Friday 10 February 2012

ဘဝရဲ့ အမှတ်တရနေ့ စွဲများ(တဂ်)

ဘဝရဲ့ အမှတ်တရနေ့ စွဲများတဲ့.... ညီမငယ် သမီးစံက တဂ်လာသည့် ပိုစ့်လေး ဖြစ်သည်။ ဒီနေ့ အချိန်ထိ ရှင်သန်ကြီးပြင်းလာခဲ့သည့် ဘဝတလျှောက်တွင် အမှတ်တရ နေ့ ရက်ပေါင်းများစွာ ရှိခဲ့သည်။  ပထမဆုံး အနေဖြင့် ပြောရမည် ဆိုလျှင် ကျွန်တော် လေးနှစ်သား အရွယ်လောက်က ဖြစ်သည်။ ကျွန်တော့် အဒေါ်ဖြစ်သူနှင့် ကျွန်တော် မြစ်ဆိပ်ကို ရေချိုးလိုက်သွားခဲ့သည်။ ကျွန်တော်နှင့် အဒေါ်၏သား ကျွန်တော့်ညီဝမ်းကွဲတို့ က မြစ်ဆိပ်တွင် အဝတ်လျှော်နေသည့် အဒေါ်ဖြစ်သူ၏ မလှမ်းမကမ်းတွင် ရေကစားနေကြသည်။ မြောက်ရှူံးအောင် ဆော့သော ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက်က ခရီးသည်များချပြီး ပြန်ထွက်သော စက်လှေကို လက်ဖြင့်ခိုပြီး လိုက်သွားကြ၏။ ကမ်းစပ်မှ အဒေါ်ဖြစ်သူနှင့် တခြားသူများ ပွတ်လောရိုက်မတတ် အော်မှ ကြောက်လန့် ပြီး လက်ကိုလွှတ်ချ လိုက်တော့ ရေနက်ပိုင်းကို ရောက်နေပြီမို့ ရေနစ်ပါလေတော့သည်။ ထိုနေ့ က စက်လှေပေါ်မှ အိမ်နီးချင်းအစ်ကို တစ်ယောက်က ကယ်တင်ခဲ့ခြင်းကြောင့်သာ ဒီနေ့ ထိ ကျွန်တော်  အသက်ရှင် နေနိုင်ခြင်း ဖြစ်သည်။

ကျွန်တော် ငါးတန်းအောင်ပြီး ခြောက်တန်းတက်မည့် နှစ်တွင်ဖြစ်သည်။ တစ်ဦးတည်းသော အစ်ကိုဖြစ်သူ ဆယ်တန်းစာမေးပွဲ အောင်ပြီး တက္ကသိုလ်ကျောင်းများ ပိတ်လိုက်သဖြင့် ပြည်တောင်တန်း ရေနံမြေသို့ အလုပ်သွားလုပ်မည် ဆိုသဖြင့် အရမ်းဝမ်းနည်းခဲ့ရသည်။ ထိုအချိန်က ကျွန်တော့် အသက် ဆယ်နှစ်ကျော်ကျော်သာ ရှိသေးသည်။ သွားအတူ၊ စားအတူ၊ အိပ်တော့လဲ တစ်ကုတင်တည်း အတူတူ အိပ်ခဲ့ကြသည့် ညီအစ်ကို နှစ်ယောက် အနေဖြင့် ပထမဆုံး ခွဲကြခြင်းလဲ ဖြစ်သည်။ အရင်က အဘိုးအဘွားများ၏ ရွာသို့ အလည်သွားလျှင်ပင် ညီအစ်ကို နှစ်ယောက် ခွဲအိပ်ရမည် စိုးသဖြင့် နှစ်ယောက်လုံး အားတဲ့နေ့ မှ အတူတူ သွားလေ့ရှိကြသည်။ ထိုစဉ်က ကျွန်တော် ညဘက်များဆိုလျှင် တစ်ယောက်တည်း မအိပ်ရဲ အစ်ကိုဘေးနားမှာ ရှိနေမှ အိပ်ရဲသူ ဖြစ်သည်။ အချိန်တိုင်းတွင် အစ်ကို ဖြစ်သူက ကျွန်တော့်ကို ဖေးမ၍ ကျွန်တော့်ရှေ့မှ မားမားမတ်မတ် ရပ်ခဲ့သူဖြစ်သည်။ ထိုနေ့ ကစ၍ ကျွန်တော် ညဘက်များတွင် တစ်ယောက်တည်း အိပ်ရ၏။ ထိုနေ့ မှစ၍ မွေးကတည်းက မိမိဘေးတွင် မားမားမတ်မတ် ရပ်ခဲ့သည့် အစ်ကိုဖြစ်သူ မပါဘဲ ကိုယ့်အားကိုယ်ကိုးပြီး  ကိုယ့်ကိစ္စကိုယ်ဖြေရှင်း ခဲ့ရသည်။ အစ်ကိုဖြစ်သူ ပါသွားသည့် မိခင်ဖြစ်သူ၏ သူငယ်ချင်း အရာရှိကြီး၏ ကားကို ငွေ့ ရည်ဖွဲ့ နေသည့် မျက်ဝန်းတို့ ဖြင့် ငေးကြည့်ရင်း ကျွန်တော် ဝမ်းနည်းခဲ့ရသည်။

ကျွန်တော့်ဘဝမှာ မှတ်မှတ်ရရ ဖြစ်နေတဲ့ နေ့ လေးတစ်ရက်ပေါ့။ ပြောရမှာ ရှက်ဖို့ လဲ ကောင်းပါတယ်။ ကျွန်တော် ကောင်မလေးတစ်ယောက်ကို ရည်းစားစကား လိုက်ပြောဖို့ စောင့်နေခဲ့တယ်။ စောင့်နေတဲ့ နေရာက ဆင်ခြေလျှောကုန်းဆင်းလေး။ ပထမဆုံး အကြိမ်မို့ တဆတ်ဆတ် တုန်နေတဲ့ ဒူးကို ပုံမှန်ဖြစ်ဖို့ ကြိုးစားနေရ၏။ အဲဒီအချိန်မှာ ကောင်မလေးက စက်ဘီးလေး နင်းပြီး ရောက်လာခဲ့သည်။ ကျွန်တော်ကလဲ အမှန်အကန် လိုက်ပြောမယ် ဆိုပြီး စက်ဘီးကို စအနင်း...။ အဲဒီအချိန်မှာဘဲ ကောင်မလေးက ကုန်းဆင်းအတိုင်း စက်ဘီးကို ဒုံးပျံလို ဝှီးကနဲ နင်းထွက်သွားသည်။ ကျွန်တော့် စက်ဘီးက ယောက်ကျားစီး ဆိုတော့ အထနှေးပြီး အရှိန်မရသေးဘူး။ ကျွန်တော် ပြာယာခတ်သွားပြီး ကောင်မလေးကို လွှတ်ခနဲ "ဟိတ်... ခဏနေဦး" ဆိုပြီး အော်တားလိုက်မိတယ်။ ကောင်မလေးကလဲ သူ့ ကို ခေါ်တယ်ဆိုတော့ စက်ဘီးကို ဘရိတ်တွေ ဘာတွေအုပ်လို့ အရှိန်လျှော့ပေးရတာပေါ့။ အဲဒီကျမှ ကျွန်တော်လဲ သူမကို မှီလာပြီး ပြောစရာ ရှိတာကို ပြောရတာပေါ့။ ကျွန်တော်က ဖြစ်လိုက်ရင် အဲဒီလို... အဲဒီလို...

အဲဒီနေ့ ကပေါ့ ကမ္ဘာလောကကြီးက အရမ်းကို ရုန်းကြွလှပလို့ အသက်ဝင်နေသည်။ မြင်သမျှ၊ တွေ့ သမျှက လှပနှစ်လိုဖွယ် အတိပြီးနေ၏။  ကျွန်တော်လဲ အူမြူးပြီး လူတွေ့ တိုင်း အတင်းလိုက် နှုတ်ဆက်လို့   ပြုံးပြုံးပြနေမိသည်။ လူကလဲ ထိုင်ရမလို၊ ထရမလိုနဲ့ ဂနာမငြိမ် ဖြစ်နေတာပေါ့။ အိမ်ကို ပြန်ရောက်တော့လဲ မိဘက မခိုင်းရဘဲနဲ့ ကို အိမ်အလုပ်တွေကို ကူလုပ်ပေးနေမိတယ်။ မိခင်ဖြစ်သူကတော့ အရမ်းကို အံသြနေတာပေါ့။ အရင်က လိပ်ခေါင်းထွက်မတက် အော်ခေါ်ပြီး ခိုင်းနေရတဲ့လူက ခုကျ တာဝန်တသိနဲ့ အိမ်အလုပ်တွေ ကူလုပ်နေတာဆိုတော့ တအံတသြကို ဖြစ်လို့ ပေါ့။ နောက်ဆုံး မနေနိုင်လို့ နှုတ်က "ဟဲ့... ကောင်လေး ဂနာမငြိမ်နဲ့ ဘာဖြစ်လာတာလဲလို့ " ထုတ်မေးရတဲ့ အထိကို ဖြစ်ခဲ့တာ။ ဒါပေမယ့် အတွေ့ အကြုံရှိဟန်တူတဲ့ ဖခင်ဖြစ်သူက "ဘာဖြစ်ရမှာလဲ ဒီလောက် ဂဏာမငြိမ် ဖြစ်နေတာ ဒီကောင် သူ့ ကောင်မလေးဆီက အဖြေရလာလို့ နေမှာပေါ့" လို့ ကွက်တိကို တမ်းဟောလိုက်တာ...။ ကျွန်တော်လဲ ရှက်ပြီး.... "ဟာ... အဖေကလဲ" ဆိုပြီး ရုပ်ရှင်ထဲက မင်းသမီးလေးလို ထွက်ပြေးရတာပေါ့။ ကျွန်တော်က အဲဒီလိုလေးလဲ ရှက်တတ်သေးတယ်လေ။

ကျွန်တော် ဆယ်တန်းတက်သည့် နှစ်တွင်ဖြစ်သည်။ ကျွန်တော့် သူငယ်ချင်းဖြစ်သူ တစ်ယောက်က ကျွန်တော်နှင့် စာအတူတူ လာကျက်လေ့ရှိသည်။ နှစ်ယောက် အတူတူ စာလုပ်လျှင် တိုင်တိုင်ပင်ပင်ဖြင့် စာပိုလုပ်ဖြစ်ရန် ဖြစ်သည်။ ဒါပေမယ့် ကျွန်တော် လက်ဖက်ရည်ဆိုင် သွားလျှင် သူကမလိုက် စာကျက်ကျန်ခဲ့သည်။ ကျွန်တော် တီဗီဆင်းကြည့်လျှင်လဲ သူက ဆင်းမကြည့် စာကျက်ကျန်ခဲ့သည်။ ညအိပ်တော့ တစ်ညနေလုံး ဘော်လုံးကန်ထားသည့် ကျွန်တော်က ပင်ပန်းပြီး အစောကြီး အိပ်ပျော်သွားတတ်သော်လဲ သူက နောက်ကျမှ အိပ်သည့်အပြင် ကျွန်တော့်ထက် စောစောထပြီး စာကျက်လေ့ ရှိသည်။ ထို့ ကြောင့်  မိခင်ဖြစ်သူ၏ ဆူပူကြိမ်းမောင်းမှုကို နေ့ စဉ် ခံရလေ့ရှိသည်။ ကြာတော့ ကျွန်တော် ဒဏ်မခံနိုင်တော့။ သူရှိနေလို့ နေ့ စဉ်အဆူခံနေရသည်ဟုလဲ လွဲမှားစွာ ထင်မိခဲ့သည်။ ထို့ ကြောင့် အစ်ကိုဖြစ်သူ သူ့ အလုပ်မှ သူငယ်ချင်းများကို အိမ်လည်ခေါ်ပြီး ပြန်လာသည့် တစ်နေ့ ... ကျွန်တော်က အိမ်မှာ ဧည့်သည့်တွေ ရောက်နေတယ် မင်းအိမ်ပြန်လိုက်ဦး ဆိုပြီး သူငယ်ချင်းကို မောင်းထုတ်ခဲ့မိသည်။ ညတစ်နာရီခွဲလောက်မှာ စက်ဘီးကလေးဆွဲပြီး မိနစ်လေးဆယ်ခန့် စက်ဘီးနင်း၍ ပြန်ရသည့် သူတို့ ရွာကို ညအချိန်မတော် ထပြန်သွားရသည့် သူငယ်ချင်း ဖြစ်သူ၏ ပုံရိပ်ကို ပြန်မြင်ယောင်မိတိုင်း ကျွန်တော့်ကိုယ် ကျွန်တော် ခွင့်မလွှတ်နိုင်လောက်အောင် ဖြစ်မိသည်။ အိမ်မှာ အိပ်စရာနေရာ အများကြီး ရှိသည်ကို သူလဲ သိနေသည်ဘဲ။ နောက်ပိုင်းမှာ ကျွန်တော့်အမှားကို ပြန်တောင်းပန်ခဲ့သော်လဲ  ထိုနေ့ က စ၍ ထိုသူငယ်ချင်းနဲ့ အနေအေးသွားခဲ့သည်။ သူက ဘာမှသဘောမထားဘဲ ကျွန်တော့်ကို ပုံမှန် ဆက်ဆံသော်လဲ ကျွန်တော်ကိုယ်တိုင်က သူ့ ကို ရှိန်သွားခြင်းဖြစ်သည်။ ထိုအဖြစ်အပျက်လေးကို ပြန်စဉ်းစားမိတိုင်း ကျွန်တော်အမှားကြီး တစ်ခုကို ကျူးလွန်မိခဲ့သလို ကိုယ့်စိတ်ကိုယ်မလုံဖြစ်ကာ ရင်ဘတ်ထဲ ဆူးတစ်ချောင်းဝင်နေသလို ခံစားနေရသည်။ သူခွင့်လွှတ်ပါသည်ဟု ဘယ်လောက်ပြောပြော ကျွန်တော် ကိုယ့်ကိုယ်ကို ခွင့်မလွှတ်နိုင် ဖြစ်ရသည်။

ကျွန်တော် မလေးရှားနိုင်ငံတွင် အလုပ်သွားလုပ်ရန် ဆုံးဖြတ်ပြီးချိန်က ဖြစ်သည်။ ပတ်စပို့ စာအုပ် လုပ်ပြီးသွားပြီ။ သွားဖို့ လာဖို့ အားလုံး စီစဉ်ပြီးသွားပြီ။ ထိုအချိန်တွင် ကျွန်တော် GTC ကျောင်းတက်ခွင့် ရခဲ့သည်။ ကျွန်တော် ကျောင်းကို ဆက်တက်ချင်ခဲ့သည်။ သူငယ်ချင်းများကလဲ ကျွန်တော့်ကို ကျောင်းဆက်တက်ဖို့ တိုက်တွန်းကြသည်။ တချို့ သူငယ်ချင်းများဆိုလျှင် ကျွန်တော့် မိဘများကိုပင် လာပြောပေးကြသည်။ ကျွန်တော့် မိဘနှစ်ပါးကတော့ ကျွန်တော့် သဘောဟု ပြောကြသည်။ သို့ သော် မလေးရှားကို သွားဖို့ က အားလုံး စီစဉ်ပြီးနေပြီ ပိုက်ဆံတွေကလဲ ကုန်ထားပြီး နေပြီဖြစ်သည်။ ထို့ ကြောင့် လက်ရှိအခြေအနေကို နားလည်သည့်အတွက် ကျွန်တော် ကျောင်းတက်ချင်သည်ဟု တစ်ခွန်းမှ မပြောခဲ့။ ထိုနေ့ က သူငယ်ချင်းများနှင့် ဘီယာဆိုင်ကို အတူလိုက်ထိုင်ခဲ့ပြီး ဘဝတွင် ပထမဆုံးအကြိမ် အကြီးအကျယ် မူးခဲ့သည်။

ကျွန်တော့်တွင် ငယ်ငယ်လေး ကတည်းက အလွန်ခင်ခဲ့ရသည့် သူငယ်ချင်း တစ်ယောက် ရှိခဲ့သည်။ ကျွန်တော့် အိမ်မျက်စောင်းထိုးတွင် နေသည့် ကျွန်တော့် အချစ်ဆုံး သူငယ်ချင်း ဖြစ်သည်။ အိမ်နီးနားချင်း ငယ်သူငယ်ချင်း ဖြစ်သဖြင့် ငယ်စဉ်မှ ကြီးသည်အထိ တတွဲတွဲဖြင့် မခွဲအတူ ရှိခဲ့သည်။ ကျွန်တော့်အပေါ် နားအလည်နိုင်ဆုံးနှင့် အသိတတ်ဆုံးသော သူငယ်ချင်းဖြစ်သည်။ တစ်ယောက်စိတ် တစ်ယောက်သိပြီး တစ်ယောက်ဆန္ဒကို တစ်ယောက်က ဘယ်တုန်းကမှ မငြင်းခဲ့ပေ။ တစ်နေ့ သူ နေမကောင်း ဖြစ်သဖြင့် ဆေးရုံကို တင်လိုက်ရသည်။ ကျွန်တော် တနေရာကို သွားနေသဖြင့် သူဆေးရုံတင်လိုက်ရသည်ကို မသိလိုက်ပေ။ ညဆယ့်တစ်နာရီလောက်မှ သူ့ ယောက်ဖက ကျွန်တော့်ကို လာပြောခြင်း ဖြစ်သည်။ အခြေအနေ သိပ်မကောင်းကြောင်း၊ အကြောင်းထူးလျှင် ဖုန်းဆက်ဖို့ ကျွန်တော့် ဖုန်းကို ပေးခဲ့သည့် အကြောင်း ပြောသည်။ ထိုနေ့ ညက သူဆုံးသွားပြီ ဆိုသည့် အကြောင်း ကျွန်တော့်ဆီကို ဖုန်းဝင်လာသည်။ ထိုနေ့ က ကျွန်တော် အလွန်ဝမ်းနည်းခဲ့ရပြီး ငုတ်တုတ် မိုးလင်းခဲ့ရသည်။

တခြား အမှတ်တရ နေ့ စွဲ အတိုအထွာလေးများလဲ ရှိသေးသည်။ ကြောင်ပေါက်စ လေးများကို တက်ကြည့်ရင်း လှေကားပေါ်မှ အောက်သမံတလင်းပေါ်ကို ဇောက်ထိုးပြုတ်ကျလာသည့် ကျွန်တော့်ကို ဖခင်ဖြစ်သူက အောက်မှ ဆီးဖမ်းထားသဖြင့်သာ ဒီနေ့ ထိ အသက်ရှင်နေရခြင်း ဖြစ်သည်။ ကျွန်တော်တို့ မြို့ နယ် ဘော်လုံးပြိုင်ပွဲတွင် ပထမဒိုင်းဆုကြီး ဆွတ်ခူးပြီး ရပ်ကွက်ထဲတွင် လှည့်လည် အောင်ပွဲခံခဲ့ကြသည်။ ထိုနေ့ ညဘက်တွင်လဲ ရပ်ကွက်လူကြီးများက ကျွန်တော်တို့ ကို တခမ်းတနားဖြင့် ဂုဏ်ပြုခဲ့ကြသည်။ ထိုနေ့ လေးကလဲ မမေ့နိုင်စရာ နေ့ လေးတစ်ရက် ဖြစ်ခဲ့သည်။ ဆယ်တန်းအောင်စာရင်း ထွက်သည့်နေ့ ကလဲ မိဘများက ခရီးထွက်နေကြသည်။ ညဘက် တော်တော်နဲ့ မအိပ်ဖြစ်သဖြင့် နောက်နေ့ မနက် ၉နာရီလောက်မှ နိုးသဖြင့် အောင်စာရင်း သွားကြည့်တော့ ကျွန်တော်တစ်ယောက်တည်း ရှိတော့သည်။  ဒီလိုဘဲ ကျွန်တော်က ဖြစ်လိုက်ရင် အရာရာနဲ့ အကြောင်းကြောင်းပေါ့...

14 comments:

  1. ရည်းစားစကားပြောတာကလည်း နေဦးဆိုပြီးတားပြီးပြောတယ် အံ့ရော...
    အစ်ကိုငယ်ငယ်က မျောက်ရှုံးအောင်ဆော့တယ် ထင်တယ်နော် :D

    ReplyDelete
  2. မောင်လေးရဲ့အမှတ်တရနေ့စွဲလေးတွေက ဘဝအတွက် မှတ်မှတ်ထင်ထင်ပါပဲလား။ အဲဒီနေ့လေးတွေကနေ ဘဝအတွက် တန်ဖိုးရှိတဲ့ အရာတွေကို ရှာတွေ့ခဲ့မယ်ထင်တယ်။ တခါတလေလည်း အမှတ်တရနေ့စွဲတွေကနေ။။
    ခင်မင်လျက်
    အမသဒ္ဓါ

    ReplyDelete
  3. အောင်မယ်... ညီမက အကြောင်းမသိလို့ သူက စက်ဘီးကိုနင်းရင် ဒုံးပျံလိုဘဲ... ဒီတော့ ခုလိုတားရတာပေါ့... ငယ်ငယ်က ဆော့ချက်ကတော့ ပြောမနေနဲ့ ရပ်ကွက်က မျောက်လောင်းလေးတွေလို့ ကိုခေါ်တာလေ...

    ဟုတ်တယ် အစ်မ... ဒီလိုဘဲ ဘဝကို အမှတ်တရနေ့ ရက်လေးတွေနဲ့ စာစီကုံးနေရတာ... ဒီနေ့ ပိုစ့်ကို ထူးထူးခြားခြား အစ်မတော်နဲ့ ညီမတော်တို့ အရင်ရောက်လာပါလား...

    ReplyDelete
  4. ဒါဆိုရင်တော့ မျောက်မူးလဲများ အဖွဲ့ပေါ့နော်

    ReplyDelete
  5. ရုပ်ရှင်ထဲကမင်းသမီးရှက်ပြီးပြေးသလိုပြေးထွက်သွားတာကို မြင်ယောင်မိရင်းပြုံးမိသွားတယ်...။

    ReplyDelete
  6. ငယ်ဘ၀တွေကိုသတိရမိတယ်ဗျာ

    ReplyDelete
  7. ဟီဟီကိုရဲရေ တစ်ယောက်ထဲအောင်စရင်းသွားကြည့်တော့အေးဆေးဖြစ်တာပေါ့
    အမှတ်တရပိုစ့်လေးဖတ်ပြီပြုံးသွားပါတယ်:)

    ReplyDelete
  8. ရည်းစား စကားပြောတဲ့ အမှတ်တရမျိုး ခုနေ ပြန်များ ဖြစ်နေအုံးမလား အကို...:):)
    အမှတ်တရလေးတွေ ဖတ်ပြီး ပြု့းမိတယ်...

    ReplyDelete
  9. ဘဝတွင် ပထမဆုံးအကြိမ် အကြီးအကျယ် မူးခဲ့သည်။
    ...တဲ့.. :)။။ ဟုတ်သားဗျာ။။ ကျွန်တော်ရေးတုန်းက အဲဒီနေ့ကို မေ့သွားတယ်။။ ဟီးးးးးးးးးးး။။။

    ReplyDelete
  10. ကိုညီရဲတို့ အမှတ်တရတွေက အသက်နဲ့ရင်းရတဲ့ ကိစ္စတွေ တယ်များပါလား... :P

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  11. အမှတ်တရ လေးတွေကို အမှတ်တရ ဖတ်သွားတယ်

    ReplyDelete
  12. ညီရဲလည်း မိသားစု၊ သူငယ်ချင်း သံယောဇဉ် တော်တော်ကြီးသား..ကံကောင်းလို့  ရေနစ်မသေတယ်ဟယ်..

    ReplyDelete
  13.ဲရဲရဲ ရေ...အမှတ်တရနေ့စွဲတွေက တကယ့်ကို မှတ်မှတ်ရရတွေပဲနော်။ ကံကောင်းလို့ ဒီနေ့အထိ အသက်ရှင်နေသေးတာ.. အတော်ဆော့တဲ့ ရဲရဲ..း))

    ReplyDelete
  14. တော်သေးတာပေါ့....ကောင်မလေးက ကုန်းအဆင်းမှာ လန့်ပြီး ဘရိတ်ကိုဆောင့်အုပ်မိပြီး စက်ဘီးပေါ်က ကျွမ်းပြန်ကျမသွားတာ....:D

    ဒါနဲ့ ကိုကြီးရဲရဲက မျောက်ရှုံးအောင်ဆော့တယ်နော်....:P

    ReplyDelete