ချောက်ထဲကို ဆက်၍ စီးဆင်းသွားကြမည်။ ထိုအခါ ရွှံစေးဆန်သည့် လမ်းလေးပေါ်တွင် ရေအိုင်၊ ရေဗွက်များကြောင့် လမ်းလျှောက်ရန် ပို၍ ခက်ခဲလာတော့မည်။ ထို့ ကြောင့် ဆက်စောင့်ဖို့ မဖြစ်နိုင်တော့သဖြင့် ကိုယ့်အားကိုယ်ကိုးပြီး ပြန်ဖို့  ဆုံးဖြတ်လိုက်သည်။ အိမ်အပြန် ခြေလှမ်းတို့ ကို စဖို့ အကြောက်တရားကို အရင် ဖျောက်ရမည်။ ထိုသို့ တွေးမိလိုက်တော့ ဖခင် ဆိုဆုံးမခဲ့ဖူးသည့် စကားတို့ က နားအတွင်း စီးဝင်လာသည်။ ညဘက် သန်းခေါင်သန်းလွဲ နောက်ဖေးသွားလျှင် လိုက်ပို့ ရလေ့ရှိသည့် ဖခင်ဖြစ်သူက အိမ်သာအပြင်ဘက်မှ ထိုင်စောင့်ရင်း ဆိုဆုံးမလေ့ရှိသည်။ ထိုစဉ်ကတော့ ပြီးပြီးရော ထိုဆုံးမစကားတို့ က နားထဲမဝင်ခဲ့ချေ။

"ငါ့သား... ဒီလိုသာ ကြောက်တတ်နေရင် မင်းတော့ ကြီးလာရင် ခက်မယ်။ တကယ်တော့ ကြောက်တယ် မကြောက်ဘူး ဆိုတာ စိတ်က အဓိကဘဲ။ မင်းစိတ်ထဲက အကြောက်တရားကို မဖျောက်နိုင်သေးသရွေ့ ကတော့ အရာရာကို တွေးပြီး ကြောက်နေဦးမှာဘဲ။ အဲဒီလို ကြောက်တတ်ပြီး တပါးသူရဲ့ အကူအညီကို ယူနေရသရွေ့ တော့ လောကမှာ လူဖြစ်ရတာလဲ တပန်းရှုံးနေဦးမှာဘဲ။ တကယ်တော့ လောကမှာ ကြောက်စရာကောင်းတယ် ဆိုတဲ့အရာတိုင်းက ကြောက်ဖို့ ကောင်းတာ မဟုတ်ပါဘူး။ စိတ်က ခြောက်လို့ သာ လူက ကြောက်နေတတ်တာ။ တခါမှ သရဲမခြောက်ခံရဘူးဘဲနဲ့ သရဲကြောက်တယ်ဆိုတာက ဖြစ်သင့်ရဲ့ လား။ သရဲခြောက်ခံရတော့ရော ယောက်ကျားဘဲ ဘာကြောက်စရာ ရှိသလဲ။ သရဲခြောက်ခံရလို့ သေတဲ့လူ မရှိပါဘူး။ အကြောက်လွန်လို့ သေတဲ့လူဘဲရှိတယ်။ ဒီတော့ ဘာကို ကြောက်သင့်သလဲ ဆိုတာကို တွေးကြည့်ပေါ့ ငါ့သား"

ထိုစဉ်က ဖခင်၏ ဆုံးမစကားသံတို့ က ယခုမှ အသိဥာဏ်အတွင်းသို့ တစ်လုံးချင်း စီးဝင်လာသည်။ ထိုအခါ ငါဘာကို ကြောက်နေတာလဲဟု ကိုယ့်ကိုယ်ကို ပြန်မေးမိသည်။ သို့ သော် အဖြေကမရှိ။ သူတစ်ခုခုကို တွေးတွေးပြီး ကြောက်နေပေမယ့် ဘာဆိုသည်ကို လက်ဆုပ်လက်ကိုင် မပြနိုင်။ ဟုတ်တယ် ဘာကိုမှ ရင်ဆိုင်မတွေ့ ရသေးဘဲနဲ့ ငါဘာကို ကြောက်နေရမှာလဲ။ ထိုသို့ စဉ်းစားမိလိုက်သည့် ခဏမှာပင် အကြောက်တရားတို့ လွင့်ပြယ်ကာ ခန္ဓာကိုယ်အတွင်းမှ သွေးတို့ နွေးထွေး ဆူဝေလာသည်။ အိမ်အပြန်လမ်းအတွက် ခွန်အားသစ်တစ်ရပ်ကို မွေးဖွားနိုင်ခဲ့သည့်နောက် ခြေလှမ်းတို့ ကို စလိုက်သည်။ ထိုအခိုက်မှာပင် လေပွေတချက်က သစ်ရွက်တစ်အုပ်ကို စုပ်ဆွဲ သူ့ တည့်တည့်ကို ပစ်ပေါက်လာသည်။ သို့ သော် ထိုအရာက သူ၏ အိမ်အပြန် ခြေလှမ်းတို့ ကို ရပ်တန့် မပစ်နိုင်တော့ပေ။

တဟူးဟူးဖြင့် တိုက်ခတ်နေသည့် လေကို ဆန်တက်ပြီး တသွင်သွင် စီးဆင်းနေသည့် တောင်ပတ်လမ်းလေးအတိုင်း သူစီးမျောလာခဲ့လိုက်သည်။ သစ်ဆိမ့်ပင်ရွာလေး ရှေ့မှ ဖြတ်အလျှောက်တွင် ရာသီဥတု အခြေအနေကြောင့်ထင်သည် ရွာလေးက ပုံမှန်ထက် ပို၍ တိတ်ဆိတ်ငြိမ်ကုပ်နေ၏။ သစ်ဆိမ့်ပင် ရွာလေးကို ကျော်လာခဲ့ပြီးနောက် ရွှေဂူ(ငွေဘုံသာဘုရား)ကုန်း အတက်နား အရောက်တွင် ကြိုးစား၍ မေ့ထားသည့် အကြောင်းအရာတချို့ က ရုန်းကြွနိုးထလာခဲ့သည်။ ဒီကုန်းအတက်မှာ သူငယ်ချင်း ဖိုးကျော်၏ အဖေ သရဲအခြောက်ခံရတာပါလား ဆိုသည့် အတွေးက ကိုယ်ခန္ဓာအနှံ ကြက်သီးမွေးညင်းတို့ ကို တဖြန်းဖြန်းဖြင့်  လှိုင်းထသွားစေ၏။ တစ်ချက်ဝေ့တိုက်လာသည့် လေကြောင့် လူလဲ ချမ်းစိမ့်စိမ့် ဖြစ်သွားသည်။ ဘာမှမဟုတ်ပါဘူးဟု ကိုယ့်ကိုယ်ကို အားပေးပြီး ခရီးဆက် လာခဲ့လိုက်၏။ သို့ ဖြင့် ရွှေဂူ(ငွေဘုံသာဘုရား)ကုန်း အလယ်လောက်ကို ရောက်လာခဲ့သည်။ ထိုအခိုက် ဖျက်ကနဲ လက်သွားသည့် လျှပ်ရောင်အောက်တွင် ကုန်းထိပ်မှ မဲမဲရှည်ရှည် အရိပ်ကြီးနှစ်ရိပ်ကို တွေ့ လိုက်ရသည်။ ထိုခဏတွင် အကြောက်တရားက ဒိန်းကနဲ့ နှလုံးအိမ်ကို ထိုးဆောင့်လာသည်။ လူတကိုယ်လုံး ထူပူသွားပြီး ဦးခေါင်းလဲ နှစ်ဆခန့် ကြီးသွား၏။ ထို့ နောက် အကြောက်တရားက သူ့ တကိုယ်လုံးကို ဖုံးလွှမ်းသွားပြီး တဒင်္ဂ ကိုယ်ခန္ဓာအတွင်းမှ သွေးများ အေးခဲသွားသလား ထင်ရအောင် ထိုနေရာတွင် တောင့်တောင့်ကြီး ရပ်နေမိသည်။ ဘယ်လောက် အချိန်ကြာကြာ သူရပ်နေမိလိုက်သည်မသိ...။

"ရှင်မ သွက်သွက်ကလေးလျှောက် မိုးက ရွာတော့မယ်"
"ကျုပ်လဲ ကြိုးစားလျှောက်နေတာဘဲ... ခေါင်းပေါ်က အထုပ်ကြီးက နဲနဲလေးတော့ လျှောက်ရတာ အဆင်မပြေဘူးတော့်"

တောင်ယာတဲတွင် ညစောင့်အိပ်သည့် သစ်ဆိပ့်ပင်ရွာမှ လင်မယားနှစ်ယောက် လေကြီးမိုးကြီး ကျတော့မည်မို့ ရွာထဲသို့ ပြန်အိပ်ကြခြင်း ဖြစ်သည်။ အထုတ်အပိုးများ ထိုးထိုးထောင်ထောင်ကို ထမ်းပိုးလာခြင်းမို့ ရုတ်တရက် သူလန့် သွားမိခြင်းဖြစ်၏။ ထိုလင်မယားကလဲ လမ်းလယ်ခေါင်တွင် ငူငူကြီးရပ်နေသည့် သူ့ ကို စူးစမ်းဟန် တစ်ချက်ကြည့်ပြီး ကွေ့ ပတ်လျှောက်သွားကြ၏။ ထိုစဉ် မိုးစက်မိုးပေါက်များက တဖောက်ဖောက်ဖြင့် ကျလာသည်။ မျက်နှာပေါ်မှ မိုးရေစက်တို့ ကို သပ်ချပြီး သက်ပြင်းမောတစ်ချက်ကို မှုတ်ထုတ်လိုက်မိသည်။ ထို့ နောက် အိမ်အပြန် ခြေလှမ်းတို့ ကို ပြန်စလိုက်၏။

မိုးက စရွာကတည်းက ရေကို သွန်ချလိုက်သကဲ့သို့ တဝုန်းဝုန်း တဒိုင်းဒိုင်းဖြင့် ရွာချသည်။ မိုးစရွာပြီး ခဏမှာပင် လမ်းညာဘက် တောင်ပေါ်မှ ရေများက တဝေါဝေါဖြင့် လမ်းလေးပေါ်သို့ စီးကျလာသည်။ စောစောက သွေ့ ခြောက်နေသည့် လမ်းလေးပေါ်တွင် ရေအိုင်ငယ်များ၊ ရေစီးကြောင်းငယ်များ၊ ဗွက်အိုင်များ ဖြစ်ပေါ်လာသည်။ ထို့ ကြောင့် လမ်းလျှောက်ရတာ သူ့ အတွက် ပို၍ ခက်ခဲလာခဲ့၏။ ထို့ နောက် သရဲအခြောက်ဆုံး နေရာဟု နာမည်ကြီးနေသည့် သရက်ပင်နှင့် ထန်းပင် ရှိသည့် နေရာသို့ ရောက်လာခဲ့သည်။ ကြားရသည့် သတင်းများ အရဆိုလျှင် တခါတခါ သရက်ပင်အောက်မှ ထွက်ထွက်လာလေ့ ရှိသကဲ့သို့ ၊ တခါတခါတွင် ထန်းပင်ပေါ်မှ မဲမဲအကောင်ကြီး ဆင်းလာလေ့ ရှိသည်ဟု ကြားဖူးခဲ့သည်။ သို့ သော် တဆင့်စကား တဆင့်နားဖြင့် ကြားဖူးခဲ့ခြင်းသာ ဖြစ်၏။ တေ့တေ့ဆိုင်ဆိုင် အခြောက်ခံရဖူးသည့် လူကိုယ်တိုင် ပြောသေည့် သတင်းကိုတော့ မကြားဖူးသေး။ မိုးက ဘယ်အငြိုးကြောင့်မသိ ဝုန်းဒိုင်းကြဲနေသည်။ တဖောင်းဖောင်း လာမှန်သည့် မိုးရေစက်တို့ ကြောင့် လူလဲ အေးစက်ကာ ထုံကျင်နေပြီ။ ရွှေဂူကုန်းတက်တုန်းက အတွေ့ အကြုံရှိထားပြီ ဖြစ်သဖြင့် စောစောကလောက် မကြောက်တော့သော်လဲ စိတ်ထဲ စိုးရွံစိတ်ကတော့ ရှိနေဆဲဖြစ်၏။ ဘယ်ကိုမှ မကြည့်ဘဲ မိမိရှေ့မှ မြေကြီးကိုသာ ငုံကြည့်ပြီး ငိုက်စိုက်ငိုက်စိုက်ဖြင့် လျှောက်လာခဲ့ခြင်းဖြစ်သော်လဲ သရက်ပင်နှင့် ထန်းပင်ရှေ့အရောက်တွင် မျက်လုံးတချက်ဝေ့ကာ ကြည့်မိလိုက်သေးသည်။ ဘာမှတော့ ထူးထူးခြားခြား မမြင်ရ။ ထိုစဉ် ညာဘက်တောင် တောင်ကုန်းပေါ်မှ တဝုန်းဝုန်းဖြင့် ပြေးဆင်းလာသံကို ကြားလိုက်ရသည်။ လူတကိုယ်လုံး ထူပူသွားကာ အကြောက်တရားကြောင့် ကြိမ်အတို့ ခံလိုက်ရသည့် နွားကဲ့သို့ ထိုနေရာမှ တဟုန်ထိုး ပြေးထွက်လိုက်သည်။ အသံက ခဏနှင့် တိတ်သွားသည်။ ခပ်လှမ်းလှမ်း ရောက်သည်အထိ ဘာသံမှ ဆက်မကြားရ။ ထိုအခိုက် ဖခင်၏ ဆုံးမစကားတို့ က နားထဲတိုးဝင်လာသည်။ ငါဘာကို ကြောက်တာလဲဟုလဲ ကိုယ့်ဘာသာကိုယ် ပြန်မေးမိပြန်၏။ ထို့ နောက် စောစောက အသံကြားရသည့် နေရာသို့ ပြန်လျှောက်လာခဲ့ပြီး စူးစမ်းကြည့်လိုက်သည်။ မိမိ ဘာကို ကြောက်တာလဲ ဆိုသည့် အဖြေကို ရှာရန်ဖြစ်သည်။ သူထိုရှေ့ကို အရောက်မှာပင် တဝုန်းဝုန်းဖြင့် တောင်ပေါ်မှ မြေများ ထပ်မံ၍ ပြိုကျလာပြန်သည်။ ထိုခဏမှာပင် သူ့ အသိအာရုံအတွင်းတွင် အကြောက်တရားတို့ ကင်းစင်လွင့်ပါးသွားခဲ့သည်။ ထိုနေ့ က အိမ်အပြန်လမ်းတွင် တန့် ကြည့်တောင်ကွေ့ မရောက်မှီ ကုန်းထိပ်တွင် မည်းမည်း လူရိပ်များကို တွေ့ ခဲ့သေးသည်။ သို့ သော် သူမကြောက်တော့။ ယခုလို သရဲခြောက်သည်ဟုလဲ သူမကြားဖူးခဲ့ပါ။ ထို့ ကြောင့် သူအကြောက်အလန့် မရှိ ကိုယ့်လမ်းကိုယ် ဆက်လှမ်း လာခဲ့လိုက်သည်။

"ဟေ့ကောင်လေး... ဘယ်က ပြန်လာတာလဲ"

တန့် ကြည့်တောင်ဘုရားတွင် လုံခြုံရေး တာဝန်ယူထားသည့် ကပစ(၃) စစ်တပ်မှ ရဲဘော်များဖြစ်သည်။ နယ်မြေ အေးချမ်းသာယာရေးအတွက် ကင်းလှည့် လာကြဟန်တူသည်။

"ဘော်ဒါပိတ်ရက် အိမ်ပြန်လာတာပါ"
"တစ်ယောက်တည်းလား"
"ဟုတ်ကဲ့ တစ်ယောက်တည်းပါဘဲ။ သူငယ်ချင်းတစ်ယောက်က နဝဒေးတံတား ဒီဘက်ထိပ်ထိတော့ လိုက်ပို့ ပေးပါတယ်"
"သြော်... ခုရော တစ်ယောက်တည်း ပြန်ရဲရဲ့ လား။ ရွာထဲထိ ရဲဘော် တစ်ယောက်ယောက်ကို လိုက်ပို့ ခိုင်းပေးရမလား"
"နေပါစေတော့ဦး ကျေးဇူးတင်ပါတယ်။ အရှေ့က တန့် ကြည့်တောင်ကွေ့ တစ်ကွေ့ ကျော်ပြီး ကုန်းဆင်းလိုက်ရင် ရွာထဲကို ရောက်ပြီဘဲ။ ကျွန်တော် တစ်ယောက်တည်း ပြန်ရဲပါတယ်"
"အေး... အေး... ဒါဆိုလဲ ဂရုစိုက်သွား လမ်းတွေက ချောနေတော့ ချော်လဲမှာ စိုးရိမ်ရတယ်"
"ဟုတ်ကဲ့ဦး"

တစ်ယောက်တည်း သရဲခြောက်သည်ဟု နာမည်ကြီးသည့် နေရာတွေကို ဖြတ်ခဲ့ပြီး ဒီနေရာထိတောင် ရောက်ခဲ့ပြီဘဲ သူဘာကို ကြောက်နေရဦးမှာလဲ။

"ဒီကောင်လေး မဆိုးဘူးဘဲ။ ဒီအချိန်၊ ဒီလမ်း၊ ဒီခရီးကို ဒီရာသီဥတုနဲ့ တစ်ယောက်တည်း ဖြတ်ပြန်ရဲတာ နဲတဲ့ သတ္တိမဟုတ်ဘူး"

နောက်ကျောဘက်မှ ပျံလွင့်လာသည့် ချီးမွမ်းစကားသံ ဖြစ်၏။ တိတိကျကျ ပြောရလျှင် သူစိုက်ပျိုးခဲ့သည့် အသီးအပွင့်တို့ ၏ ရနံကို ရှူရှိုက်ခွင့် ရခဲ့ခြင်း ဖြစ်သည်။ ထိုနေ့ က အိမ်ကို ပြန်ရောက်တော့ ရွှံတွေ၊ ဗွက်တွေနဲ့ မိုးရေတွေ ရွှဲရွှဲစိုနေသည့်သူ ကြွက်စုတ် တစ်ကောင်လို ဖြစ်နေသည်။ ဖြစ်ပျက်ခဲ့သမျှ အကြောင်းစုံကို ဇာတ်စုံခင်းပြတော့ မိခင်ဖြစ်သူက နားထောင်နေရင်း မျက်ရည်များကြားမှ ကြိုးစားပြုံးကာ ငါ့သားလေးကို သနားလိုက်တာဟု ညည်းသည်။ ဖခင်ကတော့ ဘာမှမပြော။ သို့ သော် သားဖြစ်သူအတွက် ကျေနပ်အားရနေဟန်ကို မျက်ဝန်းများမှ တဆင့် သူမြင်နေရ၏။ အစ်ကိုကတော့ ငါ့ညီလေး တော်လိုက်တာဟု အစချီကာ ချီးမွမ်းစကားတို့ ကို တဖွဖွဆိုသည်။ အကယ်၍ ထိုနေ့ က သူသာ ထိုလမ်းကို တစ်ယောက်တည်း ဖြတ်ပြန်ဖို့ ကို စိုးရွံမိသဖြင့် သူငယ်ချင်းနှင့် ပြန်လိုက်သွားခဲ့လျှင်၊ ရွှေဂူကုန်းတက်တွင် ကြောက်၍ နောက်ပြန်လှည့်ပြေးခဲ့လျှင်၊ မြေပြိုကျသည့် နေရာတွင်မစူးစမ်းမလေ့လာဘဲ ရှေ့သို့ သာ ဂမူးရှူးထိုး ထွက်ပြေးခဲ့မိလျှင် သူသည် ခုချိန်ထိ အရင်အတိုင်း ကြောက်တတ် နေဦးမည်။ ခုချိန်မှာတော့ လောကမှာ ကြောက်စရာကောင်းသည် ဆိုသည့် အဖြစ်အပျက်တိုင်းက ကြောက်စရာကောင်းတာ မဟုတ်ကြောင်းကို သူကောင်းကောင်း နားလည်ခဲ့ပြီ ဖြစ်သည်။ မိုးညတစ်ည၏ နောက်နေ့ မှစ၍ လူငယ်လေး တစ်ယောက်သည် အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီ။ ကိုယ့်ကိုယ်ကို ယုံကြည်စိတ် ပိုလာကာ ကိုယ့်အားကိုယ် ကိုးတတ်လာခဲ့ပြီ။ ကြောက်စရာ ကောင်းသည်ဟု ထင်ရသည့် ပြဿနာတို့ ကို ရင်ဆိုင်ဖြေရှင်းရဲသည့် သတ္တိရှိလာခဲ့ပြီး အရင်ထက် ပို၍ ရင့်ကျက်တည်ငြိမ်လာခဲ့ပါတော့သည်။

10 comments:

  1. တကယ်တော့ ကြောက်တယ် မကြောက်ဘူး ဆိုတာ စိတ်က အဓိကဘဲ။ မင်းစိတ်ထဲက အကြောက်တရားကို မဖျောက်နိုင်သေးသရွေ့ ကတော့ အရာရာကို တွေးပြီး ကြောက်နေဦးမှာဘဲ...............
    စိတ်ပါပဲနော်
    ဟုတ်တာပေါ့ ခင်တဲ့ sis jasmine

    ReplyDelete
  2. ဖခင်ပြောတဲ့ စကားတွေကို ကြိုက်တယ်၊ စကားလုံး ကြီးကြီးကျယ်ကျယ်တွေ မပါဘဲ ရိုးရှင်း၊ မှန်ကန်လိုက်တာ..၊

    ဒီဝတ္ထုတိုလေးက ပထမဦးဆုံး တစ်ပိုဒ်ကနေ အဆုံးထိကို တထိတ်ထိတ်နဲ့ စိတ်ဝင်စားစရာ ကောင်းလွန်းစွာ ဆွဲခေါ်သွားခဲ့တယ်၊ သဘောတကျနဲ့ ဖတ်သွားခဲ့တယ် ကိုညီရဲရေ..၊ ပြေပြစ်တဲ့ အရေးအသားအတွက် ချီးကျူးပါတယ်ဗျာ...။

    ReplyDelete
  3. ဟွင်း ဟွင်း......တကယ့်တကယ်က ကြောက်လွန်းလို့ ရှုးရှုးတွေတောင်ထွက်ကျ
    ဆို....... :P
    (အလကားစတာ.....:))ဖတ်လို့ကောင်းတယ်.....တစ်လမ်းလုံး ဘယ်နားက
    သရဲထွက်လာမလဲလို့ ရင်တထိတ်ထိတ်နဲ့ဖတ်လိုက်ရတာ....။

    ReplyDelete
  4. အသက်ရှု၇ပ်သွားလို့အောက်ဂျင်ဆီပိုက်လုံးစွပ်ထားရတယ်
    နှခေါင်းမှာ..

    ReplyDelete
  5. ကောင်း၏....အတုယူစရာပဲ...ကျနော်က သရဲအရမ်းကြောက်တတ်တာ...ဒီထဲက အဖေလုပ်တဲ့သူပြောတဲ့စကားတွေမှတ်ထားဦးမှ...း)

    ReplyDelete
  6. အေးဟာ သရဲထွက်လာမလားလို့ ဖတ်နေတာ...။ အဖေပြောသားကိုပြောတဲ့ စကားလေးကောင်းတယ်ညီ...။

    ReplyDelete
  7. အတွေ့ကြုံကောင်းရလိုက်တာပဲ ။

    ကြောက်စိတ်ကသာ ကြောက်စရာအကောင်းဆုံးပဲနော့် ။

    ReplyDelete
  8. ကြာက်တတ်ပြီး တပါးသူရဲ့ အကူအညီကို ယူနေရသရွေ့ တော့ လောကမှာ လူဖြစ်ရတာလဲ တပန်းရှုံးနေဦးမှာဘဲ။ တကယ်တော့ လောကမှာ ကြောက်စရာကောင်းတယ် ဆိုတဲ့အရာတိုင်းက ကြောက်ဖို့ ကောင်းတာ မဟုတ်ပါဘူး။ စိတ်က ခြောက်လို့ သာ လူက ကြောက်နေတတ်တာ။

    အလွန်မှန်ကန်ပါ၏။

    လေးစားစွာဖြင့်
    မြတ်ပန်းနွယ်

    ReplyDelete
  9. နောက်ဆုံးတော့ မိမိကိုယ်သာ အားထားရာဆိုတာလေးကို မြင်မြင်ထင်ထင်ရှိစေတယ်။ ရဲရင့်တော့လည်း ဒီစိတ် ကြောက် ရွံ့တော့လည်း ဒီစိတ်ပဲပေါ့... သဘောကျတယ် မောင်လေး

    နောက်တစ်ခေါက်လာပြန်ဖတ်တယ်ညီရဲရေ.. အရင်တခါက ကွန်မန့်လေးရေးခဲ့တာ ဘယ်ပျောက်သွားလဲသိဘူး..

    ReplyDelete
  10. ကြောက်တာကို ရင်ဆိုင်လိုက်ပုံလေး ကောင်းတယ်

    ReplyDelete