Sunday, 28 August 2011
ဝဋ်နာ၊ ကံနာ
ဂျစ်ကားလေးက ပြည်မြို့ သံလမ်းဂိတ်ရှိ ဆည်မြောင်းမဏ္ဌပ်ကို  ကျော်လာခဲ့ပြီး ပြည်ဆေးရုံကြီး ဝင်နံရံဘေး အရောက်တွင်
“ဦးစိုးရေ... ရှေ့နားမှာ ကားခဏ ရပ်ပေးပါဦး...”
“ကျွန်တော့် ဦးလေးအိမ် ခဏဝင်ချင်လို့ ... ”
“ဟာ... ဒီကောင် ငချစ်ကတော့ လုပ်ပြီ။ ဒီမှာ အရှိန်ရနေတုန်း ရှိသေးတယ်”
“သွားပါစေ... ကိုနိုင်ဝင်းရာ ခုလဲ ပြည်မြို့ တစ်ပတ်ပတ်ပြီး နေပြီဟာကို... ခင်ဗျားက ကိုယ့်တဏှာနဲ့  ကိုလောင်နေလို့ သာ မသိတာ။ ကျွန်တော်တို့ က ချမ်းနေပြီဗျ ခဏနားကြတာပေါ့”
“အေး... ဒါဆိုလဲသွားကွာ သွား.... ။ သိပ်အကြာကြီးတော့ မလုပ်နဲ့ ကောင်မလေးတွေ လွတ်ကုန်မယ်ကွ။ ပြီးတော့ ကားက အလကားငှားလာတာ မဟုတ်ဘူး”
“ဟုတ်တယ် ငချစ်... မင်းမြန်မြန်သွားပြီး မြန်မြန်တော့ ပြန်လာခဲ့လိုက်။ ငါတို့ ဒီကနေပဲ စောင့်နေလိုက်တော့မယ်”
ညီရဲသစ် သူတို့ နှစ်ယောက်ကို ဝင်ဖြေရှင်းပေးရင်း ကားပေါ်မှ ဆင်းကာ ခြေဆန့် လက်ဆန့် လုပ်ရင်း နေပူစာ ထိုင်လှုံနေလိုက်သည်။ သူတို့ သူငယ်ချင်းတစ်သိုက် ပြည်မြို့ သို့ ရေပတ်ခံ ထွက်လာခဲ့ခြင်း ဖြစ်သည်။ ဒီနေ့  သင်္ကြန်အတက်နေ့  နောက်ဆုံးနေ့ ဖြစ်သောကြောင့်လားမသိ ပြည်မြို့ တစ်မြို့ လုံး လူများ၊ ကားများ၊ ဆိုင်ကယ်များ၊ စက်ဘီး၊ ဆိုက်ကားများဖြင့် ရှုတ်ထွေး စည်ကားနေသည်။ အရင်ရက်တွေက အိမ်တွင်းပုန်းနေကြသော အပျိုချောလေးများလဲ သင်္ကြန်နောက်ဆုံးရက်မို့ ထင်သည် ဖလားကိုယ်စီဖြင့် မိမိတို့ အိမ်များရှေ့တွင် ရေတိုင်ကီ၊ ရေဇလားများ ချကာ ရေပက်နေကြသည်။
ညီရဲသစ်တစ်ယောက် တောင်တောင်အီအီ စဉ်းစားရင်း နေပူစာလှုံလိုက်သောကြောင့် အပေါ်အကျီ င်္များ ခြောက်သွားပြီး နွေးနွေထွေးထွေး ဖြစ်လာသောကြောင့် မတ်တပ်ရပ်လိုက်စဉ်
“ဗွမ်း...”
“ဟာ... ရေခဲရေ...”
“ဟေ့... ညီရဲ ရေလိုက်လောင်းလေ”
“ညီရဲသစ် ဘာမှ စဉ်းစားမနေတော့ ကားဆီမှ မိမိထံ လွင့်လာသော ရေသန့် ဗူးကို ဖမ်းရင်း ကောင်မလေးနောက် ပြေးလိုက်သွားကာ”
“ရေနည်းနည်းလောက် လောင်းမယ်နော်”
ကောင်မလေးက ဘာမှ ပြန်မပြော မျက်လုံးရွဲကြီးများဖြင့် မော့ကြည့်ရင်း ခေါင်းငြိမ့်ပြသည်။ မိမိရှေ့တွင် ငြိမ်ငြိမ်လေး ရပ်နေသော ကောင်မလေးကို ရေသန့် ဘူးထဲမှ ရေများ ကုန်တဲ့အထိ စိမ်ပြေနပြေ လောင်းပြီး ညီရဲသစ် ကားဆီပြန်လာခဲ့သည်။
“ဟေ့ကောင် ညီရဲ... အဲဒီအခြောက်လေး မိုက်တယ်ကွ။ သွားလုံးကြမယ်လာ။ အဆင်ပြေရင် ကားပေါ် တင်ခေါ် လာလိုက်တာပေါ့”
“ဗျာ... ဘယ်က အခြောက်လဲ ကိုနိုင်ဝင်း”
“ဟာ... ခုနက မင်းရေလောင်းလိုက်တဲ့ အခြောက်လေးကို ပြောတာလေ”
“အဲဒါ အခြောက် ဟုတ်လို့ လား။ ကောင်မလေး မဟုတ်ဘူးလား...”
“မင်း တော်တော် ညံတဲ့ကောင်ပဲ ညီရဲ မြင်းစီးလို့ အထီးမှန်း အမမှန်း မသိတဲ့ကောင်”
“ဟာ... ကျုပ်က ဘယ်လို သိမလဲဗျ။ ခင်ဗျားလို နှာဘူးမှ မဟုတ်တာ”
“မင်း အပိုတွေ ပြောမနေနဲ့ ညီရဲ လာလိုက်ခဲ့။ ဒီအထိတောင် မင်းကို ရေလာလောင်းတာဆိုတော့ မင်းဆိုရင် လုံးလို့ ရလောက်တယ်”
“မလိုက်ချင်ပါဘူးဗျာ။ ခင်ဗျားတို့ ဘာသာ ခင်ဗျားတို့ သွားကြ ကျွန်တော် အဲဒါတွေ ဝါသနာ မပါဘူး”
“ဒါနဲ့ ခင်ဗျားတို့ အခြောက်ဆိုတာရော သေချာလို့ လား”
“ငါလဲ ပထမတော့ မထင်ဘူးကွ။ မင်းနေပူစာ လှုံနေတုန်း ငါတို့ မဏ္ဌပ်ကို ပြန်သွားပြီး ကတော့ ရေတောင် ဝင်လောင်းခဲ့သေးတယ်။ မဏ္ဌပ်က ပြန်လာတော့ အဲဒီကောင်မလေးက သူ့ အဖော်ကောင်မလေးနဲ့ မင်းကို ရေလာလောင်းမှ ငါလဲ သတိထားမိတာ”
“ခင်ဗျားက ဘာကို သတိထားမိလို့ လဲဗျ”
“ဟကောင်... မင်း မွှန်မနေနဲ့ ။ ယောက်ကျားအသံနဲ့ မိန်းမအသံက အသိသာကြီးကွ။ ငါလဲ သူ့ အသံကို မသင်္ကာလို့ သေသေချာချာ ဂရုစိုက်ကြည့်တော့မှ မိန်းကလေး မဟုတ်မှန်းသိတာ”
ညီရဲသစ် တွေကနဲ ဖြစ်သွားသည်။ ဒီလူကြီးက ကိုယ်တွေ အုပ်စုထဲတွင် နှံနှံစပ်စပ် ရှိသည်။ ဒီလိုဘက်တွေမှာ ဆိုရင် ပိုလို့ ပင် နှံနှံစပ်စပ် ရှိသေးသည်။ ကောင်မလေးကိုလဲ မျက်လုံးထဲတွင် ပြန်မြင်ယောင်လာသည်။ ကောင်မလေးကို စတွေ့ တော့ လှလိုက်တာဟု မထင်မိပဲ ကြည့်ကောင်းလိုက်တာဟု မှတ်ချက်ပေးမိတာကိုလဲ မှတ်မိလိုက်သေးသည်။ ဒါကပဲ မသိစိတ်ထဲက သူ့ အလိုလို သိနေခြင်းပဲလား...။ စဉ်းစားရင်း ညီရဲသစ် ခေါင်းခြောက်လာသည်။
“ညီရဲ... ဘယ်လိုလဲ လိုက်မှာလား”
“မလိုက်ပါဘူးဗျာ။ ကိုယ့်ဘာသာ ကိုယ်သွားကြ ။ ကျွန်တော် အပေါ့သွားလိုက်ဦးမယ်”
ပြောပြီး ညီရဲသစ် ပြည်ဆေးရုံကြီး ဝင်းနံရံနားက ချုံလေးတွေဆီ တစ်ခါတည်း လှည့်ထွက်လာခဲ့လိုက်သည်။ သူ့ ရင်ထဲတွင် တစ်ခုခုကို မတင်မကျကြီး ဖြစ်နေသည်။ ကိုနိုင်ဝင်း ဘယ်လို ပြောပြော သူ့ စိတ်ထဲတွင် မယုံတစ်ဝက် ယုံတစ်ဝက်ပင် ရှိနေသေးသည်။ ကောင်မလေး ပုံရိပ်ကို မျက်လုံးထဲတွင် မြင်ယောင်မိပြီး သူတို့  စကားကို လက်မခံနိုင်သေး...။
ညီရဲသစ် အတွေးကမ္ဘာထဲ မျောနေစဉ် နောက်မှ တဘုတ်ဘုတ်ဖြင့် ပြေးလာသော အသံများကြောင့် ဘောင်းဘီဇစ်ကို အမြန်ဆွဲတင်ရင်း နောက်ကို အလန့် အကြား လှည့်ကြည့်မိသည်။ မိမိဆီသို့ အူယားဖားယား ပြေးလာသော ကောင်မလေးနှင့် နောက်က တစ်အုပ်ကြီး လိုက်လာသော ကိုနိုင်ဝင်းတို့ လူသိုက်ကို တွေ့  လိုက်ရသည်။
“အစ်ကို... အစ်ကို လုပ်ပါဦး။ သူတို့ လိုက်နှောင့်ယှက်နေကြတယ်”
မိမိဆီ ပြေးလာသော ကောင်မလေးကို ဖမ်းထိန်းလိုက်ရင်း ညီရဲသစ် ရင်ထဲက မတင်မကျ ဖြစ်နေသော အရာများ ရှင်းသွားသည်။ ကိုနိုင်ဝင်း စကားများကိုလဲ လက်ခံ အတည်ပြုလိုက်သည်။ ကိုနိုင်ဝင်း ပြောသလိုပင် ယောက်ကျားအသံနှင့် မိန်းမအသံက သိသာသည်။ ဒီ့ထက် ပိုသေချာသည်က ယောက်ကျား ပြေးတာနှင့် မိန်းမ ပြေးတာက ပိုလို့ ပင် သိသာသေးသည်။ ညီရဲသစ်ရင်ထဲ တစ်ခုခုကို နှမျောတသစွာ ခံစားလိုက်ရသည်။ မိမိအတွက်မဟုတ် ကောင်မလေး အတွက်ဖြစ်သည်။ ဒီရုပ်ဒီရည်နဲ့  ယောက်ကျားတစ်ယောက်သာ ဆိုရင် ဘယ်လောက်များ လှလိုက်မလဲ၊ ဘယ်လောက်များ ခန့်  ညားလိုက်မလဲဟုလဲ တွေးလိုက်မိသည်။
ရခဲလှသော လူ့ ဘဝတွင် ယောက်ကျား ဘဝကို ရခဲ့ပြီးမှ နပုလ္လိင်ဖြစ်နေသော ကောင်မလေး အတွက် စိတ်မကောင်း ဖြစ်မိသည်။ လူကြီးသူမများ ပြောသော စကားကို ပြန်ကြားယောင်မိသည်။ အရင်ဘဝက သူများ သားပျို၊ သမီးပျိုလေးတွေကို ဖျက်ဆီးခဲ့တဲ့သူတွေက ခုဘဝမှာ ယောက်ကျားမကျ မိန်းမမကျနဲ့  နပုလ္လိင်တွေ ဖြစ်နေကြတာ ဒါဟာ ဝဋ်နာ၊ ကံနာ ပဲဆိုသည့် စကားက နားထဲ ပြန်ကြားယောင်လာသည်။ ညီရဲသစ် နှုတ်ဖျားက စကားတချို့ တိုးတိုးလေး ထွက်လာသည်။
“ဝဋ်ကြွေးတွေဆို ကျေပါစေတော့ ကောင်မလေးရယ်”