Tuesday, 11 October 2011

ဧရာဝတီအတွက် ဆေးတစ်ခွက်

ဒီရှုခင်းကတော့ ကျွန်တော်တို့ ဆင်တဲကနေ နဝဒေးတံတားကြီးကို လှမ်းမြင်နေရတဲ့ပုံပါ

ဆင်တဲ ဈေးထိပ်ရှိ လက်ဖက်ရည် ဆိုင်ကလေးအတွင်းသို့ လူတစ်ယောက် ဝင်လာသည်။ ထိုသူ ဝင်လာ သည်ကို မြင်တော့ လက်ဖက်ရည်ဆိုင်အတွင်း ဝိုင်းတစ်ဝိုင်းမှ လူတစ်ယောက်က လှမ်းခေါ်လိုက်သည်။ ထိုသူ စားပွဲဝိုင်းတွင် ဝင်ထိုင်လိုက်သည်နှင့် လှမ်းခေါ်သည့် လူက မေးလိုက်သည်။

“ဘာတွေ သတင်းထူးသေးလဲ ဦးကျော်”
“သတင်းကတော့ ထူးတယ် မောင်သက်ထွန်းရေ...။ ဒီနေ့ မနက်က နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က ဒီမြစ်ဆုံ စီမံကိန်းကို မိမိအစိုးရ လက်ထက်တွင် ရပ်ဆိုင်းထားပါမည် ဆိုတဲ့ အကြောင်းကို လွှတ်တော်ကို သဝဏ်လွှာ ပေးပို့ လိုက်တယ်”
“ဟာ... ဟုတ်လား။ ဒါသတင်းကောင်းပဲ ဦးကျော်...။ ကျွန်တော်တို့ ပြည်သူလူထု အားလုံးက ဒါကို မျှော်လင့် နေတာ မဟုတ်လား”
“အဲဒီလိုလဲ မဟုတ်သေးဘူး မောင်သက်ထွန်း သူတို့ က ရပ်ဆိုင်းတယ်လို့ ပဲ ပြောသေးတာ။ ဖျက်သိမ်းတယ်လို့ မပြောသေးဘူး။ ဒါပေမယ့် ဘာဖြစ်ဖြစ်ပေါ့ ပြည်သူလူထု ဘက်က ခြေတစ်လှမ်း လှမ်းလိုက် နိုင်တယ်လို့ ဆိုရမှာပေါ့”
“ဒီအစိုးရလက်ထက်မှာ ရပ်ဆိုင်းထားမယ် ဆိုတော့ ငါးနှစ်ဘဲ ရပ်ဆိုင်းထားမယ် ဆိုတဲ့ သဘောပေါ့”
“သူတို့ ထဲမှာလဲ မညီမညွှတ်တွေ ဖြစ်နေတယ် ထင်တယ်။ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းက ကျွန်တော်တို့ ဘာဖြစ်ဖြစ် နောက်မဆုတ်ပါဘူး။ ဆက်လုပ်မှာပါ ဆိုတဲ့ စကားပြောပြီး မကြာခင်မှာဘဲ သမ္မတကြီးက ဒီလို ရပ်ဆိုင်းကြောင်း ကြေညာတယ် ဆိုတော့ စဉ်းစားစရာပေါ့”
“ဒီဇော်မင်းက ဘာသိတာ မှတ်လို့ ဦးကျော်ရာ...။ သူပြောသွားတဲ့ စကားကလဲ သိတဲ့ အတိုင်းပဲလေ ပြည်သူလူထုကို လူမထင်တဲ့ အပေါက်မျိုးပြောသွားတာ”
“ဒါပေါ့ကွ... စကားအပြောမတတ်တော့ ဆဲသလို ဆိုတာ။ တကယ်တော့ ဒီလူက လူပုံအလယ်မှာ ပြည်သူလူထု တရပ်လုံးကို ဆဲသွားတာနဲ့ အတူတူပဲကွ”
“အင်း... စောင့်တော့ ကြည့်ရဦးမှာပေါ့။ ဘာဖြစ်ဖြစ် ဒီသတင်းကတော့ အခြေအနေကောင်းဘက်ကို ဦးတည်လာတယ်လို့ ပြောရမှာပေါ့”
“ဒါပေါ့ စောင့်ကြည့်ရမှာပေါ့”

လက်ဖက်ရည် ဆိုင်လေးထဲတွင် လူများ သူ့ အမြင် ကိုယ်အမြင် ဖလှယ်ရင်း ဆွေးနွေးနေကြခြင်း ဖြစ်သည်။ ခုတလော လူများစုစု စုစုဖြင့် ဧရာဝတီမြစ် သတင်းများကို ပြောဆိုဆွေးနွေး ဖြစ်ကြလေ့ရှိသည်။ လူများ ကတော့ ထင်ကြေး အမျိုးမျိုးဖြင့် ကိုယ်ထင်ရာ မြင်ရာကို ပြောဆိုနေကြ၏။

“မြေး... သောက်လို့ ပြီးပြီလား...။ ပြန်ကြရအောင်...”
“ဘိုးဘိုး... ခဏနေပါဦး။ သူတို့ ဧရာဝတီမြစ် အကြောင်း ပြောတာလေး ခဏလောက် နားထောင်ရအောင်”
“ဘာလဲ မြေးက စိတ်ဝင်စားလို့ လား”
“အင်းပေါ့... ဘိုးဘိုးရ...။ ခုတလော လူတွေ ဧရာဝတီမြစ် အကြောင်း ပြောနေကြတာ ကြားတယ်။ ဧရာဝတီမြစ် ဘေးမှာ နေတဲ့ လူတစ်ယောက် အနေနဲ့ မြေးလဲ သိထားသင့်တာပေါ့”

မြေးဖြစ်သူ၏ စကားကို နားထောင်ပြီး ဦးသာအောင် တစ်ယောက် ခေါင်းတဆတ်ဆတ် ညိတ်ရင်း ကျေနပ်ပြုံးလေး ပြုံးမိသည်။ လူငယ် ဖြစ်ပေမယ့် မြေးဖြစ်သူ၏ စူးစမ်းလိုစိတ် ရှိပုံကိုလဲ သဘောကျမိသည်။

“မြေး... သိချင်ရင် ဘိုးဘိုး ပြောပြမှာပေါ့...”
“တကယ်လား... ဘိုးဘိုး...”
“တကယ်ပေါ့ မြေးရ...။ လာသွားကြမယ်။ လမ်းလျှောက်ရင်း ပြောကြတာပေါ့”

မြေးဖြစ်သူ၏ လက်ကိုဆွဲရင်း ဦးသာအောင် လက်ဖက်ရည်ဆိုင် ထဲမှ ထွက်လာခဲ့လိုက်သည်။ ထို့ နောက် မြစ်ဆိပ်ဘက်သို့ မြေးဖြစ်သူကို ခေါ်ဆောင်လာခဲ့ လိုက်သည်။

“ဘိုးဘိုး... လမ်းက ဒီဘက်မှာလေ”
“မြစ်ကမ်းပါဘေးက လမ်းလျှောက်ရင်း ပြန်ကြမယ်... မြေး...။ လေညင်းခံရင်း မြေးသိချင်တာတွေကို ပြောပြတာပေါ့။ ဧရာဝတီမြစ် အရေးကို မြေးစိတ်ဝင်စားတာ မြင်တော့ ဘိုးဘိုး ဝမ်းသာတယ်”

“ဘာဖြစ်လို့ လဲ... ဘိုးဘိုး...”

“ဘာဖြစ်လို့ လဲ ဆိုတော့ မြေးငယ်သေးတယ် ဆိုပေမယ့် ရှေ့နှစ်ဆိုရင် ရှစ်တန်းတက်တော့မယ်။ ဒီတော့ ငယ်တယ် ဆိုပေမယ့်လို့ ထင်သလောက် မငယ်တော့ဘူး။ လောကကြီးထဲမှာ ကိုယ်တိုင် မလုပ်နိုင်သေးပေမယ့် သိထားသင့်တာတွေကိုတော့ သိထားသင့်တဲ့ အရွယ် ရောက်နေပြီ။ ပြီးတော့ ဒီလို စူးစမ်း လေ့လာလိုစိတ် ရှိတဲ့ လူငယ်တွေကို ဘိုးဘိုး သဘောကျတယ်။ ဘာဖြစ်လို့ လဲ ဆိုတော့ လူငယ်ဆိုတာက အနာဂတ် တိုင်းပြည်ရဲ့ အင်အားလေ”

“ဟုတ်ကဲ့... ဘိုးဘိုး...။ ကျွန်တော် မှတ်ထားပါ့မယ်။ ဒါပေမယ့် ဘိုးဘိုး... တချို့ လူကြီးတွေက လူငယ်တွေကို အရာမသွင်းချင်ကြဘူး”

“ဟုတ်တယ်... မြေး... အဲဒီလို လူတွေလဲ ရှိတယ်။ တကယ်တော့ အဲဒီ လူတွေက လူငယ်တွေကို အရာမသွင်း ချင်စိတ်နဲ့ တိုင်းပြည်ရဲ့ အားတွေကို ဖြုန်းတီး ပစ်ချင်နေကြတာ”

မြစ်ပြင်ကို ဖြတ်၍ တိုက်ခိုက်လာသော လေက မြစ်ရေပြင်ကို လှိုင်းကြက်ခွပ်လေးတွေ ပြေးစေပြီး သူတို့ မြေအဖိုးကို ထိတွေ့ ဆော့ကစားသွားသည်။ သန့် ရှင်းလတ်ဆတ်သော လေကို ရူရှိုက်လိုက်ရသောကြောင့် လူတကိုယ်လုံး လန်းဆန်းပေါ့ပါး သွားသည်။ ဧရာဝတီမြစ်၏ ညနေခင်း ရှုခင်းကတော့ ပန်းချီကား တစ်ချပ်လို လှပအသက်ဝင် နေသည်။

“မြေး... ဧရာဝတီ မြစ်ကြီးကို ကြည့်စမ်း... မြေးမျက်စိထဲ ဘယ်လို မြင်သလဲ...”

“မြစ်ထဲမှာ အဝတ်လျှော်၊ ရေချိုးနေတဲ့ သူတွေ၊ ကောင်းကင်ပြာပြာကြီး နောက်ခံနဲ့ ငါးဖမ်းနေတဲ့ တံငါလှေတွေ၊ ရေစုန်ရေဆန်ကို တရွေ့ ရွေ့ နှင်နေတဲ့ လှေ၊ သင်္ဘောတွေ၊ ဝင်လုလု နေရောင်ဖြာကျနေတဲ့ သောင်ခုံ၊ အိပ်တန်းတက်ဖို့ ပြန်လာနေတဲ့ ရေဘဲ၊ ဟင်္သာငှက်အုပ်တွေနဲ့ သာယာလှပနေတဲ့ မြစ်ကြီးတစ်စင်းလို့ မြင်တယ်... ဘိုးဘိုး...”

“တော်တယ် ငါ့မြေး တော်တယ် ကြည့်တတ်မြင်တတ်တယ်”

“မြစ်ဘေးမှာ မွေးကတည်းက နေလာတဲ့ လူတစ်ယောက် အနေနဲ့ ဒီမြစ်ကြီးရဲ့ အသုံးဝင်ပုံနဲ့ အလှအပတွေကို ခံစားနားလည် နိုင်ပါတယ် ဘိုးဘိုးရယ်။ ကျွန်တော်မှ မဟုတ်ပါဘူး။ ဒီမြစ်ကြီးဘေးက မြို့ ၊ ရွာတွေမှာ နေတဲ့ ဘယ်သူမဆို သိနိုင်ပါတယ်”

“ဟုတ်တယ်... မြေး... ဒီမြစ်ကြီး ဘေးမှာ နေတဲ့ မြို့ ၊ ရွာတွေက လူတိုင်းလိုလို ဒါကို သိကြတယ်။ ပြီးတော့ ဒီဧရာဝတီမြစ်ကြီးနားမှာ မနေပေမယ့် ဒီမြစ်ကြီးရဲ့ အသုံးဝင်ပုံကို သိတဲ့သူတွေ ရှိသလို မသိသူတွေလဲ ရှိကြတယ်။ ဒါကြောင့် ဘိုးဘိုးတို့ လို သိတဲ့သူတွေက မသိတဲ့ သူတွေကို ရှင်းပြရမဲ့ တာဝန်ရှိတယ်။ ဘာကြောင့်လဲ ဆိုတော့ ခုဒီဧရာဝတီမြစ်ကြီး စဖြစ်လာတဲ့ မြစ်ဆုံနေရာမှာ ရေကာတာကြီး ဆောက်လုပ်နေတယ်။ ရေကာတာကြီး ဆောက်လုပ်ပြီးသွားရင် ဒီမြစ်ကြီးက ခုလို လှပနေနိုင်မှာ မဟုတ်သလို မြစ်ကမ်းပါး တလျှောက် သူ့ ကို မှီခိုနေထိုင်သူတွေလဲ ဒုက္ခရောက်ကုန်ကြရတော့မယ်”

“ဟင်... ဟုတ်လား... ဘိုးဘိုး...”

“ဟုတ်တယ်... မြေး... မြန်မာနိုင်ငံရဲ့ အဖိုးတန် သဘာဝ အရင်းမြစ် ဖြစ်တဲ့ ဧရာဝတီမြစ်ကြီးက ဒီရေကာတာကြီးကြောင့် ပျက်စီးသွားနိုင်၊ ကောသွားနိုင်တယ်။ ဒါကြောင့် လူတွေက ဒီအကြောင်းကို ကန့် ကွက်တားဆီး နေကြတာပေါ့။ လွှတ်တော်ထဲက လူတချို့ ၊ မိုးလေဝသနဲ့  ဇလဗေဒနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ က အသိပညာရှင်၊ အတတ်ပညာရှင်တွေ၊ အနုပညာရှင်နယ်က သရုပ်ဆောင်၊ အဆိုတော်နဲ့ စာရေးဆရာတွေ၊ ဧရာဝတီကို ချစ်တဲ့သံယောဇဉ်ကြီးတဲ့  ပြည်သူလူထု စသည်... စသည့် အလွှာအသီးသီးက အပြင်းအထန် ကန့် ကွက်နေကြတာပေါ့ မြေး...”

“ဟုတ်မယ်... ဘိုးဘိုး... ဧရာဝတီမြစ် အကြောင်း ရေးထားတာတွေကို ခုတလော ဂျာနယ်တွေထဲမှာ တွေ့  ရတယ်”

“မီဒီယာ သမားဆိုတာက ပြည်သူလူထုရဲ့ နားမျက်စိဘဲ မြေး...။ ခုဆိုရင် နိုင်ငံရဲ့ စတုတ္ထမဏ္ဍိုင် အဖြစ် သတ်မှတ်ထားတဲ့ မီဒီယာတွေကလဲ ဧရာဝတီမြစ် အကြောင်းကို သတင်းအမှန်အတိုင်း ဖော်ပြနေကြတယ်။ ပြီးတော့ ဘိုးဘိုးတို့ နိုင်ငံရဲ့ အမျိုးသား ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလဲ ကန့် ကွက်စာ တင်ထားတယ်”

အဘိုးဖြစ်သူ၏ စကားကိုနားထောင်ရင်း သူငယ်စဉ်ဘဝ တလျှောက်လုံး ပြေးလွှား ဆော့ကစားခဲ့သည့် ဧရာဝတီမြစ်ကြီးကို ငေးကြည့်မိသည်။ သူ့ မျက်စိထဲတွင် ဧရာဝတီမြစ်ကြီးက ဒဏ်ရာတွေနဲ့ လဲလျောင်းပြီး အသက်ငင်နေသည့် မြစ်ကြီးကဲ့သို့ မြင်လာရသည်။ သူသိပ်နားမလည်သော်လဲ ဒီမြစ်ကြီး ပျက်စီးဆုံးရှုံး သွားမည်ကိုတော့ သူစိုးရိမ်မိသည်။ ဒီလိုတွေးမိတော့ သူ့ ရင်ထဲတွင် ဆို့ နင့်ကြေကွဲသလို ခံစားလိုက်ရသည်။

“ဒီမြစ်ကြီး ပျက်စီးသွားနိုင်တာ သိရဲ့ နဲ့ သူတို့ က ဘာကြောင့် ဒီရေကာတာကြီးကို ဆောက်ချင်ရတာလဲ ဘိုးဘိုးရယ်”

“ငွေပေါ့... မြေးရယ်...။ ဒီရေကာတာကြီး ဆောက်ပြီးသွားရင် ထုတ်လုပ်လို့ ရမဲ့ ရေအားလျှပ်စစ်တွေကို တရုတ်ကို ရောင်းမယ်လေ။ အဲဒီက ထွက်လာမဲ့ လျှပ်စစ်ရဲ့ ကိုးဆယ်ရာခိုင်နှုန်းကို တရုတ်က ယူပြီး ဆယ်ရာခိုင်နှုန်းကို မြန်မာနိုင်ငံက ကချင်ပြည်နယ်အတွက် သုံးမယ် ပြောတယ်”

“ဟင်... တရုတ်က အကုန်လုံးနီးပါး ယူမှာပေါ့ ဟုတ်လား ဘိုးဘိုး”

“ဟုတ်တယ်... မြေး... တကယ်တော့ တစ်ရာရာခိုင်နှုန်း အပြည့်ရမယ် ဆိုရင်လဲ ဒီရေကာတာကြီးကို မဆောက်သင့်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ဒီရေကာတာကြီး ဆောက်မဲ့ နေရာက ဧရာဝတီမြစ်ကြီး စတင်ဖြစ်ပေါ်တဲ့ မြစ်ဆုံနေရာ ဖြစ်နေလို့ ပေါ့။ မြစ်ကို ထိပ်က ပိတ်ပြီးဆောက်လိုက်ရင် ဒီမြစ်ကြီး ရေတွေ နည်းသွားပြီး မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ဖြစ်လာပြီး၊ မြစ်ကြီး ပျက်စီးသွား၊ ကောသွားနိုင်တယ်။ ဒီမြစ်ဆုံ စီမံကိန်းဆိုတာက တကယ်တော့ မရှိသင့်တဲ့ အရာပေါ့ မြေးရယ်...”

“သူတို့ က ပိုက်ဆံတွေ အများကြီး ရလို့ ဆောက်ချင်နေကြတာလား ဘိုးဘိုး”

“အင်းပေါ့ ပိုက်ဆံတွေ အများကြီးရလို့ ဆောက်ချင်နေကြတာပေါ့။ ဒါပေမယ့် အဲဒီပိုက်ဆံတွေထက် ပိုပေးပြီး ဒီလို မြစ်ကြီးတစ်စင်း ဝယ်ချင်ပါတယ် ဆိုရင်တောင် ဝယ်လို့ မရနိုင်တော့ဘူး ဆိုတာကို သူတို့ မသိဘူး။ တစ်နေ့ ကို ရွှေဥတစ်လုံး ဥပေးနေတဲ့ ငန်းကို သတ်ချင်တဲ့ ငမိုက်သားလို လူတွေပေါ့။ တကယ်တော့ ဧရာဝတီမြစ်ကြီးက ရွှေဥ ဥပေးတဲ့ ငန်းထက်ကို ပိုတန်ဖိုးရှိတယ် မြေးရဲ့ ...။ သူ့ ကို မှီခိုနေရတဲ့ လူတွေက အများကြီးဘဲ။ သူတို့ ကတော့ ဒီစီမံကိန်းက အကျိုးအမြတ် အများကြီးရတယ်ပြောကြတယ်။ ဒီစီမံကိန်းကြောင့် မြန်မာနိုင်ငံသား ထောင်ဂဏန်းလောက် အလုပ်အကိုင် အခွင့်အလမ်းတွေ ရတယ်ပြောတယ်။ တကယ်လို့ ဒီမြစ်ကြီးသာ ပျက်စီးဆုံးရှုံးသွားရင် ဒီမြစ်ကြောင်းတလျှောက်က လူဦးရေ သန်းပေါင်းများစွာ အလုပ်လက်မဲ့ ဖြစ်ကုန်မှာကို သူတို့ မတွေးဘူး။ အကျိုးအမြတ်ရရင်လဲ သူတို့ ဘဲ ရပြီး ပြည်သူလူထုက ဒုက္ခကို ခါးစည်း ခံကြရမှာ၊ ပြည်သူလူထု အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ရမဲ့အစား သူတို့ က ပြည်သူလူထု အသက်အိုးအိမ် စည်းစိမ်ကို ဖျက်ဆီးသလို ဖြစ်နေတာကို သတိပြုသင့်တယ်”

ဦးသာအောင် တစ်ယောက် မြေးဖြစ်သူကို ပြောပြနေရင်း အသံသိမ်ဝင်လာသည်။ ပြောရင်း ရင်ထဲ မွန်းကြပ်လာသလို ခံစားလာရသည်။ သူ့ ရင်ထဲတွင် ဧရာဝတီမြစ်အရေး၊ ပြည်သူလူထုအရေးကို တွေးရင်း ရင်မောလာရသည်။ သြော်... ဘဝတွေ ဘဝတွေ ဆိုးလှပါလား... ဒီအဖြစ်မျိုးတွေ ဘာကြောင့်ကြုံရတာလဲ ဟုလဲ တွေးလိုက်မိသည်။

“အဲဒီလို တကယ် ဖြစ်လာနိုင်လို့ လား ဘိုးဘိုး...”

“တကယ်ဖြစ်လာနိုင်လို့ ပြောတာပေါ့ မြေးရယ်။ မြေး... ခုနက လက်ဖက်ရည်ဆိုင်ထဲမှာ တွေ့ ခဲ့တဲ့ မောင်ကျော်တို့ ကိုတွေ့ တယ် မဟုတ်လား”

“အင်းတွေ့ တယ်လေ ဘာဖြစ်လို့ လဲ ဘိုးဘိုး”

“ကဲသူတို့ ဝိုင်းမှာ ထိုင်ပြောနေတဲ့ သူတွေ ဘာအလုပ်လုပ် လုပ်လဲ မြေးသိသလောက် ဘိုးဘိုးကို ပြောပြပါဦး”
“ဦးကျော်က ကျောက်စုပ် စက်လှေတွေ ထောင်ထားတယ်။ ကိုသက်ထွန်းက စက်လှေလုပ်ငန်းတွေ လုပ်တယ်။ ဦးမြင့်အောင်ကြီးက ရေရောင်းတယ်။ ကိုသံလုံးက တံငါလုပ်တယ်။ ကိုဖိုးလုံးကလဲ ရေထမ်းရောင်းတယ်”

“ကဲသူတို့ က ဧရာဝတီမြစ်ကြီးကို မှီခိုပြီး အလုပ်လုပ်နေရတာဆိုတော့ ဒီဧရာဝတီမြစ်ကြီး မရှိရင် ဘယ်လို လုပ်မလဲ။ ပြီးတော့ ဟိုမှာကြည့်စမ်း မြစ်ထဲမှာ အဝတ်လျှော်နေတဲ့ ပူစူးမတို့ လို ပင်မင်းဆိုင် ဖွင့်ထားတဲ့ လူတွေ၊ ဟိုးဘက်မှာ မြင်နေရတဲ့ ယာခင်းတွေ၊ ငါးကန်တွေ ဒါတွေကရော ဒီဧရာဝတီမြစ်ကြီးကို မှီခိုပြီး လုပ်စားနေကြ ရတာ မဟုတ်လား။ ဒီလိုလူတွေ တို့ ရွာမှာ ဘယ်လောက်ရှိလဲ၊ မြစ်ကြောင်းတလျှောက်က မြို့ ၊ ရွာတွေမှာ ဘယ်လောက်ရှိမလဲ ဆိုတာ မြေးစဉ်းစား ကြည့်စမ်း။ သူတို့ ရမဲ့ အကျိုးအမြတ်နဲ့ ဆုံးရှုံးမှုကို ယှဉ်ကြည့်စမ်း။ တကယ်တော့ သူတို့ ပေးထားတယ်ဆိုတဲ့ အလုပ်အကိုင် အခွင့်အလမ်းထက် ဧရာဝတီမြစ်ကြီးက ပေးထားတဲ့ အလုပ်အကိုင် အခွင့်အလမ်းက အဆရာထောင်မက သာလွန်ပါတယ်ကွယ်။ နောက်ဆုံးကုန်ကုန် ပြောမယ် ဒီမြစ်ကြီးထဲက ရေကိုဘဲ ဘိုးဘိုးတို့ သောက်ရေ၊ သုံးရေ အဖြစ် ယူသုံးနေရတာ မဟုတ်လား။ ဒီတော့ ဒီရေကိုသောက်၊ ဒီရေကို သုံးနေပြီး ဒီမြစ်ကြီး အကျိုးပျက်စီးမှာကို ထိုင်ကြည့်နေရင် ဘိုးဘိုးတို့ လူပီသပါဦး မလား”

“ဟုတ်တယ် ဘိုးဘိုး။ ကျွန်တော်တို့ ဧရာဝတီကို ကာကွယ်ရမယ်”

အဘိုးဖြစ်သူ စကားကို နားထောင်ပြီး ဖိုးသာထူးတစ်ယောက် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း အော်ပြော လိုက်မိသည်။ မြေးဖြစ်သူကို ကြည့်ရင်း ဦးသာအောင် ကျေနပ် ပြုံးလေး ပြုံးလိုက်မိသည်။ 

“ဒါအမှန်ဘဲ မြေး... ဧရာဝတီမြစ် မပျက်စီး၊ ကောမသွားအောင် ကာကွယ်ရမယ်။ မြစ်ပျောက်ရင် သမိုင်းပျောက်မယ်”

“ဘယ်လို သမိုင်းပျောက်မှာလဲ ဘိုးဘိုး...”

“ဘယ်လို သမိုင်း ပျောက်မှာလဲ ဆိုတော့ ဟိုးအရင်က အနော်ရထာ မင်းကြီးနဲ့ အလောင်းစည်သူ မင်းကြီးတို့ က ဧရာဝတီမြစ်ကို သုံးပြီး ထေရဝါဒ ဗုဒသာသနာ မြန်မာပြည်မှာ ထွန်းကားအောင် သာသနာ ပြုခဲ့ကြတယ်။ အလောင်းစည်သူ မင်းကြီးဆိုရင် ဧရာဝတီမြစ်အတိုင်း စုန်ဆင်းပြီး မြစ်ကြောင်းတလျှောက် ဘုရား၊ စေတီ၊ ပုထိုးတွေ ဆောက်လုပ်လှူဒါန်း ခဲ့တယ်”

“အင်း... ဟုတ်တယ် မြေးတို့ စာထဲမှာ သင်ဖူးတယ်”

“ပြီးတော့ ပုဂံခောတ်ရဲ့ နောက်ဆုံးမင်းဆက် ဖြစ်တဲ့ နရသီဟပတေ့မင်း (တရုတ်ပြေးမင်း) လက်ထက်မှာ ပုဂံကို မွန်ဂိုတရုတ်တွေ ဝင်တိုက်တော့ ပုဂံမင်းက ဧရာဝတီမြစ် အတိုင်း စုန်ဆင်းပြီး ထွက်ပြေးခဲ့ရတာပေါ့။ နောက်ပြီး မြေးတို့ စာထဲမှာ သင်ခဲ့ရတဲ့ မြန်မာပြည်ရဲ့ တစ်ပါးတည်းသော ဘုရင်မ ရှင်စောပုဟာလဲ အင်းဝ နေပြည်တော်ကနေ ဟံသာဝတီ နေပြည်တော်ကို ထွက်ပြေးတော့ ဒီဧရာဝတီမြစ်ကြောင်း အတိုင်း စုန်ဆင်းပြီး ထွက်ပြေးခဲ့ရတာပေါ့။ ဒါကြောင့် နောက်ပိုင်း ဧရာဝတီမြစ်ကြီးသာ မရှိတော့ဘူးဆိုရင် ဒီသမိုင်းတွေက ဒဏ္ဍာရီ ဖြစ်သွားလိမ့်မယ်”

“အင်း... ဟုတ်တယ်နော် ဘိုးဘိုး။ ဧရာဝတီမြစ်ကြီးသာ မရှိတော့ဘူး ဆိုရင် ဒါတွေကို ဘယ်သူက ယုံမလဲ။ 
 ဒါဆိုရင် သမိုင်းတွေက ဒဏ္ဍာရီ ဖြစ်သွားတော့မှာပေါ့”

“နောက်ပြီး ရှိသေးတယ် မြေး... အင်းဝနဲ့ ဟံသာဝတီ အနှစ်လေးဆယ်စစ် အတွင်းမှာ တဖက်နဲ့ တဖက် ရဲမက်တွေ သောင်းနဲ့ သိန်းနဲ့ ချီပြီး ဒီဧရာဝတီမြစ်ထဲမှာ တိုက်ခဲ့တယ် ဆိုတာပြန်ပြောနိုင်ဖို့ ဧရာဝတီမြစ်ကြီး ရှိဖို့ လိုတယ်။ ဧရာဝတီမြစ်ကြီးက နောင်တချိန်မှာ ချောင်းသာသာ၊ ဒါမှမဟုတ် မြစ်သေးသေးလေး  လောက်ဘဲ ရှိတော့ရင် ဒီမြစ်ကြီးထဲမှာ စစ်သည် ရဲမက်တွေ သောင်းနဲ့ သိန်းနဲ့ ချီပြီး တိုက်ခဲ့တယ် ဆိုရင် နောင်လာနောင်သားတွေက ရယ်မှာပေါ့။ ဒါဆိုရင် သမိုင်းပျောက်ပြီး သမိုင်းကနေ ဒဏ္ဍာရီ ဖြစ်သွားတော့မှာပေါ့”

“ဟုတ်တယ် ဘိုးဘိုး ဧရာဝတီမြစ်ကြီး ပျက်စီးသွားလို့ မဖြစ်ဘူး”

“ဒီဧရာဝတီမြစ်ကြီးကို ထိန်းသိမ်းစောင့်ရှောက်ဖို့ က ဘိုးဘိုးနဲ့ မြေးတို့ တင် မဟုတ်ဘူး။ မြန်မာနိုင်ငံသားတိုင်းမှာ တာဝန်ရှိတယ်။ အခုလဲ တော်တော်များများကလဲ ဧရာဝတီမြစ်ကို ကယ်တင်ဖို့ ကြိုးစား နေကြပါပြီ။ အသိပညာရှင်၊ အတတ်ပညာရှင် တွေရဲ့ တွက်ချက်၊ မှတ်ချက်နဲ့ အာဘော်တွေက ဧရာဝတီအတွက် ဆေးတစ်ခွက် ဖြစ်သလို၊ မီဒီယာသမားတွေရဲ့ သတင်းမှတ်တမ်းတွေကလဲ ဆေးတစ်ခွက်ပဲ၊  အဆိုတော်တွေရဲ့ ဧရာဝတီနဲ့ ပတ်သက်တဲ့ သီချင်းတစ်ပုဒ်ကလဲ ဆေးတစ်ခွက် ဖြစ်သလို စာရေးဆရာတွေရဲ့ ကဗျာတစ်ပုဒ်၊ စာတစ်ပုဒ်၊ ဆောင်းပါးတစ်ပုဒ်ဟာ အသက်ငင်နေတဲ့ ဧရာဝတီမြစ်အတွက် ဆေးတစ်ခွက်ဘဲ မြေး...။ ဒီလိုဘဲ ပြည်သူလူထုရဲ့ ဧရာဝတီကို ချစ်စိတ်၊ ဟစ်ကြွေးသံတွေကလဲ ဧရာဝတီမြစ်အတွက် ဆေးတစ်ခွက်ဘဲ မြေး...။ ဒီလို ပြည်သူလူထု တရပ်လုံးက ညီညီညွတ်ညွတ်နဲ့ ပေါင်းစုလို့ တိုက်ကျွေးလိုက်တဲ့ ဆေးခွက်ပေါင်းများစွာက ဧရာဝတီမြစ်ကြီးကို ကယ်တင်နိုင်ဖို့ မျှော်လင့်ရတာပါဘဲ မြေးရယ်”

“ဒါဆို မြေးလဲ ဆေးတစ်ခွက်အနေနဲ့ ပါဝင်လို့ မရဘူးလား ဘိုးဘိုး။ မြေးလဲ ဧရာဝတီမြစ်ကြီးကို ကယ်တင်ချင်လို့ ပါ”

“မြေးအနေနဲ့ ငယ်သေးပါတယ်။ ဒါပေမယ့်လို့ ခုဖြစ်ပျက်နေတဲ့ အခြေအနေ အရပ်ရပ်ကို မြေးသိထားရမယ်။ နောက်ပြီး မြေးသိထားတာတွေကို မြေးအနီးအနားက သူငယ်ချင်းတွေကို ပြောဆိုစည်းရုံးရမယ်။ ဒါဟာလဲ မြေးအနေနဲ့ တတ်နိုင်တဲ့ ဘက်က ဧရာဝတီမြစ်ကြီးကို ဆေးတစ်ခွက် တိုက်ကျွေးလိုက်တာနဲ့ အတူတူဘဲ။ နောက်ပြီး ဒီဧရာဝတီမြစ်ကြီးက မြေးအတွက်နမူနာဘဲ။ နောင်တချိန် တိုင်းပြည်မှာ ဒီလို အရေးကိစ္စမျိုးတွေ ထပ်မကြုံနိုင်ဘူးလို့ မဆိုနိုင်ဘူး။ အဲဒီအချိန်ကျရင်လဲ မြေးအနေနဲ့ တိုင်းပြည်အတွက် ဆေးတစ်ခွက် အနေနဲ့ အသင့်ရှိနေရမယ်... နားလည်လား...မြေး....”

“ဟုတ်ကဲ့... မြေး... နားလည်ပါပြီ ဘိုးဘိုး...”

ဖိုးသာထူးတစ်ယောက် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း အံကို ကြိတ်ကာ နောင်တချိန် တိုင်းပြည်အရေး ကိစ္စနဲ့ ကြုံလာတိုင်း ဆေးတစ်ခွက် အနေနဲ့ အသင့်ရှိနေရမည်ဟု စိတ်တွင်းမှ အော်ဟစ်ကြုံးဝါးလိုက်တော့သည်။ ဦးသာအောင် တစ်ယောက်လဲ မြေးဖြစ်သူကို ကြည့်ရင်း ကျေနပ်အားရ ပီတိ ဖြစ်နေမိတော့သည်။

Wednesday, 5 October 2011

သူငယ်ချင်း...သို့ ...



သူငယ်ချင်းရေ...
ညက ညကိုသတ်
အာရုဏ်ဦးကို 
ထွေးအံထုတ်ခဲ့ပြီ...။

အမှောင်မှာ 
နေသားကျ မနေတဲ့ 
အလင်းက
လင်းလင်းချင်းချင်း 
ဝေဆာလာတော့မယ်...။

သူငယ်ချင်းရေ...
ဘယ်သူမှ 
မရောက်ဖူးသေးတဲ့ အရပ်မှာ
ခြေချဖို့ 
ငါတို့ ...ဆက်လျှောက်ရမယ်....။
 
ပြည့်ကြပ်လာတဲ့ 
ခံစားချက် တစွန်းတစကို
ဖောက်ထုတ်ဖို့ 
ငါတို့ ... ဆက်လျှောက်ကြမယ်...။

မီးဆိုတာ ငွေ့ ငွေ့ ကျန်လဲ 
လောင်နိုင်ကြောင်းပြဖို့ 
ယုံကြည်ချက် ပါးပါးကျန်လဲ
နောက်မဆုတ်ဘူး
ငါတို့ ... ဆက်လျှောက်ကြမယ်...။

ခေါင်းကိုမော့ ရင်ကိုကော့
အားကိုတင်းလို့ 
သိမ်ငယ်စိတ်ကို တပ်လှန့် နှိုး
ပန်းတိုင်ကိုရောက်ဖို့ 
ငါတို့ ... ဆက်လျှောက်ရမယ်...။

သူငယ်ချင်းရေ... 
လက်ချင်းချိတ်လို့ 
ဘယ်သူမှ ခြေမချဖူးသေးတဲ့ အရပ်မှာ
အောင်စည်တီးဖို့ 
ငါတို့ ... ဆက်လျှောက်ကြမယ်...။

Thursday, 29 September 2011

ချက်ကောင်း

ကျွန်တော် အပါအဝင် ရပ်ကွက် အတွင်းမှ လူငယ်တချို့ ညနေစောင်းပြီ ဆိုတာနဲ့ ထုံးစံအတိုင်း ကိုစန်းတို့  အိမ်နားတွင် ယောင်လည်လည် လုပ်နေကြပြီ။

“ဒီနေ့ ငြိမ်လှချည်လားကွ။ ရာသီဥတု အခြေအနေက ကောင်းနေတယ်”
“အေးကွ ဒီနေ့ ဘာပွဲစဉ်မှ မရှိဘူးနဲ့ တူတယ်”
“ရှူး... တိုးတိုး... လုပ်ပါကွာ... မင်းတို့ ကလဲ”

ကျွန်တော် နောက်ကို လှည့်ပြော လိုက်မှ ဖိုးကုလားနှင့် ဖိုးကရင်တို့ ငြိမ်သွားကြသည်။ သည့်နောက် ကျွန်တော့်နားကို တိုးလာပြီး ကိုစန်းတို့ အိမ်ဘက်ကို အကဲခတ်ကြ၏။

“အရက်ကို ကြိုက်လို့ သောက်တဲ့သူ...  အေ့... အရက်ကို ကြိုက်လို့ သောက်တဲ့သူ... သောက်ပစ်... လိုက်မယ် ခပ်များများ... အေ့... ”

ကိုစန်း တစ်ယောက် ပါးစပ် ဆိုင်းတီးရင်း သိုင်းကွက် နင်းပြီး အိမ်ပြန်လာသည်ကို တွေ့ လိုက်ရသည်။

“ဟော... ကိုစန်း ပြန်လာပြီ။ မလုံး ဘယ်ရောက်နေလဲ မလုံး မတွေ့ ပါလား”

ဖိုးကရင် အသံထွက်လာ၍ ကျွန်တော်က မြင်ကြောင်းနှင့် အသံတိတ်ရန်  အချက်ပြလိုက်သည်။ ထိုအချိန်မှာပင် မလုံး အသံက အိမ်ထဲမှ ထွက်လာသည်။

“ကိုစန်း... တော်ကတော့ အရည်လေး ဝင်လာတော့ အသံလေး စာစာ စာစာနဲ့ အိမ်ပြန် လာနိုင်တယ်ပေါ့။ ဒီမှာ ဆန်ပုံးထဲမှာ ဆန်ကုန်နေပြီ ဆိုတာ သိရဲ့ လား။ စားစရာ မရှိလို့  ကလေးနှစ်ယောက် ကိုတောင် အမေတို့  အိမ် သွားပို့ ထားရတယ်။ တော့်စိတ်ထဲမှာ အိမ်က မိန်းမနဲ့  ကလေးတွေရော ရှိသေးရဲ့ လား... ဟင် သေနာကြီးရဲ့ ...”
“အာ... အေ့... မိန်းမ... မင်းကွာ အိမ်ပြန်လာရင် မင်းအသံဗြဲကြီးကို ကြားရပြီ။ ကလေးတွေကို မင်းအမေအိမ် ပို့  ရင်း မင်းလဲ အဲဒီမှာ ဘာလို့ မနေလိုက်တာလဲ။ နားငြီးတယ်ကွာ... အေ့... ဇိမ်ပျက်လိုက်တာ။ အဲဒါတွေကြောင့် ငါအိမ်ပြန်မလာချင်တာ”
“သြော... ရှင်က အိမ်ပြန် မလာချင်ရအောင် ဘယ်ကောင်မနဲ့ သွားအိပ်ချင်နေလို့ တုန်း ဟင် တော်က...”
“စပြီ စပြီ ပွဲစဉ်ကတော့ လှပြီဟေ့... ပွဲက စကတည်းက ကြမ်းနေပြီ”
“ဟေ့ကောင်... ဖိုးကုလား မင်းအသံ ဗြဲကြီးနဲ့ အော်မနေနဲ့ ငြိမ်ငြိမ်နေစမ်းပါကွာ...”

ကျွန်တော် လှမ်းဟန့် လိုက်တော့မှ ဖိုးကုလား အသံတိတ် သွားသည်။ ကျွန်တော်တို့ အိမ်နှင့် ကပ်လျက်တွင် နေသည့် ကိုစန်းနှင့် မလုံးတို့ လင်မယားသည် ညနေဘက် ဒီလိုအချိန်ရောက်တိုင်း နေ့ တိုင်း ရန်ဖြစ်လေ့ ရှိသည်။ ထို့ ကြောင့် သူများ ရန်ဖြစ်လျှင် စပ်စုရန် ဝါသနာ ပါသော ကျွန်တော် ရပ်ကွက်ထဲမှ ကလေးများကို ဦးဆောင်ပြီး ညနေဘက် ကိုစန်းတို့ လင်မယား ရန်ဖြစ်တိုင်း စောင့်ကြည့်လေ့ ရှိကြ၏။ ကျွန်တော်တို့  ကလေးတစ်သိုက် ခုနောက်ပိုင်း ဗီဒီယို မကြည့်ဖြစ်ကြတော့ပေ။ ကိုစန်းတို့ လင်မယား ရန်ပွဲကိုဘဲ စောင့်ကြည့် ကြတော့သည်။ ဗီဒီယို ထဲတွင် တကယ် ချခြင်း မဟုတ်သော်လဲ ကိုစန်းနှင့် မလုံးတို့  လင်မယားကတော့ တကယ် တီးကြခြင်း ဖြစ်သည်။ ယောက်ကျားက မညှာသလို မိန်းမကလဲ အညံမခံပေ။ အင်မတန်မှ ကြည့်ကောင်းလှသော ရန်ပွဲတစ်ပွဲ ဖြစ်၏။

“ဒီကောင်မတော့... သယ်...  ငါလုပ်လိုက်ရင် နာတော့မယ်”
“အောင်မာ လာလေ လာလုပ်ကြည့်စမ်းပါ။ ဘာမှတ်လဲ မလုံးတဲ့ တစ်လုံးတည်း ရှိတယ် ... ကဲဟာ...”
“....ခွမ်း...”
“...အား... ကောင်မ နင်က တကယ်လုပ်တယ် ဟုတ်လား”
“ဘုန်း... အုန်း... ခွပ်... ဟင်... ကောင်မ မှတ်ပြီလား။ အဲဒီ တစ်လုံးတည်း လုံးနေတာကို တစ်ခြမ်းတည်း ဖြစ်အောင် လုပ်ပစ်မယ် ကဲကွာ...”
“အောင်မလေးတော့... ဟင် ရှင်... ရှင်... သေချင်းဆိုး ကဲဟယ်... ကဲဟယ်...”

ရိုက်သံ၊ နှက်သံ၊ အော်သံများက အိမ်လေးထဲမှ အပြင်ကို လျှံထွက်လာသည်။ ကျွန်တော်တို့ လဲ ကြားလိုက်ရသည့် အသံများကြောင့် သားကောင်နံရသော မုဆိုးများလို ခေါင်းတထောင်ထောင်နဲ့ ဖြစ်ကုန်၏။

“ဆော်ကုန်ပြီကွ ဆော်ကုန်ပြီ...။ တောက်... အရေးထဲ မီးကလဲ ဒီနေ့ မှ ပျက်နေရတယ်လို့ ...”

ဖိုးကုလားက အားမလို အားမရ အသံဖြင့် ပြောသည်။

”မလုံးက တစ်ခုခုနဲ့ ပေါက်လိုက်တယ်နဲ့ တူတယ်”
“အေးကွ ဟုတ်လိမ့်မယ်။ ကိုစန်း တော်တော် ဒေါပွသွားပုံ ရတယ်”

လက်သွက်သော မလုံး အကြောင်းကို သိထားသောကြောင့် ဖိုးကရင် စကားကို ကျွန်တော်က ထောက်ခံလိုက်သည်။ ထိုစဉ် ဘေးအိမ်မှ လူများ ပြေးထွက်လာပြီး ရန်ပွဲကို ဖျန်ဖြေကြသည်။ ပတ်ဝန်းကျင် အိမ်များမှ လူတချို့ လဲ အိမ်ပြင်ဘက် ထွက်ပြီး ရန်ပွဲကို စိတ်ဝင်တစား ကြည့်လာကြသည်။ လမ်းသွား၊ လမ်းလာ တချို့ လဲ ယောင်ပေပေဖြင့် ဟိုယောင်ယောင် ဒီယောင်ယောင် လုပ်ကာ ရပ်ကြည့် လာကြသည်ကို တွေ့ ရသည်။ ကိုစန်းတို့ အိမ်နားတွင် လူတွေ ရုန်းရုန်း ရုန်းရုန်းဖြင့် ဖြစ်လာသည်။

“ဟေ့ကောင်... ကိုစန်း တော်... တော်တော့။ ကိုယ့်မိန်းမကိုယ် ဒီလောက်ထိ လုပ်ရလား”

ဘေးအိမ်မှ ဦးကျော်နှင့် ဒေါ်ပုစိန်တို့ လင်မယား အိမ်ပေါ်တက်ဆွဲကြသည်ကို တွေ့ လိုက်ရ၏။

“ဦးကျော် ကျုပ်ကို မဆွဲနဲ့ ဒီကောင်မက ဒီလောက်လုပ်တာတောင် မှတ်တာ မဟုတ်ဘူး။ နေ့ တိုင်း ကျုပ်ကို ပြဿနာ ရှာတယ်။ ဒီနေ့ ဒီကောင်မကို ကျုပ်သတ်မယ်”
“လာလေ လာသတ်လှည့်လေ မလုံးကလဲ ငြိမ်ခံနေမယ်များ မှတ်နေလား”
“ဒီကောင်မတော့...ဖယ်ဦးကျော်ဖယ် ... သတ်မယ်...ကောင်မ...  နင့်ကို သတ်မယ်
ဟင်း... ကဲကွာ ...ကဲ... ကဲကွာ...
ခွပ်... ဒုတ်... ခွပ်.... ဝုန်း”
“အောင်မလေး သေပါပြီ။ အမေရေ သေပါပြီတော့”
“ဟာ... ဆွဲပါဟ ပုစိန် နင် မလုံးကိုဆွဲထား...။ ကိုစန်း ကိုယ့်မိန်းမကိုယ် အဲဒီလောက်ထိ မလုပ်ပါနဲ့ ကွာ။ မလုံး နင်ကလဲ တော်တော့။ ပါးစပ်ကို ပိတ်တော့။ ကိုစန်း မင်းလဲ တော်... အာ... ဒီကောင် ကိုစန်းတော့ကွာ”
“အမလေးတော် လင်မယားတွေ သတ်နေလိုက်ကြတာများ... အရပ်ရပ် နေပြည်တော် ကြားလို့ မတော်ပါဘူး ... တော်”
“ထားလိုက် ဆွဲမရတဲ့ အတူ ထားလိုက် ဒီလောက်တောင် ဖြစ်နေကြတာ။ လင်မယားတွေ သေအောင်တော့ မသတ်ပါဘူး”

ရန်ပွဲကို ဝင်ဆွဲကြသော အိမ်နီးနားချင်းများ ဖြစ်သော ဦးကျော်တို့ လင်မယား ပြန်ဆင်းလာကြသည်ကို တွေ့  ရသည်။ ကျွန်တော်က-

“ဦးကျော် ဘယ်လိုလဲ ဆွဲလို့ မရဘူးလား”
“အေးကွာ နှစ်ယောက်သား လုံးထွေး သတ်နေလိုက်ကြတာ စွဲလို့ ကို မနိုင်ဘူး”
“ဦကျော်တို့ က ရန်ပွဲကို  ပြီးတဲ့အထိ ခွဲမပေးဘဲ ဘာလို့ ပြန်ဆင်းလာရတာလဲ”
“အာ... ဟိုကောင် ကိုစန်းကွာ ပြောမပြော ချင်တော့ပါဘူး။ အောက်မှာ ပုဆိုး မရှိတော့ဘူး။ ဖြစ်ချင်တိုင်းတွေ ဖြစ်နေတာ”
“ဟိုကောင်မ မလုံးလဲ ဘာထူးလို့ လဲ... ခါးမှာ လုံချည် မရှိတော့ဘူး။ ဒီလင်မယားကတော့ ပြောမပြောချင်တော့ ပါဘူးတော်...”
“ကြည့်ရ၊ မြင်ရတာတွေက အမြင်မတော်တော့လို့ ပြန်ဆင်းလာခဲ့တာ ကိုရဲရေ...။ နေ့ တိုင်း ဖြစ်နေတာပဲ ဆွဲမရတဲ့ အတူတော့ လွှတ်သာ ထားလိုက်တော့။ သေတဲ့အထိတော့ လုပ်ကြမှာ မဟုတ်ပါဘူး”

ဦးကျော်က ကျွန်တော်တို့ ကို ရှင်းပြရင်း အိမ်ဘက်ကို ပြန်ကြည့်သည်။ အိမ်ထဲမှာတော့ ရန်ပွဲက ဝုန်းဒိုင်းကြဲ နေသည်။ ကိုစန်း၏ ကျိန်းမောင်း ဆဲဆိုသံ၊ ရိုက်သံ၊ ထိုးသံ များနှင့် မလုံး၏ ပြန်ခံလုပ်သံ၊ ငိုသံ၊ ဆဲသံများကို စိတ်မချမ်းသာဖွယ်  ကြားနေရ၏။ လမ်းသွား လမ်းလာများကလဲ ကိုယ့်လမ်းကိုယ် ဆက်မသွားသေးဘဲ စောင်းငမ်း စောင်းငမ်းဖြင့် ရပ်ကြည့်နေကြသည်။  ဒီနေ့ ကျမှ မီးကလဲပျက်နေ သောကြောင့် အိမ်ထဲကို သေချာ သဲသဲကွဲကွဲ မမြင်နိုင်ခြင်းကြောင့်လဲ လူအားလုံး စိတ်ထဲတွင် မရိုးမရွဖြင့် မချင့်မရဲ ဖြစ်နေကြသည်။ မလုံး၏ ငိုသံ၊ ဆဲသံ များကို လှိုင်လှိုင်ကြီး ကြားနေရ၏။ ယောက်ကျားအားနှင့် မိန်းမအားဖြစ်သောကြောင့် မလုံးတစ်ယောက် တော်တော်လေး အရိုက်ခံ နေရပုံရ၏။ ကျွန်တော်တို့ လဲ မမြင်ရသောကြောင့် အသံကိုဘဲ နားစွင့်နေရသည်။ ထိုစဉ် ဆူညံသံများ ငြိမ်ကျသွား၏။ ပတ်ဝန်းကျင် တစ်ခုလုံးလဲ တိတ်ဆိတ် သွားသည်။ ရန်ပွဲကို စောင့်ကြည့်နေသည့် လူအားလုံးလဲ သို့ လောသို့ လော အတွေးများဖြင့် တစ်ယောက်မျက်နှာကို တစ်ယောက် ကြည့်မိကြသည်။ ခဏအကြာတွင် သေခါနီး သားရဲ တစ်ကောင်၏ အာခေါင်ခြစ် အော်လိုက်သံကဲ့သို့ သော အသံဖြင့် နာနာကျင်ကျင် အော်လိုက်သော ကိုစန်း၏ အော်သံကို ကြားလိုက်ရ၏။ တဆက်တည်း ကိုစန်း တစ်ယောက် စူးစူးဝါးဝါး ဝူးဝူးဝါးဝါး အော်ရင်း အိမ်ပေါ်မှ ခုန်ပေါက် ပြေးဆင်းသွားသည်ကို တွေ့ လိုက်ရသည်။ ဦးကျော်နှင့် ဒေါ်ပုစိန်တို့ ပြာယာခတ်သွား ကြသည်။

“ကိုစန်း... ဟာ... ကိုစန်း ဘာဖြစ်တာလဲ။ ပုစိန် အိမ်ပေါ်တက်ကြည့်စမ်း မလုံး ဓားတွေ ဘာတွေနဲ့ များ ထိုးထည့်လိုက်လား မသိဘူး။ လက်လွန် ခြေလွန်တွေ ဖြစ်ကုန်မှဖြင့် သြော်... ခက်တော့တာပဲ”
“ရှင်ပါလိုက်ခဲ့လေ ကျွန်မ တစ်ယောက်တည်း မသွားရဲဘူး”
“ဟာ... ဒီမိန်းမတော့ နင့်ဟာမက ထမီမနိုင် ပဝါမနိုင်ဖြစ်နေတာ ငါတက်ကြည့်လို့ ဖြစ်မလား။ သွား... နင်အရင် တက်သွား ပြီးမှ ငါ့ကို လှမ်းခေါ်လိုက်”

ဒေါ်ပုစိန်ကြီး တက်သွားပြီး ခဏနေတော့ ဦးကျော်နှင့်အတူ ကျွန်တော်လဲ အိမ်ပေါ် တက်လိုက် သွားလိုက်သည်။ ဆံပင်များ ဖွာလန်ကြဲ နေပြီး မျက်နှာ တစ်ခုလုံး ဖူးယောင် ကွဲပြဲကာ ငိုနေသော မလုံးကို ဒေါ်ပုစိန်ကြီး ရင်ခွင်ထဲတွင် တွေ့ လိုက်ရ၏။ ဒေါ်ပုစိန်ကြီးက မလုံးကို ချော့ရင်း မေးနေသည်။

“တိတ်... တိတ်... မလုံး မငိုနဲ့ တော့နော်။ ဒေါ်ပုစိန် အနားမှာ ရှိတယ် သိလား တိတ်တော့ မငိုနဲ့ တော့နော်”
“ဟုတ်တယ် မလုံး မငိုနဲ့ တော့ ဟိုကောင် ကိုစန်းလဲ မရှိတော့ဘူး။ ထွက်ပြေးသွားပြီ တိတ်တော့နော်။ ဒါနဲ့  မလုံး... ကိုစန်းကို ဘယ်လို လုပ်လိုက်တာလဲ ဓားနဲ့ ထိုးလိုက်တာတော့ မဟုတ်ပါဘူးနော်။ ဦးကျော်က လက်လွန် ခြေလွန်တွေ ဖြစ်ကုန်မှာ စိုးလို့ မေးရတာ”
“ကျွန်မ ဓားနဲ့ မထိုးပါဘူး ဦးကျော်... သူကသာ ကျွန်မကို သေလောက်အောင် ရိုက်တာပါ... ဟီး... ဟီး... သူကသာ ကျွန်မကို မညှာမတာ လုပ်တာပါ ဦးကျော်ရယ်... ဟီးးးးး...”

ပြောရင် မလုံး တစ်ယောက် ငိုပါလေတော့သည်။ အိမ်နီးနားချင်း သုံးလေးယောက်လဲ အိမ်ပေါ် တက်လာကြပြီး မလုံးကို ဝိုင်းချော့ ကြသည်။ ဒေါ်ပုစိန်ကြီးက မလုံးကို ချော့ရင်း မိန်းမပီပီ စပ်စု၏။

“ဒါနဲ့ ညည်း... ဘယ်လို လုပ်လိုက်လို့ ကိုစန်းတစ်ယောက် ဒီလောက် နာနာကျင်ကျင်ကြီး အော်ဟစ်ပြီး ကြောက်လန့် တကြား အိမ်ပေါ်က ပြေးဆင်းသွားရတာလဲ”

ဒေါ်ပုစိန်ကြီး အမေးကို ကြားပြီးနောက် မလုံးတစ်ယောက် အောင်ပွဲရ စစ်သူကြီး တစ်ယောက် ဟန်ပန် အပြည့်ဖြင့် ခေါင်းမော့ ရင်ကို ကော့ကာ-

“ဟင်း.... ဒင်းက မညှာတဲ့နောက်တော့ ကျွန်မကလဲ ဘာညှာစရာ လိုတော့မလဲ။ မလုံးတဲ့ တစ်လုံးတည်း ရှိတယ်။ သိကြတဲ့ အတိုင်းပဲလေ... ယောက်ကျား အသက် အပြင်မှာတဲ့... လက်နှစ်ဘက်နဲ့ ပယ်ပယ်နယ်နယ် ဖြစ်ညှစ်ပစ်လိုက်ပြီး ဒူးနဲ့ ပါ ပစ်တိုက်ပစ်လိုက်တယ်။ ဒင်း... ဒါကြောင့် သေမတတ် အော်ဟစ်ပြီး ထွက်ပြေးသွားတာပေါ့”

မလုံး စကားကို ကြားပြီး ကိုစန်းတော့ မသိ ကျွန်တော်ပင် နဲနဲကျောထဲထိ စိမ့်သွားသလို ဖြစ်သွား၏။ အဲဒီနောက်ပိုင်း ကိုစန်းတို့ လင်မယားလဲ ရန်မဖြစ်ကြတော့ပေ။ ကိုစန်းတစ်ယောက် မူးလာလျှင်လဲ တိတ်တိတ်ဆိတ်ဆိတ်ပင် ပြန်လာပြီး အိပ်ယာထဲ ဝင်အိပ်တော့၏။ ကျွန်တော်တို့ ကလေး တစ်သိုက်လဲ ကိုစန်းတို့ လင်မယားကို အားကိုးမရသည့်နောက် ဗီဒီယိုရုံဘက်သို့ ခြေဦးပြန်လှည့် ရတော့သည်။ 

မှတ်ချက်။    ။အမျိုးသမီးထုကြီးအား နည်းပေးလမ်းပြခြင်း မဟုတ်ပါ။ ရပ်ကွက်ထဲက အကြောင်းလေးကို ပြန်ဖွလိုက်ခြင်းသာ ဖြစ်ပါသည်။ မကြာမကြာ ရန်ဖြစ်လေ့ရှိသော လင်မယားများ မျောက်ပွဲကဲ့သို့ ဝိုင်းအုံ အကြည့်ခံရနိုင်သည်ကို သတိပြုစေချင်ယုံသက်သက်သာ ရည်ရွယ်ပါသည်။

Friday, 23 September 2011

ဧရာဝတီအတွက် စကားစမြည်

ခုတလော ဧရာဝတီနှင့် ပတ်သက်သည့် သတင်းများကို ကျယ်ကျယ် လောင်လောင် ကြားလာ ရသည်။ ဘက်စုံ ကဏ္ဍစုံမှ လူများ ဧရာဝတီ အကြောင်းကို စိတ်ဝင်တစား ပြောလာကြသည်။ နိုင်ငံ၏ စတုတ္ထ မဏ္ဍိုင်အဖြစ် သက်မှတ်ထားသော မီဒီယာများကလဲ ဧရာဝတီ အကြောင်းကို ကျယ်ကျယ်ပြန့် ပြန့်  ဖော်ပြလာသည်ကို တွေ့  ရသည်။ Eleven Media Group မှ အယ်ဒီတာချုပ် ကိုဝေဖြိုး ရေးသားသော ဧရာဝတီမြစ်ဆုံ စီမံကိန်း နောက်ကွယ်က ဖြစ်ရပ်တစ်ခု  ဆောင်းပါက ပြည်သူကို အနည်းနဲ့  အများ လှုပ်ခတ်သွားစေမည်ဟု ယူဆရသည်။ Eleven Media Group လို အခြား Media များကလဲ ဧရာဝတီနှင့် ပတ်သက်သည့် သတင်းများကို ပြည်သူ့ ရှေ့မှောက် အရောက် ချပြနိုင်ဖို့ လိုအပ်သည်ဟု ထင်မိသည်။ ပြည်သူကို မျက်စိပိတ်၊ နားပိတ်ထားသော မူဝါဒအတိုင်း သတင်းအမှောင် ချထားတတ်ခြင်းကြောင့်  ပြည်သူများမှာ အဖြစ်အပျက် တော်တော်များများကို မသိကြရပေ။ ထို့ ကြောင့် ခုဖြစ်ပွားနေသည့် ဧရာဝတီမြစ်ဆုံ စီမံကိန်း ပြဿနာတွင် သတင်းများ အမှောင်ကျ မနေပဲ ပြည်သူများ မျက်စိပွင့်၊ နားပွင့် ဖြစ်စေရန် လိုအပ်သည်။ ထို့ကြောင့် Eleven Media Group ကဲ့သို့ တခြား Media များ သတင်းကို သတ္တိရှိရှိ ပြည်သူ့ ရှေ့မှောက် အရောက် ချပြဖို့ လိုအပ်လာသည်။

ပြည်သူများ အကြားတွင်လဲ ဧရာဝတီ မြစ်ဆုံ စီမံကိန်း ဆန့် ကျင်ရေး လှုပ်ရှားမှုများကို ကျယ်ကျယ်ပြန့် ပြန့်  လုပ်ဆောင် နေသည့် သူများ ရှိသလို စိတ်မဝင်စား သူများ၊ မြစ်ဆုံ စီမံကိန်း အကြောင်း မသိသေး သူများ ရှိနေသည်။ များသော အားဖြင့် ဧရာဝတီမြစ်နှင့် ဝေးသော အရပ်ရှိ မြို့ ၊ ရွာ များမှ လူများ ဒီပြဿနာတွင် သွေးအေးနေသည်။ စိတ်ဝင်စားမှု နည်းခြင်း၊ တချို့ သတင်းစကားကိုပင် မကြားခြင်းများ ရှိနေသည်။ ထို့ ကြောင့် လှုပ်ရှားမှု လုပ်နေသည့် သူများကို အားပေး ထောက်ခံခြင်း၊ စိတ်မဝင်စား သူများကို စိတ်ပါဝင်စားလာအောင် စည်းရုံးခြင်း၊ မြစ်ဆုံ စီမံကိန်း အကြောင်းကို မသိသေးသူများကို သိအောင် ရှင်းပြခြင်းများ ပြုလုပ်သင့်သည်။ ဒါမှ ပြည်သူ တရပ်လုံး မြစ်ဆုံ စီမံကိန်း ဆန့်  ကျင် လှုပ်ရှားမှုများတွင် တပေါင်းတစည်းတည်း ပါဝင် လာနိုင်လိမ့်မည်။ ဒီပြဿနာမှာ တစ်ဦး တစ်ယောက်တည်း ပြဿနာ မဟုတ် အားလုံးနှင့် ဆိုင်သော ပြဿနာ ဖြစ်သည်။ ထို့ ကြောင့် ပြည်သူအားလုံး တပေါင်းတစည်းတည်း ပါဝင်လာဖို့ လိုအပ်သည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့  (၁၁.၉.၂၀၁၁) နေ့ က နေပြည်တော်မြို့ ရှိ မီးရထား ဝန်ကြီးရုံးတွင် မီဒီယာ သမားများ နှင့် တွေ့ ဆုံရာ၌ လျှပ်စစ်မီး ရရှိရေးသည် အမျိုးသား အကျိုးစီးပွား ဖြစ်တာမို့ “နောက်မဆုတ်ပါဘူး။ ကျွန်တော်တို့ ဆက်လုပ်မှာပါ” ဟု ပြောခဲ့သော စကားမှာ အလွန် စိတ်ပျက်ဖို့  ကောင်းလှသည်။ ထို့ ပြင် “ဧရာဝတီ ရောဂါဆန်း” ဟူသော စကားဖြင့် ပြည်သူတရပ်လုံးကို စော်ကားသည့် စကားကို ပြောခဲ့သေးသည်။ ဒီလို စကားမျိုးကို ပြောထွက်ရက်သည့် အတွက်လဲ အလွန် အံသြမိသည်။ သူလို လူကြီး တစ်ယောက် အနေဖြင့် ဒီလို စကားမျိုး ပြောသင့် မပြောသင့်ကို ချိန်ဆ သင့်သည်။ ဒီနေရာ ဒီအဆင့်က လူတစ်ယောက် ဒီလို စကားမျိုးကို ပြောသင့် ပါသလား? အမျိုးသား အကျိုးစီးပွား ဖြစ်တာမို့ နောက်မဆုတ် နိုင်ပါဘူး ဆိုတော့ ဘယ်လို အကျိုးစီးပွားမျိုးလဲ? အမျိုးသား အကျိုးစီးပွား အတွက်ဆိုလျှင်လဲ ရရှိမည့် အကျိုးရလဒ်များကို သေသေချာချာ ချပြသင့်သည်။ ပြည်သူလူထုဘက်က ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များကို ထောက်ပြပြောဆိုနေသော်လဲ သူတို့ ဘက်က မယ်မယ်ရရ ချမပြနိုင်သေးပေ။ ကြားရသည့် သတင်း စကားများ အရတော့ ဒီစီမံကိန်းမှ ရရှိမည့် စွမ်းအင် ၉၀ရာခိုင်နှုန်းကို တရုတ်က ယူပြီး ၁၀ရာခိုင်နှုန်းကိုသာ မြန်မာပြည်မှ ရမည်ဟု သိရသည်။

နောက်ထပ် စိတ်ပျက်ဖွယ်ရာ တစ်ခုကိုလဲ ထပ်ပြောသွားသေးသည်။ အခု မဂ္ဂါဝပ် ၁၅ဝဝ ပေးတာတောင် ကုန်အောင် မသုံးနိုင်ဘူး။ အဲဒီတော့ ဘယ်သူက သုံးမှာလဲ။ သုံးစရာမရှိရင် Market ရဲ့သဘောအရ ရောင်းစား ရမှာပေါ့ ဟူသော စကားက ပြည်သူကို တမင် ဗြောင်လိမ်ခြင်း ဖြစ်သည်။ ပြည်သူကို တကယ် လိမ်ချင်တယ် ဆိုလျှင်လဲ ဒီ့ထက် ကောင်းသော စကားကို ရှာထားသင့်သည်။ ခုတော့ ပြည်သူ လူထုကို ဂရုစိုက်စရာ မလို အချိန်တန် နောက်ဆုတ်သွားမှာပဲ ဟူသော ပြီးပြီးရော စကားကို ပြောသွားခြင်း ဖြစ်သည်။ ရှင်းရှင်း ပြောရလျှင် ပြည်သူလူထုကို ခေါင်းထဲ ထည့်စရာ မလိုဟူသော သဘောထားခြင်းဟု ယူဆရသည်။ မဂ္ဂါဝပ် ၁၅၀၀ ပေးတာတောင် မကုန်ဘူး ပြောရအောင် မြန်မာပြည် တစ်နိုင်ငံလုံး မီးလင်းပြီလား။ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် တခြားမြို့ ၊ ရွာတွေ မီးလင်းရုံနဲ့ လုံလောက်ပြီလား။ မီးမရသေးသည့် တခြားမြို့ ၊ ရွာတွေကို ဒီအတိုင်း အမှောင်ထဲမှာဘဲ ထားတော့မှာလား။ လက်ရှိ မီးရနေသည့် မြို့ ကြီးတွေမှာရော မီးလာတာ အချိန် မှန်ပြီလား။ ထိန်တောမြို့ ကို ရောက်တုန်းက မြို့ ဟု သမုတ်ထားပြီး  ည၇နာရီ ကနေ ည၈နာရီထိ တစ်နေ့ ကို တစ်နာရီပဲ မီးလာသည်ဟု ဆိုသောကြောင့် အလွန်အံသြ ခဲ့ရသည်။ အိမ်တိုင်း အိမ်တိုင်း မီတာဘောက် ကိုယ်စီ ရှိလျက်နဲ့ တစ်နေ့ ကို တစ်နာရီပဲ သုံးခွင့် ရှိသည့် သူတို့ အတွက် စိတ်မကောင်း ဖြစ်ခဲ့မိသေးသည်။ ဒီလို မြို့ ၊ ရွာတွေ ဘယ်လောက်တောင် များများ ရှိနေမလဲ။ ဒါတောင် မဂ္ဂါဝပ် ၁၅၀၀ကို ကုန်အောင် မသုံးနိုင်လို့ ပြည်ပကို ရောင်းစားတာလို့ ဗြောင်လိမ်ချင် သေးသည်။ ဒီလို စကားကို တရား လက်လွတ် ပြောတာ ကတော့ မြန်မာပြည်က မီးမရတဲ့ မြို့ ၊ ရွာက လူတွေကို စော်ကားရာ ရောက်ပါတယ်။ လူကြီး လူကောင်း တစ်ယောက် အနေနဲ့ ဒီလို စကားမျိုး မပြောသင့်ပါဘူး။

ခုဆိုရင် ဒီမြစ်ဆုံ စီမံကိန်းနဲ့ ပတ်သက်ပြီး ကဏ္ဍစုံက လူတော်တော် များများက သူတို့ ရဲ့ သဘောထားတွေကို ထုတ်ဖော် ပြောကြားပြီး ဖြစ်ပါတယ်။ မိုးလေဝသနဲ့ ဇလဗေဒ ပညာရှင် ဦးထွန်းလွင်က “ကျနော် အသက်လဲ ကြီးပြီ။ ကြောက်လည်း ကြောက်ပါတယ်။ ဒါကြောင့် တခွန်းတည်းပဲပြောမယ်။ ဧရာဝတီမြစ်ဆုံမှာ ရေကာတာ ဆောက်ခြင်းကို ကျနော် လုံးဝ ကန့်ကွက်ပါတယ်” ဟူသော စကားကို ပြောကြား ခဲ့သည်။ ဦးထွန်းလွင်လို ပညာရှင်မျိုးက ဒီလိုမျိုး ပြောလာသည် ဆိုတော့ ဒီကိစ္စကို စဉ်းစားသင့်ပြီ။ နောက်ပြီး “ကိုယ့်နေရာမှာ လုပ်တာတွေအတွက် ကန့်ကွက်မှုတွေရှိလာတော့ ကံဆိုးစွာ ကျနော်တို့ နိုင်ငံကို ရောက်လာတာပါပဲ” ဆိုသည့် စကားကလဲ စိတ်ဝင်စားစရာ ဖြစ်သည်။ ဒီလို သဘာဝ ပတ်ဝန်းကျင်နှင့် မြစ်ကို မထိခိုက်ဘူး ဆိုလျှင် ဘာကြောင့် သူတို့ တရုတ်နိုင်ငံတွင် မလုပ်ဘဲ မြန်မာနိုင်ငံတွင် လာလုပ်ရသလဲ။ တရုတ်နိုင်ငံတွင်လဲ ဧရာဝတီမြစ်ကဲ့သို့ သော မြစ်ဝါမြစ် ရှိနေတာပဲ။ ဘာကြောင့် ဧရာဝတီမြစ်တွင် လာလုပ်ရသလဲ ဟူသော မေးခွန်းကို မေးစရာ ဖြစ်လာသည်။ မြစ်ဝါမြစ် ပျက်စီးမှာ စိုးရိမ်သောကြောင့် ဧရာဝတီမြစ်တွင် လာလုပ်ခြင်း ဆိုလျှင်တော့ တရုတ်နိုင်ငံက သက်သက် လူပါးဝခြင်း ဖြစ်သည်။ ကမ္ဘာပေါ်တွင် လက်ချိုးရေတွက်လို့ ပင် ရသော ဧရာဝတီမြစ်ကဲ့သို့ သော သဘာဝ အရင်းအမြစ်တစ်ခုကို ဤပမာဏလောက်သော ငွေကြေးဖြင့် ဆုံးရှုံး ရမည်ဆိုလျှင် အလွန်နှမြောဖို့ ကောင်းလှသည်။ နောင်တချိန် နိုင်ငံ ချမ်းသာလာ၍ ထိုပမာဏ၏ တန်ဖိုးထက် ဆယ်ဆ မကသော တန်ဖိုးဖြင့် ပြန်ဝယ်မည် ဆိုလျှင်ပင် ဧရာဝတီမြစ်လို မြစ်တစ်စင်းကို ပြန်ဝယ်နိုင်မည် မဟုတ်ပေ။ ထို့ ကြောင့် ဧရာဝတီမြစ် ကဲ့သို့  သော သဘာဝ အရင်းအမြစ် တစ်ခုကို ထိန်းသိမ်းထားသင့်သည်။

သတင်းစာ ဆရာကြီး လူထုစိန်ဝင်း ကလဲ “လူယဉ်ကျေးနည်းနဲ့ မရရင် လမ်းပေါ်ထွက် ဆန္ဒပြပြီး တောင်းဆို လာခဲ့ မယ်ဆိုရင် ဒီလို ဆန္ဒပြမှုတွေ အတွက် စီမံကိန်းကို ဆက်လုပ်တဲ့သူတွေသာ တာဝန်ယူရ လိမ့်မယ်။ မလုပ်ဖို့ တောင်းဆိုဆန္ဒပြနေတဲ့သူတွေမှာ တာဝန် မရှိဘူး” ဟူသော စကားကို ပြောကြားခဲ့သည်။ တကယ်လို့ လူထုကသာ ဒီလို လမ်ပေါ်ထွက် ဆန္ဒပြလာခဲ့လျှင် သူတို့ ဘက်က ဘယ်လို တုန့် ပြန်မလဲ။ စက်တင်ဘာ အရေးအခင်း တုန်းကလို တုန့် ပြန်လာမှာလား...? စက်တင်ဘာ အရေးအခင်း တုန်းကလို ကြေကွဲ ဝမ်းနည်းဖွယ်ရာတွေ ဖြစ်ပေါ်လာဦးမှာလား...? ဆိုတာက စဉ်းစားစရာ ဖြစ်လာပါပြီ။ နောက်မဆုတ်ပါဘူး။ ကျွန်တော်တို့ ဆက်လုပ်မှာပါ ဆိုတဲ့ စကားရဲ့ နောက်ကွယ်မှာ ဘယ်အထိ ဆက်လုပ်မှာလဲ ပြည်သူလူထုက လမ်းပေါ်ထွက် ဆန္ဒပြလာရင် အဆုံးစွန်ထိ လုပ်ဖို့ စဉ်းစားထားပြီလား...? ဒါတွေက တွေးစရာတွေ ဖြစ်လာပါပြီ။

ကျွန်တော် နိုင်ငံရေး လုပ်နေခြင်း မဟုတ်ပါ။ ကျွန်တော် နိုင်ငံအကျိုးအတွက် ပြောနေရခြင်း ဖြစ်ပါသည်။ ဧရာဝတီကို ချစ်သော၊ ဧရာဝတီကို သံယောဇဉ် ကြီးသော ပြည်သူတစ်ယောက် ရင်ထဲက စကားလုံးတို့   ပွင့်အံလာခြင်းသာ ဖြစ်ပါသည်။ အကယ်၍ ဆည်ကြီး ပြီးနောက် အကြောင်းကြောင်းကြောင့် ကျိုးပေါက် သွားခဲ့လျှင် မြစ်ကြီးနားမြို့ ရေကြီးရုံတင် မဟုတ်ဘဲ ရေမြုပ်သွားနိုင်သည့် အခြေအနေ၊ ဆည်ဆောက် လိုက်လျှင် မြစ်ရေ နည်းသွား နိုင်သောကြောင့် မြစ်ရေစီးမှုအားနည်း ကာ ပင်လယ်ရေ ဝင်ရောက်လာနိုင်ပြီး မြစ်ဝကျွန်းပေါ် ဒေသများတွင် စိုက်ပျိုးရေးများ ခက်ခဲ လာနိုင်ကြောင်းများကို ပညာရှင်များက ပြောပြီး ဖြစ်သည်။ ကျွန်တော် လက်လှမ်းမှီ သလောက် ပြောရမည် ဆိုလျှင် ဆည်ဆောက်မှုကြောင့် မြစ်ရေ နည်းလာမည် ဆိုလျှင် မြန်မာနိုင်ငံရှိ မုနိလေးဆူတွင် တစ်ဆူ အပါအဝင် ဖြစ်သော ရွှေဘုံသာ ဘုရားအနီးရှိ (ကျွန်တော်တို့ အခေါ် )ရွှေဘုံသာသောင်ခုံကြီးမှာ ယခုပင်လျှင် မြစ်လယ် နီးပါးအထိ ရှိပြီး မြစ်ကြောင်း ကျဉ်းနေရာ ဒီထက် ရေနည်းလာလျှင် မြစ်ကြောင်း ပိုမို ကျဉ်းလာပြီး မော်တော်များ သွားရေးလာရေး ပိုမို ခက်ခဲ လာနိုင်သည်။ ရွှေဘုံသာ ဘုရားကို ရောက်ဖူးသူတိုင်း ဒီသောင်ခုံကြီး ဘယ်လောက်ကြီးသလဲ ဆိုတာ မြင်ဖူးကြမည် ထင်ပါသည်။

ကျွန်တော် နေထိုင်ရာ အရပ်သည် ဧရာဝတီမြစ် ကမ်းနဖူးဘေးတွင် တည်ရှိသော ရွာလေးဖြစ်သည်။ ကျွန်တော်တို့ ငယ်စဉ်က ရွာတွင် သောင်ထွန်းသောကြောင့် သောက်ရေ၊ သုံးရေ အခက်အခဲ ဖြစ်ခဲ့သည်ကို ခုထိ မမေ့နိုင်သေးပေ။ ပိုဆိုးသည့် အချက်မှာ ကျွန်တော်တို့ ရွာအောက်တွင် အလွန်ကြီးမားသော ကျောက်ဖြာကြောကြီး ခံနေသောကြောင့် အဝီစိတွင်း တူးမရခြင်း ဖြစ်သည်။ ထို့ ကြောင့် သောင်ထွန်းသည့် နှစ်များတွင် ကျွန်တော်တို့ ရွာအတွက် သောက်ရေ၊ သုံးရေ အခက်အခဲများ ဖြစ်လေ့ရှိသည်။ ထို့ ကြောင့် မြစ်ဆုံ စီမံကိန်းကြောင့် မြစ်ရေနည်းပြီး သောင်များ ထွန်းလာလျှင် ကျွန်တော်တို့ ရွာအနေဖြင့် မြစ်ဘေးနေပြီး သောက်ရေ၊ သုံးရေ ရှားပါးသည့် အခက်အခဲများ ဖြစ်လာနိုင်သည်။ ထို့ ပြင် သောင်ထွန်းမှုကြောင့် ရေကြောင်းများ တိမ်လာပြီး တံငါသည်များ ပိုက်ချရာတွင် လည်ကောင်း၊ တောင်သူ လယ်သမားများ လယ်၊ ယာ၊ ကိုင်း၊ ကျွန်း များသို့ ရေသွင်းရာတွင် လည်းကောင်း အခက်အခဲများ ရှိလာနိုင်သည်။ ဆည်ဆောက်လိုက်လို့ ဧရာဝတီမြစ် ရေနည်း၍ သောင်များ ထွန်းလာလျှင် မြစ်ကြောင်းတလျှောက်ရှိ မြို့ ၊ ရွာများ ဒုက္ခရောက်နိုင်သဖြင့် ပြည်သူများ ဤစီမံကိန်းကို ကန့် ကွက် နေကြခြင်းဖြစ်သည်။ စီမံကိန်းကို အကောင်အထည်ဖော်နေသော သူများ အနေဖြင့်လဲ ပြည်သူများ ဘဝ ရပ်တည်မှု အရေးကို ထည့်သွင်း စဉ်းစားပေးသင့်သည်။ ကျောက်၊ ကျွန်းသစ်နှင့် သဘာဝဓာတ်ငွေ့ များ ကုန်သွား၍ ပြည်သူကို မထိခိုက် သော်လဲ ဧရာဝတီမြစ် ကောသွားလျှင် မြစ်ကို မှီတင်းနေထိုင်နေသည့် မြစ်ကြောင်း တလျှောက်မှ ပြည်သူများ အကြီးအကျယ် ဒုက္ခ ရောက်ကြရပေလိမ့်မည်။

“ကျွန်မတို့ ပုဂံကို မမှီလိုက်ဘူး။ ဒါပေမယ့် ဒေါက်တာ သန်းထွန်းတို့ ပုဂံကို သုတေသန လုပ်ပြီးတော့ မှတ်တမ်းတင်ပေးတဲ့ စာအုပ်တွေကနေ ကျွန်မတို့ ပုဂံကို လှမ်းကြည့်လို့ ရတယ်။ ဒီလိုပဲ ဧရာဝတီကိုလဲ သဘာဝ ပတ်ဝန်းကျင်ကြောင့် ဖြစ်ဖြစ်၊ လူလုပ်တဲ့ အကျိုးဆက်ကြောင့် ဖြစ်ဖြစ် ကျွန်မတို့ ဧရာဝတီ တစုံတစ်ခု အရင်အတိုင်း မရှိခဲ့ရင် နောင်ကလေးတွေကို ဧရာဝတီ ဆိုတာ ဒို့  ဗမာပြည်မှာ ဘယ်လို စီးဆင်းခဲ့တယ် ဆိုတာကို သိသင့်တယ် ထင်လို့ ဒီစာအုပ်ကို ကျွန်မ ထုတ်ခဲ့တာပါ” ဆိုတဲ့ အောင်ပင်လယ် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး မဂ္ဂဇင်းရဲ့ အယ်ဒီတာချုပ် ဒေါ်ဒေဝီသန့် စင်ရဲ့ စကားကလဲ မှတ်သား စရာပါ။ ဧရာဝတီသာ တကယ် ပျက်စီးခဲ့မယ် ဆိုရင် ကျွန်တော်ကတော့ ဒီစီမံကိန်းကို အသက်သွင်းခဲ့တဲ့ လူတွေကိုလဲ မှတ်တမ်းတင်ထား သင့်တယ်လို့  ယူဆမိပါတယ်။ ဒါမှ ခုခောတ် ကျွန်တော်တို့  ဂဌုန်ဦးစောကို အမှတ်ရ နေသလိုမျိုး  သူတို့ တွေကိုလဲ နောင်တနေ့ မျိုးဆက်သစ် လူငယ်တွေ အမှတ်ရနေအောင် မှတ်တမ်းတင်ထား သင့်ပါတယ်။